ကတိကဝတ်စာချုပ် (အပိုင်း ၁)
Vol. 4 Ch. 40
ဝမ်သခင်မကြီးက သူတို့ကို ညစာစားရန် ဖိတ်ခေါ်ခဲ့သော်လည်း စုန့်တင်းရှန်းက ယဉ်ယဥ်ကျေးကျေး ငြင်းပယ်ခဲ့သည်။ ဝမ်သခင်မကြီးက စုန့်တင်းရှန်းအတွက် လက်ဆောင်အချို့ကို ပြင်ဆင်ပေးပြီး အိမ်ရှေ့အထိ နွေးထွေးစွာ လိုက်လံပို့ဆောင်ပေးခဲ့သည်။
"နောင်ကျရင် ငါတို့မိသားစုတွေ ဆွေမျိုးရင်းချာတွေလိုပဲ သဘောထားကြရအောင်၊ အချိန်ရရင် ငါတို့အိမ်တော်ကို ခဏခဏ လာလည်ရမယ်နော်"
"ကျေးဇူးတင်ပါတယ် သခင်မကြီး၊ ကျွန်မမှာ အချိန်လည်း နည်းနည်း ရှိတာနဲ့ သခင်မကြီးကို အဖော်ပြုပေးဖို့ သေချာပေါက် အရောက်လာခဲ့ပါ့မယ်၊ ဒါပေမဲ့ ရွာကနေ မြို့ကို လာရတာက တော်တော်ဝေးတဲ့အပြင် အိမ်မှာလည်း ပုံမှန်လုပ်စရာ ကိစ္စတွေ အများကြီးရှိနေတော့ သွားလိုက်လာလိုက်နဲ့ အချိန်တော်တော် ကုန်တတ်လို့ပါ။ မဟုတ်ရင် ကျွန်မတို့ ဒီလောက်အထိ မစောင့်ဘဲ အစောကြီးကတည်းက လာခဲ့မိမှာပါ၊ သခင်ကြီးနဲ့ သခင်မကြီး ကျွန်မတို့မိသားစုအပေါ် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ရှင့်"
စုန့်တင်းရှန်းက ပြန်ရှင်းပြလိုက်သည်။
ဝမ်သခင်မကြီးက စုန့်တင်းရှန်း၏လက်ကို ပုတ်ပေးကာ အပြုံးလေးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"ဘာကို အားနာနေရတာလဲ၊ မင်းတို့ ရောက်လာတာကပဲ ငါတို့ အရမ်းဝမ်းသာစရာ ဖြစ်နေပါပြီ၊ အပြန်လမ်းမှာလည်း ဂရုစိုက်ကြဦး၊ ရာသီဥတုက အေးနေပြီး နှင်းတွေ အရမ်းကျနေတော့ လမ်းတွေက ချော်နေတတ်တယ်"
စုန့်တင်းရှန်းတို့ကို ပြန်ပို့ပေးပြီး သူကြွယ်ကြီးဝမ်က ဆပ်ပြာလုပ်နည်းစာရွက်ကို ထပ်မံထုတ်ယူကာ သေသေချာချာ စစ်ဆေးကြည့်နေသည်။ ခဏအကြာတွင် သူက ဝမ်သခင်မကြီးနှင့် စတင်ဆွေးနွေးတော့သည်။
"ဒီမိန်းကလေးက သူ့အဖိုးထက် အများကြီး ရဲရင့်ပြီး ဉာဏ်ကောင်းတယ်၊ တကယ်လို့ အဲဒီ ကျိုးထျဲကျူးသာ စစ်တပ်ထဲမှာ မျက်နှာသာပေးခံရပြီး အောင်မြင်မှုတွေ ဆက်ရနေမယ်ဆိုရင် သူ ပြန်လာတဲ့အခါ သူ့ရဲ့ အနာဂတ်က အကန့်အသတ်မရှိ တောက်ပနေတော့မှာပဲ"
ဝမ်သခင်မကြီးက သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်ကာ ရယ်ရင်းမောရင်း နောက်ပြောင်လိုက်သည်။
"သူတို့ အနာဂတ်က အကန့်အသတ်မရှိ တောက်ပနေတာတောင် သခင်ကြီးက သူတို့ကို လျန်တစ်ရာပဲ ပေးလိုက်တယ်တဲ့လား"
"အိုက်ယား.... ဒီသခင်ကြီးက အခြေအနေကို စမ်းကြည့်လိုက်ပါကွ၊ သူက ဒီလောက်တန်ဖိုးရှိတဲ့အရာကို ငါ့လက်ထဲအထိ ရုတ်တရက် လာထိုးထည့်ပေးနေတာလေ၊ ငါ မတင်မကျ ဖြစ်သွားတာ လွန်လို့လား"
သူကြွယ်ကြီးဝမ်က သူ၏ အပြုံးမျက်နှာပေါ်မှ မုတ်ဆိတ်ကို ပွတ်သပ်ရင်း ထပ်ပြောနေပြန်သည်။
"ဒါက တကယ့်ကို ကံကောင်းခြင်း လက်ဆောင်ပဲ၊ ဒီငွေတွေနဲ့ဆိုရင် ငါတို့ရဲ့ နောင်လာမယ့် နေ့ရက်တွေ အများကြီး ပိုအဆင်ပြေသွားနိုင်တယ်"
ရထားလုံး မြို့ပြင်သို့ ရောက်လာမှသာ စုန့်ရှင်းယိတစ်ယောက် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် အားရပါးရ ရှူထုတ်နိုင်ခဲ့သည်။
"ချမ်းသားကြွယ်ဝတဲ့ အိမ်တော်တွေဆိုတာက တကယ်ကို ခမ်းနားပါပေတယ်ကွာ၊ ငါ့မှာတော့ တစ်ချိန်လုံး ရင်တွေတုန်ပြီး ခြေထောက်တွေတောင် ပျော့ခွေနေတာပဲ၊ မင်းကတော့ တော်တော်လေး တည်တည်ငြိမ်ငြိမ် ရှိနေတာပဲ၊ မွေးခါစ နွားပေါက်လေးက ကျားကို မကြောက်သလိုမျိုး ဖြစ်နေတော့တာကိုး"
စုန့်တင်းရှန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။
"လူတွေက သူတို့ကို ကြင်နာတတ်တဲ့သူတွေလို့ ပြောနေကြတာ မဟုတ်ဘူးလား အဘိုးရယ်၊ ကြင်နာတတ်တဲ့သူက လူကောင်းဖြစ်နိုင်ပြီး လူကောင်းဆိုမှတော့ ဘာကြောက်နေစရာရှိတော့မှာတုန်း၊ နောက်ပြီး သမီးတို့က သူ့ကို ပိုက်ဆံရှာနိုင်မယ့် လမ်းစကို သွားပေးတာလေ၊ သူ့အနေနဲ့ သမီးတို့ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံတာက အဖြစ်သင့်ဆုံးအရာပဲ"
စုန့်ရှင်းယိတော့ စိုးရိမ်စိတ် မပြယ်သေးဘဲ ပြန်မေးလိုက်သည်။
"ဒါဆို နောင်ကျလို့ ငါတို့ ပြဿနာတက်ရင် သူတို့ဆီကနေ တကယ် အကူအညီ တောင်းနိုင်မှာလား? သူတို့က မသိချင်ယောင်ဆောင်ပြီး ငြင်းလိုက်ရင်ရော ငါတို့ ဘယ်လိုလုပ်ကြမလဲ?"
စုန့်တင်းရှန်းက အဘိုးဖြစ်သူ စိတ်အေးသွားအောင် နှစ်သိမ့်ပေးလိုက်သည်။
"တကယ်လို့ သူ ငြင်းရင်တောင် တခြားလူကို ထပ်ရှာလို့ ရနိုင်ပါသေးတယ်။ ပြီးတော့ ဒီဆပ်ပြာလုပ်နည်းကို သူ့တစ်ယောက်တည်းအတွက် သီးသန့်ပေးမယ်လို့ စာချုပ်ချုပ်ထားတာမှ မဟုတ်တာ၊ ဒါပေမယ် သမီး တွေးမိတာတော့ နောက်ရက်အနည်းငယ်အတွင်းမှာ သူကြွယ်ကြီးဝမ်က ဒီအခြေအနေကို သဘောပေါက်လာပြီး သမီးတို့နဲ့ စာချုပ်ချုပ်ဖို့ ရောက်လာလိမ့်မယ်"
စုန့်ရှင်းယီက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"ဘယ်လို စာချုပ်မျိုးလဲ"
စုန့်တင်းရှန်းက ချက်ချင်း ပြန်ရှင်းပြလိုက်သည်။
“အရောင်းအဝယ် စာချုပ်မျိုးပေါ့။ သမီးတို့ဘက်ကနေ စာချုပ် ချုပ်ပေးဖို့ အတင်းသွားတောင်းဆိုတာထက် သူတို့ဘက်ကနေ စာချုပ်ချုပ်ဖို့ စတင်ကမ်းလှမ်းတာက ပိုကောင်းတယ်။ တကယ်လို့ သူတို့ ရွာကို လူလွှတ်လိုက်ရင် အကောင်းဆုံးပဲ၊ ဒါဆို သူတို့ သမီးတို့အိမ်ကို ရောက်လာမှန်း လူတွေအများကြီး သိသွားပြီး သမီးတို့အတွက် သက်သေဖြစ်သွားလိမ့်မယ်။ အဲလိုဆိုရင် သမီးတို့လည်း စိတ်အေးလို့ရပြီ၊ တခြားသူတွေအနေနဲ့ သမီးတို့ကို ပြဿနာလာရှာဖို့ သူ့အလိုလို ဝန်လေးသွားလိမ့်မယ်"
"မင်းကတော့လေ... အသက်က ဒီလောက်ငယ်ငယ်လေးပဲ ရှိသေးတယ်၊ ဒါပေမယ့် နင့်ရဲ့ အတွေးအခေါ်တွေကတော့ တကယ့်ကို အံ့ဩစရာပဲ"
မြေးမလေး၏ ပါးနပ်လှသော အတွေးများကြောင့် စုန့်ရှင်းယိပင် အံ့အားသင့်နေရသည်။ ထိုအရာက ဆပ်ပြာလုပ်နည်းစာရွက်လေး တစ်ရွက်တည်းသာ ဖြစ်သော်လည်း ဤမျှများပြားသော တွက်ချက်မူများ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူတို့ အိမ်ပြန်ရောက်ချိန်တွင် စုန့်တင်းရှန်းက လက်ဆောင်သေတ္တာများကို အုပ်ထားသည့် စောင်ကြီးအား ဖယ်ရှားလိုက်ပြီး သေတ္တာများကို အိမ်မကြီးထဲသို့ သယ်သွားကာ အဘွားဖြစ်သူ လီရှီ မြင်စေရန် တစ်ခုချင်းစီ ဖွင့်ပြလိုက်သည်။
ဝမ်သခင်မကြီးက သေတ္တာသုံးလုံး ပေးလိုက်ခြင်း ဖြစ်သည်။ ပထမသေတ္တာထဲတွင် စာရေးစုတ်တံများ၊ မင်တုံးများ၊ စက္ကူနှင့် မင်ကျောက်များ ပါဝင်ပြီး ၎င်းတို့ စုန့်မိသားစု ပုံမှန်ဝယ်နေကျထက် အရည်အသွေးထက် များစွာ သာလွန်နေသည်။ သို့သော် သူတို့၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်က မင်တုံး ဖြစ်သည်။
သူတို့ မြင်ဖူးနေကျ အမှုန်များ ဖွေးနေပြီး အစင်းရာများပါသော မင်တုံးများနှင့် မတူဘဲ ဤမင်တုံးက အလွန်ပင် ထူးခြားလှသည်။ ၎င်း၏ မျက်နှာပြင်က စိမ်းပြာရောင် ကျောက်မျက်ရတနာကဲ့သို့ တောက်ပနေပြီး ထိုမင်ဖြင့် စာရေးလိုက်ပါက စာလုံး၏အရောင်က နက်မှောင်စိုပြေနေမည်မှာ အသေအချာပင်။ ၎င်းကို အနီးကပ်ယူကာ နမ်းကြည့်လိုက်ချိန်တွင် မီးခိုးမှိုင်းနံ့ သင်းပျံ့ပျံ့လေးလည်း နှာခေါင်းထဲသို့ တိုးဝင်နေသေးသည်။
ယခင်က သုံးနေကျ အရည်အသွေးနိမ့် မင်တုံးများ၏ စူးရှပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ အနံ့ဆိုးများနှင့် လုံးဝ ကွာခြားနေလေသည်။ ဤမင်တုံးဖြင့် စာရေးရလျှင် သန့်ရှင်းစေရုံသာမက သုံးစွဲသူအတွက် ကျော့ရှင်းမှုကိုပါ ခံစားရပေလိမ့်မည်။
ဒုတိယသေတ္တာကို ဖွင့်လိုက်ချိန်တွင်လည်း အံ့ဩစရာ လက်ဆောင်တစ်ခုကို ထပ်တွေ့လိုက်ရသည်။ ၎င်းက သေတ္တာကြီးထဲတွင် ထပ်မံထည့်သွင်းထားသော သေတ္တာငယ်လေး နှစ်လုံးရှိနေသောကြောင့်ပင်။
ထိုသေတ္တာလေးများထဲတွင် အမှန်တကယ် အဖိုးတန်သော အရာများ ရှိနေပြီး ပွဲတော်အထိမ်းအမှတ် ပုံစံအမျိုးမျိုး ဖြစ်အောင် သေသေချာချာ ထုလုပ်ထားသည့် ငွေတုံးလေးများ ပါဝင်နေသည်။ ငွေတုံးလေးတစ်တုံးစီက အရွယ်အစား သေးသေးကျစ်ကျစ်လေးများ ဖြစ်ပြီး အလေးချိန်အားဖြင့် လျန်တစ်ဝက်ခန့်စီ ရှိသည်။ သေတ္တာတစ်လုံးတွင် ထိုကဲ့သို့ ငွေတုံးသုံးဆယ်ဆီ ပါဝင်နေသောကြောင့် သေတ္တာနှစ်လုံးပေါင်းဆိုလျှင် စုစုပေါင်း ငွေတုံးလေး ခြောက်ဆယ် ရှိနေလေသည်။
ထိုကြောင့် တောက်ပနေသော ငွေတုံးလေးများအားလုံး၏ အလေးချိန်က ငွေလျန်သုံးဆယ်တိတိ ရှိနေခဲ့သည်။ ထို့အပြင် ငွေတုံးလေးများနှင့်အတူ ကျောက်နီလက်စွပ် ၁၀ ကွင်း၊ ငွေလက်စွပ်လေး ၁၀ ကွင်းနှင့် ပုလဲများပါဝင်သော ဆံထိုးလှလှလေး ၁၀ ခုလည်း ပါဝင်နေသေးသည်။
သူတို့ မျှော်လင့်ချက်များ အပြည့်ဖြင့် တတိယမြောက် သေတ္တာကြီးကို ဖွင့်လိုက်ကြသည်။ အထဲတွင် အထည်လိပ်များ ရှိနေပြီး ကလေးငယ်များအား ပျော်ရွှင်သွားစေနိုင်သည့် တောက်ပသော ပန်းရောင်နှင့် အစိမ်းရောင်များ စ၍ လူကြီးများအတွက် ခန့်ညားသော အရောင်ရင့်များအထိ စုံလင်လှပေသည်။
ပို၍ အံ့ဩစရာကောင်းသည်က အထည်များပေါ်တွင် ကံကောင်းခြင်းသင်္ကေတဖြစ်သော "ဖူ’ စာလုံးလေးများ ပါဝင်နေခြင်းပင်။ သေသေချာချာ ရွေးချယ်ထားပုံရသော ထိုလက်ဆောင်များက ကလေးများအတွက် တက်မက်ဖွယ်ဖြစ်နေသလို လူကြီးများအတွက်လည်း ကံကောင်းခြင်းမင်္ဂလာကို ဆောင်ကြဉ်းပေးမည့် လက်ဆောင်များဟု ယူဆနိုင်သည်။
ထိုလက်ဆောင်သေတ္တာ သုံးလုံး၏ တန်ဖိုးက စုစုပေါင်း လျန်တစ်ရာခန့်သာ ရှိသော်လည်း ငွေသားသက်သက်ပေးသည်ထက် အများကြီး ပို၍ အဓိပ္ပာယ်ရှိနေသည်။ ချမ်းသာသောအိမ်တော်များတွင် ထိုသို့သောလက်ဆောင်များကို အပြန်အလှန် ပေးလေ့ရှိကြောင်း စုန့်တင်းရှန်း သိထားပြီး ဖြစ်သော်လည်း ဤမျှအထိ စေ့စပ်သေချာစွာ ပြင်ဆင်ထားမည်ဟု သူမ မထင်ထားခဲ့ပေ။
‘ဝမ်သခင်မကြီးက တကယ်ကို တွေးတောတတ်တာပဲ၊ ငွေသားပေးတာထက်စာရင် အခုလို ပစ္စည်းလေးတွေက ငါတို့မိသားစုအတွက် ပိုပြီး တန်ဖိုးရှိနေတယ်’
တခြားမိသားစုဝင်များကတော့ ဤမျှလှပသော ပစ္စည်းများကို တစ်ခါမှ မမြင်ဖူးကြပေ။ ထို့ကြောင့် သူတို့ အချိန်ခဏတာမျှ မှင်တက်နေခဲ့ကြသည်။ စုန့်တင်းရှန်းက ငွေတုံးလေးများကို ညွှန်ပြရှင်း ရှင်းပြလိုက်သည်။
"ဒါတွေက ချမ်းသာကြွယ်ဝတဲ့ အိမ်တော်ကြီးတွေမှာ တခြားသူတွေကို ဆုလာဘ်အဖြစ် ပေးဖို့ ပြင်ဆင်ထားတဲ့ ငွေတုံးတွေလေ၊ တန်ဖိုး သိပ်မကြီးပေမယ့် အမြင်လှတော့ ပေးလို့ အဆင်ပြေတာပေါ့၊ ကျွန်မတို့လို ငွေတုံးအကြမ်းထည်ကြီးတွေ ပေးတာမျိုးနဲ့ မတူဘူးလေ"
ဖန့်ရှီက မြေပဲတောင့်ပုံစံ ပြုလုပ်ထားသည့် ငွေတုံးလေးတစ်တုံးကို ကောက်ယူကြည့်ရင်း ပြောနေပြန်သည်။
"ဒါတွေကို လက်ဆောင်အဖြစ် ပြန်ပေးဖို့က တော်တော်ခက်တယ်၊ ဒီမြေပဲလေးဆိုရင် လုပ်ထားတာ တော်တော် လှတယ်၊ အမေ ဒါကို အပေါက်ဖောက်ပြီး ကြိုးနဲ့ သီလိုက်ရင် နင့်မောင်လေးကိုတောင် ဆွဲပေးလို့ ရနေပြီ"
စုန့်ကျဲကျင့်ကလည်း ဆံထိုးလေးများကို အမြတ်တနိုး ကိုင်ကြည့်နေသည်။ သူမက အသက်ဆယ့်လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဖြစ်ပြီး ဤကဲ့သို့ လှပသောပစ္စည်းလေးများကို နှစ်သက်ခြင်းက သဘာဝပင် ဖြစ်သည်။
လီရှီက ပြုံးပြုံးကြီး ကြည့်နေရာမှ ဆံထိုးနှစ်ခုကို ကောက်ယူကာ စုန့်ကျဲကျင့်ကို ပေးလိုက်ပြီး နောက်ထပ်နှစ်ခုကိုတော့ စုန့်တင်းရှန်းအား လှမ်းပေးလိုက်သည်။
မြေးချွေးမသုံးယောက်စလုံးအတွက်လည်း လက်စွပ်တစ်ကွင်းစီ ရွေးချယ်ပေးလိုက်သည်။ ထို့နောက် သူမက ဆက်ပြောနေသေးသည်။
"ဒီလိုပစ္စည်းကောင်းတွေရဲ့ တန်ဖိုးက ပိုက်ဆံအနည်းအများပေါ်မှာ မူတည်တာမဟုတ်ဘဲ ပေးတဲ့သူရဲ့ စေတနာပေါ်မှာပဲ မူတည်တာမျိုးပေါ့အေ၊ စာရေးတဲ့နေရာမှာသုံးတဲ့ ဒီရတနာလေးမျိုးကိုတော့ အငယ်ဆုံးသားအတွက် ချန်ထားလိုက်မယ်၊ အရောင်နုတဲ့အထည်တွေကိုတော့ ကလေးတွေအတွက် အဝတ်အစားချုပ်ပေးဖို့ သုံးကြတာပေါ့၊ ဒီအညိုရောင်ရင့်ရင့် အထည်နှစ်လိပ်နဲ့ ပန်းပွင့်လေးတွေပါတဲ့ တစ်လိပ်ကိုတော့... ငါနဲ့ နင့်တို့အဖေရဲ့ အသုဘဝတ်စုံ ချုပ်ဖို့ သုံးကြမယ်"
ဖန့်ရှီက အထည်လိပ်များကို ဖြန့်ကြည့်ရင်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ရင်း ဝင်ပြောသည်။
"အမေပြောတာ မှန်တယ်၊ ဒါက တော်တော်ကောင်းတယ်၊ အသုဘဝတ်စုံအပြင် အမေတို့အတွက် ဖိနပ်အပေါ်ပိုင်း လုပ်ဖို့အတွက်လည်း သုံးလို့ ရနိုင်တယ်၊ ဒါက အဖေနဲ့ အမေ့အတွက် တော်တော် အသုံးဝင်တယ်၊ အဲဒီဆပ်ပြာလုပ်နည်းတစ်ခုထဲကနေ ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေ အများကြီး လဲလှယ်နိုင်လိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး၊ ငါတို့ရဲ့တင်းရှန်းကတော့ တကယ်ကို ပိုက်ဆံရှာတတ်တာပဲ"
စုန့်တင်းရှန်းက သူမ၏ပါးစပ်လေးကို လက်ဖြင့်အုပ်ကာ ရယ်မောရင်း ပြန်စနောက်လိုက်သည်။
"ဒါဆို သမီး ဆီတွေကို ဖြုန်းတီးလို့ အသားမကျွေးတော့ဘူးလို့ ခြိမ်းခြောက်ခဲ့တာ ဘယ်သူများပါလိမ့်"
ဖန့်ရှီက မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး သူမ၏သမီးကို လုံးဝဂရုမစိုက်တော့ဘဲ ကျန်းရှီနှင့်သာ စကားလှည့်ပြောနေလေသည်။
.......။..........။.....
ကျိုးယိနို အိမ်မှ ထွက်သွားခဲ့သည်မှာ နှစ်နှစ်နီးပါး ရှိနေခဲ့ပြီဖြစ်သည်။ သူ့ထံမှ စာများ မကြာခဏ ရောက်ရှိလာတတ်သော်လည်း မိသားစုဝင်များက သူ့အတွက် အမြဲတမ်း စိုးရိမ်နေကြဆဲပင်။
ထိုနေ့တွင် စုန့်ကျစ်ယွမ်က မြို့ပေါ်၌ ဝက်သတ်ပြီးနောက် အိမ်သို့ ပြန်လာချိန်တွင် ကျိုးယိနို ပို့လိုက်သော စာတစ်စောင်ကို ပြန်ယူလာခဲ့သည်။ သို့သော် သူ၏မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းနေခဲ့သည်။
သူ ထိုစာအား ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည့် ဖန့်ရှီတစ်ယောက် ရင်ထဲမှ ထိတ်ခနဲ ဖြစ်သွားရသည်။
‘ကျူးဇီ... ကျူးဇီ တစ်ခုခု ဖြစ်လို့လား၊ စာလာတိုင်း ရင်ထိတ်ထိတ်နေရတော့တာပဲ’
သူမက အလောတကြီး လှမ်းမေးလိုက်သည်။
"ဘာဖြစ်လို့လဲ၊ ကျူးဇီ တစ်ခုခုဖြစ်လို့လား"
စုန့်ကျစ်ယွမ်က ပြန်ဖြေလိုက်သည်။
"ဘာလဲ၊ သူ ဘာမှ မဖြစ်ပါဘူး၊ ငါ ဒီစာကို ဖတ်တောင် မဖတ်ရသေးဘူး၊ အခုဟာက မြို့ပေါ်က ဆိုင်ခန်းကိစ္စပါ"
ပန်းထိုးသင်နေသော စုန့်တင်းရှန်းက လှမ်းမေးလိုက်သည်။
"ဆိုင်ခန်းက ဘာဖြစ်လို့လဲ.... အဖေ"
စုန့်ကျစ်ယွမ်က မကျေမနပ် ဖြစ်နေဟန်ဖြင့် ရှင်းပြလာသည်။
"ဆိုင်ငှားထားတဲ့သူက နောက်နှစ်ဆိုအတွက် စာချုပ်မတိုးတော့ဘူးတဲ့၊ အခု မြို့ပေါ်မှာ စီးပွားရေးလုပ်ရတာ အမြတ်အစွန်း မကျန်ဘူးလို့ ပြောတယ်၊ သူ တခြားနေရာကို ပြောင်းတော့မယ်ဆိုလားပဲ"
ဖန့်ရှီက စိတ်အေးသွားဟန်ဖြင့် ဝင်ပြောလိုက်သည်။
"အမလေး၊ အဲဒါက ဘာခက်လို့လဲ၊ ကျွန်မက တခြားကိစ္စ ထင်နေတာ၊ သူတို့မငှားချင်ရင်လည်း တခြားလူကို ငှားလိုက်ပေါ့၊ ဘာပြသနာရှိလို့လဲ"
စုန့်ကျစ်ယွမ်က သက်ပြင်းချရင်း ဆက်ပြောနေပြန်သည်။
“အဲဒါတော့ ဟုတ်တာပေါ့ကွ၊ ဒါပေမယ့် ငါတို့ရဲ့ဝင်ငွေ လျော့သွားမှာလေကွာ၊ အငှားအသစ်အတွက် ပွဲစားကို ပိုက်ဆံပေးရဦးမယ်၊ ဆိုင်ပြန်ငှားဖို့ ပွဲစားကို ပြောထားပေမယ့် အခုတလော မြောက်ဘက်မှာ တိုက်ပွဲတွေ ခဏခဏဖြစ်နေတော့ ဆိုင်ငှားအသစ် ရှာဖို့က လွယ်ပါ့မလား မသိဘူး"
သူ ထိုသို့ ပြောလိုက်ချိန်တွင် လူတိုင်း၏စိတ်များ လေးလံသွားကြရသည်။
နယ်စပ်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး အကယ်၍ တိုက်ပွဲအခြေအနေ ပိုမိုပြင်းထန်လာပါက သူတို့လည်း စစ်ဘေးမှ ရှောင်လွှဲနိုင်မည်မဟုတ်ပေ။ ယခုအချိန်တွင် တောင်ပိုင်းမှ ရောက်လာသည့် ကုန်သည်များပင် ရှားပါးသွားပြီဖြစ်ကာ စည်ကားလှသော မြို့ပေါ်လမ်းများကလည်း ယခင်ကလောက် အသက်ဝင်ခြင်း မရှိတော့ပေ။
‘စစ်ပွဲတွေက ပိုဆိုးလာရင် ငါတို့ရွာလေးလည်း အေးချမ်းနိုင်ပါတော့မလား၊ ကျိုးကောရော... စစ်မြေပြင်မှာ ဘယ်လောက်တောင် ပင်ပန်းနေမလဲ’
စုန့်တင်းရှန်းတစ်ယောက် စိုးရိမ်တကြီး တွေးနေမိသည်။
ယခု ဤဒေသက အတော်အတန် ငြိမ်းချမ်းနေသေးသည်ဟု ဆိုနိုင်သော်လည်း ထိုငြိမ်းချမ်းမှုက မည်သည့်အချိန်တွင် ပျက်ပြားသွားမည်ကို မည်သူမျှ မသိနိုင်ချေ။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း စုန့်တင်းရှန်းနှင့် သူမ၏မိသားစုက ကျိုးယိနိုထံသို့ ပစ္စည်းများ မကြာခဏ ပို့ပေးခဲ့သည်။ ကျိုးယိနို သူ့၏လုပ်ဖော်ကိုင်ဖက်များထံ လက်ဆောင်ပေးပြီး ဆက်ဆံရေးကောင်းများ ရနိုင်စေရန်အတွက် သူတို့က အမြဲတမ်း ပစ္စည်းများကို အပိုများ ထည့်ပေးလေ့ရှိသည်။ ရလဒ်အနေဖြင့် ဖိနပ်အောက်ခံပါသော ဂွမ်းခြေအိတ်များနှင့် ခေါင်းနှင့်မျက်နှာကို ဖုံးအုပ်နိုင်သော ခေါင်းဆောင်စများက အလွန်ပင် လူကြိုက်များလှပြီး စစ်တပ်အတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီဟု သူတို့ ပြန်သိခဲ့ရသည်။
ထိုပစ္စည်းများ၏ အသုံးဝင်မှုကြောင့် စစ်သည်များ ဆောင်းတွင်း၌ပင် ဖိနပ်ချွတ်၍ အနားယူနိုင်ကြပြီး အရေးပေါ်အခြေအနေများအတွက်လည်း စိုးရိမ်စရာမလိုတော့ပေ။ ခေါင်းပေါင်းစကလည်း ခေါင်းပေါ်သို့ တိုက်ရိုက်စွပ်ချထားနိုင်ပြီး မျက်လုံးနှစ်လုံးသာ ပေါ်နေကာ လည်ပင်းနှင့် ပုခုံးတို့ပင် ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် နှင်းထဲတွင် နားရွက်နှင့် နှာခေါင်းတို့ အေးခဲခြင်းမှလည်း သက်သာစေခဲ့သည်။
စာထဲတွင် ကျိုးယိနိုက ပုံမှန်အတိုင်း အားလုံးကို နှုတ်ဆက်ထားပြီး သူဘေးကင်းကြောင်း အသိပေးထားသည်။ ထို့အပြင် သူ၏လက်ချောင်းများ အအေးဒဏ်မှ ကာကွယ်နိုင်ရန် နည်းလမ်း ရှိ မရှိလည်း မေးမြန်းထားသေးသည်။ မြောက်ဘက်၏ ဆောင်းရာသီက အလွန်အမင်း အေးစက်သောကြောင့် ပုံမှန်အားဖြင့် အထပ်ထပ်အလွှာလွှာ ထပ်ချုပ်ထားသော လေးလံထူထဲသည့် ချည်သားလက်အိတ်ကြီးများကို ဝတ်ဆင်ရသည်။ ထို့ကြောင့် အလုပ်လုပ်ရသည်မှာ ခက်ခဲလှပြီး လက်အိတ် ချွတ်ထားပြန်လျှင်လည်း လက်ချောင်းများ ချက်ချင်း အေးခဲသွားတတ်သည်။ သူ့၏ လုပ်ဖော်ကိုင်ဖက်တချို့ လက်ချောင်းများ အေးခဲဒဏ်ရာရကုန်ကြသဖြင့် မြင်ရသည်မှာ အလွန် သနားစရာကောင်းလှကြောင်း ပြောပြထားသည်။
‘လက်ချောင်းတွေ အေးခဲတယ်ဆိုတာ သေးသေးမွှားမွှားကိစ္စ မဟုတ်ဘူး၊ ပိုးဝင်ပြီး ပုပ်သွားရင် လက်ဖြတ်ရတဲ့အထိ ဖြစ်သွားနိုင်တယ်၊ ငါ တစ်ခုခု အမြန်လုပ်ပေးမှ ဖြစ်မယ်’
စာကို ဖတ်ပြီးနောက် စုန့်တင်းရှန်းက အတွေးနှင့်အတူ သူမ၏အပေါ်အင်္ကျီကို ထပ်ဝတ်လိုက်ရင်း သူမ၏ဖခင်ဖြစ်သူကို ခွင့်တောင်းလိုက်သည်။
"အဖေ၊ သမီး ဆဋ္ဌမအဖွားရဲ့အိမ်ကို သွားလိုက်ဦးမယ်၊ သမီး ပြီးခဲ့တဲ့ရက်က သိုးမွေးတချို့ သိမ်းထားတာ ရှိတယ်၊ အဲဒါတွေ ချည်မျှင်ဖြစ်အောင် ငင်ပေးဖို့ ဆဋ္ဌမအဖွားကို အကူအညီတောင်းထားတယ်၊ အခု အဆင်သင့်ဖြစ်ပြီလား မသိဘူး"
ဖန့်ရှီက သူမ၏သမီးကို နားမလည်နိုင်ဖြစ်နေသော်လည်း သတိပေးရမည့်စကားကိုတော့ သတိပေးလိုက်သေးသည်။
"နင် အဲ့သိုးမွေးကိုတောင် ချည်ဖြစ်အောင် လုပ်ခိုင်းထားတယ်ပေါ့လေ၊ နင့်ရဲ့ ရူးပေါပေါ စိတ်ကူးတွေက အဆုံးကို မသတ်တော့ဘူး၊ အခုလည်း သိုးမွေးကို ချည်မျှင်ဖြစ်အောင် လုပ်ချင်နေပြန်ပြီ၊ အိုက်ယား.... နင် လက်ဗလာနဲ့ သွားလို့ မဖြစ်ဘူးလေ၊ ဆဋ္ဌမအဖွားကို အလကား အလုပ်လုပ်ခိုင်းလို့ ဖြစ်မလားဟဲ့၊ တစ်ခုခုတော့ ယူသွားပေးလိုက်ဦးလေ"
လီရှီက လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူကာ ကျောက်နီလက်စွပ်တစ်ကွင်းနှင့် ငွေလက်စွပ်တစ်ကွင်းကို ထုပ်ပိုးလိုက်ပြီး စုန့်တင်းရှန်းအား လှမ်းပေးလိုက်သည်။
"ဆံထိုးကိုတော့ နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးဖို့ ချန်ထားလိုက်ဦး၊ ဒီပစ္စည်းကောင်းတွေ အကုန်လုံး ကုန်သွားရင် နှစ်သစ်ကူးမှာ ဘာမှပေးစရာ မကျန်ဘဲ ဖြစ်နေဦးမယ်"
စုန့်တင်းရှန်းက ထိုလက်ကိုင်ပုဝါထုပ်ကို ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်ပြီး ဆဋ္ဌမအဘွား၏အိမ်သို့ ထွက်လာခဲ့သည်။
"တစ်နေကုန် ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နဲ့ ထူးထူးဆန်းဆန်း အတွေးတွေက များလိုက်တာ..."
ဖန့်ရှီတစ်ယောက် ပွစိပွစိ ညည်းညူနေသော်လည်း သူမ၏သမီးကို တားဆီးခြင်းတော့ မပြုခဲ့ပေ။ သူမ၏သမီး တစ်ခုခုလုပ်လိုက်တိုင်း ငွေကြေးအချို့ ရှာပေးနိုင်ခဲ့ခြင်းကြောင့် ဖန့်ရှီကလည်း သမီးဖြစ်သူ၏ စိတ်ကူးသစ်များကို ကျေကျေနပ်နပ် အကောင်အထည်ဖော်ခွင့်ပြုထားလိုက်သည်။
‘ဒီကလေးမ ဆီကို ဖြုန်းတီးခဲ့တုန်းကလိုပဲ ဒီသိုးမွေးတွေနဲ့ ဘာတွေထပ်ကြံစည်နေပြန်ပြီလဲ မသိဘူး၊ ဒါပေမဲ့ သူ လုပ်သမျှက အကျိုးမရှိတာမှ မဟုတ်တာပဲလေ’
ဖန့်ရှီတစ်ယောက် တွေးလေတွေးလေ ပိုပြုံးလာလေ ဖြစ်နေခဲ့သည်။
စုန့်တင်းရှန်း ထွက်သွားပြီး မကြာမီ သူတို့အိမ်ရှေ့သို့ ရထားလုံးကြီးတစ်စီး ရောက်ရှိလာသည်။ ရထားလုံးပေါ်တွင် ဝမ်မိသားစု၏ အမှတ်အသားပါနေသောကြောင့် လမ်းတစ်လျှောက်ရှိ လူများက အထဲမှလူကို သိချင်နေပြီး လည်ပင်းရှည်အောင် စပ်စုနေကြသည်။
ထိုရထားလုံးက စတုတ္ထအဘိုးစုန့်၏ အိမ်ရှေ့တွင် ရပ်တန့်သွားသောကြောင့် လူအများက တအံ့တဩဖြင့် စတင်ဆွေးနွေးလာကြသည်။
"ဒီအိမ်မှာ လူကြီးမင်းစုန့်ရှင်းယိ နေထိုင်လားလို့ မေးပါရစေခင်ဗျာ"
ရထားလုံးပေါ်မှ ခန့်ညားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဆင်းလာပြီး သူ့မျက်နှာပေါ်တွင် ဖော်ရွေလွန်းသော အပြုံးတစ်ခု ဆင်မြန်းထားသည်။ စုန့်ရှင်းယိကလည်း အပေါ်အင်္ကျီကို အမြန်ထပ်ဝတ်ကာ အိမ်ထဲမှ ထွက်လာခဲ့သည်။
"ဟုတ်ပါတယ်၊ ဒီလူကြီးမင်းက ဘယ်သူပါလဲခင်ဗျာ"
ထိုအမျိုးသားက ပြုံးလျက် ပြန်ဖြေလာသည်။
"ကျွန်တော်က သူကြွယ်ကြီးဝမ်ရဲ့ အိမ်တော်ထိန်း ဝမ်ချွမ်ပါ၊ နှစ်သစ်ကူး နီးလာပြီဆိုတော့ ကျွန်တော့်သခင်ကြီးက လူကြီးမင်းတို့အတွက် နှစ်သစ်ကူးလက်ဆောင် လာပို့ခိုင်းလို့ပါ"
"မြန်မြန်... အထဲကို ကြွပါဦး"
စုန့်ရှင်းယိက ထိုလူကို အိမ်ထဲသို့ အလျင်အမြန်ပင် ဖိတ်ခေါ်လိုက်သည်။ သူတို့က အရှေ့ဘက်အခန်းသို့ မသွားဘဲ စုန့်ကျစ်ရွှမ်း၏ အနောက်ဘက်အခန်းသို့ တိုက်ရိုက်ဝင်လာကြသည်။
ဝမ်ချွမ်က အခန်းထဲကို ဝေ့ကြည့်ရင်း စကားစလာသည်။
"လူကြီးမင်းရဲ့ သားဖြစ်သူက ပြည်နယ်အဆင့်စာမေးပွဲ အောင်မြင်ပြီး ကျွိရန်ဘွဲ့ ရထားတယ်လို့ ကျွန်တော် ကြားမိပါတယ်၊ ဒါက တကယ်ကို ဂုဏ်ယူစရာပါပဲ၊ ကျွန်တော်လည်း စုန့်ကျွိရန်ကို အဝေးကနေ မြင်ဖူးပါတယ်၊ သခင်လေးက တကယ်ကို ယဉ်ကျေးသိမ်မွေ့ပြီး အရည်အချင်းရှိတဲ့သူလူ တစ်ယောက်ပါ"