ချီကျင့် သခင်မ
Vol. 55 Ch. 760
"ရွှမ်ကျိုးမြို့တော်ကိုရောက်ဖို့ နေ့တဝက်တောင် မလိုတော့ဘူး။"
ရထားလုံးအတွင်း၌ ရိချိုးရွှယ်မှာ ဇူယွမ်အားကြည့်၍ ညင်သာစွာ စကားဆိုလိုက်သည်။ သွားလာခဲ့ရသော ခရီးတလျှောက် သူမအတော် စိတ်ပင်ပန်းခဲ့ရဟန် ရှိသည်။
ရိချိုးရွှယ်၏ ဘေးတွင်မူ ရိသုန်းအာမှာ အမဖြစ်သူ၏လက်အား တင်းတင်းဆုပ်ကိုင်ထားပြီး ဇူယွမ့်ကို မျက်တောင်ပင်မခတ်ပဲ ငေးကြည့်နေသည်။ သူမသည် ယနေ့ညတွင် ခမ်းနားကြီးကျယ်သော တိုက်ပွဲတစ်ပွဲအား မြင်တွေ့ခွင့်ရခဲ့သည်။
ဇူယွမ်မှာ မုချောင်ကိုပင် ရိချိုးရွှယ်မှ ထိုမျှကောင်းကောင်းမွန်မွန် ဆက်ဆံသည်ကို မတွေ့ဖူးသောကြောင့် ရထားလုံးအတွင်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေရသည်။
"အကိုတော်ဇူယွမ်ကို ကျွန်မတို့ တကယ်ကျေးဇူးတင်ပါတယ်။ ရိမိသားစုက ဒီကျေးဇူးကို မမေ့ပါဘူး။" ရိချိုးရွှယ်မှ ပြုံးကာပြောလိုက်သည်။
"မဟုတ်တာပဲ။ ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးပြန်ဆပ်တဲ့သဘောပါ။" ဇူယွမ်မှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ စင်စစ်အားဖြင့် ရိကလန်မှ ညီအစ်မနှစ်ဦးနှင့်သာ မတွေ့ဆုံခဲ့ပါက သူ၏အခြေအနေမှာ ဆိုးရွားနေလောက်ပြီ ဖြစ်သည်။
ကံဆိုးပါက မူလသားရဲများ၏ အစာပင် ဖြစ်သွားနိုင်လေသည်။
"ရိမိန်းကလေး...."
"အကိုတော်ဇူယွမ် အဆင်ပြေမယ်ဆိုရင် ကျွန်မကို ချိုးရွှယ်လို့ ခေါ်လို့ရပါတယ်။" ရိချိုးရွှယ်မှာ လက်ဖက်ရည်အိုးအားကိုင်လျက် ဇူယွမ်ရှေ့တွင်ရှိသောခွက်အား လောင်းငှဲ့ပေးလိုက်သည်။
"အရင်တုန်းက ကျွန်မ ရိုင်းစိုင်းသလို ဖြစ်ခဲ့တာတွေအတွက်လည်း တောင်းပန်ပါတယ်။"
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကုပ်လိုက်မိသည်။ ရိချိုးရွှယ်မှာ ထက်မြက်လွန်းလှသော မိန်းမငယ်တစ်ဦး ဖြစ်သည်နှင့်အညီ သူငြင်းဆန်ရန် မဖြစ်နိုင်လောက်အောင် စကားအသွားအလာ ကောင်းမွန်လွန်းလှသည်။ ချူးကျီပြောသကဲ့သို့ ရှောင်ရွှမ်းစီရင်စုအတွင်း ရိမိသားစု ရပ်တည်လာနိုင်သည်မှာ သူမကြောင့်ပင် အဓိက ဖြစ်ပေလိမ့်မည်။
ရိချိုးရွှယ်၏ ပြောင်းလဲသွားသော အပြုအမူများအပေါ် ဇူယွမ်မှာ ကောင်းစွာနားလည်နေပေသည်။ ထိုသို့ဖြစ်လာရသည်မှာ သူသည် အသိအမှတ်ပြုချင်စဖွယ်ကောင်းသည့် တိုက်ပွဲစွမ်းရည်များအား ထုတ်ဖော်ပြသခဲ့သောကြောင့်ပင် ဖြစ်သည်။
သို့သော် ရိချိုးရွှယ်၏ သိသာစွာ ပြောင်းလဲလာသော အပြုအမူများအပေါ် ဇူယွမ်မှာ မည်သို့မျှ မဖြစ်မိပေ။ အဘယ့်ကြောင့်ဆိုသော် စတင်တွေ့ဆုံခါစ သူစိမ်းတစ်ယောက်အား မည်သူကမှ အကြောင်းပြချက်မရှိ ကောင်းမွန်စွာ ပြောဆိုဆက်ဆံနေလိမ့်မည် မဟုတ်ပေ။
ဇူယွမ်မှာ များများစားစား တွေးမနေတော့ပဲ ပြုံးကာပြောလိုက်သည်။ "ကောင်းပါပြီ...ချိုးရွှယ်.."
ရိချိုးရွှယ်မှာ ဇူယွမ်နှင့် ခင်မင်ရင်းနှီးလိုသကဲ့သို့ ဇူယွမ်သည်လည်း သူမသည် မိတ်ဆွေဖြစ်ရန် ထိုက်တန်သည်ဟု စဉ်းစားမိသည်။ ဟွမ်းယွမ်ကောင်းကင်ဒေသအတွင်း သူယုံကြည်ရမည့် မိတ်ဆွေသူငယ်ချင်းတစ်ယောက် မဖြစ်မနေ ရှိထားသင့်သည်။
ရိချိုးရွှယ်မှာ ခပ်ဖွဖွပြုံးလိုက်သည်။ သူမ၏ မျက်ဝန်းများသည် ယခင်ကထက်ပင်ပို၍ တောက်ပရွှန်းစိုနေဟန် ရှိသည်။ ဇူယွမ်၏ သက်တောင့်သက်သာ စကားပြောပုံအရ သူမတို့နှစ်ဦးမှာ သူငယ်ချင်းဖြစ်သွားကြပြီဖြစ်သောကြောင့် ပျော်ရွှင်သွားရသည်။
သူမသည် အခြားကောင်းကင်ဒေသမှ ဖြစ်ပါသော်လည်း အလွန်အရည်အချင်းရှိသော ဇူယွမ်နှင့်ပက်သတ်၍ သိချင်စိတ်ပြင်းပြနေမိသည်။
"ချိုးရွှယ်...ကျွန်တော်က ထျန်းယွမ်နယ်မြေကို အခုမှ ရောက်ဖူးတာဆိုတော့ ဒီကအခြေအနေတွေနဲ့ပက်သတ်ပြီး ဘာမှမသိဘူး။ အဲ့ဒါကြောင့် ကျွန်တော် သတိထားသင့်တဲ့ ကိစ္စတွေရှိရင် ပြောပြထားပါဦး။" ဇူယွမ်မှ သက်တောင့်သက်သာ စကားဆိုလိုက်သည်။
ဇူယွမ်မှာ ရိချိုးရွှယ်နှင့် ရင်းနှီးမှု တည်ဆောက်ပြီးသည့်နောက် ထျန်းယွမ်နယ်မြေ၏ အခြေအနေများကို စတင်မေးမြန်းလိုက်သည်။ ထိုမှသာ ရွှမ်ကျိုးမြို့တော်သို့မရောက်မီ အစီအစဉ်တချို့ ချမှတ်ထားနိုင်လိမ့်မည်။
ဇူယွမ်မှာ အခြားကောင်းကင်ဒေသမှ လာရောက်ခဲ့သူဖြစ်သောကြောင့် ထျန်းယွမ်နယ်မြေအကြောင်း သိရှိထားလိုမည်ဖြစ်ကြောင်း ရိချိုးရွှယ်မှလည်း နားလည်ထားသည်။
"ထျန်းယွမ်နယ်မြေကို ကန်းယွမ်အရှင်က ဖန်ဆင်းခဲ့တာ။ အဲ့ဒါတော့ ရှင်သိထားလောက်မှာပါ။" ရိချိုးရွှယ်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။
"ဒါပေမယ့် ကန်းယွမ်အရှင်က ဟွမ်းယွမ်ကောင်းကင်ဒေသကနေ ထွက်သွားတာ တော်တော်ကြာပြီ။ သတင်းအစအနလည်း လုံးဝမရဘူး။ တချို့ဆိုရင် ကန်းယွမ်အရှင်က သေသွားပြီလို့တောင် ထင်ကုန်ကြတယ်။" သူမ သက်ပြင်းချလျက် ရှင်းပြပြောဆိုလိုက်သည်။
"ကန်းယွမ်အရှင် ပျောက်နေတာ အရမ်းကြာနေပြီဆိုတော့ အခုထျန်းယွမ်နယ်မြေကို ဘယ်သူအုပ်ချုပ်နေတာလဲ။" ဇူယွမ်မှ မေးမြန်းလိုက်သည်။
"ကန်းယွမ်အရှင်ရဲ့လက်အောက်မှာ သေနာပတိအဖွဲ့အစည်းရှိတယ်။ အရှင် မရှိတော့ထဲက ထျန်းယွမ်နယ်မြေကို သူတို့ပဲ ထိန်းချုပ်ထားပေးတာ။ အခုလောလောဆယ် သေနာပတိအဖွဲ့အစည်းမှာ အဖွဲ့ဝင်ငါးယောက် ရှိတယ်။"
"သေနာပတိ အဖွဲ့အစည်းရဲ့ လက်အောက်မှာတော့ အကြီးအကဲအုပ်စုရှိပြီးတော့ သူတို့အောက်မှာတော့ ထျန်းယွမ်နယ်မြေရဲ့ စီရင်စုတွေအတွက် အုပ်စိုးသူသခင် အယောက်ကိုးရာ ရှိတယ်။ အုပ်စိုးသူသခင်တိုင်းက ကိုယ်ပိုင်စီရင်စု တစ်ခုစီရှိပြီး ကျွန်မတို့ ရှောင်ရွှမ်းစီရင်စုက အဲ့စီရင်စုတွေက တစ်ခုပဲ။"
"စီရင်စု ကိုးရာတောင်လား။" ဇူယွမ်မှာ လွန်စွာအံ့အားသင့်သွားရသည်။ ထျန်းယွမ်နယ်မြေသည် သူခန့်မှန်းထားသည်ထက်ပင် အဆပေါင်းများစွာ ကျယ်ပြန့်ဟန် ရှိသည်။
ထျန်းယွမ်နယ်မြေတစ်ခု၏ အင်အားသည်ပင် ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခွင်လုံးနှင့် ညီမျှလုနီးပါး ရှိပေလိမ့်မည်။ ထိုကဲ့သို့ နယ်မြေစုစုပေါင်းကိုးခု ဟွမ်းယွမ်ကောင်းကင်ဒေသအတွင်း တည်ရှိနေလေသည်။
ထိုသို့ကြောက်မက်ဖွယ်အင်အားများကြောင့်ပင် ဟွမ်းယွမ်ကောင်းကင်ဒေသမှာ တော်ဝင်နန်းတော်အား ဆန့်ကျင်ရာတွင် အချက်ချာအကျဆုံး ဖြစ်နေရခြင်းပင် ဖြစ်လိမ့်မည်။
ဇူယွမ်မှာ အတွေးအချို့ တွေးတောလိုက်မိပြီးနောက် ရိချိုးရွှယ်အား ထပ်မံမေးမြန်းလိုက်သည်။ "သေနာပတိ အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ငါးယောက်က ဘယ်သူတွေလဲ။"
ရိချိုးရွှယ်မှာ ခါးကြောလေးများအား ဆန့်ထုတ်လျက် ရေတွက်ပြလိုက်သည်။ "ကျင်ရှန်းကောင်းကင်ဂိုဏ်း၊ ပိုင်စဲ့ကလန်၊ ရှင်းခယ်ရွှယ်ကျင်းကလန်နဲ့ မုထုံကလန်...အဲ့အဖွဲ့စည်းကြီးလေးခုက ကန်းယွမ်အရှင်နဲ့အတူ ထျန်းယွမ်နယ်မြေကို ဖန်ဆင်းခဲ့ကြတာ။ သူတို့အားလုံးမှာ ထူးခြားတဲ့ နောက်ခံသမိုင်းကြောင်းတွေ ရှိကြတယ်။ ကလန်သုံးခုကသူတော်စင်အဆင့် ကျင့်ကြံသူတွေရဲ့ သွေးကြောကနေ ဖြစ်တည်လာတာ။ သူတော်စင်တွေက မရှိတော့ဘူးဆိုပေမယ့် သူတို့ရဲ့ သွေးကြောတွေက ဒီနေ့အထိ အသက်ဝင်နေတုန်းပဲ။"
ဇူယွမ်မှာ မျက်ဝန်းအရောင်များ လင်းလက်သွားရသည်။ ပိုင်စဲ့ကလန်၊ ရှင်းခယ်ရွှယ်ကျင်းကလန်နှင့် မုထုံကလန်တို့တွင် သူတော်စင်အဆင့် ကျင့်ကြံသူများ ရှိခဲ့ကြဖူးသည်ဟု ဆိုသည်။ ထိုသည်မှာ အမှန်တကယ် အံ့အားသင့်ဖွယ်ရာ ဖြစ်သည်။ သူ၏ကန်ရွှမ်းကောင်းကင် တစ်ခွင်လုံး၌ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းတစ်ဦးတည်းသာ သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ဖူးသည်။
"နောက်ဆုံးတစ်ယောက်ကရော..."
"နောက်ဆုံးကတော့ ချီကျင့်သခင်မပဲ။" ရိချိုးရွှယ်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
"ချီကျင့်သခင်မ...." ဇူယွမ်မှာ အံ့အားသင့်သွားရသည်။ သေနာပတိ အဖွဲ့ဝင်များအတွင်း ထိုအမည်နာမ တစ်ခုတည်းကသာ ဂိုဏ်း၊ ကလန် မဟုတ်နေသောကြောင့် ဖြစ်သည်။
ရိချိုးရွှယ်မှာ ဇူယွမ်၏အမူအရာကို နားလည်နေသည့်အလား ရှင်းပြလိုက်သည်။ "ချီကျင့်သခင်မက ကန်းယွမ်အရှင်ရဲ့ တပည့်နှစ်ယောက်ထဲက တစ်ယောက်မို့လို့ နောက်ခံမလိုအပ်ဘူးလေ။"
ချီကျင့်သခင်မအကြောင်း ပြောနေသည့် ရိချိုးရွှယ်၏ မျက်ဝန်းများမှာ လေးစားအားကျမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။
ဇူယွမ်မှာလည်း သိရှိလိုသော အဓိကအချက်နှင့် နီးကပ်လာပြီဖြစ်သောကြောင့် စိတ်လှုပ်ရှားသွားရသည်။
သို့သော် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိသဖြင့် ကူကယ်ရာမဲ့စွာ မေးလိုက်သည်။ "ကန်းယွမ်အရှင်ရဲ့ တပည့်က မိန်းကလေးတစ်ယောက်လား။"
ရိချိုးရွှယ်မှာ အလိုမကျဟန်ဖြင့် ပြောလိုက်သည်။ "မိန်းကလေးဖြစ်တော့ ဘာဖြစ်လို့လဲ။ ရှင်က မိန်းကလေးတွေကို အထင်သေးတာလား။"
ထျန်းယွမ်နယ်မြေအတွင်းရှိ မိန်းမငယ်များအားလုံးသည် ချီကျင့်သခင်မအား လေးစားအတုယူလိုကြသူများ ဖြစ်ကြသည်။
ဇူယွမ်မှာမူ အလွန်ပင် အံ့အားတကြီး ဖြစ်နေရသည်။
အဲ့ဒါဆို စီနီယာအကိုတော် မဟုတ်ပဲ စီနီယာအမတော်ပေါ့.....