← Chapters

နတ်ဘုရားကပ်ဘေးအတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ 

Vol. 175 Ch. 2498

နတ်ဘုရားကပ်ဘေးအတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူ 

Vol. 175 Ch. 2498

အနောက်ဘက်ကောင်းကင်တွင် သူတော်စင်ကျန်းချန်၏ စွမ်းအားမှာ အနောက်ဘက်ကောင်းကင်၏ မြင့်မြတ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသော်လည်း ရီဖူရှင်းကို ရှာမတွေ့တော့ပါ။

ဤတစ်ကြိမ်က ယခင်တစ်ခေါက်နှင့်မတူတော့ချေ။ ထိုအချိန်က ရီဖူရှင်းသည် လိပ်ပြာတောင်ကုန်းမှ ထွက်မသွားသေးဘဲ သူ့အား အကြိမ်ကြိမ် ထွက်သွားသကဲ့သို့ လှည့်စား၏။ ဤတစ်ကြိမ်တွင်ကား ရီဖူရှင်းသည် လှည့်စားနေခြင်းမဟုတ်ဘဲ အမှန်တကယ် ထွက်သွားပြီးဖြစ်သည်။ သူက စာကြည့်တိုက်အတွင်း ဗုဒ္ဓကျမ်းစာများကို ဖတ်ရှုလေ့လာ​နေရင်း အခွင့်အရေးရှာကာ ထွက်ပြေးသွားခြင်း ဖြစ်သည်။ ကိုယ်တော်ဒုက္ခသမာဓိက ရီဖူရှင်းအား စောင့်ကြည့်နေသည့် ဗုဒ္ဓကျင့်ကြံသူများကို လှည့်စားကာ အချိန်ဆွဲထားပြီး ရီဖူရှင်း အတွက် အခွင့်အရေး ရှာပေးထား၏။

သူတော်စင်ကျန်းချန်၏ မျက်နှာထက်က အရုပ်ဆိုးအကျည်းတန်နေ၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဗုဒ္ဓအလင်းရောင်တို့ ​ဖြာလင်းလာကာ သူရှိနေသည့်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ၏အလျင်သည် မြန်ဆန်ပြီး အလွန်ဝေးလံသော တစ်နေရာတွင် ထပ်မံ၍ ပေါ်လာ၏။

အနောက်ဘက်ကောင်းကင်သည် အနောက်ဘက်လောက၏ သန့်စင်မြင့်မြတ်နယ်မြေဖြစ်ကာ အနောက်ဘက်ဗုဒ္ဓနယ်မြေအတွင်း အမြင့်ဆုံးကောင်းကင်ဟု ဆိုနိုင်သည်။ အမှန်တကယ်အားဖြင့် ထိုနယ်မြေသည် အလွန် ကျယ်ပြန့်ခြင်း မရှိလှပေ။ ဗုဒ္ဓလောက၏ အလယ်ဗဟိုကို ရွှေရောင်တိမ်ပင်လယ်အား ဖြတ်သန်းပြီးနောက်မှသာ ရောက်ရှိနိုင်ပေသည်။

သို့သော် ဗုဒ္ဓလောကအတွင်းမှ အခြားဘုံများနှင့် ယှဥ်လျှင် အနောက်ဘက်ကောင်းကင်သည် အဆုံးမဲ့ တောင့်တင်းခိုင်မာသည့် ရှေးဟောင်း ဗုဒ္ဓမြို့ကြီးတစ်မြို့ ဖြစ်၏။

ထို့ကြောင့်ပင် ရီဖူရှင်းသည် အနောက်ဘက်လောကမှ မြန်ဆန်စွာ ထွက်သွားနိုင်ခြင်း ဖြစ်၏။

ထိုအချိန်တွင် ရီဖူရှင်းသည် အခြားဘုံတစ်ခုအတွင်း ထွက်ပေါ်လာ၏။ အတွေးတစ်ချက်ဖြင့် သူက ရပ်နေရာမှ ပျောက်ကွယ်သွားပြီး နောက်တစ်နေရာတွင် ထွက်ပေါ်လာသည်။ နောက်ထပ်ခြေတစ်လှမ်းပြီးနောက် သူက အစအနမကျန် ပျောက်ကွယ်သွားပြီး နောက်တစ်မြို့သို့ ရောက်ရှိသွားပြန်၏။ နေရာအချို့တွင် အချို့ ဖြတ်သားဖြတ်လာများသည် သူက ပါးလွှာသည့် လေထုအတွင်း ပျောက်ကွယ်သွားသည်ကို မြင်သည့်အခါ အံ့သြမှင်တက်သွားတတ်ကြသည်။ အချို့မှာ ထင်ယောင်ထင်မှားဟုပင် ယူဆကြရ၏။

ကျင့်ကြံသူများအတွက် မှားယွင်းမြင်နိုင်ရန် မဖြစ်နိုင်ပေ။ ထိုပျောက်ကွယ်သွားသည့် ပုံရိပ်က မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်ခြင်းမရှိသလို မဟာလမ်းစဥ် လေဟာနယ် စွမ်းအားများကိုလည်း လှုပ်ခတ်သွားစေခြင်း မရှိပါ။

သို့သော် ရီဖူရှင်းက ထိုအကြောင်းများကို အာရုံထဲ မထည့်ထားပါ။ ခြေတစ်လှမ်းချင်းစီတိုင်းတွင် သူက မတူညီသော မြို့များသို့ ရောက်ရှိသွားသည်။ တစ်စက္ကန့်တွင် သူက ရှေးဟောင်းမြို့တစ်မြို့၏ လမ်းမထက်တွင် ရှိနေပြီး နောက်တခဏတွင် စွန့်ပစ်မြေတစ်ခု၌ ထွက်ပေါ်လာသည်။ နောက်တခဏ၌ သူသည် ပင်လယ်အတွင်း ရောက်ရှိလာကြောင်း သတိထားမိ၏။ မြင်ကွင်းများက အဆက်မပြတ် ပြောင်းလဲနေပြီး ရီဖူရှင်းသည်ပင် သူ့ကိုယ်သူ မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း မသိတော့ချေ။

ဗုဒ္ဓရောင်ဝါခြေလှမ်း၏ ထူးခြားသော လက္ခဏာမှာ လိုက်နာရန် စည်းမျဥ်းဟူ၍ ပုံသေမရှိဘဲ တစ်စုံတစ်ယောက်က သူ ဆန္ဒရှိသည်အား ဆန္ဒရှိသလို လုပ်ဆောင်နိုင်၏။

သူတော်စင်ကျန်းချန်သည် ရီဖူရှင်းအား အဆက်မပြတ် ခြေရာခံလိုက်ပါနေ၏။ သူ၏ နတ်အာရုံမှာ ကျယ်ပြောသည့် အဆုံးမဲ့လေဟာနယ်ကို ဖုံးလွှမ်းထားပြီး ရီဖူရှင်း၏ အစအနကို လိုက်လံရှာဖွေနေသည်။ သို့သော် သူက အမြဲခြေတစ်လှမ်းနောက်ကျနေတတ်သည်။ သူတော်စင်ကျန်းချန်ကား အလွန်ဒေါသထွက်နေပြီ ဖြစ်သည်။ သူက အချိန်များစွာယူကာ ရီဖူရှင်းအား စောင့်ကြပ်ခဲ့သော်လည်း တစ်ဘက်လူက သူ့အလစ်အငိုက်ကို ဖမ်းကာ ထွက်ပြေးသွား၏။

"သူ ဘယ်ကို သွားတာလဲ။"

သူတော်စင်ကျန်းချန်က စိတ်ထဲတွက် အဆက်မပြတ် တွက်ချက်နေပြီး ဖြစ်နိုင်ချေအားလုံးကို စဥ်းစားနေ၏။ သူ့ကို ခြေရာခံခြင်းထက် သူက ရီဖူရှင်း မည်သည့်နေရာသို့ သွားနိုင်သည်ကို သေချာစဥ်းစားဆုံးဖြတ်နိုင်ပါက ရှာဖွေရန် ပို၍ လွယ်ကူပေလိမ့်မည်။

"ဗုဒ္ဓကျင့်ကြံသူတွေရဲ့ အနောက်ဘက်လောကကနေ ဘုံတွေကို ဖြတ်ထွက်ပြီး ကောင်းကင်ဒေသကို ပြန်သွားလောက်ပြီ။"

အတွေးတစ်ခုက သူတော်စင်ကျန်းချန်၏ စိတ်ထဲ၌ ထွက်ပေါ်လာသည်။ ထို့နောက် ဗုဒ္ဓအလင်းနှင့်အတူ အဝေးကို မြန်ဆန်စွာ ရွေ့လျားသွား၏။

သူ့ထက် ရီဖူရှင်း၏ ဗုဒ္ဓရောင်ဝါခြေလှမ်းက ပို၍ လျင်မြန်မည်ဟု မယုံကြည်ပါ။

သူတို့နှစ်ယောက်ကြားမှ အဆင့်ကွာခြားမှုမှာ အလွန် ကြီးမားလှပြီး ဗုဒ္ဓကျင့်ကြံခြင်းစွမ်းရည် ခြောက်ပါးမှ တစ်ပါးသည်ပင် ထိုမျှကြီးမားသည့် ကွာခြားချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်ချေ။

သူတော်စင်ကျန်းချန်က ထိုနေရာသို့ ဦးတည်သွားနေသော်လည်း လမ်းတလျှောက်လုံးတွင် ရီဖူရှင်း၏ အစအနကိုမှ ရှာမတွေ့ပါ။ သူက ရီဖူရှင်း၏ဦးတည်ရာကို အတိအကျမတွက်ချက်နိုင်သေးသရွေ့ သူ့အား လိုက်ဖမ်းရန် မလွယ်ကူပေ။ အထူးသဖြင့် ထိုလူက ဗုဒ္ဓရောင်ဝါခြေလှမ်းအား ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်နေသေးသည်။ သံသယဖြစ်ဖွယ်မရှိ ၎င်းမှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသည်နှင့်တူ၏။

ရီဖူရှင်းက တခဏမျှပင် မရပ်တန့်ခဲ့ပေ။ သူက ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ ကျောက်ခင်းလမ်းပေါ်တွင် ခြေချမိပြီး ထိုမှတစ်ဖန် ထပ်လှမ်းလိုက်လျှင် တောင်ထွတ်ပေါ်၌ နေမင်းကို မျက်နှာချင်းဆိုင်နေသည်။ သူက နောက်ထပ်တစ်ခါ ခြေလှမ်းလိုက်သည့်အခါ နေရာအနှံ့ နှင်းများဝေနေသော နှင်းလွှာပြင်တစ်ခုသို့ ရောက်ရှိလာ၏။

သူက ဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်လောကအတွင်းမှ မတူညီသော ကောင်းကင်နှင့် မရေတွက်နိုင်သော မြို့များကို ဖြတ်သန်းလာသည်။

ယနေ့တွင် သူက ဆန္ဒခြောက်ပါးကောင်းကင်သို့ တစ်ဖန်ရောက်ရှိလာပြန်ပြီ ဖြစ်သည်။ ဆန္ဒခြောက်ပါးကောင်းကင်တွင် လမ်းလျှောက်နေရင်း သူသည် အေးအေးလူလူဖြစ်သွားသည်။ ရက်ပေါင်းများစွာကြာပြီးနောက် သူက သူတော်စင်ကျန်းချန်ကို မျက်ခြေဖြတ်နိုင်ပြီဟု ယူဆရ၏။

သိသာစွာပင် ရီဖူရှင်းသည် ဗုဒ္ဓရောင်ဝါခြေလှမ်း၏ ကျွမ်းကျင်မှုနှင့် ကိုယ်တော်ဒုက္ခသမာဓိ၏ အကူအညီကြောင့်သာ သူတော်စင်ကျန်းချန်အား မျက်ချေဖြတ်နိုင်ခြင်း ဖြစ်သည်။

ဆန္ဒခြောက်ပါး ကောင်းကင်အတွင်း ဖျက်ဆီးခြင်းလမ်းစဥ်သည် နယ်​မြေတစ်ခွင်ကို ကြီးစိုးကာ အဆုံးမဲ့နယ်​မြေအား လွှမ်းခြုံထား၏။ ရီဖူရှင်းက ထိုဖျက်ဆီးခြင်းလမ်းစဥ် နယ်မြေ၏ အောက်တွင် ထွက်ပေါ်လာပြီး ခေါင်းမော့ကာ ကြည့်သည်။ ကျင့်ကြံသူများစွာက ထိုနေရာတွင် ရှိနေပြီး ဖျက်ဆီးခြင်းလမ်းစဥ်နယ်​မြေအတွင်း စွမ်းအားကို နားလည်သဘောပေါက်ရန် ကြိုးစားနေကြ၏။

သို့သော် ရီဖူရှင်းသည် ထိုလူတို့ မည်သည့်အရာကိုမှ နားလည်သဘောပေါက်နိုင်စွမ်းရှိမည် မဟုတ်ကြောင်း သိရှိ၏။

ထိုနယ်မြေက မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်း ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ရီဖူရှင်းက နှလုံးသားထဲမှ တိတ်တဆိတ် သက်ပြင်းချသည်။ နတ်ဘုရားရုပ်ကြွင်းက ထိုကဲ့သို့ ဖျက်ဆီးခံလိုက်ရခြင်းမှာ သူတော်စင်ကျန်းချန်၏ အတင်းအကျပ် ဖိအားပေးမှုကြောင့် ဖြစ်လေသည်။

အနည်းငယ် တွေးတောရင်းဖြင့် ရီဖူရှင်းက ရှေ့သို့ ဆက်လျှောက်သွား၏။ သူက ခြေတစ်လှမ်းလှမ်းကာ ချက်ချင်း ပျောက်ကွယ်သွားသည်။

ကောင်းကင်အမြင့်တစ်​နေရာတွင် ရီဖူရှင်း၏ အရှိန်အဝါက ထွက်ပေါ်လာသောအခါ လေဟာနယ်သည် အပြောင်းအလဲများ ဖြစ်ပေါ်လာ၏။ ကြောက်မက်ဖွယ် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးစွမ်းအားက အစပျိုး စုစည်းလာသည်။ ဆန္ဒခြောက်ပါးကောင်းကင်ထက်တွင် မဟာလမ်းစဥ်က အော်မြည်နေပြီး ကပ်ဘေးက စတင်ဖြစ်ပေါ်လာ၏။

အချိန်အတော်ကြာသွားလာခဲ့ပြီး နောက်ဆုံးတွင် ရီဖူရှင်းက နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ သူက လိပ်ပြာတောင်ကုန်း၌ ရှိနေစဥ်မှာပင် ထိုအတွေးရှိနေသော်လည်း အကောင်အထည်ဖော်ရန် ခက်ခဲ၏။ ယခုကား အချိန်ကောင်း ဖြစ်သည်။

ယခုတွင် ရီဖူရှင်းကို မဟာလမ်းစဥ် စွမ်းအားတို့က ရစ်ပတ်လာသည်။ ဆန္ဒခြောက်ပါးကောင်းကင်အတွင်းမှ လူများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး အထိတ်တလန့် ဖြစ်ကြရ၏။

တစ်စုံတစ်ယောက်က နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်နေသည်လား။

တစ်ချိန်က ဆန္ဒခြောက်ပါးကောင်းကင်ကို ပျက်စီးစေခဲ့သည့် ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒခြောက်ပါးကောင်းကင်နန်းတော်၏ နန်းတော်သခင်သည် သုတ်သင်ခံရရာ ဤနေရာ၌ နတ်ဘုရားကပ်ဘေးကို ဆင့်ခေါ်နိုင်သော ကျင့်ကြံသူအနည်းငယ်သာ ကျန်ရှိသည်။ ယခု တစ်စုံတစ်ယောက်က နတ်ဘုရားကဒ်ဘေးကို ရင်ဆိုင်တော့မည်လော။

နတ်ဘုရားကပ်ဘေး အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှသည်။

ကောင်းကင်ထက်တွင် မဟာလမ်းစဥ်ကပ်ဘေး၏ သက်တန့်အလင်းတို့မှ အစွမ်းထက် စွမ်းအားတို့ ကျဆင်းလာပြီး ရီဖူရှင်းအား ရစ်ပတ်၏။

"ဘာလဲဟ…"

ရီဖူရှင်း၏ နှလုံးသားက တုန်လှုပ်သွားသည်။ သူသည် ယခင်က နတ်ဘုရားကပ်ဘေးကို နှစ်ကြိမ်မြင်ဖူးပြီး ၎င်းတို့မှာ အင်ပါယာရှီ၏ကဒ်ဘေးနှင့် ဂျီယူ၏ကဒ်ဘေးတို့ ဖြစ်၏။ သို့သော် သူ၏ကဒ်ဘေးမှာ ယခင် သူမြင်ဖူးသော ကဒ်ဘေးများထက် များစွာ အားကောင်းနေသည်။

ဤကဒ်ဘေးမှာ ရောင်စုံအလင်း နတ်ဘုရားကပ်ဘေး ဖြစ်၏။

"ဒါက မဟာလမ်းစဥ်ရဲ့ မတူညီတဲ့ သဘာဝစွမ်းအားမျိုးပဲ။"

ရီဖူရှင်းက သူ့နှလုံးသားထဲမှ တိတ်တဆိတ် ရေရွတ်သည်။ သို့သော် သူ၏ အမြင်အရ ထိုအရှိန်အဝါက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူက ကောင်းကင်လမ်းစဥ်အတွင်း ပိတ်ဆို့ခံထားရသလို ထင်မှတ်ရပြီး ထိုအရှိန်အဝါက သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်နေဟန်တူသည်။

သူက ရန်ဟောင်အဆင့်ရှစ်မှ အဆင့်ကိုးသို့ ချိုးဖျက်တက်ရောက်ရုံသာ ဖြစ်သည်။ သူ၏ နတ်ဘုရားကပ်ဘေး စွမ်းအားက မည်သည့်အတွက်ကြောင့် အလွန် ကြောက်မက်ဖွယ် ကောင်းရသနည်း။

ရီဖူရှင်းက လေဟာနယ်ထဲသို့ လှမ်းလိုက်လျှင် ယခင် သူ ရှိနေသည့် နေရာမှ ပျောက်ကွယ်သွား၏။ သို့သော် ကောင်းကင်ထက်ရှိ နတ်ဘုရားကပ်ဘေးမှာ အဆုံးမဲ့လေဟာနယ်တစ်ခွင်ကို လွှမ်းခြုံထားသည်။ သူက ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြုကာ လှုပ်ရှားလျှင်ပင် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဖိနှိပ်မှုကို ရှောင်ရှားနိုင်ခြင်းမရှိဘဲ နတ်ဘုရားကပ်ဘေးစွမ်းအားကို အပြောင်းအလဲ မဖြစ်စေပါ။

မဟာလမ်းစဥ်၏ အမိန့်အာဏာစက်ကဲ့သို့ နတ်အလင်းတို့သည် ရီဖူရှင်းပေါ် ကျဆင်းလာကာ သူ့အား ပိတ်ဆို့တားဆီး၏။ ရီဖူရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက မဟာလမ်းစဥ် နတ်ဘုရားခန္ဓာကဲ့သို့ တောက်ပနေသော်လည်း နတ်ဘုရားကပ်ဘေး အလင်းတို့ ကျရောက်လာသည့် အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်က ထိုးဖောက်ခံလိုက်ရသလို ခံစားရပြီး သူ့ကိုယ်တွင်းမှ သွေးကြောများအားလုံး တုန်ခါလာကာ သွေးများက ဆူပွက်၍ အော်မြည်၏။ ညည်းညူသံနှင့်အတူ ရီဖူရှင်းမှာ ပါးစပ်အပြည့်သွေးအန်လျှက် မျက်နှာက ဖြူဖျော့သွားသည်။

ထို့ပြင် နတ်ဘုရားကပ်ဘေးစွမ်းအားတို့က သူ့ခန္ဓာကိုယ်၌ ကျန်ရစ်နေဆဲဖြစ်ကာ ၎င်းတို့သည် အဆက်မပြတ် အော်မြည်နေပြီး သူ့အား ကောင်းချီးများပေးသည်။

ရီဖူရှင်းက အတွေးတစ်ချက်ဖြင့် သူ့အရှိန်အဝါကို ချက်ချင်း ပြန်လည်ရုတ်သိမ်းလိုက်လျှင် နေရာမှ ပျောက်ကွယ်သွားသည်။

ကောင်းကင်ထက်တွင် ဖွဲ့တည်နေသည့် ကြောက်မက်ဖွယ် စွမ်းအားတို့က အသက်ရှိနေသည့်အလား ရုတ်တရက် တိုက်ခိုက်ရန် ပစ်မှတ်ရှာမတွေ့နိုင်တော့သည့်အခါ ဒေါသတကြီး အော်မြည်သံပေးသည်။ နတ်ဘုရားကဒ်ဘေးသည် ပစ်မှတ်ပျောက်ကွယ်သွားသည့်အလျောက် သူ့စွမ်းအားမှာလည်း တဖြေးဖြေး ပျက်ပြယ်သွားတော့သည်။

လေဟာနယ်အတွင်း အရာအားလုံး ပြန်လည် ငြိမ်သက်သွားသောအခါ မရေတွက်နိုင်သည့်လူများက ကောင်းကင်အောက် လေဟာနယ်အတွင်း စုဝေးလာ၏။ အတော်များများက ဖြစ်ပျက်နေသည်များအား နားမလည်ကြချေ။

"ဘာတွေဖြစ်နေတာလဲ။"

သို့သော် တစ်စုံတစ်ယောက်က ဤကဲ့သို့သော အပြုအမူဖြင့် နတ်ဘုရားကပ်ဘေးကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။

အရာအားလုံးက ပြီးဆုံးခြင်းမရှိခင် ပျောက်ကွယ်သွားသည်။

နတ်ဘုရားကဒ်ဘေးကို တစ်ပိုင်းတစ ရင်ဆိုင်သူဟူ၍ သူတို့တစ်သက်တွင် တစ်ခါမှ မကြုံဖူး မကြားဖူးကြပါ။

သူတို့အပြင် ရီဖူရှင်း ကိုယ်တိုင်လည်း နားမလည်ချေ။ နတ်ဘုရားကပ်ဘေးကို တွေ့ကြုံရသည့်အခါ သူ၏ အဆင့်က လူတိုင်းနှင့် ကွဲပြားရုံသာမက သူ တွေ့ကြုံရသည့် နည်းလမ်းကလည်း အလွန် ထူးဆန်း၏။

ထို့ပြင် နတ်ဘုရားကပ်ဘေး၏ စွမ်းအားက သူ့ကို ကြောက်ရွံ့တုန်လှုပ်စေသည်။

ယခုတွင် သူက နတ်ဘုရားကပ်ဘေးကို တွေ့ကြုံခဲ့ရုံသာမက ၎င်းကြောင့်ပင် ဒဏ်ရာရရှိခဲ့သေးပေသည်။ သို့သော် သူ့ ရုပ်ခန္ဓာက မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်း ထောက်ပံ့ပေးမှုကြောင့် အလွန် အားကောင်း၏။ သို့ဆိုလျှင်ပင် နတ်ဘုရားကဒ်ဘေးကြောင့် သူ၏ အတွင်းကလီစာများက ပြင်းထန်စွာ ဒဏ်ရာရ၏။

အင်ပါယာရှီနှင့် ဟွာဂျီယူတို့ ကြုံတွေ့ခဲ့ရသည့် နတ်ဘုရားကပ်ဘေးက ထိုမျှအစွမ်းမထက်ကြောင်း သေချာ၏။ သူ၏ လက်ရှိကျင့်ကြံဆင့်မှ ခွန်အားက နတ်ဘုရားကပ်ဘေး ပထမအဆင့်ကို ကျော်ဖြတ်နိုင်သည့် အင်ပါယာရှီနှင့် ဟွာဂျီယူထက် အနည်းငယ် အားကောင်းပေသည်။ ၎င်းက နတ်ဘုရားကပ်ဘေး၏ခက်ခဲမှုကို မြင့်တက်စေ၏။

သူက ဒဏ်ရာရထားသော်လည်း စိုးရိမ်ကြောင့်ကြချင်းတော့ မရှိပါ။ ဗုဒ္ဓရောင်ဝါ​ခြေလှမ်းသည် သူ့ကို လေဟာနယ်အတွင်း ဆန္ဒရှိသလို သွားလာရန် ခွင့်ပြုပေး၏။ ဤနည်းလမ်းဖြင့် သူက နတ်ဘုရားကပ်ဘေးကို ကြုံတွေ့ခဲ့ရသူဖြစ်ကြောင်း မည်သူမှ သိလိမ့်မည်မဟုတ်ဘဲ မည်သူကမှ သူနှင့် ဆက်စပ်မိလိမ့်ကြမည် မဟုတ်ပေ။

သူက နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ခဲ့ရသည့်နေရာမှ အဝေးသို့ ထွက်ခွာသွားပြီးနောက် ကပ်ဘေးမှ ရရှိခဲ့သည့် ဒဏ်ရာတို့ကို ကုသ၍ ကျင့်ကြံရန် နေရာတစ်ခုရှာသည်။ သူက ပြန်လည်သက်သာလာသည်နှင့် ခရီးစဥ်ကို ပြန်လည်စတင်မည် ဖြစ်သည်။

ယနေ့တွင် ယဲ့မော်ကောင်းကင်၌ ဆန္ဒခြောက်ပါးကောင်းကင်တွင် ဖြစ်ပွားသကဲ့သို့ တူညီသည့် အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့ပေသည်။ နတ်ဘုရားကပ်ဘေးကို တွေ့ကြုံရသည့် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူရှိသော်လည်း တစ်ကြိမ်တစ်ခါတည်းသာဖြစ်ပြီး နောက်တခဏတွင် ထိုလျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူက အစအနမကျန်အောင် ပျောက်ကွယ်သွား၏။

ပို၍ ထူးဆန်းသည်မှာ မတူညီသော နေရာများ၌ တူညီသည့် အဖြစ်အပျက်တို့ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်ပြီး လူတိုင်း၏သံသယကို ပိုမိုတိုးပွားလာစေသည်။ မရေတွက်နိုင်သော လူများက နတ်ဘုရားကပ်ဘေးအတွင်းမှ ထိုလျှို့ဝှက်ဆန်းကြယ်သူအကြောင်းကို ခန့်မှန်းပြောဆိုနေကြသည်။ ထိုအဖြစ်အပျက်အတွင်းမှ လူက တစ်ယောက်တည်း ဖြစ်နိုင်သည်ဟု မှန်းဆနေကြ၏။

သို့သော် တစ်စုံတစ်ယောက်က မည်သည့်အတွက်ကြောင့် ထိုမျှ ထူးဆန်းလှသော နည်းလမ်းဖြင့် နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်နေရပါသနည်း။

ထို့ပြင် ၎င်းက မတူညီသော နေရာများ၌ ဖြစ်လေသည်။ နတ်ဘုရားကပ်ဘေးက အချိန်နှင့်နေရာကို အခြေခံကာ ဖြစ်ပေါ်ခြင်း ဖြစ်နိုင်သလား။

၎င်းက မည်သို့သော ကျင့်ကြံသူမျိုး ဖြစ်ပါသနည်း။

ရီဖူရှင်းကိုယ်တိုင်သည်ပင် ဇဝေဇဝါဖြစ်နေလေရာ သူတို့က မည်သည့်အခါမှ သိနိုင်လိမ့်မည် မဟုတ်ပါချေ။ နတ်ဘုရားကပ်ဘေး၏ စွမ်းအားက အလွန်အားကောင်းလှသောကြောင့် သူသည် တဖြေးဖြေးချင်း ချိန်ညှိကာ ရင်ဆိုင်ရန်သာ တတ်နိုင်ပေသည်။ မဟုတ်လျှင် နတ်ဘုရားကပ်ဘေးက သူ့အပေါ် အပြည့်အဝ ကျရောက်လာသည့်အခါ သူ ရင်ဆိုင်နိုင်မည်မဟုတ်ကြောင်း ရီဖူရှင်း နားလည်၏။

All Chapters