← Chapters

ဟင်းရွက်ချဥ် (အပိုင်း ၂)

Vol. 4 Ch. 36

ဟင်းရွက်ချဥ် (အပိုင်း ၂)

Vol. 4 Ch. 36

အိမ်ထဲသို့ ပြန်ဝင်လာသည့် ကျိုးလောင်စန်း၏ ဇနီးသည်က တတွတ်တွတ် မြည်တွန်တောက်တီးနေသည်။

"ဒါ ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ ကိစ္စလဲ၊ သူတို့က ငါ့ခေါင်းပေါ်တက် နင်းချင်နေကြတာပဲ၊ ငါ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အနိုင်ကျင့်ချင်နေကြတာ၊ ငါ ကျိန်ပြောရဲတယ်! သူတို့ကတော့ ရတနာထုပ်ကြီး ကောက်ရထားတယ်လို့ ထင်နေကြမှာပေါ့၊ ဘာပဲဖြစ်ဖြစ် အဲဒါက ငါ အလိုမရှိလို့ ပစ်လိုက်တဲ့ အရာလေ"

ခြံဝင်းထဲတွင် ထင်းပေါက်နေသော ကျိုးလောင်စန်းက ဇနီးဖြစ်သူ၏ စိတ်ပျက်လက်ပျက် ရေရွတ်သံကို ကြားသွားပြီး သူ လုပ်လက်စ အလုပ်ကို ခဏရပ်ထားလိုက်သည်။ သူက သူ့ပုဆိန်ကို သစ်တုံးတွင် မှီထားလိုက်ပြီး နဖူးမှ ချွေးများကို သုတ်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် လှမ်းမေးလိုက်သည်။

"ဘာဖြစ်လာပြန်ပြီလဲကွာ"

ကျိုးရှီက မကျေမနပ် ပြောပြလာသည်။

"အဲ့ဒီ စုန့်လောင်စစ်ရဲ့ မိသားစုလေ... ကျွန်မတော့ တကယ်ကို နားမလည်နိုင်တော့ဘူး။ လူတိုင်းက ဘာလို့ သူတို့ကို ချီးကျူးနေကြတာလဲ၊ ဒါပေမယ့် ကျွန်မ သူတို့နဲ့ တွေ့လိုက်ရင် တစ်ခုမှ အဆင်ပြေတာ မရှိဘူး၊ သူတို့က နာမည်ကြီးသလောက်လည်း မဟုတ်ပါဘူး၊ အမှန်အတိုင်း ပြောရရင် သူတို့မှာသာ ပိုက်ဆံမရှိကြည့်ပါလား၊ ဘယ်သူက သူတို့ကို လှည့်ကြည့်မယ်ထင်လဲ"

"အမေ... ပြန်လာပြီလား?"

ကျိုးလောင်စန်း၏ ချွေးမကြီးက အပြုံးဖြင့် လျှောက်လာနေရင်း လှမ်းမေးလိုက်သည်။ ထို့နောက် သူမက ဆက်ပြောလာပြန်သည်။

"အမေကလည်း... သူတို့ကို ဒေါသထွက်နေစရာလိုလို့လား၊ ပေါင်ရှန်း စာမေးပွဲအောင်သွားတာနဲ့ အမေက အားလုံးဆီကနေ လေးစားခံရတဲ့ အဘွား ဖြစ်လာမှာပဲဟာ"

ကျိုးရှီ၏ မျက်နှာက အနည်းငယ် ပြေလျော့သွားသော်လည်း ချွေးမဖြစ်သူ၏ ရှေ့တွင် သဘောကောင်းသည့် ပုံစံကို မပြချင်သဖြင့် ဆူပူလိုက်သည်။

"သူ စာသင်နေတာ ဘယ်နှနှစ် ရှိသွားပြီလဲ၊ ရှချမ်းကို ကြည့်လိုက်စမ်းပါ၊ အသက်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်၊ စာမေးပွဲအောင်လို့ ရာထူးတောင် ရသွားပြီ၊ နင့်ယောကျ်ားကိုလည်း ပြန်ကြည့်ဦး! နင်လည်း တနေကုန် သူ့နားမှာပဲ အမြဲကပ်နေပြီး သူ စာဖတ်နေတာကို နှောက်ယှက်တာမျိုး မလုပ်နဲ့၊ သူ စာဖတ်ဖို့အတွက် အားအင်တွေ ချန်ထားခိုင်းစမ်းပါ၊ ဒါလေးတောင် မလုပ်နိုင်ဘူးလား"

ကျိုးပေါင်ရှန်း၏ ဇနီးက ပါးစပ် အနည်းငယ် လှုပ်သွားပြီးမှ အားတင်းပြီး ပြန်ပြုံးကာ ရှက်ရှက်ဖြင့် တုံ့ပြန်လိုက်သည်။

"အမေ... အမေ ဘာတွေ ပြောနေတာတုန်း၊ အခု ကျွန်မရဲ့ယောကျ်ားက မြို့ပေါ်မှာ စာသင်နေတာလေ၊ ကျွန်မက အိမ်မှာ နေပြီး အမေ့ကို ပြုစုနေတာပဲကို၊ ကျွန်မက ဘယ်လိုလုပ် သူ့နားမှာ အမြဲကပ်နေလိုလဲ"

"နင်က နင် သူ့အနားကို မကပ်ဘူးလို့ ပြောချင်တာလား၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အကြီးဆုံးသား ပြန်လာတဲ့နေ့မှာ နင်တို့ ညလုံးပေါက် ချစ်ပွဲဆင်နေတာကို ငါ ကြားနေရတယ်"

ကျိုးရှီက သူမ၏ ချွေးမကို ဒေါသတကြီး တွန်းထုတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေပြန်သည်။

"သုတ်ရည်တစ်စက်က သွေးဆယ်စက်နဲ့ ညီတယ်အေ့၊ နင်က ပေါင်ရှန်းမှာ ရှိသမျှ အားအင်တွေ ခြောက်ခမ်းသွားအောင် စုပ်ယူချင်နေတာလား"

"အမေ... အမေ... အမေက....”

ကျိုးပေါင်ရှန်း၏ ဇနီးက အလွန်ရှက်သွားပြီး စကားပင် ဆက်မပြောနိုင်တော့ပေ။

ကျိုးလောင်စန်းက သူ့ဇနီး၏စကားများ အတော်အတန် လွန်လာသည်ဟု ခံစားသွားပြီး ကြားဝင်ဟန့်တားလိုက်သည်။

"မင်း ဘာတွေလျှောက်ပြောနေတာလဲ၊ သူတို့ အိမ်ထောင်ကျတာ နှစ်နှစ်တောင် ရှိနေပြီ၊ အခုထိ ကလေးရလာမယ့် အရိပ်အယောင်တောင် မရှိသေးဘူး၊ မင်း မစိုးရိမ်ဘူးလား၊ သွား ထမင်းမြန်မြန်သွားချက်တော့၊ ညစာအတွက် ဘာစားရမှာတုန်း"

"စား၊ စား... စားဖို့ပဲ၊ ရှင်ကတော့ စားဖို့ပဲ သိတယ်"

ကျိုးရှီက နှာခေါင်းရှုံ့ရင်း သူမ၏ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကို သယ်ကာ မီးဖိုချောင်ဘက်သို့ တရွေ့ရွေ့ ထွက်ခွာသွားသည်။

"ဒါနဲ့ ရှောင်အာ့ရဲ့မိန်းမက ဘယ်တွေ လျောက်သွားနေတာတုန်း၊ ဘာလဲ... ယောက္ခမဖြစ်တဲ့ ငါက နင်တို့အတွက် ချက်ပြုတ်ကျွေးမွေးနေရမှာလား၊ လာ.... မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်ကြစမ်း"

.........။........။.......

စုန့်တင်းရှန်းက ဝက်အသည်းကို မီးဖိုချောင်ထဲတွင် ထားခဲ့ပြီးနောက် အိမ်ရှေ့ခန်းသို့ ပြန်လှည့်လာခဲ့သည်။ အိမ်‌‌ရှေ့ခန်း၌ သူမ စုန့်ယွိလန်ကို တွေ့လိုက်ရသည်။

"အစ်မလား... အစ်မက ဒီကို ဘယ်လိုရောက်နေတာလဲ"

စုန့်ယွိလန်က အပြုံးဖြင့် ပြန်ဖြေလာသည်။

"အငယ်ဆုံးမောင်လေးရဲ့ ရက်တစ်ရာပြည့်ပွဲက မကြာခင် ရောက်တော့မယ်၊ ငါ အမေကို လက်ဆောင်တွေ ကြိုပေးဖို့ စောစောလာခဲ့တာ၊ ဒီမှာ ငါ သူ့အတွက် ဗိုက်စည်းလေးတွေနဲ့ ဂွမ်းအင်္ကျီလေးတချို့ ချုပ်ပေးထားတယ်၊ ပြီးတော့ ဒီဝတ်စုံက အရင်တုန်းက အမေ တာ့ပေါင်အတွက် ချုပ်ပေးခဲ့တာ၊ ပိတ်သားက အိပြီး နူးညံ့နေတာပဲ၊ အခု မောင်လေးနဲ့ဆို အတော်ပဲ"

စုန့်တင်းရှန်းက ထပ်မေးလိုက်သည်။

"ကျွန်မ စောစောက အစ်မကို မတွေ့မိပါဘူး၊ အခုမှ ရောက်တာလား၊ ဘာလို့ ဒီလောက်နောက်ကျမှ ရောက်လာတာလဲ၊ တာ့ပေါင်ရော ပါမလာဘူးလား"

"သူ မပါလာဘူး၊ ငါ ရွာထဲကနေ ဖြတ်ဝင်လာတာ၊ လမ်းမကြီးကနေ လာတာ မဟုတ်ဘူး၊ ပြီးတော့ ခနနေရင် ပြန်တော့မှာ"

ထိုစဉ် ဖန့်ရှီက အထုပ်တစ်ထုပ်ကိုင်ရင်း ပြောပြောဆိုဆို ဝင်လာခဲ့သည်။

"နင့်ရဲ့ ယောင်းမက တော်တော်ကို အဖိုးတန်နေတယ်ပေါ့၊ နင်ကလည်း ဒါလေးအတွက်နဲ့ ဒီလောက်အဝေးကြီး လာခဲ့သေးတယ်"

စုန့်ယွိလန်က မိခင်ဖြစ်သူကို ရှင်းပြလိုက်သည်။

"ဘယ်သူက သူ့ကို ပေးမယ် ပြောနေလို့လဲ၊ သူ သစ်သီးခြောက်လေးတွေ စားရရင် တော်ရောပေါ့၊ ပြီးတော့ သမီးတို့ မိသားစုအတွက်လည်း ဒါတွေက အဖိုးတန်တာ မဟုတ်ပါဘူး၊ တကယ်က သမီး အဖိုးတို့ အဖွားတို့ အမေတို့နဲ့ စကားပြောချင်လို့ ဒါကို အကြောင်းပြပြီး ထွက်လာခဲ့တာ"

ဖန့်ရှီက ပြန်မေးလိုက်သည်။

“တာ့ရှန်းရော.... ခုတလော အဆင်ပြေရဲ့လား"

စုန့်ယွိလန်က ခပ်ပြုံးပြုံး ပြန်‌ဖြေလိုက်သည်။

"ပြေတာပေါ့၊ ရှချမ်းက လူတချို့ ခေါ်သွားတာကို အမေ ကြားခဲ့တယ်မလား၊ သူ့ကို ပိုက်ဆံပေးတဲ့သူတွေအကုန်လုံးက လိုက်ချင်ကြတာလေ၊ ဒါပေမယ့် မလိုက်ရတဲ့သူတွေ အများကြီးပဲ၊ အခု အိမ်မှာ တာ့ရှန်းတို့ ပြောနေတာက... သူ လက်ဆောင်တွေ သွားပေးပြီး ဟိုက မယူလိုက်တာ ကံကောင်းသတဲ့။ မဟုတ်ရင် သူတို့လို အဝေးက ဆွေမျိုးက ဆွေမျိုးလို့တောင် သတ်မှတ်ခံရမှာ မဟုတ်ဘူးတဲ့၊ ဘာပဲဖြစ်ဖြစ် သူ ငွေရှာဖို့ မလိုက်နိုင်တဲ့အတူတူ ဘာမှ မဆုံးရှုံးသွားတာ ကောင်းတယ်လို့တောင် ပြောနေကြတာ"

ထိုစကားကို ကြားလိုက်ရချိန်တွင် စုန့်တင်းရှန်းတစ်ယောက် မည်သည့် အမူအရာလုပ်ပြရမှန်း မသိလောက်အောင် ကြောင်အအ ဖြစ်သွားရသည်။ ခဏအကြာတွင် သူမ မနေနိုင်ဘဲ ပြန်‌မေးလိုက်မိသည်။

"အစ်မ..... သူက ရာထူးရသွားတာက ပြည်သူ့တွေကို အလုပ်အကျွေးပြုဖို့ မဟုတ်ဘူးလား၊ အစ်မက ဘာလို့ ပိုက်ဆံရှာတယ်လို့ ပြောနေရတာတုန်း"

စုန့်ယွိလန်က နှာခေါင်းရှုံ့ရင်း လှောင်သံဖြင့် ပြန်ဖြေလာသည်။

"ဘယ်သူက အဲ့လို မဟုတ်ဘူးလို့ ပြောမိလို့လဲ၊ ဒါပေမယ့် သူတို့ကိုယ်တိုင်ကတော့ ပိုက်ဆံသွားရှာတာလို့ပဲ ပြောနေတာလေ။ ဟိုက ဒေသခံတွေအတွက်တော့ တကယ့်ကို စိတ်ပျက်စရာပဲ၊ လူတွေအများကြီး စားသောက်ဖို့ ခေါ်သွားတော့ ရုန်းရင်းဆန်ခတ် ဖြစ်မှာ သေချာတယ်၊ ဟိုမှာ သူတို့ ဘာတွေ လုပ်မယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူးလေ... ဟူး"

လီရှီက ဝင်ပြောလာသည်။

"ဒီစကားကို အိမ်မှာပဲ ပြောကြနော်၊ ဘာပဲဖြစ်ဖြစ် ရှချမ်းက ငယ်သေးတော့ ပိုက်ဆံရှာဖို့ တစ်ခုတည်းကိုပဲ ကြည့်မှာ မဟုတ်ပါဘူး၊ သူလည်း စာတွေအများကြီး သင်ထားပြီးမှတော့ လက်တွေ့ကျကျ တစ်ခုခု လုပ်ဖို့ လိုမှန်း သိမှာပါ၊ အဲ့ဒီဆွေမျိုးတစ်အုပ်ကတော့.... ဟူး.... ထားလိုက်ပါတော့... ဒါက ငါတို့မိသားစုနဲ့ ဘာမှ မဆိုင်တော့ဘူး၊ နင် တာ့ရှန်းကို ထိန်းချုပ်နိုင်ဖို့ပဲ လိုတယ်"

"ဟုတ်ကဲ့၊ သမီး သိပါတယ်၊ အခုတော့ သူတို့လည်း နာခံနေကြတာပဲ၊ ဒါပေမယ့် သိပ်တော့ ကြာမယ် မထင်ဘူး၊ ပြီးခဲ့တဲ့တစ်ခေါက် သမီးရဲ့ယောက္ခမ အိမ်ကို လာတုန်းက လက်ဝတ်ရတနာတွေနဲ့ ငွေအချို့ ထားခဲ့သေးတယ်လေ။ ဒါပေမယ့် လဝက်လောက် ကြာသွားတာနဲ့ နှမြောတသ ဖြစ်လာပြီး သမီးက ပြန်ပေးသင့်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ အရိပ်အမြွက် ပြောနေသေးတယ်။ သမီး ဘာမှမကြားသလိုပဲ နေလိုက်တယ်"

လီရှီက ထောက်ခံလိုက်သည်။

"အဲ့လိုပဲ ဖြစ်ရမယ်၊ သူ ပြောသမျှ လိုက်လုပ်ပေးနေဖို့ မလိုဘူး၊ ကိုယ်ပဲ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ရလိမ့်မယ်"

စုန့်ယွိလန်က ခေါင်းညိတ်ပြပြီးနောက် အချိန်တော်တော်လင့်နေမှန်း သတိထားမိသွားပြီး ထရပ်ကာ နှုတ်ဆက်လိုက်သည်။

"သမီး ပြန်တော့မယ် အဖွား၊ အမေ... သမီး အငယ်ဆုံးမောင်လေးရဲ့ ရက်တစ်ရာပြည့်ပွဲကျမှ ပြန်လာခဲ့မယ်နော်"

စုန့်ယွိလန်ကို လိုက်ပို့ပြီးနောက် စုန့်တင်းရှန်းက ခန်ပေါ်သို့ တက်ကာ မက်မွန်သီးခြောက်တစ်ဖတ်ကို ဝါးစားရင်း စကားစလိုက်သည်။

"အဖွား... အခု သမီးတို့ရဲ့ ပဲပုပ်အနှစ်က ရောင်းကောင်းသလို၊ ဆောင်းဦးထွက် ပဲငံပြာရည်ကလည်း တော်တော် အဆင်ပြေနေပြီ၊ မနက်ဖြန်ကျရင် သမီး အဲဒီနှစ်မျိုးလုံးကို ထပ်လုပ်မလို့ တွေးထားတယ်၊ ပြီးတော့ အသစ်တစ်ခုခုလည်း ထပ်စမ်းကြည့်ချင်သေးတယ်"

လီရှီက သူမကို တစ်ချက်ကြည့်ကာ ခွင့်ပြုပေးလိုက်သည်။

"နင်လုပ်ချင်ရင် လုပ်သာ လုပ်လိုက်၊ ဒါပေမယ့် တစ်ခုတော့ မှတ်ထား၊ နင် လုပ်လို့ ပျက်စီးသွားရင် အိမ်မှာ မကုန်မချင်းစားရမှာနော်၊ အလဟဿ အဖြစ်မခံနိုင်ဘူး"

စုန့်တင်းရှန်းက တခိခိရယ်ရင်း ပြန်ပြောလိုက်သည်။

"စိတ်ချပါ အဖွားရဲ့၊ ပြီးခဲ့တဲ့တစ်ခေါက် ဦးလေး ပြန်လာတုန်းက 'ဟင်းလျာတစ်ထောင်အရသာပေါင်းချုပ်' ဆိုတဲ့ စာအုပ်တစ်အုပ် ပေးသွားတယ်။ အဲဒါလေးက တော်တော်ကောင်းပုံရတယ်၊ အဲဒီထဲက ဟင်းချက်နည်းတစ်ခုခုကို ရွေးပြီး ချက်ကြည့်မလို့၊ အော်... ဟုတ်သားပဲ၊ ဒီနှစ်ထွက်တဲ့ ပဲစိမ်းတွေထဲက အကောင်းဆုံးတွေကို သမီးအတွက် သီးသန့်ဖယ်ထားပေးနော်"

ဖန့်ရှီက ဝင်ပြောလာပြန်သည်။

"ဒါက နင် ပြောဖို့လိုတဲ့စကားလား၊ နင့်အဖိုးက နင့်ထက် အကွက်ကြိုမြင်တယ်၊ ဒီနှစ်ထွက်တဲ့ ပဲစိမ်းတွေကို တစ်စေ့မှ မရောင်းဘဲ နင့်အတွက် အကုန်သိမ်းထားပေးတယ်။ အဲဒါအပြင် ဒီနှစ်စိုက်ထားတဲ့ ပဲပုပ်တွေကိုလည်း နင် ပဲငပိလုပ်ဖို့အတွက် သိမ်းထားပေးတယ်၊ မနက်ဖြန်ကျရင်လည်း နည်းနည်း ထပ်စိုက်ဦးမှာ"

"အဘိုးက အကောင်းဆုံးပဲ၊ သမီး အဘိုးကို သွားရှာလိုက်ဦးမယ်၊ ဦးလေးက ဝက်အသည်း တစ်ဝက် ပေးလိုက်တယ်၊ ဒီည ညစာအတွက် အဖိုးကို အဲဒါလေး ကြော်ခိုင်းရမယ်"

စုန့်တင်းရှန်းက မက်မွန်သီးခြောက်နှစ်ချပ်ကို ဆွဲယူပြီး ပြုံးဖြီးဖြီးဖြင့် ပြေးထွက်သွားသည်။

စုန့်ရှင်းယိက နောက်ဖေးခြံထဲတွင် လှန်းထားသော ပဲစိမ်းများကို စစ်ဆေးနေသည်။ သူတို့မိသားစု ချက်ထားသော ဆောင်းဦးပဲငံပြာရည်က ရွာထဲတွင် ရောင်းကောင်းနေပြီး တစ်နေ့လျှင် ဝမ်ဆယ်ဂဏန်းများစွာ ဝင်ငွေရနေခဲ့သည်။ ချမ်းသာသော မိသားစုများအတွက် ဝမ်ဆယ်ဂဏန်းက ဘာမှမဟုတ်သော်လည်း ရွာသူရွာသားများအတွက်မူ အတော်အတန်များသော ဝင်ငွေဖြစ်သည်။ ရက်အနည်းငယ် ရောင်းရငွေက ရွာပြင်သို့ ထွက်ပြီး အကြမ်းတမ်း လုပ်သည့် အလုပ်သမားတစ်ဦး၏ တစ်လစာ လုပ်ခနှင့် ညီမျှနေသည်။

ပဲစိမ်းများအပြင် အနီးနားရှိ စင်များပေါ်တွင် ချဉ်ဖတ်လုပ်ရန်အတွက် အခြောက်ခံထားသော ကန့်လုကျီ၊ ရန်ကျန်းနှင့် ကျဲ့ချိုက်ကော့တားကဲ့သို့သော ဟင်းသီးဟင်းရွက် အမျိုးမျိုး ရှိနေသည်။ မြောက်ဘက်ဒေသ၏ ဆောင်းရာသီ အေးစိမ့်လာသည်နှင့်အမျှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကလည်း ရှားပါးကုန်စည် ဖြစ်လာခဲ့သည်။ နွေရာသီမှ ပေါကြွယ်ဝသော စားစရာများ ပျောက်ကွယ်သွားပြီး ထမင်းဝိုင်းတွင် အာလူး၊ ကန်စွန်းဥ၊ ဂေါ်ဖီထုပ်နှင့် မုန်လာဥဖြူတို့သာ အဓိကနေရာ ယူလာကြပြီး အချဉ်ထည့်ထားသော ဟင်းရွက်များက အားဖြည့်ဖက် ဖြစ်လာခဲ့သည်။

(t/n: ကန့်လုကျီ (မုံညင်းဥတစ်မျိုး)၊ ရန်ကျန်း (ဂျင်းတစ်မျိုး) နှင့် ကျဲ့ချိုက်ကော့တား (ဂေါ်ဖီထုပ်အသေး))

ကန့်လုကျီ၏ အထပ်ထပ်ပုံစံက စေတီငယ်လေးနှင့် တူသောကြောင့် ပေါင့်ထာ့ချိုက် (စေတီပင်) ဟုလည်း ခေါ်ကြသည်။ အစပိုင်းတွင် ထိုအရွက်နှင့် ဥများကို ချဉ်ဖတ် မလုပ်ဖူးခဲ့သော်လည်း စုန့်တင်းရှန်းက စားချင်သည်ဟု ပြောခဲ့သောကြောင့် အဘိုးဖြစ်သူက လိုက်လံစုဆောင်းပေးထားခဲ့ခြင်း ဖြစ်သည်။

ထိုအရွက်များကို ဆေးကြောပြီး အခြောက်လှမ်းထားသောကြောင့် ခြောက်သွားလျှင် အချဉ်ထည့်နိုင်ပြီ ဖြစ်သည်။

"အဖိုး... အခု သမီးတို့မှာ ငရုတ်သီးတွေလည်း ရှိနေပြီဆိုတော့ တခြားပုံစံဆန်းတဲ့ ဟင်းရွက်ချဉ်တွေ လုပ်ကြည့်ချင်တယ်။ အဲဒါတွေကိုလည်း ရောင်းလို့ ရနိုင်မယ် ထင်လား"

စုန့်တင်းရှန်းက အဘိုးဖြစ်သူ၏အနားတွင် ဆောင့်ကြောင့်ထိုင်ရင်း ပဲနောက်များ ကူရွေးပေးနေသည်။ ထိုပဲနောက်က အသားထူပြီး အပြားကြီးသောကြောင့် ပဲကြီးဟုလည်း ခေါ်ကြသည်။ ၎င်းက အသားထူသောကြောင့် ပြုတ်စားသည်ဖြစ်စေ ကြော်စားသည်ဖြစ်စေ အလွန်အရသာ ရှိလှသည်။

"ဟင်းရွက်ချဉ် လုပ်တာချင်းအတူတူ ဆန်းပြားတဲ့ ပုံစံဆိုတာ ရှိသေးလို့လား"

အဖိုးဖြစ်သူက ရယ်မောရင်း စနောက်လာပြန်သည်။

"မင်း လုပ်ချင်သလို လုပ်လို့ရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အလဟဿတော့ အဖြစ်မခံနိုင်ဘူးနော်"

"ချဉ်ဖတ်ဆိုတာ အမြဲတမ်း ငန်နေဖို့မှ မလိုတာ၊ အမေ့ရဲ့ သခွားသီးချဉ်ဆိုရင်လည်း အရသာ တကယ်ရှိတာပဲကို"

စုန့်တင်းရှန်း ပြောသော သခွားသီးချဉ်မှာ ဆောင်းဦးပေါက် နှင်းမကျမီက သိပ်မကြီးထွားသေးသော ခဝဲသီးငယ်လေးများနှင့် သခွားသီးလေးများကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့ကို သန့်စင်အောင်ဆေးပြီး ပဲငံပြာရည်အိုးကြီးထဲ ထည့်စိမ်ထားကာ စားခါနီးမှ ထုတ်၍ လှီးစားရခြင်းဖြစ်ပြီး ထမင်းနှင့် အလွန်လိုက်ဖက်လှသည်။

နောက်ပိုင်းခေတ်ကာလများတွင် လူတိုင်းက ကျန်းမာရေးကို ဂရုစိုက်လာကြသဖြင့် ထိုကဲ့သို့ အချဉ်တည်ထားသော အစားအစာများကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကြဉ်ကြသည်။ သို့သော်လည်း ယခုကဲ့သို့ စားစရာ ရှားပါးသည့်ကာလတွင်မူ ဆောင်းရာသီ၌ အရသာရှိသော ဟင်းရွက်ချဉ်တစ်လုပ် စားခွင့်ရခြင်းကို ဇိမ်ခံမှုတစ်ခုဟု သတ်မှတ်နိုင်သည်။

ဆောင်းရာသီတွင် လတ်ဆတ်သော သီးနှံများ အလွန်ရှားပါးသဖြင့် အိမ်တိုင်း၌ ဝမ်းစာအတွက် အချဉ်တည်ထားသော အိုးတစ်လုံးစီကို အားကိုးကြရသည်။ ဗိုက်ဝအောင်ပင် မစားနိုင်သည့် ခေတ်ကာလတွင် ကျန်းမာရေးအကြောင်း ပြောနေခြင်းက "ဂျုံမရှိရင် အသားစားပါလား" ဟု ပြောလိုက်သလိုမျိုး ရယ်စရာစကားသာ ဖြစ်ပေလိမ့်မည်။

အစပိုင်းတွင် စုန့်တင်းရှန်းက ယခုနွေရာသီ၌ မုန်လာဥနီနှင့် ဂေါ်ဖီထုပ်အသေးကို အသုံးပြုပြီး အစပ်အရသာ ရတနာရှစ်ပါးသီးစုံချဉ်ဖက် ပြုလုပ်ရန် အားခဲထားခဲ့သည်။ သို့သော်လည်း ယခုနှစ်တွင် မိသားစုထဲသို့ မိသားစုဝင်အသစ်လေးများ ရောက်ရှိလာမှုနှင့်အတူ အလွန်အလုပ်ရှုပ်နေခဲ့ကြပြီး သူမ၏ အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားခဲ့ရသည်။ ထို့အပြင် သူမကလည်း လောဘတကြီးဖြင့် အလျင်စလို မလုပ်ချင်ပေ။ ထမင်းကို တစ်လုပ်ချင်း စားရသကဲ့သို့ပင် အရာရာကို တစ်ဆင့်ချင်း လုပ်ဆောင်ရန်သာ တွေးထားခဲ့သည်။

ငွေဆိုသည်မှာ တစ်ထိုင်တည်းနှင့် တစ်ခါတည်းရှာ၍ မရနိုင်သလို ငွေနောက်ကို လိုက်ရင်း လူပင်ပန်းခံရန်လည်း သူမ မတွေးထားခဲ့ပေ။ ထို့အပြင် သူမ ဟင်းချက်နည်းများစွာကို တစ်ပြိုင်နက်တည်း ထုတ်ပြလိုက်ပါက မိသားစုက ဘာမှ မပြောလျှင်ပင် ပြင်ပလူများက မနာလိုဖြစ်ကာ မလိုအပ်သော ပြဿနာများ ဖန်တီးလာနိုင်သည်ကိုလည်း သူမ ကြိုတင်တွေးဆမိသည်။

ယခု စုန့်တင်းရှန်းက ရတနာရှစ်ပါးချဉ်ဖက် လုပ်ရန် တွေးရုံသာ မကဘဲ ဤဒေသတွင် မရှိသေးသော မုံညင်းချဉ်တစ်မျိုးနှင့် ကင်မ်ချီတို့ကို ပြုလုပ်ရန်လည်း စီစဉ်ထားသေးသည်။

ရတနာရှစ်ပါးဟင်းရွက်ချဥ်အတွက် သူမ ကြွပ်ရွလန်းဆန်းသော သီးနှံရှစ်မျိုးကို ရွေးချယ်ခဲ့သည်။ ၎င်းတို့က ကျောက်ဖရုံသီး၊ ဂေါ်ဖီထုပ်၊ ဂျင်း၊ မုန်လာဥနီနှင့် မုန်လာဥဖြူ၊ သခွားသီး၊ မြေပဲ၊ ဂေါ်ဖီရိုးနှင့် ကြက်သွန်ဖြူ တို့ဖြစ်သည်။

ထို့အပြင် သူမက ကြာစွယ်နှင့် ခါကြက်ဥတို့ကိုပါ ထည့်သွင်းရန် စဉ်းစားခဲ့သော်လည်း ထိုအသီးအနှံများက ဈေးကြီးလှသဖြင့် အရင်းအနှီး များသွားနိုင်သည်။ အိမ်တွင် စားရန်အတွက်ဆိုပါက ပြဿနာမရှိသော်လည်း ရောင်းချရန်အတွက်မူ ရှုံးနိုင်ခြေရှိပေသည်။ ဤဟင်းရွက်များထဲမှ အချို့ကို အစိမ်းအတိုင်း ချဉ်ဖတ်လုပ်နိုင်သော်လည်း ဂျင်းကိုမူ အချဉ်မထည့်ခင် အရင်ပြုတ်ရန် လိုအပ်နေသေးသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ဂျင်း၏ အနံ့ပြင်းပြင်းနှင့် ခါးသက်သက်အရသာကို ပျောက်စေရုံသာမက ဂျင်းကို ပိုမိုကြွပ်ရွ လန်းဆန်းစေသည်။

ညစာစားပြီးနောက် စုန့်တင်းရှန်းက ဟင်းရွက်များကို လှီးဖြတ်ပြီး ဂျင်းကို ပြုတ်ကာ အလေးချိန် ကျင်းလေးဆယ်ခန့် ဝင်ဆန့်သည့် ရတနာရှစ်မျိုးဟင်းရွက်ချဉ် အိုးကြီးနှစ်လုံးကို အချည်ထည့်နေခဲ့သည်။ ထိုသို့ ပြုလုပ်နေစဉ် ဖန့်ရှီ ရောက်လာပြီး စပ်စုနေပြန်သည်။

"နင် ဟင်းရွက်ချဉ်လုပ်နေတာလား၊ ဟင်းချက်ဖို့ ပြင်နေတာလား? ဒါတွေအားလုံးကို ရောလိုက်ရင် ဘယ်လိုလုပ်ပြီး အရသာရှိတော့မှာလဲ"

စုန့်တင်းရှန်းက ခပ်အေးအေး ပြန်ဖြေလိုက်သည်။

"ဒါတွေအကုန်လုံးက ဟင်းရွက်ချဉ်တွေပဲလေ အမေရယ်၊ တခြားအရသာ မရှိရင်တောင် အချဥ်ဓာတ်နဲ့ အငန်ဓာတ်တော့ ရှိမှာပေါ့။ အလဟဿတော့ မဖြစ်ပါဘူး”

"နင်ကတော့ လျှောက်လုပ်နေတော့တာပဲ"

ဖန့်ရှီက ညည်းညူနေသော်လည်း လက်တွေ့တွင်မူ သူမက စုန့်တင်းရှန်းထက်ပင် ပိုတက်ကြွနေပြီး ဝိုင်းလုပ်ပေးနေသေးသည်။ သူမက ပါးစပ်ဆိုးသူဖြစ်သော်လည်း သူမ၏စိတ်ထားက ရွှေလိုစင်ကြယ်ကြောင်း သိထားပြီးသည့် စုန့်တင်းရှန်း အမေဖြစ်သူ၏ ထုံးစံအတိုင်း ရှေ့နောက်မညီသော အမူအရာကို ကြည့်ရင်း ခိုးရယ်နေလေသည်။

All Chapters