ကောင်းကင်ကို စီရင်၊ မြေပြင်ကို ချေမှုန်း၊ မိစ္ဆာနတ်ဆိုးအပေါင်းအား သုတ်သင်ခြင်း။ သက်ရှိအားလုံး၏ သတ်ဖြတ်လိုစိတ်ကို စုစည်းထားသော ဓားတစ်လက်(၃)။
Vol. 48 Ch. 524
မြူနှင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူများမှာ မျက်လုံးမှိတ်ပြီး သေခြင်းတရားကို စောင့်ဆိုင်းနေချိန်တွင် လူရိပ်တစ်ခုက ရုတ်တရက်ပေါ်လာပြီး၊ ထိုကျားမိစ္ဆာ၏ရှေ့တွင် ပိတ်ရပ်လိုက်ကာ သူ၏လက်ဖဝါးကို ညင်သာစွာ ဆန့်ထုတ်လိုက်လေသည်။
ဤသာမန် လူသားလက်ဖဝါးသည် နဂါးဆင်စွမ်းအားများ ပါဝင်နေသကဲ့သို့ပင် ဖြစ်နေချေသည်။
ကျားလက်ဝါးနှင့် လူသားလက်ဖဝါးတို့ ထိပ်တိုက်တွေ့သွားတော့သည်။
အုန်း...
လေထဲတွင် ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး၊ မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်သောအသံလှိုင်းများ ဖြစ်ပေါ်လာကာ အသံထက်မြန်သော ပေါက်ကွဲမှုမျိုး ဖြစ်သွားလေသည်။
နောက်တစ်စက္ကန့်တွင် ထို ခန္ဓာကိုယ်ကြီးမားသော ကျားမိစ္ဆာကြီးသည် သွေးပျက်ဖွယ်အော်ဟစ်လိုက်ရပြီး၊ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မခုခံနိုင်ဘဲ၊ ကြီးမားသောခန္ဓာကိုယ်ကြီးသည် အမြောက်ဆံကဲ့သို့ နောက်ပြန်လွင့်စဉ်သွားကာ တောင်တစ်လုံးပြီး တစ်လုံးကို ဝင်ဆောင့်မိပြီး တောင်များ ပြိုပျက်သွားလေတော့သည်။
နောက်ဆုံးတွင် မိုင်တစ်ရာအကွာရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး မြေကြီးပေါ်တွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ ဖုန်မှုန့်များ အုန်းအုန်းထသွားပြီး ကျောက်ခဲများ လွင့်စဉ်သွားလေသည်။
ထိုစတုတ္ထအဆင့် အောက်ခြေအဆင့် ကျားမိစ္ဆာကြီးမှာ ပါးစပ်မှ သွေးများအန်ထွက်လာပြီး ခန္ဓာကိုယ်ပေါ်ရှိ အရေပြားများ အက်ကွဲသွားကာ ရွှေရောင်မိစ္ဆာသွေးများ စီးကျလာတော့သည်။
ဤတိုက်ခိုက်မှုတစ်ခုတည်းဖြင့် ၎င်း၏ခန္ဓာကိုယ်ကို အပြင်းအထန် ဒဏ်ရာရသွားစေခဲ့ပုံ ရပေသည်။
ဘာ...
ရုတ်တရက် ဖြစ်ပေါ်လာသော ဤမြင်ကွင်းသည် ယုံထိုက်ကျွန်းတစ်ခုလုံးရှိ စတုတ္ထအဆင့် မိစ္ဆာသားရဲ (၂၄) ကောင်၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ထိုအထဲတွင် စတုတ္ထအဆင့် အထွတ်အထိပ်အဆင့် ကျောင်းလုံလည်း ပါဝင်ကာ ၎င်းတို့၏အကြည့်များသည် ရုတ်တရက် ပေါ်လာသော ဤလူရိပ်အပေါ်သို့ ရောက်ရှိသွားကြတော့သည်။
ဤအချိန်တွင် မဖိတ်ခေါ်သော ဧည့်သည်တစ်ဦး ရောက်ရှိလာလိမ့်မည်ဟု ၎င်းတို့ ထင်မှတ်မထားခဲ့ကြပေ။
"လူသားကောင်... နာမည် ပြောစမ်း..."
ကျောင်းရှိချီတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသော ဤလူသားကျင့်ကြံသူကို စိုက်ကြည့်လိုက်မိသည်။ ဤလူသားကျင့်ကြံသူထံမှ အမည်မဖော်ပြနိုင်သော အန္တရာယ်ရှိသည့် အငွေ့အသက်များနှင့် ဖိအားများကို ၎င်း၏ပင်ကိုအသိစိတ်ဖြင့် အာရုံခံမိလိုက်ပေသည်။
ကျင့်ကြံခြင်းအဆင့်မှာ စတုတ္ထအဆင့် အလယ်အလတ်သာ ရှိသော်လည်း၊ ၎င်းကို ကြီးမားသော ခြိမ်းခြောက်မှုအား ပေးစွမ်းနေချေသည်။
ထို့အပြင် တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ သာလွန်မြင့်မြတ်သော သွေးမျိုးဆက်စွမ်းအားကိုပါ ခံစားနေရပြန်သည်။
အစစ်အမှန်နဂါး တစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ပင် ဖြစ်ချေသည်။
ဤခံစားချက်မှာ သေချာပေါက် ယုံကြည်နိုင်စရာ မရှိပေ။ ရှင်းရှင်းလင်းလင်းပင် လူသားတစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလော။
"မင်းတို့ ငါ့ကို ‘ဝူမင်’ လို့ ခေါ်နိုင်တယ်..."
(စကားချပ် - ဝူမင် ဆိုတာ အမည်မဲ့၊ အမည်မရှိလို့ အဓိပ္ပါယ် ရပါတယ်)
စကားပြောလိုက်သူမှာ သဘာဝကျစွာ ကျိုးစွေ့ပင် ဖြစ်၏။
မှန်ပေသည်၊ ဤသည်မှာ ကိုယ်ပွားတစ်ခုသာ ဖြစ်ပြီး ယခု သူသည် သူ၏ရုပ်ရည်ကို ဖုံးကွယ်ထားကာ သာမန်လူတစ်ယောက်၏ ပုံစံအဖြစ် ပြောင်းလဲထားသည်။
မည်သူမျှ သူ၏မူလသရုပ်မှန်ကို မှတ်မိနိုင်မည် မဟုတ်ပေ။
အမှန်တကယ်တွင် ယုံထိုက်ကျွန်းသို့ ရောက်ရှိလာခြင်းသည်လည်း တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပေသည်။
'ပစ္စည်းရှာဖွေကူ' ၏ သတင်းအချက်အလက်ကို ရရှိပြီးနောက် ကျိုးစွေ့၏ကိုယ်ပွားသည် ချက်ချင်းဆိုသလို လှုပ်ရှားခဲ့သည်။ 'ပစ္စည်းရှာဖွေကူ' ၏ လမ်းညွှန်မှုအရ သူ ရှာဖွေလိုသော 'နဂါးမုတ်ဆိတ် ရေခဲမီးအသီး' သည် ယုံထိုက်ကျွန်းပေါ်တွင် ရှိနေကြောင်း တွေ့ရှိခဲ့ရပေသည်။
ပိုမိုတိကျစွာ ပြောရလျှင် မျက်စိရှေ့မှောက်ရှိ စတုတ္ထအဆင့် အထွတ်အထိပ်ရှိ ရေနဂါး၏ ကိုယ်ပေါ်တွင် ရှိနေခြင်း ဖြစ်ပေသည်။
ဆိုလိုသည်မှာ 'ပစ္စည်းရှာဖွေကူ' က သူ့ကို လမ်းညွှန်ပြသနေသည်မှာ ဤစွမ်းအားကြီးမားသော ရေနဂါးပင် ဖြစ်ချေသည်။
မှန်ပေသည်၊ ဤမျှ လျင်မြန်စွာ ရောက်ရှိလာနိုင်ရခြင်း အကြောင်းရင်းမှာ သူ၏ကိုယ်ပွားများသည် ချန်လန်ပင်လယ်ဒေသ နေရာအနှံ့အပြားတွင် ပျံ့နှံ့နေပြီးသား ဖြစ်သောကြောင့်ပင် ဖြစ်ပေသည်။
လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သူ၏ကိုယ်ပွားများသည် တည်နေရာရွှေ့ပြောင်းအစီအရင်များမှတစ်ဆင့် မြူနှင်းနန်းတော်၊ ကောင်းကင်ဓားဂိုဏ်း၊ ဆည်းဆာဂိုဏ်း၊ ကောင်းကင်မိစ္ဆာဂိုဏ်း စသည့် ဝိညာဉ်သန္ဓေသားအင်အားစုများ ရှိရာ ပင်လယ်ဒေသများသို့ ရောက်ရှိခဲ့ပြီး သတင်းအချက်အလက်များကို အဆက်မပြတ် စုဆောင်းနေခဲ့သည်။
သူ၏ကိုယ်ပွားများမှာ များပြားလှသဖြင့် အချင်းချင်း ဆက်သွယ်နိုင်ပေသည်။
ထို့ကြောင့် ကျိုးစွေ့သည် အိမ်ထဲမှ ခြေတစ်လှမ်းမခွာဘဲ ချန်လန်ပင်လယ်ဒေသတွင် ဖြစ်ပျက်နေသည့် အရာတိုင်းကို သိရှိနိုင်ပေသည်။
သတင်းရယူနိုင်မှုနှုန်းသည် အခြားသော ကျင့်ကြံသူများထက် ပိုမို မြန်ဆန်ပေသည်။
သို့သော် ယုံထိုက်ကျွန်းသို့ ရောက်ရှိသည့် အခိုက်အတန့်တွင် သတ်ဖြတ်ပွဲတစ်ခုနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။
ဤမိစ္ဆာကျင့်ကြံသူများသည် ကျွန်းတစ်ကျွန်းလုံးရှိ လူသားများကို သတ်ဖြတ်ခဲ့ကြသည်။
လူအို၊ လူနာ၊ ကလေး၊ အမျိုးသမီးဟူ၍ မည်သူ့ကိုမျှ အလွတ်မပေးခဲ့ပေ။
သူသည် အလွယ်တကူ ဒေါသထွက်တတ်သူ မဟုတ်သော်လည်း၊ ဤမြင်ကွင်းကို မြင်သောအခါ ဒေါသထွက်သွားရသည်။
ဤသာမန်လူသားများသည် မည်သည်ကိုမျှ မလုပ်ခဲ့ကြသလို မည်သည့်အမှားမှလည်း မရှိကြပေ။
အားနည်းသောကြောင့်သာ ဤမိစ္ဆာသားရဲများ၏ သတ်ဖြတ်ခြင်းကို ခံရပြီး၊ ၎င်းတို့၏ဝမ်းဗိုက်ထဲမှ အစာ ဖြစ်သွားခဲ့ရခြင်း ဖြစ်ပေသည်။
ထို့အပြင် ဤသည်မှာ ချန်လန်ပင်လယ်ဒေသတွင် ဖြစ်ပျက်နေသော လက်တွေ့အခြေအနေ၏ ရေခဲတောင်ထိပ်ဖျားလေး တစ်ခုသာဖြစ်၏။
ဤမိစ္ဆာသားရဲများ ကျင့်ကြံခြင်းလောကသို့ ရောက်ရှိလာပြီးနောက်တွင် လူသားမည်မျှသည် ၎င်းတို့၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ကို မသိနိုင်ပေ။
အကယ်၍ သူသာ အင်အားနည်းပါးပါက ထွက်ပြေးရန် ရွေးချယ်ပြီး ကိုယ့်လွတ်ရုန်းကောင်း ရုန်းမိပေလိမ့်မည်။
သို့သော် ယခုတွင်မူ အခြေအနေက မတူတော့ပေ။
ယခု သူ့တွင် ဤမိစ္ဆာကျင့်ကြံသူအကုန်လုံးကို သတ်ပစ်နိုင်သော အင်အားရှိနေပြီ ဖြစ်ပေသည်။
သာမန်လူတစ်ယောက် ဒေါသထွက်လျှင်ပင် သွေးမြေကျစေနိုင်သည် မဟုတ်ပါလော။
"သတ်ဖြတ်လိုစိတ်တဲ့လား… ဟဟ... ငါ့ကိုတောင် သတ်ဖြတ်လိုစိတ် ရှိရဲတယ်ပေါ့..."
"မင်းလို သာမန် စတုတ္ထအဆင့် အလယ်အလတ် လူသားကျင့်ကြံသူလေး တစ်ယောက်ကများ... ငါ့ကို ရယ်ချင်အောင် လာလုပ်နေတာပဲ..."
"ဘယ်ဟာကများ မင်းကို ဒီလိုယုံကြည်မှုမျိုး ပေးလိုက်လို့ ငါ့ရှေ့မှာ လက်ခမောင်းလာခတ်ရဲနေတာလဲ..."
ကျိုးစွေ့၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်သောအခါ ကျောင်းရှိချီက ချက်ချင်းပင် ရယ်မောလိုက်လေသည်။
အစောပိုင်းက ၎င်း၏အာရုံခံစားမှုသည် သေချာပေါက် မှားယွင်းမှုတစ်ခုသာ ဖြစ်လိမ့်မည်ဟု ယူဆလိုက်ချေသည်။
သာမန် လူသားကျင့်ကြံသူတစ်ယောက်က ၎င်းကို အစစ်အမှန်နဂါးကဲ့သို့သော ဖိအားမျိုးအား မည်သို့ ပေးနိုင်ပါမည်နည်း။
ဤလူသားကျင့်ကြံသူသည် ထူးခြားသောဖိအားကို ထုတ်လွှတ်နိုင်သည့် ကျင့်စဉ်တစ်ခုခုကို ကျင့်ကြံထားသဖြင့်သာ၊ ၎င်းကို ထင်ယောင်ထင်မှား ဖြစ်စေပြီး ၎င်း၏သွေးမျိုးဆက်ကို တုန်လှုပ်စေခြင်း ဖြစ်ရပေမည်။
မည်သို့ပင်ဖြစ်စေ ကျင့်ကြံခြင်းအဆင့်က ကျင့်ကြံခြင်းအဆင့်ဖြစ်သလို၊ အင်အားသည်ကား အင်အားပင်ဖြစ်ပြီး သာမန်အရှိန်အဝါသက်သက်ဖြင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
တစ်ဖက်လူသည် အစစ်အမှန်နဂါး ဖြစ်လျှင်ပင်၊ ငယ်ရွယ်သော အဆင့်တွင်သာ ရှိသေးပါက ပြောပလောက်စရာ မရှိသေးပေ။
ဤအကြောင်းကို တွေးမိပြီးနောက်၊ ၎င်း၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် မိစ္ဆာစွမ်းအင်များ ပျံ့နှံ့လာပြီး၊ မိစ္ဆာစွမ်းအင်များ ကောင်းကင်သို့ ထိုးတက်သွားကာ ကျိုးစွေ့ကို ချက်ချင်းတိုက်ခိုက်ရန် ပြင်လိုက်တော့သည်။
"သေလိုက်တော့..."
ထိုအချိန်တွင် အခြားသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ချက်ချင်းပင် လေထဲတွင် ကြောက်မက်ဖွယ် ဓားအလင်းတစ်ခုက လက်သွားကာ နေမင်းကို ထိုးဖောက်သွားသော မြစ်ရှည်ကြီးတစ်ခုအလား ကျောင်းရှိချီထံသို့ ပစ်ဝင်သွားပြီး ကောင်းကင်ကိုပင် စုတ်ဖြဲပစ်လိုက်ပေသည်။
ဤဓားချက်သည် အနည်းဆုံး ဝိညာဉ်သန္ဓေသားနှောင်းပိုင်းအဆင့် မဟာကျင့်ကြံသူ၏ စွမ်းအားမျိုး ပါရှိပြီး မိုင်တစ်ထောင်ကျယ်ဝန်းသော မြေကြီးကိုပင် စုတ်ဖြဲပစ်နိုင်သည်။
ထန်း...
နောက်တစ်စက္ကန့်တွင် ဤဓားချက်သည် ပေဆယ်ချီရှည်လျားသော ကျောင်းရှိချီ၏ ခန္ဓာကိုယ် အကြေးခွံများပေါ်သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်ရာ၊ သတ္တုချင်း ရိုက်ခတ်သံများ ထွက်ပေါ်လာပြီး ကြေးနံရံ သံတံတိုင်းကို ခုတ်ပိုင်းလိုက်သကဲ့သို့ ဖြစ်သွားကာ တောက်ပသောမီးပွားများ လွင့်စဉ်သွားလေသည်။
၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရေနဂါးအကြေးခွံများပေါ်တွင် အမည်းရောင်အလင်းလွှာတစ်ခု ပေါ်လာပြီး၊ ရေနဂါးခန္ဓာကိုယ် တစ်ခုလုံးကို အကာအရံတစ်ခုဖြင့် ဖုံးလွှမ်းလိုက်သကဲ့သို့ ဖြစ်ကာ ဖျက်ဆီး၍မရနိုင်သော ကာကွယ်မှုစွမ်းအား ပါဝင်နေပေသည်။
ပြင်းထန်လှသော ဤဓားချက်သည် ကျောင်းရှိချီကို ထိခိုက်အောင် မလုပ်နိုင်ဘဲ မီတာတစ်ရာခန့် နောက်ဆုတ်သွားစေရုံသာ ရှိပေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"ငါ့ရဲ့ ထိပ်တန်းဝိညာဉ်ရတနာ ချင်းဟယ်ဓားက နင့်ရဲ့ ကျောင်းလုံခန္ဓာကိုယ်ကို မခွဲနိုင်ဘူးတဲ့လား..."
ဤအချိန်တွင် အလွန်တရာ လှပသော လူရိပ်တစ်ခုက လူတိုင်း၏ရှေ့မှောက်သို့ ရောက်ရှိလာလေသည်။ သူမသည် သုံးပေရှည်သော ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး တင့်တယ်လှပစွာ ရပ်နေကာ ကောက်ကြောင်းအလှ ပေါ်လွင်နေသော ခန္ဓာကိုယ်မှ အဆုံးမဲ့ ဆွဲဆောင်မှုများကို ထုတ်လွှတ်နေလေသည်။ ပြိုင်ဘက်ကင်း ဓားနတ်သမီးတစ်ပါးကဲ့သို့ ရင်သပ်ရှုမောဖွယ် လှပနေကာ ပန်းပေါင်းတစ်ရာပင် ခေါင်းငုံ့သွားစေပြီး သူမနှင့် မယှဉ်ရဲအောင် ဖြစ်နေပေသည်။
"နန်းတော်သခင်မ..."
မြူနှင်းနန်းတော်မှ အမျိုးသမီးကျင့်ကြံသူ အများအပြားသည် သူမတို့၏ရှေ့မှောက်တွင် ရုတ်တရက် ထွက်ပေါ်လာသော ဤ ဝိညာဉ်သန္ဓေသား အမျိုးသမီးကျင့်ကြံသူကို အံ့သြဝမ်းသာစွာ ကြည့်လိုက်ကြမိပြီး၊ ရောက်လာသူမှာ မြူနှင်းနန်းတော်၏ နန်းတော်သခင်မ ယဲ့ဖေးရိုဖြစ်ကြောင်း ချက်ချင်းပင် မှတ်မိလိုက်ကြသည်။
နန်းတော်သခင်မသည် သူမတို့ကို ကယ်ဆယ်ရန် အမှန်တကယ်ပင် ကိုယ်တိုင်ကိုယ်ကျ ရောက်လာလိမ့်မည်ဟု သူမတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
ဤနေရာတွင် စတုတ္ထအဆင့် မိစ္ဆာသားရဲ အများအပြားရှိနေကြောင်း သိလျက်နှင့်ပင် စွန့်စားလာရောက်ခဲ့ခြင်း ဖြစ်ပေသည်။
တစ်ယောက်စီတိုင်း၏ ရင်ထဲတွင် ကြည်နူးမှုများ ပြည့်နှက်သွားကြတော့သည်။
"ဒီကတာအိုရောင်းရင်း... ဒီကျောင်းလုံက အရမ်း သန်မာလွန်းတယ်... ကျွန်မတို့ လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး..."
"ပြီးတော့ ရန်သူက အရေအတွက် များတယ်... ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ဘူး..."
"အရှင်က ရှေ့ထွက်ပြီး ကျွန်မရဲ့မြူနှင်းနန်းတော် တပည့်တွေကို ကယ်တင်ပေးခဲ့တာဆိုတော့ သေချာပေါက် လူကောင်းတစ်ယောက် ဖြစ်မှာပါ..."
"ကျွန်မလည်း သေချာပေါက် ရပ်ကြည့်မနေနိုင်ပါဘူး..."
"ဒီစတုတ္ထအဆင့် မိစ္ဆာကျင့်ကြံသူတွေကို ကျွန်မ တားထားပေးမယ်... ပြီးရင် အရှင်က ကျွန်မရဲ့ မြူနှင်းနန်းတော် တပည့်တွေကို ခေါ်ပြီး ထွက်ပြေးလိုက်ပါ..."
"ကျွန်မရဲ့ ဘေးကင်းရေးကို တာအိုရောင်းရင်း စိတ်ပူစရာ မလိုပါဘူး..."
"ဘာပဲပြောပြော ဒါက ကိုယ်ပွားတစ်ခုပါပဲ... ဒီမှာ သေသွားရင်တောင် မူလခန္ဓာကိုယ်ကို မထိခိုက်နိုင်ပါဘူး..."
မြူနှင်းနန်းတော် နန်းတော်သခင် ယဲ့ဖေးရိုသည် ကျိုးစွေ့ကို နတ်ဘုရားအာရုံဖြင့် ချက်ချင်းပင် စကားပြောလိုက်သည်။
ထင်ရှားသည်မှာ၊ သူမသည် ကျိုးစွေ့တစ်ယောက် ရှေ့ထွက်ပြီး သူမ၏မြူနှင်းနန်းတော် အမျိုးသမီးကျင့်ကြံသူ အများအပြားကို ကယ်တင်ပေးခဲ့သည့်အပေါ် အလွန်တရာ သဘောကျနေခြင်း ဖြစ်ပေသည်။
သာမန် လူသား ဝိညာဉ်သန္ဓေသားတစ်ဦးအနေဖြင့် စတုတ္ထအဆင့် မိစ္ဆာသားရဲ (၂၀) ကျော်ကို ရင်ဆိုင်ရပါက သေချာပေါက် ဝေးနိုင်သမျှ ဝေးဝေးကိုသာ ထွက်ပြေးပေလိမ့်မည်။
ယခုကဲ့သို့ အသက်အန္တရာယ်ကို စွန့်စားပြီး မြူနှင်းနန်းတော်မှ တစ်ခါမှ မမြင်ဖူးသောတပည့်များကို ကယ်တင်ချင်စိတ် ရှိမည် မဟုတ်ပေ။
မိမိကိုယ်ကိုယ် ဖြောင့်မတ်မှန်ကန်သောဂိုဏ်းကြီးများဟု ခံယူထားသော တပည့်များပင်လျှင် ဤအချက်ကို လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သောလမ်းစဉ် ကျင့်ကြံသူအများစုသည် ဂုဏ်လိုချင်ရုံသာဖြစ်ပြီး၊ အများစုမှာ ကိုယ်ကျိုးကြည့်သူများ ဖြစ်ကြပေ၏။
ဤအမည်မဲ့တာအိုရောင်းရင်းကဲ့သို့သော သူမျိုးသည် နှစ်တစ်သောင်း ဝိညာဉ်ဆေးမြစ်ထက်ပင် ပိုမို ရှားပါးလှပေသည်။
ထို့ကြောင့် မည်သို့ပင်ဖြစ်စေ သူမသည် ဤ အမည်မဲ့ဝိညာဉ်သန္ဓေသား ကျင့်ကြံသူကို ကယ်တင်ရမည် ဖြစ်၏။
ဤကဲ့သို့သော လူကောင်းမျိုးသည် တစ်ယောက်သေလျှင် တစ်ယောက် လျော့နည်းသွားမည်သာ ဖြစ်ပေသည်။
ယခုလက်ရှိ ကျင့်ကြံခြင်းလောကတွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေပြီ ဖြစ်လေ၏။