ကောင်းကင်ကို စီရင်၊ မြေပြင်ကို ချေမှုန်း၊ မိစ္ဆာနတ်ဆိုးအပေါင်းအား သုတ်သင်ခြင်း။ သက်ရှိအားလုံး၏ သတ်ဖြတ်လိုစိတ်ကို စုစည်းထားသော ဓားတစ်လက်(၂)။
Vol. 48 Ch. 523
ရက်အနည်းငယ် ကြာပြီးနောက်...။
မြူနှင်းနန်းတော်၏ ပင်လယ်ဒေသ၊ ယုံထိုက်ကျွန်း…။
လိုဏ်ဂူထဲတွင် ပုန်းအောင်းနေသော မြူနှင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူ အများအပြား၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ပေါ်နေကြလေသည်။
ဤမျှ ဝေးလံခေါင်သီသော ကျွန်းတစ်ကျွန်းတွင် မိစ္ဆာသားရဲတပ်မကြီးတစ်ခုနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူမတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
ထိုအထဲတွင် စတုတ္ထအဆင့် မိစ္ဆာသားရဲ (၂၅) ကောင် ပါဝင်နေသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ စတုတ္ထအဆင့် အထွတ်အထိပ် ကျောင်းလုံတစ်ကောင်လည်း ပါဝင်နေပြီး ၎င်း၏အမည်မှာ ကျောင်းရှိချီ ဖြစ်၏။
(စကားချပ် - ကျောင်းလုံ ဆိုတာ ရေနဂါးကို ပြောတာပါ။ မြို့နဲ့ မျိုးနွယ်ကို ရေနဂါးမြို့၊ ရေနဂါးမျိုးနွယ်လို့ ရေးလို့အဆင်ပြေပေမဲ့ မျိုးရိုးအမည်က ကျောင်းကို ယူထားလို့ မူရင်းအသံထွက်အတိုင်းပဲ ယူထားလိုက်ပါတယ်။)
၎င်းသည်လည်း ကျောင်းလုံမျိုးနွယ်စု၏ အကြီးအကဲတစ်ဦး ဖြစ်ပြီး၊ ရာထူးမှာ ကျောင်းဝူဝေပြီးလျှင် ဒုတိယဖြစ်ပေသည်။
တစ်ဖက်ရန်သူသည် ကောင်းကင်ယံထက်တွင် ထည်ဝါစွာ ရပ်တည်လျက် သက်ရှိများကို အထက်စီးမှ ငုံ့ကြည့်နေပြီး၊ အရာအားလုံးကို သတ်ဖြတ်ချေမှုန်းမည့် ရေနဂါးဆိုးတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်များ ပျံ့နှံ့နေလေသည်။
ဤအချိန်တွင် ကျွန်းတစ်ကျွန်းလုံးသည် ပျက်စီးလုနီးပါး အခြေအနေသို့ ရောက်နေပြီး နေရာတိုင်းတွင် အပျက်အစီးများ ပြည့်နှက်နေလေ၏။
မြေကြီးပေါ်တွင် ကြီးမားသော တွင်းနက်ကြီးများ ပေါ်ပေါက်နေပြီး အလောင်းများမှာ တောင်လိုပုံနေချေသည်။
ကျွန်းပေါ်တွင် နေထိုင်သော လူသားများမှာ မရေမတွက်နိုင်အောင် သေဆုံးဒဏ်ရာရခဲ့ကြပြီး ရုပ်အလောင်းများမှာ နေရာအနှံ့ ပြန့်ကျဲနေလေ၏။
သူတို့၏မျက်လုံးများသည် ပြူးကျယ်နေပြီး သေသွားသည့်တိုင် မျက်စိမမှိတ်နိုင် ဖြစ်နေကြရှာပေသည်။
မူလက သူတို့သည် ဝေးလံခေါင်သီသော ကျွန်းတစ်ကျွန်းတွင် နေထိုင်ကြသည့် ပြင်ပလောကနှင့် မရောယှက်သော လူသားများ ဖြစ်ကြသည်။
သို့သော်ငြား ကျရောက်လာသော မိစ္ဆာသားရဲဘေးအန္တရာယ်ကို ရှောင်တိမ်းနိုင်မည်မဟုတ်ကြောင်း မည်သူက ထင်မှတ်ထားပါမည်နည်း။
မိစ္ဆာသားရဲ တစ်ကောင်ပြီး တစ်ကောင်သည် လူသားများ၏အလောင်းများကို ကိုက်ဝါးစားသောက်နေကြပြီး၊ သွေးသံတရဲရဲ ဖြစ်နေကာ နေရာတိုင်းတွင် အပျက်အစီးများသာ ရှိတော့လေသည်။
ပတ်ဝန်းကျင်တွင် ညည်းတွားသံများပင် မရှိတော့ပေ။ အကြောင်းမှာ လူသားအားလုံးနီးပါး သေဆုံးကုန်ကြပြီ ဖြစ်သောကြောင့်ပင်။
"ဒီစတုတ္ထအဆင့် မိစ္ဆာသားရဲတွေက ဘယ်လိုလုပ်ပြီး ယုံထိုက်ကျွန်းကို ရောက်လာကြတာလဲ..."
မြူနှင်းနန်းတော်မှ ရွှေအမြုတေအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးသည် မျက်နှာဖြူဖပ်ဖြူရော ဖြစ်နေပြီး အလွန်တရာပင် မျှော်လင့်ချက်မဲ့နေမိတော့သည်။
သူမသည် ယုံထိုက်ကျွန်း၏ ကျွန်းသခင်ဖြစ်ပြီး၊ ဤကျွန်းကို အုပ်ချုပ်ကာ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးသူလည်း ဖြစ်ပေသည်။
အမှန်တကယ်တွင် မြူနှင်းနန်းတော်၏ ပင်လယ်ဒေသရှိ ကျွန်းအားလုံးသည် ဤအတိုင်းပင် ဖြစ်လေသည်။
ကျွန်းသခင်တိုင်းသည် မြူနှင်းနန်းတော်၏တပည့်များ ဖြစ်ကြပေသည်။
ရွှေအမြုတေအဆင့်သို့ တက်လှမ်းပြီးသည်နှင့် ကျွန်းအသီးသီးသို့ ကျွန်းသခင်အဖြစ် စေလွှတ်ခံရပြီး ကျွန်းများ၏လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရ၏။
မြူနှင်းနန်းတော်သည်လည်း ရွှေအမြုတေတပည့် အများအပြား၏ အင်အားကို အသုံးပြုပြီးမှသာ ဤပင်လယ်ဒေသကို အုပ်ချုပ်နိုင်ခြင်း ဖြစ်ပေသည်။
ရှေးဟောင်းမိစ္ဆာကမ္ဘာ ကျူးကျော်လာပြီးနောက် ဤပင်လယ်ဒေသ၏ ဂေဟစနစ်သည် လုံးဝ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ကျွန်းအများအပြားသည် မိစ္ဆာသားရဲများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး လူသားအများအပြားသည် မြူနှင်းကျွန်းသို့ ပြောင်းရွှေ့သွားခဲ့ကြပေသည်။
ပြဿနာမှာ မြူနှင်းကျွန်းသည် မြူနှင်းနန်းတော်၏ ဌာနချုပ်ဖြစ်ပြီး ကီလိုမီတာ တစ်သန်းကျော် ကျယ်ဝန်းသောကျွန်းကြီး ဖြစ်သော်လည်း၊ ပင်လယ်ဒေသအနှံ့အပြားတွင် ပြန့်ကျဲနေသော လူသားအားလုံးကို လက်ခံထားနိုင်ရန်မှာမူ မဖြစ်နိုင်ပေ။
ကျွန်းတစ်ကျွန်းတွင် လက်ခံနိုင်သော လူဦးရေမှာ အကန့်အသတ် ရှိပေသည်။
ထို့ကြောင့် မြူနှင်းကျွန်းသို့ ဝင်ရောက်နေထိုင်နိုင်သော လူသားများမှာ လူနည်းစုသာ ဖြစ်ပေ၏။
ဤသို့ဖြင့် လူသားအများအပြားသည် မြူနှင်းနန်းတော်ပင်လယ်ဒေသရှိ ကျွန်းအသီးသီးတွင်သာ ဆက်လက် နေထိုင်နေကြရပေသည်။
မူလက ယုံထိုက်ကျွန်းသည် ဝေးလံခေါင်သီပြီး အနီးအနားတွင် ကမ္ဘာ့တံခါးပေါက် မရှိသဖြင့် ဘေးကင်းလုံခြုံသည်ဟု ယူဆခဲ့ကြသည်။
သို့သော် မိစ္ဆာကျင့်ကြံသူတစ်စုနှင့် ကြုံတွေ့ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ထို့အပြင် စတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူများပင် ဖြစ်နေသေးပေသည်။
ရိုးရှင်းစွာပင် ကောင်းကင်ဘုံက သူမတို့ကို မျိုးသုဉ်းစေလိုခြင်းသာ ဖြစ်ပေတော့သည်။
"ကျွန်းသခင်မ... မြူနှင်းနန်းတော်ရဲ့ ကယ်ဆယ်ရေးအဖွဲ့က ဘယ်တော့ ရောက်လာမလဲဟင်..."
အမျိုးသမီးကျင့်ကြံသူတစ်ဦးက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်လေသည်။
အခြားသော အမျိုးသမီး ကျင့်ကြံသူများသည်လည်း ထိုရွှေအမြုတေ ကျွန်းသခင်မကို မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်နေကြတော့သည်။
အကြောင်းမှာ ယခုတွင် သူမတို့၏ မျှော်လင့်ချက်အားလုံးသည် မြူနှင်းနန်းတော်၏ ကယ်ဆယ်ရေးအပေါ်တွင်သာ ရှိနေသောကြောင့်ပင် ဖြစ်ပေသည်။
"စိတ်မပူပါနဲ့... အကူအညီတောင်းတဲ့ အချက်ပြမှုကို ငါ ပို့ပြီးပါပြီ..."
"နန်းတော်သခင်မသာ ငါတို့သတင်းကို ရတာနဲ့... သေချာပေါက် လူလွှတ်ပြီး လာကယ်မှာပါ..."
ရွှေအမြုတေ ကျွန်းသခင်မ၏ မျက်နှာမှာ ညှိုးငယ်သွားလေသည်။
မြူနှင်းနန်းတော်အနေဖြင့် လူလွှတ်ပြီး လာရောက်ကယ်ဆယ်ရန် မဖြစ်နိုင်ကြောင်း သူမ သိထား၏။
အကြောင်းမှာ ယခုတစ်ကြိမ် လာရောက်တိုက်ခိုက်သော မိစ္ဆာသားရဲများမှာ အလွန်တရာ အင်အားကြီးမားလွန်းပြီး စတုတ္ထအဆင့် မိစ္ဆာသားရဲ (၂၅) ကောင်တိုင် ရှိနေသောကြောင့်ပင်။
မြူနှင်းနန်းတော်မှ ဝိညာဉ်သန္ဓေသား အကြီးအကဲများအကုန်လုံး ထွက်လာလျှင်တောင်မှ အနိုင်ယူနိုင်ချင်မှ အနိုင်ယူနိုင်ပေမည်။
ထင်ရှားသည်မှာ မြူနှင်းနန်းတော်သည် ဂိုဏ်းပျက်စီးမည့်အန္တရာယ်ကို ရင်ဆိုင်ပြီး၊ သူမတို့ကဲ့သို့သော သာမန်တပည့်များကို လာရောက် ကယ်ဆယ်မည် မဟုတ်ပေ။
ယခုအချိန်တွင် တစ်ခုတည်းသော ရှင်သန်နိုင်မည့်မျှော်လင့်ချက်မှာ ထိုမိစ္ဆာကျင့်ကြံသူများက ဤနေရာတွင် ပုန်းအောင်းနေသော သူမတို့ကို ရှာမတွေ့ရန် ဆုတောင်းခြင်းသာ ရှိတော့၏။
သို့သော် ဤတပည့်များကို နှစ်သိမ့်ပေးရန်အတွက် သူမသည် မျှော်လင့်ချက်အနည်းငယ် ပေးရမည် ဖြစ်ပေသည်။
ဝုန်း...
ထိုအချိန်တွင် စတုတ္ထအဆင့် အောက်ခြေအဆင့် ကျားမိစ္ဆာတစ်ကောင်က ကောင်းကင်မှ ဆင်းသက်လာလေသည်။ ၎င်း၏ ကိုယ်ခန္ဓာအလျားသည် ပေတစ်ရာခန့် ရှည်လျားပြီး တစ်ကိုယ်လုံးတွင် အမည်းနှင့်အဖြူကြား ကျားသစ်ကွက်များ ရှိသည်။ ရွှေရောင်အစွယ်များ ထွက်ပေါ်နေပြီး ရှည်လျားသော အမြီးသည် သံမဏိကြိုးကဲ့သို့ ဖြစ်နေကာ အမွှေးအမျှင်တစ်ချောင်းစီသည် ဆူးများကဲ့သို့ ဖြစ်နေပေသည်။
ဤအချိန်တွင် ၎င်းသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ တောင်ကြီးတစ်လုံး၏ အောက်ခြေသို့ အကြည့်ရောက်ရှိသွားပြီး မျက်နှာပေါ်တွင် လှောင်ပြောင်လိုသောအမူအရာ ပေါ်လာတော့သည်။
ချက်ချင်းပင် ၎င်း၏ကြီးမားသော အမည်းရောင်ကျားလက်ဝါးကြီးဖြင့် ရိုက်ချလိုက်ရာ၊ ထိုတောင်ကြီး ပြိုကျသွားပြီး လိုဏ်ဂူထဲတွင် ပုန်းအောင်းနေသော မြူနှင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူများ ပေါ်ထွက်လာကြကာ ကျောက်ခဲများလွင့်စင်ပြီး ဖုန်မှုန့်များ အုန်းအုန်းထသွားလေသည်။
ကံကောင်းထောက်မစွာဖြင့် လိုဏ်ဂူထဲတွင် ကာကွယ်ရေးအစီအရင် ရှိနေသေးသောကြောင့်သာ အစောပိုင်းက တိုက်ခိုက်မှုသည် သူမတို့အား သေကျေဒဏ်ရာရစေခြင်း မရှိခဲ့ပေ။
ထိုသို့ဖြစ်လင့်ကစား ယခုအခါ သူမတို့ကို ကာကွယ်ပေးထားသော အကာအရံသည် အပိုင်းပိုင်းအစစ ကွဲအက်သွားပြီ ဖြစ်လေ၏။
"ဟဟ... မိုက်မဲလိုက်တဲ့ လူသားကျင့်ကြံသူတွေ..."
"ဒီမှာ ပုန်းနေရင် ငါတို့ ရှာမတွေ့ဘူးလို့ ထင်နေတာလား..."
"မင်းတို့ လူသားတွေရဲ့ အနံ့ကို မိုင်တစ်ထောင် ဝေးနေရင်တောင် ငါ ရနေတယ်..."
"ခုနက သာမန်လူတစ်အုပ်ကို စားလိုက်တာ အရသာက ရိုးလွန်းတယ်... အချိုပွဲလို့တောင် မမည်ဘူး..."
"မင်းတို့လို လူသားကျင့်ကြံသူတွေကမှ ပိုပြီး အရသာရှိတာ..."
ထိုစတုတ္ထအဆင့် အောက်ခြေအဆင့် ကျားမိစ္ဆာသည် လေထဲတွင် ရပ်တန့်နေပြီး၊ ခန္ဓာကိုယ်မှ ဝိညာဉ်သန္ဓေသားဥပဒေသနယ်ပယ်ကို ထုတ်လွှတ်လိုက်ရာ၊ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်များ ပျံ့နှံ့သွားပြီး မိုင်ရာချီကို ဖုံးလွှမ်းသွားကာ ဒြပ်ရှိဖိအားတစ်ခု ဖြစ်ပေါ်လာပေသည်။
မြူနှင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူ အများအပြားမှာ တုန်လှုပ်ချောက်ချားနေကြပြီး၊ ဤမျှ ကြီးမားသော ကျားမိစ္ဆာကြီးကို ရင်ဆိုင်နေရသဖြင့် သူမတို့မှာ လုံးဝပင် ပြန်လည်ခုခံနိုင်စွမ်း မရှိကြတော့ပေ။
တစ်ဖက်ရန်သူသည် အတွေးတစ်ချက်ဖြင့် သူမတို့ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်နိုင်ပြီး၊ အရိုးပင် မကျန်အောင် လုပ်ပစ်နိုင်ပေသည်။
"နင်တို့ မိစ္ဆာကျင့်ကြံသူတွေ... စောင့်ကြည့်နေလိုက်..."
"ငါတို့ သေသွားရင်တောင် နန်းတော်သခင်မက ငါတို့အတွက် လက်စားချေပေးလိမ့်မယ်..."
ထိုရွှေအမြုတေ ကျွန်းသခင်မသည် လက်သီးကို ဆုပ်လိုက်ပြီး အသံကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
သူမသည် ယခုတစ်ကြိမ်တွင် သေချာပေါက် သေဆုံးရတော့မည်ကို သိသော်လည်း၊ ဤမိစ္ဆာကျင့်ကြံသူများရှေ့တွင် ခေါင်းငုံ့ခံရန်မူ လုံးဝ ခွင့်မပြုနိုင်ပေ။
"နန်းတော်သခင်မ ဟုတ်လား... မင်း ပြောတာက လူသားဂိုဏ်း မြူနှင်းနန်းတော်ရဲ့ နန်းတော်သခင်မကို ပြောတာလား..."
"သူမက ခေါင်းလျှိုထားတဲ့ လိပ်တစ်ကောင်သက်သက်ပဲ... မြူနှင်းကျွန်းပေါ်မှာ ပုန်းနေပြီး အပြင်တောင် မထွက်ရဲဘူး... ဟဟ…"
"တကယ်လို့ စတုတ္ထအဆင့်အစီအရင်ကြီးသာ ကာကွယ်မထားရင် ငါတို့ မြူနှင်းကျွန်းကို သိမ်းပိုက်ပြီးနေလောက်ပြီ..."
"သူမက မင်းတို့ကို လာကယ်လိမ့်မယ်လို့ ထင်နေတုန်းလား... ငါ့အံသွား ကျွတ်ကျအောင်တောင် ရယ်လိုက်ချင်ပါသေးရဲ့... ဟားဟားဟား…"
စတုတ္ထအဆင့် အောက်ခြေအဆင့် ကျားမိစ္ဆာက အားပါးတရ ရယ်မောလိုက်ပြီး ကမ္ဘာ့အကြီးမားဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဖြစ်နေလေ၏။
"နင်..."
ဤစကားကို ကြားသောအခါ မြူနှင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူများ အံကြိတ်လိုက်မိကြပြီး၊ အလွန်ပင် မကျေမနပ် ဖြစ်နေကြပေသည်။
သို့သော် ဤမိစ္ဆာကျင့်ကြံသူများ ပြောသည်မှာ မှန်ကန်ကြောင်း သူမတို့ သိထားကြပေသည်။
မည်သို့ပင်ဖြစ်စေ ဤမိစ္ဆာကျင့်ကြံသူများ၏ အင်အားသည် အလွန်တရာ ကြီးမားလွန်းပြီး မြူနှင်းနန်းတော်ထက် များစွာ သာလွန်နေပေသည်။
အကယ်၍ မြူနှင်းကျွန်း၏ စတုတ္ထအဆင့်အစီအရင်ကြီးကိုသာ အားမကိုးပါက မြူနှင်းနန်းတော်သည် စောစီးစွာကပင် ပျက်စီးသွားလောက်ပြီ ဖြစ်၏။
"ထားလိုက်တော့... အစာတစ်အုပ်နဲ့ စကားပြောနေရတာ ငါ့အချိန်တွေကို ဖြုန်းတီးရာ ရောက်တယ်..."
"အားလုံး သေလိုက်ကြတော့..."
စတုတ္ထအဆင့် အောက်ခြေအဆင့် ကျားမိစ္ဆာ၏ မျက်နှာအမူအရာမှာ ရုန့်ရင်းကြမ်းတမ်းသွားပြီး ဝုန်းခနဲ အသံနှင့်အတူ ၎င်း၏ကြီးမားသော အမည်းရောင်ကျားလက်ဝါးကြီးဖြင့် ထပ်မံ ရိုက်ချလိုက်ပြန်သည်။
ဤတိုက်ခိုက်မှုတွင် ဝိညာဉ်သန္ဓေသားစွမ်းအားများ ပါဝင်နေပြီး မိုင်ရာချီအကွာအဝေးကို ဖုံးလွှမ်းသွားကာ၊ ဤဧရိယာတစ်ခုလုံးကို မြေပြင်ညီ ဖြစ်သွားစေရန် လုံလောက်ပေသည်။
သာမန် ရွှေအမြုတေ ကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်သော အရာမဟုတ်ပေ။
အဆင့်ကွာခြားချက်မှာ ကြီးမားလွန်းလှပေသည်။