ထွက်လေ ဝင်လေ
Vol. 5 Ch. 410
ကျုန်းစန်းတောင် တောင်စောင့်နတ် "ချန်ပေသို" …
လောကရှိ လူအများက သူ့ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ …
သူသည် တန်ခိုးစွမ်းအား အလွန်ကြီးမားသည့် နတ်ဘုရား တစ်ပါးဖြစ်သည် ဆိုသည့် အချက်ကို မပြောင်းလဲနိုင်ပါ။
ချန်ပေသိုက မှော်ဆရာမနှင့် အတူ ပါလာသည့် ချန်ကျင်းချင်ကို စိုက်ကြည့် လိုက်လေသည်။ ထို့နောက် ချန်ပေသို၏ အကြည့်က မှော်ဆရာမဆီသို့ ရောက်ရှိသွားကာ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်း ပြလိုက်လေသည်။
ချန်ကျင်းချင်မှာတော့ ချန်ပေသိုကို ငေးကြည့်နေရင်းမှ မည်သည့် အရာကိုမှ မစဉ်းစားနိုင် ဖြစ်နေရလေသည်။
"လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကလည်း မင်းသူ့ကို ကျုပ်ဆီ ခေါ်လာသေးတယ်နော်၊ ကျုပ်က လက်မခံခဲ့ဘူး၊ အခုလည်း ကျုပ်စိတ်က ပြောင်းလဲသွားမှာ မဟုတ်ဘူး"
ချန်ပေသိုက စကားစပြော လိုက်သည်။ သို့သော် သူ့စကားက အပိုအလို မရှိ။
သူ့စကားသည် လရောင်ထဲတွင်လွင့်မျော သွားလေသည်။
မှော်ဆရာမသည် စူးရဲသည့် အကြည့်များဖြင့် ချန်ပေသိုကို စိုက်ကြည့် လိုက်လေသည်။
ချန်ပေသိုသည် နှုတ်ခမ်းပါးပါး နှစ်လွှာကို တင်းတင်းစေ့ ထားလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ဆုံးဖြတ်ချက် မည်မျှ ခိုင်မာကြောင်းကို ပြသနေလေသည်။ သို့သော် မှော်ဆရာမကလည်း ယနေ့ညတွင်တော့ ချန်ပေသို၏ ဆုံးဖြတ်ချက်ကို မရ ရအောင် ပြောင်းလဲ ပစ်မည်ဟု ဆုံးဖြတ်ထားလေသည်။
"ကျင့်ကြံသူတစ်ယောက် တောင်ခြေကို ရောက်လာတယ်၊ ဒီကလေးကို သူမြင်ပြီးသွားပြီ၊ ဒီကလေးဟာ ကျင့်ကြံသူတွေ အတွက် ဘယ်လောက် အရေးပါတယ်ဆိုတာ ရှင်လည်း ကောင်းကောင်း သိနေတာပဲ၊ သူက ချန်ကျေးရွာက ကလေးပါပဲ၊ သူ့ကို ကာကွယ် ပေးစေချင်ပါတယ်၊ အားဖုန်းနဲ့ အားယွင် အသတ်ခံလိုက်ရပြီ၊ ဒီကလေးကို ရှင့်ရဲ့ အစေခံအဖြစ် လက်ခံပေးပါလား၊ ကျွန်မရဲ့ ပညာတွေအကုန်လုံး သူ့ကိုသင်ပေးမှာပါ၊ ရှင်ကလည်း သူ့ကို ကျင့်စဉ်တွေ သင်ပေးလို့ ရပါတယ်၊ ဒီကလေးက ထူးခြားတယ်၊ တစ်ချိန်မှာ ရှင့်ရဲ့ခြေရာကို နင်းနိုင်တဲ့သူ ဖြစ်လာမှာပါ"
ချန်ပေသို၏ မျက်ဝန်းများက တောက်ပနေပြီး သူ့ရှေ့မှ နတ်ဘုရား ထောင်ချောက် ဓားကတော့ ငြိမ်သက် တိတ်ဆိတ် နေလေသည်။
သူက မှော်ဆရာမကို တည်ငြိမ်စွာဖြင့်ကြည့်လိုက်ရင်း….
"အဲဒီကျင့်ကြံသူက ကျုပ်ကိုလာရှာတဲ့သူပါ၊ မင်းကို အကြောင်းကြားဖို့ မေ့နေတာ၊ အားဖုန်းနဲ့ အားယွင်ကိုလည်း သူပဲသတ်လိုက်တာ၊ ဒီကလေးကိုသာ သူလိုချင်တယ်ဆိုရင် အခု ကျုပ်ဆီတောင် ရောက်လာမှာ မဟုတ်တော့ဘူး၊ ပြီးတော့ ချန်ကျေးရွာကိုလည်း ကျုပ်ကာကွယ်ပေးဖို့ မလိုအပ် တော့ပါဘူး၊ ရန်သူတွေလည်း မရှိတော့ဘူးလေ၊ မင်းတို့အားလုံး ဆီမှာ ရိုက်ခတ်ထားတဲ့ တံဆိပ်တွေကို ကျုပ်မဖွင့်ခဲ့ဘူး၊ ဒါကြောင့် မင်းတို့အားလုံး အမြဲတမ်း အသက်ရှည် ကြမှာပါပဲ၊ ဒါပေမဲ့ အင်အား ဆိုတာကတော့ ကြီးလာပြီးရင် ပြန်ပြီးကျဆင်း သွားရမှာပဲ မဟုတ်လား၊ အဲဒါ ကျုပ်ပြောတဲ့ စကားတွေ မဟုတ်ဘူးနော်၊ ဆံပင်ဖြူနေတဲ့ ဟိုအဘိုးကြီး ပြောခဲ့တာ၊ မင်းလည်း ဒါတွေကို သိခဲ့ပြီးသားပဲလေ၊ ကျုပ်က မင်းအဘိုးကို ကတိပေးခဲ့တဲ့ အတိုင်း ချန်ကျေးရွာက ရွာသား နှစ်ယောက်ကို အစေခံအဖြစ် အမြဲတမ်း ခေါ်ထားပေးခဲ့တယ်၊ ပညာတွေ သင်ပေးခဲ့တယ်၊ ဒါပေမဲ့ ဘာဖြစ်သွားကြသလဲ၊ အချိန်တန်တော့ ဘဝမှာ ငြိမ်းငြိမ်းချမ်းချမ်း မနေရဘဲ သေဆုံး သွားကြရတာပဲ မဟုတ်လား"
"အဲဒီလူက ကျွန်မအဘိုးပါ၊ ပြီးတော့ ရှင့်အဖေလေ၊ ရှင်က ကျွန်မ ဦးလေးဖြစ်ပြီး ဘာလို့ ဒီလောက် အကြင်နာတရား ကင်းမဲ့ရတာလဲ၊ ခုတော့ ကျွန်မ သဘောပေါက် သွားပြီ၊ ရှင်က ကျွန်မ သေရင်တောင်မှ အရေးလုပ်မယ့် လူမျိုး မဟုတ်ဘူးဘဲ"
မှော်ဆရာမ၏ လေသံမှာ တဖြည်းဖြည်း တင်းမာခက်ထန် လာလေသည်။
သို့သော် ချန်ပေသိုကတော့ ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
"မင်းက ဆွေမျိုး လာစပ်နေတာဆိုရင်တော့ မင်းကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေနဲ့ ကျုပ်ကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေက မတူတော့ဘူးလို့ပဲ ပြောချင်တယ်၊ ပြီးတော့ ငယ်ငယ်တုန်းက မင်းနဲ့ကျုပ်က မိသားစုဝင် ဆိုတာထက် ရင်းနှီးခဲ့ကြတာပဲ၊ မင်းကျုပ်ကို သဘောကျနေခဲ့တာလေ၊ အဲဒီတုန်းကတော့ မင်းက ကျုပ်ကို ဦးလေး တစ်ယောက်လို့ မသတ်မှတ်ခဲ့ဘူး မဟုတ်လား"
ချန်ပေသိုပြောလိုက်သည့် စကားများသည် ပြောသင့်သည့် စကားများ မဟုတ်သော်လည်း မှော်ဆရာမ၏ နှလုံးသားထက်တွင် ဓားထက်ထက်အလား နက်ရှိုင်းစွာ စိုက်ဝင် သွားလေသည်။ သူပြောလိုက်သည့် စကားများသည် မှော်ဆရာမ၏ စစ်မှန်သည့် ခံစားချက်များလည်းဖြစ်လေသည်။
ချန်ကျေးရွာတွင် မျိုးဆက်ပေါင်း များစွာ လက်ထပ် ထိမ်းမြားခြင်းကို ပြုလုပ် ခဲ့ကြသော်လည်း ချန်ပေသိုနှင့် မှော်ဆရာမတို့ကဲ့သို့ သွေးရင်းသားရင်းများကို မည်သည့်အခါမှ လက်ထပ် ထိမ်းမြားခွင့် မပြုခဲ့ကြပေ။
ချန်ပေသို၏ စကားများကြောင့် မှော်ဆရာမက ဒေါသထွက်သွားခြင်း မရှိခဲ့ပါ။
"ကျွန်မ သူ့ကို ဒီမှာထားခဲ့မယ်၊ ရှင်လုပ်ချင်သလိုသာ လုပ်လိုက်တော့"
ထို့နောက်သူမသည် ယူဆောင်လာသည့် ဓာတ်ဖန်လုံးကို ချန်ကျင်းချင် လက်ထဲသို့ ထည့်ပေး လိုက်လေသည်။
"ငါသိသမျှ အရာအားလုံး ဒီထဲမှာ ထည့်ထားတယ်၊ မင်းဟာမင်း သင်ယူလို့ ရတယ်၊ တောင်စောင့်နတ်က မင်းကို လက်မခံရင်တောင်မှ မင်း ချန်ကျေးရွာကိုတော့ မပြန်နဲ့တော့၊ ဘာလို့လဲဆိုတော့ မင်းအကြောင်းကို ကျင့်ကြံသူ တစ်ယောက် သိသွားပြီဆိုရင် နောက်ထပ် ကျင့်ကြံသူတွေလည်း မင်းနောက်ကို လိုက်လာကြတော့မှာပဲ၊ ချန်ကျေးရွာ မင်းကိုဆက်ပြီး ကာကွယ် ပေးနိုင်မှာ မဟုတ်တော့ဘူး"
ပြောပြီးသည်နှင့် မှော်ဆရာမသည် ထွက်ခွာ သွားလေသည်။
ချန်ကျင်းချင်သည် ချန်ပေသိုနှင့် မှော်ဆရာမသည် အလွန်မှ တူညီသည့် စိတ်နေစိတ်ထား ရှိကြသည်ဟု ခံစားနေရလေသည်။
သို့သော် လောလောဆယ်တွင်တော့ သူ့မှာ အူကြောင်ကြောင်သာ ဖြစ်နေရပြီး ဘာလုပ်ရလို့ ဘာကိုင်ရမှန်းလည်း မသိတော့ပေ။
ချန်ပေသိုသည် ချန်ကျင်းချင်ကို တစ်ချက်ပင်မကြည့်ဘဲ ဝတ်ကျောင်းတော် အတွင်းသို့ ဝင်ရောက်သွားပြီး တံခါးကို ပိတ်ထား လိုက်လေသည်။
ဝတ်ကျောင်းတော် အပြင်ဘက်တွင် ရာသီဥတုက အေးစက်နေပြီး နှင်းများကလည်း ကျဆင်း နေလေသည်။ ချန်ကျင်းချင်သည် အအေးဒဏ်ကို အဆမတန် ခံစားနေရပြီး အအေးဒဏ် သက်သာလို သက်သာညား ဓာတ်ဖန်လုံးကို ခပ်တင်းတင်း ပွေ့ဖက်ထားလေသည်။
ထိုအခါ သူနှင့် ဓာတ်ဖန်လုံး အကြားတွင် ဆက်နွှယ်မှု တစ်ခု ဖြစ်တည်လာပြီး ဓာတ်ဖန်လုံးထဲမှ လောက သဘာဝအကြောင်းများ၊ မတူကွဲပြားသည့် ဘာသာစကားများ၊ မရေမတွက်နိုင်သည့် ပန်းချီကားများ၊ ကျုန်းစန်းတောင်နှင့် အရာပေါင်းများစွာသည် သူ့စိတ်အစဉ်သို့ စီးဆင်း ဝင်ရောက် လာလေသည်။
"ဆန်းလျန်" ဆိုသည့် အမည်စာလုံးနှစ်လုံးနှင့်ပတ်သက်ပြီး အဓိပ္ပါယ်ကို ပို၍ရှင်းလင်းစွာ သိမြင် လာလေသည်။
ချန်ကျင်းချင်သည် စိတ်လှုပ်ရှားနေပြီး ခံစားနေရသည့် အအေးဒဏ်ကိုပင် မေ့သွား လေတော့သည်။
ဆန်းလျန်ဆိုသည့် နာမည်ကို စဉ်းစားလိုက်မိသည်နှင့် သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်ရောက် လာလေသည်။ ဓာတ်ဖန်လုံးသည် နေရာဒေသ ပေါင်းစုံကို ပြသနိုင်စွမ်း ရှိလေသည်။ ထိုဓာတ်ဖန်လုံးသည် ဆန်းလျန် မည်သည့်နေရာတွင် ရှိသည်ကိုရော ပြသနိုင်ပါမည်လား။
ချန်ကျင်းချင် ထိုသို့ တွေးလိုက်မိသည်နှင့် ရော့စွေ မြစ်ကမ်းနံဘေးရှိ ကျောက်တုံးကြီး တစ်တုံးပေါ်တွင် တရားထိုင်နေသည့် ဆန်းလျန်ကို မြင်တွေ့လိုက်ရလေသည်။
ချန်ကျင်းချင်သည် ဆန်းလျန်ကို ဓာတ်ဖန်လုံးထဲမှ တစ်ဆင့် ငေးကြည့်နေလေသည်။
ထိုသို့ ငေးကြည့်နေရင်း သူ၏ အသက်ရှူသံမှာ ဆန်းလျန်နှင့် တစ်သားတည်း ကျနေသည်ကို သူကိုယ်တိုင် သတိမထားခဲ့မိပါ။
ထွက်လေ၊ ဝင်လေ…။
ထိုသို့တရားထိုင်နေရင်း ချန်ကျင်းချင်း၏ စိတ်ထဲတွင် စကြဝဠာထဲမှ လျှို့ဝှက်နက်နဲမှု တစ်ခုကို စတင် ခံစားလိုက်ရလေသည်။
ဝတ်ကျောင်းတော် အတွင်းတွင်တော့ ချန်ပေသို၏ မျက်ဝန်းများက တလက်လက် တောက်ပ နေလေသည်။ ထို့နောက် မျက်ဝန်းများက ပြန်လည် မှေးမှိန် သွားပြန်သည်။ သူက နတ်ဘုရား ထောင်ချောက်ဓားကို ဖြည်းဖြည်းချင်း ပွတ်သပ် နေလေသည်။
ထိုသို့ဖြင့် တစ်ညတာ ကုန်ဆုံး ခဲ့ကြလေသည်။
နောက်တစ်နေ့ နံနက်သို့ ရောက်သည့် အခါတွင်တော့ ချန်ကျင်းချင်သည် ရွှင်လန်း တက်ကြွလျက် ရှိလေသည်။ သူသည် ဗဟုသုတ များစွာ ရရှိခဲ့ပြီး အခြေခံမူများစွာကို နားလည်ခဲ့သည်။ ပို၍ထူးခြားသည့် အချက်မှာ သူသည် တစ်ည အတွင်းမှာပင် အသစ်ပြန်လည် မွေးဖွားလာသည့် လူတစ်ယောက်အလား ခံစားနေရခြင်း ဖြစ်လေသည်။
သူသည် ခြေတစ်လှမ်း လှမ်းရုံဖြင့် အမြင့်ပေ သုံးဆယ်အထိ ခုန်ပျံနိုင်ပြီး ဝေးလံသည့် နေရာများကို တစ်ခဏချင်းနှင့်ပင် သွားရောက် နိုင်နေလေပြီ။ သူ့ခန္ဓာကိုယ်ထဲတွင် စွမ်းအား တစ်ခု စီးဆင်းနေပြီး ထိုစွမ်းအားက သူ၏ ခြေ၊ လက်နှင့် အရိုးများအထိ စီးဆင်း ဝင်ရောက် နေလေသည်။
***