← Chapters

အဒေါ်အသစ် (အပိုင်း ၁)

Vol. 5 Ch. 44

အဒေါ်အသစ် (အပိုင်း ၁)

Vol. 5 Ch. 44

လီရှီက ပညာရှိသော အဘွားအိုတစ်ဦး ဖြစ်သည်။ သူမ စကားပြောလိုက်တိုင်း ခေတ်ရှေ့ပြေးနေသော အတွေးအခေါ်မျိုး ထွက်လာတတ်ပြီး စုန့်တင်းရှန်းတစ်ယောက် ဤအဘွားအိုက အခြားအချိန်တစ်ခုမှ ကူးပြောင်းလာသူတစ်ယောက်ဟုပင် ထင်နေမိသည်။

သို့သော်လည်း ထိုအချက်မှလွဲ၍ အဘွားအိုက ရွာထဲရှိ အခြားသာမန်အဘွားအိုများနှင့် အတူတူသာ ဖြစ်သည်။ ရာသီဥတုသာယာသော နေ့များတွင် ရွာပြင်ဘက်ရှိ ထင်းရှူးပင်ကြီးအောက်၌ အတင်းအဖျင်း ပြောဆိုတတ်ပြီး မိုးရွာသော သို့မဟုတ် အေးမြသော နေ့များတွင်မူ အိမ်ထဲရှိ ခန်ပေါ်တွင် ထိုင်ကာ ဖိနပ် ချုပ်ခြင်း သို့မဟုတ် အဝတ်အထည်များ ဖာထေးခြင်းကို ပြုလုပ်လေ့ရှိသည်။ အချိန်ကူးပြောင်းလာသူများကဲ့သို့ အပြင်ထွက်လည်ချင်စိတ်၊ စူးစမ်းချင်စိတ် ပြင်းပြနေခြင်းမျိုးလည်း မရှိပေ။

စုန့်တင်းရှန်းကတော့ အပြင်ထွက်ပြီး စူးစမ်းချင်နေခဲ့သည်။ သို့သော်လည်း ဤခေတ်ကာလရှိ အမျိုးသမီးများအတွက် မိမိအိမ်၏ခြံဝင်းကသာ အလုံခြုံဆုံးနေရာဖြစ်ပြီး မြို့သို့သွားခြင်းကပင် ခရီးရှည်ကြီးတစ်ခုဟု သတ်မှတ်နိုင်သည်။

'ဒီခေတ်က မိန်းကလေးတွေအတွက်တော့ ဒီခြံစည်းရိုးအတွင်းမှာပဲ နေရပြီး ကျန်တာတွေက အလှမ်းဝေးလွန်းတယ်၊ ငါလည်း ဒီနေရာမှာပဲ အသားကျအောင် နေရတော့မှာပေါ့'

သူမ၏အိမ်သို့ ပြန်ရောက်သွားပြီ ဖြစ်သော ကောင်းရှီ၏စိတ်ထဲတွင် ထိုသေတ္တာများနှင့် ပစ္စည်းများကိုသာ တစိမ့်စိမ့်တွေးနေမိပြီး ဂဏာမငြိမ် ဖြစ်နေရသည်။

"ဟေ့ အဘိုးကြီး၊ ဒီနေ့ လောင်စစ်ရဲ့အိမ်ရှေ့မှာ ရပ်ထားတဲ့ ရထားလုံးကို မြင်လိုက်လား၊ အဲ့ရထားလုံးက မြို့ပေါ်က ဝမ်မိသားစုဆီကလို့ ပြောကြတယ်၊ ပစ္စည်းတွေ တင်လာတာမှ အများကြီးပဲ"

စုန့်ရှင်းရန်က ခေါင်းညိတ်ပြရင်း ဆေးတံကို တစ်ချက်ဖွာလိုက်ရာ ထွက်လာသော ဆေးငွေ့များကြောင့် ကောင်းရှီပင် ချောင်းဆိုးသွားရသည်။

"ခေါင်းပဲ ငြိတ်မနေနဲ့ဦး၊ စတုတ္ထယောင်းမရဲ့ အပြောအရတော့ ကျိုးထျဲကျူးက မြောက်ဘက်မှာ လူကုံထံတစ်ယောက်ကို ကယ်လိုက်တယ်တဲ့၊ အဲဒါကြောင့် ဝမ်မိသားစုကို လက်ဆောင်တွေ လာပို့ခိုင်းတာဆိုပဲ၊ ကျိုးထျဲကျူးက စစ်တပ်ထဲမှာ အမှုထမ်းနေရင်းနဲ့ ဘယ်လိုလုပ်ပြီး လူကုံထံတစ်ယောက်ကို ကယ်နိုင်ခဲ့တာလဲ"

ကောင်းရှီက ယခုထက်ထိ မယုံကြည်နိုင်သေးပေ။

စုန့်ရှင်းရန်က စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"လူကုံထံတစ်ယောက်ကို ကယ်လိုက်တယ်ဆိုတာက ဖြစ်နိုင်တာပဲလေကွာ၊ မြောက်ဘက်မှာ စစ်ပွဲတွေ ဖြစ်နေတာဆိုတော့ တိုက်ဆိုင်မှုတစ်ခုခု ရှိနိုင်တာပေါ့"

"တိုက်ဆိုင်မှုကလည်း တကယ်ကို မယုံနိုင်စရာပဲ၊ ပစ္စည်းတွေက တော်တော်များတယ်ရှင့်၊ စတုတ္ထအိမ်ကသာ အဲဒါတွေကို ဖွင့်ပြမယ်ဆိုရင် ကျွန်မ တကယ်ပဲ ကြည့်ချင်မိတယ်၊ အတွင်းထဲမှာ ငွေတွေ အများကြီး ပါမယ်လို့ ရှင် ထင်လား၊ စတုတ္ထအိမ်ကတော့ တဖြည်းဖြည်းနဲ့ ပိုချမ်းသာလာတော့မယ့်ပုံပဲ"

ကောင်းရှီက ခန်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း သူမ ဖာထေးနေသည့် ဟောင်းနွမ်းနေသော အဝတ်အစားများကို ကြည့်ကာ စတုတ္ထအိမ်မှ လူတိုင်း လူတိုင်း သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည်ကို ပြန်တွေးမိသွားပြီး မကျေမနပ် ဖြစ်နေပြန်သည်။

'သူတို့တွေက ဘာလို့ ဒီလောက်တောင် ကံကောင်းနေရတာလဲ၊ ငါ့မှာတော့ ဒီအဝတ်ဟောင်းတွေကိုပဲ ဖာနေရတယ်'

‘တကယ်လို့ အဲ့တုန်းက ငါ စုန့်လောင်စစ်နဲ့ အိမ်ထောင်ကျခဲ့ရင် အရမ်းကောင်းမှာပဲ’

ကောင်းရှီက စုန့်ရှင်းယိနှင့် အသက်ချင်း မတိမ်းမယိမ်း ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် စုန့်ရှင်းယိက လီရှီကိုသာ စိတ်ဝင်စားနေခဲ့သည်။ သူမက စုန့်လောင်စန်းနှင့်သာ လက်ထပ်ခဲ့ရသည်။ သူမ ပို၍ ကံဆိုးသည်မှာ တတိယသားဖြစ်သည့် စုန့်လောင်စန်းက ရိုးအအနှင့် အေးဆေးလွန်းပြီး ပိုက်ဆံရှာရမည့် နည်းလမ်းကို မသိသောကြောင့် သူမ ဆင်းရဲတွင်းထဲ၌ ဒုက္ခရောက်နေရခြင်းပင်။

'ငါသာ စုန့်လောင်စစ်နဲ့ ညားခဲ့ရင် အခုလို အဝတ်ဟောင်းတွေ ဖာနေရမှာ မဟုတ်ဘူး'

"သူတို့အိမ်မှာ ဘာတွေပဲ လုပ်နေ လုပ်နေ ငါတို့နဲ့ ဘာမှ မဆိုင်တော့ဘူး"

စုန့်ရှင်းရန်က ခန်ကို မှီထားရင်း ခပ်တိုးတိုး‌ ပြန်ပြောလိုက်သည်။

"အခု ထမင်းချက်ရမယ့် အချိန်ရောက်နေပြီ မဟုတ်ဘူးလား၊ ညစာအတွက် ငါတို့ ဘာစားကြမှာလဲ"

"စား... စား.... ရှင်ကတော့ စားဖို့ပဲ သိတယ်၊ အမြဲတမ်း အစားအသောက်အကြောင်းပဲ မေးတတ်တာလား၊ ဘာကို မေးနေစရာလိုသေးလို့တုန်း၊ မုန့်ပေါင်း၊ ယာဂု၊ ဂျုံပြား၊ ပြီးတော့ အဲ့ဒါတွေနဲ့ တွဲစားဖို့ ကြက်သွန်မြိတ်နဲ့ ချဉ်ဖတ်တွေပေါ့၊ ရှင့်က ဘာတွေ ထပ်လိုချင်သေးတာတုန်း"

ကောင်းရှီက ခန်ပေါ်မှ ဆင်းသွားရင်း တတွတ်တွတ် ရေရွတ်နေသေးသည်။

"ကျွန်မတို့တွေက အိမ်ထောင်စု ခွဲပြီးပြီဆိုပေမယ့် ပြောရရင် တစ်မိသားစုတည်းက လူတွေ မဟုတ်ဘူးလား၊ ဟေ့... အဘိုးကြီး တကယ်လို့ ကျိုးလောင်စန်းနဲ့ သူ့မိန်းမသာ ဒါကို သိသွားရင် သူတို့ ဒေါသတွေ ထွက်ကြမယ်လို့ ရှင် ထင်လား"

"မင်း အပြင် ရောက်ရင် အတင်းအဖျင်း မပြောတာက ပိုကောင်းလိမ့်မယ်၊ စတုတ္ထခယ်မက ဘယ်လိုလူမျိုးလဲဆိုတာ မင်း အသိဆုံးပဲ၊ တကယ်လို့ ငါတို့ သူ့မြေးသမက်ရဲ့ မိသားစုရှေ့မှာ ငါတို့မိသားစုကို အရှက်ခွဲတာမျိုး လုပ်လို့ကတော့ ငါ မင်းကို ရိုက်မိမှာ သေချာတယ်နော်၊ မင်း သတိထားနေ"

ကောင်းရှီက မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။

"ကျွန်မက ဒီအတိုင်း ဘာရယ်မဟုတ် ပြောလိုက်မိတာပါ၊ ဒါပေမယ့် ရှင်လည်း ပါးစပ်ပိတ်ထားမယ်၊ ကျွန်မလည်း ပါးစပ်ပိတ်ထားမယ် ဆိုရင်တောင် ရွာထဲက လူတွေအများကြီး ဝိုင်းကြည့်နေကြတာလေ၊ သူတို့က မပြောဘဲ နေပါ့မလား၊ ရှင် ထိန်းချင်ရင်တောင် ကျွန်မတစ်ယောက်တည်းရဲ့ ပါးစပ်ကိုပဲ ထိန်းနိုင်မှာ၊ တစ်ရွာလုံးက အတင်းအဖျင်းတွေကို ရှင် ဘယ်လိုလုပ်ပြီး တားနိုင်မှာလဲ"

"မင်းပါးစပ်ကို ပိတ်ထားနိုင်ရင် ရပြီ၊ ကျန်တာ ငါ့ကိစ္စ မဟုတ်ဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်က လီရှီ လူတွေခေါ်လာပြီး ပြဿနာရှာခဲ့လို့ မင်း အရှက်ကွဲခဲ့တာက မလုံလောက်သေးဘူးလား၊ လောင်စစ်ရဲ့အိမ်က အခု သူ့မိန်းမပဲ အကုန်စီမံနေတာ၊ ဟူး... သူကတော့ ဘာမှ ပြောပိုင်ခွင့်တောင် ရှိတော့တာ မဟုတ်ဘူး"

စုန့်ရှင်းရန်က သူ၏ညီဖြစ်သူ ဇနီးသည်အား အရာရာ ဆုံးဖြတ်ခွင့် ပေးထားသည့်အကြောင်း တွေးနေမိပြီး စိတ်ထဲတွင် အတော်လေး အနှောင့်အယှက် ဖြစ်နေမိသည်။

ဝမ်မိသားစု၏ ရထားလုံး စုန့်ရှင်းယိ၏ အိမ်ရှေ့၌ ရပ်ထားသည့် သတင်းက ထမင်းတစ်နပ်စားသည့် အချိန်အတွင်း တစ်ရွာလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ကျိုးလောင်စန်း၏နားထဲသို့ ရောက်ရှိသွားသည်ကလည်း အထူးအဆန်း မဟုတ်ပေ။

ကျိုးလောင်စန်း၏ ဇနီးက အလွန်အမင်း ဒေါသထွက်နေပြီး ထမင်းပင် မစားနိုင်တော့ဘဲ ခြံဝင်းထဲသို့ ထွက်ကာ ကျိန်ဆဲနေပြန်သည်။ သူမ “ကျေးဇူးမသိတတ်တဲ့ အယုတ်တမာ” ဟူသော စကားဖြင့် အစချီရင်း ထပ်ခါ ထပ်ခါ ဆဲဆိုကြိမ်းမောင်းနေသည်မှာ တစ်ညနေခင်းလုံး နီးပါး ဖြစ်သည်။

အိမ်ထဲသို့ ပြန်ဝင်လာပြီးနောက်တွင်လည်း ကျိုးလောင်စန်း၏ဇနီးက အခန်းထဲသို့ ဝေ့ကြည့်လိုက်ပြီး ကျိုးလောင်စန်းကို လှမ်းပြောလိုက်သည်။

"အဘိုးကြီး၊ အရင်တုန်းက ထျဲကျူးကို မိသားစုကနေ နှင်ထုတ်လိုက်တာက ကျွန်မတို့ရဲ့ အမှားလို့ ရှင် မတွေးမိဘူးလား၊ ကျွန်မတို့ သူ့ကို မိသားစုကနေ မနှင်ထုတ်သင့်ဘူး၊ ခုတော့ ကြည့်စမ်းပါဦး၊ သူ ဟိုဘက်နဲ့ ပေါင်းလိုက်ကတည်းက ငွေတွေ အများကြီး ရှာနိုင်ခဲ့တယ်၊ စစ်တပ်ထဲဝင် သွားရတာတောင် လက်ဆောင်တွေကို ရထားလုံးနဲ့ အပြည့် ပို့ပေးနိုင်တဲ့အထိပဲ၊ အဲဒါတွေကို ငွေနဲ့တွက်ရင် ဘယ်လောက်တောင် များနေလိမ့်မလဲ၊ တကယ်ဆိုရင် အဲ့ဒီငွေတွေ အားလုံးက ကျိုးမိသားစုရဲ့အပိုင် ဖြစ်လာရမှာ"

ကျိုးလောင်စန်းကိုယ်တိုင်လည်း မနာလိုစိတ်ကြောင့် ပူလောင်နေရသည်။ ယခုအချိန်တွင် သူတို့မိသားစု၏ အခြေအနေက တော်တော်လေး ဆိုးရွားနေပြီး သူ့သားနှစ်ယောက်စလုံးကလည်း တိုးတက်မှုမရှိသည့်အပြင် ငွေကုန်ကြေးကျလည်း အတော်များနေခဲ့သည်။ သို့သော်လည်း အတိတ်တွင် သူတို့ ကျိုးထျဲကျူးအပေါ် မည်မျှ နှိပ်စက်ခဲ့သည် လူတိုင်းသိအောင် လုပ်ခဲ့မိပြီး ကျိုးထျဲကျူးကလည်း သူတို့ကို ဆွဲချနိုင်ရန် ရုံးတော်သို့ သွားရန်ပင် ဆန္ဒရှိနေခဲ့သည်။ ထို့ကြောင့် ကျိုးထျဲကျူးကို မိသားစုမှ နှင်ထုတ်လိုက်ခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ခဲ့သည်။

သို့သော်လည်း သေတွင်းထဲသို့ သွားရသလိုမျိုး စစ်ထဲဝင်သွားရသည့် လူက ကံကောင်းလာပြီး စုန့်မိသားစုကို အကျိုးပြုလိမ့်မည်ဟုတော့ မည်သူမျှ ကြိုမတွေးနိုင်ခဲ့ကြပေ။ ယခု သူ အပြင်ထွက်လိုက်တိုင်း ကျိုးထျဲကျူးအပေါ် နှိပ်စက်ခဲ့သည်ကို နောင်တရခြင်း ရှိ မရှိ ရိပ်ဖမ်းသံဖမ်း မေးမြန်းကြပြီး မနာလိုဖြစ်နေလားဟု တိုက်ရိုက်လာမေးသည့်သူပင် ရှိနေလေသည်။

‘သူ နောင်တမရဘဲ နေပါမလား... မနာလို မဖြစ်ဘဲရော နေနိုင်ပါ့မလား... ဒါပေမယ့် နောင်တရရင်ရော သူ ဘာလုပ်နိုင်မှာတုန်း... သူ ရွာသူကြီးဆီ သွားပြီး သူ နောင်တရကြောင်းနဲ့ ကျိုးထျဲကျူးကို ကျိုးမိသားစုထဲ ပြန်ခေါ်ချင်တဲ့အကြောင်း သွားပြောရမှာလား’

‘ကျိုးထျဲကျူးနဲ့ စုန့်မိသားစုက သဘောတူမလား ဆိုတာကို ခဏ ဘေးဖယ်ထားလိုက်ဦး၊ ရွာသူကြီးကိုယ်တိုင်တောင် သဘောတူမှာ မဟုတ်ဘူး’

ကျိုးလောင်စန်း၏ ဝဖိုင့်ဖိုင့် ဇနီးဖြစ်သူက ဆက်ပြောနေပြန်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့က သူ့ကို ကျွေးမွေး စောင့်ရှောက်ခဲ့တာပဲ၊ ကျွန်မ စုန့်အိမ်ကို သွားပြီး တစ်ခုခု တောင်းခွင့်ရှိတယ် မဟုတ်ဘူးလား"

ကျိုးလောင်စန်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။

"မင်း အရှက်မရှိရင်တော့ သွားလေ၊ ဒါပေမယ့် သူတို့က မေးလာရင်တော့ မင်းက ကျိုးထျဲကျူးကို ကျွေးမွေးခဲ့တဲ့သူလို့ ပြောလိုက်ပေါ့၊ သူတို့က မင်းကို ငွေတချို့ ပေးလိုက်တာလည်း ဖြစ်နိုင်သေးတယ်၊ မင်း သွားကြည့်လိုက် စမ်းပါ၊ ငါ ပြောလိုက်မယ်၊ မင်း သွားရဲတာနဲ့ ငါလည်း မင်းကို ချက်ချင်း ကွာပစ်ရဲမယ်"

ဝတုတ်တုတ်မိန်းမကြီးကလည်း ဒေါသတကြီး ပြန်အော်ဟစ်နေသည်။

"ရှင်က ဘာလို့ ကျွန်မကို လာအော်နေရတာလဲ၊ ကျွန်မတို့အိမ်ရဲ့ လက်ရှိအခြေအနေကို ရှင် မသိဘူးလား၊ ကျွန်မတို့ရဲ့ အကြီးသား ကျောင်းတက်ဖို့ ငွေမလိုဘူးလား၊ အဲဒီပိုက်ဆံတွေက ဘယ်ကလာရမှာလဲ၊ အိုက်ယား... ရှင့်ရဲ့ လယ်အလုပ်နဲ့ အိမ်က သီးနှံလေးတွေ ရောင်းတာကိုပဲ အားကိုးနေရင် ကျွန်မတို့ ဘာဆက်လုပ်နိုင်မယ်ထင်လဲ၊ တကယ်လို့ အကြီးဆုံးသားက ဒီနှစ် စာမေးပွဲ မအောင်ရင် နောက်နှစ်မှာရော သူ့ကို ကျောင်းပို့နိုင်ပါဦးမလား၊ ပညာမတတ်ရင် သူ ဘာလုပ်စားနိုင်မှာလဲ၊ ရှင် ဘာမှ စဉ်းစားထားတာ မရှိဘူး၊ အော်ဖို့ပဲ သိတယ်"

ကျိုးလောင်စန်းတစ်ယောက် သက်ပြင်းအရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်ရပြန်သည်။

အစောပိုင်း ကျိုးထျဲကျူး သူတို့အိမ်၌ ရှိနေစဉ်တွင် လူငယ်လေးက မိသားစုအတွက် ငွေရှာပေးနိုင်ခဲ့သည်။ ထို့ကြောင့် သူက ဇနီးဖြစ်သူနှင့် တိုင်ပင်ခဲ့ပြီး မိသားစုကို အတိုက်အခံလုပ်ကာ ဆူပူသောင်းကြမ်းရင်း မိသားစုနှင့် အိမ်ခွဲနေရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် သူ ယခု သူတို့မိသားစု အခက်အခဲနှင့် ရင်ဆိုင်နေရချိန်တွင် သူ့၏အစ်ကိုနှစ်ယောက်က ကူညီရန် လက်တွန့်နေကြပြီ ဖြစ်သည်။

ထိုအတိတ်ကာလများတွင် ကျိုးထျဲကျူး သူတို့အိမ်၌ ရှိနေခဲ့ပြီး သူတို့အိမ်တွင် အသားဟင်းနံ့များ မကြာခဏ သင်းပျံ့နေတတ်သည်။ လူငယ်လေး၏ ကျွမ်းကျင်မှုကြောင့် သူ တောထဲမှ ရလာသည့် ဆူဖြိုးသည့် တောကြက် သို့မဟုတ် ယုန်သားများကို သူတို့ မကြာခဏ စားခဲ့ရသည်။

နေ့တိုင်း အသားမစားရလျှင်ပင် အနည်းဆုံး ငါးရက်၊ ခြောက်ရက်လျှင် တစ်ကြိမ်တော့ အသားဟင်းပါသည့် ထမင်းဝိုင်းကို ပိုင်ဆိုင်ခဲ့ကြရသည်။ သို့သော်လည်း ယခု ကျိုးထျဲကျူး မရှိတော့သည့်အခါမှ မိသားစုအတွက် အသားတစ်နပ်စားရဖို့ပင် ခက်ခဲလာမှန်း သူ နားလည်ခဲ့ရသည်။

‘ငါတို့တွေ အသားဟင်း မစားရတာတောင် ကြာလှပြီ’

‘ငါ့မိသားစုထဲက တစ်ယောက်ချင်းစီတိုင်းက ငါ့ကို စိတ်အေးလက်အေး မနေစေချင်ဘူးလား’

ဝဖိုင့်ဖိုင့်ဇနီးဖြစ်သူက တတွတ်တွတ် ညည်းညူနေဆဲဖြစ်ရာ ကျိုးလောင်စန်းလည်း ပိုစိတ်ကုန်လာရပြီး ဒေါသတကြီး ပြောလိုက်ပြန်သည်။

"မင်း ဆက်ပြီး ဆဲဆိုနေဦးမယ်ဆိုရင် ဒီကနေ ထွက်သွားတော့"

ဝမ်ရှီက မှင်တက်သွားပြီး ချက်ချင်း ငိုယိုကာ ပြော‌အော်လာပြန်သည်။

"ရှင်က ဘာလို့ ကျွန်မကို လာအော်နေတာတုန်း၊ ရှင်မှာ ကျွန်မကို အော်ဖို့ ဘာအခွင့်အရေးရှိလို့လဲ၊ ကျွန်မ ပြောတာ မှားလို့လား၊ အဲဒီကောင်က ကျေးဇူးကန်းတဲ့ လူယုတ်မာပဲ၊ ရှင့်အစ်ကိုတွေကလည်း ကျေးဇူးမသိတဲ့ လူယုတ်မာတွေပဲ၊ ရှင်က ကျွန်မကိုတော့ အော်ရဲတယ်၊ ရှင်မှာသာ တကယ် သတ္တိရှိရင် စုန့်အိမ်က ငွေတွေ အကုန်လုံးက ရှင့်လက်ထဲ ရောက်နေလောက်ရောပေါ့"

သူမကို စိတ်ကုန်သွားသည့် ကျိုးလောင်စန်းက သူ့အပေါ်ဝတ်ကို ကောက်စွပ်ကာ ဟင်းသီးဟင်းရွက်များ သိုလှောင်ထားသည့် မြေအောက်ခန်းအား သွားကြည့်ရန် ထွက်သွားတော့သည်။

ရာသီဥတု တဖြည်းဖြည်း အေးလာသည်နှင့်အမျှ တို့ဟူးဆိုင်လည်း ပြန်ဖွင့်လှစ်လာခဲ့သည်။

အစောပိုင်းတွင် စုန့်တင်းရှန်းက တို့ဟူးတုံးများ ဝယ်ယူခဲ့ပြီး စုန့်ကျဲကျင့်ကို အကူအညီ တောင်းကာ တစ်လက်မပတ်လည် အတုံးကလေးများ တုံးခိုင်းခဲ့သည်။ ထို့နောက် ထိုတို့ဟူးတုံးများကို ကောက်ရိုးများဖြင့် ဖုံးကာ မီးဖိုခန်းထဲ၌ သိမ်းထားလိုက်သည်။ ယခုအချိန်တွင် ထိုတို့ဟူးများ၌ မှိုမျှင်ရှည်များ စွဲနေပြီ ဖြစ်သည်။

"တင်းရှန်း၊ နင့်ရဲ့တို့ဟူးတွေ အကုန်ပုပ်ကုန်ပြီ"

ဖန့်ရှီက မှိုတက်နေသော တို့ဟူးများကို တွေ့သွားပြီး စိတ်ညစ်ညစ်နှင့် အော်ဟစ်နေပြန်သည်။ တို့ဟူးတုံးများက တန်ဖိုးမကြီးသော်လည်း ပိုက်ဆံဖြင့် ဝယ်ထားရခြင်းဖြစ်ကာ ယခုကဲ့သို့ ပျက်စီးသွားသည်ကို မြင်သည်နှင့် သူမ နှမြောတသ ဖြစ်သွားရသည်။

"ဘာလို့ ပုပ်သွားပြီလို့ ပြောရတာလဲ အမေရယ်"

စုန့်တင်းရှန်းက လီရှီထံမှ အပ်ချုပ်သင်ယူနေခဲ့ပြီး သူမလည်း အမေဖြစ်သူ၏ အော်ဟစ်သံကြောင့် လန့်သွားခဲ့ရသည်။

"ဒီမှာ အားလုံး မှိုတက်နေပြီလေ၊ ဒါကို စားလို့ရပါဦးမလားဟဲ့၊ အိုက်ယား... နင်ကတော့ ဘာလို့ အမြဲတမ်း ပိုက်ဆံကုန်မယ့် ကိစ္စတွေကိုပဲ စဉ်းစားနေရတာတုန်း၊ နင် ကစားချင်ရင်လည်း ရွံ့ ဒါမှမဟုတ် ကျောက်ခဲတွေကို သုံးပြီး ကစားလို့ မရဘူးလား"

ဖန့်ရှီက တို့ဟူးများကို ကြည့်ကာ လက်ဖြင့် တို့ကြည့်ရင်း ဆက်ပြောနေပြန်သည်။

"ဟူးးးးး... ဒါကို တကယ်ပဲ စားလို့ ရပါတော့မလား"

စုန့်တင်းရှန်းကတော့ တို့ဟူးတုံးလေးများပေါ်မှ လှပသော မှိုမျှင်လေးများကို ကြည့်နေရင်း ရယ်သံဖြင့် ပြန်ဖြေလိုက်သည်။

"မှိုတက်နေမှ ပိုစားလို့ ကောင်းတာလေ၊ သမီး ဒီတို့ဟူးကို အချဉ်ဖောက်ပြီးရင် ထမင်းဝိုင်းမှာ ဟင်းတစ်ခွက် ပိုလာစေရမယ်"

ထို့နောက် သူမက ကြိုတင်ပြင်ဆင်ထားသော အချဉ်ဖောက်မည့် အိုးကို သွားယူလိုက်သည်။

ဖန့်ရှီက ထိုတို့ဟူးတုံးလေးများကို အိုးထဲသို့ တစ်ခုချင်း စီထည့်ရန် ကူညီပေးနေရင်း မေးလာပြန်သည်။

"တခြားလူတွေက လတ်ဆတ်တဲ့ တို့ဟူး၊ ကောင်းပေ့ဆိုတဲ့ တို့ဟူးတွေကိုပဲ စားကြတာနော်၊ နင့်ကျမှ တို့ဟူးကောင်းတွေကို ဒီလိုဖြစ်အောင်ထားပြီး မှိုတက်နေတဲ့ အပုပ်တွေကို စားချင်နေပြန်ပြီ၊ နင် ဗိုက်နာမှာကို မကြောက်ဘူးလား"

စုန့်တင်းရှန်းက စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည်။

"အမေ.... မနက်ဖြန် အငယ်ဆုံးဦးလေး ပြန်လာမှာ မဟုတ်ဘူးလား၊ ဧည့်သည်အတွက် အခန်းကိုရော သန့်ရှင်းရေး လုပ်ပြီးပြီလား၊ အမေ မမေ့နဲ့ဦးနော်၊ မင်္ဂလာဆောင်ဖို့က နှစ်ရက်ပဲ လိုတော့တာ၊ ဧည့်ခံပွဲအတွက် စားဖိုမှူးရော ရွေးပြီးပြီလား၊ ထပ်ထည့်ချင်တဲ့ ဟင်းသီးဟင်းရွက် အထူးအဆန်းတွေရော စုံပြီလား"

ဖန့်ရှီက စိတ်ပြောင်းလွယ်သူ ဖြစ်ပြီး စုန့်တင်းရှန်း ဆွဲခေါ်သည့် စကားလမ်းကြောင်းသို့ မျောပါသွားကာ မှိုတက်နေသော တို့ဟူးများအကြောင်း လုံးဝမေ့သွားတော့သည်။

သူမ၏ မျက်နှာပေါ်တွင် အပြုံးကြီးကြီးတစ်ခု ပေါ်လာပြီး အားပါးတရ ပြန်ဖြေနေသည်။

"အရာအားလုံး အစီအစဉ်ကျအောင် လုပ်ထားပြီးပြီ၊ ငါတို့ အသားလုံးတွေကို တောင်ပုံရာပုံ ဖြစ်အောင် ကျော်ထားပြီးပြီ၊ ဝက်သားနီချက်တွေကလည်း စစ်တပ်တစ်ခုစာလောက် ကျွေးလို့ ရတယ်၊ အခန်းတိုင်းကိုလည်း အသစ်အတိုင်း ပြောင်လက်နေအောင် လုပ်ထားတယ်၊ ဒါမှ ငါတို့ရဲ့ ခမည်းခမက်တွေ ရောက်လာရင် မျက်နှာပွင့်မှာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဂုဏ်သရေရှိတဲ့ စာပေပညာရှင်တွေဆိုတော့ ငါတို့ဘက်က ဧည့်ဝတ်ကျေပွန်မှုကို အပြစ်ပြောစရာမရှိအောင် ပြရမှာပေါ့... မဟုတ်ဘူးလား၊ အခုတော့ ငါ နင့်အဘွားကို သွားရှာပြီး စာရင်းတွေကို ထပ်စစ်ကြည့်ရဦးမယ်၊ ဘာတစ်ခုမှ လိုအပ်ချက်ရှိနေလို့ မရဘူး"

သူမ၏ အသံတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး နီးကပ်လာသော မင်္ဂလာဆောင်အတွက် အရာရာ ပြည့်စုံစေရန် စိတ်အားထက်သန်နေပြန်သည်။

စုန့်တင်းရှန်းက ပခုံးတွန့်လိုက်ပြီး စုန့်ကျဲကျင့်ကို လှမ်းခေါ်လိုက်သည်။ ထို့နောက် နှစ်ဦးသား တက်ညီလက်ညီဖြင့် ဆားရည်များဖြင့် စိုစွတ်နေသည့် တို့ဟူးတုံးလေးများကို မြေအိုးကြီးထဲသို့ စနစ်တကျ တစ်လွှာချင်း စီထည့်နေကြသည်။

ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည့် ဆား၊ ဆီ နှင့် ငရုတ်သီးမှုန့်များကို ရက်ရက်ရောရော ဖြူးလိုက်သေးသည်။ သူမ စိတ်တိုင်းကျသွားသည့်အချိန်မှ စုန့်တင်းရှန်းက အိုးနှုတ်ခမ်းကို ရွှံ့စေးထူထူဖြင့် ပိတ်ကာ အတွင်းထဲသို့ လေမဝင်အောင် သေသေချာချာ ချိပ်ပိတ်လိုက်သည်။

နောက်ဆုံးတွင် ထိုအိုးကို မီးဖိုချောင်ထဲမှ ဗီရို၏အောက်ခြေရှိ အေးမြမှောင်မိုက်သော နေရာသို့ ပို့ဆောင်လိုက်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ အချဉ်ဖောက်ရန် သိမ်းထားလိုက်သည်။

စုန့်ကျစ်ရွှမ်း ယခု အသက်နှစ်ဆယ်ကျော်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ ရွာထဲတွင် အိမ်ထောင်မပြုရသေးသော လူပျိုကြီးတစ်ဦးဟု သတ်မှတ်ခြင်း ခံနေရသည်။ စည်းလုံးလှသော ဤရွာလေးတွင် အသက်နှစ်ဆယ်ကျော်အထိ အိမ်ထောင်မရှိခြင်းက အချိန်လွန်သွားသည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။ သို့သော် သူ၏ နှလုံးသားကမူ အသက်ဆယ့်ရှစ်နှစ်အရွယ် တောက်ပသော မိန်းကလေးတစ်ဦးထံတွင် ရှိနေခဲ့သည်။

လွန်ခဲ့သော သုံးနှစ်ပတ်လုံး သူမက သူ၏ဘေးတွင် အမြဲရှိနေခဲ့ပြီး နန်းတွင်းစာမေးပွဲ အောင်မြင်ရန် မနားမနေ ကြိုးစားနေရသည့် သူ့အတွက် လမ်းပြပေးသည့် မီးရှူးတန်ဆောင်သဖွယ် တည်တည်ငြိမ်ငြိမ် အဖော်ပြုပေးခဲ့သူ ဖြစ်သည်။

‘သူမသာ မရှိရင် ငါ့ရဲ့ ဒီခရီးက တကယ်ကို အထီးကျန်နေမှာပဲ’

All Chapters