← Chapters

အတုအယောင်နှင့်အမှန်တရား

Vol. 5 Ch. 414

အတုအယောင်နှင့်အမှန်တရား

Vol. 5 Ch. 414

ဖန်းယန်ယင်းသည် ချန်ကျင်းချင်ကို လိုက်မမီသည့်အဆုံး တောင်ခြေသို့ ပြန်ဆင်း လာလေသည်။

သို့သော် သူမတောင်ခြေသို့ မရောက်မီမှာပင် ထင်းရှူးပင် တစ်ပင်ထက်တွင် ထိုင်နေသည့် ဆန်းလျန်ကို သူမ မြင်တွေ့ လိုက်ရလေသည်။

ထင်းရှူးကိုင်းထက်တွင် ထိုင်နေသည့် ဆန်းလျန်၏ ပုံစံမှာ ဒဏ္ဍာရီ ဆန်လွန်းလှပြီး ဝိညာဉ် ကမ္ဘာမှ နတ်ဘုရား တစ်ပါးအလား ထင်မှတ် ရလေသည်။

နေထွက်လာခဲ့ပြီ….။

နေထွက်လာသည်နှင့် လရောင်က လွင့်ပြယ် သွားခဲ့ပြီ။

ရော့စွေ မြစ်ရေစီးဆင်းသံ သဲ့သဲ့ကို ကြားနေရပြီး ပတ်ဝန်းကျင်သည် အထီးကျန် ဆန်လွန်းလှသည်။

"ယန်ယင်း၊ မင်းကို ကိုယ်ပျောက် ဓားဝိညာဉ်သိုင်း လေ့ကျင့်ဖို့ ပြောထားတာလေ၊ ဘာလို့ စကား နားမထောင်ဘဲ လျှောက်သွား နေရတာလဲ"

ဆရာဦးလေး၏ စကားသည် ပေါက်ကွဲသံ တစ်ခုအလား ဖန်းယန်ယင်း နားတွင်းသို့ ဝင်ရောက် လာလေသည်။

"ဆရာဦးလေး၊ ကျွန်မ လေ့ကျင့်ပြီးပါပြီ"

ဖန်းယန်ယင်းက ဒြပ်စင်ငါးပါး မှော်ဝင်ဓားကို ကိုင်ထားရင်း ပြောလိုက်သည်။

သူမ စကားဆံးသည်နှင့် ထင်းရှူးပင်မှ အရွက်များသည် ဓားတစ်လက်ဖြင့် ထိုးခုတ် ခံလိုက်ရသည့် အလား တဖြုတ်ဖြုတ် ကြွေကျကုန်လေသည်။

ဖန်းယန်ယင်းကတော့ တည်ငြိမ်စွာဖြင့် မှော်ဝင်ဓားကို သူမ၏ ရင်ပတ်ရှေ့တွင် တည့်မတ်စွာ ကိုင်ဆောင် ထားလေသည်။

ဤသည်မှာ သူက ရှိခြင်းမရှိခြင်း ဓားဝိညာဉ်ကို လေ့ကျင့်ခဲ့ကြောင်း ဆန်းလျန်ကို သက်သေပြလိုက်ခြင်းပင် ဖြစ်လေသည်။

ဆန်းလျန်က သူမကို စိုက်ကြည့်လိုက်ရင်း သက်ပြင်း တစ်ချက်ချလိုက်သည်။

"မင်းအိပ်မက်ထဲမှာ ထပ်ပြီး ဓားသိုင်း လေ့ကျင့်ခဲ့ပြန်ပြီ မဟုတ်လား"

"ဟုတ်ပါတယ် ဆရာဦးလေး၊ အိပ်မက်ထဲမှာ ဓားသိုင်း လေ့ကျင့်ခဲ့တာပါ၊ ဒီတစ်ခါတော့ အိပ်မက်က တကယ်ရှည်လျားတာပဲ၊ အိပ်မက်ထဲမှာ ချန်ကျင်းချင်က ဆရာ ဦးလေးရှာနေတဲ့ ထာဝရ အသက်သစ်သီးဆိုတာ သိခဲ့ရတယ်၊ ပြီးတော့ သူက အနာဂတ်မှာ ချင်းရွှမ် နတ်တံခါး ကျဆုံးခြင်း အတွက် တာဝန်ရှိသူ တစ်ယောက် ဖြစ်လာလိမ့်မယ်"

ဆန်းလျန်သည် ထင်းရှူးပင်ကိုင်းထက်တွင် ခပ်မတ်မတ် အနေအထားဖြင့် ထိုင်နေလေသည်။ လေပြင်းက ဝှေ့ယမ်း တိုက်ခတ် နေသည့်တိုင် ထင်းရှူးကိုင်းက တစ်ချက်ပင် မတိမ်းဘဲ တည်ငြိမ် နေလေသည်။

ဆန်းလျန်က…

"ကြည့်ရတာ မင်းရဲ့ အိပ်မက်ထဲမှာ ကျင့်ကြံတာနဲ့ အနာဂတ်ကို ခန့်မှန်းနိုင်တာက အကန့်အသတ် မရှိနိုင်ဘူး ထင်တယ်၊ ဒါက အခြား ကမ္ဘာတွေကို အချိန်ကို ဖြတ်သန်းပြီး သွားတဲ့ သဘောပဲ၊ ကျုပ်တောင်မှ တွက်ချက် ကြည့်နိုင်စွမ်း မရှိဘူး"

နတ်ဘုရား တစ်ပါးသည် သစ်ရွက်တစ်ရွက်ကို ကြည့်ပြီး အနာဂတ်ကို ခန့်မှန်း နိုင်လေသည်။

ဆန်းလျန်သည် ထိုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သို့သော် ဖန်းယန်ယင်း၏ အိပ်မက် များကတော့ ထူးဆန်း လွန်းနေလေသည်။

"ဆရာဦးလေး၊ အဲဒီလိုလည်း မဟုတ်ပါဘူး၊ ကျွန်မက ဆရာဦးလေးက ထာဝရ အသက် သစ်သီးကို မသုံးဆောင်ခဲ့လို့ ချန်ပေသိုကို အရှုံးပေး လိုက်ရတယ်လို့ အိပ်မက် မက်ခဲ့မိလို့ပါ"

ဖန်းယန်ယင်းက ပြောလိုက်သည်။

"ဘဝဆိုတာ နံနက်ခင်း နှင်းစက်လေးလိုပါပဲ၊ တောက်ပ ကြည်လင်တယ်လေ၊ ကျုပ်သေဆုံးတာကို မင်းအိပ်မက် မက်ခဲ့ပေမယ့် ကျုပ်မှ မသိနိုင်ခဲ့ဘဲ၊ မင်းအိပ်မက်ထဲမှာ ကျုပ်ဘယ်လို သေခဲ့ရတာလဲ၊ သူရဲကောင်း ဆန်ဆန်ပဲလား"

ဆန်းလျန်က သူ့အကြောင်းကို အခြားသူ တစ်ယောက် အကြောင်းကဲ့သို့ ပေါ့ပေါ့ပါးပါးပင် မေးနေလေသည်။ သူသည် သေခြင်းတရားကို ကျော်လွန်ပြီး ရှုမြင်နိုင်သည့် သူတစ်ယောက် ဖြစ်နေခဲ့ပြီ။

သို့သော် သူက သေမှာကို ဂရုမစိုက်သည်တော့ မဟုတ်ပါ။ သို့သော် သူက အနာဂတ် အဖြစ်အပျက် တစ်ခုအတွက်ဖြင့် စိုးရိမ်ပူပန်နေမည့် လူစားမျိုးတော့ မဟုတ်ပေ။

တစ်နည်းပြောရလျှင် မနက်ဖြန်သည် မည်မျှရက်စက်ပါစေ…

ဒီနေ့အဖို့ ခံနိုင်ရန် ရှိရန်မှာ ပိုအရေးကြီးသည် မဟုတ်ပါလား။

ဆန်းလျန်စကားကြောင့် ဖန်းယန်ယင်းက ရယ်မောလိုက်သည်။

အမှန်တော့ သူမက အိပ်မက်မှ နိုးလာပြီးသည့်နောက် သူမခေါင်းထဲသို့ ဝင်လာသည့် တစ်ခုတည်းသော အတွေးမှာ သူမ၏ ဆရာဦးလေး အတွက် ချန်ကျင်းချင်ကို သတ်ရန် ဖြစ်လေသည်။

"ဆရာဦးလေးရဲ့ဓားက ကျုန်းစန်းတောင် တစ်ခုလုံးကို အကုန် ရှင်းပစ်ခဲ့တယ်၊ ချန်ပေသိုရဲ့ ဝတ်ကျောင်းတော်တောင် မကျန်ခဲ့ပါဘူး"

ဖန်းယန်ယင်းက ပြန်ဖြေလိုက်သည်။

"အာ… ကျုပ်ဓားက အဲဒီလောက်တောင် အစွမ်းထက်မယ်လား၊ ဒါဆိုရင် ချန်ပေသိုကို ရှုံးမယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ၊ ဒါပေမယ့် ချန်ပေသိုဟာ ရုပ်ဝတ္ထု ပစ္စည်းတွေကို ဂရုစိုက်တတ်တဲ့ လူတစ်ယောက်မှ မဟုတ်ဘဲလေ"

အမှန်တော့ ချန်ပေသိုသည် ဓားသူတော်စင် ကျီဝေးကို စိန်မခေါ်မီ ဆန်းလျန်ကို စမ်းသပ်ကာ ပညာပြိုင်လိုခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန် အနေဖြင့် ချန်ပေသိုကို ရှုံးနိမ့်ခဲ့လျှင်တောင်မှ အသက် အန္တရယ်ကိုတော့ ကာကွယ်နိုင်ကောင်း ကာကွယ်နိုင်မည် ဖြစ်လေသည်။

ဆန်းလျန်သည် ဖြစ်နိုင်ချေများကို စဉ်းစားနေရင်းမှ ဖန်းယန်ယင်းကို မေးခွန်းတစ်ခု မေးလိုက်သည်။

"ယန်ယင်း၊ မင်း လင်ထိုင် တာအိုပြိုင်ပွဲနဲ့ ပတ်သက် ပြီးတော့ရော အိပ်မက် မက်တာမျိုး ရှိသေးလား"

"မမက်ပါဘူး"

ဖန်းယန်ယင်း၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ပြန်ဖြေ လိုက်လေသည်။

"လူတစ်ယောက်ဟာ အိပ်မက်ထဲကို လာပြီး အနာဂတ်မှာ ဖြစ်နိုင်ချေ ရှိတာတွေကို မဟုတ်တမ်း တရားတွေ လျှောက်ထည့် ပေးတတ်တာမျိုး ရှိတတ်တယ်၊ အဲဒီလို အလုပ်မျိုးက လူတစ်ယောက်က လုပ်နိုင်တယ်၊ ဒါပေမဲ့ ကျုပ်သူ့ကို ထပ်ပြီး သည်းခံမှာတော့မဟုတ်တော့ဘူး"

ဆန်းလျန်က တည်ငြိမ်သည့် အသံဖြင့် ပြောလိုက်သည်။

သို့သော်… သူ့အသံတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နေ လေသည်။

ဆန်းလျန်ထံမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုသည့် အငွေ့အသက် များကြောင့် ထင်းရှူး ပင်သည်ပင်လျှင် ညှိုးနွမ်း သွားရလေသည်။

သို့သော် ဖန်းယန်ယင်း၏ အိပ်မက်များကတော့ လူတစ်ယောက်၏ ပယောဂ ပါဝင်ခြင်း မဖြစ်နိုင်သေးပါ။

ဆန်းလျန်သည် သက်ပြင်း တစ်ချက်ချလိုက်ရင်း ခြောက်သွေ့သွားသည့် ထင်းရှူးပင်ထက်မှ မြေပြင်ထက်သို့ ဆင်းလိုက်လေသည်။

သူ၏စိတ်အာရုံတွင် ယန်ရွှီးကို တွေ့မြင်လိုက်ရလေသည်။

ယန်ရွှီးသည် ပင်လယ်တစ်ခု၏ အလယ်တွင် ရပ်နေပြီး ဆန်းလျန်ကို ပြုံးပြ နေလေသည်။

ဆန်းလျန်သည် ချက်ချင်းပင် စိတ်အာရုံကို သန့်စင်လိုက်ကာ ထိုပုံရိပ်ကို ဖယ်ရှား ပစ်လိုက်လေသည်။

အကယ်၍ ဆန်းလျန်သာ ကြိုမြင်ခြင်းမရှိပါက ဖန်းယန်ယင်းသည် ချန်ကျင်းချင်ကို သတ်မိ လိုက်နိုင်လေသည်။ သို့သော် ချန်ကျင်းချင်သည် သေမည့်သူ တစ်ယောက် မဟုတ်ပါ။ သူ့ကိုယ်ထဲတွင် ထူးဆန်းသည့် ဖြစ်တည်မှု တစ်ခုရှိလေသည်။

ထို့ပြင် ချန်ကျင်းချင်၏ ဇာစ်မြစ်မှာ ရော့စွေမြစ်နှင့် ဆက်စပ်နေသည့် အတွက် ပင်လယ်နှင့် သက်ဆိုင်သည့် နောက်ကြောင်း တစ်ခု ရှိနိုင်လေသည်။

ဆန်းလျန်လို လူတစ်ယောက်အတွက် ချန်ကျင်းချင်ဆီမှ ထာဝရ အသက် သစ်သီးစွမ်းအား များကို ရယူရန်မှာ လွယ်ကူလွန်းလှလေသည်။

သို့သော် ဆန်းလျန်သည် အစကတည်းက ထိုသို့ပြုလုပ်ရန် ဆန္ဒမရှိခဲ့သလို မည်သည့် အခါတွင်မှလည်း ထိုသို့ ပြုလုပ်လိမ့်မည် မဟုတ်ပေ။ ချန်ကျင်းချင်ကို အသုံး ချလိုက်ပါက ဆန်းလျန်၏ တန်ခိုးစွမ်းအားများမှာ အစမတန် တိုးတက် မြင့်မား လာနိုင်လေသည်။ သို့သော်… ထိုအရာသည် သူ့အတွက် ထောင်ချောက် တစ်ခုမျှသာ ဖြစ်လေသည်။

ဆန်းလျန်သည် သူ၏ညာဘက်လက်မှ မိစ္ဆာစွမ်းအားများကို မငြိမ်းသော မီးအိမ်စွမ်းအားဖြင့် ချေဖျက်ထားခြင်း ဖြစ်လေသည်။

မငြိမ်းသောမီးအိမ်မှ တန်ခိုးစွမ်းအားကြောင့် ဆန်းလျန်၏ တန်ခိုးစွမ်းအားများ မြင့်တက် လာခဲ့သလို သစ္စတရားနှင့်လည်း ပိုမိုနီးကပ် လာခဲ့လေသည်။ သို့သော် အချိန် ကြာလာသည်နှင့်အမျှ အရိုးကျနေသည့် ညာဘက်လက်၏ ဒုက္ခပေးမှုကို ခံရကာ သူ့ဘဝတစ်ခုလုံး ပြိုလဲ သွားနိုင်လေသည်။

သူတို့ နှစ်ဦးအကြောင်းကို အရိပ်အမြွက် ပြောပြခဲ့သည့် ရဲ့လျိုယွင်၏ အကြံပေးစကားကို ဆန်းလျန် သတိရနေမိသည်။

ရဲ့လျိုယွင်သည် အစပိုင်းကတည်းက တစ်စုံတစ်ခုကို သိထားနိုင်ပြီး ထိုအသိသည် အမှန်တရားနှင့် နီးစပ်နိုင်လေသည်။

မည်သို့ပင် ဖြစ်စေ ဆန်းလျန်သည် တွေးတော ပူပင်နေတတ်သည့် လူစားမျိုးမဟုတ်ပေ။

သူနှင့် ချန်ပေသို၏ ပြိုင်ပွဲအကြောင်းကို ဖန်းယန်ယင်း အိပ်မက် အဖြစ် မြင်မက်ခဲ့သည်မှာ မှားယွင်းနေသည့် ကိစ္စတစ်ခုတော့ မဟုတ်ပေ။

အကယ်၍ ဆန်းလျန်သာ ပြောင်းလဲမှုများကို ပြုလုပ်မထားဘူး ဆိုပါက ဆန်းလျန်သည် လုံးဝ ပြိုလဲပျက်စီး သွားရမည် ဖြစ်လေသည်။

***

All Chapters