← Chapters

ဟင်းရွက်ချဥ် (အပိုင်း ၁)

Vol. 4 Ch. 35

ဟင်းရွက်ချဥ် (အပိုင်း ၁)

Vol. 4 Ch. 35

အဒေါ်ကြီးတစ်ယောက်က ဝက်သားဆိုင်သို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းလာနေသည်။ သူမ၏မျက်နှာပေါ်မှ အပြုံးက သူမ၏နားရွက်ကို ချိတ်လုမတတ်ဖြစ်နေပြီး တစ်စုံတစ်ခုကို စနောက်လိုသည့် အရိပ်အယောင်များလည်း ယှဉ်တွဲနေ၏။ သူမ၏လက်ထဲတွင် အင်တုံခပ်ကြီးကြီးတစ်လုံး အဆင်သင့် ကိုင်ဆောင်ထားသည်။ ဝက်သားဆိုင်ရှေ့သို့ ရောက်လာသည်နှင့် သူမက တုံ့ဆိုင်းမနေဘဲ အာပေါင်အာရင်း သန်သန် စကားစလိုက်လေသည်။

"ဟေ့ ဆိုင်ရှင်... ငါ့ကို ဟိုနာမည်ကျော် ကြက်သွန်ဖြူငရုတ်အနှစ်လေး နှစ်ပြားဖိုးလောက် ပေးပါဦး"

သူမက ပြောနေရင်းဖြင့် သူမ၏အင်တုံကို ခပ်ဖွဖွလေး ပုတ်ပြနေသေးသည်။

ထို့အပြင် သူမက အလွန်စကားကြွယ်ပုံရပြီး အလွန်အမင်းလည်း တက်ကြွနေလေသည်။

"နင်တို့ရဲ့ အဲဒီငရုတ်သီးအနှစ်ကလေ... တကယ့်ကို အံ့ဩစရာပဲ၊ ရိုးရိုးထမင်းဖြူကိုတောင် နန်းတော်ထဲက စားတော်ပွဲတစ်ခုလို အရသာရှိသွားစေတယ်။ ပုံမှန်ဆိုရင် မုန်းလောက်အောင် စားနေရတဲ့ ဗန်းမုန့်တွေတောင် အဲဒီအနှစ်နဲ့ဆိုရင် တကယ့်ကို စားကောင်းသွားရော။ အရသာက ပေါက်ကွဲထွက်လာတာနော်၊ တခြားလူတွေ စိတ်လှုပ်ရှားစရာ ကောင်းတယ်ဆိုပြီး ရောင်းနေတဲ့ အဲ့ဒီစိုစိစိအချဉ်ဖတ်တွေထက် အများကြီး သာပါတယ်အေ"

သူမက ပြောနေရင်းဖြင့် တစ်ဖက်လူကို စနောက်ဟန်ဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်သေးသည်။ သူမ၏အပြုံးကလည်း ပိုတောက်ပလာပြီး သူမနှင့် ပြိုင်ငြင်းလာမည့် မည်သူ့ကိုမဆို စိန်ခေါ်ချင်နေပုံရသည်။

ကျန်းရှီက မျက်နှာတစ်ခုလုံး ဝင်းပသွားအောင် ပြုံးလိုက်ပြီး ငရုတ်သီးအနှစ်အိုးဆီသို့ ယုံကြည်ချက်ရှိရှိ လက်လှမ်းလိုက်သည်။ သူမ၏ မျက်ဝန်းထောင့်ရှိ အရေးအကြောင်းလေးများက နှစ်ပေါင်းများစွာ လက်ရာမြောက်အောင် ဖန်တီးခဲ့သည့် အတွေ့အကြုံနှင့် စားသုံးသူများကို နွေးထွေးစွာ ကြိုဆိုတတ်သည့် အလေ့အထကို ဖော်ပြနေသည်။ သူမ၏ကျွမ်းကျင်လှသော လက်များကြောင့် သူမ ယောက်ချိုဇွန်းကို ကိုင်ကာ လက်ကောက်ဝက်ကို တစ်ချက် လှုပ်ယူရုံဖြင့် အနီရောင်တောက်တောက် ငရုတ်သီးအနှစ် ခပ်များများကို ခပ်ယူနိုင်စေခဲ့သည်။ ထိုပျစ်နှစ်နေသော အနှစ်များ ဝယ်သူအဒေါ်ကြီး၏အင်တုံထဲသို့ ရောက်သွားချိန်တွင် စပ်ရှရှရနံ့များကလည်း လေထဲသို့ ပျံ့လွင့်လာသည်။

ကျန်းရှီက ဂုဏ်ယူဝင့်ကြွားနေဟန်ဖြင့် ထပ်မေးလိုက်သည်။

"ကျွန်မတို့ရဲ့ ဒီနှစ်ဆောင်းဦးထွက် ပဲငံပြာရည်ကိုရော မမြည်းကြည့်ချင်ဘူးလား၊ ကိုယ်တိုင်ချက်ထားတာဆိုတော့ ဈေးထဲမှာရောင်းတဲ့ ပဲငံပြာရည်တွေထက် အများကြီး ပိုပျစ်ပြီး အရသာ ပိုလေးတယ်နော်၊ ဈေးထဲမှာ တွေ့ရတဲ့ ဘယ်ဟာထက်မဆို ပိုကောင်းစေရမယ်"

တစ်ဖက်မှ အမျိုးသမီးက သဘောကျဟန်ဖြင့် ရယ်မောရင်း ခပ်မြူးမြူးတုံ့ပြန်လာသည်။

"အိုက်ယား.... အရင်တစ်ခေါက်က ဝယ်သွားတဲ့ ပဲငံပြာရည်တောင် အခုထိ မကုန်သေးပါဘူးအေ။ အဲဒါက တော်တော်လေး ပျစ်တာဆိုတော့ ငါ ရေတောင် ရောသုံးလို့ ရတယ်အေ့။ ဒါနဲ့ နင်တို့ဆီမှာ ပဲပုပ်အနှစ် ရှိသေးလား၊ အဲဒါလေးလည်း တစ်ပြားဖိုးလောက် ပေးဦးနော်"

ဤ "ပဲပုတ်အနှစ်" ဆိုသည်မှာ ပဲငံပြာရည်စစ်ယူပြီး ကျန်ရစ်သော အဖတ်များ ဖြစ်သော်လည်း ၎င်း၏တန်ဖိုးကို သိသူများအတွက်တော့ ရတနာတစ်ပါးပင် ဖြစ်သည်။ ၎င်းတွင် ပဲငံပြာရည်၏ စူးရှသောအရသာမျိုး မရှိဘဲ ၎င်း၏ လေးနက်ပြီး ချိုဆိမ့်သော အရသာက ချွေတာတတ်သည့် အိမ်ထောင်ရှင်မများနှင့် လက်ရာကောင်းသော စားဖိုမှူးများအတွက် အဖိုးမဖြတ်နိုင်သော လျှိုဝှက်လက်နက်တစ်ခု ဖြစ်သည်။ ၎င်းက ဟင်းလျာတစ်မျိုးဖြစ်လာမည် မဟုတ်သော်လည်း သာမန်ဟင်းလျာများကို အဆင့်မြင့် ဟင်းပွဲများအဖြစ် ပြောင်းလဲပေးနိုင်သော ဟင်းခတ်အနှစ်တစ်ခုတော့ ဖြစ်နေသေးသည်။

အိမ်ထောင်စုတစ်ခုအတွက် ရိုးရှင်းသော ဟင်းလျာတစ်ခုကို အရသာပြောင်းလဲပေးနိုင်မည့် ပဲပုပ်အနှစ် အနည်းငယ် ငွေအကြွေ တစ်ပြားတည်းဖြင့် ဝယ်ယူရရှိနိုင်သည်။ ထိုအနှစ်များက ဟင်းသီးဟင်းရွက်များကို ထွေးပတ်သွားပြီး အရသာကို ပိုမိုလေးနက်စေကာ ငန်ကျိကျိအရသာလေး ပေါင်းစပ်ပေးလိုက်သဖြင့် သာမန်ထမင်းဖြူတစ်ပွဲကိုပင် နှစ်လိုဖွယ်ကောင်းသော စားစရာအဖြစ် အဆင့်မြှင့်တင်ပေးနိုင်သည်။ ပဲပုပ်အနှစ်က အသီးအရွက်ကြော်များအတွက် ထူးခြားသော အဆိမ့်အရသာကို ပေးစွမ်းနိုင်ရုံသာမက ချက်ပြုတ်နေစဉ်အတွင်း အညိုရောင်သန်းလာပြီး ချိူမြမြ ရနံလေးထွက်ပေါ်လာစေသောကြောင့် သာမန်ပဲငံပြာရည်များ မပေးစွမ်းနိုင်သော အရောင်၊ အနံ၊ အရသာ စသည့်အလွှာပေါင်းစုံကို ဖန်တီးပေးနိုင်သည်။

အစပိုင်းတွင် စုန့်တင်းရှန်းက ပဲငံပြာရည် ချက်ခဲ့ပြီး ကျန်ရှိသော ထိုပဲပုပ်ဖတ်များ သူမတို့ မွေးမြူထားသော ဝက်များနှင့် သိုးများအတွက် တိရစ္ဆာန်အစာအဖြစ် အသုံးပြုရန် စီစဉ်ထားခဲ့သည်။ ထိုပဲပုပ်ဖတ်များက တိရစ္ဆာန်များအတွက် အာဟာရတန်ဖိုးရှိပြီး ကျေးလက်ဒေသတွင် ထိုသို့ အစာကျွေးခြင်းက သာမန်သာ ဖြစ်သည်။ သို့သော်လည်း ကျန်းရှီကမူ ထိုအဖတ်များကို တိရစ္ဆာန်များအား ကျွေးခြင်းက နှမြောစရာကောင်းလှသည်ဟု ယူဆခဲ့သည်။

သူမထံတွင် အခြားစိတ်ကူးတစ်ခု ပေါ်လာခဲ့သည်။ ထိုပဲဖတ်များက ပဲစေ့များ၏အကြွင်းအကျန် ဖြစ်သောကြောင့် ပရိုတင်းဓာတ်နှင့် အဆီအချို့ ကျန်ရှိနေနိုင်သည်ကို သူမ တွတ်ဆမိသွားခဲ့သည်။ ထို့အပြင် အချဉ်ဖောက်ထားမှုကြောင့် ရရှိလာသော "အငန်အရသာ" ကလည်း ထူးခြားသော အရသာတစ်ခု ဖြစ်နေပြန်သည်။

သူမနှင့် အတွေးတူပုံရသော ကျန်းရှီကလည်း ဤပဲဖတ်များကို တိရစ္ဆာန်စာအဖြစ် သုံးခြင်းထက် ပိုမိုသော နည်းလမ်းရှိမည်ဟု ထင်နေပြန်သည်။ ၎င်းက ပြန်လည်အသုံးပြုနိုင်ပြီး ဝင်ငွေ ရှာဖွေနိုင်မည်ဟု သူမ ယူဆနေခဲ့သည်။ ထို့ကြောင့် သူမက ဤအရာကို ဝယ်ယူမည့်သူ ရှိ၊ မရှိ စမ်းသပ်ရောင်းချကြည့်ခဲ့ရာ မထင်မှတ်ဘဲ လူကြိုက်များသွားခဲ့သည်။ ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာပင် ပဲဖတ်အိုးကြီး အတော်များများ ရောင်းထွက်သွားခဲ့သည်။

ရာသီဥတု ပိုမိုအေးမြလာသည်နှင့်အမျှ ဝက်သားနှင့် သိုးသား ဆိုင်များသို့ ဝယ်ယူသူများ တဖွဲဖွဲ ရောက်ရှိလာကြသည်။ စုန့်တင်းရှန်းလည်း အလုပ်ကူလုပ်ပေးနေရပြီး ကောင်တာနောက်ကွယ်တွင် အလုပ်များနေရသည်။ သူမ၏ဖခင် စုန့်ကျစ်ယွမ်က သားကြီးဖြစ်သည့် စုန့်ကျွင့်ရှန်း၊ စတုတ္ထစုန့်မိသားစု၏အကြီးဆုံးမြေးဖြစ်သော စုန့်ကျွင့်လီတို့နှင့်အတူ ဝက်နှင့် သိုးများ သတ်ဖြတ်ပေးခြင်း၊ အသားပြင်ဆင်ပေးခြင်း စသည်တို့ကို လက်မလည်အောင် လုပ်ကိုင်ရင်း အပြင်ဘက်၌ အလုပ်ရှုပ်နေသည်။ ဆိုင်အတွက် သူမ၏အကြီးဆုံးဦးလေး၊ အကြီးဆုံးဦးလေး၏ ဒုတိယသားစုန့်ကျွင့်ရွှေ၊ ဒေါ်လေးဖြစ်သူ ကျန်းရှီနှင့် ကျန်းရှီ၏ချွေးမကြီးဖြစ်သော ကျောက်တိတို့က တာဝန်ယူနေရသည်။

(t/n: စုန့်မိသားစုရဲ့ လူ နံမည်တွေ မှတ်ရတာ ရူးတောင်မှ‌ ရူးချင်လာပြီ၊ ဒီက ၇ စက္ကန့် ငါးဦးနှောက်ပါဆို၊ အလွယ်မှတ်ရင်တော့ အဘိုးမျိုးဆက်က “ရှင်း”၊ အဖေမျိုးဆက်က “ကျစ်”၊ သားမျိုးဆက်က “ကျွင့်”ပေါ့နော်)

စုန့်တင်းရှန်းကတော့ တစ်ခါတရံ ငွေသိမ်းပေးရခြင်းနှင့် လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များ ပြည့်စုံမှု ရှိ မရှိ ကူကြည့်ပေးရသည်။ ရှေးယခင်ခေတ်များမှ ယနေ့ခေတ်တိုင်အောင် ဟင်းခတ်အမွှေးအကြိုင်က ထမင်းဝိုင်းတွင် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆားကို စတင်တွေ့ရှိခဲ့ချိန်မှစ၍ နောက်ပိုင်းနှစ်များတွင် ပေါ်ပေါက်လာသော အမျိုးမျိုးသော အမှတ်တံဆိပ်နှင့် အရသာများအထိ ကြည့်မည်ဆိုလျှင် ဤအရာများက သေးငယ်ပြီး ဈေးပေါသည်ဟု ထင်ရသော်လည်း လုံးဝဥဿုံ အရေးပါလှသည်ကလည်း ထင်ရှားနေပေသည်။

သို့သော်လည်း အရင်းအမြစ်များ ရှားပါးလှသည့် ဤခေတ်ဟောင်းကာလတွင် ပါဝင်ပစ္စည်းတိုင်းက ခက်ခဲစွာ ရယူရသည့် ရတနာများသဖွယ် ဖြစ်နေကြသည်။ စုန့်တင်းရှန်း၏ လက်တွေ့ဘဝတွင်လည်း ထိုအမှန်တရားကို ရင်ဆိုင်နေရသည်။ သူမ လက်လှမ်းမီပြီး အရန်သင့် သိမ်းဆည်းထားနိုင်သည်က ပဲငံပြာရည်နှင့် ငရုတ်သီးအနှစ်ကဲ့သို့သော အခြေခံဟင်းခတ်များသာ ဖြစ်သည်။ သူမတို့ရှိနေသည့် ဒေသက ပင်လယ်နှင့် ကီလိုမီတာ ရာဂဏန်းမျှ ဝေးကွာနေသော်လည်း ကမ်းခြေမှ ရောက်ရှိလာသည့် အခြောက်လှမ်းထားသော ပင်လယ်စာအမျိုးမျိုးကို မကြာခဏ မြင်တွေ့ရတတ်သည်။ ၎င်းက သူမကို စိတ်ကူးသစ်အချို့ ရရှိစေခဲ့သည်။

ပဲငံပြာရည်နှင့် ငရုတ်သီးအနှစ်တို့ကို ဖန်တီးသူက စုန့်တင်းရှန်း ဖြစ်သော်လည်း မလိုအပ်သော ပြဿနာများ မရောက်လာစေရန်အတွက် အဘွားဖြစ်သူ လီရှီက သူမနှင့် ဆွေးနွေးခဲ့သည်။ နောက်ဆုံးတွင် ဤနည်းလမ်းများကို သူမ၏ အဘိုးဖြစ်သူ စုန့်ရှင်းယိ ငယ်စဥ်ဘဝ ကုန်ရောင်းထွက်ခဲ့စဥ်က ရရှိခဲ့သောနည်းလမ်းများအဖြစ် အပြင်လူများကို သတိပေးခဲ့သည်။ ယခင်က သူတို့ အလုပ်များနေသဖြင့် အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ဘဲ ယခုအချိန်မှသာ ပဲငံပြာရည်နှင့် ငရုတ်သီးအနှစ်၏ ပြီးပြည့်စုံသော အရသာကို ဖော်ထုတ်နိုင်ခဲ့သည်ဟု အကြောင်းပြချက် ထပ်ပေးခဲ့ကြသည်။

အစပိုင်းတွင် စုန့်တင်းရှန်းက ရရှိလာသော ဝင်ငွေများကို သုံးပုံ ပုံရန် စီစဉ်ခဲ့သည်။ အဘိုးအဘွားများအတွက် တစ်ပုံ ဖြစ်ပြီး ကျန်နှစ်ပုံကို သူမ၏ ဦးလေးမိသားစုနှင့် သူမတို့ မိသားစုတို့ အညီအမျှ ခွဲဝေယူရန် ဖြစ်သည်။

သို့သော်လည်း လီရှီက စုန့်တင်းရှန်းအတွက် မတရားသလို ဖြစ်နေသည်ဟု ထင်နေပြီး "မိသားစု အစည်းအဝေး" တစ်ခု ပြုလုပ်ခဲ့သည်။ ရလဒ်အနေဖြင့် ဝင်ငွေကို လေးပုံ ပုံရန် ဆုံးဖြတ်ခဲ့ကြသည်။ အဘိုးအဘွား ဇနီးမောင်နှံက တစ်ပုံ ယူမည်ဖြစ်ပြီး သူတို့၏ နောင်ရေးအတွက် စုဆောင်းရန်နှင့် အငယ်ဆုံးသား၏ စာသင်စရိတ်အတွက် သုံးစွဲရမည် ဖြစ်သည်။ သားကြီးနှစ်ယောက်၏ မိသားစုများအတွက် တစ်ပုံစီခွဲဝေပေးပြီး ကျန်တစ်ပုံကတော့ စုန့်တင်းရှန်းအတွက် ဖြစ်လာခဲ့သည်။ သူမက ဤဟင်းခတ်အနှစ်များကို ချက်လုပ်ခဲ့သူဖြစ်သည့်အပြင် ယခုအချိန်၌ သူမလည်း အိမ်ထောင်သည်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ဝင်ငွေခွဲဝေမှုတွင် သူမကို ချန်လှပ်ရန် မဖြစ်နိုင်ကြောင်း လီရှီက ပြောပြခဲ့့သည်။

သူမ၏ ဦးလေးမိသားစုကလည်း ကျေကျေနပ်နပ် သဘောတူခဲ့ကြသည်။ သူတို့ဘက်မှ ကြည့်လျှင် ထိုငွေများက ကောင်းကင်မှ ကျလာသလို ဖြစ်နေလေသည်။ သူတို့ထံတွင် ထူးထူးခြားခြား ကျွမ်းကျင်မှု မရှိသောကြောင့် ပုံမှန်အားဖြင့် စုန့်ကျစ်ယွမ်၏ အလုပ်အပေါ်တွင်သာ မှီခိုနေခဲ့ရသည်။ ယခုကဲ့သို့ အနည်းငယ် ဝိုင်းကူရုံမျှဖြင့် ငွေရလာသည်ကို မကျေနပ်စရာအကြောင်း မရှိပေ။

စုန့်တင်းရှန်းကလည်း ကန့်ကွက်စရာ မရှိပေ။ ဤဟင်းခတ်အနှစ် ရောစပ်နည်းများက သူမအတွက် ကလေးကစားစရာမျှသာဖြစ်ပြီး သူမ၏ကျွမ်းကျင်မှုများထဲမှ အလွယ်ကူဆုံးနှင့် အခြေခံအကျဆုံး နည်းလမ်းများစွာထဲမှ နည်းလမ်းအနည်းငယ်သာ ဖြစ်သည်။ ဤအရာဖြင့် ငွေရှာရခြင်းက သူမအတွက် လွယ်ကူလွန်းလှသော အလုပ်တစ်ခု ဖြစ်သည်။

ငွေအများကြီး မရှာနိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် မိမိတို့မိသားစုအတွက် သုံးစွဲနိုင်သည်ဖြစ်ရာ ဖြုန်းတီးရာမရောက်ဟု သူမ တွေးခဲ့သည်။ ထို့အပြင် သူမ၏ ဦးလေးမိသားစုကလည်း အပိုပြဿနာရှာတတ်သူများ မဟုတ်ကြောင်း သိလာရသဖြင့် သူမ ပို၍ စိတ်အေးသွားရသည်။

ယခုအချိန်တွင် သူမ၏ အသက်က ဆယ့်ငါးနှစ်သာ ရှိသေးသော်လည်း မူရင်းဘဝကို ထည့်တွက်လျှင် သူမက အဘွားဖြစ်သူ လီရှီထက်ပင် အသက်ပိုကြီးသည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် သူမ၏ အတွင်းစိတ်က အသက်ထက် ပိုမိုရင့်ကျက်နေပြီ ဖြစ်သည်။

လက်ရှိဘဝတွင် စုန့်တင်းရှန်းက ပဋိပက္ခနည်းပါးပြီး သဟဇာတဖြစ်သော မိသားစုဘဝမျိုးကိုသာ လိုလားတော့သည်။ သို့သော် ထိုသို့ဖြစ်လာစေရန်အတွက် မည်သူကမျှ သူမတို့မိသားစုအား လာရောက် အနိုင်မကျင့်ရန်တော့ လိုအပ်နေသေးသည်။

စတုတ္ထစုန့်မိသားစုဝင်အားလုံး တစ်ခြံတည်းတွင် နေထိုင်ကြသော်လည်း သားကြီးများက မိသားစု ခွဲထွက်ကာ သီးခြား ရပ်တည်နေကြပြီ ဖြစ်သည်။ သို့သော်လည်း အရေးကြီးသော ဆုံးဖြတ်ချက်များတွင်မူ သက်ကြီးရွယ်အိုနှစ်ဦးကသာ အဓိကပုဂ္ဂိုလ်များ ဖြစ်နေဆဲပင်။ စုန့်တင်းရှန်းကတော့ သူမ၏ ဘဝခရီးကို လျှောက်လှမ်းရင်း အိမ်ထောင်မှု ထိန်းသိမ်းနည်းများကို လီရှီထံမှ ဆက်လက် သင်ယူရန် ဆုံးဖြတ်ထားခဲ့သည်။ သူမ ယခင်ဘဝတွင် ယခုကဲ့သို့ လူဦးရေများပြားသော မိသားစုကြီးကို စီမံခန့်ခွဲခဲ့ဖူးခြင်း မရှိသဖြင့် အဘွားဖြစ်သူထံမှ သင်ယူစရာများစွာ ရှိနေသေးသည်။ ကျိုးယိနို ပြန်လာသည့်အချိန်တွင် သူမတို့ထံတွင်လည်း ကိုယ်ပိုင်ရင်သွေးများ ရှိလာမည်ဖြစ်ရာ ကြိုတင်လေ့လာထားခြင်းက သူမအတွက် အလကားဖြစ်သွားစေမည် မဟုတ်ပေ။

"အမြန်ပြန်တော့၊ အပြင်မှာ အေးနေပြီ။ မိန်းကလေးတစ်ယောက်က လက်တွေ ခြေထောက်တွေ အအေးခံလို့ မဖြစ်ဘူး"

ကျန်းရှီက အနောက်ဘက်သို့ စောင်းကျနေသော နေရောင်ကို လှမ်းကြည့်ရင်း စုန့်တင်းရှန်းကို လောဆော်လိုက်သည်။

စုန့်တင်းရှန်းက သူမ၏ အပ်ချုပ်ပစ္စည်းများကို သိမ်းဆည်းရင်း ပြန်ပြောလိုက်သည်။

"ဦးလေးနဲ့ အဒေါ်လည်း အိမ်ကို စောစောပြန်ခဲ့ကြနော်"

ကျန်းရှီက ပြုံးလျက် ဝက်အသည်းတစ်ခြမ်းကို ဖက်ဖြင့် ထုပ်ကာ သူမကို လှမ်းပေးလိုက်သည်။

"အိမ်ပြန်ရောက်ရင် ဒါကို ကြော်စားလိုက်၊ အဒေါ် ဒီပစ္စည်းတွေ ရောင်းပြီးတာနဲ့ နင့်ဦးလေးနဲ့အတူ ပြန်လာခဲ့မယ်"

စုန့်တင်းရှန်းက သူမ၏အပ်ချုပ်ခြင်းတောင်းကို သေသေချာချာ သိမ်းဆည်းပြီးနောက် ဖိနပ်အောက်ခံများကိုပါ သေသေချာချာ စီထည့်လိုက်သည်။ ထို့နောက် ဝက်အသည်းထုပ်ကို ကိုင်ကာ အိမ်သို့ ပြန်လာခဲ့သည်။

သူမ အိမ်ပြန်လမ်းတွင် ယခင်က ကျိုးယိနိုအား မွေးစားခဲ့ဖူးသော ကျိုးလောင်စန်း၏ ဝဖိုင့်ဖိုင့် မိန်းမကြီးနှင့် မျက်နှာချင်းဆိုင်မိသွားသည်။ ထိုမိန်းမကြီး၏ အကြည့်များက စူးရှလွန်းပြီး စုန့်တင်းရှန်းကို ခြေဆုံးခေါင်းဆုံး လိုက်ကြည့်နေသည်။ သူမ၏ နှုတ်ခမ်းထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ရှိနေပြီး သူမ၏ မျက်ဝန်းများထဲတွင်လည်း စပ်စုလိုစိတ်များဖြင့် ပြည့်နေကာ သူမ၏အပြုံးက ဟန်ဆောင်နေမှန်း သိသာလှသည်။

အပေါ်ယံ သကာလောင်းထားသော်လည်း အဆိပ်အတောက်များ ပြည့်နှက်နေပုံရသော သူမ၏လေသံက လေနှင့်အတူ စုန့်တင်းရှန်းဆီသို့ ပြေးဝင်လာသည်။

"အိုက်ယား.... ဟိုကျေးဇူးမသိတဲ့ မျက်လုံးဖြူဖြူဝံပုလွေလေး ထွက်သွားတာ တစ်နှစ်နီးပါး ရှိနေပြီမလား၊ နင့်ဗိုက်က ဘာလို့ အခုထိ တိတ်ဆိတ်နေရတာတုန်း၊ နင် သူ့အတွက် ကလေးမွေးပေးဖို့ အစီအစဉ် မရှိဘူးလား"

စုန့်တင်းရှန်း၏ မျက်နှာတွင်မူ ဖော်‌ရွှေသော အပြုံးတစ်ခု ပွင့်လန်းလာပြီး ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။

“အိုး အဒေါ်ကျိုးပါလား၊ ကျွန်မယောကျ်ားဆီက စာရောက်လာတယ်လေ၊ သူ စစ်တပ်ထဲမှာ ရာထူးတက်သွားတဲ့ သတင်းကောင်းကို လှမ်းပြောထားတာ"

ကျိုးရှီက မဲ့ပြုံးပြုံးလိုက်ရင်း ပြန်ခနဲ့လိုက်သည်။

"ရာထူးတိုးပြီး ပိုက်ဆံရတာကတော့ ကောင်းပါတယ်အေ၊ ဒါပေမဲ့ သူ အဲ့ပိုက်ဆံတွေကို သုံးဖို့ အခွင့်အရေး မရှိမှာကိုတော့ ငါ စိုးရိမ်သား"

စုန့်တင်းရှန်းက အားရပါးရ ရယ်မောလိုက်ပြီး ဘာစိုးရိမ်ပူပန်မှုမှ မရှိသလို တုံ့ပြန်လိုက်သည်။

"သူ ပိုက်ဆံတွေကို သုံးဖို့ အခွင့်အရေး မရမှာကိုတော့ အဒေါ် စိတ်ပူမနေပါနဲ့၊ ငွေတွေကို စီမံဖို့ ကျွန်မ တာဝန်ယူထားတာလေ၊ ကျွန်မ သူ့အတွက် ဂုဏ်ယူစရာဖြစ်အောင် တစ်ပြားမကျန် သုံးပေးနိုင်ပါတယ်၊ ကျွန်မ သုံးရသရွေ့ သူ ပျော်နေမှာ သေချာတယ်”

ကျိုးလောင်စန်း၏ ဇနီးက မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ပြန်အော်ဟစ်လိုက်သည်။

"ငါက သူ့အတွက် စိတ်ပူနေတာ မဟုတ်ဘူးဟဲ့၊ အဲ့ဒီ အသက်တိုမယ့်ကောင် ပြန်မလာတော့မှာကိုပဲ စိုးရိမ်တာ၊ နင်လည်း အလကားသက်သက် စောင့်နေရမှာစိုးလို့"

စုန့်တင်းရှန်း၏ မျက်မှောင်ကြုတ်မှုက ပိုမိုနက်ရှိုင်းလာသည်။ သူမ၏ လေသံတွင် ကန့်ကွက်ချင်သည့် ဆန္ဒများ မြင့်တက်လာသော်လည်း သနားစာနာဖွယ် အရိပ်အယောင်များလည်း ရောယှက်နေသေးသည်။

"အဒေါ်ကျိုး... အဒေါ် စိုးရိမ်တာကို ကျွန်မ နားလည်ပါတယ်၊ စစ်မြေပြင်ဆိုတာက အရမ်းကြမ်းတမ်းတဲ့ နေရာလေ။ ဒါပေမဲ့ ကျွန်မတို့မှာ ယုံကြည်ချက် ရှိရမှာပေါ့၊ အိမ်တိုင်းက သူတို့လင်သားတွေနဲ့ သားတွေကို စစ်ထဲလွှတ်လိုက်ရပြီး တူညီတဲ့ ဆုတောင်း‌တွေကို နေစဥ်နဲ့အမျှ ဆုတောင်းနေကြတာပါ၊ သူတို့ အမြန်အောင်ပွဲခံပြီး ဘေးကင်းကင်းနဲ့ ပြန်လာဖို့ လူတိုင်းမျှော်လင့် နေကြတယ်၊ အခုတော့ အဒေါ်က ဘာလို့ သူတို့ကို ပြန်မလာနိုင်တော့မယ့် အသက်တိုမယ့်သူတွေလို့ ပြောနေရတာတုန်း"

ယခုအချိန်က နေကျချိန်ဖြစ်ပြီး ပတ်ဝန်းကျင်တွင် နွေးထွေးသော နေရောင်ခြည်များ ရှိနေသည်။ ထို့ကြောင့် အိမ်တိုင်းနီးပါးမှ ဇနီးသည်များနှင့် ချွေးမများက အပြင်ဘက်တွင် ထိုင်ရင်း နေပူစာလှုံလုံနေကြသလို ချုပ်စရာရှိသည်ကို ချုပ်ရင်း စကားဖောင်ဖွဲ့နေကြသည်။ စုန့်တင်းရှန်း၏ ကျယ်လောင်သော အသံက ထိုငြိမ်သက်နေသည့် လေထုကို ဖောက်ဝင်သွားပြီး အနီးနားရှိ လူများစွာက သူမအသံကို ကြားသွားကာ သူတို့၏ စပ်စုသောအကြည့်များက ကျိုးရှီထံသို့ ရောက်ရှိလာသည်။

သူမ၏အကြီးဆုံးသား စစ်မှုထမ်းရန် ထွက်သွားရသည့် မိန်းမကြီးတစ်ဦးအိမ်တွင်လည်း သူမ၏သားက စာမတတ်သဖြင့် အိမ်သို့ စာတစ်စောင်မျှ ပြန်မပို့နိုင်ခဲ့ပေ။ ထို့ကြောင့် သူမ သားဖြစ်သူအတွက် အလွန်စိုးရိမ်နေခဲ့ရသည်။ ယခုကဲ့သို့သော မှတ်ချက်စကားကို ကြားလိုက်ရခြင်းက သူမ၏ရင်ကို အလွန်အမင်း နာကျင်သွားစေခဲ့သည်။ အကျိုးဆက်အနေဖြင့် သူမက သူမလက်ထဲမှ အပ်ချုပ်ပစ္စည်းများကို ဘေးသို့ချကာ ခါးထောက်လျက် ဒေါသတကြီး ကြိမ်းမောင်းတော့သည်။

"ဘယ်သူက ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောရဲရတာတုန်း"

"ဒီမိန်းမယုတ်က ဘယ်ကနေရောက်လာတာတုန်း၊ ဪ... ကြည့်စမ်းပါဦး၊ ကျိုးလောင်စန်းရဲ့မိန်းမပဲ၊ လူမဆန်တဲ့ လူတွေက ကိုယ့်အတိုင်းအတာကိုယ် မသိတတ်ကြဘူး။ သူတို့အတွက်တော့ ယဉ်ကျေးတယ်ဆိုတာက ဒိုဒိုငှက်တွေ မျိုးတုံးသွားသလို ပျောက်ဆုံးကုန်ပြီ ထင်ပါရဲ့၊ သူက ကျိုးထျဲကျူးကို ဝေဖန်နေတယ်ပေါ့လေ၊ သူကိုယ်သူမှ ပြန်ငုံ့ကြည့်ရဲ့လားမသိဘူး။ သူသားတွေကျတော့လည်း အမှိုက်လိုလူစားတွေ၊ သောက်စားပျော်ပါးပြီး ငွေဖြုန်းဖို့ပဲ သိကြတယ်၊ ဒီလောက်နှစ်တွေ ကြာနေပြီ သူတို့ကိုယ်သူတို့ စာသင်သားတွေလို ပြုမူပြီး ဟန်ဆောင်နေကြတာ၊ အခုထိ ဘာမှ ဖြစ်ထွန်းမလာဘူး၊ တကယ်ကို အရှက်မဲ့တဲ့ဟာတွေပဲ"

အခြားမိန်းမကြီးတစ်ယောက်ကလည်း သူမ၏ပါးစပ်ကို အုပ်ကာ ရယ်မောရင်း ဝင်လှောင်လိုက်ပြန်သည်။

"ဟုတ်ပအေ... သူတို့ကိုယ်သူတို့ ပညာတတ်မျိုးရိုးလို့ ပြောနေကြပေမယ့် သူတို့ထဲက ဘယ်တစ်များ စာမေးပွဲအောင်တာ တွေ့ဖူးလို့လဲ၊ ဒါတောင်မှ ပညာတတ်မိသားစုလို့ သတ်မှတ်ချင်နေသေးတယ်၊ အဲ့လိုဆိုရင် ငါ့မိသားစုလည်း ပညာရှင်မိသားစုလို့ ခေါ်လို့ ရတာပေါ့ဟယ်"

ပထမဆုံး ပြောလိုက်သည့် မိန်းမကြီးကလည်း ဒေါသထွက်နေဆဲဖြစ်သည်။

"အလကား ကောင်မ၊ သူများနှမ်းကို ခိုးဖို့ပဲ သိပြီး အိမ်က ဖရဲသီးကို ဆုံးရှုံးလိုက်ရလို့ အိမ်မှာ ကြိတ်မနိုင်ခဲမရ ဖြစ်နေတာနေမှာပေါ့၊ ဟဲ့ ကျိုးလောင်စန်းရဲ့ မိန်းမ.. နင် နောက်တစ်ခါ စစ်သားတွေကို 'အသက်တိုတဲ့ ဝိညာဉ်တွေ' လို့ ပြောနေတာကို ငါ ထပ်ကြားရရင် နင့်ပါးစပ်ကို ငါကိုယ်တိုင် ဆွဲဖြဲပစ်မယ်"

ကျိုးရှီ၏ မျက်နှာတစ်ခုလုံး နီမြန်းလာလိုက် ဖြူဖျော့သွားလိုက် ဖြစ်သွားရသည်။ ယခုတလောတွင် သူမ၏ဘဝကလည်း မလွယ်ကူလှပေ၊ သူမ၏မိသားစုတွင် ငွေကြေးများ ပြတ်လပ်နေသော်လည်း သားဖြစ်သူများကတော့ စာသင်ရန်ဟူသော အကြောင်းပြချက်ဖြင့် ငွေကိုသာ အမြဲတမ်း တောင်းခံနေကြသည်။

တစ်နှစ်အတွင်းမှာပင် သူတို့၏ ငွေကြေးအခြေအနေက အကြီးအကျယ် ကျပ်တည်းသွားခဲ့သည်။ အိမ်ကြီးအိမ်ကောင်းကိုသာ ချန်ထားပြီး လယ်ယာမြေများကိုပင် ရောင်းချရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ သူတို့မိသားစုအတွင်း အကြီးအကျယ် အငြင်းပွားနေကြရသည်။ ကောက်ပဲသီးနှံများ ရောင်းရငွေကလည်း ရရချင်းမှာပင် ပျောက်ကွယ်သွားပြီး အမြဲတမ်း ငွေလိုနေကြသည်။

စုန့်တင်းရှန်းတို့မိသားစု၏ အခြေအနေနှင့် နှိုင်းယှဉ်ကြည့်မိသည့်အခါတိုင်း သူမ၏ရင်ထဲမှ အလွန်အမင်း နာကျင်လာရသည်။ တပါးသူ၏အိမ်တွင်တော့ အမြဲတမ်း အလုပ်ရှုပ်နေကြပြီး ငွေကြေးကလည်း အမြဲပိုလျှံနေပုံရသည်။

စုန့်မိသားစု၏ ကြီးပွားချမ်းသာလာမှုကို မြင်ရတိုင်း ကျိုးရှီ၏ မနာလိုဝန်တိုစိတ်များက ပို၍ ပို၍ တိုးလာပြန်သည်။ ၎င်းက သူမတို့မိသားစု၏ ရုန်းကန်နေရမှုများကို ပို၍ သိသာထင်ရှားလာစေသည်။

စကားအနည်းငယ်ဖြင့် လူပေါင်းများစွာကို စော်ကားသလိုဖြစ်သွားသော ကျိုးရှီက ဆက်လက် မငြင်းခုံရဲတော့ဘဲ ခေါင်းငုံ့ကာ အိမ်သို့ အမြန်ပြန်သွားတော့သည်။

စုန့်တင်းရှန်းက တခြားမိန်းမကြီးများဘက်သို့ လှည့်ကာ အနည်းငယ် ဦးညွှတ်လိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကူညီပေးလို့ ကျေးဇူးတင်ပါတယ် အဒေါ်တို့ရေ"

စောစောက စတင်ပြောဆိုခဲ့သည့် မိန်းမကြီးက ရယ်မောရင်း ပြန်လှမ်းပြောနေသည်။

"တင်းရှန်းက ငယ်ငယ်လေးပဲ ရှိသေးတော့ အရှက်အကြောက်ကြီးတာ ပုံမှန်ပါပဲ၊ ဒါကြောင့် အဲ့မိန်းမ ဒီလိုအနိုင်ကျင့်ရဲတာ၊ နောက်တစ်ခါ သူ ဒီလိုမျိုးလာပြောရင် သူ့ပါးကိုသာ အားရပါးရ ရိုက်ချပစ်လိုက်"

စုန့်တင်းရှန်းက ရယ်မောရင်း ပြန်ဖြေလိုက်သည်။

"ကျွန်မမှာ အဲဒီလောက် အားမရှိပါဘူး၊ ဒီလိုလူမျိုးတွေနဲ့ တွေ့ရင် ရှောင်သွားတာက အကောင်းဆုံးပါပဲ"

ခဏအကြာတွင် သူမက ဆက်ပြောလိုက်သည်။

"အဒေါ်ဝမ်... ကျိုးကောက စစ်စခန်းမှာ ကောင်းကောင်းနေနေရတယ်၊ ကျွန်မတို့ရွာက လူတွေလည်း သူနဲ့ အတူရှိနေပြီး အားလုံးအဆင်ပြေတယ်လို့ ပြောတယ်။ အားလုံး စိတ်အေးအေးထားလို့ ရပါတယ်"

ထိုမိန်းမကြီးက အံ့ဩသွားပုံရပြီး သူမ၏အပြုံးက ပိုနွေးထွေးဖော်ရွေလာသည်။

"ဒီသတင်းကို ကြားရတာ ဝမ်းသာစရာပဲအေ၊ အိမ်နဲ့ဝေးတဲ့နေရာမှာ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ကြတာက ပုံမှန်ပဲ၊ နင့်ယောကျ်ားက စာရေးတတ်တယ်ဆိုတော့ နောက်တစ်ခါကျရင် ငါတို့အားလုံး စိတ်အေးရအောင် စာများများ ရေးခိုင်းပေးပါဦး"

စုန့်တင်းရှန်းက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြကာ သူမတို့ကို နှုတ်ဆက်လိုက်ပြီး သူမ၏ပစ္စည်းများကို သယ်ဆောင်ကာ အိမ်သို့ ပြန်လာခဲ့သည်။

All Chapters