သံကြက်ဖကိုတောင် အမွေးနှုတ်နိုင်တယ်
Vol. 4 Ch. 32
ရှတာ့ရှန်းတစ်ယောက် ရှချမ်းထံမှ နှင်ထုတ်ခံလိုက်ရသဖြင့် အရှက်တကွဲ ဖြစ်သွားရပြီး မကြာမီမှာပင် အထည်စနှစ်စလည်း အိမ်အပြင်သို့ ပစ်ထုတ်ခဲ့လိုက်ရသည်။ သူ အလွန်အမင်း အရှက်ရသွားပြီး သူ ယူလာသည့် ပစ္စည်းများကို ကောက်ယူကာ အိမ်သို့ အမြန်ပြန်ပြေးလာခဲ့သည်။
ဝမ်ရှီက သားဖြစ်သူကို မြင်သွားပြီး အံ့ဩတကြီး လှမ်းမေးလိုက်သည်။
"ဘာဖြစ်လာတာလဲ?"
ရှတာ့ရှန်းက အထည်စများကို ခန်ပေါ်သို့ ပစ်တင်လိုက်ရင်း ဒေါသတကြီး အော်ပြောလိုက်သည်။
"အဲဒီ ရှချမ်းက အခုတော့ လူတွေကို အထင်သေးနေပြီ၊ သူက ကျွန်တော့်ကို ဆူပူကြိမ်းမောင်းရုံတင် မကဘဲ လက်ဆောင်တွေကိုပါ အပြင်အထိ လွှင့်ပစ်လိုက်တယ်"
"ဘာ"
ဝမ်ရှီတစ်ယောက် စိတ်မသက်မသာ ဖြစ်သွားပြီး ထပ်မေးလိုက်သည်။
"နင် ဘာတွေသွားပြောလိုက်လို့လဲ?"
ရှတာ့ရှန်းက မကျေမနပ် ပြန်ဖြေလိုက်သည်။
"ဒါတွေအားလုံးက အမေ့ကြောင့်ပဲ၊ အမေက ယွိလန်ရဲ့ ခန်းဝင်ငွေတွေကို သုံးပစ်ခဲ့တာလေ၊ အဲ့ကိစ္စကြောင့် အခု အရာရှိတွေဆီ သွားတိုင်ရင်တောင် ကျွန်တော်တို့ဘက်က နိုင်မှာ မဟုတ်တော့ဘူး"
"ဘာလို့ အရာရှိတွေဆီ သွားတိုင်ရမှာတုန်းဟဲ့၊ ရှချမ်းက ဘာပြောလိုက်လို့လဲ? အိုက်ယား... မြန်မြန်ပြောစမ်းပါဦး"
ဝမ်ရှီတစ်ယောက် ပျာပျာသလဲ ဖြစ်သွားပြီး ခန်ပေါ်မှ ခုန်ဆင်းလာခုနီးပါး ဖြစ်နေလေသည်။
ရှတာ့ရှန်းက အထစ်ထစ်အငေါ့ငေါ့ဖြင့် အကြောင်းစုံကို ရှင်းပြလိုက်သည်။
"သူပြောတာက ယွိလန်ကို လက်ထပ်ထားတာ သူ မဟုတ်ဘူးတဲ့၊ ယွိလန်ရဲ့ငွေတွေကို သုံးတဲ့သူကလည်း သူ မဟုတ်ဘူး၊ အဲ့တော့ သူ့ကို သွားဆွဲထည့်နေလို့ ဘာထူးမှာလဲတဲ့၊ တကယ်လို့ စုန့်ယွိလန်က မိဘအပေါ် မသိတတ်ဘူးဆိုရင်လည်း ရုံးတော်ကို သွားတိုင်လို့ ရတယ်လို့ ပြောလိုက်တယ်"
ထိုစကားကို ကြားပြီးနောက် ဝမ်ရှီတစ်ယောက် ခန်ပေါ်သို့ ပြန်လှဲကျသွားပြီး ငိုယိုနေလေသည်။
"ငါ ဘာအပြစ်တွေများ လုပ်ခဲ့မိလို့လဲ? ငါ့သားအတွက် ချွေးမလေးတစ်ယောက် ရှာခဲ့မိတာပါ၊ အခုတော့ ငါကပဲ ချွေးမကို ပြန်မြှောက်စားနေရမယ်တဲ့လား?"
ဤအတွေးများက သူမကို နှိပ်စက်နေသောကြောင့် ထိုညတွင် သူမ မိသားစုဝင်များနှင့် ထမင်းမစားနိုင်ဘဲ တချိန်လုံး ခေါင်းကိုက်နေသည်ဟုသာ ညည်းတွားနေလေသည်။
အခြေအနေကို သေချာမသိသော အဘွားကြီးရှက သူမ၏ချွေးမအငယ်ကို ခေါ်ကာ သွားမေးခိုင်းလိုက်သည်။ ခဏအကြာတွင် ချွေးမဖြစ်သူ ပြန်လာပြီး သူမသိလာသမျှ ပြန်ပြောပြခဲ့သည်။
"သူ့ကို ကြည့်ရတာ တော်တော် နေမကောင်းဖြစ်နေပုံရတယ်၊ အအေးမိတယ်လို့တော့ ပြောတာပဲ၊ ဆေးဆရာကို သွားခေါ်ပြီး ဆေးညွှန်းရေးခိုင်းဖို့တောင် စီစဉ်နေကြတယ်"
အဘွားအိုရှက မျက်မှောင်ကြုံ့ရင်း တွေးတွေးဆဆ ရေရွတ်နေသည်။
"နေလည်ကတင် ကောင်းနေသေးတာ မဟုတ်ဘူးလား? အခု ဘာလို့ ရုတ်တရက် ဆေးညွှန်းရေးခိုင်းချင်နေတာတုန်း၊ ဆေးဝယ်တာက ငွေကုန်တယ်၊ ဆေးသောက်ချင်ရင်လည်း သောက်ပေါ့၊ ဒါပေမယ့် ပိုက်ဆံကတော့ သူ့ဘာသာ ပေးရမယ်။ ဒါနဲ့... သူ့ချွေးမ ဘာလို့ အိမ်ပြန်သွားတာလဲဆိုတာရော မေးခဲ့ရဲ့လား?"
ချွေးမအငယ်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"မေးခဲ့ပါတယ်၊ ဒါပေမယ့် သူ ဘာမှ ပြန်မဖြေဘူး၊ မေးလိုက်တာနဲ့ ခေါင်းကိုက်တယ်ဆိုပြီး ညည်းနေတော့တာပဲ"
နောက်ဆုံးတွင် အတွေ့အကြုံများနေပြီ ဖြစ်သော အဘွားအိုရှက အခြေအနေကို ရိပ်မိသွားပြီး နားလည်သွားဟန်ဖြင့် မှတ်ချက်ချလိုက်သည်။
"ဒါဆိုရင်တော့ ငါတို့ စိတ်ပူနေစရာ မလိုတော့ဘူး၊ ဝင်မပါတာ အကောင်းဆုံးပဲ၊ သူ့ချွေးမ အိမ်ပြန်လာတဲ့နေ့ကျရင် သူ့ခေါင်းကိုက်တာလည်း ချက်ချင်း ပျောက်သွားလိမ့်မယ်"
နောက်တစ်နေ့ ဝမ်ရှီ အိပ်ရာမှ ထလာချိန်က တော်တော် နောက်ကျနေခဲ့သည်။ သူမက မီးဖိုပေါ်ရှိ ခပ်ပျစ်ပျစ် ယာဂုအကြွင်းအကျန်အချို့ကို သောက်လိုက်ပြီးနောက် သူမလက်ထဲရှိ ငွေစများကို မျက်မှောင်ကြုံ့ကာ ရေတွက်နေသည်။ နောက်ဆုံးတွင် ငွေလျန်ကို စုစည်းပြီး အထည်နှစ်စကိုပါ ကောက်ကိုင်လိုက်သည်။ ထို့နောက် ရှတာ့ရှန်းကို ခေါ်ကာ အုံ့မှိုင်းနေသော မျက်နှာဖြင့် စုန့်ရှင်းယိ၏အိမ်သို့ ဦးတည်လိုက်သည်။
စုန့်ရှင်းယိတို့၏အိမ်တွင်မူ အဘိုးအိုက သူ၏ သားများ၊ မြေးများနှင့်အတူ လယ်ထဲသို့ သွားနေပြီး ဖန့်ရှီက ကျန်းရှီနှင့်အတူ ခြံထဲ၌ ရှိနေကြသည်။ သူမတို့က လျှော်ပြီးသား အိပ်ရာခင်းများကို လိမ်ညှစ်၍ လှန်းနေခြင်းဖြစ်ကာ ဝမ်ရှီကို မြင်လိုက်သည်နှင့် ဖန့်ရှီက ခနဲ့တဲ့တဲ့ လှမ်းနှုတ်ဆက်လိုက်သည်။
"အိုက်ယား.... ငါတို့ရဲ့ ခမည်းခမက် ရောက်လာတယ်ဟဲ့၊ ခမည်းခမက် ငါ့တို့အိမ်ကို မလာတာ တော်တော်တောင် ကြာနေပြီ၊ ဒီနေ့မှ ဘယ်လိုဖြစ်ပြီး ရုတ်တရက် ရောက်လာရတာတုန်း"ဝမ်ရှီက သွားကျိုးလုမတတ် အံ့ကြိတ်သည်းခံရင်း အပြုံးတစ်ခု ချိတ်ဆွဲထားနိုင်ရန် သူမကိုယ်သူမ ဖိအားပေးနေရသည်။
"အိုက်ယား... ဒါတွေအားလုံးက ငါ့ရဲ့ အသုံးမကျတဲ့သားကြောင့်လေ။ တာ့ရှန်း... လာမြန်မြန်၊ နင့်ယောက္ခမကို နှုတ်ဆက်လိုက်ဦး"
ရှတာ့ရှန်းက မြေကြီးပေါ်တွင် ဒူးထောက်ကာ ဖန့်ရှီအား သုံးကြိမ်တိုင်တိုင် အလေးအနက် အရိုအသေပေးနေသည်။ ဖန့်ရှီက ရှောင်တိမ်းခြင်း မပြုသလို တားဆီးခြင်းလည်း မရှိဘဲ မလှုပ်မယှက် ရပ်နေပြီးမှ ပြန်မေးလိုက်သည်။
"ဒီနေ့က ပွဲတော်နေ့ရက်လည်း မဟုတ်ပါဘူး။ ဘာလို့ အိမ်ထဲဝင်ဝင်ချင်း ဒီလောက်အထိ အရိုအသေပေးနေရတာတုန်း"
ဝမ်ရှီက သက်ပြင်းချရင်း ဝင်ပြောလိုက်သည်။
"ငါ့သားက အရည်အချင်းမရှိဘဲနဲ့ မောက်မာချင်နေတာလေ။ သူက ရှချမ်းဆီက အကျိုးအမြတ်တစ်ခုခု ရချင်ဇောနဲ့ ရှချမ်းကို သွားမြှောက်ပင့်နေတယ်တဲ့လေ၊ အဲ့အတွက် သူက ယွိလန် စိတ်ဆိုးအောင် လုပ်မိသွားတယ်။ တကယ်တော့ ရှချမ်းတို့ မိသားစုနဲ့ ငါတို့အိမ်က အဲ့လောက်ထိ ရင်းနှီးနေတာမျိုး မရှိပါဘူး၊ ဒီအတိုင်း သွေးဝေးတဲ့ ဆွေမျိုးသက်သက်ပါပဲ၊ ဘယ်လိုလုပ်ပြီး ငါတို့နဲ့ ခမည်းခမက်တို့ရဲ့ ကြားထဲက ရင်းနှီးမှုကို ကျော်ဖြတ်နိုင်မှာတုန်း၊ ကျန်တာတွေ ထားလိုက်ရင်တောင် တင်းရှန်းရဲ့ ကိစ္စလည်း ရှိနေသေးတယ်၊ ရှချမ်းတို့နဲ့ ဒီလောက်အထိ ရင်းရင်းနှီးနှီး မနေသင့်ဘူးဆိုတာကိုတောင် သူက မစဉ်းစားမိဘူးလေ"
ဖန့်ရှီက ပခုံးတွန့်လိုက်ရင်း ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်သည်။
"ဪ... အဲဒီတွေ ဖြစ်ခဲ့တာလား? ဒါပေမယ့် သူ ရှချမ်းတို့မိသားစုနဲ့ ရင်းနှီးချင်တာလည်း မထူးဆန်းဘူးလေ။ ရှချမ်းက ကျင့်ရှီဖြစ်သွားပြီး မကြာခင် အရာရှိဖြစ်လေမှာ ဆိုတော့ ရှမျိုးနွယ်ဝင်တွေအားလုံး ပျော်နေကြမှာပေါ့။ ဒါပေမယ့် ငါတို့မိသားစုကတော့ ကောင်းကင်ဘုံက ကျလာတဲ့ ကောင်းတဲ့အရာတွေကို ရနိုင်လောက်တဲ့အထိ ကံမကောင်းဘူး၊ ပြီးတော့ ဒီလို မမျှော်လင့်ဘဲရတဲ့ ကံကောင်းမှုမျိုးကိုလည်း ငါတို့ လက်မခံယူနိုင်ဘူးလေ"
သူမ စကားမဆုံးမီမှာပင် စုန့်တင်းရှန်းက ပင်မအိမ်ခန်းထဲမှ အပြုံးလေးဖြင့် ထွက်လာကာ မိခင်ဖြစ်သူကို သတိပေးလိုက်သည်။
"အမေ... အပြင်မှာ စကားတွေ အများကြီး မပြောနဲ့လေ၊ အဒေါ်ရှ အိမ်ထဲကို ဝင်ပါဦး၊ အခု ရာသီဥတု အေးနေတော့ အပြင်မှာ နေရင် လေစိမ်းတွေမိပြီး ခေါင်းကိုက်နေပါဦးမယ်"
ဝမ်ရှီက သက်ပြင်းအခါခါချနေရင်း သူမ၏သားကို ဆွဲခေါ်ကာ ပင်မအိမ်ကြီးထဲသို့ ဝင်လာခဲ့သည်။
ပင်မအိမ်ကြီးထဲတွင် လီရှီက သူမ၏မြေးချွေးမများအား ဖိနပ်အောက်ခံ ညှပ်နည်း သင်ပေးနေသည်။ စုန့်ယွိလန်က တစ်ဖက်ရှိ ပြတင်းပေါက်နားမှ စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ပန်းထိုးနေသည်။
ဝမ်ရှီကို မြင်လိုက်သည်နှင့် သူမက ခပ်တိုးတိုး နှုတ်ဆက်လိုက်သည်။
"အမေ"
လီရှီက ခေါင်းမော့ကြည့်လိုက်ပြီး ဝမ်ရှီကို မြင်သွားကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"အိုက်ယား... မတွေ့ရတာတောင် အတော်ကြာနေပြီပဲ၊ ဒီနေ့ မင်းဝတ်ထားတာက တကယ့်ကို တင့်တယ်ကြော့ရှင်းနေပါလား"
ဝမ်ရှီတစ်ယောက် ထိတ်လန့်သွားပြီး သူမကိုယ်သူမ သတိဖြင့် ပြန်ကြည့်လိုက်ရာ သူမ စုန့်ယွိလန် ဝယ်ပေးထားသော ငွေလက်ကောက်နှင့် ငွေဆံထိုးကို ဝတ်ဆင်လာမိမှန်း သတိရသွားခဲ့သည်။ စုန့်ယွိလန်က သူမ ခြံထဲသို့ ဝင်လာစဥ်ကတည်းက ပြတင်းပေါက်မှ လှမ်းကြည့်နေခဲ့ပြီး ထိုအဆင်တန်ဆာများကို သတိထားမိကာ လီရှီအား ပြောပြထားခြင်း ဖြစ်သည်။
ဝမ်ရှီ၏ နှုတ်ခမ်းများက အနည်းငယ် တုန်ယင်သွားသော်လည်း သူမက ကမန်းကတမ်း ပြန်ဟန်ဆောင်နိုင်ခဲ့သည်။
"တာ့ရှန်း၊ ဘာလို့ နင့်အဘွားကို အရိုအသေ မပေးသေးတာလဲ?"
ရှတာ့ရှန်းက နောက်ထပ် သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်မှ သူမက ဆက်ပြောလိုက်သည်။
"ဒါတွေအားလုံးက ယွိလန် ကျွန်မကို ဂရုစိုက်ပေးခဲ့လို့ပါ၊ သူသာ မရှိရင် ကျွန်မ ဘယ်လိုလုပ်ပြီး ဒီလောက် တင့်တင့်တယ်တယ် ဝတ်နိုင်ပါ့မလဲ? ချွေးမဆိုတာက အလိုက်သိတတ်ရတယ်လို့ ပြောကြပေမယ့် ယွိလန်ကတော့ ကျွန်မသမီးအရင်းထက်တောင် ပိုပြီး အလိုက်သိတဲ့ ကလေးပါ၊ ဟူး စိတ်ပျက်စရာကောင်းတဲ့လူက ကျွန်မရဲ့သားပါ၊ သူက လုံးဝ အရည်အချင်း မရှိတဲ့သူပဲ။
လီရှီက ထိုကိစ္စနှင့် ပတ်သတ်ပြီး ဘာမှပြန်မပြောဘဲ အေးအေးဆေးဆေး ဖိတ်ခေါ်လိုက်သည်။
"ခန်ပေါ်ကို ဝင်ထိုင်ဦးလေ၊ ဒီရက်ပိုင်း နေ့ခင်းတောင်မှ မီးမွှေးထား ရတယ်၊ အဲ့လိုမှပဲ လူအိုကြီးနဲ့ ကလေးတွေ အအေးမိနိုင်အောင် ကာကွယ်ပေးနိုင်တော့တယ်"
ယခုအချိန်တွင် လေးလပိုင်းသို့ ရောက်နေပြီဖြစ်သောကြောင့် အိမ်ထောင်စု အတော်များများက ခန်ကို အပူမပေးကြတော့ပေ။ သက်ကြီးရွယ်အိုနှင့် ကလေးငယ် အများအပြား ရှိသော မိသားစုများ သို့မဟုတ် ထင်းအလုံအလောက် စုဆောင်းထားနိုင်သော မိသားစုများကသာ ဤကဲ့သို့ ခန်ကို နွေးထွေးအောင်ထားနိုင်ပြီး စည်းစိမ် ခံစားနိုင်ကြသည်။
ဝမ်ရှီက နွေးထွေးသော ခန်ပေါ်သို့ ဝင်ထိုင်လိုက်ရင်း ခန်ပေါ်ရှိ ချုပ်လုပ်စ ဖိနပ်အောက်ခံများကို ကြည့်ကာ ချီးကျူးလိုက်သည်။
"အဘွားတို့ကတော့ တကယ်ကို ကံကောင်းတာပဲ။ ချွေးမဖြစ်ဖြစ်၊ မြေးချွေးမတွေဖြစ်ဖြစ် အားလုံး တော်ကြတယ်။ ဒီဖိနပ်အောက်ခံတွေ ချုပ်ထားတာ ကြည့်ပါဦး၊ ဘယ်လောက်တောင် သပ်ရပ်လိုက်သလဲ?"
လီရှီက ဝတ်ကျေတန်းကျေ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်၊ ငါတို့ မိသားစုထဲကို ဝင်လာတဲ့သူရော၊ ထွက်သွားတဲ့သူရော အားလုံးက ကျွမ်းကျင်တဲ့သူတွေချည်းပဲ၊ ဘယ်သူကများ ငါတို့ မိသားစုကို အပြစ်ပြောနိုင်မှာလဲ? ငါတို့ရဲ့ ယွိလန်ကိုပဲ ကြည့်လိုက်လေ၊ သူက ငယ်ငယ်ကတည်းက အချက်အပြုတ်ရော အချုပ်အလုပ်ပါ ကျွမ်းကျင်တယ်၊ ဝီရိယ ရှိတယ်၊ အလုပ်ကို သေသေသပ်သပ် လုပ်တတ်တယ်။ အဲ့ဒီတုန်းက သူ့ကို အိမ်ခေါ်သွားဖို့ စိတ်အားထက်သန်နေတဲ့ မိသားစုတွေ ဘယ်လောက်တောင် များလိုက်သလဲ? သူ ဘာလို့ နင်တို့မိသားစုထဲကို ဝင်သွားခဲ့လဲဆိုတာ နင် မှတ်မိသေးတယ်မလား?"
ဝမ်ရှီက အလျင်အမြန် ခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်သည်။
"ဒါပေါ့ ကျွန်မ မှတ်မိတာပေါ့၊ ဒါက မေ့စရာလား? ကျွန်မရဲ့သားက ရုပ်ရည်လေး သန့်သန့်ပြန့်ပြန့် ရှိသလို အလုပ်လည်း ကြိုးစားတယ်။ နှစ်ယောက်စလုံးကလည်း အသက်ချင်း တူကြတယ်လေ။ ပြီးတော့ ကျွန်မတို့ ရှမိသားစုကလည်း မိသားစုကြီးဆိုတော့ ကောင်းကင်က ဖန်တီးပေးတဲ့ ဖူးစာကြိုးနီပါပဲ"
လီရှီက ဆက်ပြောလိုက်သည်။
"ဟုတ်တယ်၊ အဲဒီတုန်းက ယွိလန်ကိုယ်တိုင်ကလည်း သူ့ကို သဘောကျခဲ့လို့ မိန်းမငယ်လေးရဲ့ဆန္ဒအတိုင်း နင့်တို့ မိသားစုဆီ ယုံယုံကြည်ကြည် အပ်နှံခဲ့တာ၊ ဒါပေမယ့် တစ်နေ့နေ့မှာ တာ့နွီက နင့်သားကို သဘောမကျတော့ဘူးဆိုရင်တော့ ငါတို့ စုန့်မိသားစုမှာ တာ့နွီအတွက် ထမင်းစားဖိုရော အဝတ်အစား ဝတ်ဖို့ပါ ပူနေစရာ မလိုဘူး"
ဝမ်ရှီ၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားသော်လည်း သူမ အားတင်းကာ ပြုံးနေရသေးသည်။
"ကျွန်မ သိတာပေါ့"
လီရှီက ဘာမှ မဖြစ်သလို ထပ်မေးလိုက်ပြန်သည်။
"ငါ ကြားတာတော့ နှစ်သစ်ကူးတုန်းက နင့်သားက ပင်လယ်နဲ့ပတ်သတ်တဲ့ အလုပ် လုပ်ချင်လို့ ဆိုပြီး ယွိလန်ကို ပိုက်ဆံလာချေးခိုင်းတယ်ဆို"
ဝမ်ရှီက ငြင်းဆိုရန် ပြင်နေသော်လည်း လီရှီက သူမကို ငြင်းချိန်မပေးဘဲ ဆက်ပြောနေသည်။
"အဲဒီတုန်းကတော့ ဒါက အကြံကောင်းလို့ ငါတို့လည်း ထင်နေကြတာ၊ သမီးတစ်ယောက်ကို လက်ထပ်ပေးလိုက်ပြီဆိုမှတော့ သူရဲ့ယောကျ်ား အဆင်ပြေပြီး တိုးတက်လာမှာကို မျှော်လင့်တာပေါ့၊ ဒါမှ ငါတို့အိမ်က မိန်းခလေးလည်း ဝဝလင်လင် စားရပြီး လှလှပပ ဝတ်ဆင်နိုင်မှာလေ၊ ဘယ်သူက ကိုယ့်သမီးရဲ့ယောက်ျားကို ပြသနာတွေ ဖြစ်စေချင်မှာတုန်း? အဲ့ကြောင့် ငါတို့က လုပ်ငန်းမစခင် အစီအစဥ်ကို ပြောပြခိုင်းခဲ့တာ။ အခုရော မင်း အဲဒါကို စဉ်းစားပြီးပြီလား?"
ရှတာ့ရှန်းက ဘာစကားမှ မပြောနိုင်ဘဲ ခေါင်းသာ ငုံ့နေလေသည်။
"သူက ဘယ်လိုလုပ်ပြီး လုပ်ငန်းလုပ်နိုင်မှာလဲ? သူ့မှာ ဦးနှောက်ရှိလို့လား? သူ့ကို ဘာမှ ငွေချေးပေးစရာ မလိုပါဘူးရှင်၊ ချေးပေးလည်း အကုန်လုံး ဆုံးရှုံးသွားမှာ သေချာတယ်"
ဝမ်ရှီက ကြားဖြတ် ဝင်ပြောလိုက်သည်။
လီရှီက သက်ပြင်းချလိုက်ရင်း ညည်းညဉ်းညူညူ ပြန်ပေးလိုက်သည်။
"အဲ့လိုလား? ဒါဆိုရင်တော့ ငါတို့ ဘယ်လိုလုပ်ကြမလဲ?"
ဝမ်ရှီမှာ ထိတ်လန့်နေပုံဖြင့် အလျင်အမြန် ထပ်ရှင်းပြလိုက်သည်။
"ဟုတ်တယ်၊ အဲဒါကြောင့်လည်း သူ ပိုက်ဆံတွေကို မဆင်မခြင် သုံးပစ်မှာစိုးလို့ ကျွန်မ ယွိလန်ရဲ့လယ်ကထွက်တဲ့ ငွေတွေကို ကူသိမ်းပေးထားရတယ်။ ကျွန်မ သိမ်းပေးထားလို့သာ အဆင်ပြေသွားတာ၊ အဲ့လိုမဟုတ်ရင် ယွိလန်က ကြင်နာတတ်တော့ သူ့ယောကျ်ား တောင်းတာနဲ့ မငြင်းနိုင်ဘဲ ပေးမိမှာလေ"
ပြောပြောဆိုဆိုဖြင့် သူမက သူမ၏ ရင်ဘတ်ထဲမှ အိတ်တစ်အိတ်ကို ထုတ်ယူကာ ငွေစများကို သွန်ချလိုက်သည်။
သူမ၏ စကားလုံးများက လှပနေသော်လည်း သူမ၏မျက်နှာတွင်မူ အလွန် နှမြောတသဖြစ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူမ ပြုံးရန် ကြိုးစားနေသော်လည်း ထိုအပြုံးကို ကြည့်ရသည်မှာ အလွန်ပင် ထူးဆန်းနေလေသည်။
စုန့်တင်းရှန်းကတော့ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရပြီး အဘွားဖြစ်သူက အမှန်တကယ် အံ့ဩဖို့ကောင်းလွန်းသည်ဟု တွေးနေသည်။
‘အဖွားက ကျေးလက်ဒေသမှာ မွေးဖွားခွင့်ပေးလိုက်တဲ့ ကံကြမ္မာက အရည်အချင်းကောင်းတွေကို နေရာလွဲပြီး ဖြုန်းတီးနေတာပဲ’
‘တကယ်လို့ အဘွားသာ သူဌေးမိသားစုတွေထဲက တစ်ခုခုဆီကို ရောက်သွားခဲ့ရင် မိသားစုတွင်း အရှုပ်အထွေးတွေနဲ့ မောင်းမဆောင်လှည့်ကွက်တွေကို ကိုင်တွယ်တဲ့ ပါရဂူကြီးတစ်ယောက် ဖြစ်နေလောက်ပြီ’
လီရှီက ပြုံးမြဲပြုံးနေလျက် ပြန်ဖြေလိုက်သည်။
"နင် ပင်ပန်းသွားရပြီ၊ ကျေးဇူးတင်ပါတယ်ဟယ်၊ ဒီလို ကိစ္စတွေ ဖြစ်လာပေမယ့် ယွိလန်က ငွေတွေကို ဖြုန်းတီးမှာ မဟုတ်ဘူးလို့ ငါလည်း တွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက သူမရဲ့ ခန်းဝင်ငွေတွေလေ၊ သူကိုယ်တိုင် သိမ်းထားတာကတော့ အကောင်းဆုံးပဲ။ ဒါမှလည်း မသိနားမလည်တဲ့သူတွေက နင့်ကို 'ချွေးမရဲ့ ခန်းဝင်ငွေတွေ ယူသုံးနေတယ်' လို့ အတင်းမပြောကြမှာ၊ အဲဒီလို အပြောခံရရင် နင်ပဲ အစွပ်စွဲခံရသလို ဖြစ်ပြီး နစ်နာရမှာ မဟုတ်လား"
ဝမ်ရှီတစ်ယောက် အတင်းဖိအားပေး ပြုံးနေရသဖြင့် သူမ၏မျက်နှာမှ ကြွက်သားများပင် တောင့်တင်းနေပြီ ဖြစ်သည်။ သူမ၏ စိတ်ထဲတွင်တော့ လီရှီအား ဒေါသထွက်ကာ ကျန်ဆဲနေမိသည်။
စုန့်ယွိလန်က ငွေများကို သူမ၏အိတ်ထဲသို့ ထည့်လိုက်ပြီး အပြုံးလေးဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
"ကျွန်မအတွက် ပိုက်ဆံတွေ ကူသိမ်းပေးထားလို့ ကျေးဇူးတင်ပါတယ်၊ အမေ"
ဝမ်ရှီက မျက်မှောင်ကြုံ့လျှက် ပြန်ပြောလာပြန်သည်။
"နင်အဲ့လောက် ယဥ်ကျေးနေဖို့ မလိုပါဘူး"
ထို့နောက်တွင် ဝမ်ရှိက သူမ ယူလာသည့် အထည်ထုပ်များကို ခန်ပေါ်သို့ တင်လိုက်သည်။
"ကျွန်မ လက်ဗလာနဲ့ မလာချင်လို့ စဥ်းစားနေတုန်း တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာ အထည်စကောင်းကောင်းလေး နှစ်စရှိတာနဲ့ ယူလာခဲ့တာ။ ပိုအခန့်သင့်သွားစေတာက ကျင်းချောင်းအာလည်း အမြွှာသမီးလေးတွေ ရထားပြီး ဒီအရောင်တွေက မြေးမလေးတွေအတွက် အင်္ကျီချုပ်ပေးဖို့ ကွက်တိဖြစ်နေတာပဲ"
လီရှီက ထိုအထည်များကို တစ်ချက်မျှပင် မကြည့်ဘဲ လက်ခံရုံသာ လက်ခံလိုက်ပြီး ကျောက်တိဆီသို့ လှမ်းပေးလိုက်သည်။
"ရော့... ဒါကို သိမ်းထားလိုက်"
ထိုအခြေအနေကို မြင်သွားသည့် ဝမ်ရှီက စုန့်တင်းရှန်း၏ လက်ကို ဆွဲကိုင်ကာ ထပ်ပြောလာပြန်သည်။
"ကလေး၊ နင် မတရားခံရပြီး စိတ်မကောင်းဖြစ်ခဲ့ရတာတွေကို အဒေါ် သိပါတယ်၊ အဒေါ်တို့အိမ်မှာလည်း အလုပ်တွေ အရမ်းများနေလို့ နင့်ရဲ့ မင်္ဂလာဆောင်တုန်းက ကိုယ်တိုင်လာပြီး လက်ဆောင်ကောင်းကောင်း မပေးနိုင်ခဲ့ဘူး။ ဒီမှာ ဒါလေး ယူလိုက်နော်၊ ဒီလက်ကောက်ရဲ့ ပုံစံက ဟောင်းနေပြီဆိုပေမယ့် အလေးချိန်တော့ ရှိပါတယ်။ ရော့...ရော့ ယူထားလိုက်နော်၊ နောက်မှ နင် ကြိုက်တဲ့ ပုံစံလေး ပြန်လုပ်ပြီး ဝတ်ပေါ့။ ဒါက အဒေါ်ပေးတဲ့ မင်္ဂလာလက်ဆောင်လို့ပဲ သဘောထားလိုက်ပါ"
စုန့်တင်းရှန်းက အဘွားဖြစ်သူကို လှမ်းကြည့်လိုက်ပြီး လီရှီ၏ အတည်ပြုချက်ကြောင့် ဝမ်ရှီ၏ လက်ကောက်ဝတ်မှ ချွတ်ပေးလာသော ငွေလက်ကောက်ကို အသာတကြည် လက်ခံလိုက်သည်။ ထိုအချိန်တွင် ဝမ်ရှီ၏ မျက်နှာကတော့ ဖြူလျော့နေလေသည်။
ဝမ်ရှီက တစ်ခုခု ဆက်ပြောရန် ပြင်နေစဉ်မှာပင် အပြင်ဘက်မှ လူတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ မကြာမီမှာပင် ဖန့်ရှီက သူမ၏လက်ထဲမှ စာကို ဝှေ့ယမ်းရင်း ပြုံးပြုံးရွှင်ရွှင် ဝင်လာခဲ့သည်။
"အာ့နွီအာ... ကျူးဇီဆီကနေ စာရောက်လာတယ်၊ မြန်မြန်လာ... အထဲမှာ ဘာတွေရေးထားလဲဆိုတာ ဖတ်ပြပါဦး"
"ရှင်....??? စာ ဟုတ်လား"
စုန့်တင်းရှန်းက စာကို အလျင်အမြန် လှမ်းယူပြီး ချက်ချင်း ဖွင့်ဖတ်လိုက်သည်။
နှစ်သစ်ကူးပြီးကတည်းက ထွက်သွားသည့် ကျိုးယိနိုထံမှ သတင်းအစအနမရဘဲ တိတ်ဆိတ်နေသည်မှာ လပေါင်းများစွာ ကြာနေပြီ ဖြစ်သည်။ အသစ်စုဆောင်းခံရသော စစ်သည်သစ်များက နယ်စပ်ဒေသသို့ မပြောင်းရွှေ့ရသေးခင် လပေါင်းများစွာ လေ့ကျင့်ရေးဆင်းရမည်ကို သူမ သိထားပြီး စာတစ်စောင်ရရန် အတော်ကြာကြာ စောင့်ရဦးမည်ဟု စုန့်တင်းရှန်း တွေးထားခဲ့သည်။ သို့သော် ယခုကဲ့သို့ စောစောစီးစီး စာရောက်လာဖြင့် သူမ အံ့အားသင့်သွားရသည်။
စာရွက်အမျိုးအစားက အသင့်အတင့် ကောင်းမွန်သော်လည်း မီးသွေးခဲဖြင့် ရေးထားသော စာလုံးများက ကြမ်းတမ်းနေပြီး ကျိုးယိနိုကိုယ်တိုင် ရေးထားခြင်းဖြစ်ကြောင်း သိသာနေသည်။ သူမ စာကို စိတ်အားထက်သန်စွာ ဖတ်ရှုနေပြီး သူမ၏မျက်နှာထက်တွင် အပြုံးများ လွှမ်းမိုးလာသည်။
စာကို အသည်းအသန် ဖတ်နေသည့် စုန့်တင်းရှန်းကို ကြည့်နေသည့် ဝမ်ရှီက နောက်ပြောင်သလို ထပ်ပြောလိုက်သည်။
"အိုက်ယား.... တင်းရှန်းက စာတတ်လိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး"
ဖန့်ရှီက ချက်ချင်း တုံ့ပြန်လိုက်သည်။
"ငါတို့အိမ်က ကလေးတွေ အားလုံး အနည်းနဲ့အများတော့ တတ်ကြတယ်လေ၊ အဲ့ဒါမှ အပြင်ထွက်တဲ့အခါ အလိမ်မခံရမှာပေါ့၊ တာ့နွီအာတောင်မှ စာဖတ်တတ်သေးတယ်၊ တာ့နွီက 'စကားသုံးလုံးဂန္တဝင်ကျမ်း' နဲ့ 'စာလုံးတစ်ထောင်မဟာကျမ်းစာ' တွေကိုတောင် အလွတ်ရွတ်နိုင်တယ်"
မိမိ၏ချွေးမဖြစ်သူ စာဖတ်တတ်မှန်း မသိခဲ့သော ဝမ်ရှီတစ်ယောက် စုန့်ယွိလန် စာတတ်သည်ဟူသော သတင်းကြောင့် သူမကိုယ်သူမ ပို၍ပင် အောက်ကျနောက်ကျဖြစ်သွားသလို ခံစားလိုက်ရသည်။ သူမအတွက် ချွေးမဆိုသည်မှာ ယောက္ခမများနှင့် လင်သားအား အလုပ်အကျွေးပြုပြီး မျိုးဆက်ကို ဆက်လက်ထိန်းသိမ်းရန် အသုံးခံပစ္စည်းသက်သက်သာ ဖြစ်သည်။
စာဖတ်ပြီးနောက် စုန့်တင်းရှန်းက စာထဲမှ အကြောင်းများကို ပြန်ပြောပြနေသည်။
"ကျိုးကော ပြောတာက သူ စစ်စခန်းမှာ အားလုံး အဆင်ပြေတယ်တဲ့။ အခု သူက စစ်သည်အသစ်တွေ လေ့ကျင့်ရတဲ့ စခန်းမှာ မနေရတော့ဘူးတဲ့၊ ဝမ်ချန်းဟူလို့ ခေါ်တဲ့ တပ်ခွဲမှူးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ စစ်သည်အဖြစ် တာဝန်ထမ်းဆောင်နေရပြီတဲ့၊ သူ စစ်သည်သစ်တွေနဲ့အတူ လေ့ကျင့်ရပေမယ့် နေရတဲ့ နေရာနဲ့ အစားအသောက်ကတော့ စစ်သည်သစ်တွေထက် ပိုကောင်းတယ်လို့ ပြောတယ်။ ဝမ်တာ့ရန်က သူ့ကို စာသင်ပေးပြီး အမေချုပ်ပေးလိုက်တဲ့ ဝံပုလွေသားရေ ဒူးစွပ်တွေကိုလည်း ချီးကျူးနေတယ်တဲ့။ ပြီးတော့ ကျွန်မတို့ လုပ်ပေးလိုက်တဲ့ ဂျင်းပုဇွန်ခြောက်ကြော်တွေကလည်း အရမ်းကောင်းလို့ ပြေတယ်၊ သူ ပြောတာက သူတို့တွေ အအေးဒဏ်ခံနိုင်အောင် နယ်စပ်ကို အများကြီး ယူသွားဖို့ ပြင်ဆင်နေကြတယ်တဲ့"
"အော့မိသော့ဖော... ဒါ တကယ်ကို သတင်းကောင်းပဲ"
နောက်ဆုံးတွင် ဖန့်ရှီတစ်ယောက် စိတ်အေးသွားပုံဖြင့် ရယ်ကာမောကာ ချီးကျူးလာသည်။
"ကျူးဇီမှာ အရည်အချင်း ရှိတာ ငါ သိသားပဲ။ တခြားသူတွေ စစ်သည်သစ်စခန်းမှာ နေ နေရချိန်မှာ သူက အဆင့်မြင့်အရာရှိကြီးတစ်ယောက်ရဲ့ လူယုံဖြစ်နေပြီ။ နောင်ကျရင် သူလည်း အရာရှိနေရာတစ်ခုလောက်တော့ ရလာနိုင်လိမ့်မယ်"
ထိုစကားကို ကြားလိုက်ချိန်တွင် ဝမ်ရှီက မချိပြုံးဖြင့် ထပ်ပြောလိုက်သည်။
"ဂုဏ်ယူပါတယ် ခမည်းခမက်ရယ်။ ရှင့်သမက် အရာရှိ ဖြစ်ပြီး ပြန်လာရင် ရှင်တို့လည်း စည်းစိမ် ခံစားရတော့မှာပါ"
ဖန့်ရှီက ရယ်မောရင်း ဆက်ကြွားနေသေးသည်။
"ဒါပေါ့၊ သူက အခု ဝမ်တာ့ရန်ရဲ့ လူယုံအဖြစ် အမှုထမ်းနေတာလေ၊ သူတို့ နယ်စပ်ကို သွားရမယ်ဆိုပေမယ့် ဝမ်တာ့ရန်ဆိုတာက မြို့ပေါ်မှာ နာမည်ကြီးတဲ့လူလေ၊ တစ်ယောက်ယောက်ကသာ ကျွန်မတို့ကို လာပြီး အနိုင်ကျင့်ရဲရင်တော့ ဝမ်တာ့ရန်ဆီ အကူအညီတောင်းပြီး စစ်သားတွေ လွှတ်ခိုင်းလိုက်မယ်"
ထိုသို့ပြောရင်းဖြင့် သူမက ဝမ်ရှီကို တစ်ချက် စွေကြည့်လိုက်သေးသည်။ ဝမ်ရှီကတော့ ခေါင်းငုံ့ထားပြီး သူမ၏ကျောပြင်တစ်ခုလုံးမှ ချွေးစေးများ ထွက်လာသလို ခံစားနေရသည်။
စုန့်တင်းရှန်းကတော့ ဝမ်ရှီ၏ အမူအရာကို ကြည့်ရင်း တဟားဟား ရယ်မောချင်နေလေသည်။
‘ဒီစာက တကယ်ကို ကွက်တိကြီး အချိန်ကိုက်ရောက်လာတာဟ၊ လူတွေ ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်လေ၊ “အမတ်ချုပ်ရဲ့အိမ်တော်က တံခါးစောင့်တောင်မှ အဆင့်ခုနစ်အရာရှိထက် ပိုဂုဏ်ရှိတယ်” တဲ့၊ အဲ့ စကားလိုပဲ ငါ့ရဲ့ခင်ပွန်းက တပ်ခွဲမှူးတစ်ယောက်ရဲ့ နောက်လိုက် ဖြစ်နေရင်တောင် သာမန်အရပ်သားတွေအတွက်တော့ အရာရှိဖြစ်သွားသလို ထင်နေကြမှာ သေချာတယ်၊ အခုအချိန်မှာ ဘယ်သူက လာရှုပ်ရဲတော့မှာတုန်း’
ဝမ်ရှီကို အောင်မြင်စွာ ခြောက်လှန့်ပြီးနောက် ဖန့်ရှီက စုန့်တင်းရှန်းဘက်သို့ လှည့်ကာ ထပ်မေးလိုက်သည်။
"စာထဲမှာ တခြား ဘာတွေရေးထားသေးလဲ?"
စုန့်တင်းရှန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
"သူက အဖေနဲ့အမေ၊ အဘိုးနဲ့အဘွားတို့ကိုလည်း သူ့အတွက် စိတ်မပူဖို့ ပြောထားတယ်၊ သူက အရမ်းသန်မာသလို လေ့ကျင့်ရေးကလည်း သိပ်မပင်ပန်းတဲ့အပြင် တပ်မှူးကလည်း သူ့ကို ကောင်းကောင်းဆက်ဆံတယ်တဲ့၊ နယ်စပ်ကို ရောက်လို့ အခြေကျသွားပြီးရင် သူ နောက်ထပ်စာတစ်စောင် ထပ်ရေးလိုက်မယ်လို့ ပြောထားသေးတယ်။ ပြီးတော့ အိမ်မှာ တစ်ခုခုဖြစ်ခဲ့ရင် မြို့ပေါ်က သူဌေးဝမ်ဆီကို သွားပြီး အကူအညီတောင်းလို့ရတယ်တဲ့၊ သူဌေးဝမ်က သဘောကောင်းပြီး ကြင်နာတတ်တဲ့သူဆိုတော့ သမီးတို့ မိသားစုကို ကူဉီပေးမှာ သေချာတယ်တဲ့"
ဖန့်ရှီကတော့ ဝမ်းသာမဆုံး ဖြစ်နေရှာသည်။
"ကောင်းတယ်... အရမ်းကောင်းတယ်"
သူမက ကောင်းတယ်ဟူသော စကားကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေပြီး စကားပင် ဆုံးအောင် မပြောနိုင်ရှာချေ။
သူမ၏ ပျော်ရွှင်မှုများက သူမ၏မျက်နှာထက်၌ အတိုင်းသား ပေါ်လွင်နေသည်။ ထို့နောက် စုန့်တင်းရှန်းက ထိုစာကို လီရှီထံသို့ လှမ်းပြလိုက်သည်။ လီရှီက စာကို ဖတ်လိုက်ပြီး ကျန်သူများ ဖတ်နိုင်ရန် လက်ဆင့်ကမ်းပေးလိုက်သည်။ အားလုံး ဖတ်ပြီးမှ စုန့်တင်းရှန်းထံသို့ ပြန်ပေးလိုက်ကာ လီရှိက သူမကို သတိပေးလိုက်သည်။
"ကျူးဇီက အလားအလာရှိတဲ့ လူငယ်လေးပဲ၊ တင်းရှန်း... ဒီစာကို သေသေချာချာ သိမ်းထားနော်။ နောင်တစ်ချိန်မှာ ဒါက အသုံးဝင်လာနိုင်တယ်"
"သမီး နားလည်ပါပြီ အဖွား"
စုန့်တင်းရှန်းက စာကို ရင်ဘတ်ထဲ၌ ပွေ့ပိုက်ထားရင်း အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
ဝမ်ရှီကမူ ကျောထဲမှ စိမ့်ခနဲဖြစ်သွားပြီး သူမ၏ လုပ်ရပ်များအတွက် နောင်တရနေမိသည်။ ယနေ့ သူမ စုန့်မိသားစုထံသို့ လာခဲ့မိသည်မှာ အမှန်တကယ် ကံကောင်းသွားသလို သူမ ခံစားနေရသည်။ အကယ်၍ သူမ အိမ်မှာ ထိုင်နေရင်း စုန့်မိသားစုကို ဆက်ရန်စနေမိပါက ထိုတပ်ခွဲမှူးကြီး ဖြစ်သည့် အရာရှိဝမ်က သူမတို့ အိမ်အထိ လိုက်လာပြီး သူမတို့အား သင်ခန်းစာပေးမည်ကို သူမ တွေးရင်း တွေးရင်း ပိုကြောက်လန့်လာသည်။ ယခုအချိန်တွင် သူမ စုန့်ယွိလန်ကို အမြင်အသစ်များဖြင့် ကြည့်နေမိပြီး သူမကို အိမ်သို့ ချက်ချင်း ပြန်ခေါ်ကာ ရိုရိုသေသေ ဆက်ဆံချင်စိတ်များ ပေါက်ပေါ်လာသည်။
‘ငါ သူတို့ကို ဘယ်တော့မှ ထပ်ပြီး ရန်မစတော့ဘူး’
ခန်ပေါ်တွင် ထိုင်နေရသော်လည်း ဝမ်ရှီတစ်ယောက် သက်တောင့်သက်သာရှိမူကို မခံစားနိုင် ဖြစ်နေလေသည်။ ခဏတာမျှ ထိုင်နေပြီးနောက်တွင် သူမက စုန့်ယွိလန်ကို လှမ်းမေးလိုက်သည်။
"ဒါနဲ့... ယွိလန်၊ တာ့ပေါင်ရော သူ ဘယ်မှာလဲ?"
စုန့်ယွိလန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
"သူ ဟိုဘက်ခန်းမှာ အိပ်ပျော်နေတယ်၊ အမေ"
'ဪ'
ဝမ်ရှီက တိုးတိုးလေး ရေရွတ်ပြီးမှ ထပ်ပြောလာပြန်သည်။
"ငါ ခဏနေ ပြန်မှ ဖြစ်မယ်၊ ငါ ဒီကို ထွက်လာတာ နင့်အဖေကိုတောင် မပြောခဲ့မိဘူး။ အဘိုးကြီး အိမ်ပြန်ရောက်လို့ ငါ့ကို ရှာမတွေ့ရင် စိတ်ပူနေဦးမယ်၊ တာ့ရှန်းကိုတော့ တာ့ပေါင် နိုးလာတဲ့အထိ ဒီမှာပဲ စောင့်ခိုင်းလိုက်မယ်... ယွိလန်၊ သမီး... သမီး ဒီနေ့ အိမ်ပြန်လိုက်မှာ မဟုတ်လား"
အဘွားဖြစ်သည့် လီရှီထံမှ ခေါင်းညိတ် အတည်ပြုချက်ကို လက်ခံရရှိသွားသည့် စုန့်ယွိလန်က ယောက္ခမဖြစ်သူကို လေးလေးစားစား ပြန်ဖြေလိုက်သည်။
"ကျွန်မ ပြန်လာပါမယ်။ ဒါပေမယ့် ဒီပန်းပုံစံလေးတွေ အရင် ကူးယူလိုက်ဦးမယ်၊ ဒါပြီးမှ ပြန်လာခဲ့မယ်နော်၊ အဲ့ဒါမှ အားတဲ့အချိန်တွေမှာ ဖိနပ်တွေနဲ့ လက်ကိုင်ပုဝါတွေအတွက် ပန်းထိုးနိုင်မှာ အမေရဲ့"
ဝမ်ရှီက အလိုက်သင့်ပင် အားပေးစကား ပြောလိုက်သည်။
"ရတယ်... ရတယ်၊ ဒီပန်းထိုးပုံစံလေးတွေက တကယ် လှတယ်နော်။ သမီးလည်း ငယ်ငယ်လေး ရှိသေးတာ။ ပန်းပုံစံတွေပါတဲ့ အဝတ်အစားတွေ၊ ဆံညှပ်လေးတွေ ဝတ်ဆင်သင့်တာပေါ့။ ကဲ... အမေ မစောင့်တော့ဘူးနော်၊ အဘွား... ခမည်းခမက်... ကျွန်မ ပြန်တော့မယ်၊ အိမ်မှာ ကျွန်မကို စောင့်နေတဲ့ အလုပ်တွေ အများကြီး ရှိနေသေးတယ်၊ ဒါတွေအားလုံးက ကျွန်မရဲ့ အသုံးမကျတဲ့သားဖြစ်ရတာ၊ ထားပါတော့ သူ့ကို ဒီမှာ ထားခဲ့မယ်နော်၊ သူ့ကို ဆူချင်သလောက်ဆူ၊ ရိုက်ချင်ရင်တောင် ရိုက်လို့ ရတယ်။ ကျွန်မ ဘာမှ မပြောဘူး"
ထိုသို့ပြောပြီးနောက် သူမက စုန့်ယွိလန်ကို စကားအနည်းငယ် ထပ်ပြောကာ အလောတကြီး ထွက်သွားတော့သည်။
သူမက အိမ်သို့ အမြန်ပြန်ပြီး ဤအိမ်၌ ဖြစ်ပျက်ခဲ့သမျှကို သူမ၏အိမ်မှ လူများ၊ အထူးသဖြင့် သူမ၏သမီးကို ပြောပြရမည် ဖြစ်သည်။ သူမ၏သမီးဖြစ်သူက မသိနားမလည်ဘဲ ယောင်းမဖြစ်သူ၏ဒေါသအား ထပ်ဆွမိမည်ကို သူမ စိုးရိမ်နေခြင်းပင်။
ဝမ်ရှီ ထွက်သွားသောကြောင့် ရှတာ့ရှန်းတစ်ယောက် ပို၍ အနေရခက်လာပြီး ဂနာမငြိမ်ဖြစ်နေလေသည်။ သူက အသံတိုးတိုးဖြင့် ခွင့်တောင်းကာ အပြင်သို့ ပြေးထွက်သွားသည်။
"ကျွန်တော် အဘွားအတွက် ထင်းသွားခွဲပေးမယ်"
ရှတာ့ရှန်း၏ ကုတ်ချောင်းကုတ်ချောင်းနှင့် သနားစရာကောင်းသော အမူအရာကို မြင်လိုက်ရသည့် ဖန့်ရှီက သက်ပြင်းချရင်း ညည်းညူနေပြန်သည်။
"ငါ အဲ့ဒီတုန်းက သူ့ကို သေသေချာချာ ရွေးခဲ့တာပါ၊ ဘယ်လိုဖြစ်ပြီး ဒီလိုလူစားမျိုး ဖြစ်သွားရတာတုန်း"
လီရှီက မျက်မှောင်ကြုံ့ကာ သူမကို တားဆီးလိုက်သည်။
"ကလေးတွေရှေ့မှာ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ ဒါပေမယ့် သူတို့ ဒီလို ဖြစ်နေတာလည်း တမျိုးကောင်းပါတယ်၊ နည်းနည်းလေး တွန်းအားပေးလိုက်တာနဲ့ သူတို့ နာခံသွားကြပြီ၊ တာ့နွီ.... နောက်ဆိုရင် နင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရမယ်၊ ကိစ္စကြီးကြီးမားမားတွေကို နင် မဆုံးဖြတ်နိုင်ရင်တောင် နင့်ရဲ့အိမ်တွင်းရေးကိုတော့ နင်ပဲ တာဝန်ယူနိုင်ရမယ်။ သူတို့ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစား၊ မဟုတ်ရင် သူတို့ အခု နာခံပြနေပေမယ့် နောက်ကျရင် နင့်ကို ပြန်ပြီး ပုန်ကန်ဖို့ အကြောင်းပြချက်တွေ ရှာလာကြလိမ့်မယ်"
စုန့်ယွိလန်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။
"သမီး နားလည်ပါပြီ အဘွား"
အမှန်တကယ်တွင် သူမကလည်း တုံးအနေသူတစ်ယောက် မဟုတ်ပေ။
ဝမ်ရှီတစ်ယောက် သူမပိုင်ဆိုင်သည့် ငွေများကို မချိတင်ကဲ လက်လွှတ်လိုက်ရုံတင်မကဘဲ သူမလက်ထဲမှ ငွေလက်ကောက်ကိုပါ ချွတ်ပေးနေရသည်အား မြင်လိုက်ရချိန်တွင် စုန့်ယွိလန်တစ်ယောက် သူမ၏အဘွားကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
ဝမ်ရှီက အလွန်လောဘကြီးပြီး သူတပါးဆီမှသာ အမြတ်ထုတ်တတ်ပြီး အလွန်ပင် ကပ်စေးနှဲတတ်သူဖြစ်ကြောင်း အားလုံး သိထားကြသည်။ ယခုကဲ့သို့ သူမထံမှ အဖိုးတန်ပစ္စည်းများ ထွက်လာရန် မလွယ်ကူလှပေ။
ဤတစ်ကြိမ်တွင်မူ သူမ အမှန်တကယ် သွေးစိမ်းရှင်ရှင် ထွက်မတတ် အနစ်နာခံလိုက်ရခြင်း ဖြစ်သည်။
ကျောက်တိက သူမ၏လက်ထဲမှ အထုပ်ကို ဖွင့်ကြည့်လိုက်ရင်း တအံ့တဩ အော်ဟစ်လိုက်သည်။
"အိုက်ယား... ဒီအထည်တွေက တကယ်ကို အကောင်းစားတွေပဲ၊ ကျွန်မတောင် မြို့ထဲသွားတုန်းက ကျင်းချောင်းအာရဲ့ ကလေးအတွက် ဒီလိုအသားမျိုး ဝယ်ပေးချင်ခဲ့တာ၊ ဒါပေမယ် အစသေးသေးလေးကတောင် ဈေးအရမ်းများနေလို့ မဝယ်ဖြစ်ခဲ့ဘူး။ ရှမိသားစုက ဒီလောက်ကောင်းတဲ့ အထည်တွေကို ဘယ်လိုများ ဝယ်နိုင်ခဲ့တာတုန်း"
စုန့်ယွိလန်က ထိုအထည်များကို လှမ်းကြည့်လိုက်ပြီး သူမလည်း အံ့အားသင့်သွားပုံရသည်။ သို့သော် သူမက လှမ်းပြောလိုက်သေးသည်။
"ဒါတွေက ကျွန်မ ရှို့ကျွမ်းကို လက်ဆောင်ပေးထားတဲ့ အထည်နှစ်စလေ၊ ကျွန်မတို့ မြို့ထဲသွားတုန်းက သူက သူ့မှာ အဝတ်အစားကောင်းကောင်း မရှိဘူးဆိုပြီး နားပူနားဆာ လုပ်လွန်းလို့ သူ ချုပ်ဝတ်ဖို့ ကျွန်မ ဝယ်ပေးလိုက်တာ၊ ဒါတွေက ဒီကို ပြန်ရောက်လာလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး"
"ငါတို့တောင် ကိုယ့်အတွက်ကိုယ် မဝယ်ရက်ကြဘူး၊ နင်ကတော့ တခြားသူကို လွယ်လွယ်လေး ပေးလိုက်တယ်ပေါ့"
ဖန့်ရှီက အသားထူထူ နူးနူးညံ့ညံနှင့် အရောင်အသွေး တောက်ပြောင်သော အထည်စများကို ကိုင်ကြည့်နေရင်း သမီးဖြစ်သူကို မာန်မဲလိုက်ပြန်သည်။
ထိုအထည်စများက မြို့ကြီးများ သို့မဟုတ် အဆင့်မြင့်သော နေရာတစ်ခုခုမှ လာသည့် အရည်အသွေးမြင့် ပစ္စည်းများဖြစ်မှန်း သိသာနေသည်။ ကျေးလက်ဒေသမှ လူများကမူ အထည်များကို အလိပ်လိုက် မဝယ်နိုင်ကြဘဲ ကိုယ်တိုင်းပေါ် မူတည်၍ အစအသေးများကိုသာ ဝယ်ယူနိုင်ကြသည်။ ထိုသို့ဝယ်ယူရာတွင်လည်း သေသေချာချာ တွက်ချက်ပြီးမှသာ ဝယ်ယူကြရခြင်း ဖြစ်သည်။
စုန့်ယွိလန်က ရှက်ကိုးရှက်ကန်းနှင့် လျှာထုတ်လိုက်ပြီးမှ ပြန်ဖြေရှင်းနေလေသည်။
"ဒါက သမီး အပြစ် မဟုတ်ဘူး။ အထည်ဆိုင်ရှေ့မှာ လူတွေအများကြီး ရှိနေပြီး ကြည့်နေကြတဲ့အချိန်မှာမှ အဲ့မိန်းခလေးက သမီးကို ပူဆာခဲ့တာလေ၊ အဲဒါကြောင့် သမီးလည်း ရှက်တာနဲ့ ဝယ်ပေးလိုက်မိတာပါ"
ဖန့်ရှီက စိတ်တိုတိုဖြင့် ထပ်ပြောလိုက်ပြန်သည်။
"ဒါက ဘယ်လိုမိသားစုမျိုးလဲ? ရှရှို့ကျွမ်းက ဒီလိုမိန်းကလေးဖြစ်လာမယ်မှန်း ငါ လုံးဝ မထင်ထားခဲ့ဘူး။ ဒီလိုပုံစံမျိုးနဲ့ဆို ဘယ်သူက သူ့ကို ယူရဲတော့မှာတုန်းအေ"
ထိုအချိန်တွင် လီရှီက ဝင်သတိပေးလိုက်သည်။
"ကိုယ့်အိမ်ထဲမှာ ဒီစကားကို ပြောလို့ ရပေမယ့် အပြင်မှာတော့ လုံးဝ လျှောက်မပြောမိစေနဲ့။ တခြားသူရဲ့ အိမ်ထောင်ရေးကိစ္စကို နင်တို့ကြောင့် မပျက်စီးစေနဲ့"
ဖန့်ရှီက ရယ်မောရင်း စောဒကတက်နေပြန်သည်။
"အမေကလည်း... ကျွန်မ ဘယ်တုန်းကမှ စကားကို မဆင်မခြင် ပြောဖူးလို့လဲ? တော်ပါပြီ... အမေတို့ပဲ ဆက်ပြောကြတော့။ ဟိုမှာ ကျွန်မရဲ့ ယောင်းမက ကျွန်မ အိပ်ယာခင်းတွေ ကူလှမ်းပေးမှာကို စောင့်နေတုန်းပဲ"
သူမက ပြောပြောဆိုဆိုဖြင့် အပြင် ပြန်ထွက်သွားသည်။
စုန့်တင်းရှန်းက စုန့်ယွိလန်၏ လှပသော မျက်နှာလေးကို ကြည့်ရင်း မနေနိုင် မထိုင်နိုင် လှမ်းပြောလိုက်ပြန်သည်။
"အစ်မ... အခု ကျွန်မတို့အိမ်မှာ အစ်မဘက်ကနေ စကားပြောပေးမယ့်သူတွေ ရှိနေပြီနော်၊ တကယ်လို့ ရှမိသားစုက အစ်မကို ထပ်ပြီး အနိုင်ကျင့်လာရင် အိမ်ကိုပဲ တိုက်ရိုက်ပြန်လာခဲ့၊ တစ်ယောက်တည်း ကျိတ်ပြီး သည်းခံမနေနဲ့၊ ကျွန်မ ပြောတာကို အစ်မ နားလည်တယ်မလား?"
စုန့်ယွိလန်က ရှက်ပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
"ငါ နားလည်ပါပြီ၊ အရင်တုန်းက ငါ မှားခဲ့တယ်၊ အိမ်ထောင်သည်သမီးတစ်ယောက်က ဇလုံထဲက ဖိတ်ကျသွားတဲ့ရေလို့ပဲ ငါ အမြဲထင်နေခဲ့တာ၊ ချွေးမဆိုတာက ယောက္ခမရဲ့ စကားကို နားထောင်ရမယ်၊ ခဲအိုတွေ၊ မတ်တွေ၊ ယောင်းမတွေကို အလိုက်သင့် ဆက်ဆံရမယ်လို့ပဲ ငါ နားလည်ထားတာလေ။ ငါ အဲဒီလိုလုပ်မှ သူတို့က ငါ့ကို ကောင်းကောင်း ဆက်ဆံမယ်လို့ ငါ ထင်ထားခဲ့တာ၊ ဒါပေမယ့် အခု ငါ သိသွားပြီ၊ ကိုယ့်ရဲ့ မိဘအိမ်က အင်အားတောင့်တင်းမှပဲ ယောက္ခမအိမ်က ကိုယ့်ကို အနိုင်မကျင့်ရဲမှာ"
လီရှီကလည်း သူမကို ထပ်သွန်သင်ပေးနေသည်။
"ကိုယ့်ဘက်က မှန်ကန်အောင် နေထိုင်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်နေသရွေ့တော့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး၊ ရှတာ့ရှန်းကတော့ စိတ်ပျော့တဲ့ကလေးလို့ ငါ ထင်တယ်။ သူက အလွယ်တကူ ယိမ်းယိုင်တတ်တယ်၊ နင်ကသာ သူ့ကို ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်ရင် သူ ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး၊ ဒါပေမယ့် သူ့အမေကတော့ နည်းနည်း လည်လွန်းတယ်၊ ဒီလိုလူစားမျိုးတွေက အမြဲတမ်း ပြဿနာရှာဖို့ ခုန်ပေါက်ချင်နေတာ၊ နင့်ယောက္ခမကိုတော့ နင် မျက်စိဒေါက်ထောက် ကြည့်ထားရမယ်။ အထူးသဖြင့် သူမရဲ့အပြုအမူတွေ မပြောင်းလဲဘဲ ရှချမ်းဆီကနေ မျက်နှာသာရဖို့ ကြိုးစားနေမှာကို ငါ စိုးရိမ်တယ်”
စုန့်တင်းရှန်းက အဘွားဖြစ်သည့် လီရှီကို ကြည့်နေရင်း သူမ၏အဘွားက ဝမ်ရှီ၏ အကြောင်းကို ကောင်းကောင်းကြီး သိနေသည်ဟု တွေးနေခဲ့သည်။
‘ရှချမ်းသာ တကယ် အရာရှိ ဖြစ်လာခဲ့ရင် စုန့်ထောင်ဟုန်ဘက်ကလည်း တော်တော်လေး ပြဿနာ ရှာလာနိုင်ချေတွေ ရှိနေသေးတယ်’
‘ငါ အခုထိ စိတ်လေးနေတုန်းပဲ’