← Chapters

သွန်သင်မှု (အပိုင်း ၂)

Vol. 5 Ch. 43

သွန်သင်မှု (အပိုင်း ၂)

Vol. 5 Ch. 43

"အိုး၊ ဘုရားရေ...."

ဖန့်ရှီက လက်ဆောင်ပစ္စည်းများကို ကြည့်ရင်း အံ့ဩမှင်တက်စွာ ရေရွတ်လိုက်သည်။

"ဘာလို့ ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေ အများကြီး ပို့လိုက်ရတာတုန်း၊ ဒါက တကယ်ပဲ အပြန်အလှန်ပေးတဲ့ လက်ဆောင်ရော ဟုတ်သေးရဲ့လား၊ အဲဒီဆပ်ပြာလုပ်နည်းက တကယ်ပဲ ဒီလောက်တောင် တန်ဖိုးရှိနေတာလား"

စုန့်တင်းရှန်းကတော့ ဤအရာများက ရေခဲတောင်၏ အဖျားပိုင်းမျှသာ ရှိသေးကြောင်း စိတ်ထဲမှ တွေးနေမိသည်။

‘ဒါတွေက ငါ မြင်ဖူးတာပစ္စည်းတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးဘူး’

‘ငါ့ရဲ့ ဆပ်ပြာလုပ်နည်းက သူကြွယ်ကြီးဝမ်အတွက် ရွှေတွင်းကြီးတစ်တွင်း ရလိုက်သလိုမျိုး ဖြစ်နေတာလေ၊ သူ အခုပေးလိုက်တာတွေက သူ့အတွက် ဘာမှမဟုတ်ပေမယ့် ငါတို့မိသားစုအတွက်တော့ ရတနာတွေနီးနီး တန်ဖိုး ရှိနေပြီလေ’

လီရှီက သူမရှေ့တွင် ခင်းကျင်းထားသော ပစ္စည်းများကို မယုံကြည်နိုင်သည့် မျက်ဝန်များဖြင့် ငေးကြည့်နေသည်။ သူမ ခင်ပွန်းဖြစ်သည့် စုန့်ရှင်းယိကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာတွင်လည်း အံ့ဩတုန်လှုပ်မှုများ ထင်ဟပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ ထို့နောက် သူတို့နှစ်ဦးစလုံး၏ အကြည့်များက မမျှော်လင့်ဘဲ ရောက်ရှိလာသော ဤကံကောင်းမှုများကို ဆောင်ကြဉ်းပေးခဲ့သည့် စုန့်တင်းရှန်းဆီသို့ ရောက်ရှိသွားခဲ့သည်။

ပြီးခဲ့သည့်အကြိမ်က စုန့်တင်းရှန်း ယူဆောင်လာခဲ့သော ပစ္စည်းများက နည်းနည်းလေးသာ ဖြစ်ပြီး တန်ဖိုးလည်း သိပ်မရှိသောကြောင့် သူမ ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ပြီး ကျန်ရှိသည့်ပစ္စည်များကို စုန့်တင်းရှန်းအတွက် ချန်ထားပေးရန် စီစဉ်ခဲ့သည်။ သို့သော် ယခု ပစ္စည်းများကတော့ များပြားလွန်းနေပြီး သူမကိုယ်တိုင် ခွဲဝေပေးရန် မဝံ့မရဲ ဖြစ်နေရသည်။

စုန့်တင်းရှန်းက လီရှီ၏အခက်အခဲ နားလည်နေပြီး အပြုံးလေးဖြင့် တောင်းဆိုလိုက်သည်။

"သမီးက ဒီနှစ်မှ ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်၊ နှစ်သစ်ကူးပြီးမှ ဆယ့်ခုနစ်နှစ်ထဲကို ရောက်မှာ၊ ဒီလိုပစ္စည်းမျိုးတွေကို တစ်ခါမှ မမြင်ဖူးဘူး၊ အဖိုးနဲ့ အဘွားကပဲ ဆုံးဖြတ်ပေးပါ"

"ဒါက..."

လီရှီတစ်ယောက် တွန့်ဆုတ်နေမြဲပင်။

ဤအရာအားလုံးက စုန့်တင်းရှန်း၏ အရည်အချင်းဖြင့် ရရှိလာခြင်း ဖြစ်ပြီး ယခင်ကလို လက်စွပ်လေး တစ်ကွင်း နှစ်ကွင်း သို့မဟုတ် သာမန် ဆံထိုးလေးများ မဟုတ်သောကြောင့် မိမိတို့ စိတ်ကြိုက် ခွဲဝေရန် မလွယ်ကူလှပေ။ ဤပစ္စည်းများက ငွေအစစ်များ ဖြစ်သည့်အပြင် သူတို့ကိုယ်တိုင် သုံးနေကျ ပစ္စည်းများထက် အရည်အသွေးများစွာ သာလွန်နေသည်။

ဖန့်ရှီက နူးညံ့သော ဂွမ်းထည်စတစ်စကို ထိကြည့်နေရင်း တစ်ခုခု ပြောချင်သယောင် ဖြစ်နေခဲ့သည်။ သို့သော်လည်း သူမက သူမ၏ပါးစပ်ကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေပြီး နောက်ဆုံးတွင် ဘာမှ မပြောတော့ပေ။ သူမက ခေါင်းကိုသာ ငုံ့ထားပြီး သူမ ဘာတွေးနေသည်ကိုမူ မည်သူမျှ မသိနိုင်ကြပေ။

လီရှီက ခဏမျှ တိတ်ဆိတ်နေပြီးမှ ဆုံးဖြတ်ချက်ချပေးလိုက်သည်။

"တင်းရှန်း၊ တကယ်တမ်း ပြောရရင် ဒီပစ္စည်းတွေ အားလုံးက နင့်ပစ္စည်းတွေပဲ၊ ဘာပဲပြောပြော အခု နင်က အိမ်ထောင်ကျပြီးနေပြီ၊ ဒီအရာတွေက ကျိုးမိသားစုနဲ့ပဲ ဆိုင်တော့တယ်"

စုန့်တင်းရှန်းက စကားစဖြတ် ပြောလိုက်သည်။

"အဲဒါက ဘယ်လို ဖြစ်နိုင်မှာလဲ၊ အဖိုးနဲ့အဖွား၊ အဖေနဲ့အမေ၊ ပြီးတော့ ဦးလေးနဲ့ အဒေါ်တို့သာ သမီးကို ဝိုင်းမကူပေးကြရင် သမီး ဒီပစ္စည်းတွေကို ဘယ်လိုလုပ် ရနိုင်မှာလဲ"

သူမက ဘေးပတ်ပတ်လည်ရှိ လူများ၏ မျက်နှာအမူအရာကို ဝေ့ကြည့်လိုက်ပြီး တစ်ခုခုကို ရုတ်တရက် နားလည်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဤခေတ်ကာလက ရှေးခေတ်ဖြစ်ပြီး အိမ်ထောင်ကျပြီးသား သမီးတစ်ယောက်၏ တင်တောင်းပစ္စည်း သို့မဟုတ် ပိုင်ဆိုင်မှုများကို မိဘအိမ်မှ လူများ သိမ်းပိုက်ထားသည်ဟု လူအများသိသွားပါက အပြောအဆို ခံရနိုင်ပေသည်။ ယခင်က စုန့်တင်ရှန်း ရရှိခဲ့သော ပစ္စည်းများကို လီရှီ ခွဲဝေပေးခဲ့ခြင်းက ထိုပစ္စည်များကို စုန့်တင်းရှန်း ပြုလုပ်ချိန်၌ အိမ်မှ ပစ္စည်းများကို အများအပြား အသုံးပြုခဲ့ပြီး ရလဒ်ကို အိမ်သားများအားလုံး ခွဲဝေခံစားသင့်သည်ဟု ယူဆနိုင်သောကြောင့် ဖြစ်သည်။

သို့သော် ယခု ပစ္စည်းများက များပြားလွန်းနေပြီး စုန့်တင်းရှန်းက ဂျင်ဆင်းကိုပင် အဘိုးနှင့်အဘွားအတွက် ပေးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်ကျပြီးသား သမီး သို့မဟုတ် မြေးမလေး၏ ပစ္စည်းများကို ထိရမည်က သူတို့အတွက် မသင့်တော်သလို ခံစားနေရခြင်းပင်။

ထိုအချက်ကို နားလည်သွားသည့် စုန့်တင်ရှန်းက သူမဘာသာစတင် ခွဲဝေတော့သည်။

"ဒါဆို ဒီလိုလုပ်ကြမယ်၊ ဒီမှင်တုံးတွေနဲ့ ယပ်တောင်တွေကိုတော့ အငယ်ဆုံးဦးလေးအတွက် သိမ်းထားပေးလိုက်မယ်၊ ဦးလေးဘာသာ အခြားတစ်ယောက်ယောက်ကို လက်ဆောင်ပေးတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် သူကိုယ်တိုင်သုံးတာပဲ ဖြစ်ဖြစ် သူ့ဘာသာ ဆုံးဖြတ်လိမ့်မယ်၊ ဒါက သူ့အတွက် သမီးရဲ့လက်ဆောင်ပဲ၊ အဖွား၊ ဒီငွေတုံးတွေကိုတော့ သမီးအတွက် သိမ်းထားပေးပါ၊ နောက်ပိုင်း သမီး အရေးတကြီး လိုအပ်တာရှိမှ အဖွားဆီကနေ ပြန်တောင်းပါ့မယ်၊ ဒီကတ္တီပါပန်းတွေကိုတော့ အဖွားပဲ ခွဲဝေပေးလိုက်ပါ၊ သမီး ဝင်မပါတော့ဘူး၊ ဒီငွေဆံထိုး သုံးချောင်းကတော့ အမေ့အတွက် ချန်ထားချင်တယ်၊ ကျန်တဲ့ သုံးချောင်းကိုတော့ အဒေါ်ကို ပေးမယ်၊ ကျောက်စိမ်းဆံထိုးတွေနဲ့ လက်ကိုင်ပဝါတွေကတော့ နောက်ပိုင်း တစ်ခုခုဆိုရင် လက်ဆောင်ပေးဖို့ သိမ်းထားကြမယ်၊ ဒီနှုတ်ခမ်းဆိုးဆေးနဲ့ မျက်နှာချေမှုန်တွေကတော့... သမီး မလိုချင်ဘူး"

ဖန့်ရှီနှင့် ကျန်းရှီတို့က ချက်ချင်း ဝင်ပြောလာကြသည်။

"ငါတို့တွေက ဆင်းရဲသား မိသားစုတွေလေ၊ ဒါတွေသုံးဖို့ မလိုဘူး၊ ပြီးတော့ ဒါတွေကို လိမ်းပြီး ဘယ်သူ့ကို သွားပြရမှာလဲ"

စုန့်တင်းရှန်းက ဆက်ပြောလိုက်သည်။

"ဒါဆိုရင် ဒီသေတ္တာလေးတွေကို မဖောက်ဘဲ တခြားလူတွေကို လက်ဆောင်ပေးဖို့ သိမ်းထားကြမယ်၊ ဒီအထည် ခြောက်လိပ်ထဲက သုံးလိပ်ကို သမီးယူမယ်၊ အမေက သမီးနဲ့ ယောင်းမအတွက် အဝတ်လှလှလေးတွေ ချုပ်ပေးပေါ့၊ ကျန်တဲ့ သုံးလိပ်ကိုတော့ အဖွားပဲ သိမ်းထားလိုက်ပါ၊ ဒီလမင်းဖြူရောင် အထည်စဆိုရင် အငယ်ဆုံးဦးလေးအတွက် ဝတ်ရုံရှည် ချုပ်ပေးဖို့ သင့်တော်တယ်"

လီရှီက သူမ၏လက်ကို ကိုင်ထားသည့် စုန့်တင်းရှန်း၏ ရက်ရောသော ခွဲဝေမှုကို အံ့ဩနေပြန်သည်။ သူမ အထည်အချို့အား ယူရမည်ဖြစ်သဖြင့် အားနာစိတ်ဝင်ကာ တွန့်ဆုတ်နေပြန်သည်။

"ဒါပေမယ့် ဒါတွေအားလုံးက နင့်ရဲ့ပစ္စည်းတွေလေ"

ဖန့်ရှီကလည်း ဝင်ပြောလိုက်သည်။

"ဟုတ်တယ်၊ ဒါတွေက နင်ရဲ့အရည်အချင်းကြောင့် ရထားတာတွေလေ၊ လက်စွပ်ကလေး တစ်ကွင်း၊ နှစ်ကွင်း ဒါမှမဟုတ် ဆံထိုးလေးတွေဆိုရင်တော့ တစ်မျိုးပေါ့၊ အခု ဒီလောက် အများကြီးကတော့...."

စုန့်တင်းရှန်းက စိတ်မကောင်းဟန်လေးဖြင့် ထပ်ပြောလိုက်သည်။

"ဒါဆို သမီးက ဒါတွေကို ဘယ်လို လုပ်ရမှာလဲ၊ သမီးမှာ ဒါတွေကို သိမ်းထားဖို့ နေရာလည်း မရှိဘူး၊ ဒီငွေတုံးတွေကို ကြည့်၊ အမေ သမီးအတွက် ကူပြီး သိမ်းထားပေးမှာလား"

ဖန့်ရှီက ခြေရော လက်ရော ခေါင်းပါ မကျန် ခါယမ်းရင်း အလောတကြီး ငြင်းဆန်နေသည်။

"ဟင့်အင်း၊ ဟင့်အင်း.... ငါ မသိမ်းပေးနိုင်ပါဘူး၊ ဒီလောက်များတာကို.... ငါက ဘယ်မှာ သွားထားရမှာတုန်း၊ မဖြစ်ဘူး၊ မဖြစ်ဘူး၊ နင့်အဖွားကိုပဲ စီမံခိုင်းလိုက်စမ်းပါ”

‘ငါက ငွေကို မက်မောတာ မှန်ပေမယ့် ကိုယ့်လက်နဲ့ကိုယ် ရှာထားတဲ့ ငွေမျိုးကိုပဲ လိုချင်တာ၊ ရုတ်တရက်ကြီး ဒီလောက်များတဲ့ ငွေတွေ သိမ်းနေရရင် ငါ ညဘက်တွေတောင် အိပ်ပျော်နိုင်တော့မှာ မဟုတ်ဘူး’

ကျန်းရှီကလည်း ဝင်ပြောလာပြန်သည်။

"ဟုတ်တယ်၊ ငါလည်း ဒီငွေဆံထိုးတွေကိုလည်း မယူချင်ပါဘူး၊ ဒါတွေက တန်ဖိုးကြီးလွန်းတယ်"

စုန့်တင်းရှန်းက ချက်ချင်း ပြန်ပြောလိုက်သည်။

"အဲဒီလိုဆိုရင် အဒေါ်က နောက်ကျရင် သမီးကို မကူညီတော့ဘူးလို့ ပြောချင်တာလား၊ ဒါမှမဟုတ် ယောင်းမကို သမီးအတွက် အိတ်ကလေးတွေ ထိုးပေးတာတို့၊ အဝတ်အစား ချုပ်ပေးတာတို့ လုပ်ခွင့်မပေးတော့ဘူးလား၊ သမီးက ကိုယ်တိုင်လည်း ဘာမှ သေသေချာချာ မချုပ်တတ်ဘူးလေ၊ တကယ်လို့ အဒေါ်တို့က ဒါကိုတွေ မယူဘူးဆိုရင် နောက်ကျရင် သမီးလည်း အဒေါ်တို့ကို အကူအညီတောင်းဖို့ မျက်နှာမရှိတော့ပါဘူးလေ"

ကျန်းရှီက အလျင်အမြန် ပြန်ဖြေလိုက်ပြန်သည်။

"ငါတို့က နင့်ကို မကူညီဘဲ နေပါ့မလား၊ အဲ့ဒီပစ္စည်းတွေ ရောင်းပြီး ပိုက်ဆံရရင် ငါတို့လည်း ဝေစုရမှာပဲ မဟုတ်လား၊ အိုက်ယား... ဒါတွေကတော့..."

စုန့်တင်းရှန်းက အပြုံးဖြင့် ထပ်တိုက်တွန်းလိုက်သည်။

"အဒေါ်၊ ဒီနေ့ ဆယ့်ငါးရက်နေ့တောင် ရောက်နေပြီ၊ ယောင်းမနှစ်ယောက်စလုံးကလည်း သမီးတို့အိမ်မှာ ဒီလောက်ကြာကြာ အလုပ်တွေ ကြိုးစားပေးခဲ့ကြတယ်၊ အဒေါ် သူတို့အတွက် ဘာမှ မပြင်ဆင်ပေးတော့ဘူးလား"

သူမ၏ စကားကြောင့် ကျောက်တိနှင့် ကျင်းချောင်းအာတို့ စိတ်လှုပ်ရှားသွားကြသည်။ သို့သော် သူမတို့က ချွေးမများ ဖြစ်ပြီး မနာလိုဖြစ်နေလျှင်ပင် ဘာမှ မပြောရဲကြပေ။

ဖန့်ရှီကလည်း ဝင်တိုက်တွန်းနေပြန်သည်။

"ယောင်းမကြီးရယ်၊ စိတ်ရှင်းရှင်းနဲ့ ယူလိုက်ပါ၊ ဒီတစ်ခါတော့ ကျွန်မက ရက်ရောနေတာ မဟုတ်ပါဘူး၊ ယောင်းမရဲ့တူမလေးက ရက်ရောနေတာလေ၊ ဒါတွေက သူ့ပစ္စည်းတွေဆိုတော့ ကျွန်မလည်း ဘာမှ မပြောနိုင်ဘူးလေ"

ထို့နောက် သူမက ဆံထိုးတစ်ချောင်းကို ကျင်းချောင်းအာထံသို့ တိုက်ရိုက်လှမ်းပေးရင်း ပါးစပ်ကလည်း အဆက်မပြတ်ပြောနေသေးသည်။

"ဒါက နင်တို့ရဲ့ ဒုတိယညီမက နင်တို့အတွက် ပေးတာ၊ သေသေချာချာ သိမ်းထားလိုက်၊ နောက်ကျရင် နင့်ညီမရဲ့ အလုပ်တွေကိုလည်း ကူညီပေးပါဦး"

ကျင်းချောင်းအာတစ်ယောက် ငွေဆံထိုးကို ကိုင်ထားရင်း အသက်ရှူသံများပင် ပြင်းထန်လာခဲ့သည်။ ထိုဆံထိုးက သေသေချာချာ ပုံဖော်ထားပြီး အလေးချိန်လည်း စီးလွန်းလှသည်။ အနည်းဆုံး ငွေလျန်ခန့် တန်ဖိုးရှိနိုင်ပြီး လက်ခပါ ထည့်တွက်မည်ဆိုပါက ဤဆံထိုးတစ်ချောင်းကို အနည်းဆုံး ငွေနှစ်လျန်ကျော်ကျော်ဖြင့် ရောင်းချနိုင်မည် ဖြစ်သည်။ ၎င်းက ငွေနှစ်လျန် ဖြစ်ပြီး သူမ၏လက်ထဲတွင် ငွေနှစ်လျန်ခန့် တန်ဖိုးရှိသည့် လက်ဝတ်ရတနာတစ်ခုမျှ မရှိဖူးခဲ့ချေ။

ထိုအခြင်းအရာကို မြင်လိုက်ရမှသာ ကျန်းရှီက ဆံထိုးများကို လက်ခံလိုက်သည်။ သို့သော်လည်း သူမက သူမအတွက် ဘာမှမချန်ဘဲ ချွေးမများနှင့် သမီးဖြစ်သူ စုန့်ကျဲကျင့်အား ချက်ချင်း ခွဲဝေပေးလိုက်သည်။

စုန့်တင်းရှန်း လက်ဆောင်များအား ခွဲဝေပေးပြီးချိန်တွင် စုန့်ရှင်းယိက ချောင်းတစ်ချက်ဟန့်ကာ ဝင်ပြောလာပြန်သည်။

"ငါတို့မိသားစု အိမ်ထောင်ခွဲပြီးပြီ ဆိုပေမယ့် နေ့တိုင်း အတူတူ စားသောက် နေထိုင်ခဲ့ကြတယ်၊ အားလုံးကို ကြည့်လိုက်၊ အိမ်ထောင်ခွဲပြီးကြပေမယ့်လည်း တကယ့်ကို ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး နေနေရတယ်၊ မင်းတို့ ညီအစ်ကို နှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက် ဖေးမကြတယ်၊ ပြီးတော့ မင်းတို့ရဲ့ညီအငယ်ဆုံး ကျောင်းတက်နိုင်ဖို့အတွက်လည်း လစဉ် ပိုက်ဆံ ထောက်ပံ့ပေးခဲ့ကြတယ်၊ အကြီးအကဲ တစ်ယောက်အနေနဲ့ ငါ တကယ်ကို ဝမ်းသာမိတယ်၊ ငါ့သားတွေက လိမ္မာသိတတ်တယ်၊ ချွေးမတွေကလည်း ဝတ္တရားကျေပွန်တယ်၊ မြေးတွေကလည်း တော်ကြတယ်၊ ဒါပေမယ့် အတော်ဆုံးကတော့ တင်းရှန်းပဲ၊ အရင်က သူ့ရဲ့ အိမ်ထောင်ရေးအတွက် ငါ စီစဉ်ပေးခဲ့မိတာကို ပြန်တွေးရင် တကယ်ကို စိတ်မကောင်းဖြစ်မိတယ်"

"အဖိုး၊ အဲဒါတွေက အတိတ်က ကိစ္စတွေ ဖြစ်သွားပြီလေ၊ ဘာလို့ ပြန်ပြောနေတာတုန်း"

စုန့်တင်းရှန်းတစ်ယောက် မပြုံးနိုင်တော့ဘဲ ချက်ချင်း ဖြတ်ပြောလိုက်သည်။

"မိသားစုဆိုတာ ပျော်ပျော်ရွှင်ရွှင်နဲ့ သဟဇာတဖြစ်နေဖို့ လိုတယ်လို့ သမီး ခံစားရတယ်၊ အခု သမီး အိမ်ထောင်ကျသွားပြီဆိုပေမယ့် သမီးမှာ အားကိုးစရာ ယောက္ခမအိမ်ဆိုတာ မရှိဘူး၊ ကျိုးကော ပြန်လာရင်တောင် သူက အပြင်ထွက်ပြီး ငွေရှာရဦးမယ်၊ အိမ်မှာ အမြဲနေနိုင်မှာ မဟုတ်ဘူး၊ သမီးအနေနဲ့ မိဘအိမ်ကိုပဲ အားကိုးရမှာ၊ အဖိုးနဲ့အဖွား၊ ပြီးတော့ အဖေနဲ့အမေတို့သာ သမီးကို ဒီလောက်အလိုမလိုက်ခဲ့ရင် သမီးလည်း ဒီလောက်များတဲ့ အကြံဉာဏ်တွေ စဉ်းစားမိမှာ မဟုတ်ဘူး၊ သမီး စဥ်းစားမိတာတောင် အဖေတို့က လုပ်ခွင့်မပေးခဲ့ရင် ဒီငွေတွေနဲ့လည်း လဲလှယ်နိုင်မှာ မဟုတ်ဘူး၊ တကယ်လို့ သမီးမှာ ယောက္ခမအိမ် ရှိနေခဲ့ရင်တောင် သူတို့က သမီးအပေါ် ဒီလောက်အထိ အလိုလိုက်မှာ မဟုတ်ဘူး၊ ဒါကြောင့် သမီးမှာ ပစ္စည်းကောင်းလေးတွေ ရှိလာတဲ့အခါ အဖိုးတို့ အဘွားတို့ အဖေတို့ အမေတို့နဲ့ ဦးလေး၊ အဒေါ်တွေကို ဘယ်လိုလုပ်ပြီး ပြန်မကြည့်ဘဲ နေနိုင်မှာတုန်း"

အိမ်ထောင်ကျပြီးသား အမျိုးသမီး တစ်ယောက်အနေဖြင့် ပြောရလျှင် သူမ၏ မိဘအိမ်က သူမကို အမှန်တကယ် ရတနာတစ်ပါးကဲ့သို့ ဆက်ဆံပြီး အလွန်အမင်း အလိုလိုက်ကာ ကောင်းကောင်းမွန်မွန် ဆက်ဆံကြသည်။ အခြား မိဘအိမ်များဆိုလျှင် အိမ်ထောင်ကျပြီးသား သမီးများကို ဤသို့ ဆက်ဆံကြမည် မဟုတ်သလို သူမလောက်လည်း လွတ်လပ်ခွင့် ရှိကြမည် မဟုတ်ပေ။

စုန့်တင်းရှန်းက စုန့်မိသားစု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်နေခွင့်ရခဲ့ပြီး နေ့တိုင်းနေ့တိုင်း မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ အလိုလိုက်ခံနေရသည်။ ထိုအရာက သူမကို အလွန်အမင်း ကျေးဇူးတင်မိစေသည်။

စုန့်တင်းရှန်း၏ စကားများကို နားထောင်ပြီးနောက် စုန့်ရှင်းယိ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာသည်။ သူက ဆေးတံကို ခဏတာမျှ ဟိုလှည့်ဒီလှည့် လုပ်နေပြီးမှ ပြန်ပြောလာခဲ့သည်။

"ဟူး၊ ငါ အပြင်ထွက်ပြီး ဆေးတံတစ်ဖွာလောက် သွားရှိုက်လိုက်ဦးမယ်၊ မင်းတို့ပဲ ဆက်ပြောကြတော့"

သူက အခန်းထဲမှ မပြေးရုံတမယ် ထွက်ခွာသွားပြီး နောက်သို့ လုံးဝ လှည့်မကြည့်တော့ပေ။

လီရှီက အပြုံးဖြင့် ပြောလာပြန်သည်။

"နင့်အဖိုးက ရင်ထဲမှာ ပျော်နေတာပါ၊ အထူးသဖြင့် နင်က နင့်ရဲ့ အငယ်ဆုံးဦးလေး အတွက်ပါ ထည့်စဉ်းစားပေးခဲ့တယ်၊ သူ ပိုပြီး ပျော်သွားတာပေါ့၊ မိသားစု စည်းလုံးရင် အောင်မြင်မှုတွေ ရလာတတ်တယ်လို့ ပြောကြတယ်၊ အဖွားတို့မိသားစုက ဖုန်းရွှေကောင်းလို့ အရာရာ အဆင်ပြေနေတာ ထင်တယ်၊ ဒါပေမယ့် ငါမှာ နင်တို့ကို သတိပေးစရာ အချက်အချို့တော့ ရှိနေသေးတယ်"

သူမက ချွေးမများနှင့် မြေးချွေးမများကို တချက်ကြည့်ပြီးမှ သူမ၏စကားကို ဆက်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါတို့မိသားစုက သာမန်လယ်သမား မိသားစုပဲ၊ တခြားမိသားစုတွေထက် နည်းနည်း ပိုကောင်းကောင်း နေနိုင်တယ်ဆိုပေမယ့် ငါတို့က သာမန်လယ်သမား မိသားစုဆိုတာကိုတော့ မမေ့ကြနဲ့၊ ဒီငွေတွေနဲ့ လက်ဝတ်ရတနာတွေကို ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထားကြ၊ အပြင်မှာ လိုက်ကြွားပြီး သူများ မနာလိုဖြစ်အောင် မလုပ်ကြနဲ့၊ အထူးသဖြင့် ကျောက်တိ၊ လျိုအာ နဲ့ ချောင်အာ... နင်တို့လည်း နင်တို့အိမ်တွေရဲ့ အခြေအနေကို သိထားကြတာပဲ၊ နင်တို့လည်း နင်တို့ မိဘတွေအတွက် နှစ်သစ်ကူးလက်ဆောင် ပြင်ဆင်နေတာကို ငါတို့ သိတယ်၊ လက်ဆောင်ပေးရပြီး သူများ အပြောအဆို ခံရတာမျိုးတော့ မဖြစ်စေနဲ့၊ အဲလို ဖြစ်သွားရင် ပေးရတာ မတန်တော့ဘူး"

မြေးချွေးမများက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလာကြသည်။ အကယ်၍ သူမတို့အား ဤငွေလက်ဝတ်ရတနာများ အပြင်၌ ဝတ်ဆင်ခွင့် ပေးလျှင်ပင် သူမတို့ ဝတ်ရဲမည် မဟုတ်ပေ။ သူတစ်ပါး၏ မနာလိုမှုကို ကြောက်ရွံ့သောကြောင့်ပင်။ ထိုပစ္စည်းများ သူခိုး ခိုးခံရမည်ကို မကြောက်ကြသော်လည်း အခြားသူများက သူမတို့၏အခြားပိုင်ဆိုင်မှုကိုပါ တပ်မက်လာမည်အား သူမတို့လည်း စိုးရိမ်ကြသည်။

တစ်စုံတစ်ယောက်၏ မနာလိုမှုပစ်မှတ် ဖြစ်လာသည်နှင့် ဒုက္ခများက နောက်ကွယ်မှ လိုက်ပါလာပေလိမ့်မည်။

"ပြီးတော့ ဝမ်မိသားစုက ငါတို့အိမ်အတွက် လက်ဆောင်တွေ အများကြီး လာပို့တာကို လူတိုင်းနီးပါး မြင်ခဲ့ကြတယ်၊ အဲ့တော့ လူတွေက စပ်စုကြမှာပဲ၊ ငါတို့ အခု ဂွမ်းထည်စအသစ်တွေ အများကြီး ရထားတယ် မဟုတ်လား၊ အငယ်တွေ အကုန်လုံးအတွက် အဲဒီအထည်နဲ့ အင်္ကျီအသစ် တစ်ထည်စီ ချုပ်ပေးလိုက်ကြပေါ့၊ ဒီကတ္တီပါပန်းတွေကိုတော့ ပွဲတော်ရက်မှာ ပန်ဖို့ နင်တို့ ကြိုက်တဲ့အပွင့် နှစ်ပွင့်စီ ရွေးယူကြ၊ တစ်ခုတော့ မှတ်ထားကြနော်၊ ဒီပစ္စည်းကောင်းတွေက အာ့နွီရဲ့ အရည်အချင်းကြောင့် ရလာတာ၊ အာ့နွီ ဒီမှာပဲ ဆက်နေနေ၊ ဒါမှမဟုတ် သူ့ယောကျ်ား ပြန်လာလို့ အိမ်ခွဲထွက်သွားရင်ပဲဖြစ်ဖြစ် အာ့နွီက နင်တို့ရဲ့ ချစ်ရတဲ့ ညီမလေးဆိုတာကို နားလည်ထားကြမယ်၊ ငါ ပြောတာကို မှတ်မိကြလား"

"အဖွား၊ ကျွန်မတို့ နားလည်ပါတယ်"

မြေးချွေးမသုံးယောက်စလုံးက အလျင်အမြန် ခေါင်းညိတ်ကြပြန်သည်။

ထို့နောက် လီရှီက စုန့်ကျဲကျင့်ကို ကြည့်ကာ ထပ်ပြောလိုက်သည်။

"ဒီပစ္စည်းတွေ အားလုံးက နင့်အစ်မ ကိုယ်တိုင် ရှာထားတာတွေဖြစ်လို့ နင် မနာလို ဖြစ်လို့ါ မရဘူးနော်၊ အခု နင်ကိုယ်တိုင်လည်း နင့်အတွက်နင် စဥ်းစားရမယ့် အချိန်ရောက်လာပြီ၊ အဖွားတို့မိသားစုရဲ့ ထုံးစံအတိုင်း၊ နင့်အဖေနဲ့ အမေက ငွေတစ်စု ထည့်ပေးမယ်၊ အဖွားကလည်း နည်းနည်းပါးပါး ထပ်ထည့်မယ်၊ ပြီးတော့ နင့်ဦးလေးတို့ မိသားစုကလည်း ဝိုင်းကူကြလိမ့်မယ်၊ အဲဒါက နင့်ရဲ့ ခန်းဝင်ပစ္စည်း ဖြစ်လာမှာ၊ သူတို့က စေတနာရှိလို့ ပေးတာကိုပဲ ယူရမယ်၊ သူတို့ မပေးရင် အတင်းအဓမ္မ သွားမတောင်းရဘူးနော်"

"အဖွားကလည်း၊ သမီးက အဲဒီလိုလူမျိုး မဟုတ်ပါဘူး"

စုန့်ကျဲကျင့်က လီရှီ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ကလေးတစ်ယောက်လို ကပ်ချွဲရင်း ပြန်ပြောလိုက်သည်။

"ကျွန်မ အဲဒီလို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး၊ ပြီးတော့ နောက်ဆိုရင် ကျွန်မ ဒုတိယအစ်မကို ပိုပြီး ကူညီပေးသွားဦးမှာ၊ ဒုတိယအစ်မက ကျွန်မကို လုပ်အားခ ပေးမယ်လို့ ပြောထားသေးတယ်လေ"

"ပြီးတော့ ဒီငွေတုံးတွေကိုလည်း မက်မောမနေကြနဲ့ဦး၊ ငါ့ဆီမှာ သိမ်းထားတယ် ဆိုပေမယ့် ဒါတွေက နင့်ဒုတိယအစ်မရဲ့ ကိုယ်ပိုင်ပစ္စည်းတွေပဲ၊ နောင်ကျရင် သူ လယ်ယာမြေပဲ ဝယ်ဝယ်၊ ဆိုင်ပဲ ဖွင့်ဖွင့်၊ အဲဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်လာလိမ့်မယ်၊ ငါ့ဆီမှာ ငွေတွေ လာမတောင်းကြနဲ့၊ ငါ့မှာ မရှိဘူးနော်"

လီရှီက တည်ငြိမ်အေးဆေးသော လေသံဖြင့် ဆက်ပြောနေခဲ့သည်။

"လိုသလောက် မရှိတာကို မကြောက်နဲ့၊ မညီမမျှ ခွဲဝေတာကိုပဲ ကြောက်ရတယ်ဆိုတဲ့ ဆိုရိုးစကား ရှိတယ်၊ သူတစ်ပါးရဲ့ ငွေကို မတပ်မက်ကြနဲ့၊ အဲဒါက ငါတို့မိသားစုရဲ့ စည်းလုံးမှုကို ပျက်စီးသွားစေလိမ့်မယ်"

.......။........။......

စာရေးသူ၏ မှတ်ချက်

ကျိုးယိနို : ငါက လူတွေပြောနေကြတဲ့ ဇာတ်လိုက်မင်းသားမှ ဟုတ်ရဲ့လား? ဇာတ်လမ်းအစကတည်းက ပါလာတာဆိုပေမယ့် အခုကြည့်ရတာ ငါက ဇာတ်လမ်းထဲမှာ မပါသလို ဖြစ်နေပြီ မဟုတ်ဘူးလား.....

စုန့်တင်းရှန်း : ရှင် သေရဲသေကြည့်နော်၊ ကျွန်မလည်း နောက်အိမ်ထောင် ထပ်ပြုရဲတယ်နော်.....

ကျိုးယိနို : မဟုတ်တာ၊ မဟုတ်တာ၊ ငါ မသေရဲပါဘူး၊ ဘယ်တော့မှ မသေရဲပါဘူး။

All Chapters