တွေ့ဆုံခြင်း
Vol. 175 Ch. 2499
ထိုအချိန်တွင် ဆန္ဒခြောက်ပါးကောင်းကင်၏ ပျက်စီးခြင်းလမ်းစဥ်နယ်မြေအတွင်း တစ်စုံတစ်ယောက်သည် တင်ပျဥ်ခွေကာ ထိုင်နေသည်။ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင်ဆံပင်နှင့် ရီဖူရှင်း ဖြစ်၏။
ကောင်းကင်ထက်တွင် နှိုင်းယှဥ်၍မရအောင် ကြောက်မက်ဖွယ် ကောင်းသည့် သက်တန့်ရောင်နတ်ဘုရားကပ်ဘေးမှာ ကြောက်စရာကောင်းအောင် စုဝေးလာနေ၏။ သိသာစွာပင် နတ်ဘုရားကပ်ဘေးကို ယူဆောင်လာသူမှာ ရီဖူရှင်း ဖြစ်သည်။
ရီဖူရှင်းသည် ဤတစ်ကြိမ်၌ နတ်ဘုရားကပ်ဘေးကို လပေါင်းများစွာ တွေ့ကြုံခဲ့ရပြီး နတ်ဘုရားကပ်ဘေးက တစ်ကြိမ်ပြီးတစ်ကြိမ် ဖြစ်ပေါ်နေကာ စွမ်းအားကို လိုက်လျောညီထွေ ဖြစ်စေရန် ပြင်ဆင်နေသည်။ တစ်ချိန်တည်းတွင် သူက ကိုယ်ပိုင်ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အဆက်မပြတ် မြှင့်တင်နေခဲ့ပြီး အချိန်တိုင်းတွင် သူ့ကိုယ်သူ အားကောင်းအောင် ကြိုးစားရ၏။
ယခုတွင် အရေးကြီးသော အခိုက်အတန့်သို့ ရောက်နေပြီ ဖြစ်သည်။ သူက နတ်ဘုရားကပ်ဘေးမှ အကြိမ်တချို့ ဖြတ်သန်းပြီး ဖြစ်သည်။ သို့သော် သူက ထိုနတ်ဘုရားကပ်ဘေး၏ စစ်မှန်သောအင်အားကို မခံစားရသေးပေ။
ဤတစ်ကြိမ်၌ သူက နောက်ဆုံး ပြင်ဆင်မှုပြုလုပ်ခဲ့ပြီး နတ်ဘုရားကပ်ဘေးကို အပြည့်အဝ ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သူက မဟာလမ်းစဥ်၏ နောက်ဆုံး စည်းမျဥ်းကို တွေ့ကြုံဖူးခြင်းမရှိသော်လည်း ဤပျက်စီးခြင်းလမ်းစဥ်နယ်မြေသည် ထိုနယ်မြေအတွင်း ဝင်ရောက်လာသည့် စွမ်းအားများကို ဖျက်ဆီးပစ်နိုင်ပြီး နတ်ဘုရားကပ်ဘေးစွမ်းအားတို့ကို အားနည်းသွားစေနိုင်သည်။ သူက မမြင်နိုင်သည့် အဖြစ်အပျက်တို့ကို ရင်ဆိုင်ဆန့်ကျင်ဖို့ရာ ပျက်စီးခြင်းလမ်းစဥ် နယ်မြေကို အသုံးချရန် ရည်ရွယ်ထားသည်။
ပျက်စီးခြင်းလမ်းစဥ်နယ်မြေ၏ အလယ်တွင် ထိုင်နေသည့် ရီဖူရှင်းကို တောက်ပသည့် ရောင်စဥ်တို့ လွှမ်းခြုံထားကာ နတ်အလင်းတို့ဖြင့် ဝန်းရံထား၏။ သူ၏ အရှိန်အဝါသည် ယခင်ကနှင့် ယှဥ်ပါက တစ်ခုခု ပြောင်းလဲသွားပုံပေါ်ကာ သူ့ခန္ဓာကိုယ်မှာ ပိုမိုသန်မာလာသည်။ ကောင်းကင်ထက်တွင် သက်တန့်ရောင်နတ်ဘုရားကပ်ဘေးက မြို့တစ်ခွင်လုံးကို ဖုံးလွှမ်းကာ စုစည်းလာပြီး ဆန္ဒခြောက်ပါးကောင်းကင်၏ အဆုံးမဲ့နေရာတို့အား လွှမ်းခြုံလာ၏။
သူတို့က အရှေ့တွင် ဖြစ်ပေါ်နေသည့်မြင်ကွင်းကို မြင်သောအခါ ပျက်စီးခြင်းလမ်းစဥ် နယ်မြေအနီးတစ်ဝိုက်ရှိ ကျင့်ကြံသူများအားလုံးက ဘေးကင်းရာသို့ ရှောင်တိမ်းခဲ့ကြပြီး ထိုနေရာအနီးသို့ ချဥ်းကပ်ရဲခြင်း မရှိကြပါ။ ဖျက်ဆီးခြင်း စွမ်းအားနှင့် ၎င်း၏ အဖျားခတ်မှုသည်ပင် သူတို့ကို သတ်ပစ်ရန် လုံလောက်နေပြီး ဤနယ်မြေအတွင်းမှ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်၏။
"ဒါက အရမ်းအစွမ်းထက်တာပဲ။ ဒီလျို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူက ဘယ်သူလဲ။"
ထိုနေရာမှ ရှောင်တိမ်းသွားသည့် ရန်ဟောင်က ကောင်းကင်ထက်မှနေ၍ အင်အားအလွန်ပြင်းထန်သော နတ်ဘုရားကဒ်ဘေးအား ကြည့်သည်။ သူတို့က နတ်ဘုရားကပ်ဘေး၏ အလယ်ဗဟိုမှ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အဝေး၌ ရှိနေသော်လည်း ထိုနတ်စွမ်းအားများမှ မွမ်းကြပ်သည့် အင်အားကို ခံစားမိကြ၏။
ကောင်းကင်ထက်တွင် သက်တန့်ရောင်နတ်ဘုရား ကပ်ဘေးစွမ်းအားတို့သည် အဆက်မပြတ် ကျဆင်းလာပြီး ပျက်စီးခြင်းလမ်းစဥ်နယ်မြေအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာ၏။ ဤနယ်မြေအတွင်းသို့ရောက်လာသည့် ကပ်ဘေးစွမ်းအားတို့မှာ အမှန်တကယ်ပင် အားနည်းသွားသည်။ နတ်ဘုရားကဒ်ဘေးများသည် ရီဖူရှင်းပေါ်သို့ ကျဆင်းလာသော်လည်း သူသည် ယခင်လို အားနည်းခြင်းမရှိတော့ပါချေ။ သူက တိတ်ဆိတ်စွာနှင့် တင်ပျဥ်ခွေထိုင်နေခဲ့ပြီး အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိဘဲ နတ်ဘုရားကပ်ဘေးစွမ်းအားတို့ သူ့ထံ ကျဆင်းလာသည်ကို ခွင့်ပြုထား၏။
သူက နတ်ဘုရားကပ်ဘေးစွမ်းအားတို့ကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ထားပြီးရာ သူ၏ခံနိုင်ရည်စွမ်းအားက အလွန်အားကောင်းနေပြီးဖြစ်သည်။ ပထမဆုံးအကြိမ်က အပြင်းထန်ဆုံးဖြစ်ကာ သူ့ကိုဒဏ်ရာပေါင်းများစွာ ရရှိစေသည်။ သို့သော် နတ်ဘုရားကပ်ဘေးကို အကြိမ်ပေါင်းများစွာ ခံယူပြီးနောက် သူ့ ခွန်အားတို့က ကပ်ဘေး၏ အဆင့်နှင့် ညီမျှသည့်အဆင့်သို့ ရောက်လာ၏။
'ဒီစွမ်းအားတွေကို သူ တကယ်ပဲ တောင့်ခံနိုင်မှာလား'
အဝေးရှိကျင့်ကြံသူများက နတ်ဘုရားကဒ်ဘေးကိုကြည့်ကာ တွေးနေကြသည်။ သူတို့က နတ်ဘုရားကပ်ဘေးစွမ်းအားများ တစ်ခေါက်ပြီး တစ်ခေါက် ကျဆင်းလာသည်ကို မြင်လိုက်ရသော်လည်း ပျက်စီးခြင်းလမ်းစဥ်နယ်မြေအတွင်း၌ မည်သည့်လှုပ်ရှားမှုမှ ရှိမနေခဲ့ပေ။ ထိုလျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူက နတ်ဘုရားကပ်ဘေးကို တည်ငြိမ်စွာ ရင်ဆိုင်နေ၏။
အချိန်များကုန်ဆုံးသွားပြီး ကောင်းကင်ထက်၌ နတ်ဘုရားကပ်ဘေးတိမ်တိုက်တို့က ကောင်းကင်အောက် နိမ့်ဆင်းလာကာ ကမ္ဘာပျက်ကပ်မြင်ကွင်းအလား ထင်မှတ်ရသည်။ ကြောက်မက်ဖွယ် မုန်တိုင်းက နတ်ဘုရားကပ်ဘေးတိမ်တိုက် အလယ်ဗဟိုတွင် စုဝေးလာပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
"ဒါက..."
ရီဖူရှင်းက ခေါင်းမော့ကာ ပျက်စီးခြင်းလမ်းစဥ်နယ်မြေကို ဖြတ်၍ ကောင်းကင်သို့ ကြည့်သည်။ ကောင်းကင်ရှိ ထိုဖျက်ဆီးခြင်းမုန်တိုင်း အလယ်ဗဟိုတွင် သူက နတ်ဘုရားတစ်ပါးကဲ့သို့ ပုံရိပ်တစ်ခုကို မြင်တွေ့ရ၏။
ဟွာဂျီယူ နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်သည့်အခါ၌လည်း ရီဖူရှင်းက ထိုကဲ့သို့ ပုံရိပ်ကို မြင်တွေ့ဖူးခဲ့သော်လည်း ယခု သူ့အရှေ့ရှိ ပုံရိပ်ကဲ့သို့ စစ်မှန်ခြင်းမရှိပေ။ ဟွာဂျီယူက လမ်းစဥ်ကပ်ဘေးကို ရင်ဆိုင်ခဲ့ရသော်လည်း ယခု သူ့ရှေ့ရှိ ဤပုံရိပ်သည် နတ်ဘုရားကပ်ဘေးမှ မွေးဖွားလာသော ဝိညာဥ်တစ်ခု ဖြစ်ပုံရ၏။ ၎င်းက နတ်ဘုရားကပ်ဘေးမှ ဖြစ်တည်လာသော သက်ရှိခန္ဓာနှင့် ဆင်တူသည်။
"ဒါက..."
ရီဖူရှင်းသည် ယခင်က နတ်ဘုရားကပ်ဘေးအကြောင်း သိရှိခဲ့သော်လည်း ယခု သူ့မျက်စိရှေ့မှ အရာက မည်သည့်အရာဖြစ်သနည်း။
၎င်းသည် မည်သည့်လမ်းစဥ်အမျိုးအစားနှင့်မှ သက်ဆိုင်ခြင်းမရှိသော်လည်း ရီဖူရှင်းက အလွန်အားကောင်းသည့် ခြိမ်းခြောက်မှုကို ခံစားရသည်။ ၎င်းက သူ၏ အသက်ကိုပင် ယူဆောင်သွားနိုင်ပုံရ၏။
နတ်ဘုရားကပ်ဘေးသည် ဤလောကအတွင်း သူ၏ တည်ရှိမှုကို ခွင့်ပြုနိုင်လိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းက လက်များကို အုပ်ချီလိုက်သည်တွင် ဗုဒ္ဓအလင်းရောင်တို့က ရုတ်တရက် တောက်ပလာ၏။ သူ၏ နတ်ခန္ဓာမှ တောက်ပသော နတ်အလင်းတို့က ကောင်းကင်တစ်ခွင်ကို ပျံ့နှံ့လာ၏။ သူ၏ ရုပ်ခန္ဓာပေါ်၌ ပျက်စီးခြင်းလမ်းစဥ်စွမ်းအားတို့က စုစည်းလာပြီး ပျက်စီးခြင်းလမ်းစဥ်၏ နယ်မြေဝန်းကျင်ကိုပါ သက်ရောက်လာစေသည်။ တစ်ချိန်တည်းတွင် သူက မတုန်လှုပ်မယိမ်းယိုင်သည့် တိုက်ပွဲပုံစံ၊ မဟာဝေရောစနတိုက်ပွဲဝင်ပုံစံနှင့် အနန္တဟင်းလင်းပြင်တိုက်ပွဲဝင်ပုံစံတို့ကိုပါ ထုတ်ဖော်သည်။
ထိုအခိုက်အတန့်တွင် ဗုဒ္ဓများက သူ့ဝန်းကျင်တွင် ဝန်းရံထားပြီး သူက စစ်မှန်သည့် ဗုဒ္ဓတစ်ပါး ဝင်စားလာသလို ထင်မှတ်ရကာ ပျက်စီးခြင်းလမ်းစဥ်နယ်မြေတစ်ခွင်လုံးကို တောက်ပသည့် ဗုဒ္ဓအလင်းတို့ဖြင့် လွှမ်းခြုံထားသည်။
"ဒါက ဗုဒ္ဓတစ်ပါးပဲ။"
အဝေးမှ ကျင့်ကြံသူများက ပျက်စီးခြင်းလမ်းစဥ်နယ်မြေအတွင်းမှ ဗုဒ္ဓအလင်းရောင်ကို မြင်တွေ့သည့်အခါ ရေရွတ်လိုက်ကြသည်။
"ဟုတ်တယ်။ ဒါက ထူးခြားတဲ့ ကျင့်စဥ်ကို ကျင့်ကြံထားတဲ့ ဗုဒ္ဓကျင့်ကြံသူတစ်ပါးပဲ။ သူက အနောက်ဘက်ကောင်းကင် ထိပ်သီးဗုဒ္ဓကျင့်ကြံသူတစ်ပါးရဲ့ မျိုးဆက်တစ်ပါး ဖြစ်ရမယ်။ အနောက်ဘက်ကောင်းကင်မှာ ထိပ်သီးဗုဒ္ဓအရှင်တွေရဲ့ မျိုးဆက်တွေသာ ဒီလို ပါရမီမျိုး ပိုင်ဆိုင်ထားတာ။ ဒါပေမယ့် ဒီဗုဒ္ဓက အရမ်း နှိမ့်နှိမ့်ချချနေတတ်ပြီး တခြားလူတွေရှေ့ ထွက်လာရတာ သိပ်ကြိုက်ပုံမရဘူး။ သူက ပျက်စီးခြင်းလမ်းစဥ်နယ်မြေရဲ့ အထောက်အပံ့အင်အားကို အသုံးပြုပြီး နတ်ဘုရားကပ်ဘေးနဲ့ ရင်ဆိုင်ဖို့ ဒီနေရာကို ရောက်လာခဲ့တာ ဖြစ်မယ်။ သူ့ရဲ့ နတ်ဘုရားကပ်ဘေးက အရမ်း ကြောက်စရာကောင်းလွန်းတယ်။"
ကျင့်ကြံသူများက သူတို့ကြား အချင်းချင်း ပြောဆိုနေကြပြီး သူတို့အားလုံးသည် အနောက်ဘက်ကောင်းကင်မှ အချို့သော ဗုဒ္ဓဟု မှားယွင်းယူဆကြ၏။
ကောင်းကင်ထက်ရှိ ပုံရိပ်သည် အောက်သို့ ငုံ့ကြည့်နေပုံရသည်။ အကြည့်တစ်ချက်နှင့် နေရာအနှံ့ ကပ်ဘေးအလင်းတို့သည် လေဟာနယ်ကို ထိုးဖောက်လာသည်အား မြင်တွေ့ရ၏။ သူက အောက်ဘက်သို့ လက်ညှိုးညွှန်ကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ခိုင်မာစွာ ချုပ်နှောင်ရန် ကြိုးစားလာသည်။ ထိုအခိုက်တွင် ကောင်းကင်နှင့် မြေကြီးကြား၌ ဖြောင့်တန်းသည့် အလင်းတစ်ခု ပေါ်ပေါက်လာသည်။
ပျက်စီးခြင်းလမ်းစဥ်နယ်မြေက သူ့လက်ချောင်းမှ ထုတ်လွှတ်ကာ တိုက်ရိုက်ထိုးဖောက်ဖြတ်သန်းလာသည့် စွမ်းအားတို့ကို မရပ်တန့်နိုင်ပေ။ ကြောက်မက်ဖွယ် တိုက်ခိုက်မှုက ရီဖူရှင်း၏ ခုခံကာကွယ်မှုပေါ် ကျရောက်လာပြီး ဗုဒ္ဓများအားလုံးကို ကြေမွပျက်စီးသွားစေသည်။ တိုက်ပွဲသဏ္ဌာန်က စတင်အက်ကွဲလာပြီးနောက် အပိုင်းအစများအဖြစ် ပြိုကျပျက်စီးသွားသည်။
ဤလက်ချောင်းက အရာအားလုံးကို လျစ်လျူရှုခဲ့ပြီး မတုန်လှုပ်မယိမ်းယိုင်သည့် ဓမ္မတိုက်ပွဲသဏ္ဌာန်ကို ဖြိုခွင်းသွား၏။
ဘုန်း…
ရီဖူရှင်း၏ ခန္ဓာကိုယ်က နောက်သို့ ဆုတ်ခွာသွားရကာ ထိုလက်ချောင်းမှ စွမ်းအားတို့က သူ့ ခန္ဓာကိုယ်နှင့် နတ်အာရုံတို့အပြင် ပျက်စီးခြင်းလမ်းစဥ်နယ်မြေကိုလည်း ထိုးဖောက်လာသည်။
ဘုန်း…
နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ ရီဖူရှင်းက ပျက်စီးခြင်းလမ်းစဥ်နယ်မြေမှ မြေပြင်သို့ ချက်ချင်း လွင့်စင်လာကာ မြေပြင်တွင် အပေါက်ကြီးဖြစ်သွား၏။ ကောင်းကင်ထက်မှ ကြောက်မက်ဖွယ် ကပ်ဘေးအလင်းတို့က အောက်သို့ ကျဆင်းလာပြီး မြေပြင်အား အပျက်အစီးပုံအဖြစ်သို့ ပြောင်းလဲသွားစေ၏။
"ဒါက..."
အဝေးမှ ကျင့်ကြံသူတို့သည် အလွန်တရာ ထိတ်လန့်သွားကြ၏။ ဤလောကဖျက်ဆီးခြင်းစွမ်းအားတို့က အမှန်တကယ်ပင် ကျင့်ကြံသူတစ်ယောက်ကို စမ်းသပ်ရန် ကျဆင်းလာခြင်း ဖြစ်ပါသလား။
ဤသည်က စမ်းသပ်မှုမဟုတ်ဘဲ သတ်ဖြတ်ခြင်း ဖြစ်သည်။ နတ်ဘုရားကဒ်ဘေးသည် သူ့အား သတ်ဖြတ်လိုနေသည်။
"ဒီဗုဒ္ဓက နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်နိုင်ပါ့မလား"
လူတိုင်း၏ နှလုံးသားတို့က ထိုးဖောက်ခံလိုက်ရသည့် မြေပြင်ကို ကြည့်ကာ တုန်လှုပ်သွားကြ၏။
ကောင်းကင်ထက်တွင် ဖိအားပြင်းကပ်ဘေးတိမ်တိုက်တို့သည် တဖြေးဖြေး လွင့်ပါးသွားပြီး ကောင်းကင်မှပုံရိပ်သည်လည်း ပျောက်ကွယ်သွား၏။ မကြာခင် အလင်းတစ်ခု ဖျတ်ခနဲ လက်သွားကာ အရာအားလုံးက ပုံမှန်အတိုင်း ငြိမ်သက်သွားပြန်သည်။ ယခုလေးတင် လူတိုင်း ခံစားခဲ့သည့် ဖိနှိပ်နိုင်သော စွမ်းအားတို့က ချက်ချင်း ပျောက်ကွယ်သွား၏။
ပုံရိပ်များစွာက ပျံသန်းလာကာ ရီဖူရှင်း ပြုတ်ကျသွားသည့်နေရာသို့ ကြည့်လိုက်ကြသည်။ တစ်ချိန်တည်းတွင် မရေတွက်နိုင်သည့် နတ်အာရုံများက ထိုနေရာတစ်ခွင်ကို လွှမ်းခြုံလာ၏။
"ဘယ်သူမှ မရှိဘူးလား။" အချို့သော ကျင့်ကြံသူများက အတော်လေး အံ့သြသွားကြသည်။ ထိုးဖောက်ခံလိုက်ရသည့် မြေပြင်၌ မည်သူမှ ရှိမနေပေ။
လူအများ၏ နှလုံးသားတို့က တုန်ယင်သွားသည်။ နတ်ဘုရားကပ်ဘေးကို ခံယူနေသည့် ထိုအစွမ်းထက်ဗုဒ္ဓက ထိုကဲ့သို့ သုတ်သင်ခံလိုက်ရသည်လား။ သူ၏ စိတ်ဝိညာဥ်က ထိုနတ်ဘုရားကပ်ဘေးအောက်၌ ပျက်စီးသွားပြီး အစအနမကျန် ပျောက်ကွယ်သွားသည်လား။
ထိုကြောက်မက်ဖွယ် စွမ်းအားအောက်တွင် လောကတစ်ခုလုံးသည်ပင် ဖျက်ဆီးခံရနိုင်ပေသည်။
"သူ သေသွားပြီလား။"
တစ်စုံတစ်ယောက်က ရေရွတ်သည်။
"ဖြစ်နိုင်တယ်။ ကံမကောင်းစွာနဲ့ သူက ဘယ်သူဆိုတာတောင် ကျုပ်တို့ သိခွင့်မရလိုက်ဘူး။"
တစ်စုံတစ်ယောက်က ထပ်ပြောသည်။
"စွမ်းအား ဒီလောက်ကြီးတာ။ ဗုဒ္ဓအရှင်တစ်ပါး ဖြစ်ရမယ်။ ကပ်ဘေးစွမ်းအားအောက်မှာ သုတ်သင်ခံလိုက်ရတာတော့ နှမြောစရာပဲ။"
ကောင်းကင်နှင့် မြေကြီးကြားတွင် သက်ပြင်းချသံ၊ ရေရွတ်သံများ ထွက်ပေါ်လာသည်။ ထိုလူများအားလုံးက အလားအလာရှိသည့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ကျဆုံးသွားခြင်းအတွက် စိတ်မကောင်းဖြစ်နေကြ၏။
ထိုကဲ့သို့သော ဗုဒ္ဓအရှင်တစ်ပါးက ဤကဲ့သို့ သုတ်သင်ခံလိုက်ရခြင်း မဖြစ်သင့်ပေ။
သူတို့သည် ဤမျှ ပြင်းထန်သည့် နတ်ဘုရားကပ်ဘေးကို မြင်ဖူးကြားဖူးခြင်း မရှိခဲ့ကြပေ။
…
တစ်လကြာပြီးနောက် အစွမ်းထက် ကျင့်ကြံသူများစွာက နတ်ဘုရားကပ်ဘေးအကြောင်း စုံစမ်းစစ်ဆေးရန် ဆန္ဒခြောက်ပါးကောင်းကင်သို့ ရောက်လာသည်။ စစ်ဆေးရန် လာရောက်ကြသူများတွင် ဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်ကောင်းကင်မှ ကျင့်ကြံသူများလည်း ပါဝင်ပေသည်။
ထိုနတ်ဘုရားကပ်ဘေးက သက်ရောက်မှု ကြီးမား၏။ ထိုအဆင့်မှ လူများကို ဗုဒ္ဓကျင့်ကြံသူများ၏ လောကအတွင်း အရည်အချင်းရှိသော ပါရမီရှင်အဖြစ် သတ်မှတ်နိုင်သည်။ သို့သော် လတ်တလောတွင် ဗုဒ္ဓဂိုဏ်းများအတွင်း နတ်ဘုရားကပ်ဘေးကို ကြုံတွေ့ခဲ့ရသည့်သူ မည်သူမှ မရှိသလို သေဆုံးသွားသည့်သူလည်း မရှိခဲ့ပေ။
သို့ဆိုလျှင် ထိုလူ မည်သူဖြစ်သနည်း။
သို့တိုင် မည်သူကမှ ရီဖူရှင်းကို မတွေးမိကြပေ။ အဆုံးမှာတော့ သူ၏ ကျင့်ကြံဆင့်က နတ်ဘုရားကပ်ဘေးနှင့် ရင်ဆိုင်ရန် အလွန် ဝေးကွာနေသေး၏။ သူသည် အဆင့်ကိုးသို့ ရောက်ရှိသွားသည်နှင့် နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရလိမ့်မည်ဟု မည်သူက သိရှိနိုင်ပါမည်နည်း။
ဆန္ဒခြောက်ပါးကောင်းကင်အတွင်း ပျက်စီးခြင်းလမ်းစဥ်နယ်မြေ၏ ရှေ့တွင် လူတစ်ယောက် ထွက်ပေါ်လာပြီး ၎င်းမှာ သူတော်စင်ကျန်းချန် ဖြစ်ပေသည်။
အစပိုင်းတွင် သူတို့က ရီဖူရှင်းအား တားဆီးကာ သတ်ဖြတ်ရန် ဆန္ဒခြောက်ပါးကောင်းကင်သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းကို အသုံးပြုခဲ့ခြင်းကြောင့် သူက အကြီးအကျယ် ဒဏ်ရာရရှိသွားသည်။ ကျန်းချန်နန်းတော်မှ လူများသည်လည်း သူမှလွဲ၍ အခြားသူများအားလုံး ဤပျက်စီးခြင်းလမ်းစဥ်နယ်မြေအတွင်း ကျဆုံးခဲ့ရပေသည်။ သူသည် မကြာသေးခင်က ဤပျက်စီးခြင်းလမ်းစဥ်နယ်မြေအတွင်း နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူတစ်ယောက်အကြောင်း ကြားလာ၏။
သူသည် တစ်စုံတစ်ခုက မှားယွင်းနေကြောင်း ဝိုးတဝါးခံစားမိခဲ့သော်လည်း သူက ရီဖူရှင်းနှင့် ဆက်စပ်မိခြင်း မရှိခဲ့ချေ။
ရီဖူရှင်းက အဆင့်ကိုးသို့ ချိုးဖျက်ဝင်ရောက်သွားနိုင်လျှင်ပင် သူက နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရန် အဝေးကြီး လိုနေသေးပေသည်။
သို့ဆိုလျှင် ဤနေရာ၌ နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ခဲ့သည့် ဗုဒ္ဓကျင့်ကြံသူက မည်သူဖြစ်သနည်း။
လူအများသည် ထိုလူက နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်ရန် ကျရှုံးကာ ထိုစွမ်းအားအောက်၌ သေဆုံးသွားခဲ့သည်ဟု ပြောကြသည်။
သူက သူ့ရှေ့ရှိ ပျက်စီးခြင်းလမ်းစဥ်နယ်မြေကို အေးစက်စွာ ကြည့်လိုက်ပြီး ရီဖူရှင်းအား သတ်ဖြတ်လိုသည့်စိတ်က ပို၍ အားကောင်းလာပေသည်။ သို့သော် ယခုထိတိုင် သူက ရီဖူရှင်း၏ အစအနကို ရှာမတွေ့ခဲ့သေးပေ။ သူက အမှန်တကယ် ထွက်ခွာသွားခဲ့ခြင်း ဖြစ်နိုင်၏။
သို့ဆိုလျှင်ပင် သူက ရီဖူရှင်းနောက်သို့ ဆက်လက်လိုက်ကာ ဖမ်းဆီးသတ်ဖြတ်ရန် ကြိုးစားနေဦးမည် ဖြစ်သည်။
သူတော်စင်ကျန်းချန်၏ နတ်အာရုံက ထိုအဆုံးမဲ့လေဟာနယ်တစ်ခွင်ကို လွှမ်းခြုံကာ သူ့အကြည့်တို့ကလည်း အောက်ဘက်ရှိ ဗလာဖြစ်နေသော လေဟာနယ်ကို ဖြတ်သန်းထိုးဖောက်သွားသည်။ ထိုအခိုက်အတန့်တွင် သူတော်စင်ကျန်းချန်၏ မျက်နှာထက်တွင် ထူးဆန်းသည့် အကြည့်တို့နှင့် အံ့သြမှင်တက်သွားသည်။ ထိုနေရာတစ်ခွင်ကို သူ၏ နတ်အာရုံဖြင့် လွှမ်းခြုံစစ်ဆေးကြည့်သည့်အခါ မရေတွက်နိုင်သော မျက်နှာများ ပေါ်ပေါက်လာသည်။ မြို့တစ်မြို့အတွင်းတွင် အဖြူရောင်ပုံရိပ်တစ်ခုက လမ်းမထက်တွင် စိတ်လက်အေးချမ်းစွာဖြင့် တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်နေခဲ့ပေသည်။
အဖြူရောင်ဝတ်ဆင်ထားသည့် ထိုလူက ငွေရောင်အဆင်းရှိသော ဆံပင်နှင့် ဖြစ်လေသည်။ သူက ချောမောခန့်ညားပြီး လွတ်လပ်သော စိတ်ဝိညာဥ်နှင့် ပျော်ပျော်နေသေခဲဟူသည့် သဘောထားမျိုး ရှိလေသည်။
ထိုလူမှာ အခြားမဟုတ်ဘဲ ရီဖူရှင်းသာ ဖြစ်၏။
၎င်းက အားပင်စိုက်မထုတ်လိုက်ရသလိုပင် ဖြစ်သည်။ သူက ရီဖူရှင်းကို နေရာအနှံ့ လိုက်ရှာနေခဲ့သော်လည်း ယခု ရီဖူရှင်းက သူ့အရှေ့၌ ရှိနေခဲ့ပေသည်။
အဝေးတွင်ရှိနေသည့် ရီဖူရှင်းသည်လည်း တစ်စုံတစ်ခုကို ခံစားမိလိုက်ပုံရသည်။ သူက ခေါင်းကို မော့ကာ အဝေးသို့ ကြည့်လိုက်၏။ သူသည်လည်း သူတော်စင်ကျန်းချန် ရောက်ရှိလာသည်ကို သိရှိပေသည်။
သူတော်စင်ကျန်းချန်၏ မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်ပေါက်လာသော်လည်း ၎င်းက ရေခဲရိုက်ထားသော အပြုံးမျိုးဖြစ်သည်။ ယခု ရီဖူရှင်း မည်သို့ ထွက်ပြေးလိမ့်မည်ကို သူ မြင်တွေ့ချင်မိပေသည်။
သူတော်စင်ကျန်းချန်က ခြေတစ်လှမ်းလှမ်းလိုက်သည်တွင် သူရှိနေသည့်နေရာမှ ပျောက်ကွယ်သွား၏။ သို့သော် သူက ထိုခြေလှမ်းလှမ်းလိုက်သည့် အချိန်မှာပင် ရီဖူရှင်းသည်လည်း ပျောက်ကွယ်သွားသည်။