← Chapters

ကျောထောက်နောက်ခံ ရှာဖွေခြင်း (အပိုင်း ၁)

Vol. 4 Ch. 38

ကျောထောက်နောက်ခံ ရှာဖွေခြင်း (အပိုင်း ၁)

Vol. 4 Ch. 38

စုန့်တင်းရှန်းတစ်ယောက် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏ဘေးနားမှ မှန်မှန်ထွက်ပေါ်နေသော အသက်ရှူသံများကို နားထောင်နေမိသော်လည်း အိပ်၍မပျော်နိုင် ဖြစ်နေခဲ့သည်။

သူမ၏အရင်ဘဝတွင် သူမ အသက်အရွယ်တစ်ခုအထိ နေထိုင်ခဲ့သော်လည်း အသိပညာဗဟုသုတ ရှာမှီးလိုစိတ်က လျော့ပါးမသွားခဲ့ပေ။ သူမက အသစ်အဆန်းများကို ရှာဖွေလေ့လာရခြင်းနှင့် မျိုးဆက်သစ်လူငယ်များနှင့်အတူ စကားပြောဆိုရခြင်းကို အလွန်နှစ်သက်ခဲ့သည်။

သူမ မောင်ငယ်မှ ဆင်းသက်လာသော မြေးမလေးများက ဝတ္ထုဖတ်ရခြင်းကို အလွန်ဝါသနာပါကြပြီး သူမတို့သာ ရှေ့ခေတ်သို့ ကူးပြောင်းသွားပါက မည်သို့ ထင်ပေါ်ကျော်ကြားအောင် လုပ်မည်၊ မည်သို့ ကြီးပွားအောင်လုပ်မည်ဟူသော အကြောင်းအရာများကို မကြာခဏ ဆွေးနွေးလေ့ရှိကြသည်။ သူမတို့၏ ပြောပြချက်များက အစီအစဉ်တကျရှိလှပြီး ခမ်းနားကြီးကျယ်လွန်းလှသည်။

သို့သော် စုန့်တင်ရှန်း မထင်မှတ်ထားခဲ့သည်က မကြာမီ သူမကိုယ်တိုင် ထိုကဲ့သို့ အချိန်ခရီးသွားအဖြစ် ကူးပြောင်းရမည်ဆိုသည်ကိုပင်။ သူမ လက်တွေ့ရင်ဆိုင်လိုက်ရမှသာ မြေးမလေးများ ပေါ့ပေါ့ပါးပါး ပြောခဲ့ကြသည့် အောင်မြင်မှုများ ရရှိရန်က ဝတ္ထုထဲတွင်သာ ဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်ရသည်။

‘ဘာတဲ့... မြို့တော်မှာ လူကြိုက်များလာမယ့် အဝတ်အစားအသစ်တွေကို ဒီဇိုင်းဆွဲမယ်တဲ့လား? အဝတ်အစားအသစ်တွေတဲ့လား? ဒီရှေးခေတ်မှာ အဝတ်အစားအများစုက လူမှုရေးအဆင့်အတန်းနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်။ ကိုယ်ကြိုက်တာ ကိုယ် ဝတ်လို့မရဘူး။ အစားအစာတွေကို မြှင့်တင်ချင်တယ်ဆိုရင်တော့ ကန့်သတ်ချက်တွေ မရှိဘူး၊ ဒါပေမယ့် ပါဝင်ပစ္စည်းတွေက နောက်ပိုင်းမျိုးဆက်တွေလို ပေါများနေတာမျိုး၊ အမျိုးအစားစုံလင်နေတာမျိုး မဟုတ်ဘူး။ အောင်မြင်မှုတစ်ခု ရရှိဖို့ဆိုတာ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း ပြီးမြောက်အောင် လုပ်နိုင်မယ့်အရာမျိုး မဟုတ်ဘူး။’

‘အရာအားလုံးအတွက် အချိန်ယူဖို့ လိုပြီး တစ်ခါတစ်ရံမှာ ကံကြမ္မာက ကိုယ့်ဘက်မှာ ရှိ မရှိကိုလည်း ထည့်တွက်ရသေးတယ်’

‘ဒီရှေးခေတ်မှာ ပြောင်းလဲမှုတွေ၊ မရေမရာမှုတွေ အရမ်းများလွန်းတယ်။ ဒါက မိန်းမငယ်လေးတစ်ယောက်အတွက် အလွယ်တကူ စိန်ခေါ်နိုင်တဲ့အရာ မဟုတ်ဘူး။’

စုန့်တင်းရှန်းတစ်ယောက် အတွေးများဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမ ဆပ်ပြာကို မိတ်ဆက်လိုက်ခြင်းဖြင့် အဆုံးမရှိသော အကျိုးအမြတ်များ သယ်ဆောင်လာနိုင်သော်လည်း စုန့်မိသားစု၏ အခြေခံအင်အားကို ထည့်စဥ်းစားလျှင် ထိုအကျိုးအမြတ်များကို ရေရှည်ထိန်းသိမ်းထားနိုင်ရန် မရေရာတော့ပေ။ သို့သော် အစားအသောက်ကတော့ ပိုလွယ်ကူသည်။ အရသာ အနည်းငယ် ပြောင်းလဲသွားခြင်းက အလွန်အကျွံ အာရုံစိုက်ခံရမှုများကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။ ဤဒေသလေးတွင် ကျောထောက်နောက်ခံအချို့ရှိရုံမျှဖြင့် မိသားစုအတွက် ဝင်ငွေရရန် အစားအသောက် ဆက်လက်ရောင်းချနိုင်သည်။

ဆပ်ပြာကတော့....

......။........။.......

"ဒါဆို နင်က ဆပ်ပြာကနေရလာမယ့် အမြတ်အစွန်းတွေကို လက်လွှတ်လိုက်တော့မှာလား"

စုန့်တင်းရှန်း၏ စကားကို ကြားပြီးနောက် လီရှီက သူမ၏မြေးမလေးကို အမြင်သစ်ဖြင့် တလေးတစား လှမ်းကြည့်လိုက်သည်။

စုန့်တင်းရှန်းက ခေါင်းညိတ်ပြလိုက်ပြီး အသံမထွက်သည့်အသံဖြင့် အင်းလိုက် လိုက်သည်။

ထိုအချိန်တွင် ပင်ပအိမ်ကြီးထဲ၌ လူအများကြီးမရှိဘဲ လူတိုင်းက ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်ရှုပ်နေကြသည်။ စုန့်ကျဲကျင့်ကလည်း အအေးမိနေပြီး ကလေးများနှင့် လူကြီးများအား ကူးစက်မည်ကို စိုးရိမ်သောကြောင့် အပြင်မထွက်လာပေ။ ထို့ကြောင့် အိမ်ထဲတွင် ခန်ပေါ်မှ မလိုအပ်ဘဲ မဆင်းတတ်သည့် အဘွားဖြစ်သူ လီရှီနှင့် စိတ်ထဲတွင် အတွေးများနေသော စုန့်တင်းရှန်းတို့ နှစ်ဦးတည်းသာ ရှိနေခဲ့သည်။

"အဖွား... တကယ်လို့ သမီးတို့ ဒီဆပ်ပြာကို တကယ်လုပ်ရင် ရမယ့်အမြတ်ငွေက အရမ်းများမယ်လို့ အဖွား ထင်လား"

လီရှီက သူမ၏အပြုံးကို ထိန်းထားရင်း ပြန်ပြောလာသည်။

"ဟုတ်တယ်၊ မမြတ်ဘဲ ဘယ်နေမှာတုန်း၊ နင် စဥ်းစားကြည့်၊ ဥပမာ ဝက်သားက အဖွားတို့အတွက် စျေးကြီးပြီး အဖိုးတန်တယ်၊ ဒါပေမယ့် ချမ်းသာတဲ့ အိမ်တွေအတွက်တော့ ဒါက ဈေးပေါတဲ့ အသားတစ်မျိုးပဲ၊ ဘယ်သူက ဒီငွေလေးလောက်ကို အာရုံစိုက်နေမှာလဲ"

"အဲဒီလောက် အမြတ်အစွန်းများနေရင် သမီးတို့မိသားစုအနေနဲ့ ကိုင်တွယ်နိုင်ပါ့မလား၊ တစ်ဖက်လူတွေက ယဉ်ကျေးနေရင်တော့ ကိစ္စမရှိဘူးလေ၊ ဒါပေမယ့် သမီးကြောက်တာက... တစ်ခုခုလွဲချော်သွားရင် သမီးတို့ မကိုင်တွယ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်၊ အဲဒါကြောင့် သမီးတွေးတာက... ကိုယ့်ဘာသာ သုံးဖို့ပဲ လုပ်ကြမယ်၊ ပြီးရင် ဒီနည်းလမ်းကို တစ်ဖက်လူကို ပေးလိုက်မယ်၊ သူတို့ဆီက ပိုက်ဆံမယူဘဲ သမီးတို့ဒုက္ခရောက်တဲ့အချိန် သူတို့ဘက်က ကူညီပေးဖို့လောက်ပဲ တောင်းဆိုကြမယ်"

"နင်က ဒါကို ဘယ်သူ့ကို ပေးချင်လို့လဲ"

"မြို့ပေါ်က သူဌေးဝမ်ကို ပေးရင် ကောင်းလားလို့ တွေးနေတာ၊ သူ့တူက အခု ကျိုးကောရဲ့ အထက်လူကြီး ဖြစ်နေပြီ၊ ပြီးတော့ သူတို့ မြို့ပေါ်မှာ နေတာ ကြာပြီဆိုတော့ သူတို့ရဲ့အဆက်အသွယ်ကလည်း ကျယ်ပြန့်နိုင်တယ်။ မြို့ပေါ်က လူတွေတော်တော်များများ သူတို့ကို လေးလေးစားစား ဆက်ဆံတာကိုလည်း သမီး တွေ့ခဲ့ဖူးတယ်၊ တကယ်တော့ သမီး ထည့်စဉ်းစားနေတဲ့ အဓိကအကြောင်းအရာက ရှချမ်းပဲ၊ သူ အခု ခရိုင်အရာရှိ ဖြစ်နေပြီ၊ သူက အိမ်နဲ့ဝေးနေပေမယ့် ဘာပဲဖြစ်ဖြစ် သူက အရာရှိတစ်ယောက် ဖြစ်နေတာကို ဘယ်သူမှ မငြင်းနိုင်ဘူး။ သမီးတို့မိသားစုက သူနဲ့ ပြသနာဖြစ်ထားတယ်၊ သူ အဲ့နေရာမှာ အခြေကျသွားတာနဲ့ သမီးတို့ကို ပြန်ပြီး ပြဿနာ ရှာ မရှာဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး၊ တကယ်လို့ သမီးတို့ဘက်ကနေ ကူညီပေးနိုင်မယ့်လူတစ်ယောက် ရှိနေရင်တော့..."

"နင် ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဝေးကြီးကို ကြိုတွေးနိုင်သားပဲ"

အမှန်တကယ်တွင် လီရှီက ထိုအချက်ကို လုံးဝ မစဉ်းစားမိခဲ့ပေ။ သူမက ဆပ်ပြာလုပ်လျှင် ဝယ်မည့်သူ ရှိမည်မဟုတ်ဟုသာ တွေးထားခြင်းဖြစ်သော်လည်း မြေးမလေး၏ တက်ကြွမှုကို မဖျက်ဆီးချင်၍ ဘာမှ မပြောခဲ့ခြင်းပင်။

သို့သော် သူမ မမျှော်လင့်ထားသည်က တစ်ညအတွင်းမှာပင် သူမ၏မြေးမလေးက ရှချမ်းနှင့် ဖြစ်လာနိုင်သော ပဋိပက္ခများကိုပါ ကြိုတွေးနိုင်ခဲ့ပြီး ကျောထောက်နောက်ခံရှာရန် ပြင်ဆင်နေခြင်းပင်။

"သမီးက ဘယ်လိုလုပ် မတွေးဘဲနေမှာလဲ အဖွားရယ်၊ ရှမိသားစုကို ထည့်မတွက်ရင်တောင် အခု သမီးတို့မိသားစုမှာ ပိုက်ဆံရှာနိုင်တဲ့ နည်းလမ်းတွေ ပိုများလာပြီ၊ အဲ့တော့ တခြားသူတွေရဲ့ မနာလိုမှု ဆွဲခေါ်မိပြီး ပြသနာဖြစ်လာနိုင်ချေပိုများလာပြီ။ သမီးတို့ အဝေးကြီးအထိ ခရီးဆက်ချင်ရင် တောင့်တင်းတဲ့ ကျောက်ထောက်နောက်ခံတစ်ခု လိုတယ်။ ဒါပေမဲ့ သမီးတို့က သာမန်လယ်သမား မိသားစုလေ။ ဦးလေးကလည်း စာမေးပွဲမအောင်သေးဘူး၊ သူ သမီးတို့ကို အများကြီး ကူညီနိုင်မှာ မဟုတ်ဘူး၊ နောက်သုံးနှစ်နေလို့ သူ စာမေးပွဲ အောင်မြင်ရင်တော့ ရာထူးအငယ်စားလေးတစ်ခု ရလာနိုင်တယ်၊ အဲ့လိုဆိုရင်တောင် ဒီသုံးနှစ်အတွင်းမှာ သမီးတို့တွေ အနိုင်ကျင့်မခံရဘူးလို့ ဘယ်သူအာမခံနိုင်လို့လဲ၊ အဖွားပဲ ပြောတယ်လေ အကောင်းဘက်က ကြိုကြည့်ပြီး အဆိုးအတွက်ပါ ပြင်ဆင်သင့်တယ်ဆို၊ အဲ့ဒါကြောင့် သမီးက အဆိုးဘက်ကိုပါ ထည့်တွက်ပြီး ဒီအကြံကို ရလာခဲ့တာပါ"

လီရှီက ခေတ္တမျှ စဉ်းစားပြီးနောက် စုန့်တင်းရှန်း၏အကြံကို ထောက်ခံလိုက်သည်။

"နင်ပြောတာ အဓိပ္ပာယ်ရှိသားပဲ၊ ကောင်းပြီလေ... စမ်းကြည့်ကြတာပေါ့။ တကယ်လို့ နင် မြို့ကို သွားပြီး ပစ္စည်းကို အရင်စမ်းလုပ်ကြည့်လိုက်၊ နင်သာ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ရင် နောက်နှစ်လအတွင်း နှစ်သစ်ကူးတော့မှာဆိုတော့ ဝမ်မိသားစုအတွက် နှစ်သစ်ကူးလက်ဆောင်ပေးဖို့ တစ်ခုခု ရလာနိုင်တယ်"

စုန့်တင်းရှန်းက မြို့ပေါ်မှ သူကြွယ်ကြီးဝမ်နှင့် ပတ်သက်၍ ကောလာဟလများစွာ ကြားခဲ့ဖူးသည်။ အချို့ကမူ သူ၏ “သူကြွယ်ကြီး” ရာထူးက ပိုက်ဆံဖြင့် ဝယ်ထားခြင်းဖြစ်သည်ဟု ဆိုကြသော်လည်း ယနေ့ခေတ်တွင် ပိုက်ဆံရှိရုံဖြင့် ထိုကဲ့သို့သောအစိုးရရာထူးကို ဝယ်၍မရနိုင်ပေ။

သူမ သိထားသော ဗဟုသုတများအရာ 'ဂုဏ်သရေရှိ မြေပိုင်ရှင်သူဌေးကြီး' ဟူသော ရာထူးက ပဉ္စမအဆင့်ရှိသော အရာရှိရာထူးလေးတစ်ခု ဖြစ်ပြီး အမှန်တကယ်တွင် ဘဏ္ဍာရေးကိစ္စများကိုသာ စီမံခန့်ခွဲရခြင်းဖြစ်သည်။ လက်တွေ့တွင် အာဏာအသုံးချနိုင်မှု သိပ်မရှိဘဲ အပြင်ပန်း အဆောင်အယောင်အတွက်သာ ဖြစ်သည်။

သို့သော် လုံးဝအသုံးမဝင်ဟု ပြောလျှင်လည်း မမှန်ပြန်ပေ။ အနည်းဆုံးအနေဖြင့် ထိုဘွဲ့ရာထူးရှိသူက မြေယာနှင့် ကုန်သွယ်ခွန်များ ပေးဆောင်ရန် မလိုအပ်ပေ။ ထို့ပြင် ထိုကဲ့သို့ အရာရှိဘွဲ့လေးတခုရှိရုံဖြင့် ဤမြို့ငယ်လေးနှင့် ခရိုင်အတွင်း၌ မည်သူကမျှ ဝမ်မိသားစုကို မစော်ကားဝံ့ကြပေ။

ထို့အပြင် သူကြွယ်ကြီးဝမ်၏ တူဖြစ်သူက လူတစ်ထောင်ကို အုပ်ချုပ်ရသော တပ်မှူးတစ်ဦး ဖြစ်သည်။ သူ့၏ရာထားက သူ့၏စစ်ရေးစွမ်းဆောင်မှုကြောင့် ရရှိထားသော အစစ်အမှန်ရာထူးဖြစ်ပြီး ခရိုင်အရာရှိထက်ပင် အဆင့်မြင့်နေသေးသည်။

ပို၍ကောင်းမွန်သည့်အချက်ကို ပြောရလျှင် ဝမ်မိသားစုက ချမ်းသာပြီး ရာထူးအာဏာရှိသော်လည်း ထောင်လွှားခြင်း မရှိကြပေ။ သူတို့က ပွဲတော်ရက်များတွင် ဆင်းရဲသားများအား မကြာခဏ ယာဂုဝေပေးလေ့ရှိပြီး “စေတနာရှင်များ” ဟူသော ဂုဏ်ပုဒ်ကို ရရှိထားကြသည်။ မြစ်အနီးရှိ တံတားတချို့ကလည်း ဝမ်မိသားစု၏ ငွေကြေးလှူဒါန်းမှုဖြင့် တည်ဆောက်ထားရခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့က အမှန်တကယ် စိတ်ရင်းကောင်းသူများဖြစ်ကြောင်း ငြင်းဆို၍မရနိုင်ပေ။

ဤကဲ့သို့သော လူကောင်းတစ်ယောက်က စုန့်မိသားစုကို ထောက်ပံ့ပေးထားလျှင် ယုတ်ညံ့သောစိတ်ရှိသူများအနေဖြင့် စုန့်မိသားစုအား မကောင်းကြံချင်လျှင်ပင် ရှေ့ဆက်မတိုးရဲဘဲ နောက်ဆုတ်သွားကြရပေလိမ့်မည်။ ထို့အပြင် သူကြွယ်ကြီးဝမ်ထက် ရာထူးကြီးပြီး ပိုက်ဆံပိုရှိသူများကတော့ စုန့်မိသားစုကဲ့သို့ သာမန်မိသားစုလေး၏ ကိစ္စအသေးအဖွဲများကို စိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် သူကြွယ်ကြီးဝမ်က စုန့်မိသားစု၏ ကျောထောက်နောက်ခံအဖြစ် အသင့်တော်ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

စုန့်တင်းရှန်းက ပြီးပြည့်စုံသော ဆပ်ပြာ ဖန်တီးနိုင်ရန်အတွက် စိတ်‌ရော လူပါ အကုန်နှစ်ပြီး ကြိုးစားနေခဲ့သည်။ သူမ နှစ်ပတ်ကျော်လောက် အကြိမ်ကြိမ်အခါခါ အစမ်း ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် စန္ဒကူးဆပ်ပြာ နှင့် စံပယ်ဝတ်မှုန်ဆပ်ပြာများ ပြုလုပ်ရန် အကောင်းဆုံးအချိုးအစားကို ရရှိလာခဲ့သည်။

သို့သော် သူမ၏ ကြိုးစားမှုက ထိုတစ်ခုနှင့် ရပ်တန့်မသွားခဲ့ပေ။ စုန့်တင်းရှန်းက သူမ၏ဖန်တီးမှုများကို သာမန်ဆပ်ပြာတုံးအဆင့်မှ ထူးခြားသောအဆင့်သို့ မြှင့်တင်ရန် ရွာထဲမှ လက်သမားတစ်ဦးကို အကူအညီတောင်းခဲ့သည်။ သူမတို့နှစ်ဦး ပူးပေါင်းကာ သူမ၏ စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့ကြသည်။

ထိုလက်သမားကြီးက မျက်နှာပြင်ချောမွေ့ပြီး ဆွဲဆောင်မှုရှိသော အနုစိတ် ပုံစံခွက်နှစ်ခုကို ထုလုပ်ပေးခဲ့သည်။ ထိုခွက်ထဲသို့ ဆပ်ပြာရည် လောင်းထည့်ထားပြီး ခြောက်သွေ့သွားပါက ထိုပုံစံခွက်ကို ပုတ်ထုတ်လိုက်ရုံဖြင့် ဆပ်ပြာက အလွယ်တကူ ထွက်လာပေလိမ့်မည်။ အတွင်းဘက်တွင်လည်း လှပသော ပန်းပုံစံနှင့် ဆေးအရောင်အချို့ ခြယ်သထားသောကြောင့် စုန့်တင်းရှန်း၏ ဆပ်ပြာက အရေပြားအတွက် ကောင်းမွန်ရုံသာမက မျက်စိပသာဒဖြစ်စေသော အနုပညာလက်ရာတစ်ခုအသွင် ဖြစ်လာခဲ့သည်။

ဆပ်ပြာရည်များကို ထိုပုံစံခွက်များထဲ၌ ခဲထားခြင်းအားဖြင့် ဆပ်ပြာပေါ်၌ ပန်းပုံစံ အဆင်တန်ဆာများ ဖြစ်ပေါ်လာပေလိမ့်မည်။ ပုံသွင်းထားသော ဆပ်ပြာများကို အရွယ်အစား ညီတူညီမျှရှိသည့် လေးထောင့်ပုံ အတုံးလေးများအဖြစ် လှီးဖြတ်လိုက်လျှင် တစ်တုံးစီက လက်ဖဝါးခန့် အရွယ်သာ ရှိမည်ဖြစ်ပြီး လက်သေးသော အမျိုးသမီးများပင် မြဲမြဲကိုင်နိုင်ပေလိမ့်မည်။ ဆပ်ပြာမျက်နှာပြင် သုံးဖက်စလုံး၌ ပန်းပုံစံများပါရှိပြီး မွှေးပျံ့သော ရနံ့လည်း ရှိနေသောကြောင့် အမှန်တကယ် အမြင်တင့်တယ်နေသည်။

အသစ်ပြုလုပ်ထားသော ဆပ်ပြာများကို ချက်ချင်း မသုံးနိုင်သေးဘဲ အရည်အသွေး ပိုကောင်းစေရန် အချိန်အနည်းငယ်လိုအပ်နေသေးသည်။ စုန့်တင်းရှန်းက ဆယ့်နှစ်လပိုင်း၏ ရှစ်ရက်မြောက်နေ့ လာပါ့ပွဲတော်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။

ထို့နေ့တွင် သူမက အေးမြချောမွေ့နေသော ဆပ်ပြာတုံးလေးများကို ဆီစိမ်စက္ကူဖြင့် သေသေချာချာ ထုပ်ပိုးလိုက်ပြီး ဆပ်ပြာတစ်တုံးချင်းစီက သူမ၏ ကြိုးစားအားထုတ်မှုကို သက်သေပြနေသည်။ သူမက ထိုဆပ်ပြာများနှင့်အတူ နောက်ထပ် ဆပ်ပြာပြုလုပ်ရန်အတွက် လိုအပ်သော ဆီများ၊ သူမ အသေးစိတ် ရေးသားထားသော ဆပ်ပြာဖော်မြူလာနှင့် ပုံစံခွက်များကိုပါ တပါတည်း စနစ်တကျ ထုပ်ပိုးလိုက်သည်။

ထို့ကြောင့် လာပါ့ပွဲတော်၏ လက်ဆောင်က လက်တွေ့ဆန်သော ပစ္စည်းများတင်မကဘဲ စုန့်တင်းရှန်း၏ နွေးထွေးသော စေတနာများပါလည်း ပါဝင်နေသည်။ သူမက အိမ်လုပ်လက်ရာလေးများကိုလည်း ထည့်သွင်းရန် စဉ်းစားထားပြီး ပွဲတော်အထိမ်းအမှတ် အနီရောင်ဖဲကြိုးလေးများ ချည်နှောင်ထားသည့် အိုးငယ်လေး လေးလုံးကို အခြားပစ္စည်းများကြားထဲ၌ လှလှပပ စီထည့်လိုက်သည်။

ထိုအိုးလေးများထဲတွင် အရောင်အသွေးစုံလင်လှသော အစားအသောက်များ ရှိနေသည်။ အစပ်အရသာနှင့် အသွင်အပြင် လှပသော ဂေါ်ဖီချဉ်၊ အချဉ်တည်ထားသော ရတနာရှစ်ပါး ဟင်းရွက်ချဉ်နှင့် ချဉ်ပြုံးပြုံးအရသာဖြင့် အခြားဟင်းလျာများကို အားဖြည့်ပေးမည့် ဂေါ်ဖီရိုးချဉ်နှင့် မုန်ညင်းချက်တို့ ဖြစ်သည်။

ဤသို့ သေသေချာချာ ပြင်ဆင်ထားသော လက်ဆောင်ထုပ်ကြီးနှင့်အတူ အဘိုးဖြစ်သူ စုန့်ရှင်းယိကိုပါ မြို့ပေါ်သို့ ခေါ်ဆောင်လာသောကြောင့် စုန့်တင်းရှန်း၏လက်ဆောင်က သာမန်လက်ဆောင်တစ်ခုထက် ကျော်လွန်နေခဲ့သည်။

မြို့ပေါ်တွင်လည်း လာပါ့ပွဲတော်၏ ပျော်ရွှင်စရာ အငွေ့အသက်များ ပျဲနှံ့နေသည်။ စည်ကားလှသော ပွဲဈေးတန်းကြီးတွင် အရောင်အသွေးစုံလင်သော ကုန်ပစ္စည်းများ ပြည့်နှက်နေသော ဆိုင်ခန်းများ ရှိနေပြီး အရာအားလုံးက လှုပ်ရှားသက်ဝင်နေသည်။

ထိုပျော်ရွှင်ဖွယ် အချိန်အခါသမတွင် ဝမ်မိသားစုကလည်း သူတို့၏ရိုးရာဓလေ့အတိုင်း ပွဲတော်ကို ပါဝင်ဆင်နွှဲနေကြသည်။ သူတို့၏အိမ်ရှေ့တွင် တဗွက်ဗွက်ဆူနေသည့် အိုးကြီးတစ်လုံး ရှိနေကာ မွှေးပျံ့သောရနံများ လွင့်ပျံ့နေသည်။ ၎င်းက သာမန်အိုးတစ်လုံး မဟုတ်ဘဲ အာဟာရဖြစ်စေသော ပါဝင်ပစ္စည်းများစွာဖြင့် ချက်ပြုတ်ထားသည့် လာပါ့ယာဂုအိုးကြီး ဖြစ်သည်။

ဝမ်မိသားစုက ရက်ရောသော စိတ်ထားအပြည့်ဖြင့် ဤနွေးထွေးသော အစားအစာကို နွမ်းပါးသူများအတွက် ဝေငှပေးနေကြသည်။ သူတို့က တောင်းရမ်းစားသောက်သူများနှင့် မြို့ပေါ်ရှိ ဆင်းရဲသားများကို နွေးထွေးစွာ ကြိုဆိုနေကြပြီး အခိုးအငွေ့တထောင်းထောင်းထနေသော လာပါ့ဆန်ပြုတ်တစ်ခွက်စီက သူတို့၏ ကြင်နာမှုနှင့် ပွဲတော်၏ပျော်ရွှင်မှု မျှဝေရာ သင်္ကေတတစ်ခု ဖြစ်နေခဲ့သည်။

အိမ်တော်ရှေ့ရှိ လူအုပ်ကြီးနှင့် သန့်ရှင်းသပ်ရပ်ကာ တက်ကြွနေသော အိမ်တော်အစေခံများကို ကြည့်ရင်း စုန့်ရှင်းယိတစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ မည်သိုပင်ဖြစ်စေ သူက ကျေးလက်တောရွာမှ လယ်သမားအိုကြီးတစ်ဦးသာ ဖြစ်ပြီး ယခုကဲ့သို့ ချမ်းသာသော အိမ်ကြီးအိမ်ကောင်းများ၏ တံခါးခုံကို နင်းနိုင်မည့် အခွင့်အရေးမျိုး မရှိခဲ့ဖူးပေ။

ချမ်းသာသော မိသားစုမှ အစေခံမိန်းကလေးပင်လျှင် စုန့်တင်းရှန်းထက် ပိုမိုလှပပြီး ကောင်းကောင်းမွန်မွန် ဝတ်ဆင်ထားသည်ကို မြင်နေရသည်။

သို့သော် စုန့်တင်းရှန်းကတော့ ကြောက်ရွံ့နေခြင်းမရှိပေ။ သူမက အပြုံးလေးဖြင့် လျှောက်သွားကာ တံခါးဝရှိ အစေခံတစ်ဦးကို လှမ်းပြောလိုက်သည်။

“အစ်ကိုကြီး၊ ကျွန်မတို့က မြောက်ဘက်ကမ်းရွာကပါ၊ မျိုးရိုးက စုန့်ပါ။ ကျွန်မရဲ့ ခင်ပွန်းသည်က အရင်တုန်းက ကျားကို သတ်ခဲ့တဲ့ ကျိုးယိနိုပါ။ ဒါက ကျွန်မရဲ့အဖိုး စုန့်ရှင်းယိပါ။ ကျွန်မတို့ အရင်တုန်းက သခင်ကြီးဝမ်ဆီကနေ အကူအညီရခဲ့ဖူးတဲ့အတွက် အခု ကျေးဇူးတင်စကား ပြောဖို့ ရောက်လာတာပါရှင့်"

ထိုအစေခံက သူ့ရှေ့မှ မိန်းကလေးကို အကဲခတ်လိုက်သည်။ သူမက ရွာသူတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော်လည်း ယဉ်ကျေးသိမ်မွေ့လွန်းသည့်အပြင် အပြောအဆိုကလည်း ညက်ညောနေသည်၊။ ထို့အပြင် ယခင်က သူတို့၏သခင်ကြီး ကျိုးမျိုးရိုးရှိသည့် လူတစ်ဦးအား ထောက်ခံပေးခဲ့သည်ကို သူလည်း ကြားခဲ့ဖူးသည်။ ထို့ကြောင့် သူက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ၊ ကျွန်တော် အထဲကို အရင်ဝင်ပြီး သတင်းပို့ပေးပါ့မယ်၊ ခဏလောက်စောင့်ပေးပါဦး၊ စုန့်သခင်မ"

ခဏအကြာတွင် ထိုအစေခံ ပြန်ထွက်လာပြီး သူမတို့ကို ဖိတ်ခေါ်လာခဲ့သည်။

"သခင်ကြီးက စုန့်သခင်မနဲ့ လူကြီးမင်းကို အထဲဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်"

"တကယ်ကို ကျေးဇူးတင်ပါတယ်ရှင့်၊ ဒါလေးက အစ်ကိုကြီး လက်ဖက်ရည်သောက်ဖို့ မေတ္တာလက်ဆောင်ပါ"

စုန့်တင်းရှန်းက ကြေးဒင်္ဂါး တစ်ပြား၊ နှစ်ပြားခန့်ပါသော အိတ်ငယ်လေးကို ကမ်းပေးလိုက်ပြီး ဆပ်ပြာထုပ်ကို ပိုက်ကာ နောက်ကျောတွင် ခြင်းတောင်းလွယ်ထားသော အဘိုးဖြစ်သူ စုန့်ရှင်းယိနှင့်အတူ ဝမ်အိမ်တော်၏တံခါးမကြီးအတွင်းသို့ လှမ်းဝင်လိုက်သည်။

သူကြွယ်ကြီးဝမ်က သူ၏ဇနီးသည် အပါအဝင် ကိုယ်လုပ်တော်တချို့နှင့်အတူ ဧည့်ခန်းမဆောင်တွင် လက်ဖက်ရည်သောက်နေခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကျားကို သတ်ခဲ့သည့် သူရဲကောင်းကျိုး၏ မိသားစုဝင်များ ရောက်ရှိလာကြောင်း အစေခံက သတင်းပို့လာချိန်တွင် သူက ချက်ချင်း ဖိတ်ခေါ်ရန် အမိန့်ပေးလိုက်သည်။

ဝမ်သခင်မကြီးက အံ့ဩသွားပြီး နားမလည်နိုင်ဟန်ဖြင့် လှမ်းမေးလိုက်သည်။

"သူတို့က လယ်သမားမိသားစုက လူတွေလေ။ ဘာလို့ သူတို့ကို တကူးတက ဖိတ်ခေါ်ခိုင်းရတာလဲ၊ အရင်တုန်းက လူတွေအများကြီး ကျွန်မတို့ဆီကို လက်ဆောင်လာပေးခဲ့ပေမယ့် ရှင် အဲဒီလူတွေကို လက်ခံတွေ့ဆုံတာမျိုး မတွေ့မိပါဘူး"

သူကြွယ်ကြီးဝမ်က ခပ်ပြုံးပြုံး ပြန်ဖြေလိုက်သည်။

"သိပ်မကြာခင်က ငါ မင်ကျစ်ဆီကနေ စာတစ်‌စောင် ရခဲ့တယ်၊ ငါ မိတ်ဆက်ပေးလိုက်တဲ့ လူငယ်လေးကျိုးက စစ်တပ်ထဲမှာ အတော်လေး အလေးထားခံရပြီး အခုဆိုရင် တပ်ထဲမှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်ငယ်တစ်ယောက် ဖြစ်နေပြီတဲ့။ အခု လူငယ်လေးက ငယ်လည်းငယ်သေးတယ်လေ၊ နောင်အနာဂတ်မှာ သူ ဘယ်လောက်အထိ အောင်မြင်မှုကြီးကြီးမားမားတွေ ရလာဦးမယ်ဆိုတာ ဘယ်သူကြိုသိနိုင်မှာလဲ၊ ငါက သူ့ကို မိတ်ဆက်ပေးခဲ့တဲ့သူဆိုတော့ ဒီလိုဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားရမယ်၊ တကယ်တော့ စုန့်မိသားစုဝင်တွေ ငါ့ဆီလာပြီး ကျေးဇူးလာတင်ကြမလားလို့တောင် ငါ တွေးမိသေးတယ်၊ ဒါပေမယ့် လယ်သမားတွေဆိုတာက တစ်နှစ်ပတ်လုံး အလုပ်များနေကြတာ‌လေ၊ အခုမှပဲ သူတို့ နားရက်ရပုံပေါ်တယ်။ ပြီးခဲ့တဲ့ရက်ကမှ ငါ စဉ်းစားနေတာ၊ ဒီနေ့ သူတို့ ရောက်လာကြလိမ့်မယ်လို့ မထင်မိထားဘူး"

"သခင်ကြီးက အမြော်အမြင်ရှိလှပါတယ်"

ဝမ်သခင်မကြီးက ကိုယ်လုပ်တော်များဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။

"မင်းတို့ အရင် ပြန်နှင့်ကြတော့၊ ငါနဲ့ သခင်ကြီး ဧည့်သည်တွေကို ဧည့်ခံလိုက်မယ်"

ကိုယ်လုပ်တော်များက နာနာခံခံဖြင့် ခေါင်းညိတ်ကာ ထရပ်လိုက်ပြီး နောက်ဖေးခြံဘက်သို့ ထွက်သွားကြသည်။ အိမ်တော်အ‌စေခံများက စားပွဲပေါ်ရှိ လက်ဖက်ရည်နှင့် မုန့်များကို အမြန်သိမ်းဆည်းကာ နောက်ထပ် အသစ်များဖြင့် လဲလှယ်ပြင်ဆင်ပေးနေကြသည်။

All Chapters