← Chapters

ပဲငံပြာရည် (အပိုင်း ၁)

Vol. 4 Ch. 33

ပဲငံပြာရည် (အပိုင်း ၁)

Vol. 4 Ch. 33

စုန့်ယွိလန်တစ်ယောက် ကလေးကို ပွေ့ချီကာ ရှတာ့ရှန်းနှင့်အတူ အိမ်ပြန်လိုက်သွားသည်ကို မြင်လိုက်ရမှ ဖန့်ရှီလည်း စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်။ သူမအနေဖြင့် သမီးဖြစ်သူ ကွာရှင်းရမည်ကို မကြောက်ဟု ကြွားဝါပြောဆိုနေခဲ့သော်လည်း လက်တွေ့တွင်မူ သမီးဖြစ်သူ အိမ်ထောင်မကွဲဘဲ ကောင်းမွန်သော ဘဝတစ်ခု ပိုင်ဆိုင်နိုင်ရန် မျှော်လင့်နေခဲ့သည်။

‘သမီးမိန်းကလေးဆိုတာက မိဘအိမ်မှာ ဘယ်လောက်ပဲ အလိုလိုက်ခံရပါစေ၊ အပြင်ရောက်သွားပြီး သူများအိမ်က ချွေးမဖြစ်သွားတဲ့အခါ မိဘအိမ်လိုမျိုး သက်သောင့်သက်သာ ရှိဖို့က မဖြစ်နိုင်တော့ဘူးလေ’

လီရှီကမူ ထိုကိစ္စများကို သိပ်ပြီး ဂရုမစိုက်တတ်သူ ဖြစ်သည်။ ချွေးမများက ပြဿနာ မရှာသရွေ့ သူမက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ သူမတို့ မိသားစုအတွက် ကံကောင်းခြင်းက ဖန့်ရှီရော ကျန်းရှီပါ အခြေအနေမှန်ကို နားလည်ပြီး အေးအေးဆေးဆေး နေထိုင်တတ်သူများ ဖြစ်နေခြင်းပင်။ ဖန့်ရှီက တစ်ခါတစ်ရံ အသေးအဖွဲကိစ္စလေးများတွင် တွက်ချက်တတ်သော်လည်း လီရှီက မသိချင်ယောင်ဆောင်ကာ လွှတ်ပေးထားတတ်သည်။

စုန့်ယွိလန်၏ ကိစ္စများ ပြေလည်သွားပြီးနောက် စုန့်မိသားစု၏အတွင်းရေးက အေးချမ်းမှုများဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

နွေရာသီ၏ ပြင်းပြလှသော နေရောင်ခြည်အောက်တွင် စုန့်တင်းရှန်းတစ်ယောက် ခြံဝင်းအတွင်း စီစီရီရီ ချထားသော သစ်သားပုံးများကို စစ်ဆေးနေရင်း နဖူးပြင်ထက်တွင် ချွေးစစများဖြင့် စိုစွတ်နေလေသည်။ နှစ်ရှည်လများ အသုံးပြုထားသဖြင့် ချောမွတ်နေသော သစ်သားပုံး ခြောက်ခု၊ ခုနစ်ခုခန့်ထဲ၌ အနက်ရောင် တောက်တောက် အရည်များ ပြည့်လျှံနေသည်။ ထိုအရည်များမှာ သူမကိုယ်တိုင် ရောစပ်ထားသော ပဲငံပြာရည်များ ဖြစ်သည်။ လေထုထဲတွင်လည်း ငန်ကျိကျိနှင့် မွှေးပျံ့သော ပဲငံပြာရည်နံ့များ လွှမ်းခြုံနေသည်။

သူမက နေပူရှိန်ကြောင့် ပူနွေးနေသော သစ်သားပုံးများ၏ ကြမ်းတမ်းသော မျက်နှာပြင်ကို သူမ၏ လက်ချောင်းများဖြင့် အသာအယာ ပွတ်သပ်ကြည့်နေသည်။ ဤသည်မှာ သူမအတွက် ရင်းနှီးနေသော အထိအတွေ့တစ်ခုဖြစ်ပြီး ပဲငံပြာရည်လုပ်ငန်းအတွက် အချိန်များစွာ ပေးဆပ်ခဲ့ရသည်ကို သက်သေထူနေခြင်းပင်။ ပဲငံပြာရည်များ အချဉ်ပေါက်သည့်ဖြစ်စဉ် ညီညာစေရန်အတွက် သူမ နေ့စဉ်မပြတ် သေသေချာချာ မွှေပေးခဲ့ရသည်။

ထွက်လာတော့မည့် ထုတ်ကုန်အပေါ် မျှော်လင့်ချက်များကြောင့် ပဲငံပြာရည်၏ အရသာပင် သူမ၏ လျှာဖျားထက်၌ ကခုန်နေသလို ခံစားနေရသည်။ မကြာမီ သူမ၏ ပဲငံပြာရည်မှ ထွက်ရှိလာမည့် ထူးကဲသော အရသာကြောင့် မရေမတွက်နိုင်သော ဟင်းလျာများအား ပိုမိုမြိန်ယှက်စွာ စားနိုင်တော့မည်ကို စိတ်ကူးယဥ်ရင်း စုန့်တင်းရှန်းတစ်ယောက် အပျော်ကြီး ပျော်နေမိသည်။

သို့သော် စုန့်တင်းရှန်းက ရရှိထားသည့် အောင်မြင်မှုသေးသေးလေးဖြင့် ရောင့်ရဲနေတတ်သူ မဟုတ်ပေ။ သူမ၏ မျက်ဝန်းထဲတွင် တီထွင်ဖန်တီးလိုစိတ်များ တောက်ပလာပြန်သည်။ သူမက ပဲငံပြာရည်အပြင် အခြားသော အရာတစ်ခု ပြုလုပ်ရန်လည်း စိတ်ကူးထားသေးသည်။ ထိုအရာက စားသူတိုင်း၏ လျှာကို တဖျပ်ဖျပ် တောက်သွားစေမည့် စပ်စပ်လေးနှင့် စွဲမက်ဖွယ်ကောင်းသော ငရုတ်သီးအနှစ်ပင် ဖြစ်သည်။

လက်ရှိတွင် ဤဒေသ၌ ငရုတ်သီးကို အလွန်အမင်း ကြိုက်နှစ်သက်ခြင်း မရှိကြသေးပေ။ အများစုက စပ်သောအရသာကို သိပ်ပြီး လက်မခံကြသေးသောကြောင့် ဤဒေသအတွင်းသို့ တင်သွင်းလာသော ငရုတ်သီးများကလည်း ဈေးပေါလှသည်။ ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်ပြီး ချွေးထုတ်ရန်နှင့် ခန္ဓာကိုယ်နွေးထွေးစေရန်အတွက်သာ အဓိကထား အသုံးပြုကြသည်။ စုန့်တင်းရှန်းက ဆိုင်ခန်းငှားရမ်းခမှ ရရှိသော ငွေများကို အသုံးပြုကာ ငရုတ်သီးခြောက် အမြောက်အမြားကို ဝယ်ယူခဲ့ပြီး အသစ်ဖော်ထုတ်ထားသော မြေကွက်လပ်တွင် ငရုတ်သီးစေ့များ စိုက်ပျိုးခဲ့သည်။

တချို့ ငရုတ်သီးများကို ငရုတ်သီးမှုန့်အဖြစ်ကြိတ်ပြီး အစပ်အရသာ ပိုကဲသော ဟင်းခတ်အမွှေးအကြိုင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။ ကျန်ရှိနေသော ငရုတ်သီးခွံတချို့ကိုတော့ မှုန့်ညက်နေအောင် ထောင်းပြီးနောက် နှမ်းစေ့၊ ဟင်းသီးဟင်းရွက်ဆီစသည်တို့ဖြင့် သမအောင် ရောမွှေကာ ငရုတ်ဆီ ပြုလုပ်ထားခဲ့သည်။ သူမကိုယ်တိုင် ချက်ထားသော ငရုတ်ဆီက အစပ်အရသာကို ပေးနိုင်ရုံသာမက ထူးခြားသော အနံ့ကိုလည်း ဖြည့်ဆည်းပေးနိုင်သည်။ ထိုအရာက သူမ၏ အိမ်တွင်းဟင်းလျာများအတွက် လျှို့ဝှက်လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။

နွေဦး၏ နေရောင်ခြည်က အညှာအတာမဲ့စွာ ကျရောက်နေပြီး လေထုကလည်း အနည်းငယ် လေးလံနေပုံရသည်။ မနားတမ်း အော်မြည်နေတတ်သော ပုစဉ်းရင်ကွဲကောင်များပင်လျှင် ယခုကဲ့သို့ ပြင်းထန်သော အပူရှိန်အောက်၌ နုံးချိနေကြပုံရ၏။

စုန့်မိသားစု၏ နေအိမ်တွင်မူ ဖန့်ရှီက ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူမ၏နဖူးပြင်ထက်တွင်လည်း ချွေးစများ စိုစွတ်နေသည်။ အသက်ရှူရကျပ်လှသော အပူရှိန်ကြားတွင် သူမ၏ ခန္ဓာကိုယ်အတွင်း၌ ထိုအပူရှိန်နှင့်မတူသော အခြားမီးတစ်မျိုး လောင်မြိုက်နေလေသည်။ ၎င်းက မွေးဖွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဝေဒနာမီးပင်။ သူမ အသက်ကြီးနေပြီ ဖြစ်သောကြောင့် မီးဖွားရန် ခက်ခဲနေလေသည်။

သူမ၏ ဘေးနားတွင်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် အသံတိတ် လှုပ်ရှားနေသည့် လီရှီ ရှိနေခဲ့သည်။ ဤဝေဒနာက သူမ၏ ချွေးမအပေါ် မည်မျှအထိ သက်ရောက်မှုရှိနေသည်ကို သူမ ကောင်းကောင်းကြီး သိထားပုံရသည်။ သူမက အခြားအခန်းတစ်ခုအတွင်းသို့ ခေတ္တဝင်သွားပြီး လက်ရာမြောက်စွာ ထွင်းထုထားသော သစ်သားသေတ္တာငယ်လေးတစ်လုံးကို ကိုင်ကာ ချွေးမအနီးသို့ ပြန်‌ရောက်လာပြန်သည်။ သူမက တုန်ယင်နေသော လက်များဖြင့် သေတ္တာကို ဖွင့်လိုက်ပြီး ရွှေရောင်သန်းနေသော ဂျင်ဆင်းမြစ်လေးကို စိုက်ကြည့်နေသည်။

၎င်းတို့က သာမန် ဂျင်ဆင်းမြစ်လေး မဟုတ်ဘဲ အလွန်အမင်း လိုအပ်လာမည့် အချိန်တစ်ခုအတွက် ရည်ရွယ်ကာ နှစ်ပေါင်းများစွာ တန်ဖိုးထား သိမ်းဆည်းလာခဲ့ရသော ဂျင်ဆင်းမြစ်လေး ဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ လီရှီက တုံ့ဆိုင်းနေခြင်း မရှိဘဲ ထိုဂျင်ဆင်းများကို ပြုတ်နေသောကြောင့် လေထုထဲ၌ လန်းဆန်းစေသော ရနံ့များ ချက်ချင်း ပြည့်နှက်သွားသည်။ ဤရနံ့က ရိုးရိုးမွှေးရနံ့တစ်ခုသာ မဟုတ်ဘဲ အားအင်နှင့် သက်စောင့်စွမ်းအားတို့ကို ပြန်လည်ရရှိစေမည်ဟူသော ယုံကြည်မှုတစ်ခုလည်း ဖြစ်သည်။

ဂျင်ဆင်းဆေးရည်ကို သောက်ပြီးနောက် ၎င်း၏အစွမ်းကြောင့် ဖန့်ရှီလည်း သူမ၏ ခန္ဓာကိုယ်အတွင်းသို့ အားအင်သစ်များ ပြန်လည်တိုးဝင်လာသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ဟိန်းထွက်လာသော အော်ဟစ်သံနှင့်အတူ သားယောင်္ကျားလေးတစ်ဦး သူမတို့၏မိသားစုထဲသို့ ထပ်မံရောက်ရှိလာခဲ့သည်။

လီရှီက မျက်ရည်စများဖြင့် ထိုကလေးငယ်ကို ပွေ့ချီလိုက်သည်။ ကလေး၏ ငိုသံက အပူရှိန်များကို မောင်းထုတ်ပစ်လိုက်သည့် တေးသံတစ်ခုသဖွယ် ဖြစ်နေပြီး အခန်းငယ်လေးအတွင်းသို့ ကြည်နူးမှုနှင့် စိတ်အေးချမ်းမှုများ အစားထိုးဝင်ရောက်လာခဲ့သည်။

ဖန့်ရှီက နို့ရည်အလုံအလောက် မထွက်သော်လည်း ကျင်းချောင်းအာထံ၌ နို့ရည်များ ပိုလျှံနေသဖြင့် ကလေးနှစ်ယောက်လုံးကို တိုက်ကျွေးနိုင်သည်။ သို့သော် ထိုအခြေအနေက စိုးရိမ်စရာဖြစ်လာသည့်အတွက် စုန့်တင်းရှန်းက သိုးနို့ ကျိုလိုက်ပြီး ညှီနံ့ပျောက်စေရန် ဈေးပေါသော လက်ဖက်ခြောက်များနှင့် စံပယ်ပန်းတချို့ ရောထည့်ပေးလိုက်ရာ ထိုပြဿနာကို ပြေလည်သွားစေခဲ့သည်။

"တော်ပါသေးရဲ့ နင့်ရဲ့ သိုးတွေရှိနေလို့ပေါ့"

ဖန့်ရှီက ယခင် သူမ သမီးဖြစ်သူအား သိုးမွေးမြူခွင့် ပိတ်ပင်ခဲ့သည်ကို မေ့သွားပြီး ဖြစ်သည်။ သူမ၏သားငယ်လေး ပျော်ပျော်ရွှင်ရွှင် နို့သောက်နေပြီး ဗိုက်ဝသွားချိန်တွင် သူမ၏ မျက်နှာတွင်လည်း အပြုံးများ ဖုံးလွှမ်းလာသည်။

"ဒီပထမ သုံးလကိုတော့ သည်းခံလိုက်ဦးနော်၊ နောက်ပိုင်း ထမင်းရည် သောက်နိုင်လာရင် အဆင်ပြေသွားမှာပါ၊ ကုံးဇီရေ... မင်း ကြီးလာတဲ့အခါ မင်းရဲ့ ဒုတိယအစ်မကို ကောင်းကောင်း ဆက်ဆံရမယ်နော်၊ မင်းအစ်မသာ မရှိရင် မင်း ဗိုက်ဆာနေရမှာ သေချာတယ်"

ကျေးလက်ဒေသများတွင် ကလေးများကို အမည်ပြောင်များ ပေးလေ့ရှိကြသည်။ ထိုသို့ပေးမှသာ ကလေး ကျန်းမာအောင် ပြုစုရလွယ်ကူသည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ထုတန်(ဥခေါင်း)၊ ဟေးတန်(ဥမဲ)၊ ကုံးတန်(ခွေးဥ) စသည်ဖြင့် အများဆုံး ခေါ်ဝေါ်လေ့ရှိကြပြီး ကျောင်းစတက်မှသာ ကျောင်းမှ ဆရာများက သူတို့၏ အမည်ရင်းကို ခေါ်ကြခြင်း ဖြစ်သည်။

အချို့ဆိုရင် ကြီးပြင်းလာသည်အထိ အမည်ရင်း မရှိကြဘဲ ဤကဲ့သို့ အမည်ပြောင်များဖြင့်သာ ဆက်လက် အခေါ်ခံကြရသည်။ သူတို့က တစ်သက်လုံး ရွာထဲတွင်သာ နေထိုင်ကြမည်ဖြစ်လျှင် လှောင်ပြောင်ခံရမည်ကိုလည်း စိတ်မပူကြပေ။

ဝဝကစ်ကစ် မောင်ငယ်လေးကို ဖန့်ရှီထံမှ လက်ပြောင်းယူလိုက်ရင်း စုန့်တင်းရှန်း၏ စိတ်နှလုံးလည်း နူးညံ့ပျော့ပျောင်းသွားရသည်။ သူမ၏ယခင်ဘဝတစ်လျှောက်လုံးတွင် ကိုယ်ပိုင်ရင်သွေး မရှိခဲ့သဖြင့် သူမက မောင်နှမများ၏ သားသမီးများကို အလွန်အမင်း ချစ်ခင်မြတ်နိုးခဲ့သူ ဖြစ်သည်။

‘အခုတော့ ငါလည်း ဘဝအသစ်တစ်ခု ပြန်စတင်နေရပြန်ပြီ၊ ဒီအချိန်ပြီးရင် ရှေ့ဆက် ဘာတွေဖြစ်လာမယ်ဆိုတာ ခန့်မှန်းဖို့က ခက်ခဲလွန်းတယ်’

ရက်အနည်းငယ် ကြာပြီးနောက် ရှချမ်း အစိုးရအရာရှိအဖြစ် ခန့်အပ်ခံခဲ့ရပြီး လီပေါင်းထောင်ချီ ဝေးကွာသော အရပ်တွင် ခရိုင်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ရမည်ဟူသော သတင်းထွက်ပေါ်လာသည်။ ဤသတင်းကြောင့် ရှမိသားစုရော စုန့်မိသားစုပါ ပျော်ရွှင်နေစ်ခဲ့ကြပြီး တတိယစုန့်အဘိုးကြီး၏ ဇနီးပင်လျှင် လီရှီထံသို့ ငွေချေးရန် ရောက်လာခဲ့သည်။ သူမ၏ မြေးသမက်ဖြစ်သူ ခရီးသွားရာတွင် ငွေကြေးအလုံအလောက်ရှိစေရန်နှင့် မျက်နှာပွင့်လန်းစေရန်အတွက် ဖြစ်သည်။

လီရှီက ငြင်းဆန်ခြင်း မပြုခဲ့သော်လည်း ငွေလျန်နှစ်ဆယ်မပေးမီ ချေးငွေကတိတစ်ခု ရေးခိုင်းခဲ့သည်။ ကောင်းရှီက သွားများပေါ်အောင် ရယ်မောရင်း အာမခံနေခဲ့သည်။

"စတုတ္ထယောင်းမရယ်... နင် စိတ်ချပါ၊ ငါ့မြေးသမက် အလုပ်စဝင်တာနဲ့ ငွေတွေ အများကြီးရမှာပါ၊ ငါ နင့်ကို နှစ်ဆတိုးပြီး ပြန်ပေးမှာပေါ့"

လီရှီက အပြုံးမပျက် ခပ်အေးအေး တုံ့ပြန်လိုက်သည်။

"ငါ နှစ်ဆပြန်ရဖို့ မမျှော်လင့်ပါဘူး၊ တတိယယောင်းမ အခု လျန်နှစ်ဆယ် ချေးသွားတော့ လျန်နှစ်ဆယ် ပြန်ပေးရင် ရပြီ"

‘ဟား ဟား၊ နားထောင်ကြည့်လိုက်ကြစမ်း၊ ငွေတွေအများကြီး ရလာလိမ့်မယ်တဲ့၊ သူတို့က ခရိုင်တရားသူကြီးရာထူးကို ငွေရှာဖို့သက်သက်လို့ ထင်နေကြပုံပဲ၊ အရာရှိကောင်းတစ်ယောက်အနေနဲ့ ပြည်သူကို အလုပ်အကျွေးပြုဖို့ စဉ်းစားထားပုံမရဘူး’

စုန့်ထောင်ဟုန်တစ်ယောက်လည်း အလွန်ပျော်ရွှင်နေပြီး ညဉ့်နက်သည်အထိ မအိပ်နိုင်သေးဘဲ ရှချမ်းအတွက် အဝတ်အစားသစ်များ ချုပ်ပေးနေခဲ့သည်။ သူမကိုယ်သူမ ခရိုင်တရားသူကြီးကတော်အဖြစ် စိတ်ကူးယဉ် အိပ်မက်မက်နေသော်လည်း ထိုအိပ်မက်လေး လက်တွေ့မဖြစ်လာခင်မှာပင် ယောက္ခမဖြစ်သူကြောင့် ပျက်စီးသွားခဲ့ရသည်။

"နင့်ရဲ့ကျန်းမာရေးက အပြည့်အဝ ပြန်မကောင်းသေးဘူး၊ ကျင်းပေါင်အာကလည်း အရမ်း ငယ်သေးတယ်။ အခုသွားမယ်ဆိုရင် လီပေါင်းထောင်ချီတဲ့ ခရီးကို လနဲ့ချီ သွားရမှာ။ ငါ့မြေးလေးက ဒီဒုက္ခတွေကို ဘယ်လိုခံနိုင်မှာလဲ? နင့်ယောကျ်ားအတွက် လမ်းခရီးမှာ ပြုစုမယ့်သူ မရှိမှာကိုလည်း စိတ်မပူနဲ့၊ တိုက်တိုက်ဆိုင်ဆိုင် ငါ့တူမလေးလည်း ရောက်နေတယ်။ သူက ဝီရိယပြီး အလုပ်ကို ကောင်းကောင်းလုပ်နိုင်တယ်၊ သူ့ကိုပဲ လွှတ်လိုက်မယ်၊ ဘာပဲဖြစ်ဖြစ် အတူတူပဲလေ"

ထိုစကားကို ကြားလိုက်ရချိန်တွင် စုန့်ထောင်ဟုန်တစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သတိပြန်ဝင်လာရန် အတော်ကြာသည်အထိ အချိန်ယူလိုက်ရသည်။

အမှန်တွင် ယခု အရာရှိဖြစ်သွားပြီဖြစ်သော ရှချမ်းက စုန့်ထောင်ဟုန်ကို အရင်ကလောက် မနှစ်သက်တော့ချေ။ သူ့အမြင်တွင် သူက အရာရှိတစ်ဦး ဖြစ်နေပြီဖြစ်သလို ငယ်လည်းငယ်သေးသောကြောင့် သူ့အဆင့်အတန်းနှင့် လိုက်ဖက်မည့်အမျိုးသမီးတစ်ယောက်ကို ထပ်ရှာဖွေရန် တွေးတောနေခဲ့သည်။

စုန့်ထောင်ဟုန်နှင့် သူ၏ပတ်သက်မှုက လူကြီးများနှင့် အောင်သွယ်တော်မှတဆင့် စီမံပေးသော အိပ်ထောင်ရေး မဟုတ်ဘဲ မမျှော်လင့်ထားသည့် ဖောက်ပြန်မှုတစ်ခု ဖြစ်သည်။ ထို့ကြောင့်လည်း အရှုပ်အထွေးတစ်ခု ဖြစ်လုနီးပါးအခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

‘သူတို့မှာ သားတစ်ယောက် ရှိနေတော့ရော... ဘာဖြစ်လဲ? မိန်းမတိုင်းက သားမွေးပေးနိုင်တယ်လေ၊ သူ့အတွက် သားတစ်ယောက် ထပ်မရမှာကို စိတ်ပူနေစရာလိုပါ့မလား?’

စုန့်ထောင်ဟုန်က ငိုကြွေးရင်း တိုင်တန်းလာသောကြောင့် ရှချမ်းက စိတ်မရှည်စွာ ဆူငေါက်လိုက်သည်။

"အမေပြောတာ ဘာမှ မမှားဘူး၊ ကျင်းပေါင်က အခုမှ နှစ်လ၊ သုံးလပဲ ရှိသေးတာလေကွာ၊ သူ့ကို လီထောင်ချီတဲ့ ခရီးရှည်ကြီး သွားစေချင်နေတာလား? ငါက အလုပ်တာဝန်နဲ့ သွားရမှာဆိုတော့ တစ်လမ်းလုံး အမြန်သွားမှ ဖြစ်မှာ။ မင်းနဲ့ သားလေးကို ဘယ်လို လုပ်ပြီး ဂရုစိုက်ပေးနိုင်မှာလဲ? ကျင်းပေါင် နည်းနည်းကြီးလာမှ ငါ့ဆီကို လိုက်လာကြပေါ့"

သို့သော် စုန့်ထောင်ဟုန်က ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြန်ပြောလိုက်လေသည်။

"ဒါပေမယ့်... ဒါပေမယ့် ချိုးဟုန်က မိန်းမပျိုလေးလေ၊ ရှင့်အမေ ဘာကို ဆိုလိုချင်တယ်ဆိုတာ ရှင် မသိဘူးလို့ ပြောရင် ကျွန်မ ယုံမယ် ထင်နေလား?"

ရှချမ်းက မဲ့ပြုံးဖြင့် ထပ်ပြောလာပြန်သည်။

"ဒီအချိန်မှာ ဘယ်အရာရှိက ကိုယ်လုပ်တော် သုံးယောက်နဲ့ မောင်းမလေးယောက် မထားလို့လဲ? အခု မင်းက တရားဝင်ဇနီးကြီး ဖြစ်နေပြီလေ၊ မင်း ဒီထက်ပိုပြီး သဘောထားကြီးသင့်တယ်။ ငါ ငါ့ရာထူးကို ယူပြီး တာဝန်စထမ်းဆောင်တာနဲ့ တခြားလူတွေက ငါ့ဆီကို ကိုယ်လုပ်တော်တွေ၊ မောင်းမတွေ ပို့ပေးကြမှာ၊ မင်း အခုကတည်းက မနာလို ဝန်တိုဖြစ်နေရင် နောင်ကျ ဘယ်လိုလုပ်မှာတုန်း၊ ပြီးတော့ ချိုးဟုန်က အပြင်လူ မဟုတ်ဘူး၊ ငါ့ရဲ့ ဝမ်းကွဲညီမ၊ မင်း ဘာမှ စိတ်ပူနေဖို့ မလိုသေးဘူး၊ တခြားလူတစ်ယောက် ရောက်လာတဲ့အချိန် စိတ်ပူဖို့ ချန်ထားဦး"

စုန့်ထောင်ဟုန်က သူမ၏ ငွေရောင် သွားလေးများ ကြေမွသွားလုမတတ် အံ့ကို တင်းတင်းကြိတ်ထားမိသည်။

“ငါတို့လို လယ်သမားမိသားစုမျိုးတွေက ဘယ်လိုလုပ်ပြီး ကိုယ်လုပ်တော်တွေ၊ မောင်းမတွေ အများကြီး ထားနိုင်မှာလဲ? အချို့ယောကျ်ားတွေဆိုရင် ဇနီးတစ်ယောက်ရဖို့တောင် ခက်ခက်ခဲခဲ ကြိုးစားကြရတယ်၊ အခုထိ အသက်သုံးဆယ်၊ လေးဆယ်အရွယ် လူပျိုကြီးတွေ အများကြီး ရှိနေသေးတယ်။ ဒါပေမယ့် ဒီလူကတော့ ရာထူးရရချင်းမှာပင် မယားတွေ အများကြီးယူရန် ကြံစည်နေပြီ’

‘သူ ခရိုင်မြို့ကို ရောက်သွားပြီး မြူဆွယ်ဖြားယောင်းတတ်တဲ့ မိန်းမလှလေးတွေကြားထဲ ရောက်သွားရင် သူက ကျေးလက်တောရွာက မိန်းကလေးဖြစ်တဲ့ ငါ့ကို ဂရုစိုက်ပါဦးမလား’

သို့သော် ယခုအချိန်မှ ပြောနေ၍ ဘာမှ မထူးတော့သည်ကို နားလည်သွားသည့် စုန့်ထောင်ဟုန်က သူမ၏လက်သီးကို တင်းတင်းဆုပ်ကာ ပြန်ပြောလိုက်သည်။

"ရှင်ပြောတာလည်း မှန်ပါတယ်၊ ဝမ်းကွဲညီမက တစ်လမ်းလုံး ရှင့်ကို ပြုစုပေးရမှာဆိုတော့ သူလည်း တကယ်ပင်ပန်းရှာမှာပဲ။ အခု သူ့ကို ကျေးဇူးတင်စကားပြောဖို့ ကျွန်မမှာ ဘာမှမရှိဘူး၊ ဒါပေမယ့် ဒီလက်ကောက်ကို မကြာသေးခင်ကမှ ကျွန်မမိသားစုက လုပ်ပေးထားတာ၊ ဒါကိုပဲ သူ့အတွက် လက်ဆောင်အဖြစ် ပေးလိုက်ပါ့မယ်"

ရှချမ်းက ကျေနပ်အားရဟန်ဖြင့် ပြုံးလိုက်ပြီးမှ သူမကို ချီးကျူးပေးလိုက်သည်။

"ဒါမှပေါ့... မင်းရဲ့နောက်ခံက သိပ်မကောင်းပေမယ့် မင်းရဲ့ စိတ်ထားကတော့ တကယ်ကို မြင့်မြတ်တယ်။ ငါ ထွက်သွားပြီဆိုတာနဲ့ အိမ်တွင်းအိမ်ပြင်ကိစ္စ အားလုံးကို မင်းပဲ ဂရုစိုက်ရတော့မယ်။ နောက်နှစ်အနည်းငယ်ကြာလို့ ငါ ဒီထက်ပို ရာထူးတက်လာရင် မင်းအတွက် ဘွဲ့ထူးဂုဏ်ထူးတွေရအောင် လုပ်ပေးမယ်၊ အဲဒီအချိန်ရောက်ရင် မင်းလည်း တခြားအဆင့်မြင့်အရာရှိကတော်တွေနဲ့ တန်းတူ ဖြစ်လာစေရမယ်"

စုန့်ထောင်ဟုန်က ထိုအနာဂတ်ကို တွေးတောနေပြီး သူမ၏ စိုးရိမ်ပူပန်စိတ်ကလည်း အနည်းငယ် ပြေလျော့သွားသည်။ သူမက ရှက်ပြုံးလေးဖြင့် တိုးတိုးလေး ပြောနေပြန်သည်။

"ရှင်ကတော့ ကျွန်မကို အမြဲစနောက်နေတော့တာပဲ၊ ကျွန်မက ဘွဲ့ထူးဂုဏ်ထူးတွေကို အဲဒီလောက်အထိ မျှော်လင့်နေတာ မဟုတ်ပါဘူး။ ရှင့်ရဲ့ ခရီးစဉ်တစ်လျှောက်လုံး ဘေးကင်းဖို့ပဲ ဆုတောင်းနေတာပါ၊ အခု ကျွန်မ ရှင့်ဘေးမှာ မရှိတော့ဘူးဆိုတော့ အိမ်ကို စာလေးဘာလေး ပြန်ပို့ဦးနော်၊ ဒါမှ ကျွန်မနဲ့ မိဘတွေ စိတ်မပူရမှာ"

ရှချမ်းက မရေမရာ ခေါင်းညိတ်ပြရင်း ပြန်ပြောလိုက်သည်။

"အင်း... ငါ သိပါတယ်၊ မင်း မင်းအခန်းထဲကို သွားပြီး အနားယူလိုက်ဦး၊ ငါ ဟိုဘက်မှာ စီစဉ်စရာရှိတာလေးတွေ သွားကြည့်လိုက်ဦးမယ်"

ထို့နောက်တွင် ရှချမ်းက ပင်မအိမ်ခန်းဘက်သို့ ထွက်ခွာသွားသည်။

စုန့်ထောင်ဟုန်၏ မျက်နှာက ချက်ချင်း ညိုမှောင်သွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့သည်။

‘ဘာတွေကို စီစဉ်စရာ ရှိနေလို့လဲ? ဘာတွေကို သွားကြည့်မှာလဲ?’

‘အဲ့ဘက်မှာ နေတဲ့ မြူဆွယ်တတ်တဲ့ ဝမ်းကွဲညီမကို သွားတွေ့ချင်နေတာမဟုတ်ဘူးလား?’

‘ငါ့ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းနေပြီး ကလေးကလည်း ခေါ်သွားနိုင်တဲ့ အရွယ်ရောက်နေရင် ဒီလို စိတ်ရှုပ်စရာကောင်းတဲ့ ဝမ်းကွဲညီမ ပေါ်လာစရာ အကြောင်းမရှိဘူး’

စုန့်ထောင်ဟုန်က တွေးရင်းတွေးရင်း နောင်တရနေမိသည်။ သို့သော်လည်း သူမက တရားဝင်ဇနီးဖြစ်ပြီး တရားဝင်သားတစ်ယောက်လည်း မွေးဖွားပြီးပြီ ဖြစ်သောကြောင့် ထိုဝမ်းကွဲညီမက ကလေးမွေးနိုင်လျှင်ပင် သူမနှင့် ယှဉ်နိုင်မည်မဟုတ်ဟု ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေသိမ့်နေရပြန်သည်။

သို့သော်လည်း တစ်ဘက်အခန်းမှ ထွက်ပေါ်လာသည့် ရယ်မောသံများနှင့် ပျော်ရွှင်နေသံများကို ကြားနေရပြီး မိမိဘေးတွင် အိပ်ပျော်နေသော ကလေးငယ်ကို ကြည့်ရင်း စုန့်ထောင်ဟုန်တစ်ယောက် ရင်ထဲမှ စိမ့်ခနဲ ထိုးထွက်လာသည့် အေးစက်မှုကို ခံစားလိုက်ရသည်။ တစ်ဖက်ခန်းမှ ပျော်ရွှင်သံများက သူမဘေးရှိ တိတ်ဆိတ်မှုနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီး သူမကို ရိုက်နှက်နေသလို ခံစားရစေသည်။ ထိုရယ်မောသံတိုင်းက သူမ၏ ရင်ထဲမှ ဗလာဟင်းလင်းဖြစ်နေမှုကို ပဲ့တင်ထပ်နေသကဲ့သို့ပင်။

..........။........။........

"ဒါပဲလေ... နင့်ဦးလေး ပြောသလို ဖြစ်လာပြီ၊ အခုတော့ ကြည့်စမ်း၊ သူ သူ့ရာထူးကိုတောင် စပြီး မယူရသေးဘူး၊ အငယ်အနှောင်းကိုပါ တစ်ခါတည်း ခေါ်သွားဖို့ ပြင်နေပြီ။ သူ တကယ် ရာထူးရတဲ့အချိန်ဆိုရင်တော့... ဟူး၊ ဒီကိစ္စကို ပျော်ပျော်ကြီးဝင်ပါပေးခဲ့တဲ့ စုန့်ထောင်ဟုန်ကိုပဲ ကျေးဇူးတင်ရတော့မယ်၊ အဲ့လိုသာ မဟုတ်ရင် ဒါတွေအားလုံး ငါတို့ရဲ့ အာ့နွီခေါင်းပေါ် ရောက်လာမှာ၊ အဲ့ဒီလိုသာဆိုရင်တော့ ငါ တကယ် ရင်ကျိုးရပြီပဲ"

ဖန့်ရှီက သူမ၏သားငယ်လေးကို သိပ်နေရင်း အိမ်ထဲရှိ မိသားစုဝင်အချို့နှင့် စကားပြောနေခဲ့သည်။

နေဝင်ရီတရောအချိန် ရောက်လာပြီး နေရောင်ခြည်များ ပျောက်ကွယ်ကာ အေးမြသော အပြာရင့်ရောင် အမှောင်ရိပ်များက ပြတင်းပေါက်မှတစ်ဆင့် အိမ်ထဲသို့ တိုးဝင်လာသည်။ အိမ်ထဲတွင်လည်း မကြာသေးမီက မှိုင်းတိုက်ထားခဲ့သည့် ပိုးသတ်ဆေးနံ့သင်းသင်းလေး ကျန်ရစ်နေဆဲဖြစ်သည်။ တစ်မိသားစုလုံး အိပ်မပျော်နိုင်ကြသေးဘဲ စိတ်ထဲတွင် ဘာကြောင့်မှန်းမသိ မငြိမ်မသက် ဖြစ်နေသလို ခံစားနေရသောကြောင့် အားလုံးက ရင်းနှီးနေသော ခန်ပေါ်တွင် စုရုံးရောက်ရှိနေကြသည်။

အချို့ကလည်း ကျွမ်းကျင်လှသော လက်ချောင်းများဖြင့် အပ်ကို အဝတ်စပေါ်တွင် ကခုန်စေပြီး ချည်မျှင်များဖြင့် ပုံလှလှလေးများ ရက်လုပ်နေကြသည်။ စုန့်ကျစ်ယွမ်ကလည်း အလုပ်မရှိလျှင် မနေနိုင်ဘဲ လျှော်ပင်တစ်ထုံး ဝယ်လာကာ ဖိနပ်အောက်ခံအတွက် လျှော်မျှင်များ ကျစ်ပေးနေသည်။

သူက သူ့ဇနီး၏စကားကို ထောက်ခံလိုက်သည်။

"သူ ရာထူးယူဖို့ သွားရင် လူအုပ်ကြီးကိုပါ တစ်ခါတည်း ခေါ်သွားမှာတဲ့။ သူ့အစ်ကိုကြီး၊ မရီးနဲ့ တူတွေတင်မကဘူး၊ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သားနှစ်ယောက်ရယ်၊ ပဉ္စမဦးလေးနဲ့ အဋ္ဌမဦးလေးတို့ရဲ့ သားတွေကိုပါ ခေါ်သွားမှာတဲ့။ ခရီးစရိတ်အတွက် ဒီဘက်ဟိုဘက်ကနေ ငွေတွေ အများကြီးလျှောက်ချေးနေကြတာလေ၊ တတိယဦးလေးတို့ မိသားစုဆိုရင် သူတို့မှာရှိတဲ့ ကောက်ပဲသီးနှံတွေကိုတောင် အကုန်နီးပါး ရောင်းလိုက်ရတယ်လို့ ကြားတယ်"

"အင်း... အမေ့ဆီကတောင် လျန်နှစ်ဆယ်လာချေးပြီး ချေးငွေကတိ ရေးသွားသေးတယ်၊ ဘယ်တော့ ပြန်ဆပ်နိုင်မလဲဆိုတာကလည်း မသေချာဘူး"

ဖန့်ရှီက မျက်စိလှန်ပြရင်း ခင်ပွန်းဖြစ်သူကို ပြန်ထောက်ခံလိုက်သည်။

"တတိယဦးလေးတို့ကတော့ ပျော်နေမှာပေါ့၊ ရှစ်ယောက်မြောက် အစ်ကိုရဲ့မိန်းမဆိုရင်လည်း အိမ်ရှေ့မှာ ရပ်နေပြီး သူ့သမီးက အခု အရာရှိကတော် ဖြစ်နေပြီ၊ သူက အရာရှိကြီးမိသားစုနဲ့ ဆွေမျိုးတော်စပ်နေပြီလို့ လူတကာကို လိုက်ကြွားနေတာ။ ငါတော့ သူ့ကို လုံးဝ မကြည့်ချင်ဘူး၊ သူ့အစား ရှက်လိုက်တာ"

ချောင်ရှီက မျက်ခုံးပင့်ရင်း ဝင်ပြောလိုက်ပြန်သည်။

"ဒါတင်မကသေးဘူး၊ ပဉ္စမဦးလေးရဲ့မိန်းမကလည်း တစ်စခန်းထနေသေးတာ၊ ရှချမ်းက သူ့ဝမ်းကွဲညီမကို ခေါ်သွားတာ မြင်တော့ စုန့်ကျောင်းရှင်းကိုပါ ထည့်ပေးချင်လို့တဲ့လေ။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူတို့ လင်ညီမတွေ အကြီးအကျယ် ရန်ဖြစ်ကြသေးတယ်တဲ့၊ အင်္ကျီတွေတောင် ဆွဲဖြဲကြတယ်လို့ ကျွန်မ ကြားတယ်"

ဖန့်ရှီက အံ့သြတကြီး ဝင်ပြောလိုက်ပြန်သည်။

"ပုံမှန်ဆိုရင် ပဉ္စမယောင်းမက အဠမယောင်းမတို့ မိသားစုကို အထင်သေးတာ မဟုတ်ဘူးလား? အခု အကျိုးအမြတ်ကို မြင်သွားတော့ အတင်းတိုးဝင် ချင်နေတယ်ပေါ့၊ အံ့ဩဖို့ ကောင်းလိုက်တာ၊ ဒါပေမယ့် အလကားရတဲ့ နေ့လည်စာဆိုတာ ဘယ်မှာ ရှိလို့လဲ? ဒါနဲ့ ကျောင်းရှင်းက ငယ်ငယ်လေးရှိသေးတာ၊ ဘယ်လိုများ ထည့်ပေးရင်ရတာတုန်း"

ချောင်းရှီက ထပ်ပြောလာပြန်သည်။

"သားသမီးကို မစွန့်နိုင်ရင် ဝံပုလွေကို မဖမ်းနိုင်ဘူးဆိုတဲ့ သဘောတရားပါပဲ။ တော်သေးတာက ကျွန်မတို့ရဲ့ တင်းရှန်းက ဒီကိစ္စထဲမှာ မပါဝင်ခဲ့ဘူး၊ အဲ့လို မဟုတ်ရင် ဘယ်လောက်တောင် ရှုပ်ထွေးနေမလဲ မသိတော့ဘူး။ လယ်သမားမိသားစုဆိုတာက လယ်သမားလို ကောင်းကောင်းမွန်မွန် နေထိုင်ရတာ ပိုကောင်းပါတယ်။ တခြားမြို့ကို ရောက်သွားရင် ဘယ်သူ့ကိုမှလည်း သိမှာ မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး သက်သောင့်သက်သာ နေနိုင်မှာလဲ"

ဖန့်ရှီက ချွေးမဖြစ်သူအပေါ် အလွန်ကျေနပ်အားရနေပြီး ချီးကျူးလိုက်သည်။

"နင်ပြောတာ မှန်တယ်။ ဒါပေမဲ့ လျိုအာရေ... နင်လည်း တာ့ရှန်းအတွက် နောက်ထပ်ကလေးတစ်ယောက် ထပ်ယူသင့်နေပြီ၊ ကုံးတန်အာက သုံးနှစ်တောင် ရှိနေပြီ၊ နင့်ဗိုက်က ဘာလို့ အခုထိ ဘာလက္ခဏာမှ မပြသေးတာလဲ "

ထိုစကားကြောင့် ချောင်းရှီ၏မျက်နှာလေး နီမြန်းသွားပြီး တိုးတိုးလေး ပြန်ပြောလာသည်။

"ဘယ်လိုလုပ် ဒီလောက်မြန်မြန်ဖြစ်နိုင်မှာလဲ? ထုတန်းတောင် ခြောက်နှစ် ရှိနေပြီ၊ ကျောက်တီ အလောတကြီး ဖြစ်နေတာ မတွေ့ဘူး။ ကျွန်မတို့အိမ်မှာ ကျင်းချောင်းအာ တစ်ယောက်တည်း ကလေးထပ်မွေးနိုင်တာ။ အခုမွေးလိုက်တဲ့ ကလေးတွေကလည်း အဖွားကို တော်တော်လေး ပျော်ရွှင်သွားစေတယ်"

ဖန့်ရှီက ထောက်ခံလိုက်သည်။

"ဟုတ်တယ်၊ ချောင်းအာက သမီးလေးနှစ်ယောက် မွေးခဲ့ပေမယ့် သူ ပထမဆုံးမွေးထားတဲ့ကလေးက သားလေးလေ။ ပြီးတော့ မင်းတို့ အဖွားကလည်း မိန်းကလေးတွေကို ချစ်တတ်တော့ သူတို့အတွက် ခေါင်းစည်းလေးတွေ၊ စကတ်လေးတွေကို နေ့တိုင်း လုပ်ပေးနေတာ။ အဖွား တကယ်ကို ပျော်နေရှာတာ"

ထိုသို့ ပြောနေရင်းဖြင့် စုန့်တင်းရှန်းဘက်သို့ လှည့်ကြည့်လာပြန်သည်။

စုန့်တင်းရှန်းကတော့ ဖိနပ်အောက်ခံများကို အားသွန်ခွန်စိုက် ချုပ်နေလေသည်။ သူမက ထူထဲသော ဖိနပ်အောက်ခံများကို အာရုံစိုက် ချုပ်နေပြီး ခေါင်းငုံ့ အလုပ်လုပ်နေသည်။ ဖိနပ်အောက်ခံများက သူမ ပုံမှန်ကိုင်တွယ်နေကျ နူးညံ့သောအထည်များနှင့်မတူဘဲ အပ်ကို ခေါင်းမာမာဖြင့် အန်တုနေသည့် သတ္တဝါကြမ်းကြီးများသဖွယ် ဖြစ်နေလေသည်။

၎င်းတို့ကို ယဉ်ပါးသွားစေရန်အတွက် သူမ ပထမဆုံး ချွန်ထက်သော စူးကို အသုံးပြုရပြီး ထိုမာကျောသော အသားပေါ်တွင် လမ်းကြောင်းတစ်ခု အရင် ဖောက်ရသည်။ ထို့နောက်မှသာ သူမ ရင်းနှီးနေသည့် တောက်ပြောင်သော ပိုးချည်မျှင်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော အကြမ်းစား ချည်မျှင်ကို အပ်ပေါက်ထဲ ထည့်ရသည်။ ချုပ်ချက်တိုင်းတွင် အာရုံစူးစိုက်မှု အပြည့်အဝ လိုအပ်ပြီး ချည်မျှင်ကို တင်းတင်းဆွဲကာ ကျွမ်းကျင်လှသော လက်များဖြင့် ခိုင်မာအောင် အထုံးထုံးရသည်။ ဤဖိနပ်အောက်ခံများ မည်မျှခံမည်ဆိုသည်က သူမ၏ လက်ရာပေါ်တွင်သာ မူတည်နေသည်။ အကယ်၍ လက်ရာမကောင်းပါက တစ်လ၊ နှစ်လအတွင်း ပြုတ်ထွက်သွားနိုင်သော်လည်း လက်ရာကောင်းလျှင်မူ တစ်နှစ်၊ နှစ်နှစ်အထိ ခံနိုင်ရည် ရှိနိုင်သည်။

"အာ့နွီအာ... နင့်ယောကျ်ားဆီက စာထပ်ရောက်သေးလား?"

စုန့်တင်းရှန်းက အပြုံးလေးဖြင့် ပြောပြလိုက်သည်။

"သူ ပြီးခဲ့တဲ့လကမှ အိမ်ကို စာတစ်စောင် ပို့ထားတာလေ၊ ဘယ်လိုလုပ်ပြီး ဒီလောက်အမြန် နောက်တစ်စောင် ထပ်ရောက်နိုင်မှာလဲ? ဟိုမှာက စစ်ဖြစ်နေတာဆိုတော့ သူလည်း နေ့တိုင်း အလုပ်ရှုပ်နေမှာပေါ့၊ စာရေးဖို့ အချိန်ရမှာ မဟုတ်ဘူး"

ထိုသို့ ပြောပြီး သူမက ခေါင်းပြန်ငုံ့သွားသည်။

ကျိုးယိနိုက မိသားစုကို ထားရစ်ကာ မြောက်ဘက်သို့ ခရီးထွက်သွားခဲ့သည်။ သူ ထိုနေရာ၌ အခြေချမိသည်နှင့်တစ်ပြိုင်နက် မိသားစုဝင်များ စိတ်အေးစေရန် အလျင်အမြန် စာရေးခဲ့သည်။ သို့သော် စာတစ်စောင် ရောက်ရန်မှာ အချိန်ယူရပြီး ထိုစာလေး မိသားစု၏လက်ထဲသို့ ရောက်ရှိလာချိန်တွင် မြောက်ဘက်၌ စစ်မီးတောက်နေပြီဟူသော သတင်းများလည်း စတင်ထွက်ပေါ်နေပြီ ဖြစ်သည်။

မိသားစုတစ်ခုလုံးက သတင်းကောင်းကိုသာ စိုးရိမ်တကြီး စောင့်မျှော်နေကြသည်။ စာထဲတွင် "အားလုံး အဆင်ပြေတယ်" ဟု ရေးထားသော်လည်း သူတို့၏ စိုးရိမ်စိတ်များကတော့ မလျော့ပါးသွားပေ။

‘အခြေအနေကို သေသေချာချာ မသိရရင် "အဆင်ပြေတယ်" ဆိုတဲ့ စကားကတောင် အဓိပ္ပာယ်မျိုးစုံ ထွက်နိုင်တာ မဟုတ်ဘူးလား’

စစ်သတင်းများက လေထုထဲတွင် လေးလံစွာ ပျံ့နှံ့နေပြီး ကျိုးယိနို၏ ဘေးကင်းမှုကို သံသယဝင်စေသည်။ အိမ်ခေါင်မိုးမှ ငှက်အော်သံ ကြားရတိုင်း၊ ခွေးဟောင်သံကြားရတိုင်း သူတို့ ကျောချမ်းနေကြရသည်။ သူတို့ သိချင်သည်က ကျိုးယိနိုတစ်ယောက် စစ်ပွဲအတွင်းမှ ဘေးကင်းလွတ်မြောက်နေသည်ဆိုသော သတင်းသာ ဖြစ်သည်။

All Chapters