မိုးမြေသင်္ကေတ
Vol. 5 Ch. 412
ချန်ကျင်းချင် တစ်ယောက်ကတော့ နတ်ဘုရားနှစ်ပါး ပညာပြိုင်သည့် ပွဲတွင် ကြားညပ် နေရသည့် သူ့အဖြစ်ကိုသူ မသိရှာပေ။
"ရေလေးတစ်အိုးက မိုးသုံးပေသုံးလက်မ ရွာဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ချန်ကျင်းချင်က ရေရွတ်လိုက်သည်။
ဆန်းလျန်သည် မြစ်ကမ်းနံဘေးမှ ဖြည်းဖြည်းချင်း လမ်းလျှောက် လာလေသည်။ သူက အခိုးအငွေ့ တစ်ခုအလား ချန်ကျင်းချင်ရှေ့တွင် ရပ်နေလေသည်။ ထိုအခါမှ ချန်ကျင်းချင်သည် ဆန်းလျန်၏ ဝတ်ရုံအောက်မှ အသားများမရှိဘဲ အရိုးများသာ ထွက်ပေါ်နေသည့် ညာဘက်လက်ကို သတိပြုလိုက် မိသည်။
ဆန်းလျန်၏ တောက်ပသည့် မျက်ဝန်း၊ ချောမောလှပသည့် မျက်နှာ၊ ကြည်လင်သည့် အသားအရေ များနှင့် နှိုင်းယှဉ်လျှင် ထိုလက်မှာ အလွန်မှ အကျည်းတန် အရုပ်ဆိုး လှလေသည်။
သို့သော် ချန်ကျင်းချင်က စပ်စု မေးမြန်းခြင်း အလျဉ်းမရှိပါ။
"ကျုပ်က ဟုတ်တယ်လို့ ပြောရင် ဟုတ်လို့ပဲပေါ့၊ မဖြစ်နိုင်ဘူး ဆိုရင်တောင်မှ ကျုပ်ပြောရင် ဖြစ်နိုင်ရမှာပဲ"
ဆန်းလျန်က ပြောလိုက်သည်။
ဆန်းလျန်က စကားကို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ၏စကားကို လောက တစ်ခွင်ရှိ နတ်ဘုရားများနှင့် နတ်မိစ္ဆာများပင် မလွန်ဆန် ဝံ့လောက်အောင် သြဇာ အာဏာနှင့် ပြည့်ဝလေသည်။
ချန်ကျင်းချင်၏ စိတ်ထဲတွင် ကောင်းချီး မင်္ဂလာများကို ခံစားလိုက်ရလေသည်။
"ဆရာ၊ ကျွန်တော့်ကို ကူညီပါ၊ ကျွန်တော် ဆရာ့စကားကို နားထောင်ပါ့မယ်"
ဆန်းလျန်က ချန်ကျင်းချင်ကို ကြည့်ပြီး ပြုံးလိုက်သည်။
"မင်းက ကျုပ်ကို ဘာလို့ ဆရာလို့ ခေါ်ရတာလဲ"
ချန်ကျင်းချင်က သက်ပြင်း တစ်ချက် ချလိုက်ရင်း…
"ဆရာက ကျွန်တော့်ကို နဂါးငါးလည်း လက်ဆောင် ပေးတယ်၊ ပြီးတော့ မနေ့ကလည်း အသက်ရှူ ကျင့်စဉ် သင်ပြပေးသေးတယ်၊ ကျွန်တော် စဉ်းစားမိတာက ကျွန်တော်တို့ တစ်ခါမှလည်း သိကျွမ်းဖူးတာ မဟုတ်ဘဲ ဆရာ ကျွန်တော့်အပေါ် ကောင်းကောင်း ဆက်ဆံနေတာဟာ အကြောင်းရှိလို့ပဲ ဖြစ်ရမယ်လို့ပေါ့"
"မင်း ဒီလိုအတွေးမျိုး ဘယ်အချိန်တုန်းက တွေးခဲ့မိတာလဲ"
ဆန်းလျန်က မေးလိုက်သည်။
ချန်ကျင်းချင်က ခေါင်းငုံ့လိုက်ရင်း…
"ကျွန်တော်က တကယ့် ငတုံးပါပဲ၊ အခုမှပဲ သဘောပေါက်ပြီး တွေးမိသွားတာပါ"
ဆန်းလျန်က ပြတ်သားစွာ ပြုံးလိုက်ရင်း…
"တောင်စောင့်နတ်က မင်းမလုပ်နိုင်တဲ့ အလုပ်ကို လုပ်ခိုင်းပြီး ဒီနေရာကို ပို့လိုက်တာ တိုက်ဆိုင်မှုလို့ မင်းထင်သလား၊ ကျုပ်နဲ့ဒီနေရာမှာ လာဆုံရတာရော တိုက်ဆိုင်မှုလို့ မင်းထင်သလား၊ လောကမှာ ဒီလောက် တိုက်ဆိုင်တာမျိုး ဘယ်ရှိနိုင်မှာလဲ၊ မင်းစိတ်ထဲမှာ ကျုပ်နဲ့ တောင်စောင့်နတ် ကြားမှာ ရန်ငြိုးရန်စ တစ်ခုခု ရှိတယ်လို့ တွေးနေခဲ့တာ မလား"
ချန်ကျင်းချင်သည် ဆန်းလျန်ကို မော့ကြည့်လိုက်သည်။ ဆန်းလျန်၏ မျက်ဝန်းများမှာ မုန်တိုင်းထန်ပြီး စငြိမ်သက်နေသည့် ရော့စွေ မြစ်ရေအလား နက်ရှိုင်း လွန်းနေလေသည်။
"ဟုတ်ပါတယ်၊ ဆရာပြောတာတွေ အတိအကျပါပဲ"
ချန်ကျင်းချင်က အသံတိုးတိုးဖြင့် ပြန်ပြော လိုက်သည်။
ဆန်းလျန်က တည်ငြိမ် အေးဆေးသည့် လေသံဖြင့်….
"မင်းကျုပ်ကို ဆရာအဖြစ် သတ်မှတ်မယ် ဆိုရင်တော့ မင်း ကျုပ်အပေါ် သစ္စာ ရှိရလိမ့်မယ်၊ ဒီတော့ မင်း ကျုပ်ရဲ့ တပည့်ဖြစ်ချင်စိတ် တကယ်ရှိသလား"
ချန်ကျင်းချင်က တစ်ချက်တုန့်ဆိုင်းနေပြီးမှ…
"ဆရာ့ရဲ့ တပည့်ဖြစ်ရမယ် ဆိုရင်တော့ အရမ်းကံကောင်းမှာပါ၊ ဒါပေမဲ့ ကျွန်တော်က ကျုန်းစန်း တောင်ခြေက ချန်ကျေးရွာမှာ ကြီးပြင်းလာတာ၊ ဆရာ့ဆီမှာ တပည့် ခံမယ်ဆိုရင် ကျုန်းစန်းတောင် တောင်စောင့်နတ်နဲ့ မှော်ဆရာမကိုတော့ အသိပေးဖို့ လိုမယ် ထင်တယ်၊ ကျွန်တော်က သူတို့ နှစ်ယောက်ကို ကျော်ပြီး ဘာမှ မလုပ်ရဲပါဘူး"
အမှန်တော့ သူသည် ယခုမှ ဆန်းလျန်နှင့် တွေ့ဖူးခြင်း ဖြစ်လေသည်။
သူ့ကို ရေခပ်ခိုင်းသည့် အတွက် တောင်စောင့် နတ်ကိုလည်း သူနားမလည်နိုင် ဖြစ်နေ ရသေးသည်။ ထို့ပြင် ဆန်းလျန်နှင့် မြစ်ကမ်းနံဘေးတွင် ဆုံခဲ့ရခြင်းမှာလည်း တိုက်ဆိုင်မှု မဟုတ်ခဲ့ပေ။
အစမှအဆုံး စဉ်းစားကြည့်လျှင် ဆန်းလျန်သည် အပြင်လူ ဖြစ်လေသည်။ ထို့ပြင် ဆန်းလျန်သည် တောင်စောင့်နတ်နှင့် မှော်ဆရာမတို့ကို တိတ်တဆိတ် တိုက်ခိုက်ရန် ရောက်လာသည့် ရန်သူလည်း ဖြစ်နိုင်သည်။ သူ့အနေဖြင့် တောင်စောင့်နတ်က သူ့ကို မြက်တစ်ပင် လောက်ပင် အရေးမထားစေကာမူ တောင်စောင့်နတ်နှင့် ချန်ကျေးရွာကို သစ္စာဖောက်သည့် အလုပ်မျိုး မလုပ်ရက်နိုင်ပေ။ သူသည် တောင်စောင့်နတ်၏ ကာကွယ်ပေးမှု အောက်တွင် ရှိသည့် ချန်ကျေးရွာတွင် ကြီးပြင်း လာရသူ ဖြစ်သည့်အတွက် တောင်စောင့်နတ် အပေါ်တွင် သစ္စာဖောက်ပါက တိရစ္ဆာန်ထက်ပင် နိမ့်ကျသည့် သတ္တဝါတစ်ကောင် ဖြစ်သွားပေလိမ့်မည်။
"မင်းဒီလို တွေးတယ်ဆိုရင်တော့ ချန်ပေသိုရဲ့ အမိန့်အတိုင်း ရေခပ်သွားဖို့ကိုပဲ ကျုပ်ကူညီ လိုက်ပါတော့မယ်"
ဆန်းလျန်က ထိုမျှသာ ပြောလိုက်လေသည်။
ဆန်းလျန် စကားဆုံးသွားသည်နှင့် မုန်တိုင်းကြီး တစ်ခုကို ဖန်ဆင်း လိုက်လေသည်။
ချန်ပေသိုမှာ မထင်မှတ်ဘဲ မုန်တိုင်းနှင့် ရင်ဆိုင်လိုက်ရသည့် အတွက် မုန်တိုင်းအတွင်းသို့ ပါသွားကာ ထင်းရှူးပင် တစ်ပင်ပေါ်သို့ သွားတင် နေလေတော့သည်။ သူက ထင်းရှူးပင်ကို တင်းတင်း ဖက်တွယ်ထားပြီး ဆန်းလျန်ကို လှမ်းကြည့်လိုက်သည်။
ဆန်းလျန်သည် မုန်တိုင်းကို ဖန်ဆင်းနေပြီး မိုးများမှာလည်း သည်းထန်စွာ ရွာသွန်း နေလေသည်။
မုန်တိုင်းကို သေသေချာချာ ကြည့်မည် ဆိုပါက အလယ်တွင် ချိုင့်ဝင်သွားသည်ကို တွေ့ရမည် ဖြစ်လေသည်။ ရော့စွေ မြစ်ရေများထို ထိုအချိုင့်အတွင်းသို့ စီးဆင်း ဝင်ရောက် နေလေသည်။ မြေပြင် တစ်ခုလုံးမှာ လင်းလက်တောက်ပနေပြီး ရော့စွေ မြစ်ရေထက်တွင် တိမ်တိုက်များက ရောင်ပြန်ဟပ် နေသည့် ရင်သပ် ရှုမောဖွယ် မြင်ကွင်းကိုလည်း မြင်တွေ့ရမည် ဖြစ်လေသည်။
ချန်ကျင်းချင်မှာလည်း အံ့သြလွန်းကာ ကြက်သေ သေနေလေတော့သည်။ သူက ဆန်းလျန်သည် တန်ခိုးစွမ်းအား အလွန်မြင့်မားသူ ဖြစ်ကြောင်း သိထားလေသည်။ သို့သော် ထိုမျှ တန်ခိုးစွမ်းအား မြင့်မားလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာသည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး သူ၏လက်ထဲတွင် အနက်ရောင် ရေအိုးတစ်လုံးကို ကိုင်ထားလေသည်။ မုန်တိုင်းအတွင်းမှ ချိုင့်နေသည့် နေရာသို့ စီးဆင်း ဝင်ရောက်နေသည့် မြစ်ရေများသည် ဆန်းလျန်၏ လက်ထဲမှ ရေအိုး အတွင်းသို့ စီးဆင်း ဝင်ရောက် သွားကြလေသည်။
အကန့်အသတ်မရှိ ကျယ်ပြန့်လွန်းသည့် ချင်းစွေ မြစ်ရေများသည် ထက်ဝက်ခန့်တိတိ လျော့ကျ သွားလေသည်။
ချန်ကျင်းချင်မှာ အလွန် အံ့သြလွန်းပြီး အော် ဟစ်လိုက်မိသည်။
"ဆရာ… တော်လောက်ပါပြီ၊ ဆရာဆက်လုပ်နေရင် ရော့စွေမြစ်ရေတွေ အကုန်ခန်းခြောက် သွားတော့မယ်"
ထိုအခါမှ ဆန်းလျန်သည် ကောင်းကင်ထက်မှ နေပြီး သူ၏ တန်ခိုးစွမ်းအားများကို ပြန်လည် ရုတ်သိမ်း လိုက်လေသည်။ ထို့နောက် ဆန်းလျန်၏ ခန္ဓာကိုယ်မှ ရောင်စဉ် ငါးမျိုး ဖြာလင်းနေပြီး မြေပြင်ထက်သို့ ဆင်းသက် လာလေသည်။ သူ၏လက်ထဲတွင် ရေအပြည့် ပါရှိသည့် အနက်ရောင် ရေအိုးကို ကိုင်ဆောင် ထားလေသည်။
ချန်ကျင်းချင်သည် ထင်းရှူးပင်ပေါ်မှ ဆင်းလာပြီး ဆန်းလျန်ဆီသို့ လျှောက်လာလေသည်။ သူ့တစ်ကိုယ်လုံးမှာ တုန်ယင် နေလေသည်။
"ဆရာ… ဆရာ ထည့်လိုက်တဲ့ မြစ်ရေတွေ အကုန်လုံးက ဒီရေအိုးထဲ ရောက်သွားတာလား"
ချန်ကျင်းချင်က တုန်တုန်ယင်ယင်ဖြင့်ပင် မေးလိုက်သည်။
"မင်းပဲ ရေလိုချင်တယ်ဆို… ရော့ ဒီမှာ"
ဆန်းလျန်က ပြောလိုက်ရင်း ရေအိုးကို ချန်ကျင်းချင်ဆီသို့ ကမ်းပေးလိုက်လေသည်။
ချန်ကျင်းချင်မှာကား တုန်လှုပ် ချောက်ချားနေပြီး မျက်နှာတွင် သွေးရောင်ပင် မရှိတော့ပေ။
ချင်းစွေမြစ်ရေ တစ်ဝက် တိတိ ထည့်ထားသည့် ရေအိုးကို သူမည်သို့ မ နိုင်ပါမည်နည်း။ သို့သော် နောက်ဆုံးတွင်တော့ ဆုံးဖြတ်ချက် ချလိုက်ကာ ဆန်းလျန် ကမ်းပေးသည့် ရေအိုးကို လက်ခံ ယူလိုက်လေသည်။
ရေအိုးလေးသည် သူ၏ လက်ထဲတွင် အခိုးအငွေ့အလား ပေ့ါပါး လှလေသည်။ သို့သော် သူက ရေအိုးကို နဂါးငါးကြင်း အကိုက်ခံထားရသည့် လက်ဖြင့် ကိုင်ထားခြင်း ဖြစ်သည့် အတွက် သူ၏လက်မှာ ရုတ်တရက် နာကျင်လာပြီး တုန်ခါလာလေသည်။ ထိုအခါ ရေအိုးအတွင်းမှ ရေများမှာ ဖိတ်စဉ်ကုန်ပြီး ရေများ လျော့နည်း သွားရလေတော့သည်။
ချန်ကျင်းချင်သည် နာကျင်မှုကို အောင့်ခံပြီး ရေအိုးလေးကို ဘယ်ဘက်လက်ဖြင့် ပြောင်းကိုင် လိုက်လေသည်။
ထို့နောက် သူ့မျက်လုံးများက ရေအိုးကို ကြည့်လိုက်သည့် အခါတွင်တော့ ရေများက အရင်အတိုင်း ပြန်ပြည့် နေသည်ကို တွေ့လိုက် ရပြန်လေသည်။
***