← Chapters

ဆပ်ပြာ

Vol. 4 Ch. 37

ဆပ်ပြာ

Vol. 4 Ch. 37

ရတနာရှစ်ပါးဟင်းရွက်ချဉ်နှင့် မုံညင်းချဉ်တို့က ပြုလုပ်ရလွယ်ကူသော်လည်း ဂေါ်ဖီထုပ်ချဥ်အစပ် (ကင်မ်ချီ) ပြုလုပ်ရန်က အနည်းငယ်လက်ဝင်လွန်းသည်။ ဂေါ်ဖီထုပ်ချဥ်အစပ်က စပ်သည့်အရာသာကို ပေးနိုင်ရုံသာမကဘဲ လန်းဆန်းစေသော အချိုဓာတ်လည်း ပါဝင်ရမည်ဖြစ်သည်။ သို့သော် ထိုအချိုက သကြားမှ ရရှိလာသည့်အချိုမျိုးမဟုတ်ဘဲ ဂေါ်ဖီထုပ်၏မူရင်းအချိုဓာတ်နှင့် သီးနှံများမှ ရသော အချိုဓာတ်ဖြစ်ရန် လိုအပ်နေသေးသည်။

စုန့်မိသားစုတွင်လည်း သစ်သီးစားပင်များ ရှိသည်။ နှစ်စဉ်နှစ်တိုင်း လတ်ဆတ်သည့်အသီးများကို ရောင်းချခြင်းအပြင် အချို့ကို အခြောက်လှမ်းပြီးမှ ရောင်းရန် သို့မဟုတ် ကိုယ်တိုင်စားရန် သိမ်းထားလေ့ရှိသည်။ ကျန်နေသည့်သစ်သီးများကို ဆောင်းရာသီတွင် လတ်လတ်ဆတ်ဆတ် စားနိုင်ရန် မြေအောက်ခန်းထဲ၌ သိုလှောင်ထားလေ့ရှိသည်။

ထို့အပြင် မြောက်ဘက်ဒေသမှ လူများက ဆောင်းရာသီအတွက် တည်သီးနှင့် သစ်တော်သီးများ စုဆောင်းထားလေ့ရှိသည်။ ဤအသီးနှစ်မျိုးက အအေးဒဏ်ကို ခံနိုင်ရည်ရှိသည်။ အေးခဲမှုကြောင့် ကျောက်ခဲကဲ့သို့ မာနေလျှင်ပင် အရည်ပျော်ပြီးနောက် အရည်ရွှမ်းပြီး ချိုမြိန်နေဆဲဖြစ်သည်။ အထူးသဖြင့် ခြောက်သွေ့လွန်းသည့် ဆောင်းရာသီတွင် အစိုဓာတ်ထိန်းပေးနိုင်ပြီး အလွန်ပင် အကျိုးရှိလှသည်။

နှစ်စဉ်နှစ်တိုင်း ထိုတည်သီးနှင့် သစ်တော်သီးများက အရောင်းရဆုံးပင်။ အိမ်တိုင်းက ထိုသီးနှံများကို ဝယ်ယူပြီး ပြတင်းပေါက်၏ဘေးဘောင်ပေါ်တွင် အေးခဲထားလေ့ရှိကြသည်။ သူတို့ စားချင်သည့်အခါမှ ရေထဲတွင် ခဏစိမ်ပြီး အခွံလေးကို အသာအယာ ဖျစ်လိုက်ရုံနှင့် ချိုမြိန်သော အရည်များက ပါးစပ်ထဲသို့ တိုက်ရိုက် စီးဝင်လာသည်မှာ အထူးကျေနပ်ဖွယ်ဖြစ်သည်။ ယခုတွင်လည်း ထိုသစ်တော်သီးများက ကင်မ်ချီ ပြုလုပ်ရာတွင် အရေးပါသော ပါဝင်ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။

"နင်တော့ တကယ့်ကို ပိုပိုပြီး လက်ဖွာလာပြီ"

ဖန့်ရှီက ခြစ်ထားသော သစ်တော်သီးစိတ်လေးများ ပြည့်နေသည့် ဇလုံကြီးကို ကြည့်ကာ အလွန်အမင်း နှမြောတသ ဖြစ်နေရှာသည်။

ကြမ်းတမ်းသော မြောက်ပိုင်းဒေသ၏ ဆောင်းရာသီတွင် လတ်ဆတ်သော ဟင်းရွက်များ ရှားပါးသောကြောင့် သစ်သီးများကလည်း ဈေးကောင်းရနိုင်သည်။ ထိုကဲ့သို့ ဝင်ငွေရနိုင်သော အသီးများကို သမီးဖြစ်သူက အချဉ်ဖောက်ရန် ဖြုန်းတီးနေသသောကြောင့် သူမ ရင်နာနေရသည်။

"နင့်သမီး ရှာထားတဲ့ ပိုက်ဆံက ဒီသစ်တော်သီး နည်းနည်းလောက် ဝယ်နိုင်တာထက်တောင် ပိုနေပြီ၊ သွား... သွား... နင့်သားကို သွားကြည့်လိုက်ဦး၊ အာ့နွီကို ငါပဲ ဝိုင်းကူပေးလိုက်မယ်"

လီရှီတစ်ယောက် စုန့်တင်းရှန်း၏ အဆုံးမရှိသော အကြံဥာဏ်များကြောင့် ဆွဲဆောင်ခံလိုက်ရပြီး စိတ်ဝင်စားသွားကာ အုတ်ခုတင်(ခန်)ပေါ်မှ ဆင်းလာပြီး စုန့်တင်းရှန်းကို ဝိုင်းကူပေးရန် ရောက်ရှိလာသည်။

"အမေ၊ အမေတို့အားလုံး သူ့ကို အရမ်းအလိုလိုက်လွန်းနေပြီ၊ သူက ဒီသစ်တော်သီးတွေကို ချဉ်ဖတ်လုပ်ဖို့ သုံးနေတာနော်"

လီရှီက စုန့်တင်းရှန်းဘက်မှ ဝင်ပြောနေသောကြောင့် ဖန့်ရှီတစ်ယောက် ပိုစိုးရိမ်လာရသည်။

လီရှီက ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

"သစ်တော်သီးကနေ သစ်တော်သီးယိုတောင် လုပ်လို့ရနေတာပဲ၊ ဘာလို့ အချဉ်ဖောက်လို့ မရရမှာတုန်း၊ ပြီးတော့ သစ်တော်သီးကို ဆားနဲ့စိမ်စားရင်တောင် တော်တော်စားကောင်းနေပြီ မဟုတ်လား၊ အိုက်ယား.... နင် မကူညီရင်နေ အနှောက်အယှက်တော့ လာမပေးနဲ့၊ သွား... သွား၊ ဟိုမှာ နင့်သား ငိုနေပြီ၊ ကလေးကို ကျင်းချောင်အာဆီပဲ မအပ်ထားနဲ့လေ၊ နောက်ကျမှ ကလေးက နင့်ကို 'အမေ' လို့ မခေါ်ရင် ငါ့ဆီလာပြီး ငိုပြဦးမယ်”

"ဘာငိုစရာ ရှိလို့လဲ?"

ဖန့်ရှီက တစ်ခွန်းမခံ ပြန်ပြောနေရင်း ခုံပုလေးပေါ်တွင် ထိုင်ကာ ငရုတ်သီးများ ဝိုင်းလှီးပေးနေဆဲပင်။ သူမ၏ပါးစပ်ကတော့ ပွစိပွစိ ‌‌ရေရွတ်နေသေးသည်။

"အေးပါအေ... အေးပါ... ငါ ဒါတွေကိုပဲ လုပ်ပေးပါ့မယ်၊ ဒီငရုတ်တွေက ငါ့မျက်စိကို မနာကျင်စေဘူး။ ငါ ပြောထားမယ်နော် စုန့်တင်းရှန်း... ဒါတွေက စားလို့ မရရင်တော့ နင် တစ်ဆောင်းတွင်းလုံး ဒါပဲစားရမယ်မှတ်၊ အသားတွေ ငါးတွေ စားဖို့ကတော့ ယောင်လို့တောင် စိတ်မကူးနဲ့၊ နင်ကတော့ တကယ်ကို အလိုလိုက်ခံထားရတာပဲအေ"

စုန့်တင်းရှန်းက ခိုးရယ်နေရင်း ပြန်မေးလိုက်သည်။

"တကယ်လို့ အရသာရှိရင်တော့ အမေ စားမှာ မဟုတ်ဘူးလား"

"ငါက ဘာလို့ မစားပဲနေရမှာလဲဟဲ့၊ ငါ့အိမ်က စားစရာ ငါ စားတာတာလေ"

ဖန့်ရှီက အနိုင်မခံ ဆင်ခြေပေးနေပြန်သည်။ သူမ ထံတွင် စံနှုန်းနှစ်ထပ်ရှိပြီး အထူးသဖြင့် သူမကိုယ်သူမ အလွန်ဖြောင့်မတ်သလို ပြုမူနေသည်။ လီရှီက ကြားမှ ဝင်ဟန့်လိုက်သည်။

"နင့်အမေလို လူမျိုးကတော့ နှစ်ယောက်မရှိဘူး၊ တော်တော့၊ နင် စကားကို လျှော့ပြောစမ်း၊ နင့်တံတွေးတွေ ငရုတ်သီးထဲ ဝင်ကုန်တော့မယ်"

စုန့်တင်းရှန်းက ဟင်းခတ်အနှစ်များ ရောစပ်ရန်အတွက် သစ်သားအင်တုံအကြီးကြီးတစ်ခု ပြင်ဆင်ထားခဲ့သည်။ မူလက ထိုသစ်သားအင်တုံကို အဝတ်လျှော်ရန် ရည်ရွယ်ထားခြင်းဖြစ်သော်လည်း ယခု သူမက ချဥ်ဖတ်နယ်ရန် အသုံးချလိုက်ခြင်းပင်။

ထိုအတောအတွင်း ခြံဝန်းထဲတွင် ကျောက်တိ၊ ချောင်းအာနှင့် စုန့်ကျဲကျင့်တို့က ဂေါ်ဖီထုပ်များကို ရေနွေးဖျောရန် မီးမွှေးနေကြသည်။ စုန့်တင်းရှန်းက ငရုတ်ဂေါ်ဖီထုပ်ချဥ် ပြုလုပ်နေသလို အခြားအိမ်တိုင်းကလည်း ယခုအချိန်ကို အခွင့်ကောင်းယူကာ ဂေါ်ဖီထုပ်ချဉ်များ ထည့်နေကြပြီ ဖြစ်သည်။ ကောင်းမွန်စွာ အချဉ်တည်ထားသော ဂေါ်ဖီချဉ်များကို ဆောင်းရာသီတစ်လျှောက်လုံး စားသုံးနိုင်မည်ဖြစ်ပြီး ထိုအရာက သူတို့အတွက် အရေးအကြီးဆုံး ဆောင်းရာသီ ဟင်းသီးဟင်းရွက် ဖြစ်သည်။

စုန့်မိသားစုက နှစ်စဉ် ဂေါ်ဖီထုပ်အမြောက်အမြား စိုက်ပျိုးကြသည်။ အချို့မိသားစုများက မိမိတို့ စားလောက်ရုံသာ နောက်ဖေးခြံ၌ အနည်းငယ် စိုက်ပျိုးကြသည်။ သို့သော်လည်း မိသားစုများသူများက သူတို့၏မြေကောင်းများကို ဂေါ်ဖီစိုက်ရန် မသုံးချင်ကြပေ။ ထို့ကြောင့် လမ်းဘေးဝဲယာ သို့မဟုတ် မြေရိုင်းများတွင်သာ စိုက်ပျိုးလေ့ရှိသည်။ ပုံမှန်အားဖြင့် ဂေါ်ဖီခင်းများကို အထူးတလည် ပြုစုစောင့်ရှောက်ရန် မလိုသော်လည်း ဂေါ်ဖီထုပ်၏ အလယ်အူတိုင် စတင်ဖြစ်ပေါ်လာချိန်တွင် ကောက်ရိုးကြိုးများဖြင့် သေသေချာချာ ချည်နှောင်ပေးရန်က အလွန်အရေးကြီးသော လုပ်ငန်းစဥ် ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဂေါ်ဖီထုပ်များက ဖွာလန်နေတတ်ပြီး အူတိုင်က ရင့်သွားကာ ချိုမြိန်ကြွပ်ရွမှု မရှိတော့ပေ။

စုန့်မိသားစုက နှစ်စဉ် ဟင်းသီးဟင်းရွက်များစွာ စိုက်ပျိုးကြပြီး ထိုသို့အခြောက်သိမ်းထားနိုင်သည့် အရာများကိုလည်း အလေးထားကြသည်။ အထူးသဖြင့် ဂေါ်ဖီထုပ်က အသက်တမျှ အရေးပါသောကြောင့် အဓိကဦးစားပေးစိုက်ပျိုးကြသည်။ ယခုနှစ်တွင်လည်း စုန့်တင်းရှန်းတို့မိသားစုက ဂေါ်ဖီထုပ် တစ်မူခန့် စိုက်ပျိုးခဲ့ကြပြီး အထွက်နှုန်းလည်း အလွန်ကောင်းမွန်ခဲ့သည်။ အစပိုင်းတွင် မြို့ပေါ်သို့ သွားရောက်ရောင်းချရန် စီစဉ်ထားသော်လည်း ယခုတွင်မူ ထိုအစီအစဉ်ကို ခေတ္တရပ်ဆိုင်းကာ ဂေါ်ဖီချဉ်အစပ် ဖြစ် မဖြစ်ကို အရင်စောင့်ကြည့်ပြီး အဆင်မပြေမှ သွားရောင်းရန် ဆုံးဖြတ်လိုက်ကြသည်။

အကယ်၍ အရသာရှိသည့် ဂေါ်ဖီချဉ်အစပ်များ ရလာလျှင်တော့ အကျိုးအမြတ် ပိုဖြစ်ထွန်းရန် တစ်မိသားစုလုံး ဂေါ်ဖီချဉ်အစပ် ပြုလုပ်ပြီး မြို့ပေါ်တွင် ဈေးကောင်းကောင်းဖြင့် ရောင်းချရန် ကြိုတွေးနေကြသည်။

ဂေါ်ဖီထုပ်များကို ရေနွေးဖျောပြီးနောက် ဓားဖြင့် ထက်ခြမ်းခွဲကာ ပြင်ဆင်ထားသော အနှစ်များကို ဂေါ်ဖီရွက်များကြားထဲသို့ တစ်လွှာချင်း သုတ်လိမ်းလိုက်သည်။ အနှစ်များ သုတ်လိမ်းပြီးသည်နှင့် ဂေါ်ဖီထုပ်များကို အိုးကြီးထဲသို့ တစ်လွှာချင်းစီ စီထည့်ကာ အပေါ်မှ အဖုံးအုပ်ပြီး ကျောက်တုံးဖြင့် ဖိထားရသည်။ ၎င်းမှာ လမ်းဘေးကြောင်များနှင့် ခွေးများက အိုးကို တိုက်မိပြီး အထဲမှ အရာများကို မပျက်စီးသွားစေရန် ကာကွယ်ခြင်းပင်။

ဤဂေါ်ဖီချဉ်အစပ် လုပ်ငန်းအတွက် စုန့်ကျစ်ယွမ်က အိုးဆိုင်မှ အိုးအကြီးကြီး ငါးလုံး သီးသန့် ဝယ်ယူပေးခဲ့သည်။ အခြားသူများကတော့ သူတို့မိသားစု ယခုနှစ်အတွက် ဟင်းရွက်ချဉ် အမြောက်အမြား လုပ်မည်ဟုသာ ထင်နေကြပြီး ထူးထူးထွေထွေ စဉ်းစားမနေကြပေ။

အနှစ်သုတ်လိမ်းရသူများ၏ လက်များက ငရုတ်သီး၏အစပ်ရှိန်ကြောင့် နီရဲနေလေသည်။ ဖန့်ရှီက သူမ၏လက်ကို ပြာပူများဖြင့် ဆေးကြောရင်း တတွတ်တွတ် ငြီးတွားနေပြန်သည်။

"ဒါတွေသာ စားလို့ မရရင်တော့ နင် အရေခွံစုတ်ဖို့သာ ပြင်ထားလိုက်၊ နင့်အမေနဲ့ အဘွားရဲ့လက်တွေ ပျက်စီးကုန်ပြီ၊ အိုက်ယား... ဒီငရုတ်သီးက တကယ်ကို စပ်တာပဲ၊ ငါ့လက်ချောင်းထိပ်တွေ ပူလောင်နေပြီ"

စုန့်တင်းရှန်းလည်း စိတ်မကောင်းဖြစ်သွားပြီး အကြံပေးလိုက်သည်။

"အမေ၊ လက်ကို သေသေချာချာ ဆေးပြီး ဝက်ဆီလေး နည်းနည်း သုတ်ထားလိုက်နော်၊ တကယ်ကြီး အပူလောင်သွားမှာ စိုးရိမ်ရတယ်"

ဤခေတ်တွင် လက်အိတ်ဟူသည်မှာ မရှိဘဲ အရာအားလုံးကို လက်ဗလာဖြင့် လုပ်ကိုင်ရမည်ကို သူမ မေ့သွားခြင်း ဖြစ်သည်။ သူမ မိသားစုစီးပွားရေးကို နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့ရသော်လည်း ဤအလုပ်ကြမ်းများကိုတော့ ကိုယ်တိုင် မလုပ်ခဲ့ရပေ။ ထို့ကြောင့် ယခုကဲ့သို့ အသေးအဖွဲလေးများကို သတိမမူမိလိုက်ခြင်းလည်း ဖြစ်သည်။

လီရှီကတော့ ဘာမှမဖြစ်သလို ခပ်အေးအေး ဝင်ပြောလိုက်သည်။

"နည်းနည်းပါးပါး စပ်တာက ဘာဖြစ်မှာမလို့လဲအေ၊ နွေးနွေးထွေးထွေးရှိတော့ အအေးမိတာကိုတောင် ကာကွယ်ပေးနိုင်သေးတယ်။ အရင်တုန်းက ငါတို့လက်တွေ အေးခဲလွန်းလို့ စီချွမ်းငရုတ်ကောင်းတွေကို ရေနွေးထဲထည့်ပြုတ်ပြီး လက်ကို စိမ်ထားခဲ့ရတာ၊ ဒီဒါကလည်း ဒီလိုမျိုး ပူပူစပ်စပ်လေးလေ"

"အမေကလည်း..."

ဖန့်ရှီက ညည်းညည်းညူညူဖြင့် ခံပြောနေပြန်သည်။

"ဘာလို့ အမြဲတမ်း အမေ့မြေးဘက်ကပဲ ကာကွယ်ပြီး ပြောပေးနေရတာတုန်း"

လီရှီက ရယ်မောရင်း ဆူပူလိုက်သည်။

"ငါက ငါ့မြေးကို ကာကွယ်ပေးနေတာလေ၊ ဘာမှားလို့လဲဟဲ့၊ သူက ပိုက်ဆံရှာပေးနေတာ မဟုတ်ဘူးလား၊ ပြီးတော့ ငါ ကာကွယ်ပေးနေတာ နင့်သမီးနော်၊ နင် ပျော်နေရမှာဟဲ့၊ အေး... နောက်ဆိုရင် နင့်ရဲ့ အာ့နွီက ငါတို့မိသားစုရဲ့ ကြွယ်ဝခြင်းအဆောင် ဖြစ်လာတော့မှာ၊ နင်ရော အာ့နွီကို ကောင်းကောင်း ဆက်ဆံသင့်တယ်လို့ မထင်ဘူးလား"

"ဘာကို ကြွယ်ဝခြင်းအဆောင်လဲ၊ လျှောက်ပြောနေပြန်ပြီ"

ဖန့်ရှီတစ်ယောက် မကြားတကြား ခံပြောနေသော်လည်း စိတ်ထဲတွင်မူ ယောက္ခမဖြစ်သူ၏ စကားကို တိတ်တဆိတ် သဘောတူနေမိသည်။

‘ဘယ်သူက ပိုက်ဆံအများကြီး မလိုချင်ဘဲ နေမှာတုန်း၊ အထူးသဖြင့် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ ရုန်းကန်မှုတွေကနေရတဲ့ ပိုက်ဆံတွေဆိုရင်ပေါ့။ အဲဒါကို ဆုပ်ကိုင်ထားရုံနဲ့တင် ပျော်စရာကောင်းနေပြီ’

ယခုအချိန်တွင် ကျန်းရှီ၏ စုန့်တင်းရှန်းကို ကြည့်သည့်အကြည့်များကလည်း ကြွယ်ဝခြင်းနတ်ဘုရားကို ကြည့်နေသကဲ့ ဖြစ်နေလေသည်။

ယနေ့တွင် သူမက သူမ၏ခင်ပွန်းဖြစ်သူ စုန့်ကျစ်ချန်းနှင့်အတူ စုန့်ကျစ်ယွမ်၏ ဝက်သားဆိုင်တွင် ဝိုင်းကူပေးခဲ့သည်။ ထို့အပြင် သူမ၏ချွေးမကြီးကိုလည်း အိမ်မှာ နေရင်း စုန့်တင်းရှန်းအား ဝိုင်းကူပေးရန် သေသေချာချာ မှာထားခဲ့သေးသည်။

စုန့်တင်းရှန်းက သူမ၏လက်ချောင်းများကို ပြာပူများဖြင့် သေသေချာချာ ပွတ်တိုက်ဆေးကြောနေသည်။ ဆင်းရဲသော မိသားစုများတွင် လက်ဆေးရန်အတွက် ပြာကိုသာ သုံးကြရပြီး၊ ချမ်းသာသော မိသားစုများကတော့ အမွှေးနံ့သာများ ပါဝင်သည့်"ပဲဆပ်ပြာမှုန့်"ကို သုံးနိုင်ကြသည်။

အမှန်တယ်တွင် စုန့်တင်းရှန်းက ဆပ်ပြာပြုလုပ်နည်းကို သိထားသေးသည်။ သို့သော် သူမကို အခက်တွေ့စေသည်က ဆပ်ပြာလုပ်ရန် ဆီလိုအပ်ခြင်းပင်။ ယခုကဲ့သို့ ဆီက အဖိုးတန်ကုန်စည်ဖြစ်နေသော ခေတ်တွင် မည်သူကမှ အဝတ်လျှော်ရန် သို့မဟုတ် လက်ဆေးရန်အတွက် အဖိုးတန်ဆီများကို ဖြုန်းတီးမည်မဟုတ်ပေ။

သို့သော်လည်း...

လီရှီနှင့် ဖန့်ရှီတို့၏ ကြမ်းတမ်းနေသော လက်ချောင်းလေးများကို ကြည့်ရင်း သူမ၏ခေါင်းထဲတွင် နောက်ထပ်စိတ်ကူးတစ်ခု ပေါ်လာပြန်သည်။

"အဖေ... သမီး ဝက်ဆီနည်းနည်းလောက် လိုချင်တယ်၊ အမေ မသိစေနဲ့နော်"

"သမီး ဘာတွေ ကြံစည်နေပြန်ပြီလဲ၊ မုန့်လုပ်မလို့လား?"

သမီးဖြစ်သူ၏ အမြဲတမ်း တစ်မျိုးပြီးတစ်မျိုး ပေါ်လာတတ်သော စိတ်ကူးများကို စုန့်ကျစ်ယွမ်လည်း နားမလည်နိုင်တော့ပေ။

"စားဖို့ မဟုတ်ပါဘူး အဖေရယ်၊ ပန်းကန်လုံးတစ်လုံးစာလောက်ပဲ လိုတာပါ၊ အဖေ ဝက်သားရောင်းရင်း ကျန်တဲ့ အဆီစအနလေးတွေကို သမီးအတွက် သိမ်းထားပေးပါ၊ သမီးဘာသာ တိတ်တဆိတ် အဆီချက်ပြီး ပြန်သုံးလိုက်မယ်"

စုန့်တင်းရှန်းက ဖခင်ဖြစ်သူ၏ လက်မောင်းကို ဆွဲကာ ကလေးတစ်ယောက်လို ချွဲနွဲ့လိုက်သည်။

"ပန်းကန်လုံးသေးသေးလေး တစ်လုံးစာပါပဲ၊ ကျန်တဲ့ အဆီတွေကို အဖေ ရောင်းစားလို့ ရတယ်လေ...နော်"

"အဆီစအနတွေကလည်း ရောင်းလို့ရတယ်ကွ၊ ထားပါတော့...ထားပါတော့.... နောက်ရက်ကျရင် အိမ်မှာ ဝက်ဆီချက်ပြီး သမီးအတွက် ဝက်ဆီနည်းနည်း ဖယ်ထားပေးမယ်။ သမီးအမေတော့ မသိစေနဲ့နော်၊ မင်းကတော့လေ... တော်တော်ကို ဆိုးသွမ်းနေပြီ၊ တခြားမိန်းကလေးတွေ အင်္ကျီချုပ်ရင်း ပန်းထိုးရင်း အချိန်ဖြုန်းနေတာ မဟုတ်ဘူးလား၊ မင်းကတော့ အမြဲတမ်း စားဖို့သောက်ဖို့ပဲ တွေးနေတယ်။ မင်းရဲ့ခေါင်းထဲမှာ ဘာတွေ ရှိနေတယ်ဆိုတာ တွေးတောင် မတွေးတတ်တော့ဘူး"

ထိုသို့ ပြောနေသည့်တိုင် စုန့်ကျစ်ယွမ်တစ်ယောက် သမီးဖြစ်သူ၏ ချွဲနွဲ့မှုကို ကြည့်ရင်း ကြည်နူးနေမိသည်။

"ငွေရှာနိုင်သရွေ့ အားလုံး အဆင်ပြေတယ်၊ သမီး ဘာတွေတွေးနေလဲဆိုတာ အဖေက ဘာလို့ ဂရုစိုက်နေရတာလဲ၊ ဘာပဲဖြစ်ဖြစ် အဖေ့ကို ကြိုပြီး ကျေးဇူးတင်ထားမယ်နော်"

စုန့်တင်းရှန်းက ခုန်ပေါက်ရင်း ဆက်ပြောလိုက်သည်။

ပုံမှန်အားဖြင့် ဝက်ဆီချက်ရသည့် အလုပ်က အမျိုးသမီးများ၏ အလုပ် ဖြစ်သည်။ ထို့ကြောင့် ဖန့်ရှီ လုပ်ကိုင်ရမည်ဖြစ်သော်လည်း ယခု သူမ သားငယ်လေးကို ပြုစုနေရသည်။ အဆီနံ့၊ မီးခိုးနံ့များ မစွဲစေရန် သူမ၏ ယောက်မဖြစ်သူ ကျန်းရှီက ထိုအလုပ်အား လွှဲယူထားသည်။ ဝက်ဆီ ချက်ပြီးသွားလျှင် အိုးများထဲသို့ ခပ်ထည့်ထားပြီး မိသားစု၏နေ့စဥ် ဟင်းလျာများအတွက် အဓိက ဟင်းချက်ဆီအဖြစ် အသုံးပြုကြရသည်။

လက်ရှိကာလတွင် ဟင်းသီးဟင်းရွက်ဆီနှင့် ပဲဆီများကို ဇိမ်ခံပစ္စည်းအဖြစ် သတ်မှတ်ထားကြသည်။ အထူးသဖြင့် ပဲဆီကို ဗုဒ္ဓအား ပူဇော်သော မိသားစုများကသာ လှူဖွယ်ပစ္စည်းအဖြစ်လည်းကောင်း၊ သတ်သတ်လွတ် ဟင်းလျာများ ပြင်ဆင်ရာတွင်လည်းကောင်း အသုံးပြုလေ့ရှိကြသည်။ ဆင်းရဲသော မိသားစုများကတော့ ဝက်ဆီမှ ရနိုင်သည့် အသား၏ မွှေးပျံ့သော ရနံ့ကို ပိုမိုနှစ်သက်ကြပြီး ဟင်းသီးဟင်းရွက်ဆီကို မကြိုက်ကြပေ။

စုန့်တင်းရှန်းတို့မိသားစုကလည်း နှစ်စဉ် မုံညင်းစေ့များ စိုက်ပျိုးပြီး မုံညင်းဆီ ညှစ်ယူကြသည်။ အချို့ကို ဘိုးဘေးများအား ဆီမီးပူဇော်ရန် အသုံးပြုပြီး ကျန်သောဆီများကိုမူ ဗန်းမုန့် ပြုလုပ်ရန် အသုံးပြုကြသည်။ ဗန်းမုန့်ပြုလုပ်ရန် ဝက်ဆီကို သုံးနိုင်သော်လည်း အေးသွားမှ စားရလျှင် အီ‌နှောက်နှောက် ခံစားရစေပြီး ဆီမများသည့် မုံညင်းဆီက ပိုကောင်းဟု သတ်မှတ်ကြသည်။ ပဲဆီကို သုံးစွဲသူကတော့ ပို၍ပင် နည်းပါးပြီး အများအားဖြင့် ပဲစေ့များကို တို့ဖူးနှင့် လဲလှယ်ရန်အတွက် အသုံးပြုကြသည်။

ဆပ်ပြာပြုလုပ်ခြင်းနှင့် ပတ်သက်လျှင်မူ ၎င်းက ရိုးရှင်းသော်လည်း အချိန်အလွန်ပေးရသော အလုပ်ဖြစ်သည်။ ရှေးဟောင်းယဉ်ကျေးမှုနယ်ပယ်တွင် ဆပ်ပြာပြုလုပ်ခြင်းက ပါးနပ်မှုနှင့် ပင်ပန်းမှုနှစ်ရပ်လုံး ပေါင်းစပ်နေသော အနုပညာတစ်ခု ဖြစ်ခဲ့ဖူးသည်။ ၎င်းက ယနေ့ခေတ်တွင် အလွယ်တကူ ဝယ်ယူနိုင်သည့် ဆပ်ပြာတုံးများနှင့်မတူဘဲ ထိုလုပ်ငန်းစဥ်အတွက် အချိန်နှင့် အသေးစိတ် ဂရုစိုက်မှု အမြောက်အမြား ရင်းနှီးရသည်။

ထိုလုပ်ငန်းစဉ်က သန့်စင်စေသည့် အဓိကပစ္စည်းဖြစ်သော ပြာရည် ထုတ်ယူခြင်းမှ စတင်သည်။ မီးဖိုချောင်မှ အလွယ်တကူရရှိနိုင်သော ထင်းပြာများကို သေသေချာချာ စုဆောင်းပြီး မီးထပ်ရှို့ရသည်။ ထို့နောက် ရရှိလာသော ပြာချောများကို ရေဖြင့် ရောကာ ဂရုတစိုက် စစ်ထုတ်ယူလိုက်မှ ပြင်းရှရှနှင့် နူးညံ့သော ပြာရည်အဖြစ် ပြောင်းလဲသွားခြင်းပင်။

နောက်တစ်ဆင့်တွင်မူ ထိုပြာရည်ကို ဒယ်အိုးကြီးထဲထည့်ပြီး ဆူပွက်အောင် တည်ရန် ဖြစ်သည်။ ထိုပြာရည်ကို ဆူအောင်တည်ပြီးနောက် အိမ်တိုင်းတွင် ရှိနေသည့် ဝက်ဆီများဖြင့် ရောစပ်ရသည်။ အဆီနှင့် ပြာရည်များအား ဆပ်ပြာအဖြစ် ပြောင်းလဲပေးသည့် လုပ်ငန်းစဉ်တွင် အထောက်အကူပြုစေရန်အတွက် အံ့ဩစရာ ဓာတ်ကူပစ္စည်းတစ်ခုလည်း ထည့်သွင်းလေ့ ရှိကြသည်။ ၎င်းက ဝက်မုန့်ချိုအိတ်ကို ချေမွ၍ ထည့်ကြခြင်းပင်။

ဤလုပ်ငန်းစဉ်၏ အဓိက လိုအပ်ချက်မှာ မနားတမ်း မွှေပေးနေရခြင်းပင်။ ပြာရည်၊ အဆီနှင့် ဝက်မုန့်ချိုအိတ်တို့ ရောစပ်ထားသော အရည်က အစဉ်မပြတ် လှုပ်ရှားပေးနေရန် လိုအပ်ပြီး ဤသို့ စေ့စပ်သေချာစွာ လုပ်ဆောင်မှသာ ထိုအရောအနှောက တစ်သားတည်း ဖြစ်သွားပြီး အချိုးအစား မညီမျှမှုကြောင့် ပျက်စီးသွားခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။ ဤလုပ်ငန်းစဉ်က တစ်နေကုန်အောင် အချိန်ပေးရပြီး မနားတမ်း မွှေနေရသည့် အလုပ်ဖြစ်သည်။

စုန့်တင်းရှန်းက ဆိုင်သို့သွားမည်ဟု အကြောင်းပြချက်ရှာကာ ဝက်ခြံရှိရာ ဝင်းထဲသို့ တိတ်တဆိတ် ပြန်လာပြီး ဆပ်ပြာချက်နေလေသည်။ နောက်ဆုံးတွင် သူမ၏စိတ်ရှည်သည်းခံမှုများ ကုန်ဆုံးလုနီးပါး ဖြစ်လာသည့်အချိန်၌ ဆပ်ပြာခဲသည့်အဆင့်သို့ ရောက်ရှိလာသည်။ ဆပ်ပြာရည် ကျိုပြီးသွားချိန်တွင် ဆပ်ပြာများ မပေပွစေရန်နှင့် ပုံစံခွက်၌ မကပ်သွားစေရန် ပြောင်းဖူးခွံများ ခံထားသည့် မြေခွက်များထဲသို့ လောင်းထည့်လိုက်သည်။

သူမက ကျန်ရှိနေသော စိုစွတ်မှုများကို စုပ်ယူရန်နှင့် ဆပ်ပြာများ မြန်မြန်ဆန်ဆန် ခဲသွားစေရန် အလွယ်တကူရရှိနိုင်သည့် ဆားနည်းနည်းလည်း ထပ်ထည့်ခဲ့သေးသည်။ ထိုသို့လုပ်ဆောင်ပြီးမှသာ သူမ တစ်နေကုန် အပင်ပန်းခံထားရသော ဤဖန်တီးမှုလေးကို အအေးခံလိုက်ပြီး မာကျောအောင် စောင့်နေလိုက်သည်။

စုန့်ကျစ်ယွမ်က သမီးဖြစ်သူ တစ်ခုခုကို တိတ်တဆိတ် လုပ်ချင်နေမှန်း သိထားပြီး မသိချင်ယောင်ဆောင်ပေးထားခဲ့သည်။ သို့သော် ရက်အနည်းငယ်အကြာတွင် ပုံပန်းသဏ္ဌာန် ဖော်ပြရန် မဖြစ်နိုင်သည့် အတုံးအခဲကြီးကို မြင်လိုက်ရသောကြောင့် သူ အံ့ဩတကြီး ထအော်တော့သည်။

"ဒါက ဘာကြီးလဲ၊ ကြည့်ရတာ... မစင်တုံးကြီးနဲ့ တူလိုက်တာ"

"အဖေ"

စုန့်တင်းရှန်းလည်း စိတ်ပျက်လက်ပျက် ပြန်အော်လိုက်မိသည်။

ထိုဆပ်ပြာတုံးက တကယ်လည်း အမြင်မလှပေ။ သူမ၏ ပုံစံခွက်များက ပုံမကျသလို ပြောင်းဖူးခွံများ ခံထားခြင်းကြောင့် ပုံဆိုးပန်းဆိုး ဖြစ်နေလေသည်။

"မဟုတ်သေးဘူး၊ ဒါက စားရမှာလား"

စုန့်ကျစ်ယွမ်က ထိုခွဲခြားမရသော အတုံးကြီးကို ကောက်ကိုင်ကာ နမ်းကြည့်လိုက်ပြန်သည်။

"အိုက်ယား... ဘာနံ့ကြီးလဲ၊ မွှေးလည်း မမွှေးဘူး"

စုန့်တင်းရှန်းက ဆပ်ပြာကို ပြန်ဆွဲယူရင်း ဆူပုတ်ပုတ် ပြန်ပြောလိုက်သည်။

"အဖေ၊ ဒါက စားဖို့ မဟုတ်ဘူး၊ လက်ဆေးဖို့နဲ့ အဝတ်လျှော်ဖို့အတွက်၊ သမီး ဒါကို လှီးဖို့ ဓားတစ်ချောင်း ရှာပေးဦး၊ အဲဒါဆိုရင် ကြည့်လို့ကောင်းသွားမှာပါ"

စုန့်ကျစ်ယွမ်က ဝက်စာဖြတ်သည့် ဓားစုတ်ကြီးကို တစ်ချောင်းယူပြီး ဆပ်ပြာခဲကြီးကို အတုံးလေးများ ဖြစ်သွားအောင် လှီးဖြတ်လိုက်ရာ ကြည့်ပျော်ရှုပျော် ဖြစ်သွားတော့သည်။ ထိုဆပ်ပြာကို အဆီဖြင့် ပြုလုပ်ထားခြင်းကြောင့် အလင်းရောင်အောက်၌ မြှောက်ကြည့်လိုက်လျှင် ကြည်လင်တောက်ပနေသည်။

"အဝတ်လျှော်ဖို့ ဟုတ်လား၊ မင်းက ဝက်ဆီတစ်ပန်းကန်လုံးကို ဒါလုပ်ဖို့ သုံးလိုက်တယ်ပေါ့၊ မင်းအမေကို မပြောပါဖို့ ကြိုပိတ်ထားတာ မဆန်းတော့ဘူး၊ မင်းအမေသာ သိသွားရင်တော့ ငါတို့နှစ်ယောက်လုံး ဒုက္ခရောက်ပြီပဲ"

"အဖေကလည်း တကယ်ကို..."

စုန့်တင်းရှန်းတစ်ယောက် စကားပင် ဆက်မပြောနိုင်တော့ပေ။ သူမက သေသေချာချာ လှီးထားသော ဆပ်ပြာတုံးလေးများကို သိမ်းလိုက်ပြီး ပုံမကျသော အနားတုံးလေးများကို ထုတ်ပိုးကာ ကိုင်ထားလိုက်သည်။

"လာပါ... ဒါကို အမေ့ဆီ ယူသွားကြမယ်၊ မဟုတ်သေးဘူး၊ အရင်ဆုံး အဖွားကို အရင် စမ်းသုံးခိုင်းမှ ဖြစ်မယ်"

လီရှီက ခန်ပေါ်တွင် ထိုင်ရင်း အဝတ်ချုပ်နေသည်။ သူမ၏လက်များက သန့်ရှင်းနေသဖြင့် ဆပ်ပြာမလိုသေးပေ။ စုန့်တင်းရှန်းက အထုပ်လေးတစ်ထုပ်နှင့် ဝင်လာသည်ကို မြင်လိုက်သောကြောင့် သူမက အပြုံးဖြင့် လှမ်းမေးလိုက်သည်။

"အာ့နွီ၊ ဘာတွေ ယူလာတာလဲ"

စုန့်တင်းရှန်းက လျှာလေးထုတ်ကာ နောက်ပြောင်လိုက်ပြီးမှ အပြုံးဖြင့် ပြန်မေးလိုက်သည်။

"အဖွား၊ အမေ ဘယ်သွားလဲ"

"နင့်အမေက ခုတလော ပဲအနှစ် လုပ်နေတာ မဟုတ်ဘူးလား၊ စကားစပ်မိလို့ မေးရဦးမယ်၊ နင်ကရော ဒီနှစ် ဘာမှမလုပ်တော့ဘူးလား"

လီရှီက အပ်ကို ကိုင်ကာ သူမ၏ဆံပင်ကြားထဲသို့ ထိုးပွတ်ရင်း ထပ်မေးလိုက်သည်။

(t/n: အပ်ဖျားချွန်အောင် ဆံပင်နဲ့ ပွတ်တာမျိုးပါ)

"ဒါနဲ့ နင့်အဘိုးက နင် ပဲငံပြာရည်လုပ်ဖို့ ပဲပုပ်တွေ သိမ်းထားပေးတယ်နော်"

"သမီး လုပ်ပြီးသွားပြီ။ ပြီးခဲ့တဲ့နှစ်ကလည်း သမီး ပဲငံပြာရည်အိုးကြီး နှစ်အိုး လုပ်ခဲ့တယ်၊ အမေက နှစ်အိုး ထပ်လုပ်ပြီး အကြီးဆုံးအဒေါ်က နှစ်အိုး ထပ်လုပ်ခဲ့တယ်၊ အားလုံးပေါင်း ခြောက်အိုးတောင်လေ၊ ဘယ်မှာ ကုန်လို့လဲ? နောက်ဆုံးတော့ အများစုကို ရောင်းလိုက်ရတာ မဟုတ်ဘူးလား? အဖွား.. အခု သမီးတစ်ခုခု လုပ်ထားတယ်၊ ခဏနေလို့ အမေ သမီးကို လာဆူရင် အဖွား သမီးဘက်ကနေ ကူပြောပေးရမယ်နော်"

"နင် ဘာလုပ်ထားလို့လဲ"

လီရှီက စုန့်တင်ရှန်း ဖွင့်ပြလိုက်သည့်အထုပ်ကို ကြည့်ကာ ထပ်မေးလိုက်ပြန်သည်။

"မုန့်တွေလုပ်ထားတာလား၊ နင် နင့်အမေ ဆူမှာကို အခုထိ ကြောက်နေသေးတယ်လား"

"ဒါ မုန့်မဟုတ်ဘူးအဖွားရဲ့၊ ဝက်ဆီနဲ့ ပြာကို သုံးပြီး ဆပ်ပြာလုပ်ထားတာ"

စုန့်တင်းရှန်းက ဆက်ရှင်းပြလိုက်သည်။

"အဘွားရယ် အမေနဲ့ အကြီးဆုံးဒေါ်လေးရယ် ပြာတွေနဲ့ လက်ဆေးနေကြတာကို သမီး မြင်တယ်။ လက်ဆေးပြီးရင်တောင် အဖွားတို့ရဲ့လက်ထိပ်လေးတွေက မွဲပြာနေတုန်းပဲ။ သစ်သားပြာနဲ့ ရောထားတဲ့ ဆီက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တယ်လို့ စာအုပ်တစ်အုပ်ထဲမှာ သမီး ဖတ်ခဲ့ဖူးတယ်၊ ဒါကြောင့် ဒါကို လုပ်ကြည့်ဖို့ စဉ်းစားမိခဲ့တာ၊ အဖေ့ကိုလည်း စမ်းခိုင်းကြည့်ပြီးပြီ၊ တကယ် အဆင်ပြေတယ်၊ ဒါပေမယ့် အမေကိုတော့..."

လီရှီက အားရပါးရ ရယ်မောပြီးမှ စုန့်တင်းရှန်းကို စနောက်လိုက်သည်။

"ဒါကို ဝက်ဆီနဲ့ လုပ်ထားတယ်ပေါ့လေ၊ နင် နင့်အမေဆူမှာကို ကြောက်နေတာ မဆန်းတော့ဘူး။ လာ... အဖွားအရင် စမ်းကြည့်မယ်၊ ဘယ်လောက်ထိ ထိရောက်လဲဆိုတာ အရင်ကြည့်ကြတာပေါ့"

သူမက ခန်ပေါ်မှ ဆင်းကာ အပြင်ဘက် ပြတင်းပေါက်ဘောင်ပေါ်မှ နှင်းခဲများကို လက်နှင့်ပွတ်လိုက်ပြီး လက်နှစ်ဖက်ကို ပြန်ပွတ်တိုက်လိုက်သည်။ ညစ်ပေနေသော လက်များကို ရေချည်းသက်သက်ဖြင့် ဆေး၍မရနိုင်ပေ။ ထို့ကြောင့် စုန့်တင်းရှန်းက ဆပ်ပြာအစွန်းအစလေးတစ်ခုကို ကမ်းပေးလိုက်သည်။ လီရှီက သူမ၏လက်ကို ပွတ်တိုက်လိုက်သည်နှင့် ခဏအတွင်းမှာပင် အမြှုပ်များ ထွက်လာလေသည်။

"အိုက်ယား၊ အညစ်အကြေးတွေ တကယ်ပြောင်တာပဲ၊ လက်မှာလည်း စိုစွတ်စွတ်လေးနဲ့ အစိုဓာတ်ကို ခံစားရတယ်"

သူမက သူမ၏ လက်ကို မြှောက်ကာ သေသေချာချာ စစ်ဆေးကြည့်နေပြီး သူမ၏ကြမ်းတမ်းနေသည့် လက်ပေါ်တွင် ပြာနံ့၊ ပြာမှုန်များ တစ်စက်မှ မကျန်တော့သည်ကို တွေ့သွားခဲ့သည်။

လီရှီက သူမ၏လက်ကို မြှောက်လိုက် ဟိုဘက်ဒီဘက် လှန်ကြည့်နေသည့်အပြင် လက်ထိပ်လေးများကိုလည်း အနုစိတ် စစ်ဆေးနေသေးသည်။ ထို့နောက် သူမက စုန့်တင်းရှန်းကို ထပ်မေးလိုက်သည်။

"မျက်နှာသစ်တာနဲ့ လက်ဆေးတာအပြင် တခြားဘာလုပ်လို့ ရသေးလဲ"

"အဝတ်လျှော်လို့လည်း ရတယ်"

စုန့်တင်းရှန်းက မျက်ခုံးလေးပင့်ကာ ပြန်ဖြေပြီး ထပ်မေးလိုက်ပြန်သည်။

"အဖွား... ဒါကို မြို့ပေါ်ယူသွားရင် လူတွေ ဝယ်ကြမယ် ထင်လား"

လီရှီက လက်သုတ်ပုဝါတစ်ထည်ကို ရေဇလုံထဲထည့်ကာ ရေစိမ်လိုက်ပြီး ဆပ်ပြာဖြင့် ပွတ်တိုက်ကြည့်နေသည်။ သူမ လက်သုတ်ပုဝါကို အားရပါးရ ပွတ်တိုက်ပြီး ညှစ်ထုတ်လိုက်ရာ ရေနောက်များ ထွက်လာခဲ့သည်။ ရေအသန့်ဖြင့် ပြန်ဆေးချပြီးနောက် ထိုလက်သုတ်ပုဝါက ယခင်ကထက် အများကြီး ပိုသန့်ရှင်းသွားသည်။

"ရောင်းတာက ဖြစ်နိုင်ပေမယ့်၊ မြို့ပေါ်က ချမ်းသာတဲ့ မိသားစုတွေက ပဲဆပ်ပြာမှုန့်တွေ သုံးနေကြတာလေ။ တချို့ဆိုရင် အမွှေးနံ့သာတွေတောင် ထည့်ထားတာဆိုတော့ လက်ဆေးပြီးရင် လက်တွေက တအားမွှေးနေတာတဲ့။ နင့်ပစ္စည်းက ကောင်းတာမှန်ပေမဲ့ ရောင်းဖို့ကတော့ သိပ်မလွယ်လောက်ဘူး"

"ဒါကိုလည်း အမွှေးနံ့သာ ထည့်လို့ရပါတယ် အဖွားရဲ့၊ အခုတစ်ခေါက် သမီးက အကြမ်းဖျင်း လုပ်ကြည့်တာပါ၊ အဲ့ဒါကြောင့် နည်းနည်း ကြည့်ရ ဆိုးနေတာ၊ တကယ်လို့ အသုံးဝင်တယ်ဆိုရင် နောက်တစ်ခါ ပိုလှအောင် လုပ်မှာပေါ့"

စုန့်တင်းရှန်းက ပြုံးဖြီးဖြီးဖြင့် ပြန်ပြောလိုက်သည်။

"သမီး တွေးထားတာက နောက်ကျရင် မွှေးအောင်လုပ်ဖို့ အမွှေးနံ့သာတချို့ ဝယ်မယ်၊ ပြီးတော့ အဖေ့ကို ပုံစံခွက်လှလှလေးတွေ လုပ်ခိုင်းပေးဖို့ ပြောမယ်လေ၊ ဒီလောက်ကောင်းတဲ့ ပစ္စည်းမျိုးကို သူတို့ ဘယ်မှာ ရှာတွေ့နိုင်မှာလဲ"

လီရှီက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"အင်း... နင့်စိတ်ကူးက ကောင်းသားပဲ၊ ဒါပေမယ့် ငါ့ကို စဉ်းစားဖို့ အချိန်ပေးဦး။ ကောင်မလေး၊ မင်းရဲ့ခေါင်းထဲမှာ အဓိပ္ပာယ်မရှိတဲ့ အရာတွေ တော်တော်များများ ရှိနေတာပဲ၊ ဒီအကြောင်း ပြောရမယ်ဆိုရင်တော့ ပထမတစ်ချက် နင့် ဝက်ဆီကို သုံးထားတယ်၊ ဝက်ဆီက တော်တော်ဈေးကြီးတယ်။ နောက်တစ်ချက် ချမ်းသာတဲ့ မိသားစုအတော်များများက ဗုဒ္ဓဘာသာကို ယုံကြည်ပြီး ခဏခဏ သတ်သတ်လွတ် စားကြတယ်၊ ဘုရားကို ပူဇော်မည့် ပစ္စည်းတွေထဲမှာ ဝက်ဆီတွေ ကပ်ပါသွားမှကိုလည်း သူတို့ စိုးရိမ်ကြမှာပဲ။ ဝက်ဆီနဲ့လုပ်ထားတဲ့ တစ်ခုခုဆိုရင် သူတို့ လုံးဝ ရှောင်ကြလိမ့်မယ်"

စုန့်တင်းရှန်းက ချက်ချင်း အဖြေထုတ်ပေးလိုက်သည်။

"အဲဒါကလည်း ဖြေရှင်းဖို့ အလွယ်လေးပဲ၊ ဝက်ဆီအစား မုံညင်းဆီ သုံးလို့ ရတယ်။ မုံညင်းဆီက ပိုပြီးတော့ ဈေးသက်သာတယ်။ ပြီးတော့ စန္ဒကူးနံ့လေး နည်းနည်းလောက် ထည့်လိုက်ရင် ဘာသာရေးလိုက်စားသူတွေအတွက်လည်း အဆင်ပြေသွားလိမ့်မယ်”

"နင်က ဉာဏ်တော့ ပြေးသားပဲ၊ ငါ တစ်ခုလောက် ထပ်မေးမယ်၊ ချမ်းသာတဲ့သူတွေကလည်း မသုံးချင်ဘူး၊ ဆင်းရဲတဲ့သူတွေကလည်း မဝယ်နိုင်ဘူးဆိုရင် နင် ဘယ်လို လုပ်မလဲ? လက်ဆေးတာတို့ အဝတ်လျှော်တာတို့က ပြာနဲ့တင် လုံလောက်နေပြီလေ၊ သူတို့က ဘာလို့ ဒါလေးအတွက်နဲ့ ပိုက်ဆံအကုန်ခံကြမှာတုန်း၊ ပြီးတော့ နင် ဒါကို ဘယ်လိုခေါ်လဲ"

"ဒါကို ဆပ်ပြာလို့ ခေါ်လို့ရတယ်"

"အော်... ဒါက ဆပ်ပြာပေါ့။ အခု ဒါက ဝတ်ဆီပါတော့ ဆင်းရဲတဲ့သူတွေ ဝယ်နိုင်မှာ မဟုတ်ဘူး။ ချမ်းသားတဲ့သူတွေကလည်း နင့်ဆီကနေ ဝယ်မှာ မဟုတ်ဘူး၊ သွား... နင်မြို့ကို သွားပြီး အမွှေးနံ့သာတွေ ဝယ်လာခဲ့၊ ပြီးရင် မုံညင်းဆီ ဒါမှမဟုတ် ပဲဆီနဲ့ ပြန်လုပ်ကြည့်၊ ဝက်ဆီမပါဘဲ ဆပ်ပြာလုပ်နိုင်ရင်တော့ ရောင်းကောင်းမှာ သေချာတယ်"

လီရှီက ပြောနေရင်းဖြင့် ဆပ်ပြာတုံးကို မြှောက်ကြည့်ကာ ထပ်ပြောလာပြန်သည်။

"ဒါက တကယ်ကို ကောင်းတဲ့ပစ္စည်းပဲ၊ ရောင်းဖို့ အဆင်မပြေမှတော့ ငါတို့မိသားစုပဲ သုံးကြတာပေါ့"

ရှေးဟောင်းခေတ်မှ လူများက တစ်ခါတရံတွင် ဘာကိုမှ ဂရုမစိုက်သလို ပြုမူတတ်ကြသော်လည်း တစ်ခါတရံတွင်မူ အလွန် စေ့စပ်လွန်းကြသည်ကို စုန့်တင်းရှန်း သဘောပေါက်လာရသည်။ ချမ်းသာသောမိသားစုများတွင် ဗုဒ္ဓဘာသာဘုရားကျောင်းဆောင်များ ရှိပြီး ယခု သူတို့က ပဲဆပ်ပြာမှုန့်ကို အသုံးပြုနေကျဖြစ်သောကြောင့် အသစ်အဆန်းများကို လက်ခံရန် ခက်ခဲနေကြသည်။ ဆင်းရဲသော မိသားစုများကတော့ ဆပ်ပြာအတွက် ငွေမသုံးချင်ကြဘဲ ထိုငွေဖြင့် အသားဝယ်စားရန်သာ ‌‌ရွေးချယ်ကြပေလိမ့်မည်။

"တကယ်တော့ သမီး အတွေးလွန်သွားမိတယ်"

စုန့်တင်းရှန်းက သက်ပြင်းချရင်း ဆက်ပြောလိုက်သည်။

"အဖွား ပြောပြလို့ တော်သေးတာပေါ့၊ မဟုတ်ရင် သမီးကတော့ ဒါကို ပိုက်ဆံတွေ အများကြီးနဲ့ ရောင်းနိုင်မယ်လို့ ထင်နေတော့မှာ"

"စီးပွားရေးလုပ်တယ်ဆိုတာ ဘယ်တော့မှ မလွယ်ကူဘူးလေ၊ အခု သိပြီမလား"

လီရှီနှင့် စုန့်တင်းရှန်းတို့ အိမ်ထဲသို့ ပြန်ဝင်လာကြပြီး ခုတင်ပေါ်တွင် ဝင်ထိုင်လိုက်ကြသည်။ လီရှီက စတုရန်းပုံ ဆပ်ပြာတုံးလေးကို လက်ဖဝါးပေါ် တင်ကြည့်ရင်း ထပ်ပြောလိုက်သည်။

"တကယ်တော့ ဒါက တော်တော်ကောင်းပါတယ်၊ ဒါပေမယ့် အသွင်အပြင်နဲ့ အနံ့ကတော့ သိပ်မကောင်းသေးဘူး၊ အိမ်မှာ သုံးဖို့ဆိုရင်တော့ အဆင်ပြေတယ်။ ဒါကို အဆီနဲ့ လုပ်လို့ရတယ်ဆိုတော့ ကျန်တဲ့ ဆီအကြွင်းအကျန်တွေကို ဒါအတွက် သုံးလို့ရနိုင်လား"

စုန့်တင်းရှန်းက ခေါင်းညိတ်ပြလိုက်သည်။

"ရတာပေါ့ အဖွားရဲ့"

“အင်း.... နှစ်တိုင်းနှစ်တိုင်း မုန့်ညှက်ချောင်း ကြော်ရင် ဆီအကြွင်းအကျန်တွေ အများကြီး ထွက်တယ်၊ အဲဒါတွေကို ဒီလိုဆပ်ပြာလုပ်နိုင်ရင် အကောင်းဆုံးပဲ၊ ဒါပေမယ့် အဖွားတို့မိသားစုအတွက်ပဲ သုံးမှ ဖြစ်မယ်၊ နင် မြို့ကိုသွား၊ အမွှေးနံ့သာဝယ်၊ ပြီးတော့ ဝက်ဆီမပါတဲ့ ဆပ်ပြာ ထပ်လုပ်ကြည့်၊ ပြီးရင် ချမ်းသာတဲ့ အိမ်တွေကို သွားကြည့်ပြီး ဘယ်သူတွေ ဝယ်ချင်လဲဆိုတာ စုံစမ်းကြည့်ပေါ့။ အနုစိတ်လုပ်ထားတဲ့ အကောင်းစားတွေရော၊ ရိုးရိုးအဖိုးနည်းတာတွေရော သေသေချာချာ ခွဲပြီးလုပ်၊ ဈေးနှုန်းတွေကိုလည်း တခါတည်း ကွဲပြားအောင်လုပ်ထား၊ အဲဒါဆိုရင်တော့ နင့်အတွက် စီးပွားရေး အခွင့်အလမ်း ပွင့်လာနိုင်တယ်"

လီရှီက အကြံတချို့ ပေးလာခဲ့သည်။

"အဖွား"

စုန့်တင်းရှန်းက လီရှီ၏ ခြေထောက်နားသို့ ပြေးသွားပြီး ဒူးထောက်လိုက်သ်။

"အဖွား၊ သမီးရဲ့ ဦးညွှတ်မှုကို လက်ခံပေးပါ၊ အဖွားက တကယ်ကို တော်တာပဲ၊ ဘယ်လိုလုပ်ပြီး ဒီလောက်ကောင်းတဲ့ အကြံကောင်းတွေ ပေးနိုင်ရတာတုန်း"

စုန့်တင်းရှန်းလည်း ယခင်ဘဝက စီးပွားရေးလုပ်ခဲ့ဖူးပြီး စီးပွားရေးအတွက် လှည့်ကွက်တချို့ သိထားခဲ့သည်။ သို့သော် ယခု ရှေးခေတ်ကာလတွင် စီးပွားရေးလုပ်ကိုင်ရခြင်းက ခေတ်သစ်ကာလထက် ပိုမိုပါးနပ်ရန် လိုအပ်နေသည်။

ခေတ်သစ်တွင် ဆပ်ပြာနှင့် ချဉ်ဖတ်နှစ်မျိုးလုံးက ဈေးကွက်၌ ရှိပြီးသားဖြစ်သည်။ သူမတို့မိသားစု၏ ပဲငံပြာရည်ကလည်း နာမည်ကြီးအမှတ်တံဆိပ်တစ်ခု ဖြစ်နေသောကြောင့် ကောင်းမွန်သည့် ချက်နည်းကို အသုံးပြုထားပြီး အရသာရှိမည်ဟု လူတိုင်း ယုံကြည်ထားကြသည်။ ထို့ကြောင့် သူမတို့ ထုတ်ကုန်အသစ် ဖန်တီးတိုင်း သူမတို့အတွက် နေရာတစ်နေရာ အဆင်သင့် ရှိနေခဲ့သည်။

အဘွားဖြစ်သူ လီရှီ၏ စကားအနည်းငယ်က စုန့်တင်းရှန်းကို ရုတ်တရက် အလင်းပွင့်သွားစေခဲ့သည်။

ဆပ်ပြာကို ဝက်ဆီဖြင့် လုပ်ထားမှန်း သိသွားသည်နှင့် ဖန့်ရှီက စုန့်တင်းရှန်းအား ဆူပူတော့သည်။ ပစ္စည်းကောင်းများကို ဖြုန်းတီးနေသည်ဟုလည်း စွပ်စွဲခဲ့သေးသည်။

လီရှီက မြေးမလေးအတွက် ကူပြောပေးခဲ့သည်။

"လုပ်ပြီးနေပြီလေ၊ နင် မသုံးချင်ရင် နေပေါ့၊ ငါ သုံးမယ်။ ကြည့်စမ်း... ဒါက လက်ဆေးရင်လည်း ပြောင်တယ်၊ အဝတ်လျှော်ရင်လည်း တကယ် ထိရောက်တယ်"

"အမေ... ဒါက ဝက်ဆီနော်၊ ဝက်ဆီတစ်ပန်းကန်ကြီးတောင်လေ"

ဖန့်ရှီက သူမ၏ ရင်ဘတ်ကို ဖိကာ သက်ပြင်းချလိုက်သည်။

"လက်ဆေးဖို့က ပြာကို သုံးလို့ ရတယ်လေ၊ ဘာလို့ ဝက်ဆီကို သုံးရတာလဲ၊ ဒါက ဘယ်လောက်တောင် အဖိုးတန်လဲဆိုတာ သိရဲ့လား"

လီရှီက မျက်ခုံးပင့်ကာ ပြန်‌မေးလိုက်သည်။

"အဖိုးတန်တော့ ဘာဖြစ်လဲ၊ ငါ အခု အသက်ငါးဆယ်ကျော်နေပြီဟဲ့၊ ဒီလောက် ဇိမ်ခံတာလေးတောင် ခံစားခွင့် မရှိတော့ဘူးလား၊ ဒါက ငါ့မြေးမလေး ငါ့ကိုပေးတဲ့ လက်ဆောင်ပဲ၊ သွား... သွား..... နင် မကြိုက်ရင် မသုံးနဲ့ပေါ့"

"အမေ၊ ကျွန်မ အမေ သုံးတာကို ဘာမှ မပြောပါဘူး။ ဒါပေမယ့် ဒါက ဝက်ဆီလေ... ဝက်ဆီနဲ့ လက်ဆေးရမယ်လို့ တွေးမိရုံနဲ့တင် ကျွန်မ ရင်ထဲမှာတစ်မျိုးကြီး ဖြစ်နေလို့ပါ"

ဖန့်ရှီကတော့ ထိုဝက်ဆီတစ်ပန်းကန်အတွက် နှမြောမဆုံး ဖြစ်နေပြီး စုန့်တင်းရှန်းကိုလည်း ဒေါသတကြီး စိုက်ကြည့်နေသည်။

စုန့်တင်းရှန်းကလည်း အဘွားဖြစ်သူ လီရှီ၏ နောက်တွင် ပုန်းနေပြီး စကားတစ်ခွန်းမျှ ဝင်မပြောရဲချေ။

လီရှီက ထွီခနဲ တံတွေးထွေးပြီး ထပ်ပြောလိုက်သည်။

"ဝက်ဆီဖြစ်တော့ရော ဘာဖြစ်တုန်း၊ ငါတို့အိမ်က ဝက်ဆီတစ်ပန်ကန်လောက်တောင် မတတ်နိုင်တော့ဘူးလား၊ ဒါနဲ့ဆိုရင် အဝတ်တွေကို ဘယ်လောက်ပြောင်အောင် လျှော်နိုင်လဲဆိုတာ နင်လည်း မြင်ခဲ့ပြီးပြီ၊ ငါ မေးပါ့ဦးမယ်၊ ဒီလေးထောင့်အတုံးလေးကို ငါးဝမ်နဲ့ ရောင်းရင် နင် ဝယ်မှာလား"

ဖန့်ရှီက ခေတ္တစဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

"ငါးဝမ်ဆိုရင်တော့ ကျွန်မ ဝယ်မိမှာပေါ့၊ ‌ပြောရရင် မျက်နှာသုတ်ပုဝါတွေနဲ့ ကလေးအဝတ်အစားတွေ လျှော်ရုံနဲ့ တန်နေပြီ”

"အေး... ဝက်ဆီတစ်ခွက်က ဆယ်ဝမ်လောက်ပဲ တန်တယ်၊ အခု အတုံးတွေ အများကြီး ထွက်တယ်လေ၊ အဲလိုဆိုရင်ရော မတန်ဘူးလို့ နင် ထင်နေတုန်းပဲလား"

လီရှီက ထပ်မေးလိုက်သည်။

နောက်ဆုံးတွင် ဖန့်ရှီက သဘောပေါက်သွားပြီး ခဏမျှ တွက်ချက်ကြည့်ကာ ပြန်မေးလိုက်သည်။

"တန်တော့ တန်သားပဲ၊ ဒါပေမယ့် ဒါက ဝက်ဆီနဲ့ လုပ်ထားတာဆိုတော့ ဘယ်သူက ဝယ်ချင်ပါမလဲ၊ သူတို့ ဝယ်ချင်ရင်တောင် ဝယ်နိုင်ပါ့မလား"

"အမေ... မုံညင်းဆီတို့ ပဲဆီတို့နဲ့လည်း လုပ်လို့ ရတယ်”

စုန့်တင်းရှန်းက မသိမသာ ဝင်ပြောလိုက်သည်။

ဖန့်ရှီက သူမ၏ ရင်ဘတ်ကို ပြန်ဖိရင်း အော်ဟစ်လိုက်သည်။

"မုံညင်းဆီကလည်း ဈေးမပေါဘူးအေ့၊ နင်က ဘာလို့ အမြဲတမ်း ဈေးကြီးတဲ့အရာတွေကိုပဲ သုံးချင်နေရတာလဲ၊ နင်ကတော့ တကယ့်ကို ပြဿနာရှာတဲ့ ကောင်မလေးပဲ။ အိုက်ယား၊ ငါ့ရင်တွေ နာလိုက်တာ၊ ဝက်ဆီတစ်ပန်းကန်လုံးကြီးတောင်"

ရှေးခေတ်တွင် စီးပွားရေးလုပ်ကိုင်ရသည်မှာ မလွယ်ကူလှဘဲ သတိထားရှောင်ကြဉ်ရမည့် အရာများစွာ ရှိနေလေသည်။ အမှားအယွင်း အသေးအဖွဲလေးတစ်ခုကပင် ပြဿနာတက်စေနိုင်သည်။

All Chapters