← Chapters

အဒေါ်အသစ် (အပိုင်း ၂)

Vol. 5 Ch. 45

အဒေါ်အသစ် (အပိုင်း ၂)

Vol. 5 Ch. 45

နောက်ဆုံးတွင်တော့ စုန့်ကျစ်ရွှမ်း သုံးနှစ်ကြာ စောင့်ဆိုင်းခဲ့ရသည့် မင်္ဂလာပွဲနေ့သို့ ရောက်ရှိလာခဲ့သည်။

စုန့်ရှင်းယိနှင့် လီရှီတို့က စုန့်ကျစ်ရွှမ်းအတွက် တင်တောင်းပစ္စည်းအဖြစ် ငွေသားလျန်နှစ်ဆယ် စုဆောင်းပေးထားခဲ့ကြသည်။ ထိုငွေတုံးများက အလင်းရောင်အောက်၌ တလက်လက် တောက်ပနေပြီး ဇနီးမောင်နှံအသစ်၏ ဘဝသစ်အတွက် ခိုင်မာသော အစပျိုးမှုတစ်ခု ဖြစ်စေရန် ရည်ရွယ်ထားပုံရသည်။

ထို့ပြင် လယ်တောမှ လတ်လတ်ဆတ်ဆတ် ရရှိသော ပစ္စည်းများကိုလည်း ထည့်ပေးထားကြသည်။ နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော အမွှေးအတောင်များရှိသည့် ဆူဖြိုးသော ငန်းနှစ်ကောင်နှင့် ပို၍ ဝဖြိုးသော ကြက်နှစ်ကောင်တို့လည်း ပါဝင်သည်။ အဆီများပြီး အသားပြည့်သော ဝက်လက်တစ်စုံကလည်း ထိုလက်ဆောင်များကို ပို၍ ပြည့်စုံသွားစေသည်။ အချိုအဖြစ် ကြွပ်ရွသော သစ်တော်သီးများနှင့် အပြည့်အဝ မှည့်ဝင်းနေသော တည်သီးများ ပြည့်လျှံနေသည့် သစ်သီးခြင်းနှစ်ခြင်းလည်း ထည့်ပေးထားကြသည်။

ဤအရာများက ကျေးလက်မိသားစုတစ်ခုအတွက် အလွန်ပင် ရက်ရောလှသော တင်တောင်းပစ္စည်းများ ဖြစ်နေပြီ ဖြစ်သည်။

နောက်ပိုင်းတွင် ဝမ်မိသားစုက စာရေးစုတ်တံများ၊ မှင်၊ စက္ကူနှင့် မှင်ကျောက်များ ပို့ပေးခဲ့သောကြောင့် သူတို့က စာရေးစုတ်တံတစ်စုံ၊ ရွှေရောင်အနားသတ် မှင်တုံးတစ်တုံးနှင့် ခေါက်ယပ်တောင်တစ်ချောင်းတို့ကိုပါ တင်တောင်းပစ္စည်းထဲသို့ ထည့်သွင်းပေးလိုက်ကြသည်။ မြို့ပေါ်၌ဆိုလျှင်ပင် ဤအရာများက တန်ဖိုးကြီးသော တင်တောင်းပစ္စည်းများအဖြစ် သတ်မှတ်နိုင်ကြပေသည်။

မင်္ဂလာဆောင်သည့်နေ့တွင် စုန့်ရှင်းယိနှင့် လီရှီတို့က သူတို့နှစ်ယောက်လုံး၏ အဝတ်အစားအသစ်စက်စက်များကို ဝတ်ဆင်ထားကြသည်။ လီရှီက ငွေဆံထိုးနှစ်ချောင်းနှင့် ရွှေလက်စွပ်တစ်ကွင်းကိုပင် ဆင်မြန်းထားခဲ့သည်။

ထိုရွှေလက်စွပ်က လွန်ခဲ့သော နှစ်ပေါင်းများအတွင်း စုန့်ရှင်းယိ ငွေရှာနိုင်ခဲ့စဉ်က စုဆောင်းထားသည့်ငွေများဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ၎င်းက ဇနီးဖြစ်သူအပေါ်ထားသည့် စုန့်ရှင်းယိ၏ တန်ဖိုးထားမှုကို ဖော်ပြသည့် လက်ဆောင်တစ်ခုလည်း ဖြစ်ခဲ့သည်။ ထို့ကြောင့် ယခုကဲ့သို့ ထူးခြားသော နေ့ရက်မျိုးတွင် လီရှီက ထိုရွှေလက်စွပ်ကို ထုတ်ဝတ်လေ့ရှိသည်။

မနက်စောစောတွင် စုန့်ကျစ်ရွှမ်းက သတို့သမီးကို ကြိုဆိုရန်အတွက် သူ့၏ အကြီးဆုံးအစ်ကို၊ အကြီးဆုံးမရီးတို့နှင့်အတူ ထွက်ခွာသွားပြီ ဖြစ်သည်။ ထိုသို့သွားရန်အတွက် သူက မြည်းလှည်းတစ်စီးကိုပင် အထူးတလည် ငှားရမ်းခဲ့သေးသည်။ သို့သော် သူတို့ မြို့ထဲသို့ မရောက်ခင် ဝမ်မိသားစုက စုန့်ကျစ်ရွှမ်းထံသို့ ရထားလုံးတစ်စီး စေလွှတ်ပေးခဲ့သည်။ မြို့ပေါ်ရှိ စာသင်ကျောင်း၏ ကျောင်းအုပ်ကြီးသမီးဖြစ်သူ မင်္ဂလာဆောင်သည့်နေ့တွင် အခက်အခဲမဖြစ်စေချင်ဟု ပြောလာခဲ့သည်။

စုန့်ကျစ်ရွှမ်းက လက်ခံရန် ငြင်းဆန်ခဲ့သော်လည်း သူတို့က သူတို့နှင့် ကျိုးယိနို၊ စုန့်တင်းရှန်းတို့ကြားမှ ခင်မင်မှုကို အကြောင်းပြကာ စုန့်ကျစ်ရွှမ်းအား ရထားလုံး ပြောင်းစီးရန် အတင်းအကျပ် တိုက်တွန်းခဲ့ကြသည်။

မြည်းလှည်းမှ ရထားလုံးသို့ ပြောင်းလဲလိုက်ခြင်းက သတို့သမီးကြိုဆိုမည့်အဖွဲ့ကို ချက်ချင်း ပိုခန့်ညားထည်ဝါသွားစေခဲ့သည်။ သတို့သမီး၏ ဖခင်ဖြစ်သူ ပိုင်ရှန်းပင်လျှင် ပြုံးပျော်ရွှင်နေပြီး သူ့၏ သားမက်အသစ်ကို အခက်အခဲမဖြစ်စေဘဲ သူ့သမီးကို ချောချောမွေ့မွေ့ ထည့်ပေးလိုက်သည်။

ရထားလုံးက မြည်းလှည်းထက် ပိုမြန်ဆန်သဖြင့် အသွားအပြန် နှစ်နာရီကျော်ကြာနိုင်သည့် ခရီးက တစ်နာရီကျော်အတွင်း ပြန်ရောက်လာခဲ့သည်။ ခန့်ညားလှသော သတို့သားက သူ၏သတို့သမီးကို ပိုးနီစဖြင့် ဦးဆောင်ကာ ရထားလုံးပေါ်မှ ပြုံးပြုံးရွှင်ရွှင် ဆင်းလာခဲ့သည်။

"သတို့သမီးအသစ်က ခြေထောက်စည်းထားတယ်ဟေ့"

ကလေးတစ်ယောက်က အနားသို့ ပြေးလာပြီး သတို့သမီး၏ စကပ်ရှည်အောက်သို့ ငုံကြည့်ကာ အနီရောင်ဝတ်စုံအောက်မှ သေသေသပ်သပ် ဝတ်ဆင်ထားသော ပန်းထိုးဖိနပ်ကလေးများကို မြင်သွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

ဖန့်ရှီနှင့် ကျန်းရှီတို့က ကလေးများကို အမြန် မောင်းထုတ်လိုက်ကြပြီး သကြားလုံးအချို့ ဝေပေးလိုက်ကြသည်။ ထို့နောက် သတို့သမီးအသစ်ကို ခြံဝင်းအတွင်းသို့ လိုက်ပို့ပေးခဲ့ကြသည်။

စုန့်တင်းရှန်းက သတို့သမီး သွားကြိုသည့်အဖွဲ့နှင့် လိုက်မသွားဘဲ လီရှီ၏ ဘေးနားတွင် ကူညီပေးရန် နေရစ်ခဲ့သည်။ သတို့သမီးအသစ် အိမ်ထဲသို့ ဝင်လာသည့် တခဏတွင် သူမ၏ မျက်လုံးလေးများလည်း တောက်ပသွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ဤသတို့သမီးသစ်လေးက မြို့ပေါ်စာသင်ကျောင်းမှ ကျောင်းအုပ်ကြီး၏ တစ်ဦးတည်းသော သမီးလေး ဖြစ်နေဆဲပင်။

သူမက တောက်ပသောအနီရောင် ဝတ်စုံကို ဆင်မြန်းထားပြီး ဝတ်စုံပေါ်ရှိ ပိတ်စတွင် နဂါးနှင့် ဖီးနစ်ငှက်များ ရစ်ဝဲပျံတက်နေသည့် ပုံစံလေးများ အနုစိတ် ပုံဖော်ထားသည်။ ၎င်းက ကြီးပွားချမ်းသာခြင်းနှင့် အရှိန်အဝါကို ပြသနေသည်။ ဦးခေါင်းပေါ်တွင်လည်း ဆင်တူသည့် အနီရောင်တောက်တောက် မျက်နှာဖုံးပုဝါစကို ဖုံးအုပ်ထားပြီး ထိုပုဝါပေါ်တွင် မင်္ဂလာရှိသော အိမ်ထောင်ရေး၏ သင်္ကေတဖြစ်သည့် ရေကစားနေသော မန်ဒရင်းဘဲစုံတွဲပုံကို ပန်းထိုးထားသည်။ ဤခေတ်၏ ဓလေ့ထုံးတမ်းအရ စည်းထားသော သူမ၏ ခြေထောက်ကလေးများက ကျွမ်းကျင်သော အမူအရာဖြင့် လှုပ်ရှားနေပြီး သူမ၏ခြေလှမ်းတိုင်းက ကြမ်းပြင်ပေါ်တွင် ရွရွလေး ‌‌‌ရွေ့လျားနေကာ သူမကို ပို၍ လှပပြေပြစ်စေသည်။

ကျေးရွာရှိ အမျိုးသမီးများက‌တော့ အလုပ်လုပ်ရာတွင် အနှောင့်အယှက် ဖြစ်စေသော ခြေထောက်စည်းခြင်းကို မပြုလုပ်ကြပေ။ ထိုသို့ခြေထောက်စည်းထားသူများက ပုံမှန်အားဖြင့် အမျိုးသမီးများအနေဖြင့် ပင်ပင်ပန်းပန်း အလုပ်မရသည့် ချမ်းသာသော မိသားစုဝင်များသာ ဖြစ်လေ့ရှိသည်။

စုန့်တင်းရှန်းကိုယ်တိုင်လည်း ခြေထောက်စည်းသည့်ဓလေ့ကို သဘောမတူသော်လည်း သတို့သမီးအသစ်၏ ကျော့ရှင်းသော အမူအရာကိုတော့ မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

သတို့သမီးသစ်ကို မင်္ဂလာအိပ်ခန်းသို့ အမြန် ဆောင်ခေါ်သွားခဲ့ကြသည်။ စုန့်ကျဲကျင့်က စုန့်တင်းရှန်းကို ထိုအခန်းထဲသို့ အတူတူ ဆွဲခေါ်သွားခဲ့သည်။ သူမတို့က သတို့သမီးသစ်နှင့် သူမ၏ မိသားစုဝင်များကို ဧည့်ခံစကားပြောပေးရန် အတူရှိနေရမည့် ဧည့်ကြိုများအဖြစ် တာဝန်ပေး ခံထားခဲ့ရသည်။

'ဒီသတို့သမီးသစ်က တကယ့်ကို လှပပြီး ကျက်သရေ ရှိလိုက်တာ၊ စုန့်ကျစ်ရွှမ်းတော့ ကံကောင်းတာပဲ'

စုန့်ကျစ်ရွှမ်းကလည်း အလွန်အမင်း စိတ်လှုပ်ရှား‌နေပုံရပြီး လက်များ တုန်ယင်နေကာ ဝါးတံလေးဖြင့် သတို့သမီး၏ မျက်နှာဖုံးပုဝါနီကို မတင်ရန် နှစ်ကြိမ်လောက် ကြိုးစားခဲ့ရသည်။ ပုဝါပွင့်သွားချိန်တွင်တော့ ခြယ်သမှုလွန်ကဲနေသည့် သတို့သမီးအသစ်၏ မျက်နှာကို တွေ့လိုက်ရသည်။

စုန့်တင်းရှန်းကတော့ သူမကို တစ်ချက်သာ ကြည့်လိုက်ပြီး ရယ်ချင်စိတ်ကို အနိုင်နိုင်အောင့်ထားလိုက်ရသည်။

ထိုအရာက အလှအပနှင့် သက်ဆိုင်သည့် အမြင်များ မတူညီသောကြောင့်သာ ဖြစ်သည်။ သတို့သမီးအသစ်၏ မျက်နှာက မျက်နှာချေမှုန့်များက အလွန်အမင်း ဖြူဖွေးနေပြီး နှုတ်ခမ်းကိုတော့ သေးသေးလေးနှင့် နီရဲနေအောင် ခြယ်သထားသည်။ နဖူးပေါ်တွင် အနီစက်ကလေးများ တင်ထားပြီး ပါးပြင်ပေါ်တွင်လည်း ပါးနီများ ရဲနေအောင် ခြယ်သထားသောကြောင့် စုန့်တင်းရှန်း၏အမြင်တွင် ဆွဲဆောင်မှု မရှိသလို ခံစားနေရသည်။

'ဒီခေတ်က မင်္ဂလာဆောင်တွေရဲ့ မိတ်ကပ်အပြင်အဆင်က တကယ်ပဲ လူကို ခြောက်ခြားစေတာပဲ၊ အဲဒီလောက်ကြီး ဖွေးနေတာတောင် လှတယ်လို့ ထင်နေကြတာတဲ့လား'

စုန့်တင်းရှန်းက မလှဘူးဟု တွေးနေခဲ့သော်လည်း စုန့်ကျဲကျင့်ကတော့ အလွန်သဘောကျနေပြီး စိတ်လှုပ်ရှားနေပုံရသည်။

"အစ်မ၊ အဒေါ်အသစ်ရဲ့ မျက်နှာကို ကြည့်ပါဦး၊ တကယ်ကို ဖွေးဥနေတာပဲ၊ ဒီလို အသားအရေမျိုး ရဖို့အတွက် အကောင်းဆုံး ပုလဲပေါင်ဒါတွေ လိုတယ်လို့ ပြောတာကို ကျွန်မ ကြားဖူးတယ်၊ ပြီးတော့ သူ့နှုတ်ခမ်းလေးတွေကလည်း နီရဲနေတာပဲ၊ တကယ်ကို လှတာပဲနော်"

“....”

စုန့်တင်းရှန်းတစ်ယောက် ဘာမှ ပြန်မပြောနိုင်ဘဲ စိတ်ထဲတွင်သာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမ ရွာထဲမှ လူနှင့်သာ အိမ်ထောင်ကျခဲ့ပြီး ဤကဲ့သို့သော ဓလေ့ထုံးစံများ မရှိခဲ့သည်မှာ တကယ့်ကို ကံကောင်းသည်ဟု တွေးနေမိသည်။ ထိုသို့မဟုတ်လျှင် သူမအတွက် ခက်ခဲသော အခြေအနေတစ်ခု ဖြစ်လာပေလိမ့်မည်။

အနီရောင်မျက်နှာဖုံးပုဝါကို ဂရုတစိုက် မတင်လိုက်ပြီး သတို့သမီး၏ မျက်နှာကို ယနေ့မှ ပထမဆုံးအကြိမ် မြင်လိုက်ရသည့် စုန့်ကျစ်ရွှမ်း၏ သူငယ်ချင်းများထံမှလည်း ဂုဏ်ပြုအားပေးသံများနှင့် နောက်ပြောင်သံများ ထွက်ပေါ်လာပြီး ဆူညံပွက်လောရိုက်သွားပြန်သည်။ သတို့သားကတော့ ပျော်ရွှင်မှုနှင့်အတူ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပြီး သူ့သူငယ်ချင်းများ ခေါ်ဆောင်ရာသို့ လိုက်ပါသွားသည်။ သူတို့ မင်္ဂလာသေရည် သွားသောက်ကြပေလိမ့်မည်။

အခန်းထဲတွင် စကားတတွတ်တွတ် ပြောနေကြသော အမျိုးသမီးတစ်စုနှင့် သတို့သမီးသာ ကျန်ရစ်နေခဲ့သည်။

စုန့်တင်းရှန်းနှင့် စုန့်ကျဲကျင့်တို့က ထိုအမျိုးသမီးကြီးများ၏ စကားဝိုင်းထဲသို့ ဝင်မပါနိုင်ကြဘဲ ထောင့်တစ်နေရာတွင် ထိုင်ကာ မြေပဲနှင့် နေကြာစေ့များ စားနေကြသည်။ သူမတို့၏ အာရုံကတော့ ရှက်သွေးဖြာနေသော သတို့သမီးအသစ်ထံ ရောက်နေခဲ့သည်။

သတို့သမီးအသစ်က သူမ၏မျက်လုံးများကို အောက်သို့သာ စိုက်ကြည့်နေပြီး အကြိမ်ကြိမ် တိုက်တွန်းမှသာ ရှက်ရွံ့ဟန်လေးဖြင့် တစ်ချက်တချက် မော့ကြည့်နေတတ်သည်။ သူမ၏ လှုပ်ရှားမှုတိုင်းက သိမ်မွေ့လွန်းလှသဖြင့် လေပြေတစ်ချက် တိုက်ရုံနှင့်ပင် လွင့်ပါသွားတော့မလို ထင်ရစေသည်။

"ဒုတိယအစ်မ၊ ကျွန်မတို့ရဲ့ အဒေါ်အသစ်က ရွာမှာပဲ နေပြီး ကျွန်မတို့နဲ့အတူ နေမယ်လို့ အစ်မ ထင်လား"

စုန့်ကျဲကျင့်က စမေးလိုက်သည်။

စုန့်တင်းရှန်းက ခေါင်းယမ်းပြီး ပြန်ပြောလိုက်သည်။

"ငါတော့ အဲ့လို မထင်ဘူး၊ အငယ်ဆုံးဦးလေးက မြို့ကို သွားပြီး စာသင်ရဦးမှာလေ၊ သူက ဘယ်လို လုပ်ပြီး အဒေါ်အသစ်ကို ချန်ထားခဲ့နိုင်မှာလဲ၊ အဲ့ဒါ့အပြင် အဒေါ်အသစ်ရဲ့ ခြေထောက်တွေကိုလည်း ကြည့်ဦးလေ၊ သူ မီးဖိုချောင်ထဲမှာ အလုပ်လုပ်တာကလွဲရင် ရွာမှာ ဘာလုပ်နိုင်မယ်လို့ နင် ထင်လဲ၊ အငယ်ဆုံးဦးလေးကရော သူ့ကို ပင်ပင်ပန်းပန်း အလုပ်တွေ ခိုင်းရက်ပါ့မလား"

"ဟုတ်တော့လည်း ဟုတ်တာပါပဲ၊ ဒါပေမယ့် အ‌ဒေါ်အသစ်ရဲ့ ခြေထောက်ကလေးတွေက အရမ်းလှတယ်၊ ဖိနပ်ကလေးတွေကလည်း လှတယ်"

စုန့်ကျဲကျင့်က သူမ၏ခြေထောက်ကို သူမဘာသာ တစ်ချက်ပြန်ကြည့်လိုက်ပြီး စကက်အနားစဖြင့် သေသေချာချာ ပြန်ဖုံးလိုက်သည်။

စုန့်တင်းရှန်းက သူမတို့ကို မည်သူမျှ သတိမထားမိမှန်း သေချာအောင် ဝေ့ကြည့်လိုက်ပြီးမှ သူမကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

"နင်က လှတာကိုပဲ မြင်နေတာလေ၊ အဲဒါက ဘယ်လောက်တောင် နာကျင်ရလဲဆိုတာကိုရော နင် မစဉ်းစားမိဘူးလား၊ အဲဒီလို ခြေထောက်မျိုးရဖို့ ခြေထောက်က အရိုးတွေကို ကျိုးအောင်ချိုးပြီး အတင်းခွေခေါက်ထားရတာလေ၊ အိပ်တဲ့အချိန်တောင် ခြေအိတ်ကို ချွတ်လို့မရဘူးတဲ့၊ ပြီးတော့ ဒီလောက် သေးလွန်းတဲ့ ခြေထောက်က ဘယ်မှာ လှလို့လဲ၊ ပြေးလို့လည်း မရ၊ လမ်းတောင် အဝေးကြီး မလျှောက်နိုင်ဘူး၊ ငါတော့ တွေးရုံနဲ့တင် ရင်မောနေပြီ"

စုန့်ကျဲကျင့်က အံ့ဩတုန်လှုပ်ဟန်လေးဖြင့် ပြန်မေးလာသည်။

"တကယ်လား၊ အဲ့လောက်နာကျင်ရရင် မြို့ပေါ်က မိန်းခလေးတွေက ဘာလို့ ခြေထောက်စည်းကြတာလဲ"

စုန့်တင်းရှန်းတစ်ယောက် လက်ရှိကာလ၏ အမျိုးသားများကို ဗဟိုပြုသော အလှအပစံနှုန်းများအကြောင်းကို ရှင်းပြရန် ခက်ခဲနေပြီး အကျပ်ရိုက်သွားရပြန်သည်။ နောက်ဆုံးတွင် သူမ ခပ်လွယ်လွယ် ရှင်းပြလိုက်သည်။

"ဘာလို့လဲဆိုတော့ သူတို့က ငါတို့ကို လယ်ကွင်းထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ဖို့ မလိုကြဘူးလေ၊ ပြီးတော့ ယောကျ်ားလေးတွေကလည်း အဲဒီလို ခြေထောက်မျိုးကိုမှ ဆွဲဆောင်မှုရှိတယ်လို့ ထင်နေကြတာ၊ အဲဒါကြောင့် မိဘတွေက မိန်းခလေးတွေကို ခြေထောက်စည်းဖို့ လှည့်စားတိုက်တွန်းကြတာပေါ့၊ ဒါပေမယ့် နောက်ဆုံး ဒုက္ခရောက်ရတာက အဲ့မိန်းခလေးတွေပဲ မဟုတ်ဘူးလား"

စုန့်ကျဲကျင့်က တစ်စုံတစ်ရာကို နားလည်သွားသည့်အလား ပြန်ပြောလာခဲ့သည်။

"ဘာပဲဖြစ်ဖြစ် ကျွန်မ ခြေထောက်မစည်း ချင်တော့ဘူး၊ ရွာကနေ မြို့ကို သွားဖို့တောင် ဒီလောက် အကြာကြီး လမ်းလျှောက်ရတာ၊ ခြေထောက်သာ စည်းထားရရင် ဘယ်လိုလုပ် လမ်းလျှောက်နိုင်တော့မှာလဲ အစ်မရယ်"

စုန့်တင်းရှန်းက သူမ၏အပြောကြောင့် ရယ်မောပြီးမှ ထပ်ပြောပြလိုက်သည်။

"အဲဒါကြောင့်လည်း ခြေထောက်စည်းတာက ချမ်းသာတဲ့ မိသားစုတွေအတွက်ပဲ ဖြစ်နေတာပေါ့၊ သူတို့က အပြင်ထွက်ရင် ရထားလုံးတို့၊ ထမ်းစင်တို့နဲ့ သွားကြတာလေဟယ်၊ နင်တို့ ငါတို့လို လမ်းလျှောက်စရာမှ မလိုတာ"

နောက်တစ်နေ့ မနက်ရောက်မှသာ စုန့်တင်းရှန်းတစ်ယောက် အဒေါ်အသစ်၏ ရုပ်ရည်အစစ်အမှန်ကို မြင်တွေ့ခွင့်ရခဲ့သည်။

ပိုင်ရှီထံတွင် လူအများသတိပြုမိလောက်သည့် ထူးခြားသော လှပမှုမျိုး မရှိသော်လည်း သူမ၏ အလှက တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု ရှိနေပြန်သည်။ စာအုပ်စာပေများကြားထဲတွင် နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့သူ ဖြစ်သည့်အလျောက် သူမထံတွင် ယဉ်ကျေးသိမ်မွေ့သော အရှိန်အဝါတစ်ခု ရှိနေသည်။ သူမ၏ လှုပ်ရှားမှုတိုင်းတွင် အေးချမ်းတည်ငြိမ်သော အမူအရာများ ပါဝင်နေပြီး အသိပညာ ကြွယ်ဝသူတစ်ဦး၏ ပုံရိပ်က သူမ၏ အရိုးထဲမှ အလိုအလျောက် ထွက်ပေါ်နေပုံရသည်။

'ဒီလို အဒေါ်မျိုးက အငယ်ဆုံးဦးလေးနဲ့ တကယ်ကို လိုက်ဖက်တာပဲ'

ဤသို့ ပညာတတ်အသိုင်းအဝိုင်းမှ လာသူဖြစ်သော်လည်း သူမထံ၌ မည်သည့် မောက်မာမှု အရိပ်အယောင်ကိုမျှ မတွေ့ရပေ။ မနက်စောစောထ၍ ထမင်းဟင်းချက်ခြင်းနှင့် လက်ဖက်ရည်ပြင်ခြင်းတို့ကို သူမကိုယ်တိုင် ပြုလုပ်ခဲ့ပြီး စုန့်ရှင်းယိနှင့် လီရှီတို့ကို တရိုတသေ ဂါရဝပြု နှုတ်ဆက်ခဲ့သည်။ နောက်ဆုံးတွင် သူမလည်း ယောက္ခမများ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။

ရွာအတိုင်းအတာဖြင့် ပြောရလျှင် စုန့်ကျစ်ရွှမ်းက ရုပ်ရည်ချောမောသူတစ်ဦး ဖြစ်သည်။ သူက သူတို့ရွာတွင် အခန့်ညားဆုံးသူ ဖြစ်ပြီး သူ့၏ထင်ရှားပြတ်သားသော ရုပ်ရည်သွင်ပြင်က လူတကာ ငေးရလောက်အောင် ဆွဲဆောင်မှုရှိသည်။ သတို့သမီးအသစ်က သူမ၏ခင်ပွန်းလောက် ရုပ်ရည်ထူးခြားခြင်း မရှိသော်လည်း သူမထံ၌ရှိနေသည့် နွေးထွေးယဉ်ကျေးသည့် အမူအရာက ခင်ပွန်းဖြစ်သူ၏ ရုပ်ရည်နှင့် အချိုးကျကျ လိုက်ဖက်ညီနေသည်။ သူတို့နှစ်ဦးစလုံးက တစ်ယောက်နှင့်တစ်ယောက် အပေးအယူ မျှတပုံပေါ်ပြီး တည်ငြိမ်အေးချမ်းသော ဟန်ပန်ကို ထုတ်လွှတ်နေကြသည်။

ထို့အပြင် အဒေါ်အသစ်က စကားပြောဆိုရာ၌ သိမ်မွေ့ပြီး လက်ရေးလက်သား လှပသလို ပန်းထိုးရာတွင်လည်း ကျွမ်းကျင်လှသည်။ ဟင်းချက်လက်ရာကလည်း အထူး ကောင်းမွန်နေသေးသည်။ ထိုကြောင့် စုန့်ကျစ်ရွှမ်း သူ့၏ဇနီးလောင်းကို တမ်းတမ်းစွဲ ဖြစ်နေရခြင်းမှာ မဆန်းတော့ပေ။ သူ အိမ်ပြန်လာတိုင်း ပိုင်ရှီ၏အကြောင်းကို ကောင်းကင်ရောက်မတတ် အမြဲတမ်း ချီးမွမ်းနေလေ့ရှိသည်။ ယခု သူ သူမကို အိမ်သို့ ခေါ်ဆောင်လာနိုင်ပြီဖြစ်ရာ သူ၏မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။

အမျိုးသမီးများ စုမိကြသောအခါ၌ စကားဝိုင်းက သတို့သမီးအသစ်ဆီသို့ အလျင်အမြန် ဦးတည်သွားခဲ့သည်။

စုန့်ကျဲကျင့်က ဉာဏ်ပြေးသော်လည်း ပွင့်လင်းသူ ဖြစ်ကာ စိတ်ထဲရှိသည်ကို ချက်ချင်း ထုတ်ပြောလေ့ရှိသည်။ သူမ ခြေထောက်စည်းရသည်မှာ နာကျင်လားဟု ပိုင်ရှီကို မေးမြန်းနေပြီး ပိုင်ရှီက သိမ်သိမ်မွေ့မွေ့ အပြုံးလေးဖြင့် ပြန်ပြောပြနေသည်။

"အရမ်းနာတာပေါ့၊ ရက်တော်တော်ကြာအောင် အိပ်လို့လည်းမရ၊ လမ်းလည်းမလျှောက်နိုင်နဲ့ တကယ်ကို နှိပ်စက်ခံရသလိုပါပဲ၊ အဲဒီတုန်းက ငါလည်း ခြေထောက် မစည်းချင်ခဲ့ဘူးလေ၊ ဒါပေမယ့် ငါတို့ မိသားစုထဲက မိန်းခလေးတိုင်း အဲ့လိုလုပ်ကြရတာဆိုတော့ ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး၊ ငါကတော့ နင်တို့ကို အားကျမိတယ်၊ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားနိုင်တယ်၊ ငါကတော့ ခဏလေး လမ်းလျှောက်လိုက်တာနဲ့တင် တော်တော်ပင်ပန်းနေပြီ”

စုန့်ကျဲကျင့်က စာနာဟန်လေးဖြင့် ထပ်ပြောနေပြန်သည်။

"ဒီလောက်အထိ နာကျင်ရတာကို ဘာလို့ ခြေထောက်စည်းကြတာလဲ၊ တောင်တက်လို့လည်း မရ၊ တောထဲကို သွားဆော့ဖို့လည်း မဖြစ်နိုင်ဘူး၊ လွတ်လွတ်လပ်လပ် သွားလာဖို့တောင် တော်တော်မလွယ်ဘူးမလား"

"အင်း.... ဟုတ်တယ်၊ ဒါပေမယ့် အခုတော့ ဧကရာဇ်မင်းမြတ်က ခြေထောက်စည်းတာကို ခွင့်မပြုတော့ဘူးလို့ အမိန့်ထုတ်ထားပြီးပါပြီ၊ ဒါပေမယ့်လည်း အဲလို အမိန့်ထုတ်ထားတာတောင် တချို့လူတွေက လှတယ်လို့ ထင်ပြီး ခြေထောက်တွေကို ဆက်စည်းနေကြတုန်းပဲ"

စုန့်ကျဲကျင့်က ပန်းထိုးထားသော ဖိနပ်ချွန်လေးများကို အားကျတပ်မက်စွာ ကြည့်နေရင်း ပြောလိုက်ပြန်သည်။

"တကယ်တော့ ကြည့်လို့ တော်တော်ကောင်းတာလည်း အမှန်ပဲ၊ ဖိနပ်လေးဆိုလည်း သေးသေးလေးနဲ့ ချစ်စရာလေး၊ ပြီးတော့ အဒေါ် လမ်းလျှောက်ရင် ကျွန်မတို့နဲ့မတူဘဲ အများကြီး ကျော့ရှင်းနေတာလေ"

စုန့်တင်းရှန်းကမူ ဘေးမှ နားထောင်နေရင်း အတွေးထဲသို့ နစ်ဝင်သွားရသည်။

‘အလှအပအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရတဲ့ ဓလေ့တွေက တကယ်ကို ကြောက်စရာကောင်းတာပဲ၊ ငါကတော့ ဒီလို မရိုးသားတဲ့ အလှအပတွေထက် လွတ်လပ်မှုကိုပဲ ပိုမြတ်နိုးတယ်’

ပိုင်ရှီက အပြုံးမပျက် ထပ်ရှင်းပြနေသည်။

"ဒါက ငါက ခြေလှမ်းအကျယ်ကြီ မလှမ်းနိုင်လို့လေ၊ နည်းနည်းမြန်မြန် လျောက်မိတာနဲ့ လဲကျသွားနိုင်တယ်၊ ဒါပေမယ့် ငါတို့အိမ်က ခြံဝင်းက မြေညီနေတော့ လမ်းလျှောက်ရတာ တည်ငြိမ်လို့ အရမ်းအဆင်ပြေတယ်၊ ဒါကြောင့် သိပ်ပြီး စိုးရိမ်မနေတော့ပါဘူး"

လီရှီကလည်း ဝင်ပြောလိုက်သည်။

"အဲဒါက နင်တို့ယောက္ခမက ဈေးသက်သာတဲ့ အပြာရောင်ကျောက်ပြားလေးတွေ တကူးတက လိုက်ရှာပြီး ခင်းပေးထားလို့လေ၊ နှင်းတွေကျတဲ့အခါ ဒါမှမဟုတ် မိုးရွာတဲ့အခါ နင်တို့တွေ ရွှံ့မပေအောင် သူ တွေးပေးခဲ့တာ"

ပိုင်ရှီက ဆက်လက်၍ ဆိုသည်။

"ကျွန်မရဲ့ခင်ပွန်းက ကျွန်မကို ပြောပါထားတယ်၊ အဖေနဲ့အမေ၊ ပြီးတော့ အစ်ကိုတို့နဲ့ ယောင်းမတွေက အလုပ်ကြိုးစားကြသူတွေတဲ့၊ ကျွန်မ လယ်ထဲဆင်းပြီး အလုပ်မလုပ်နိုင်ပေမယ့် ထမင်းဟင်းချက်တာနဲ့ အိမ်သန့်ရှင်းရေးလုပ်တာတွေကိုတော့ လုပ်နိုင်ပါတယ်၊ နောင်ကျရင်.... အမေ ကျွန်မကို သင်ပေးပါဦးနော်"

လီရှီက သူမ၏ချွေးမကို သဘောကျဟန်ဖြင့် ပြုံးပြုံးကြီး ကြည့်နေလေသည်။

"အဲဒါတွေက သိပ်ပြီး ဒုက္ခမများပါဘူးအေ၊ နင်တို့ လက်ထပ်ပြီးရင် အိမ်ထောင်ခွဲပေးမယ်ဆိုပေမယ့်လည်း ငါတို့တွေက အတူတူ ဆက်နေကြရဦးမှာပါပဲ၊ ငါတို့က တခြံထဲမှာ အတူတူနေပြီး အိမ်မှုကိစ္စတွေ အားလုံး အတူတူ ဝိုင်းလုပ်ကြတယ်၊ နင်တစ်ယောက်တည်း အကုန်လုပ်စရာ မလိုပါဘူး၊ ပြီးတော့ နှစ်သစ်ကူးပြီးရင် နင်နဲ့ တတိယသားက မြို့ကို ပြောင်းကြရမှာလေ၊ သူ့ကိုသာ ကောင်းကောင်း ဂရုစိုက်စမ်းပါ"

ပိုင်ရှီက အံ့ဩသွားပြီး ချက်ချင်း ပြန်မေးလာသည်။

"အမေ... ကျွန်မက ခင်ပွန်းနဲ့အတူ မြို့မှာ သွားနေရမယ် ဟုတ်လား၊ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ကျွန်မ သွားလိုက်ရင် အဖေနဲ့အမေကို ကောင်းကောင်း ပြုစုနိုင်မှာ မဟုတ်တော့ဘူးလေ၊ တခြားလူတွေ သိသွားရင်လည်း ပြောစရာတွေ ဖြစ်နေပါဦးမယ်"

လီရှီက သူမ စိတ်အေးစေရန် ဖျောင်းဖျလိုက်သည်။

"ဘယ်သူက ဘာပြောမှာတုန်း၊ ပြောတော့ရော... ဘယ်သူ့ကို ဂရုစိုက်နေရမှာလဲ၊ ဒါက ငါတို့မိသားစုရဲ့ကိစ္စပဲလေ၊ တတိယသားက စာသင်ပြီး ပင်ပင်ပန်းပန်း ပြန်လာတဲ့အချိန် နင့်လို ကြင်နာတတ်ပြီး အလိုက်သိတဲ့ဇနီးမယားက သူ့အနားမှာ ရှိနေပေးတော့ ငါတို့လည်း စိတ်အေးရတာပေါ့၊ ဒါပေမယ့် နင် တစ်ခုတော့ မှတ်ထားရမယ်၊ ငါတို့မိသားစုရဲ့ ထုံးစံအရ လက်ထပ်ပြီးရင် အိမ်ထောင်ခွဲရတယ်၊ ငါတို့နဲ့ မိသားစုကြီးတစ်ခုလိုမျိုး ဆက်နေလို့ရသလို သီးခြားစီ နေလို့လည်း ရတယ်၊ အဲ့ဒါက နင့်အပေါ်မှာပဲ မူတည်တယ်၊ ဒါပေမယ့် နင် ဘယ်လိုပဲ ရွေးချယ်ပါစေ ငါတို့မိသားစုဝင်တွေက စိတ်ထားကောင်းတဲ့သူတွေချည်းပဲ၊ နောက်ကွယ်ကနေ အတင်းအဖျင်းပြောမှာကို နင် စိုးရိမ်နေဖို့ မလိုဘူး"

ပိုင်ရှီက ခန်ပေါ်မှ ဆင်းကာ ယောက္ခမဖြစ်သူကို တရိုတသေ ဦးညွှတ်လိုက်သည်။

"အမေ ပြောတာတွေ အားလုံးကို ကျွန်မ မှတ်ထားပါ့မယ်၊ အဖေနဲ့ အမေက အကြင်နာတတ်ဆုံးလူတွေလို့ ကျွန်မယောက်ျားက အမြဲပြောခဲ့တယ်။ အစကတော့ နည်းနည်းစိတ်လှုပ်ရှားခဲ့ပေမယ့် အခု ကျွန်မ စိတ်မလှုပ်ရှားတော့ပါဘူး၊ အစ်ကိုတွေ၊ ယောင်းမတွေနဲ့လည်း ဘယ်တော့မှ စိတ်ဝမ်းမကွဲစေရပါဘူး"

အိမ်ထောင်ခွဲမည့် ဆုံးဖြတ်ချက်ကိုလည်း ကြိုတင်တိုင်ပင် စီစဉ်ထားပြီးသား ဖြစ်သည်။ နှစ်သစ်ကူးပြီးနောက် ရွာသူကြီးနှင့် ရွာမှ လူကြီးသူမများကို ဖိတ်ကြားကာ သက်သေအဖြစ် ဆောင်ရွက်စေပြီး အိမ်ထောင်ခွဲခြင်းကို တရားဝင် ပြုလုပ်ကြမည် ဖြစ်သည်။

အခြားမိသားစုများ၌ အိမ်ထောင်ခွဲလျှင် ပြဿနာများ ဖြစ်တတ်ပြီး ဆူညံနေတတ်သော်လည်း ဤမိသားစုတွင်မူ လက်ဖက်ရည်တစ်ခွက် သောက်နေရသကဲ့သို့ တည်ငြိမ်အေးဆေးစွာ ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။

[ E-Tran Note : ခြေထောက်စည်းသည့်ဓလေ့ (Footbinding)က တရုတ်နိုင်ငံရဲ့ ရှေးဟောင်းဓလေ့တစ်ခုပါ၊ မိန်းကလေးငယ်လေး‌တွေ အသက်လေးနှစ်ကနေ ခြောက်နှစ်အတွင်း ခြေထောက်လေးတွေကို အဝတ်နဲ့ တင်းတင်းကျပ်ကျပ် စည်းနှောင်ပြီး ကြီးထွားမှုကို တားဆီးတာမျိုးပါ။ အကောင်းဆုံး ခြေထောက်အရွယ်အစားကို သုံးလက်မလို့ သတ်မှတ်ကြပြီး "ရွှေကြာပန်း" လို့ တင်စားခေါ်ဝေါ်ကြပါတယ်၊ အဲ့လို ခြေထောက်လေးတွေက အလှအပ၊ ယဉ်ကျေးသိမ်မွေ့မှုနဲ့ လူတန်းစားမြင့်မားမှုရဲ့ အမှတ်သင်္ကေတကိုလည်း ကိုယ်စားပြုနိုင်ပါတယ်]

All Chapters