ကောင်းလိုက်တဲ့ တွက်ချက်မှု
Vol. 4 Ch. 31
လီရှီက ဆူညံပွက်လောရိုက်နေသည့် သားအမိနှစ်ယောက်ကို ကြည့်ကာ ခေါင်းကိုက်လာပြီး သူမ၏နားထင်ကို သူမဘာသာ ပြန်ဖိထားလိုက်သည်။ ထို့နောက် သူမက စုန့်တင်းရှန်းဘက်သို့ လှည့်ကာ သူမ၏အမြင်ကို မေးလိုက်သည်။
"အာ့နွီ... နင်ရော ဘယ်လိုထင်လဲ?"
"ခဲအိုရဲ့ လုပ်ရပ်တွေက တကယ့်ကို ဒေါသထွက်စရာပဲ။ ဒါပေမယ့် အစ်မနဲ့ ခဲအိုမှာ သားလေးတစ်ယောက် ရှိနေသေးတယ်၊ အဲ့တော့... ဒါက အစ်မရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်တာပါ၊ သမီး ထင်တာတော့ အစ်မ သိပ်စိုးရိမ်စရာ မလိုပါဘူး။ သူတို့မိသားစုက ကိုယ်ကျင့်တရား သိပ်မရှိဘူးဆိုပေမယ့် အကျိုးအမြတ်ကို မက်မောတာကတော့ အသိသာကြီးလေ၊ သူတို့ ရှချမ်းဆီက ဘာမှ ရမှာမဟုတ်ဘူးဆိုတာ သူတို့ သိသွားတာနဲ့ အစ်မနဲ့ အေးအေးဆေးဆေး ပြန်ဖြစ်သွားကြမှာ သေချာတယ်"
အစပိုင်းတွင် သူမက ကွာရှင်းရန် အကြံပေးချင်သော်လည်း ဤရှေးခေတ်တွင် အမျိုးသမီးများအတွက် လက်ထပ်သည်ဖြစ်စေ၊ ကွာရှင်းသည်ဖြစ်စေ ဘဝက မလွယ်ကူလှပေ။ မိဘအိမ်က ထောက်ပံ့နိုင်လျှင်ပင် ပတ်ဝန်းကျင်၏ အတင်းအဖျင်း စကားများကို သည်းခံနိုင်ရန် ခက်ခဲလှသည်။
ထို့အပြင် လောလောဆယ်တွင် ရှမိသားစုက အရှိန်အဝါ ကောင်းနေသောကြောင့် ပြဿနာ အကြီးအကျယ် ဖြစ်လာပါက စုန့်ယွိလန်အတွက် ပိုဒုက္ခရောက်နိုင်ဖွယ်သာ ဖြစ်လာပေလိမ့်မည်။
ခေတ္တ တိတ်ဆိတ်သွားပြီးနောက်တွင် စုန့်တင်းရှန်းက ထပ်မေးလိုက်ပြန်သည်။
“အစ်မ၊ နင် ဘယ်လိုလုပ်မယ် စဥ်းစားထားလဲ?”
စုန့်ယွိလန်ကလည်း အမှန်တကယ် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ သူမက အိမ်ထောင်သက် (၃) နှစ်ခန့်သာ ရှိသေးသည့် ချွေးမတစ်ဦးဖြစ်ပြီး အသက်ကလည်း နှစ်ဆယ်ခန့်သာ ရှိနေသေးသည်။ သူမထံတွင် ဤမျှ နက်နက်နဲနဲ စဉ်းစားနိုင်စွမ်း မရှိသေးချေ။
လီရှီက သက်ပြင်းချရင်း ဝင်ပြောလိုက်သည်။
"ကြည့်စမ်းပါဦး၊ ဒီအမေက မွေးထားတဲ့ မိန်းကလေးနှစ်ယောက်တောင် တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး၊ တာ့နွီက သူ့အဖေနဲ့တူပြီး ရိုးရိုးအေးအေးနဲ့ အလုပ်ကိုပဲ တစ်စိုက်မတ်မတ် လုပ်တတ်တယ်၊ အာ့နွီကတော့ တော်တော်လေး ဉာဏ်ကောင်းပြီး ပါးနပ်လွန်းတယ်၊ အနည်းဆုံးတော့ သူ့အမေနဲ့မတူတာကိုပဲ ကျေးဇူးတင်ရတော့မှာပေါ့လေ"
ဖန့်ရှီက မကျေမနပ်ဖြင့် ရန်တွေ့လာသည်။
"ကျွန်မရဲ့သမီးက ကျွန်မရဲ့အကျင့်စရိုက်နဲ့ တုတော့ ဘာဖြစ်လဲ? ကျွန်မကတော့ အာ့နွီက ကျွန်မနဲ့ တူတယ်လို့ ထင်တာပဲ"
လီရှီက သူမနှင့် ပြိုင်မငြင်းဘဲ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
"နင့်သမီးအငယ်သာ နင့်လို အကျင့်မျိုးဆိုရင် ဒီအိမ်က အစောကြီးကတည်းက အကြီးအကျယ် ဆူညံနေလောက်ပြီ၊ တာ့နွီ... နင့်ညီမ ပြောတာ မှန်တယ်။ ဒီကိစ္စက နင် ဘယ်လိုရပ်တည်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်၊ ရှမိသားစုထဲက နင့်ရဲ့နေရာကို ခိုင်မာအောင် လုပ်ချင်ရင် နင်ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ ပြီးတော့ နင် ခုနက အဲ့လိုစကားတွေကို ပြတ်ပြတ်သားသား ပြောခဲ့တော့ ရှမိသားစုလည်း စိုးရိမ်နေလောက်ပြီ၊ ရှတာ့ရှန်းက နင့်ကို မကြာခင် လာခေါ်လိမ့်မယ်"
သူမ၏ စကားဆုံးသွားသည်နှင့် ခြံဝင်းထဲ၌ ကစားနေသည့် ထူတန်၏အသံထွက်ပေါ်လာသည်။
"အဖွား၊ ဦးလေး ရောက်လာတယ်"
"တွေ့လား? ပြောရင်းဆိုရင်းနဲ့ ရောက်လာပြီ"
လီရှီက အနည်းငယ်စိတ်ရှုပ်နေပုံရသော စုန့်ယွိလန်ကို ကြည့်ကာ ထပ်ပြောလိုက်သည်။
"အရမ်းကြီး စိတ်ပူမနေပါနဲ့၊ သူ လာခေါ်ရင် သူ့ကို အရင် ပြန်ခိုင်းလိုက်၊ နင်က နင့်အမေကို လွမ်းလို့ နောက်ထပ်နှစ်ရက်လောက် နေချင်သေးတယ်လို့ ပြန်ပြောလိုက်၊ ဖန့်ရှီ... နင်ကလည်း နင့်မြေးလေးကို လွမ်းလို့ တာ့နွီအာကို နှစ်ရက်လောက် ခေါ်ထားချင်တယ်လို့လည်း ပြောလိုက်၊ ပြီးရင် နောက်နှစ်ရက်မှာ သူတို့ ထပ်လာခေါ်မလားဆိုတာ စောင့်ကြည့်ကြမယ်၊ သူသာ ဒီနှစ်ရက်အတွင်း နောက်ထပ်လာခေါ်ရင် ပြန်လိုက်သွားပေါ့၊ မလာရင်လည်း ငါတို့ဘက်က ဘာမှ စိုးရမ်နေဖို့ မလို့ဘူး။ ရှမိသားစုမှာ ကျင့်ရှီတစ်ယောက် ရှိနေရုံနဲ့ ဘာလုပ်နိုင်မှာမို့လို့လဲ? ရှတာ့ရှန်းက ဆွေမျိုးငါးဆက်တောင် ကျော်နေပြီ၊ ရှချမ်းက သူတို့အားလုံးကို ဘယ်လိုလုပ်ပြီး ဂရုစိုက်ပေးနိုင်မှာတုန်း"
သူမ၏ စကားဆုံးသွားသည်နှင့် ရှတာ့ရှန်းက တံခါးအပြင်ဘက်မှ လှမ်းပြောလိုက်သည်။
"အဖွား... ကျွန်တော် ယွိလန်ကို လာခေါ်တာပါ"
ထို့နောက် သူက တံခါးအဝင်ဝမှ ကန့်လန့်ကာကို မတင်ကာ အထဲသို့ ဝင်လာခဲ့သည်။
ဖန့်ရှီက သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်ကာ မကျေမနပ် နှာမှုတ်လိုက်ပြီး သူမ၏မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။
လီရှီကတော့ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"မင်း ရောက်လာပြီလား? ထိုင်ဦးလေ... တာ့ရှန်း၊ မင်းတို့မိသားစုက ငါတို့ ယွိလန်အပေါ် သိပ်မကျေနပ်ကြဘူး ထင်တယ်နော်"
ရှတာ့ရှန်းမှာ ထိုင်ပင်မထိုင်ရဲဘဲ အလျင်အမြန် ရှင်းပြလာသည်။
"အဖွား... ဘာတွေပြောနေတာလဲ? ကျွန်တော်တို့မိသားစုအားလုံးက ယွိလန်ကို သဘောကျတာပေါ့"
ဖန့်ရှီက ဝင်ခနဲ့လိုက်သည်။
"သဘောကျမှာပေါ့... ဒီနှစ်တွေအတွင်းမှာ သူက မင်းတို့အတွက် ငွေလျန်နှစ်ဆယ်ကျော်တောင် သုံးပေးခဲ့တာလေ၊ ငါသာဆိုရင်လည်း သဘောကျမိမှာပဲ"
ရှတာ့ရှန်းတစ်ယောက် ချွေးစေးများ ထွက်လာပြီး စုန့်ယွိလန်ကို ထိတ်လန်တကြား လှမ်းကြည့်လိုက်သည်။ စုန့်ယွိလန်ကတော့ မျက်လုံးများ နီရဲနေပြီး ခေါင်းငုံ့ထားသည်။
လီရှီက ထပ်မေးလိုက်သည်။
"ဒါက ငါတို့မြေးမလေးရဲ့ လူကြီးတွေအပေါ် သိတတ်မှု မဟုတ်ဘူးလား? သူ ယူသွားတဲ့ ခန်းဝင်ငွေဆိုတာက သူ မင်းတို့ အိမ်မှာ ကောင်းကောင်းမွန်မွန် နေနိုင်အောင်လို့ ထည့်ပေးလိုက်တာလေ၊ ဒါပေမယ့် ယွိလန်... နင့်မှာလည်း အပြစ်ရှိတယ်၊ သူတို့ ရှချမ်းကို လက်ဆောင်ပေးချင်တာက ဖြစ်သင့်တဲ့အရာလေ၊ သူတို့က ရှမိသားစုဝင်တွေပဲ။ မနှစ်က နင့်ရဲ့ လယ်ငါးမူကနေ ထွက်တဲ့သီးနှံတွေကို ရောင်းလို့ရတဲ့ ငွေတွေ မရှိဘူးလား? သူတို့ကို ပေးလိုက်လေ"
စုန့်ယွိလန်က ရှိုက်သံဖြင့် ဝင်ပြောလိုက်သည်။
"ဒါပေမယ့် အခု လယ်ကထွက်တဲ့သီးနှံတွေကို ယောက္ခမကပဲ သိမ်းထားတာပါ၊ သူ ပြောတာက သူ့မြေးလေးအတွက် သိမ်းပေးထားတာတဲ့"
လီရှီ၏ မျက်နှာက ချက်ချင်းပင် အရောင်ပြောင်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒါက ဘာစကားလဲ? ချွေးမရဲ့ ခန်းဝင်ပစ္စည်းထဲက လယ်မြေကို ယောက္ခမက ဘယ်လိုလုပ်ပြီး စီမံခန့်ခွဲပိုင်ခွင့်ရှိလို့လဲ? ရှတာ့ရှန်း... မင်းတို့ မိသားစုက ငါ့မြေးမလေးကို မင်းတို့အိမ်ထဲမှာ ကျွန်ခံဖို့ လက်ထပ်ယူခဲ့တာလို့ တွေးနေတာလား? သူ့ရဲ့ ခန်းဝင်ငွေတွေကို သုံးပစ်တာကို ထားလိုက်ဦး၊ အခု ခန်းဝင်ပစ္စည်းထဲက လယ်မြေတွေကိုပါ ထိန်းချုပ်ချင်နေတာလား? မင်းတို့ ရှမိသားစုက အခုထိ မိသားစု မခွဲရသေးဘူး မဟုတ်လား? ကောင်းပြီ... ငါ မင်းတို့ အဘွားဆီ သွားမေးမယ်၊ သူကရော မင်းတို့အမေရဲ့ ခန်းဝင်ပစ္စည်းတွေကို သိမ်းထားလားဆိုတာ ငါ သိချင်သေးတယ်"
အဘွားအိုက ပြောပြောဆိုဆိုဖြင့် အိမ်ပြင်သို့ ထွက်သွားမည့် အမူအရာမျိုး လုပ်ပြလိုက်သည်။ ရှတာ့ရှန်းက ထိတ်လန့်တကြားဖြင့် အလျင်အမြန် တားဆီးလိုက်သည်။
"အဖွား... အဲဒီလိုမျိုး မဟုတ်ပါဘူး၊ အဲဒီလယ်ကထွက်တဲ့ သီးနှံတွေကို ကျွန်တော့်အဖေက ရောင်းပေးခဲ့တာပါ၊ ပိုက်ဆံကိုတော့ ကျွန်တော့်အမေဆီမှာ ခဏသိမ်းထားတာပါ၊ ကျွန်တော့်... ကျွန်တော့်အမေက ယွိလန် ပိုက်ဆံတွေကို မဆင်မခြင် သုံးပစ်မှာ စိုးလို့ ကူပြီး ထိန်းသိမ်းပေးနေတာပါ"
သူ မည်မျှပင် နုံအဖြစ်ပါစေ သူ့၏အမေက ချွေးမ၏ ခန်းဝင်ပစ္စည်းများအား အပိုင်စီးထားသည်ဟု ဝန်မခံရဲပေ။ ထိုသို့ပြောလိုက်ပါက ပြင်းထန်သော ဝေဖန်မှုများနှင့် ကဲ့ရဲ့ရှုတ်ချမှုများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားမည်ကို သူ နားလည်နိုင်သေးသည်။
“ဪ... အဲလိုလား?”
လီရှီက ခပ်တိုးတိုး ရေရွတ်ကာ သူမ၏ခြေလှမ်းကို ပြန်ရုတ်လိုက်ပြီး ထပ်မေးလိုက်သောကြောင့် ရှတာ့ရှန်းက သူ့ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြနေသည်။
လီရှီက နှာမှုတ်လိုက်ပြီးမှ ဆက်ပြောလိုက်ပြန်သည်။
"တကယ်တော့ ငါလည်း နင်တို့ လူငယ်တွေရဲ့ ကိစ္စထဲကို ဝင်မပါချင်ပါဘူး၊ ဒါပေမဲ့ နင်တို့က အရမ်းလွန်လာရင်တော့ ငါတို့လည်း သည်းခံနေမှာ မဟုတ်ဘူး။ ဒီနေ့ကိစ္စမှာ ငါတို့ရဲ့ တာ့နွီက ဘာမှ မမှားဘူးလို့ ငါ ထင်တယ်၊ ရှချမ်းဆိုတဲ့ ကောင်က ငါတို့ရဲ့ အာ့နွီနဲ့ စေ့စပ်ထားပြီး ငါတို့ရဲ့ အာ့နွီ နေမကောင်းဖြစ်နေတဲ့အချိန်မှာ ဝမ်းကွဲဖြစ်တဲ့ စုန့်ထောင်ဟုန်နဲ့ အိမ်ထောင်ပြုသွားတယ်၊ ဒါကို မင်းတို့လည်း သိတယ် မဟုတ်လား?"
ရှတာ့ရှန်းက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော်တို့ သိပါတယ်"
လီရှီက ဆက်ပြောလိုက်ပြန်သည်။
"မင်းတို့ သိနေမှတော့ ငါတို့မိသားစုက အဲဒီလူအတွက် လက်ဆောင်ပေးဖို့ ကြေးတစ်ပြားတောင် ထုတ်ပေးမှာ မဟုတ်ဘူးဆိုတာလည်း မင်းတို့ သိသင့်တယ်။ ငါတို့ တာ့နွီက သူ့ညီမအတွက် စိတ်မကောင်းဖြစ်လို့ ပိုက်ဆံထုတ်မပေးချင်တာကလည်း တရားမျှတတယ်။ အဲဒါကို မင်းက ကွာရှင်းချက်တယ် ပြောတာကတော့..."
"မဟုတ်ပါဘူး... အဲ့လို မဟုတ်ပါဘူး အဖွား၊ အမေ... ကျွန်တော့်မှာ အဲဒီလိုဆန္ဒမျိုး တကယ်မရှိပါဘူး၊ ကျွန်တော် ခဏလောက် စိတ်လွတ်သွားပြီး ယွိလန် ကြောက်သွားအောင် ခြိမ်းခြောက်မိတာပါ၊ ကျွန်တော့်အမှားပါ"
ရှတာ့ရှန်းက ဒူးထောက်မတတ် တောင်းပန်နေလေသည်။ ဤအဘွားအိုက မရိုးရှင်းမှန်း သူ ကြားဖူးခဲ့သော်လည်း ဤမျှလောက်အထိ စကားအသွားအလာ ပါးနပ်ပြီး လူကဲခတ်တော်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။
"ခြိမ်းခြောက်ချင်ရုံနဲ့တင် ကွာရှင်းမယ်လို့ ပြောတယ်ပေါ့လေ၊ ဒါဆိုရင် မိသားစုဆိုတဲ့ စကားမှာ တန်ဖိုးရှိနိုင်ပါတော့မလား?"
ဖန့်ရှီ၏ ဒေါသများက တရိပ်ရိပ်ထိုးထွက်နေသော်လည်း စုန့်တင်းရှန်းက သူမ၏ လက်မောင်းကို ကိုင်ကာ တားဆီးထားသောကြောင့် သူမ အကြီးအကျယ် ပေါက်ကွဲမသွားအောင် ထိန်းထားနိုင်ခဲ့သည်။
သူမက အေးစက်စက် ထပ်ပြောလိုက်သည်။
"အခု ငါတို့ တာ့နွီက စိတ်ထိခိုက်ပြီး အရမ်း ဝမ်းနည်းနေပြီ၊ အမေတစ်ယောက်အနေနဲ့ ငါ သူ့ကို ရက်နည်းနည်းလောက် အိမ်မှာ ခေါ်ထားချင်တယ်။ ငါ့မြေးလေးကိုလည်း မတွေ့ရတာ ကြာပြီဆိုတော့ သူတို့နှစ်ယောက်ကို ငါ့အိမ်မှာ ရက်နည်းနည်းလောက် နေခိုင်းလိုက်။ မင်း ပြန်သွားပြီး မင်းရဲ့မိဘတွေကို စိတ်မပူဖို့ ပြန်ပြောလိုက်"
"ဒါက..."
ရှတာ့ရှန်းက စုန့်ယွိလန်ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း သူမက ခေါင်းငုံ့ထားဆဲဖြစ်ကာ သူ့ကို မော့ပင် မော့မကြည့်တော့ပေ။
စုန့်တင်းရှန်းက စုန့်ယွိလန်ကို မသိမသာ လက်တို့လိုက်မှ စုန့်ယွိလန်က ဝင်ပြောလိုက်သည်။
"အခု စိုက်ပျိုးရေးရာသီလည်း ပြီးပြီဆိုတော့ အမေ့နားမှာ နှစ်ရက်လောက် နေချင်သေးတယ်၊ ရှင် အရင်ပြန်နှင့်လိုက်ပါ"
ရှတာ့ရှန်းက ဘာမှ မတတ်နိုင်ဘဲ မျက်နှာပျက်ပျက်ဖြင့် စိတ်ပျက်လက်ပျက် ပြန်ထွက်သွားရတော့သည်။
သူ ထွက်သွားပြီးနောက် စုန့်ယွိလန်က တစ်ခုခုကို သတိရသွားပုံဖြင့် အလျင်အမြန် ထပ်ပြောလိုက်သည်။
"အဘွား... အခု ရှချမ်းနဲ့ သူ့မိသားစုက ကျွန်မယောက္ခမတွေ ကျွန်မအပေါ် မကောင်းအောင် ရန်တိုက်ပေးနေကြတာ၊ တကယ်လို့ သူတို့ ဒီကိစ္စထဲကို ဝင်ပါလာရင်...."
လီရှီက စကားဖြတ်ပြောလိုက်သည်။
"အဲ့အတွက် စိုးရိမ်နေဖို့ မလိုဘူး၊ အခု ရှချမ်းက ကျင့်ရှီဖြစ်သွားပြီဆိုတော့ ဒီလိုကိစ္စမျိုးတွေမှာ ဝင်ပါနေဖို့ အချိန်မရှိလောက်တော့ဘူး၊ သူ့နဲ့ သူ့မိန်းမကြောင့် ဖြစ်လာတဲ့ အရှုပ်အထွေးတွေနဲ့တင် သူ ခေါင်းကိုက်ဖို့ လုံလောက်နေပြီ၊ တကယ်လို သူ ဒီလိုမျိုး မိသားစုအတွင်းက ရန်ပွဲတွေထဲပါ ဝင်ပါနေရင် သူ အရာရှိရာထူးတောင် ရနိုင်တော့မှာ မဟုတ်ဘူး၊ သူတို့လို ပညာရှင်တွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို အရမ်းအလေးထားကြတာ၊ နင် မယုံရင် စောင့်ကြည့်နေလိုက်၊ သူတို့က အခုချိန်မှာ ပြဿနာကို ပြေလည်အောင်ပဲ လုပ်ချင်နေလိမ့်မယ်၊ မလိုအပ်ဘဲ ဝင်ပါမှာ မဟုတ်ဘူး"
ရှတာ့ရှန်းက အိမ်သို့ ပြန်သွားပြီး လီရှီ ပြောလိုက်သည့် စကားများကို ပြန်ပြောလိုက်ရာ ဝမ်ရှီတစ်ယောက် စတင်ထိတ်လန့်လာပြီး သူမ၏ခင်ပွန်းကို တတွတ်တွတ် ကပ်မေးတော့သည်။
"ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ? ဒီသတင်းသာ ပြန့်သွားရင် ကျွန်မ ဘယ်လိုမျက်နှာမျိုးနဲ့ အပြင်ထွက်ရတော့မလဲ?"
သူမ၏ခင်ပွန်းဖြစ်သူ ရှအဘိုးကြီးကလည်း မျက်မှောင်ကြုံ့ရင်း ဆူပူနေလေသည်။
"ငါ မင်းကို သတိပေးသားပဲ၊ အဲဒီအဘွားကြီးနဲ့ ရင်ဆိုင်ဖို့ မလွယ်ဘူးလို့ ငါ အကြိမ်ကြိမ် ပြောခဲ့တယ်၊ အဲ့ဒါကြောင့် ချွေးမမှာရှိတဲ့ ပိုက်ဆံကို မမက်မောနဲ့လို့ ပြောခဲ့တယ်လေ။ ဒါပေမဲ့ မင်းက နားမထောင်ခဲ့ဘူး၊ မင်းက စုန့်ယွိလန်ကို အနိုင်ကျင့်ဖို့ လွယ်တဲ့သူလို့ ထင်နေတာကိုးကွ၊ အခုတော့ သူတို့မိသားစုပါ သိသွားပြီ၊ သူတို့က မင်းကို မျက်နှာသာပေးဦးမလား? မနက်ဖြန်... မဟုတ်ဘူး၊ ဒီနေ့... ထားလိုက်ပါတော့.... မနက်ဖြန်ကျရင် မင်း လက်ဆောင်တွေယူပြီး စုန့်မိသားစုဆီ သွားလိုက်၊ တာ့ရှန်းကိုပါ ခေါ်သွားပြီး သေသေချာချာ တောင်းပန်လာခဲ့”
“ကျွန်မ... ကျွန်မ ဘယ်လို ပြောပြီး တောင်းပန်ရမှာလဲ?”
ဝမ်ရှီက အပြစ်ရှိသလို ခံစားနေရပြီး ဘာကိုမှန်းမသိ စိုးရိမ်ထိတ်လန့်နေလေသည်။ အမှန်တကယ်တွင် သူမလည်း ခမည်းခမက်များ၏ ကြွယ်ဝမှုကို အထူးမနာလို အားကျခဲ့ဖူးပြီး သူမလည်း ထိုသို့ ချမ်းသာချင်ခဲ့သည်။ သူမ စုန့်ယွိလန်၏ယောက္ခမ ဖြစ်လာချိန်တွင် ချွေးမဖြစ်သူက ရုပ်ရည်ချောမောပြီး နာခံတတ်သူ ဖြစ်သည်ဟု သူမ ခံစားခဲ့ရသည်။ သူမ သူမ၏ချွေးမကို ထိန်းထားနိုင်လျှင် ချွေးမထံ၌ ရှိနေသည့်ပစ္စည်းများအားလုံးက ရှမိသားစုက အပိုင်ဖြစ်လာလိမ့်မည်ဟု သူမ တွေးထားခဲ့သည်။ သို့သော်လည်း ချွေးမ၏နောက်မှ ခမည်းခမက်မိသားစုက ရှုပ်ရန် မလွယ်ကူကြောင်းကို သူမ မေ့လျော့သွားခဲ့သည်။
ရှအဘိုးကြီးက ခဏလောက်စဉ်းစားနေပြီးမှ တွေးတွေးဆဆ ပြန်ဖြေလာသည်။
“ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း လယ်ကထွက်တဲ့ ကောက်နှံတွေကို ရောင်းရတဲ့ငွေ ငွေဆယ်လျန် ရှိတယ်မလား? အဲ့ငွေတွေ ယူသွားပြီး စုန့်မိသားစုက အဘွားကြီးရဲ့ရှေ့မှာ ချွေးမကို ပြန်ပေးလိုက်၊ မင်းက အဲဒီငွေတွေကို ချွေးမအတွက် သိမ်းပေးထားပြီး ကြေးတစ်ပြားတောင် မသုံးရသေးပါဘူးလို့ ပြောလိုက်"
ဝမ်ရှီက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဒါပေမယ့် အဲဒါက ငွေဆယ်လျန်လေ၊ ကျွန်မတို့လက်ထဲမှာ အားလုံးပေါင်းမှ ဆယ်လျန်ပဲ ရှိတာ"
အဘိုးကြီးရှက မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည်။
"မနှစ်က ကောက်နှံရောင်းရတဲ့ ငွေတွေကကော? အများစုကို မင်း မိဘတွေဆီ ပို့လိုက်ရင်တောင် မင်းလက်ထဲမှာ နည်းနည်းတော့ ကျန်နေဦးမှာ မဟုတ်ဘူးလား?"
ဝမ်ရှီက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်မ... ကျွန်မ အမေအိမ်ကို ပို့လိုက်မိတယ်၊ ကျွန်မမောင်လေး မိန်းမယူတော့မှာ ဆိုတော့..."
ရှအဘိုးကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဒီတော့ မင်းက ငါတို့အိမ်က ပိုက်ဆံတွေအားလုံးကို မင်းအမေအိမ်ကို ထောက်ပံ့ဖို့ သုံးခဲ့တယ်ပေါ့၊ အဲ့ဒါအပြင် ချွေးမရဲ့ပိုက်ဆံတွေကိုပါ သုံးနေတာပေါ့လေ၊ မင်းက ဝမ်မျိုးရိုးပီပီ အချောင်သမားပဲ၊ မင်း ရှမိသားစုထဲ ရောက်လာရင် မင်းလည်း ရှမိသားစုဝင်ပဲ၊ ငါက မင်းရဲ့ ဝမ်မိသားစုအတွက် အလုပ်လုပ်ပေးရမယ့် ကျွန်မဟုတ်ဘူး"
ဝမ်ရှီက ငိုနေရင်း စောဒကတက်လိုက်ပြန်သည်။
“ဒါဆို ကျွန်မက ကျွန်မရဲ့မောင်လေးကို ပစ်ထားရမှာလား? ကျွန်မက ကျွန်မမှာ စုစုပေါင်း ငွေဘယ်လောက် ကျန်နေလဲဆိုတာကိုပဲ တွက်ခဲ့မိလို့ပါ၊ ဒါပေမဲ့..."
"စုန့်မိသားစုက မေးလာနိုင်တယ် ဆိုတာကို မင်း မစဉ်းစားမိဘူးလား?"
ရှအဘိုးကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"သူတို့သာ ဒါကို အကြောင်းပြပြီး လာစာရင်းရှင်းရင် ရှမိသားစုတစ်ခုလုံး အရှက်ကွဲတော့မှာ သေချာတယ်၊ ငါ ဘယ်လိုဖြစ်ပြီး ဒီလောက်အသိဉာဏ်မရှိတဲ့ မိန်းမကို အိမ်ခေါ်လာမိတာတုန်းကွာ”
သူက ဝမ်ရှီကို ရိုက်ရန် လက်မြှောက်လိုက်သော်လည်း ရှတာ့ရှန်းက ကြားမှ ဝင်တားလိုက်သည်။
"အဖေ... စိတ်လျှော့ပါ၊ ဒါက အမေ့အပြစ် မဟုတ်ပါဘူး၊ တကယ်လို့ ယွိလန်ကသာ..."
ရှအဘိုးကြီးက သူ့စကားကို ဒေါသတကြီး ဖြတ်ပြောလိုက်သည်။
"မင်းလည်း မင်းအမေပြောတဲ့ အဓိပ္ပာယ်မဲ့စကားတွေကို နားမယောင်နေနဲ့! သူသာ ဒီလို မိုက်မဲတဲ့ အကြံအစည်တွေ မထုတ်ခဲ့ရင် မင်းမိန်းမက သူ့မိဘအိမ်ကို ပြန်ပြေးသွားပြီး အကြောင်းစုံပြောပြပါ့မလား? ရှက်ဖို့ ကောင်းလိုက်တာကွာ၊ ငါ အပြင်တောင် မထွက်ရဲတော့ဘူး၊ ငါ့မိဘတွေ သိသွားရင် ငါ့အဖေလည်း ဒေါသထွက်မှာ သေချာတယ်။ မင်း မနက်ဖြန်ကျရင် ပိုက်ဆံယူသွားပြီး စုန့်မိသားစုကို တောင်းပန်လိုက်၊ အခြေအနေ ပိုဆိုးလာရင် ငါ မင်းကို ကွာရှင်းပစ်မယ်၊ မင်း နားလည်လား?"
ထို့နောက် အဘိုးကြီးရှက ဖိနပ်စီးကာ ဒေါနှင့်မာန်နှင့် အပြင်ထွက်သွားတော့သည်။
ဝမ်ရှီကလည်း ငိုယိုရင်း ညည်းတွားနေလေသည်။
"ငါကပဲ ပြဿနာရှာတယ်ပေါ့လေ၊ တခြားသူတွေရဲ့ ချွေးမတွေကျတော့ ယောက္ခမရဲ့စကားကို နားထောင်ပြီး အလိုက်သင့်နေ လက်ခံနေကြတာ၊ ငါ့ကျမှ ဘာလို့ ဒီလောက် ခေါင်းမာတဲ့ချွေးမကို ရလာတာတုန်း၊ ငါလည်း ချွေးမဘဝနဲ့ ရှင်သန်ဖို့ ငါ့အလှည့်ကျမှ ယောက္ခမဘဝကို ခက်ခဲလိုက်တာ၊ ဘာလို့ ချမ်းသာမှုူကို ခံစားခွင့်မရှိရတာလဲ?"
ထိုအချိန်တွင် ရှရှို့ကျွမ်းက ချောင်းကြည့်နေရာမှ အထဲသို့ ဝင်လာပြီး သူမ၏အမေ ငိုနေသည်ကို မြင်လိုက်ရသောကြောင့် ခန်ပေါ်သို့ တက်ကာ မိခင်ဖြစ်သူကို ချော့မော့လိုက်သည်။
"အမေ... ဒါက ဘာအကြောင်းလဲ? ကျွန်မတို့အိမ်မှာ စားသောက်နေပြီး တခြားသူကို သိတတ်တဲ့ ဒီလိုယောင်းမမျိုးက မရှိတာ ပိုကောင်းတယ် မဟုတ်ဘူးလား? သူတို့ ကွာရှင်းချင်ရင်လည်း ကွာရှင်းစာပေးလိုက်ပေါ့၊ အခု ကျွန်မတို့ ရှမိသားစုမှာ ကျင့်ရှီတစ်ယောက် ရှိနေပြီ၊ အစ်ကိုကြီးအတွက် တခြားမိန်းမယူဖို့က လွယ်လွယ်လေးပဲဟာ၊ ဒါပေမဲ့ စုန့်ယွိလန်အတွက်ကတော့.... အစ်ကိုကြီးထက်သာတဲ့လူကို ရှာနိုင်ဖို့ လွယ်မယ်ထင်နေလား?"
"အမေ... ကျွန်တော် ယွိလန်နဲ့ မကွာရှင်းချင်ဘူး"
ရှတာ့ရှန်းက တိုးတိုးလေး စောဒကတက်လိုက်သည်။ သူနှင့် စုန့်ယွိလန်တို့က ငယ်ချစ်များ ဖြစ်ခဲ့ကြပြီး စုန့်ယွိလန်က ရုပ်ရည်ချောမောသလို စကားအပြောအဆိုကလည်း ညင်သာသိမ်မွေ့လှသည်။ သူတို့နှစ်ဦး လက်ထပ်ခဲ့ပြီးသည့် ဤသုံးနှစ်အတွင်းတွင် ရန်ဖြစ်ကြသည်မှာ မရှိသလောက် ရှားပါးလှသည်။
"နင်က တကယ်ကို ကျောရိုးမရှိတဲ့ကောင်ပဲ!"
ဝမ်ရှီက ငိုယိုရင်း ရှတာ့ရှန်းကို လက်ညှိုးထိုးကာ ဆူပူလိုက်သည်။
"မင်း... မင်းက ဒီလို မိန်းမတစ်ယောက်ကိုတောင် မခွဲနိုင်မခွာရက် ဖြစ်နေတယ်ပေါ့၊ အခုတော့ ဒီအဘွားကြီးက နင့်အတွက် ရှေ့မျက်နှာ နောက်ထားပြီး သွားတောင်းပန်ရတော့မယ်၊ ငါလည်း ဘယ်လိုများ မျက်စိကန်းခဲ့လို့ နင့်ကို အဲ့လိုမိသားစုမျိုးနဲ့ စပ်ဟပ်ပေးမိပါလိမ့်"
ရှတာ့ရှန်းက တိုးတိုးလေး ပြန်ပြောနေလေသည်။
"အမေပဲ အရင်က ပြောခဲ့တာလေ... စုန့်ယွိလန်က လှပပြီး ယဥ်ကျေးတယ်၊ သူ့ရဲ့မိသားစုကလည်း အခြေအနေကောင်းတယ်၊ သူနဲ့လက်ထပ်ပြီးရင် ကျွန်တော်တို့မိသားစုအတွက် အထောက်အကူဖြစ်မယ်ဆို... ပြီးတော့ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး သူက အမေနဲ့ အငယ်တွေအတွက် ပစ္စည်းတွေ အများကြီး ဝယ်ပေးခဲ့တာပဲလေ"
ရှရှို့ကျွမ်းက အထင်သေးဟန်ဖြင့် တံတွေးထွေးကာ လှောင်ပြောင်လိုက်သည်။
"အဲဒီပစ္စည်းတွေက ဘာများ အရေးကြီးလို့လဲ? သမီး ဆဋ္ဌမဦးလေးတို့ရဲ့အိမ်ကို သွားတုန်းက ဝင်းထဲမှာ ပစ္စည်းကောင်းတွေ ပြည့်နေတာပဲ၊ စုန့်ထောင်ဟုန် ခေါင်းပေါ်မှာဆိုရင်လည်း ဆံထိုးတွေ အပြည့်ပဲ၊ သူ ဘယ်လောက်တောက်ပနေလဲဆိုတာ ပြောနေဖို့တောင် မလိုတော့ဘူး၊ အဲဒါ ဘာလို့လဲ သိလား? အစ်ကိုရှချမ်း ရည်မှန်းချက်ကြီးပြီး အောင်မြင်ခဲ့လို့ပေါ့၊ နောင်ကျရင် အစ်ကိုရှချမ်းက အရာရှိကြီး ဖြစ်လာတော့မှာ၊ သူက သမီးတို့မိသားစုကို မေ့ထားပါ့မလား? စုန့်ယွိလန်ဆိုတာက သားသတ်သမားမိသားစုက လူလေ၊ သူ့မှာ ဘာကောင်းတာရှိလို့လဲ? နောင်ဆိုရင် အစ်ကိုကြီးအတွက် မိန်းမကောင်းတစ်ယောက်လောက် ရှာပေးဖို့ ဆဋ္ဌမဦးလေးကို အကူအညီတောင်းလိုက်ရင် လွယ်နေတာပဲကို"
ခေတ္တမျှ စဉ်းစားပြီးနောက် ရှတာ့ရှန်းက ထပ်ပြောလာပြန်သည်။
"အမေ၊ ကျွန်တော် ဆဋ္ဌမဦးလေးတို့အိမ်ကို သွားပြီး အကျိုးအကြောင်း မေးကြည့်ရင်ကောင်းမလား? အစက ကျွန်တော့်ကို လုပ်ငန်းစလုပ်ဖို့ အကြံပေးခဲ့တာကလည်း ရှချမ်းလေ"
ဝမ်ရှီက မျက်ရည်သုတ်ရင်း ပြန်ဖြေလိုက်သည်။
"ကောင်းသားပဲ... သွားမေးကြည့်ကြတာပေါ့။ ဒါပေမယ့် ငါတို့လက်ထဲမှာ လက်ဆောင်ပေးဖို့ တန်ဖိုးရှိတာ ဘာမှ မရှိသေးဘူး၊ ဪ... ငါ သတိရပြီ၊ အရင်တုန်းက နင့်မိန်းမ ရှို့ကျွမ်းအတွက် အဝတ်အစားချုပ်ဖို့ ဝယ်ပေးထားတဲ့ ပိတ်စနှစ်စ ရှိသေးတယ်။ အဲဒါတွေက အသားကောင်းတွေပဲ၊ ငါက ရှို့ကျွမ်း အိမ်ထောင်ဖက် ရှာတဲ့အခါကျမှ ချုပ်ပေးမလို့ သိမ်းထားတာ၊ အဲဒီအထည်တွေကိုပဲ အရင်ယူသွားလိုက်တော့"
"အမေ..."
သူမ၏အထည်များကို သုံးမည်ဟု ကြားလိုက်ရသဖြင့် ရှရှို့ကျွမ်းတစ်ယောက် မကျေမနပ် ဖြစ်သွားရသည်။
ဝမ်ရှီက သူမကို နှစ်သိမ့်လိုက်သည်။
"ဒါက အထည်လေး နှစ်စပါ ကျွမ်းအာရယ်၊ ရှချမ်း အရာရှိဖြစ်လာရင် နင် လိုချင်တာ အကုန်ရမှာပေါ့၊ ဟဲ့... တာ့ရှန်း မြန်မြန်သွားတော့လေ"
ရှတာ့ရှန်းက ထိုအထည် နှစ်စကို ယူပြီး ရှချမ်းတို့အိမ်သို့ ထွက်လာခဲ့သည်။ ထိုအိမ်သို့ ရောက်သောအခါ သူက ဆဋ္ဌမဦးလေးနှင့် ဆဋ္ဌမဒေါ်လေးတို့ကို အရင် နှုတ်ဆက်လိုက်ပြီး ရှချမ်းကို "လူကြီးမင်းရှ" ဟု နှုတ်ဆက်လိုက်သည်။ စုန့်ထောင်ဟုန်က မီးနေဝင်နေတုန်း ဖြစ်ပြီး အပြင်မထွက်နိုင်သေးပေ။ သူမ၏အခန်းထဲသို့ အမျိုးသမီးများသာ ဝင်ထွက်ခွင့်ရှိပြီး ရှတာ့ရှန်းအနေဖြင့် သူမကို မတွေ့နိုင်ပေ။
"ကျွန်တော်တို့က ဆင်းရဲတော့ ပစ္စည်းကောင်းကောင်း မရှိဘူး၊ ဒီအထည်နှစ်စကတော့ ကျွန်တော်တို့ ပေးနိုင်တဲ့ တစ်ခုတည်းသော လက်ဆောင်မို့ ဦးလေးနဲ့ ဒေါ်လေးတို့ မကြိုက်တာမျိုး မရှိဖို့ မျှော်လင့်ပါတယ်"
ရှတာ့ရှန်းက မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းရင်း အထည်များကို ရိုရိုသေသေ လှမ်းပေးလိုက်သည်။
သူတို့မိသားစုနှစ်ခုက မျိုးဆက်ငါးဆက်အထိ ဝေးကွာသော မိသားစုခွဲများဖြစ်ပြီး ဆွေမျိုးတော်စပ်မှု ရှိသည့်တိုင် ယခင်က အပေါ်ယံမျှသာ ခေါ်ပြောနှုတ်ဆက်ကြခြင်း ဖြစ်သည်။ သို့သော် ယခုအခါ ရှချမ်း အောင်မြင်သွားပြီဖြစ်သဖြင့် ရှတာ့ရှန်းက ဆဋ္ဌမဦးလေး၏မိသားစုကို မိမိ၏ဆွေမျိုးအရင်းအချာများထက်ပင် ပို၍ ရင်းရင်းနှီးနှီး ဆက်ဆံနေလေသည်။
ရှချမ်း၏မိခင်က အထည်များကို စစ်ဆေးကြည့်နေပြီး အသားကောင်းမှန်း သိသွားကာ သူမ၏ အပြုံးက ပိုစစ်မှန်လာသည်။
"ဘာလို့ အဲဒီလိုပြောရတာလဲ၊ ငါတို့က မင်းတို့ရဲ့စေတနာကို အသိအမှတ်ပြုပြီးသားပါ"
ရှတာ့ရှန်းက အပြုံးဖြင့် ခေါင်းညိတ်လိုက်သော်လည်း သူ့မျက်လုံးများက ရှချမ်းကိုသာ စိုက်ကြည့်နေသည်။ အမှန်တကယ်တွင် ရှချမ်းလည်း ယခုရက်ပိုင်းအတွင်း စိတ်ရှုပ်ထွေးနေရသည်။ အောင်သွယ်မပါဘဲ လက်ထပ်ခဲ့ရသည့် စုန့်ထောင်ဟုန်နှင့် သူ၏ ထူးခြားသော အိမ်ထောင်ရေးက ကိုယ်ကျင့်တရားပိုင်းမှ ကြည့်လျှင် ပြင်းထန်သော ပြဿနာဖြစ်လာနိုင်ပြီး သူ၏ အရာရှိရာထူးကိုပင် ထိခိုက်စေနိုင်သည်။
ထို့ပြင် လက်ရှိဖြစ်ပွားနေသော ယောက္ခမ၏မိသားစု အရှုပ်အထွေးများကိုလည်း သူ စိုးရိမ်နေမိသည်။ စုန့်ထောင်ဟုန်က သူ့အတွက် သားလေးတစ်ယောက် မွေးပေးခဲ့သော်လည်း သူက သူမ၏ မိသားစုဝင်များအပေါ်တွင် မကျေမနပ် ဖြစ်နေမိသည်။ မည်သို့ပင်ဆိုစေကာမူ သူမက သူ၏သားကို မွေးပေးထားသဖြင့် လောလောဆယ်တွင် သည်းခံနေပြီး အရာရှိရာထူး အတည်ပြုပြီးမှ သူမကို ဖြေရှင်းရန် သူ ဆုံးဖြတ်ထားခဲ့သည်။
နောက်ဆုံးတွင် သူ အားလပ်ချိန် အနည်းငယ်ရလာပြီး အနားယူရန် ပြင်နေစဉ် ရှတာ့ရှန်းက တစ်ခုခု ဆွေးနွေးချင်သည့် ပုံစံဖြင့် ရောက်လာခြင်းဖြစ်သည်။
ခဏမျှ စဉ်းစားပြီးနောက် သူက ထရပ်ကာ သူ့မိဘများကို ခွင့်တောင်းလိုက်သည်။
"အဖေနဲ့ အမေ၊ ကျွန်တော် သူ့ကို သားလေးဆီ ခေါ်သွားပေးလိုက်ဦးမယ်"
ရှချမ်း၏မိခင်က အပြုံးမပျက် ပြန်ဖြေလိုက်သည်။
"ဒါပေါ့၊ အခုဆိုရင် မင်းတို့က သာမန်ဆွေမျိုးတွေထက်တောင် ပိုရင်းနှီးနေကြပြီပဲ။ တာ့ရှန်း၊ မင်းတူလေး မွေးတုန်းက မင်းအမေကတော့ အနားမှာ ရှိခဲ့ပေမယ့် မင်းကတော့ မင်းတူလေးကို မမြင်ဖူးသေးဘူး၊ သွားကြည့်လိုက်ဦးလေ"
ရှတာ့ရှန်းက ထိုလင်မယားကို ရိုရိုသေသေ ဦးညွှတ်လိုက်ပြီး ရှချမ်းနောက်သို့ လိုက်ပါသွားသည်။ လူသူကင်းဝေးသော နေရာသို့ ရောက်သောအခါ ရှချမ်းက ခပ်ပြတ်ပြတ် မေးလာခဲ့သည်။
"မင်း ငါ့ကို ဘာကိစ္စအတွက် လာရှာတာတုန်း"
ရှတာ့ရှန်းက ကြံရာမရ ဖွင့်ဟလာသည်။
"အရင်တုန်းက မင်း ငါ့အတွက် အလုပ်အကိုင် လမ်းစရှာပေးမယ်လို့ ပြောခဲ့တယ်လေ။ ဒါပေမယ့် ငါ့မိန်းမဘက်က ငွေမထုတ်ပေးဘူး၊ ငါ့မှာလည်း ငွေမရှိတော့ အဲဒီကိစ္စ ပျက်သွားခဲ့တယ်။ အခု မင်း စာမေးပွဲအောင်ပြီး အရာရှိဖြစ်တော့မှာဆိုတော့ ငါ့မိဘတွေက မင်းကို ဂုဏ်ပြုဖို့ လက်ဆောင်ကောင်းကောင်း ပေးချင်ကြတယ်လေ၊ ဒါပေမယ့် ငါ့မိန်းမက အဲ့အကြောင်း သိသွားပြိး ဆူပူသောင်းကျန်းတော့တာပဲ၊ အခု သူ့မိဘအိမ်ကို ပြန်သွားပြီ"
ရှချမ်းက စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
"သူ သူ့မိဘအိမ် ပြန်သွားတာ ငါနဲ့ ဘာဆိုင်လို့တုန်း၊ မင်းက ငါ့ဆီလာတော့ ငါက ဘာလုပ်ပေးရမှာလဲ? ငါက သူ့ကို သွားချော့ပေးရမှာလား?"
"မဟုတ်... မဟုတ်ပါဘူးကွာ၊ အဲဒီလို မဟုတ်ပါဘူး။ အရင် အလုပ်ကိစ္စကလည်း အဆင်မပြေခဲ့တာတွေ ရှိခဲ့တယ်၊ အခု ငါတို့ မိသားစုချင်းရင်းနှီးနေတာကိုလည်း သူက မကျေမနပ်နဲ့ ပြဿနာရှာနေပြန်တယ်။ ငါကလည်း အမျှော်အမြင် မရှိတော့ ဘာလုပ်ရမှန်းမသိလို့ ဖြစ်နေလို့ မင်းကို လာမေးတာပါ၊ မင်းက စာတတ်တဲ့သူဆိုတော့ နည်းလမ်းလေး ဘာလေးများ ရှိမလားလို့ပါ"
ရှတာ့ရှန်းက သူ့အမေ သူ့မိန်းမထံမှ ငွေကို သုံးထားကြောင်းနှင့် မိသားစုအတွင်း ပိုက်ဆံကြောင့် ပြဿနာဖြစ်ရသည်ကို ထုတ်မပြောချင်ပေ။ ထို့အပြင် ရှချမ်းနှင့်လည်း ဆက်ဆံရေး မပျက်ချင်သောကြောင့် စုန့်ယွိလန်ကသာ အဓိပ္ပာယ်မရှိ ပြဿနာရှာနေလို ပုံဖော်ပြောဆိုလိုက်သည်။
ရှချမ်းက ခပ်ကျယ်ကျယ် နှာမှုတ်လိုက်သည်။
"အခု စုန့်မိသားစုက ငါ့ကို ဘယ်လောက်မုန်းနေမလဲဆိုတာ မင်း မသိဘူးလား? သူတို့က ငါ့ကို လက်ဆောင်ပေးချင်ပါ့မလား? ပြီးတော့ မင်းက ငါတို့နဲ့ မျိုးရိုးတူနေတာဆိုတော့ စုန့်ယွိလန်က မင်းနဲ့ ဆက်ပြီး အဆင်ပြေပြေ နေချင်ပါဦးမလား"
"ဒါပေမဲ့ ငါတို့မှာ သားတစ်ယောက်ရှိတယ်လေ"
သူ့သားအကြောင်းပြောလိုက်ချိန်တွင် ရှတာ့ရှန်းက ပို၍စိုးရိမ်လာသည်။
"ငါတို့ အိမ်ထောင်ကျတာ သုံးနှစ်ရှိပြီ၊ တစ်ဖက်မှာလည်း မိဘနဲ့ ဆွေမျိုးတွေလို ဖြစ်သလို သူကလည်း ငါ့သားရဲ့ အမေလေကွာ၊ ငါ ကြားထဲကနေ နေရခက်တယ်"
ရှချမ်းကတော့ ဘာမှ မပြောဘဲ အသံတိတ်နေသေးသည်။ အမှန်တကယ်တွင် သူ ပြောချင်နေသာ စကားများ ရှိနေခဲ့သည်။
‘သားရှိတာ ဘာဆန်းလို့လဲ? မင်း နောက်မိန်းမ ထပ်ယူလိုက်ရင် နောက်ထပ် ကလေးတွေ အများကြီး ရနိုင်တာပဲကွာ’
သို့သော် အတင်းအဖျင်းစကားများကို ကြောက်နေသဖြင့် သူ ဘာမှ မပြောဘဲ ထိုစကားကို ပြန်မျိူချလိုက်ရသည်။
သူက ရှတာ့ရှန်းအား ဒုက္ခလာပေးသူဟု မြင်နေပုံရပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။
"မင်းက ငါ့ကို လာမေးနေတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲကွ၊ ငါလို ပညာရှင်တစ်ယောက်က မင်းတို့ရဲ့အိမ်တွင်းရေးတွေကို လိုက်စီမံပေးနေရမှာလား? ငါတို့နှစ်ယောက်စလုံးက စုန့်မိသားစုရဲ့ သမက်တွေ ဖြစ်နေကြတာ မှန်ပေမယ့် ငါက တတိယစုန့်အဘိုးကြီးရဲ့ အိမ်က မိန်းခလေးနဲ့ လက်ထပ်ထားတာလေ၊ မင်းက စတုတ္ထအိမ်က မိန်းခလေးနဲ့ လက်ထပ်ထားတာကွ၊ ငါတို့မိသားစုချင်း မျိုးဆက်ငါးဆက်လောက် တော်စပ်တယ်ဆိုပေမယ့် စုန့်မိသားစုက အိမ်ခွဲပြီးနေပြီ၊ ပြောရရင် ငါတို့က သွေးဝေးတဲ့ ဆွေမျိုးတွေပဲ၊ ငါ မင်းကို ကူညီခဲ့တာက စုန့်မိသားစုရဲ့ သမက်ချင်းမို့လို့ပဲ၊ ဒါပေမယ့် မင်းမှာ ငွေမရှိရင် ငါ ဘာလုပ်ပေးနိုင်မှာလဲကွ? အခု မင်းမိန်းမကပါ ဒီလိုဖြစ်နေရင် ငါလည်း လုံးဝ မကူညီနိုင်တော့ဘူး"
"ဒါ၊ ဒါပေယ့်..."
ရှတာ့ရှန်းက အံ့ကြိတ်ကာ ထပ်မေးလိုက်သည်။
"အခု စုန့်ယွိလန်က အိမ်ပြန်သွားပြီ၊ သူက ငါ့အမေကိုယ်တိုင်လာခေါ်တာမျိုး ဖြစ်စေချင်တာ၊ အခု ငါ ဘယ်လိုလုပ်ရမလဲ?"
ရှချမ်းက သူ့ကို မျက်လုံးလှန်ကြည့်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
"ဒါက လွယ်လွယ်လေးပဲ၊ သူက မိဘအပေါ် မရိုသေတာပဲ၊ မင်း အာဏာပိုင်တွေဆီ သွားတိုင်လိုက်ပေါ့၊ သူ ဆက်ပြီး သောင်းကျန်းရဲဥှီးမလားဆိုတာ စောင့်ကြည့်လိုက်လေ"
ရှတာ့ရှန်းကတော့ ထိတ်လန့်တကြား နောက်ဆုတ်လိုက်မိသည်။
"ရုံးတော်ကို တိုင်ရမှာလား၊ မဖြစ်နိုဘူး၊ ကျွန်တော်တို့က သာမန်လူတွေပဲလေ။ ဒီလိုကိစ္စလေးကို အရာရှိတွေအထိ ဝင်ပါခိုင်းလို့ ဘယ်ဖြစ်မှာတုန်း"
ရှချမ်းကတော့ သူ့ကိုယ်သူ ဂုဏ်ယူနေသည့် အတွေးများသာ ရှိနေခဲ့သည်။
‘မင်းက သာမန်လူတန်းစားလေ ငါကတော့ သာမန်လူတန်းစား မဟုတ်ဘူး’
ထို့နောက် သူက ရှတာ့ရှန်းကို စိုက်ကြည့်ရင်း ခပ်ပြတ်ပြတ် ထပ်ပြောလိုက်သည်။
"ဒါဆို ငါကရော ဘာလုပ်ပေးနိုင်မှာတုန်း၊ ငါ အကြံပေးတော့လည်း မင်းက နားမထောင်ဘူး၊ ဘယ်သူက အရာရှိတွေဆီကို တကယ်သွားတိုင်ခိုင်းလို့လဲ? သူ့ကို ခြိမ်းခြောက်ခိုင်းတာကွ၊ သူ အိမ်ပြန်မလာရင် မိဘနဲ့ လင်သားအပေါ် မရိုသေမှုနဲ့ သွားတိုင်မယ်လို့ ပြောလိုက်ရင် သူ မကြောက်ဘဲ နေပါ့မလား?"
ရှတာ့ရှန်းက သူ့ခေါင်းကို အချိန်အတော်ကြာ ကုတ်နေပြီးမှ ထပ်ပြောလိုက်သည်။
"ဒါပေမယ့်... ဒါပေမယ့် ငါ့အမေက သူ့ရဲ့ ခန်းဝင်ငွေတွေကိုတောင် သုံးပစ်ခဲ့တာလေ၊ အဲလိုဆိုရင်ရော အရာရှိတွေက ဒီကိစ္စကို ကိုင်တွယ်ပေးမှာလား?"
ရှချမ်းက သူ့၏လှောင်ရယ် ရယ်ချင်စိတ်ကို အောင့်ထားရင်း ထပ်ပြောလိုက်သည်။
"ဒါဆို မင်းအမေက သူ့ပိုက်ဆံတွေကို သုံးပစ်တယ်၊ ပြီးတော့ ငါ့အတွက် လက်ဆောင်ဝယ်ဖို့ သူ့ဆီက ပိုက်ဆံထပ်တောင်းတယ်၊ သူက ငြင်းတော့ မင်းအမေက ပြသနာရှာတယ်ပေါ့၊ အဲ့တော့ သူက မင်း အမေ တောင်းပန်မှ အိမ်ပြန်လာမယ်ပေါ့ဦ အဲ့လိုလား? မင်းက ဒီလိုကိစ္စမျိုးကို ငါ့ဆီလာပြောနေတယ်၊ ဟုတ်လား? ငါက သူ့ပိုက်ဆံတွေကို ပြန်ပေးရမှာလား? သူ့ယောကျ်ားက ငါလား မင်းလား? ရှတာ့ရှန်း၊ ငါတို့က အဲဒီလောက်အထိ မရင်းနှီးဘူး၊ မင်းအမေက ပြဿနာတွေ ရှုပ်အောင်လုပ်ခဲ့ပြီး အခု မင်းက ငါ့ကိုပါ ဆွဲထည့်ချင်နေတာလား? ငါတော့ မင်းတို့အစား အရှက်ရကွာ၊ သွား... သွားတော့၊ မင်းရဲ့ လက်ဆောင်တွေကိုယူပြီး အခုချက်ချင်း ထွက်သွား၊ ဒီလိုကိစ္စမျိုးတွေ ရှိနေမှန်း သိရင် ငါ မင်းကို အိမ်ထဲတောင် အဝင်ခံမှာမဟုတ်ဘူး"
.............
စုန့်တင်းရှန်း : ဒါက တကယ်ကို မျက်စိပွင့်စရာပဲ!