ကတိကဝတ်စာချုပ် (အပိုင်း ၂)
Vol. 5 Ch. 41
စုန့်ရှင်းယိက သူ့လက်များကို ပွတ်နေရင်း ရှက်နေသည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အိုက်ယား... သူက ငယ်ရွယ်လို့ နည်းနည်း ကြည့်ကောင်းနေရုံလေးပါပဲ"
ထိုသို့ ပြောပြောနေသည့်တိုင် သူ့မျက်နှာမှ အပြုံးကြီးက သူ ပျော်ရွှင်နေမှန်း သိသာနေသည်။
ဝမ်ချွမ်က ထပ်မေးလာပြန်သည်။
“သခင်လေးရဲ့ အိမ်ထောင်ရေးကို စီစဥ်ပြီးပြီလားလို့ သိပါရစေ”
စုန့်ရှင်းယိက ပြန်လည်ဖြေကြားသည်။
"အင်း၊ စီစဥ်ပြီးပြီ၊ သူ့အသက် နှစ်ဆယ့်ခြောက်နှစ်ပြည့်ရင် သူ့ဆရာရဲ့ သမီးနဲ့ လက်ထပ်တော့မှာလေ"
"ဪ... အဲဒီလိုလား..."
ဝမ်ချွမ်က အနည်းငယ် စိတ်ပျက်သွားသယောင် ဖြစ်သွားသော်လည်း အပြုံးဖြင့် တုံ့ပြန်နေဆဲပင်။
"ကျွန်တော်တို့ သခင်ကြီးက လက်ဆောင်အနေနဲ့ ပစ္စည်းအချို့ ထည့်ပေးလိုက်ပါတယ်၊ ဒါလေးတွေကို အမှတ်တရအဖြစ် လက်ခံပေးပါဦး၊ နောင်ဆိုရင်လည်း ကျွန်တော်တို့ မိသားစုနှစ်ခု အပြန်အလှန် သွားသွားလာလာနဲ့ လည်ပတ်ကြတာပေါ့၊ ကျွန်တော်တို့သခင်မကြီးကလည်း သခင်မစုန့်ကို တော်တော်လေး သဘောကျနေတာလေ၊ ဒီနေ့ ဘာလို့ သူ့ကို မတွေ့ရတာလဲ"
ရေနွေးတည်ပြီး လက်ဖက်ရည်ဖျော်ကာ အထဲသို့ ဝင်လာသော ဖန့်ရှီက ထိုစကားကို ကြားသွားပြီး ဝမ်ချွမ်ကို ကြည့်ကာ အကဲခတ်နေသည်။
စုန့်ရှင်းယိကတော့ အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။.
"အာ့နွီအာက သူ့အဘွားလေးအိမ်ကို သွားနေတယ်ကွဲ့"
ဝမ်ချွမ်က သိပါပြီဟူသော သဘောဖြင့် ခေါင်းညိတ်ရင်း ထပ်ပြောလာပြန်သည်။
"တကယ်တော့ ကျွန်တော် ဒီကို ရောက်လာတာတဲ့ နောက်ထပ်အကြောင်းကိစ္စတစ်ခုလည်း ရှိပါသေးတယ်၊ ကျွန်တော်တို့သခင်ကြီးက အဲ့ဒီဆပ်ပြာလုပ်နည်းအတွက် စာချုပ်ချုပ်ချင်လို့ပါ၊ အဲဒါ့ကို ဘယ်သူ ဆုံးဖြတ်ချက် ချပေးနိုင်မလဲလို့ ကျွန်တော် သိချင်ပါတယ်"
သူ ဤနေရာသို့ မလာခင် သခင်ကြီးဝမ်က သူ့ကို သေသေချာချာ မှာကြားထားပြီး ဖြစ်သည်။ စုန့်မိသားစုတွင် ဤကိစ္စကို ဆုံးဖြတ်နိုင်သူက စုန့်တင်းရှန်း တစ်ဦးတည်းသာ ရှိပြီး သူမကို လျစ်လျူမရှုမိစေရန် သေသေချာချာ ညွှန်ကြားလိုက်ခြင်းပင်။
ဤခေတ်ကာလတွင် အမျိုးသမီးများအနေဖြင့် ဖိနှိပ်မှုများစွာကို ရင်ဆိုင်နေရသော်လည်း အမျိုးသားများထက် မနိမ့်ကျသော အရည်အချင်းဖြင့် အိမ်ထောင်စုကို စီမံခန့်ခွဲနိုင်သည့် အမျိုးသမီးများ ရှိနေဆဲပင်။ စုန့်တင်းရှန်း၏ အမူအရာနှင့် စကားအသွားအလာပြောဆိုပုံကို ကြည့်ရုံဖြင့် သူမက သာမန်တောသူမလေးတစ်ယောက် မဟုတ်ကြောင်း သိသာလှသည်။
"စာချုပ် ဟုတ်လား"
စုန့်ရှင်းယိက သူနှင့် စုန့်တင်းရှန်းတို့ အိမ်ပြန်လာစဉ် မြေးဖြစ်သူ ပြောခဲ့သည့် စကားများကို ရုတ်တရက် သတိရသွားပြီး အခြေအနေကို နားလည်သွားခဲ့သည်။
"ဪ... အဲ့ဒီကိစ္စလား၊ ဒါကို ကျွန်တော်တို့ ဆုံးဖြတ်ပေးလို့ ရပေမယ့် အာ့နွီအာကို ပြန်ခေါ်ပြီး သူ့အမြင်ကို မေးကြည့်ရဦးမယ်၊ ဒုတိယချွေးမ... နင့်ရဲ့အဒေါ်အိမ်ကို မြန်မြန်သွားပြီး အာ့နွီအာကို သွားခေါ်ချေဦး"
"ရှင်... ဟုတ်ကဲ့၊ ဟုတ်ကဲ့"
ထိုစကားကို ကြားသည်နှင့် ဖန့်ရှီက အပြင်ဘက်သို့ အလောတကြီး ပြေးထွက်သွားသည်။
စုန့်ကျစ်ယွမ်က သူမကို ဆွဲကာ တားဆီးထားပြီး ခပ်တိုးတိုးလေး မေးမြန်းနေပြန်သည်။
"အတွင်းထဲမှာ ဘာတွေပြောနေကြတာလဲ၊ မင်း ဘယ်ကို သွားမလို့လဲ"
ဖန့်ရှီက ပြန်ဖြေလိုက်သည်။
"အာ့နွီအာကို သွားရှာမလို့၊ စာချုပ်ကိစ္စ ဆိုလားပဲ၊ ကျွန်မလည်း နားမလည်ဘူး၊ အဖေက အာ့နွီအာကို မြန်မြန်သွားပေးဆိုလို့ သွားခေါ်မလို့"
တဘက်တွင် စုန့်တင်းရှန်းက ခန်ပေါ်တွင် ထိုင်နေပြီး သူမ၏ ဆဋ္ဌမအဘွား ချည်ငင်နေသည်ကို ထိုင်ကြည့်နေသည်။
မူလက အဆီများဖြင့် စေးကပ်ကာ ကြမ်းတမ်းလေးလံနေသည့် သိုးမွေးများက ရေနွေးပွက်ပွက်ထဲတွင် အပြုတ်ခံလိုက်ပြီးနောက် လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကြမ်းတမ်းမှုများ ပျောက်ကွယ်သွားကာ သိုးမွေးများက ဆဋ္ဌမအဘွား၏ လက်ချောင်းများကြားတွင် အဖြူရောင် အမွေးပွလေးများအဖြစ် နူးညံ့ပျော့ပြောင်းစွာ တင်ကျန်နေသည်။
ကျွမ်းကျင်ဖျတ်လတ်သော လက်ချောင်းများက ထိုသိုးမွေးများကို ညီညာချောမွေ့သည့် ချည်မျှင်များဖြစ်အောင် ဖန်တီးနေပြီး ဆဋ္ဌမအဘွား၏လှုပ်ရှားမှုများက မျက်လှည့်ပြနေသည့်အလား အံ့ဩစရာကောင်းနေခဲ့သည်။ စုန့်တင်းရှန်းတစ်ယောက် ဆဋ္ဌမအဘွား၏ ကျွမ်းကျင်မှုကြောင့် ထိုကုန်ကြမ်းပစ္စည်းများမှ သိမ်မွေ့နူးညံ့သော အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံကို မှင်တက်စွာ ငေးကြည့်နေမိသည်။
သိုးမွေးအနည်းငယ်သာ ကျန်တော့သဖြင့် မကြာမီ ချည်ငင်၍ ပြီးသွားခဲ့သည်။ ဆဋ္ဌမအဘွားက ချည်မျှင်များကို သူမအား လှမ်းပေးရင်း မေးလာပြန်သည်။
"ဒီသိုးမွေးချည်က နည်းနည်းကြမ်းတော့ ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ဖို့ မသင့်တော်ဘူး၊ တင်းရှန်း၊ နင်က အဲဒါနဲ့ ဘာလုပ်မယ် စိတ်ကူးထားလို့လဲ"
"ဟုတ်ကဲ့၊ ခန္ဓာကိုယ်ပေါ်မှာ တိုက်ရိုက် ဝတ်လို့ မရတာကို သမီး သိပါတယ်၊ ကျွန်မက ဒီအရာတွေ အအေးဒဏ်ကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်မလဲလို့ စမ်းကြည့်ချင်ရုံပါ၊ ဒါနဲ့ ဆဋ္ဌမအဖွား... ဒီသိုးမွေးချည်တွေက ဘာလို့ နှစ်မျိုးကွဲနေတာလဲ"
သူမ၏လက်ထဲသို့ ချည်လုံးရောက်လာပြီး ကိုင်ကြည့်လိုက်ရမှသာ စုန့်တင်းရှန်လည်း ချည်သားအနေအထား မတူညီသည်ကို သတိပြုမိသွားရသည်။
ဆဋ္ဌမအဘွားက အပြုံးဖြင့် ပြန်ရှင်းပြလာသည်။
"အဖွားက သိုးမွေးတွေကို အမျိုးအစား ခွဲလိုက်တာပါ၊ ပိုနူးညံ့တဲ့ အမွေးကနေ ပိုနူးညံတဲ့ ချည်ရတယ်၊ အမွေးကြမ်းတွေကတော့ ချည်ကြမ်းပေါ့၊ ငါ သက်သက်စီ ငင်ထားပေးတယ်၊ နင့်အတွက် အသုံးဝင်ဖို့ ငါ မျှော်လင့်တယ်"
"အို... ဆဋ္ဌမအဖွားက အရမ်း ကြင်နာတတ်တာပဲ"
စုန့်တင်းရှန်းက သူမ၏ဆဋ္ဌမအဘွားကို တင်းတင်းကျပ်ကျပ် ဖက်လိုက်သောကြောင့် ဆဋ္ဌမအဘွား ရှက်သွားကာ သူမ၏ပါးပြင်များလည်း နီမြန်းလာသည်။
"ဒီ ဆိုးသွမ်းတဲ့ကလေးမလေးကတော့.... စကားတော်တော်တတ်လာပြီး မြှောက်ပင့်တဲ့နေရာမှာလည်း ပိုတော်လာတယ်၊ ကဲ... ဒါတွေကို ပြန်ယူသွား၊ ဒါက ချည်လေး ငင်ပေးရုံသက်သက်ပဲ၊ ဒီလောက်စျေးကြီးတဲ့ လက်ဆောင်မျိုး ပေးစရာ မလိုပါဘူးအေ"
ဆဋ္ဌမအဘွားက စုန့်တင်းရှန်း ပေးခဲ့သော ပဝါထုပ်ကို စုန့်တင်းရှင်း၏အိတ်ထဲသို့ ပြန်ထိုးထည့်ပေးနေသည်။
စုန့်တင်းရှန်းက ထိုလက်ဆောင်ကို ပြန်မယူဘဲ အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ဒါက ကျွန်မရဲ့ အဒေါ်နဲ့ ယောင်းမတို့ ဝတ်ဖို့ ပေးတာပါ၊ အဖွားကိုယ်တိုင် ကျွန်မကို ထည့်ပေးလိုက်တာ၊ တကယ်လို့ ဒါကို ပြန်ယူသွားရင် ကျွန်မ အဖွားဆီမှာ အဆူခံရလိမ့်မယ်၊ ပြီးတော့ ကျွန်မတို့လည်း ဒါတွေကို သူများဆီကနေ လက်ဆောင်ရတာပါ၊ ကျွန်မနဲ့ ကျဲကျင့်တို့လည်း တစ်ယောက်တစ်မျိုးစီ ရခဲ့ကြတယ်"
ဆဋ္ဌမအဘွားကတော့ ငြင်းဆန်နေဆဲပင်။
"ငါတို့က တောသူတောင်သားတွေလေ၊ ဒါတွေဝတ်ထားရင် အလုပ်လုပ်ရတာ ခက်ကုန်မှာပေါ့"
စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"အခု ကျွန်မတို့ရဲ့ ဒေါ်လေးက အသက်ဆယ့်နှစ်နှစ် ရှိနေပြီ မဟုတ်ဘူးလား၊ နောက်ထပ် နှစ်အနည်းငယ်အတွင်း အပျိုဖြစ်လာတော့မယ်၊ ပြီးတော့ ယောင်းမကလည်း အမြဲတမ်း အလုပ်ရှုပ်နေတာဆိုတော့ နှစ်သစ်ကူးမှာ လှလှပပလေး ပြင်ဆင်သင့်တာပေါ့၊ ဆဋ္ဌမအဖွား သူတို့အတွက် တွေးပြီး ဒါကို လက်ခံပေးပါ၊ ဆဋ္ဌမအဖွား မယူရင် ကျွန်မ ဒေါ်လေးနဲ့ ယောင်းမကို တိတ်တိတ်လေး သွားပေးလိုက်မှာနော်"
ဆဋ္ဌမအဘွားက မငြင်းနိုင်တော့ဟန်ဖြင့် ဆူပြော ပြောလာခဲ့သည်။
"နင်ကတော့လေ တကယ့်ကို စကားတတ်တဲ့ ကောင်မလေးပဲ၊ ဘယ်သူနဲ့ တူလို့ တူမှန်းတောင် မသိတော့ဘူး၊ ကဲ... ဒါဆိုလည်း အဖွား သိမ်းထားလိုက်မယ်၊ ဒီလောက် စျေးကြီးတဲ့ လက်ဆောင်မျိုးတွေကိုအေ... ဟူး..."
စုန့်တင်းရှန်းက ထပ်ပြောလိုက်သည်။
"ဒါက လက်စွပ်လေး နှစ်ကွင်းပဲကို၊ ဆဋ္ဌမအဖွားကလည်း.... စိတ်ထဲ ထားမနေပါနဲ့၊ လက်ဆောင်ဆိုတာက တန်ဖိုးကို တွက်နေဖို့ မလိုပါဘူး၊ အသုံးဝင်ဖို့ပဲ အရေးကြီးတာ၊ ပြီးတော့ ဆဋ္ဌမအဖွားတို့ရော ဒီလက်စွပ်လေးလောက်ကို မဝယ်နိုင်ဘဲ ရှိပါ့မလား၊ ဒါက ကျွန်မတို့ရဲ့ စေတနာပါ၊ ဘာပဲဖြစ်ဖြစ်၊ ကျွန်မ ဒီအတောအတွင်း ဆဋ္ဌမအဖွား အလုပ်ရှုပ်အောင် တော်တော်လေး နှောက်ယှက်ပြီးပြီ၊ ဆဋ္ဌမအဘိုးက ကျွန်မလာတိုင်း မျက်နှာထားတင်းတင်းနဲ့ စိုက်ကြည့်နေတာ"
ဆဋ္ဌမအဘွားက ရယ်မောရင်း ပြန်ပြောလိုက်သည်။
"သူက ဘာလို့ မျက်နှာတင်းနေရမှာတုန်းအေ၊ ဒီရက်ပိုင်း နင် အဖွားတို့အိမ်ကို ပစ္စည်းကောင်းတွေ အများကြီး ပို့ပေးနေတာ မဟုတ်ဘူးလား၊ သူ ပျော်တောင်မှ ပျော်နေတာလေ"
အိမ်နီးချင်းကောင်း ပီသသည့် စုန့်တင်းရှန်းတို့ မိသားစုက သူတို့ကိုယ်တိုင် ပြုလုပ်ထားသော ချဉ်ဖတ်များကို အိမ်ထောင်စု အတော်များများသို့ ဝေငှပေးခဲ့သည်။ ထိုချဉ်စပ်အရသာရှိသော စားစရာလေးများက အိမ်နီးချင်းများကြားမှ ရင်းနှီးမှုနှင့် ကျေးဇူးတင်မှုကို ဖော်ပြခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ဆဋ္ဌမအဘိုးက သူ့ဇနီးဖြစ်သူ ထိုစားစရာကို ကြိုက်မှန်း သိသွားပြီး သူ့ကိုယ်တိုင် စုန့်ကျစ်ယွမ်၏ ဝက်သားဆိုင်မှ ဂေါ်ဖီထုပ်ချဉ်အချို့ သွားရောက်ဝယ်ယူခဲ့သည်။ သူက ထိုဆိုင်တွင် အကောင်းဆုံး ဂေါ်ဖီထုပ်ချဉ်များကို သေသေချာချာ ရွေးချယ်နေခဲ့ပြီး ဇနီးဖြစ်သူ ပျော်ရွှင်သွားမည့်အရေးကို တွေးကာ သူ့နှုတ်ခမ်းထောင့်များ ကွေးထက်သည်အထိ ပြုံးနေခဲ့သည်။
အိမ်သို့ ပြန်ရောက်လာချိန်တွင် ဆဋ္ဌမအဘိုးက သူ ဝယ်လာသော ဂေါ်ဖီထုပ်ချဉ်များကို ဂုဏ်ယူစွာဖြင့် ထုတ်ပြလိုက်သည်။ ၎င်းကို မြင်လိုက်ရသော ဆဋ္ဌမအဘွား၏မျက်နှာမှ ဝမ်းသာအားရ ဖြစ်သွားသည့် ထိုအမူအရာက ဆဋ္ဌမအဘိုး၏ ရင်ကို နွေးထွေးသွားစေခဲ့သည်။
ဆဋ္ဌမအဘွားကလည်း အချိန်မဆွဲဘဲ ထိုအရာကို ဟင်းပွဲအဖြစ် ချက်ချင်း ပြင်ဆင်ခဲ့သည်။ နှစ်ယောက်သား အရသာရှိသော ထမင်းဝိုင်းကို မြိန်ယှက်စွာ စားသောက်နေကြစဉ် ဆဋ္ဌမအဘိုးခမျာ ဂုဏ်ယူမဆုံး ဖြစ်ခဲ့ရသည်။ ဇနီးဖြစ်သူက ထိုဂေါ်ဖီထုပ်ချဉ်ကို အလွန်နှစ်သက်သဖြင့် ပုံမှန်စားနေကျထက် ထမင်းပန်းကန် တစ်ဝက်ခန့် ပိုစားခဲ့ရာ ဆဋ္ဌမအဘိုးကို အလွန် ပျော်ရွှင်စေခဲ့သည်။
‘ငါ့မိန်းမ ဒီလောက်ပျော်နေတာ မြင်ရတော့ ဝယ်ရကျိုးနပ်တာပေါ့’
သူမတို့ စကားကောင်းနေကြစဉ်မှာပင် ဖန့်ရှီတစ်ယောက် အမောတကော ပြေးဝင်လာသည်။
"ဆဋ္ဌမအဒေါ်၊ ကျွန်မရဲ့အာ့နွီ ဒီမှာ ရှိနေသေးလား"
"ရှိတယ်၊ သမီး ဒီမှာ"
စုန့်တင်းရှန်းက အခန်းထဲက ထွက်လာပြီး မိခင်ဖြစ်သူကို လှမ်းမေးလိုက်သည်။
"ဘာဖြစ်လို့လဲ အမေ၊ အမေ ဘာလို့ ဒီလောက်တောင် ချွေးတွေ ပြန်နေရတာလဲ"
"အိမ်မှာ ဧည့်သည်ရောက်နေတယ်၊ နင့်အဘိုးက နင့်ကို ပြန်ခေါ်လာဖို့ ခေါ်ခိုင်းလိုက်လို့ အမေ ပြေးလာခဲ့တာ"
စုန့်တင်းရှန်း၏ မျက်လုံးများက တလက်လက် တောက်ပလာသည်။
"ဧည့်သည်က ဝမ်မျိုးရိုးရှိတဲ့ သူလား"
"ဟဲ့၊ နင်က ဘယ်လိုသိတာလဲ၊ ဟုတ်တယ်၊ ဝမ်မျိုးရိုးပဲ"
ဖန့်ရှီက တတွတ်တွတ်ပြောနေရင်း ခေါင်းညိတ်လိုက်သည်။
"မြန်မြန် ပြန်ရမယ်"
"ယောင်းမ၊ ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေရတာလဲ၊ တင်းရှန်းကို ဒီမှာ ညစာ စားဖို့ ပြောထားတယ်လေ"
ဆယ့်နှစ်ယောက်မြောက်ဦးလေး၏ဇနီးက ကန့်လန့်ကာ နောက်မှ ချောင်းကြည့်ရင်း အပြုံးဖြင့် လှမ်းပြောလိုက်သည်။
"ဒီနေ့ အိမ်မှာ ဂေါ်ဖီထုပ်အစာသွပ်ထားတဲ့ ဖက်ထုပ်အကြီးကြီးတွေ ပေါင်းနေတာလေ"
ဖန့်ရှီကလည်း အပြုံးဖြင့်ပင် ပြန်ပြောလိုက်သည်။
"တခြားနေ့တွေဆိုရင်တော့ သူ့ကို ဒီမှာပဲ ထားခဲ့ပြီး စားခိုင်းမိမှာ သေချာတယ်၊ ဒါပေမယ့် ဒီနေ့တော့ မဖြစ်ဘူး၊ အိမ်မှာ ဧည့်သည်ရှိနေတော့ သူ့ကို အမြန်ပြန်ခေါ်သွားမှ ဖြစ်မယ်"
ဖန့်ရှီ၏ အရေးတကြီးဖြစ်နေသော အမူအရာကို ဆယ့်နှစ်ယောက်မြောက်ဦးလေး၏ဇနီးလည်း ဆက်မတားနိုင်တော့ပေ။
"ကောင်းပြီ၊ ကောင်းပြီ၊ ဒါဆိုလည်း အမြန် ပြန်ကြတော့၊ ဒါနဲ့ စကားမစပ် ယောင်းမတို့ ဘယ်တော့ ဝက်ဆီ ကြိုဦးမှာလဲ၊ ကျွန်မတို့ဆီကို တစ်ပန်းကန်လောက် ပို့ပေးဖို့ မမေ့နဲ့ဦးနော်"
"မမေ့ပါဘူး၊ တင်းရှန်းတို့ ဦးလေးရဲ့ မင်္ဂလာပွဲကို လာဖို့လည်း မမေ့နဲ့ဦးနော်"
ဖန့်ရှီက ပြောနေရင်းဖြင့် ပစ္စည်းများ ပြန်ထုပ်ပိုးပြီးသွားသည့် စုန့်တင်းရှန်းကို ဆွဲကာ အိမ်သို့ အမြန်ပြန်လာခဲ့သည်။
အိမ်ထဲတွင် စုန့်ရှင်းယိက ဝမ်ချွမ်နှင့်အတူ လက်ဖက်ရည်သောက်ရင်း အဆာပြေမုန့်များ စားနေကြသည်။
ထိုမုန့်များက အိမ်တွင်ပြုလုပ်ထားသော ဆီကြော်မုန့်များဖြစ်ပြီး တစ်ဝက်ကို သကြားဖြူးထားကာ ကျန်တစ်ဝက်ကိုတော့ ဆားနှင့် ငရုတ်ကောင်းမှုန့် ဖြူးထားသဖြင့် မွှေးကြိုင်ကြွပ်ရွနေပြီး အထားခံသည့် မုန့်များ ဖြစ်လာခဲ့သည်။ ကလေးများကို ကျွေးရန်အတွက် နှစ်စဉ် ပြုလုပ်လေ့ရှိသော မုန့်တစ်မျိုးလည်း ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က ဝမ်အိမ်တော်သို့ စုန့်တင်းရှန်း သွားရောက်ခဲ့စဉ် ဝမ်ချွမ်နှင့် မတွေ့ခဲ့ရပေ။ ယခု သူမကို မြင်လိုက်ရချိန်တွင် ဝမ်ချွမ်က အလျင်အမြန် မတ်တတ်ထရပ်ပြီး နှုတ်ဆက်လာခဲ့သည်။
"ဒါက ဒုတိယမိန်းကလေးစုန့်ပဲ ဖြစ်ရမယ်၊ စုန့်မိန်းကလေး ကျွန်တော်က ဝမ်ချွမ်ပါ၊ ကျွန်တော့်ရဲ့ နှုတ်ဆက်မှုကို လက်ခံပေးပါဦး"
‘ဒီမိန်းကလေးက တကယ့်ကို အေးဆေးတည်ငြိမ်ပြီး အမြင်ကျယ်တဲ့ပုံပဲ၊ သခင်ကြီး ပြောတာ မမှားဘူး’
ဝမ်ချွမ်က စုန့်တင်းရှန်းကို ကြည့်ရင်း တွေးနေခဲ့သည်။
စုန့်တင်းရှန်းက ဝမ်ချွမ်ကို အလျင်အမြန်ပင် ထိန်းမပေးရင်း ပြန်ပြောလိုက်သည်။
"ဦးလေးဝမ်ချွမ်၊ ကျွန်မကို မိန်းကလေးလို့ မခေါ်ပါနဲ့ရှင်၊ ကျွန်မက အိမ်ထောင်ပြုပြီးသားပါ"
ဝမ်ချွမ်က ထိုအချိန်မှ သတိရသွားပုံဖြင့် တောင်းပန်လာသည်။
"ဟုတ်သားပဲ၊ ကျွန်တော် မေ့သွားတယ်၊ ကျွန်တော် စုန့်အမျိုးသမီးလေးလို့ပဲ ခေါ်ရတော့မှာပေါ့"
စုန့်တင်းရှန်းက အပြုံးဖြင့် လှမ်းမေးလိုက်သည်။
"ဦးလေးဝမ်ချွမ်၊ ကျွန်မတို့ကို လာရှာတဲ့ အကြောင်းအရင်းလေး သိလို့ရမလားရှင့်"
နောက်ဆုံးတွင် ဝမ်ချွမ်က အဓိကအကြောင်းအရင်းကို စပြောလာသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က စုန့်အမျိုးသမီးလေးက သခင်ကြီးကို နည်းလမ်းတစ်ခု ပေးခဲ့တယ်လေ၊ စုန့်အမျိုးသမီးလေး ပြန်သွားပြီးတဲ့နောက်မှာ ကျွန်တော်တို့ သခင်ကြီးက အဲဒီနည်းကို အလကားယူထားလိုက်သလို ဖြစ်နေမှန်း ပြန်စဉ်းစားမိပြီး စိတ်မကောင်း ဖြစ်နေရှာတယ်၊ ဒါကြောင့် သဘောတူညီချက် စာချုပ်တစ်ခုလောက် လုပ်ထားသင့်တယ်လို့ သူ ယူဆမိသွားပုံပဲ၊ မဟုတ်ရင် သူ စုန့်မိသားစုဆီကနေ ဒီနည်းလမ်းကို အလကားယူလိုက်သလိုမျိုး ဖြစ်နေမှာလေ"
စုန့်တင်းရှန်းက မပျက်ပြယ်နိုင်သည့် အပြုံးတစ်ခု ဆင်မြန်းရင်း ပြန်ပြောလိုက်သည်။
"အဲဒီလိုဆိုရင်တော့ စာချုပ်ချုပ်တာက အသင့်တော်ဆုံးပါပဲ၊ ကျွန်မ အဲဒီနည်းလမ်းကို သခင်ကြီးဝမ်ဆီ ပေးပြီးပြီဆိုမှတော့ သခင်ကြီး စိတ်အေးရအောင် လုပ်ပေးချင်ပါတယ်"
စုန့်ရှင်းယိကလည်း ဘေးမှ အဆောတလျင် ဝင်ပြောလိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ သူကြွယ်ကြီးဝမ် စိတ်အေးသွားအောင် လုပ်ပေးမှာ ဖြစ်မှာပေါ့၊ ဒီမှာ စက္ကူနဲ့ စာရေးစုတ်တံ ရှိပါတယ်၊ အိမ်တော်ထိန်းဝမ်ကပဲ စာချုပ်လေး ရေးပေးပါဦး"
"အဲဒီလောက်အထိ အလုပ်ရှုပ်ခံစရာ မလိုပါဘူး၊ သခင်ကြီးက စာချုပ်ကို အဆင်သင့် ပြင်ပေးလိုက်ပါတယ်၊ စုန့်အမျိုးသမီးလေး စိတ်တိုင်းကျတယ်ဆိုရင် လက်မှတ်ထိုးလိုက်ရုံပါပဲ၊ ပြီးတော့ အဘိုးစုန့်လည်း သက်သေအဖြစ် လက်မှတ်ထိုးပေးဖို့ မျှော်လင့်ပါတယ်"
ထို့နောက် သူက သူ့အိတ်ကပ်ထဲမှ စာရွက်အချို့ကို ထုတ်ပေးလိုက်သည်။
စုန့်တင်းရှန်းက ထိုစာရွက်များကို သေသေချာချာ ဖတ်ကြည့်လိုက်ပြီး စာချုပ်ပါ အချက်အလက်များက အတော်ပင် ရိုးရှင်းနေသည်။ ဤငါးနှစ်အတွင်း ဆပ်ပြာလုပ်နည်းအား အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထပ်မံမပေးရန်သာ ဖော်ပြထားပြီး ငါးနှစ်ကျော်လွန်သွားပါက သူမ၏သဘောအတိုင်း ဆောင်ရွက်နိုင်သည်ဟု ရေးသားထားသည်။
‘သူကြွယ်ကြီးဝမ်က တကယ်ကို တွက်ချက်တတ်တာပဲ၊ ဒီငါးနှစ်ဆိုတဲ့ အချိန်အတွင်းမှာ ဒီနည်းလမ်းကို သုံးပြီး ဆပ်ပြာအမျိုးမျိုး ထုတ်လုပ်နိုင်ရင် အမြတ်အစွန်းတွေ အများကြီး ရှာနိုင်တာကို သူသိနေတာပဲ’
‘သူကြွယ်ကြီးဝမ်လိုမျိုး အရည်အချင်းရှိတဲ့သူရဲ့ လက်ထဲကို ဆပ်ပြာလုပ်နည်း ရောက်သွားပြီဆိုတော့ ဒီငါးနှစ်အတွင်း အမြတ်အစွန်းများများ ရစေမယ့် ဆပ်ပြာထုတ်ကုန်အမျိုးမျိုး ထွက်ရှိလာတော့မှာ သေချာတယ်။ ဒီအခွင့်အရေးက ဘယ်လိုမှ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုပဲ’
‘ဒါပေမယ့် ဆပ်ပြာလုပ်နည်းက အရမ်းရိုးရှင်းလွန်းတယ်၊ အချိန်ကြာလာတာတဲ့အမျှ အခြားသူတွေကလည်း အလွယ်တကူ တုပလာကြတော့မယ်။ အဲ့အချိန်ရောက်လာရင် ဆပ်ပြာရဲ့တန်ဖိုး ကျဆင်းသွားမှာ သေချာတယ်’
စုန့်တင်းရှန်း စဉ်းစားခန်းဝင်နေစဥ် ဝမ်ချွမ်က ထပ်မေးလာပြန်သည်။
"စုန့်အမျိုးသမီးလေး၊ ဒီသဘောတူညီချက်မှာ တစ်ခုခု အဆင်မပြေတာ ရှိလို့လား"
စုန့်တင်းရှန်းက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
"သခင်ကြီးဝမ်က သေသေချာချာ စဉ်းစားထားတာပဲ၊ ကျွန်မတို့ အနေနဲ့ ဒီနည်းလမ်းကို သခင်ကြီးအတွက် ပေးပြီးပြီဆိုမှတော့ တခြားသူကို ထပ်ပေးမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီနည်းလမ်းက အရမ်းရိုးရှင်းတော့ ဒီငါးနှစ်မပြည့်ခင်မှာ တစ်စုံတစ်ယောက်က ရိပ်မိသွားခဲ့ရင်..."
ဝမ်ချွမ်က အပြုံးဖြင့် စကားဖြတ်ပြောလာခဲ့သည်။
"စုန့်အမျိုးသမီးလေးအနေနဲ့ အဲဒီအတွက် စိုးရိမ်နေဖို့ မလိုပါဘူး၊ ကျွန်တော်တို့ သခင်ကြီးမှာ ဒါကို လျှို့ဝှက်ထားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်"
စုန့်တင်းရှန်းကလည်း စိတ်သက်သာရာ ရသွားဟန်ဖြင့် ပိုပြုံးပြလိုက်သည်။
"ဒါဆိုရင်တော့ ကျွန်မဘက်က စိုးရိမ်စရာ မရှိတော့ပါဘူး၊ ကျွန်မလည်း မပြောဘူး၊ ဝမ်သခင်ကြီးနဲ့ ဝမ်သခင်မကြီးတို့လည်း မပြောဘူးဆိုရင်တော့ တခြားဘယ်သူမှ သိနိုင်တော့မှာ မဟုတ်ပါဘူး"
ဝမ်ချွမ်က အံ့ဩသွားပြီး စုန့်ရှင်းယိကို တစ်ချက် လှမ်းကြည့်လိုက်သည်။
စုန့်ရှင်းယိက လက်ကာပြရင်း ရှင်းပြလိုက်သည်။
"ဒီနည်းလမ်းက သူ့ဘာသာသူ တွေးမိပြီး သူ့ဘာသာတစ်ယောက်တည်း လုပ်ထားတာပါ၊ ငါတို့တွေ ဘာကိုမှ ဝင်မပါခဲ့ဘူး"
ဝမ်ချွမ်က စိတ်အေးသွားပုံရပြီး စုန့်တင်းရှန်းနှင့် စုန့်ရှင်းယိတို့ လက်မှတ်ထိုးထားသည့် စာချုပ်ကို ပြန်ယူလိုက်သည်။ ထို့နောက် စုန့်မိသားစုအတွက် စာချုပ်တစ်စုံ ချန်ထားခဲ့ပြီးနောက် သူကြွယ်ကြီးအိမ်တော်သို့ ပြန်ထွက်ခွာသွားခဲ့သည်။
‘ဒီမိန်းကလေးက အသက်ငယ်ပေမယ့် တကယ့်ကို အကွက်မြင်တာပဲ၊ နောင်တစ်ချိန်မှာ စုန့်မိသားစုအတွက် အားကိုးရမယ့်သူ ဖြစ်လာမှာ သေချာတယ်’
ဝမ်ချွမ်တစ်ယာက် ရထားလုံးပေါ် တက်နေရင်း တွေးနေပြန်သည်။