သုံးပေနဲ့သုံးလက်မမိုးရေရဖို့အတွက် ရေတစ်အိုးခပ်သွားရုံနဲ့လုံလောက်တယ်
Vol. 5 Ch. 411
ချန်ကျင်းချင်မှာ သူ၏ခန္ဓာကိုယ်မှာ ငှက်မွေးလေးတစ်ပင် အလား လွတ်လပ် ပေါ့ပါးနေသည်ကို သတိပြုလိုက် မိလေသည်။ သို့သော် သူကံကောင်း ခဲ့သည်ကိုတော့ သူသိရှိခြင်း မရှိခဲ့ပါ။ လောကတစ်ခွင်ကို သိမြင်နိုင်သည့် ဓာတ်ဖန်လုံးကို မှော်ဆရာမက သူ့ကို လက်ဆင့် ကမ်းပေးခဲ့သည့်တိုင် ဆန်းလျန် ဆိုသည့်လူက တွေ့မြင်ချင်တိုင်း တွေ့မြင်နိုင်သည့် လူတစ်ယောက် မဟုတ်ပေ။ ထို့ပြင် သူက ဆန်းလျန်၏ အသက်ရှူ ကျင့်စဉ်ကိုပင် သင်ယူနိုင်ခဲ့သေးသည်။
အဆင့်မြင့် တာအိုနတ်ဘုရား တစ်ပါးဖြစ်သည့် ဆန်းလျန် ကဲ့သို့သော လူမျိုးထံမှ အသက်ရှူ ကျင့်စဉ်ကို သင်ယူနိုင်ခြင်းမှာ သူ့ဘဝတစ်ခုလုံး အတွက် ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး ခိုင်မာသည့် အခြေခံကို ရရှိသွားခြင်းပင်။ သူ့အနေဖြင့် သာမန် ကျင့်ကြံသူ တစ်ယောက် ဆယ်နှစ်ကျင့်ကြံမှ ရရှိနိုင်မည် တန်ခိုးစွမ်းအားမျိုးကို ရရှိသွားခြင်း ဖြစ်လေသည်။
သို့သော် ချန်ကျင်းချင်ကတော့ ထိုအရာများကို နားလည်နိုင်ခြင်း မရှိပါ။ သူက ကျင့်စဉ်လမ်းကိုလည်း နားလည်သူ မဟုတ်သည့် အတွက် သူ၏ ခန္ဓာကိုယ်တွင် အပြောင်းအလဲများနှင့် ရင်ဆိုင် ရသည်ဟုသာ ထင်မှတ်မိလေသည်။
ချန်ကျင်းချင်မှာ မျေက်တစ်ကောင် အလား သစ်ပင်များထက်တွင် ခုန်ပေါက်ရင်း ပျော်ရွှင် နေမိလေသည်။
ထိုအချိန်မှာပင် ဝတ်ကျောင်းတော် တံခါးပွင့်သွားပြီး ချန်ပေသို ထွက်လာလေသည်။
နှင်းကျနေသည်မှာ ရပ်တန့်သွားခဲ့ပြီ။ သို့သော်… ချန်ကျင်းချင်သည် ချန်ပေသိုကို တွေ့မြင် လိုက်ရသည်နှင့် စိတ်များ ရှုပ်ထွေးကာ ကြောက်ရွံ့ လာမိလေသည်။
သူက ချက်ချင်းပင် သစ်ပင်ထက်မှ ဆင်းလိုက်ပြီး တောင်စောင့်နတ်ကို ဦးညွတ် ဂါရဝ ပြုလိုက်သည်။
ချန်ပေသိုက မျက်မှောင် တင်းတင်းကြုတ် ထားလေသည်။
"မင်းကို တောင်ပေါ်မှာ နေခိုင်းမယ်လို့ မပြောမိဘူးနော်"
ချန်ကျင်းချင်မှာ ချန်ပေသို၏စကားကြောင့် မျက်နှာပျက် သွားလေသည်။
"တောင်စောင့်နတ်သခင်၊ ကျွန်တော်ခုပဲ သွားပါတော့မယ်"
"မင်းကို ဘယ်သူက သွားခိုင်းလို့လဲ"
ချန်ပေသိုက ပြန်ပြောလိုက်သည်။
တောင်စောင့်နတ်၏ စကားကြောင့် ချန်ကျင်းချင်မှာ ပျာယာခတ် သွားလေသည်။
"တောင်ပေါ်နတ်ဘုရားသခင်၊ ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ"
"မနက်ဖန်နေ့လည် မိုးခေါ်ရမယ်၊ မိုးရေ သုံးပေနဲ့သုံးလက်မ ရွာဖို့လိုတယ်၊ မိုးရွာဖို့အတွက် ရော့စွေမြစ်ရေကို အသုံးပြုရလိမ့်မယ်၊ ဒါကြောင့် ရေသွားခပ်ပါ၊ ရေတစ်စက် လျော့တာနဲ့ မင်းကို ဝတ်ကျောင်းတော်ထဲက တိုင်လုံးမှာ ကြိုးနဲ့ချည်ပြီး ကြာပွတ်နဲ့ရိုက် အပြစ်ပေးမယ်"
ချန်ပေသိုက အေးစက်စွာဖြင့် ပြောလိုက်သည်။
"တောင်စောင့်နတ်သခင်၊ ကျွန်တော်က နတ်ဘုရားမှမဟုတ်ပါ၊ ရေတွေ အများကြီး ဘယ်လိုလုပ် ယူလာနိုင်မှာလဲ၊ ကျွန်တော့်ကို အပြစ်ပေးချင်တယ် ဆိုရင်လည်း ရေမသယ်ခိုင်း ပါနဲ့တော့ တစ်ခါတည်းသာ တန်းပြီး အပြစ်ပေးလိုက်ပါ ၊ ကျွန်တော် အပြစ်ခံပါ့မယ်"
ချန်ကျင်းချင်က နှိမ့်ချစွာဖြင့် ပြောလိုက်လေသည်။
ချန်ပေသိုက သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရင်း...
"လုပ်ခိုင်းတာကို လုပ်တာမဟုတ်ဘူး၊ သောက်စကား များနေတယ်"
ချန်ပေသို အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ချန်ကျင်းချင်သည် ရော့စွေ မြစ်ကမ်း နံဘေးသို့ ချက်ချင်း ရောက်ရှိ သွားလေတော့သည်။
ချန်ကျင်းချင်က ရော့စွေမြစ်ရေများကို ကြည့်ရင်း သက်ပြင်း တစ်ချက် ချလိုက်လေသည်။ တောင်စောင့်နတ်က သူ့ကို ရေ သုံးပေနှင့်သုံးလက်မ ယူခိုင်းလိုက်သည်။ ထိုရေမှာ အလွန်များပြားသည့် ပမာဏဖြစ်ပြီး သူလုပ်နိုင်သည့် စွမ်းအားထက် ကျော်လွန် နေလေသည်။ သူ ရေကို မည်သို့ သယ်ယူ ရပါမည်နည်း။
ချန်ကျင်းချင်က ချန်ကျေးရွာသို့ ပြန်ကာ ရေထည့်ရန် အိုးပြန်ယူလျှင် ကောင်းမည်လားဟု စဉ်းစား လိုက်သည်။ ထို့ကြောင့် သူက သူရောက်ရှိနေသည့် နေရာသည် ချန်ကျေးရွာနှင့် မည်မျှ ကွာဝေးသည်လဲ သိနိုင်ရန် အတွက် လက်ထဲမှ ဓာတ်ဖန်လုံးကို ကြည့်လိုက်လေသည်။
သူရောက်ရှိ နေသည့် နေရာနှင့် ချန်ကျေးရွာမှာ မိုင်ပေါင်းတစ်ထောင်ခန့် ကွာဝေးနေသည့် အတွက် ပြန်မည်ဆိုလျှင် တစ်ရက်ကျော်ကျော်ခန့် အချိန်ကြာပေလိမ့်မည်။ ထို့ပြင် ရေသယ်ရန် အတွက် အိုးရပြီထား၊ ကျုန်းစန်း တောင်ထိပ်သို့ တက်ရန်မှာလည်း တစ်ရက်ခန့် အချိန်ကြာဦးမည်။ မနက်ဖြန် နေ့လယ် မိုးရွာဖို့ဆိုလျှင် မည်သို့မျှ မီနိုင်မည် မဟုတ်ပေ။
ချန်ကျင်းချင်သည် ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးသည့် လူငယ်လေး တစ်ယောက် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်တော့ မည်သို့ ပြုလုပ်ရသည် မသိဘဲ ဆောက်တည်ရာမရ ဖြစ်နေရလေသည်။
သူက မြစ်ကမ်း နံဘေးတွင် လမ်းလျှောက်ရင်း ရေသယ်ယူရန် စဉ်းစားနေဆဲ…
အမှတ်မထင် ခြေချော်ကာ ရော့စွေမြစ်ထဲသို့ ကျသွားလေတော့သည်။
ထိုခဏလေး အတွင်းမှာပင် ရော့စွေမြစ်ရေသည် မည်မျှ ကြောက်စရာ ကောင်းကြောင်း ချန်ကျင်းချင် သိလိုက်ရလေသည်။ သူရရှိထားခဲ့သည့် တန်ခိုး စွမ်းအားများမှာလည်း ပျောက်ကွယ် သွားပြီး သူ့ခန္ဓာကိုယ်က ရေထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားလေသည်။ ရေများက ပါးစပ်နှင့် နှာခေါင်း အတွင်းသို့ တရဟော ဝင်ရောက်လာသည့်အတွက် အသက်ပင်ရှူ၍ မရတော့ပေ။
ထိုအချိန်တွင် သူ့ထံသို့ ရေကူးလာသည့် အရိပ်တစ်ခုကို တွေ့မြင်လိုက်ရလေသည်။ နဂါးငါးတစ်ကောင် ဖြစ်လေသည်။ နဂါးငါးသည် ပါးစပ်ကိုဖြဲကာ သူ့ထံသို့ ဝင်ရောက် လာလေသည်။ ချန်ကျင်းချင်မှာ မည်သို့မျှ မတတ်နိုင်တော့ဘဲ ဘုရားသာ တ နေလေတော့သည်။ နဂါးငါးသည် သူ့ကို ကိုက်ဖြတ် စားသောက် တော့မည် ဖြစ်လေသည်။
ချန်ကျင်းချင်၏ ခေါင်းထဲသို့ အတွေးတစ်စ ဝင်လာလေသည်။
မနေ့ကတော့ သူသည် နဂါးငါးဟင်းရည် တစ်ခွက်ကို သောက်ခဲ့လေသည်။ ယနေ့တော့ နဂါးငါးတစ်ကောင်က သူ့ကို ပြန်ပြီး ဝါးမျိုစားသောက်တာကို ခံရတော့မည်။ ဝဋ်လည်ခြင်း ဆိုသည်မှာ ဤသည်ကို ခေါ်လေသည်လား။
နဂါးငါးသည် ပါးစပ်ကိုဖြဲပြီး ချန်ကျင်းချင်၏ လက်မောင်း တစ်ဖက်ကို ကိုက်လိုက်လေသည်။ ချန်ကျင်းချင်မှာ မည်သို့မှ မကာကွယ် နိုင်သော်လည်း လက်ကိုတော့ တတ်နိုင်သမျှ ရှောင်တိမ်း လိုက်လေသည်။ သို့သော် နဂါးငါးသည် ချန်ကျင်းချင်ကို ရော့စွေမြစ် အတွင်းသို့ ကျလာသည့် ထိပ်တန်း ကောင်းမွန်သည့် အစားအစာ တစ်ခုဟု သတ်မှတ်ထားသည့် အတွက် လက်ကို မလွှတ်တမ်း ကိုက်ခဲထားလေသည်။
ချန်ကျင်းချင်မှာ သူ၏ ညာဘက်လက်တွင် စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရပြီး ဘယ်ဘက်လက်ဖြင့် နဂါးငါး၏ ဦးခေါင်းကို ရိုက်ချလိုက်လေသည်။
အရိုက်ခံလိုက်ရသော နဂါးငါးမှာ ဒေါသ အကြီးအကျယ် ထွက်သွားလေသည်။ ထိုငါးက ချန်ကျင်းချင်၏ ညာဘက်လက်ကို ကိုက်ခဲထားခြင်းမှ လွှတ်ပေးလိုက်ပြီး ပါးစပ်ကိုဖြဲကာ ချန်ကျင်းချင်၏ မျက်နှာကို ကိုက်ခဲရန် ဦးတည် လာလေသည်။
ချန်ကျင်းချင်မှာ သူ့ဘဝတစ်ခုလုံး အဆုံးသတ်ပြီဟု တွေးလိုက်မိလေသည်။
ရုတ်တရက်…
သူ့ခန္ဓာကိုယ်သည် ရေပေါ်သို့ ရုတ်တရက် မြောက်တက် သွားလေသည်။
သူ့ကို ရယူရန်အတွက် နဂါးငါးကလည်း လိုက်ပြီး ရေပေါ်သို့ ခုန်တက် လိုက်သော်လည်း မတတ်နိုင်ဘဲ ရေထဲသို့ ပြန်ပြုတ်ကျ သွားရသည်။
ချန်ကျင်းချင်၏နားထဲတွင် ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရလေသည်။
"ငါးမျှားချိတ်မှာ ဘယ်လို သတ္တဝါများ မိနေသလဲမှတ်တယ် ၊ မင်းဖြစ်နေတာကိုး"
ချန်ကျင်းချင်မှာ မြစ်ကမ်းပေါ်သို့ အူကြောင်ကြောင်ဖြင့် ပြန်လည် ရောက်ရှိ လာလေသည်။ သူက ခံစားနေရသည့် နာကျင်မှုကို ဂရုမစိုက်နိုင်အားပဲ အသံလာရာဆီသို့ ကြည့်လိုက်သည်။
မြစ်ကမ်း နံဘေးတွင်ထိုင်ကာ ငါးမျှားနေသည့် လူငယ် တစ်ယောက်ကို တွေ့လိုက် ရလေသည်။
ဆန်းလျန်….။
မနေ့ညက တိုက်တိုက်ဆိုင်ဆိုင် ဆန်းလျန်ကို မြင်တွေ့ခဲ့ရပြီးသည့်နောက် ဆန်းလျန်သည် ဒဏ္ဍာရီ အလွန်ဆန်ကြောင်း ချန်ကျင်းချင် မှတ်ချက် ပြုလိုက်မိလေသည်။ ဆန်းလျန်၏ အသက်ရှူ ကျင့်စဉ်ကြောင့် သူ့ဘဝတွင် ထူးထူးခြားခြား ပြောင်းလဲခဲ့ရသည်။ ယခုလည်း ဆန်းလျန်က သူ့အသက်ကို ကယ်ခဲ့ပြန်လေပြီ။ သူ့အနေဖြင့် ကျေးဇူးဆပ်ရတော့မည်။
ချန်ကျင်းချင်က ရေစိုနေသည့် အဝတ်အစားများကို အနည်းငယ် သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်လိုက်ပြီး ဆန်းလျန်ကို ဦးညွတ် ဂါရဝ ပြုလိုက်သည်။ နာကျင်နေသည့် သူ့လက်မှ ဒဏ်ရာကိုပင် သူက အရေးမစိုက်တော့ပါ။
"ကျွန်တော့် အသက်ကို ကယ်တာ ကျေးဇူးတင်ပါတယ်၊ ဘယ်လို ကျေးဇူးပြန်ဆပ် ရမှန်းတောင် မသိပါဘူး"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"မင်းက ဉာဏ်ကောင်းပြီး လိမ္မာတဲ့ ကောင်လေးတစ်ယောက်ပဲ၊ ပြောပါဦး… မနေ့ကတော့ မြစ်ကမ်းနံဘေးမှာ ငါးမျှားနေတာ၊ ဒီနေ့ရော ဘာလာလုပ်တာလဲ၊ မင်းမှာ အခက်အခဲ တစ်ခုခုရှိရင်လည်း ကျုပ်ကူညီပေးနိုင်တာပေါ့"
ချန်ကျင်းချင်မှာ ဆန်းလျန်၏ စကားကြောင့် ပျော်သွားလေသည်။ သူက ဆန်းလျန်ကို ချန်ပေသို ခိုင်းလိုက်သည့် အကြောင်းကို ပြောပြလိုက်လေ၏။
"တောင်စောင့်နတ်ဆိုတာ မိုးနဲ့လေကို လွယ်လွယ်နဲ့ ဆင့်ခေါ်နိုင်တဲ့ သူပဲ၊ သူတကယ်ပဲ မိုးရွာစေချင်ရင် မင်းကို ရေသယ်ခိုင်းစရာတောင် မလိုဘူး၊ မင်းကို သက်သက် အခက်တွေ့အောင် လုပ်တာပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ ရေယူဖို့ အခက်အခဲ ဖြစ်နေရင်လည်း မကြောက်နဲ့၊ ရော့စွေမြစ်ရေက အကန့်အသတ် မရှိဘူး၊ သုံးပေနဲ့ သုံးလက်မ မိုးရေရဖို့ အတွက် ရေတစ်အိုး ခပ်သွားရုံနဲ့ လုံလောက်တယ်"
ဆန်းလျန်က အေးဆေးစွာဖြင့် ပြောလိုက်သည်။
အမှန်တော့ ချန်ပေသိုက ဆန်းလျန်၏ပညာကို စမ်းသပ်ရန် အတွက် ချန်ကျင်းချင်ကို တစ်ဖက်လှည့်ဖြင့် ရေယူခိုင်းလိုက်ခြင်း ဖြစ်လေသည်။ သူ၏ အပြုအမူ အပေါ်တွင် ဆန်းလျန်က မည်သို့ သဘောထားမည်လဲ ဆိုသည်ကိုလည်း သိချင်နေမိသည်။
အမှန်တော့ ကံမကောင်းလှသည် ချန်ကျင်းချင်လေးသည် နတ်ဘုရားနှစ်ပါး ပညာပြိုင် ကြသည့်ပွဲတွင် ကြားညပ် နေခဲ့ရခြင်းသာ ဖြစ်လေတော့သည်။
***