← Chapters

တရားမရှိရင်သတိလည်းမရှိ

Vol. 5 Ch. 413

တရားမရှိရင်သတိလည်းမရှိ

Vol. 5 Ch. 413

ချန်ကျင်းချင်သည် မျက်လုံးများ မှားလေသလားဟု ရေအိုးကို စိုက်ကြည့် နေလေသည်။

ထို့နောက်တွင်တော့ "အမြင်မမှားဘူး ထင်တယ်" ဟုသာ သူ့ဟာသူ ဆုံးဖြတ်ချက် ချလိုက်မိသည်။ သို့သော် သေးငယ်သော ရေအိုးလေးက မြစ်ရေ တစ်ဝက်ခန့်ကို ထည့်ထား နိုင်သည်ကို သူ ယခုအချိန်ထိ နားမလည်နိုင်သေးပါ။

သူစဉ်းစားနေဆဲ…

ချက်ချင်းပင် သဘောပေါက် သွားလေသည်။ ဗောဓိသကျသည် တောင်တစ်လုံးကိုပင် မုန်ညင်းစေ့ထဲတွင် ထည့်ထားနိုင်သည်ဟု ကြားဖူးလေသည်။

ဆန်းလျန်ကလည်း ထိုကဲ့သို့ ပညာရပ်မျိုးကို အသုံးချလိုက်ခြင်း ဖြစ်နိုင်သည်။ သို့သော် မည်သို့ အသုံးပြုလိုက်သည်ကို သူနားမလည်သေးပါ။

ချန်ကျင်းချင်သည် ထိုသို့သော ပညာရပ်များနှင့် တန်ခိုးစွမ်းအားများကို စိတ်ဝင်စား လေသည်။ သူက ထိုအရာများကို သင်ယူရန် မွေးဖွားလာသည်ဟုပင် ပြော၍ရလေသည်။

ချန်ကျင်းချင်သည် ဆန်းလျန်ကို မည်သို့ ကျေးဇူးတင်စကား ပြောရမည်မသိ ဖြစ်နေလေသည်။ သို့သော် ဆန်းလျန်ကလည်း သူ့ကို ကျေးဇူးတင်မခံခဲ့ပါ။

"ဆရာ၊ တခြားဘာများ ခိုင်းစရာရှိသေးလဲ"

ချန်ကျင်းချင်က မေးလိုက်သည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ပြောပြီးပြီလေ၊ မင်းကို ရေခပ်ပေးမယ်ဆိုတာ…"

ရေအိုးကိုယူပြီး ချက်ချင်း ထွက်သွားရန်မှာလည်း သိပ်တော့ မဖြစ်သင့်သေးကြောင်း ချန်ကျင်းချင် ခံစားနေရသည်။ သို့သော် ဆန်းလျန်က သူ့ကို နေစေချင်ပုံ မရတော့ပေ။ ထို့ပြင် သူ့အနေဖြင့် မနက်ဖြန် နေ့လယ်မတိုင်မီ ကျုန်းစန်း တောင်ပေါ်ရှိ တောင်စောင့်နတ်ဝတ် ကျောင်းတော်သို့ အရောက် ပြန်ရဦးမည် ဖြစ်လေသည်။

သူအချိန်ဆွဲနေပါက အချိန်မီ ရောက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူက ချက်ချင်းပင် သွားရန် ပြင်ဆင် လိုက်တော့သည်။ သူ့တွင် အကြံတစ်ခုလည်း ရှိလေသည်။ သူက တောင်စောင့်နတ်က သူ့ကို မကြည်ဖြူလျှင်တောင်မှ ဆန်းလျန် အကြောင်းတော့ မေးကြည့်ဦးမည်ဟု ဆုံးဖြတ်လိုက်မိသည်။

ချန်ကျင်းချင်က ဆန်းလျန်ကို ဦးညွှတ် လိုက်သည်။ ထို့နောက် ထွက်ခွာသွားရန် ပြင်လိုက်လေသည်။

ထိုအချိန်မှာပင် သူ၏ ခြေလက်များဆီသို့ အတွင်းအားများ အဆက်မပြတ် စီးဝင် လာလေသည်။ ပူနွေးသည့် အတွင်းအား စီးကြောင်း တစ်ခုက သူ့ခန္ဓာကိုယ်ကို ဖြတ်သန်း သွားပြီး နဂါးငါး အကိုက်ခံရသည့် ဒဏ်ရာမှာ ချက်ချင်းပင် သက်သာ လာလေတော့သည်။

အမှန်တော့ ထိုသို့ဖြစ်သည်မှာ ချန်ကျင်းချင် အတွက် ပထမဆုံး အကြိမ်မဟုတ်ခဲ့ပါ။

သူဒဏ်ရာ အနာတရ ဖြစ်တိုင်း ထိုသို့ပင်ခံစားရပြီး ညဘက် အိပ်ပျော် သွားပြီးသည်နှင့် ချက်ချင်း ပြန်လည် သက်သာသွားစမြဲ ဖြစ်လေသည်။ သို့သော် ယခု တစ်ကြိမ်တွင်တော့ ညအိပ်စရာပင် မလိုသေးဘဲ မြန်မြန်ဆန်ဆန်ပင် သက်သာ လာခဲ့သည်။

ချန်ကျင်းချင်သည် ကျင့်ကြံသူ တစ်ယောက် မဟုတ်ပါ။ သို့သော် သူ့တွင်ရှိသော တန်ခိုး စွမ်းအားများကို လောကရှိ ကိုးဆယ့်ကိုး ရာခိုင်နှုန်းသော ကျင့်ကြံသူများက လိုချင်ကြမည် ဖြစ်လေသည်။ သို့သော် ချန်ကျင်းချင် ရောက်သည့် အဆင့်ထိ ကျင့်ကြံနိုင်ရန်မှာ စိတ်အာရုံ ပျံ့လွင့်မှုများ အားလုံးကို ထိန်းချုပ်နိုင်ရန် လိုအပ်လေသည်။

ချန်ကျင်းချင်က ဆန်းလျန် သင်ပေးသည့် အသက် ရှူကျင့်စဉ်ကို လေ့ကျင့်ကာ သူ၏ အတွင်းအားများကို ထိန်းချုပ် ကြည့်လိုက်သည်။ သူ၏စိတ်ကို စုစည်းထားပြီး အတွင်းအားများက တဖြည်းဖြည်း အားကောင်းလာသည်။

ဆန်းလျန်က ချန်ကျင်းချင် ရောက်ရှိနေသည့် အဆင့်ကို "တရားမရှိလျှင် သတိလည်းမရှိ" အဆင့်ဟု သတ်မှတ်ထားလေသည်။

အတိတ် တစ်ချိန်တုန်းက မြေခွေး နတ်ဘုရား အဘိုးအို ရှင်းချွိပင်း ကျိရှောင်အန်းက သူ့ကို ထိုအချက်ကို ထောက်ပြ ခဲ့ဖူးလေသည်။ ထို့ကြောင့်လည်း သူက ကျင့်စဉ်လမ်းကို လျှောက်လှမ်းရန် ချင်းရွှမ် နတ်တံခါးသို့ ရောက်ရှိလာရခြင်း ဖြစ်လေသည်။

ဆရာသခင် ကျန်းရော့ရွှီးက သူ့ကို ဝိညာဉ်မြစ်ထဲတွင် ဒုက္ခခံကာ ကျင့်ကြံစေခဲ့သည့် အတွက် သူသည် ထိုအဆင့်သို့ တက်ရောက် နိုင်ခဲ့သည်။ ထို့နောက် ထိုအဆင့်သည်ပင် တာအို ကျင့်ကြံမှုတွင် အခြေခံ ခိုင်မာသည့် အုတ်မြစ်တစ်ခု ဖြစ်လာခဲ့ရသည်။

ယခုတော့ ဆန်းလျန် နှစ်ရှည်လများ ကျင့်ကြံခဲ့ရသည့်အဆင့်ကို ချန်ကျင်းချင်က တစ်ညတည်းဖြင့် ကျင့်ကြံ အောင်မြင် သွားခဲ့လေပြီ။ ထို့ပြင် ချန်ကျင်းချင်သည် အတင်းအကျပ် ကျင့်ကြံခိုင်းစရာ မလိုဘဲ သဘာဝကျစွာ သူ့သဘောနှင့်သူ ကျင့်ကြံခြင်း အောင်မြင် သွားခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန်သာ မနာလိုစိတ် ထားရှိတတ်သည့် သူဖြစ်လျှင် ချန်ကျင်းချင်ကို မနာလို ဖြစ်မိမည်မှာ အသေအချာပင် ဖြစ်လေသည်။

ဆန်းလျန်သည် အကြောင်း အမျိုးမျိုးကြောင့် ကျင့်စဉ်လမ်း အဆင့် တက်ရောက်ခြင်း လျှင်မြန်ခဲ့ရခြင်း ဖြစ်သည့်တိုင် သူ၏ ပင်ကို အရည်အသွေးက ချန်ကျင်းချင်လောက် ကောင်းမွန်ခြင်း မရှိပေ။ ထို့ကြောင့် သူသည် ချန်ကျင်းချင်၏ ပြီးပြည့်စုံသည့် တာအိုရုပ်ခန္ဓာကို အားကျ လေးစားမိသည် ကတော့ အမှန်ပင်ဖြစ်လေ၏။

ချန်ကျင်းချင်သည် ရေအိုးကို ကိုင်ကာ တောင်ပေါ်သို့ တက်လာလေသည်။

ဆယ်မိုင်ခန့်တက်လာပြီးသည့်နောက် ရုတ်တရက် သူ့ရှေ့တွင် ဆန်းလျန် ပေါ်လာလေသည်။

ဆန်းလျန်က…

"မင်းကို တစ်ခု ပြောဖို့ကျန်ခဲ့လို့၊ ကျေးဇူးပြုပြီး ဒီကျောက်ပြားကို ယူသွားပြီး တောင်စောင့်နတ်ဝတ် ကျောင်းတော်အထိ သွားပါ၊ လမ်းမှာ မင်းကို ဘယ်သူပဲ ခေါ်ခေါ်၊ ဝတ်ကျောင်းတော်ကို မရောက်မချင်း လုံးဝ လှည့်မကြည့်နဲ့၊ စကားပြန်မပြောနဲ့"

ဆန်းလျန်ပေးသည့် ကျောက်ပြားမှာ ရွှံ့များနှင့် ပေကျံနေပြီး မြက်ပင်များကလည်း တွယ်ကပ် နေသေးသည်။

ချန်ကျင်းချင်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည့်တိုင် မတတ်သာသည့် အခြေအနေ ဖြစ်သည့် အတွက် ကျောက်ပြားကို လှမ်းယူ လိုက်ရလေသည်။

သူလည်း ကျောက်ပြားနှင့် ရေအိုးကို သယ်ဆောင်ကာ တောင်စောင့်နတ်ဝတ် ကျောင်းတော်သို့ ပြန်လာခဲ့လေသည်။

ကျုန်းစန်း တောင်ပေါ်သို့တက်သည့် တောက်တက်လမ်းမှာ အလွန် မတ်စောက်ပြီး ကြမ်းတမ်း လေသည်။ သို့သော် ဆန်းလျန် ပေးလိုက်သည့် ကျောက်ပြားမှာ ချန်ကျင်းချင်ကို အလွန်ဝေးသည့် နေရာတစ်ခု အထိ ခုန်ကျော်နိုင်အောင် စွမ်းအားများ ပေးခဲ့လေသည်။ မြေကြီးကို ချုံ့လိုက်သည်နှင့်ပင် တူနေလေသည်။

ညသည် တဖြည်းဖြည်း နက်လာလေသည်။

လမင်းသည် ကောင်းကင် အလယ် တည့်တည့်သို့ ရောက်ရှိလာသည့်အချိန်…

လပြည့်ဝန်းထက်မှ ပျံသန်း ဆင်းသက်လာသည့် မိန်းမပျိုလေး တစ်ယောက်ကို ချန်ကျင်းချင် တွေ့လိုက် ရလေသည်။

ချန်ကျင်းချင်သည် ချန်ကျေးရွာမှ မိန်းကလေးများနှင့် မှော်ဆရာမတို့ကိုသာ တွေ့မြင်ဖူးသူ ဖြစ်သော်လည်း ယခု သူတွေ့မြင်ရသည့် မိန်းကလေးသည် အလွန် ချောမော လှပသည်ကိုတော့ ငြင်း၍မရကြောင်း သိလိုက်လေသည်။

လရောင်အောက်တွင် ပျံသန်းနေသည့် ကြိုးကြာ ငှက်လေးအလား သူမ အလှတရားသည် ဖြူစင် တောက်ပလျက် ရှိလေသည်။

မိန်းကလေးသည် ကျောထက်တွင် ဓားတစ်လက်ကို လွယ်ထားလေသည်။

ညဉ့်နက် အချိန်ဖြစ်သည့် အတွက် ချန်ကျင်းချင်သည် မိန်းကလေး၏ မျက်နှာကို အပြည့်အ၀ မြင်တွေ့ရခြင်း မရှိပေ။ သို့သော် မိန်းကလေးဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်သည် ဆန်းလျန်ဆီမှ အငွေ့အသက်မျိုးနှင့် ဆင်တူသည်ကိုတော့ သူ ရိပ်မိ လိုက်လေသည်။

သူမထံမှ ဓားဝိညာဉ် အငွေ့အသက်သည် သူ၏ စိတ်နှင့်ဝိညာဉ် ဆီသို့တိုင် ရိုက်ခတ် နေပြီး သူ့မှာ အသက်ရှူ၍ပင် မရနိုင်တော့ပေ။

သို့သော် သူက ဆက်ပြီး လမ်းလျှောက် နေမြဲ ဖြစ်လေသည်။

"ချန်ကျင်းချင်…"

မိန်းကလေး၏ အေးစက်စက် အသံက သူ့နားထဲသို့ ဝင်ရောက် လာလေသည်။ သူက ပြန်ပြီး စကားပြောရန် ပြင်ဆင်လိုက်ပြီးမှ ဆန်းလျန်၏ မှာကြားမှုကို သတိရကာ စကား တစ်လုံးမှ ပြန်မပြောတော့ပေ။

သူက မိန်းကလေးကို လှည့်ကြည့်ချင်သည့် စိတ်ကို ချိုးနှိမ် လိုက်ပြီး ကိုယ့်လမ်းကိုယ်သာ ဆက်လျှောက် နေလိုက်လေသည်။

သူက ညခင်းမှ နံနက် အရုဏ်တက်အထိ မနားမနေ လမ်းလျှောက်နေပြီး မိန်းကလေး၏ ခေါ်သံသည် သူ့နားထဲတွင် ပဲ့တင်သံ ထပ်နေလေသည်။ သူမ၏ အသံသည် တည်ငြိမ်နေသည့် ကန်ရေပြင်ကို လှိုင်းထန် စေလေတော့သည်။

တောင်စောင့်နတ်ဝတ် ကျောင်းတော်ကို မြင်တွေ့ လိုက်ရသည့် အခါတွင်တော့ သူသည် မြေပြင်ထက်သို့ လဲကျလုနီးပါးပင် ခြေလှမ်းများက ယိုင်နဲ့နေပြီ ဖြစ်လေသည်။

သူတောင်စောင့်နတ်ဝတ် ကျောင်းတော်သို့ ရောက်ရှိသည့် အခါတွင်တော့ သူ့နောက်သို့ လိုက်နေသည့် မိန်းမပျိုသည် ဆက်မလိုက်တော့ဘဲ ထွက်ခွာ သွားလေတော့သည်။

***

All Chapters