ဂုဏ်ထူးဆောင်မှု (အပိုင်း ၁)
Vol. 5 Ch. 46
ကျိုးယိနိုတစ်ယောက် ဆီးနှင်းကျင်းတစ်ခုအတွင်း၌ လှုပ်ရှားမှုမရှိဘဲ သတိအပြည့်ဖြင့် ပုန်းအောင်းနေခဲ့သည်။ သူ၏ပတ်ဝန်းကျင်မှ အေးခဲနေသော နှင်းကျင်းများထဲတွင်လည်း သူ့နည်းတူ စစ်သည်တစ်ဒါဇင်ခန့် ပုန်းအောင်းနေကြပြီး သူတို့၏ မူမမှန်သော အသက်ရှူသံများကသာလျှင် ဤအရာရာပျက်သုန်းမတတ် အေးစက်နေသော ဟင်းလင်းပြင်ကျယ်ကြီးထဲ၌ သက်ရှိများရှိနေကြောင်း ပြသနေသည်။
စိုစွတ်ထိုင်းမှိုင်းသော အဝတ်အစားများအောက်မှ ခန္ဓာကိုယ်များအားလုံး တုန်ယင်နေကြသည့်တိုင် သူတို့အားလုံး မသေချာသော မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်ထားကြရသည်။ သူတို့၏ တင်းတောင့်နေသော ကြွက်သားများက လွတ်လပ်မှုကို တောင်းဆိုနေကြသော်လည်း သူတို့၏ခန္ဓာကိုယ်များကိုတော့ ဤတိတ်ဆိတ်သော စောင့်ကြည့်မှုအတွင်း အကျဉ်းသားအဖြစ် ချုပ်နှောင်ထားရသည်။
သူတို့ စောင့်ကြည့်နေသော နေရာနှင့် မလှမ်းမကမ်းတွင် မြင်းများနှင့် လူတစ်စုက ဆောင်းရာသီ၏ ပြင်းထန်သော အအေးဒဏ်ကို အံတုရင်း ရုန်းကန်နေကြသည်။ သူတို့ဆွဲလာသော ရိက္ခာလှည်းများပေါ်တွင် ကောက်နှံများနှင့် ထောက်ပံ့ရေး ပစ္စည်းများ တောင်ပုံရာပုံ တင်ဆောင်လာပြီး ထူထပ်လှသော ဆီးနှင်းများကြားထဲမှ ခက်ခက်ခဲခဲ ဖြတ်သန်းနေကြသည်။
မြင်းခွာသံ တစ်ချက်ချင်းစီကပင် တိုက်ပွဲတစ်ခုကဲ့သို့ပင် ပြင်းထန်လှပြီး တိတ်ဆိတ်မှုကို ဖြတ်တောက်နေသည့် အသံက သားရေကြိုးများ၏ တကျိကျိမြည်သံနှင့် လူရောတိရစ္ဆာန်ပါ မောဟိုက်စွာ အသက်ရှူနေကြသည့် အသံများသာ ဖြစ်သည်။ ကိုက်ခဲမတတ် အအေးဒဏ်ကို အလွှာလိုက် အဝတ်များဖြင့် ကာကွယ်ထားသော ထိုလူများက မြင်းများဘေးမှ တစ်လှမ်းချင်း လျှောက်လှမ်းနေကြသည်။ လေးလံလှသော ဝန်ထုပ်ဝန်ပိုးကို ရှေ့သို့တွန်းတင်နေရသဖြင့် သူတို့၏ မျက်နှာထက်တွင် ပြတ်သားသော အားမာန်များကို အထင်အသား ရေးထွင်းထားသလို ဖြစ်နေပြန်သည်။
လှည်းတန်းကို စောင့်ကြပ်နေသည့် အဖွဲ့က သာမန်အစောင့်များ မဟုတ်ဘဲ တိုင်းတပါးမျိုးနွယ်စုတစ်ခုမှ စစ်သည်တော်များ ဖြစ်ကြသည်။ သူတို့၏ ဝတ်စုံများက ပိုမိုကြမ်းတမ်းသော နယ်မြေမှ လာသူများဖြစ်ကြောင်း သိသာနေသည်။ နေနှင့်နှင်းဒဏ်ကြောင့် အညိုရောင် ပြောင်းနေသော သားမွေးအင်္ကျီထူကြီးများက နန်းတွင်းစစ်သည်များ၏ တလက်လက်တောက်နေသော သံချပ်ကာများနှင့် သိသိသာသာ ကွဲပြားနေသည်။
အမည်မသိ ငှက်မွေးများဖြင့် တန်ဆာဆင်ထားသော ဦးထုပ်အဝိုင်းကြီးများက သူတို့၏ မျက်နှာပေါ်သို့ အရိပ်ကျနေပြီး သူတို့၏ခံစားချက်ကို သိမြင်ရန် ခက်ခဲနေသည်။ သားမွေးအင်္ကျီများအောက်ရှိ သန်မာသော ကိုယ်ခန္ဓာများက သဘာဝဘေးဒဏ်များကို အန်တုရင်း သားရဲတိရစ္ဆာန်များကို ရင်ဆိုင်ကျော်ဖြတ်လာခဲ့သည့် ဘဝမျိုးဖြစ်ကြောင်း သက်သေပြနေသည်။
စစ်သည်တော်တိုင်း၏ ခါးဘေးတွင် ချိတ်ဆွဲထားသည့်အရာက လက်နက်မဟုတ်ဘဲ သားရေဖြင့် ပြုလုပ်ထားသော သေရည်အိတ်ကြီးများ ဖြစ်နေလေသည်။ ထိုသားရေက ဟောင်းနွမ်းနေပြီး အမည်မသိ ပြင်းထန်သော အရည်တစ်မျိုး စွန်းထင်းနေသည်။ သူတို့ စကားပြောဆိုသော အသံက လည်ချောင်းသံ ပါဝင်သည့် ဟိန်းသံကြီးမျိုး ဖြစ်ပြီး နားထောင်နေသူများအတွက် နားမလည်နိုင်သည့်တိုင် အားမာန်ပါမှန်းတော့ သိနိုင်စေသည်။
ကျိုးယိနိုက သူ့၏နှင်းကျင်းထဲမှ ချောင်းမြောင်းနေပြီး ရန်သူများ၏ အင်အားကို အသေးစိတ် အကဲခတ်နေသည်။
‘ဒီလူတွေက သာမန်စစ်သည်တွေ မဟုတ်ဘူး၊ သူတို့ရဲ့ အရှိန်အဝါက တကယ့်ကို ကြမ်းတမ်းလွန်းတယ်’
‘ပြီးတော့ သူတို့က စစ်သည်တော်တွေလိုမျိုး ရိုင်းစိုင်းကြမ်းတမ်းတဲ့ ဘာသာဝ ရှိပုံပဲ၊ လေပြင်းတွေ တိုက်ခတ်တဲ့ လွင်ပြင်ကျယ်ကြီးနဲ့ ကြယ်ပေါင်းထောင်သောင်း ချီတောက်ပနေတဲ့ ကောင်းကင်အောက်က တိုက်ပွဲတွေ အများကြီး ကြုံခဲ့တဲ့ လူမျိုးစုတွေ ဖြစ်နိုင်တယ်’
နောက်ဆုံးတွင် လှည်းတန်းကြီးက သူတို့ရှေ့မှ ကျော်ဖြတ်သွားပြီး ကျိုးယိနိုက နှင်းကျင်းထဲမှ ထွက်လာကာ သူ့ကိုယ်ပေါ်ရှိ နှင်းများကို အလျင်အမြန် ခါထုတ်လိုက်သည်။
"ငါတော့ အေးခဲပြီး သေတော့မလို ဖြစ်နေပြီ"
သူ့ဘေးနားမှ အရပ်ရှည်ရှည် လူတစ်ယောက်ကလည်း သူနှင့်တပြိုင်တည်းလိုလို ထွက်လာရင်း ညည်းညူလိုက်သည်။ သူတစ်ကိုယ်လုံး နှင်းများ ဖုံးလွှမ်းနေပြီး နှင်းလူသားတစ်ဦးနှင့် တူနေလေသည်။
"ဟေး၊ ပြောရဦးမယ်... နိုဇီ၊ မင်း ဆီမှာရှိတဲ့ ဒီအရာတွေက တကယ်ကို အသုံးဝင်တာပဲ၊ နှင်းတစ်စက်တောင် အတွင်းထဲကို မဝင်လာနိုင်ဘူး"
ကျိုးယိနို၏ နှုတ်ခမ်းဖျားမှ သိပ်မကျယ်သော ရယ်သံလေး တစ်ခု ထွက်ပေါ်လာပြီး သူ၏ လက်ချောင်းများက သူ့ဝတ်စုံပေါ်ရှိ ပိတ်စကို အသာအယာ ပွတ်သပ်နေခဲ့သည်။ ဤဝတ်စုံက သူ့ဇာတိမြေမှ ဇနီးငယ်လေး မေတ္တာများဖြင့် ချုပ်လုပ်ပေးထားသည့် ဝတ်စုံဖြစ်ပြီး သူတစ်ခါမှ မဝတ်ဖူးခဲ့သော ပုံစံမျိုး ဖြစ်သည်။
ဦးခေါင်းမှ ရင်ဘတ်အထိ ဖုံးအုပ်ထားသည့် ဝတ်ရုံတိုလေးတွင် မျက်လုံးများအတွက်သာ အပေါက်လေးများ ချန်ထားပြီး ကျန်သည့်နေရာများကို လုံခြုံစေသည်။ နူးညံ့လှသော သားရေလက်အိတ်များကလည်း အသေးစိတ် ချုပ်ထားမှန်း သိသာနေပြီး အံ့ဩစရာကောင်းလောက်အောင် သက်သောင့်သက်သာ ရှိလှသည်။ ထိုလက်အိတ်တွင် လက်ဆစ်များကို ဖုံးအုပ်ပေးထားပြီး အရာဝတ္ထုများကို လက်ချောင်းထိပ်လေးများဖြင့် ဆုပ်ကိုင်နိုင်ရန် အပေါက်ကလေးများ ဖောက်ထားသေးသည်။
ချုပ်ရိုးတစ်ခုချင်းစီနှင့် အကွေးအဆန့်တိုင်းက ဇနီးဖြစ်သူ၏ ကြင်နာမှုနှင့် သူမ၏ အသေးစိတ် ဂရုစိုက်မှုများကို ဖော်ပြနေသည်။ ထိုအရာများက သူ့ရင်ထဲမှ နွေးထွေးမှုများကို တိုးထွက်လာစေပြီး ဤဝတ်စုံ၏ ခြည်မျှင်တစ်ခုချင်းစီ၌ ယှက်နွယ်နေသော အချစ်များနှင့် ထိုက်တန်အောင် သူ အသက်ရှင်နေထိုင်မည်ဟု တိတ်တဆိတ် ကတိပြုမိခဲ့သည်။
လက်တွေ့တွင် သေလုနီးပါး အေးခဲနေသော အအေးဒဏ်က သူ့အပေါ်တွင် မည်သို့မျှ မသက်ရောက်နိုင်ခဲ့ပေ။ အပူချိန် အလွန်အမင်း ကျဆင်းလာသည့်အခါတွင်ပင် အလှည့်အပြောင်းတစ်ခုကို ပြုလုပ်နိုင်ပြီး သူ၏ လက်ကောက်ဝတ်ကို ကျွမ်းကျင်စွာ ခါလိုက်ရုံမျှဖြင့် လက်အိတ်၏ အပေါ်ပိုင်းတစ်ဝက်ကို အတွင်းဘက်သို့ လှန်ပစ်နိုင်သည်။
ဤရိုးရှင်းလှသော လှုပ်ရှားမှုက နူးညံ့သော သားရေဖြင့် ပြုလုပ်ထားသည့် အလွှာတစ်ခု ပေါ်ထွက်လာစေပြီး ၎င်းက သူ၏လက်များကို ဒုတိယအသားအရေတစ်ခုကဲ့သို့ နွေးထွေးစွာ ထွေးပိုက်ပေးနိုင်သည်။ ၎င်းက အအေးဒဏ်ကို ချက်ချင်း မောင်းထုတ်နိုင်ပြီး သက်သောင့်သက်သာရှိသော နွေးထွေးမှုကို ပေးစွမ်းနိုင်သည်။
သူ့၏ ဒူးကာများနှင့် ဖိနပ်များကတော့ ယောက္ခမဖြစ်သူကိုယ်တိုင် နူးညံ့သော ဝံပုလွေသားရေဖြင့် ချုပ်လုပ်ပေးထားခြင်း ဖြစ်သည်။ စေ့စပ်သေချာသော ချုပ်ရိုးများက ဝံပုလွေသားမွေး၏ နွေးထွေးမှုကို အပြည့်အဝ ဖော်ထုတ်ပေးနိုင်ပြီး ဆောင်းရာသီ၏ အအေးဒဏ်ကို အံတုပေးမည့် အကာအကွယ်တစ်ခု ဖြစ်လာခဲ့သည်။
စစ်တပ်အတွင်းမှ စစ်သည်များလည်း သားရေဖိနပ်၊ ဒူးကာနှင့် လက်အိတ်များ ပြုလုပ်ရန် ဈေးသက်သာသော သားရေများကို ရှာဖွေခဲ့ကြသည်။ သူတို့ကဲ့သို့ ကင်းထောက်များအတွက် အထူးရည်ရွယ်၍ ဝတ်ရုံတိုအချို့လည်း ချုပ်လုပ်ခဲ့ကြသည်။
"အစ်ကိုနိုဇီ၊ ခင်ဗျား ဘယ်လို ထင်လဲ"
ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်က သူ့အနားသို့ ချဉ်းကပ်လာပြီး သူ့အသံက ကျိုးယိနိုထက်ပင် ပိုငယ်မှန်း သိသာနေသည်။
ကျိုးယိနိုက လှည်းတန်းကြီး ပျောက်ကွယ်သွားသည့် ဘက်သို့ ကြည့်ကာ ပြန်ပြောလိုက်သည်။
"အရှည်ကြီးနဲ့ ခွေးလေး... မင်းတို့ လူသုံးယောက်စီ ခေါ်ခဲ့၊ မင်းတို့ ငါနဲ့အတူ ဆက်လိုက်ပြီး ကင်းထောက်ကြမယ်၊ သုံးယောက်ကတော့ ဒီနေရာကို စောင့်ကြပ်ဖို့ နေခဲ့၊ ကျန်တဲ့လူတွေကတော့ ပြန်သွားပြီး သတင်းပို့လိုက်ကြ"
"ဘာလဲ၊ ကျိုးယိနို၊ ဒီတစ်ခေါက် မင်းက ငါတို့နဲ့အတူ ပြန်မလိုက်ဘူးလား"
အသားပြည့်ပြည့်နှင့် အခြားလူတစ်ယောက်က ဝင်ပြောလာသည်။
"မင်း ဒီတစ်ခေါက်လည်း တစ်ယောက်တည်း တစ်ခုခု လုပ်ဖို့ ကြံစည်နေပြန်ပြီလား၊ မင်းက အောင်မြင်မှုအတွက် မင်းရဲ့ညီအစ်ကိုတွေကို မင်းနဲ့အတူမခေါ်သွားချင်တော့ဘူးလား"
ကျိုးယိနိုက ထိုလူကို တစ်ချက်ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
"ဒါဆို မင်းနဲ့ မင်းရဲ့လူတွေနဲ့ ဒီမှာနေခဲ့လေ၊ ငါ ပြန်သွားပြီး သတင်းပို့လိုက်မယ်"
ထိုလူက သူ၏ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားသော အဝတ်စကို ဆွဲကိုင်ရင်း တိတ်ဆိတ်သွားသည်။
အရပ်ရှည်ရှည် လူကတော့ နှာခေါင်းရှုံ့ရင်း လှောင်ပြောင်လိုက်သည်။
"ဝတုတ်လျို၊ မင်းကတော့ တကယ်ကို မဟုတ်သေးဘူး၊ ယိနိုက သူ့အားထုတ်မှုနဲ့သူ အောင်မြင်မှုတွေ ရလာခဲ့တာလေ၊ မင်းက သူ့ကို ခေါ်သွားခိုင်းချင်နေသေးတာလား၊ သူက မင်းလက်ကို ဆွဲထားပြီး ရန်သူကို သွားသတ်ရမှာလား၊ ဒါမှမဟုတ် သူ့ရဲ့ အောင်မြင်မှုတွေကို မင်းအတွက် မျှဝေပေးရမှာလား၊ ဒီတစ်ခေါက် ကင်းထောက်အဖြစ် လိုက်ခဲ့မယ်ဆိုပြီး အတင်းပြောခဲ့တာ မင်းပဲ မဟုတ်ဘူးလား၊ ပြီးတော့ လမ်းတစ်လျှောက်လုံး ညည်းညူလာတာလည်း မင်းပဲလေ၊ မင်းက အောင်မြင်မှုတော့ လိုချင်တယ်၊ အပင်ပန်းကျတော့ မခံချင်ဘူး၊ လောကမှာ အဲဒီလောက် ဈေးပေါတဲ့အရာ ရှိလို့လား၊ အခွင့်အရေး လိုချင်ရုံနဲ့ ညီအစ်ကိုလို့ သတ်မှတ်နေတယ်ပေါ့"
ဝတုတ်လျိုကလည်း တံတွေးတစ်ချက်ထွေးရင်း ပြန်ပြောလာသည်။
"ဒါက သူ့မှာ အားကိုးရတဲ့ ဇနီးကောင်းတစ်ယောက် ရှိနေလို့ မဟုတ်ဘူးလား၊ သူရဲ့အောင်မြင်မှုူတွေ အဲဒီမိန်းမက သူ့ကို ပေးခဲ့တာ၊ သူ့အရည်အချင်းနဲ့ဆို ဒါတွေ ရနိုင်မယ်လို့ မင်း ထင်လား"
"အေး... သူ ဇနီးကောင်းတစ်ယောက် ရှာနိုင်ခဲ့တယ်၊ မင်းရော ဘာလို့ အဲ့လို မရှာနိုင်ခဲ့တာတုန်းကွ၊ သူ ဇနီးကောင်းတစ်ယောက် ရှာနိုင်ခဲ့တာကိုက သူ့ အဲ့ဒါလဲ သူ့အရည်အချင်းပဲလေ မဟုတ်ဘူးလား"
အရှည်ကြီးက ပြန်လည် ချေပလိုက်သည်။
"တော်တော့၊ ရန်မဖြစ်ကြနဲ့တော့"
ကျိုးယိနိုက အေးအေးဆေးဆေး ဝင်ပြောလိုက်သည်။
"ဝတုတ်လျို၊ အခု မင်း... မင်းရဲ့လူတွေနဲ့အတူ သူတို့ နောက်ကို ဆက်လိုက်မလား၊ ဒါမှမဟုတ် သတင်းပြန်ပို့မလား၊ မင်း ကြိုက်တာ ရွေးလိုက်"
ဝတုတ်လျိုက သူ့အဝတ်အစားများကို တင်းကျပ်အောင် ပြန်ပြင်ဝတ်ရင်း မကျေမနပ် ရေရွတ်လိုက်သည်။
"ငါ့လူတွေကို ခေါ်ပြီး သတင်းပြန်သွား ပို့မယ်"
သူ့ထံတွင် ဆက်လက်ခြေရာခံ လိုက်သွားရန် အစီအစဉ်မရှိပေ။ ရန်သူက သူတို့အား ရှာဖွေတွေ့ရှိသွားလျှင် မည်သို့သေဆုံးသွားသည်ကိုပင် သိလိုက်ရမည်မဟုတ်ပေ။ တွေးမိရုံဖြင့် ကျောချမ်းစရာကောင်းလှသည်။ ထို့အပြင် တစ်ဖက်၌ လူအင်အား ရာနှင့်ချီရှိနေသဖြင့် အလစ်အငိုက်တိုက်ခိုက်ရန်လည်း မဖြစ်နိုင်ဟု သူ ယူဆထားသည်။
ဤတစ်ကြိမ်တွင် စစ်မှုထမ်းကောင်းဆုက မျှော်လင့်ချက်မရှိသော အရာဖြစ်ပြီး ခြေလှမ်းတစ်ချက်မှားရုံနှင့် အသက်ဆုံးရှုံးနိုင်ပေသည်။
ဝတုတ်လျိုက သူနှင့် ရင်းနှီးသော လူအချို့ကို ရွေးချယ်ကာ အလျင်အမြန် ပြန်လှည့်သွားခဲ့သည်။ ကျိုးယိနိုကတော့ တောင်တန်းများနှင့် တောနက်များ၏ သဘာဝကို ကျွမ်းကျင်နေသည့် လူအနည်းငယ်ကို ရွေးချယ်၍ အစောင့်အဖြစ် ချန်ထားရစ်ခဲ့သည်။ ထို့နောက် အရှည်ကြီးနှင့် ခွေးလေးအပါအဝင် အခြားလူအချို့ကို ဦးဆောင်ကာ နှင်းဖုံးနေသော လွင်ပြင်ကြီးထဲ၌ လှည်းတန်းနောက်သို့ ဆက်လိုက်သွားခဲ့သည်။
မနားမနေ ကျဆင်းနေသော ဆီးနှင်းများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြူဖွေးသန့်စင်နေစေပြီး နှင်းပွင့်ကြီးများက မြေပြင်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေဆဲပင်။ ရှေ့မှ ရထားတန်းကြီးကလည်း ထူထပ်လှသော နှင်းထုကြားမှ တရွေ့ရွေ့ အားစိုက်ရုန်းကန်နေခဲ့သည်။
ဤအခြေအနေကြောင့် နောက်မှလိုက်လာသော ကျိုးယိနိုတို့အဖွဲ့က သူတို့ကို အကွာအဝေးတစ်ခုအထိ အလျင်အမြန် ပြန်ချဉ်းကပ်နိုင်ခဲ့သည်။
နေဝင်ရီသရော အချိန်သို့ ရောက်ရှိလာပြီး ကောင်းကင်ယံ၌ မှောင်ပြာရောင် အလွှာတစ်ခု ဖုံးလွှမ်းလာသည်။ ထူထပ်လှသော ဆီးနှင်းများက လောကကြီး၏ ဆူညံသံများကို တိတ်ဆိတ်သွားစေသော်လည်း ထူးခြားသော အလင်းရောင်တစ်မျိုးကိုတော့ ထိန်းသိမ်းပေးနေဆဲပင်။ ၎င်းက ပတ်ဝန်းကျင်ကို အခြားကမ္ဘာတစ်ခုကဲ့သို့ တောက်ပနေစေပြီး အလင်းရောင် မှိန်ဖျော့လာသော်လည်း ပုံမှန်ထက်ပို၍ ရှင်းလင်းစွာ မြင်တွေ့ရစေသည်။
"နိုဇီ၊ မင်းမှာ ဘာအစီအစဉ်ရှိလဲ"
အရှည်ကြီး၏ အသံက ဝတ်ရုံအတွင်းမှ အက်ကွဲကွဲ ထွက်ပေါ်လာသည်။
ကျိုးယိနိုက သူ့ပါးစပ်ထဲမှ ထွက်လာသော အငွေ့ဖြူများကို အသာအယာ ထိန်းလိုက်ရင်း တိုးတိုးလေး ပြန်ပြောလိုက်သည်။
"အလစ်အငိုက် တိုက်ခိုက်ဖို့ အခွင့်အရေး ရှိမလားလို့ ငါ စဉ်းစားနေတာ"
"နိုဇီ၊ မင်း ရူးနေတာလား? သူတို့ဘက်မှာ လူတစ်ရာကျော် ရှိတယ်လေ"
ခွေးလေးလည်း အံ့ဩတုန်လှုပ်သွားပုံရသည်။
ကျိုးယိနိုကတော့ တည်ငြိမ်နေဆဲပင်။
"အဲ့ဒါကြောင့်လည်း ငါ စဉ်းစားနေတယ်လို့ ပြောတာပေါ့၊ သူတို့ဘက်က အဲ့လောက် လူမများရင် ဝင်တိုက်ပြီးနေပြီ၊ အခုတော့ အခွင့်အရေး ရှာမှ ဖြစ်မယ်၊ စစ်ရေးအောင်မြင်မှုဆိုတာ အသက်နဲ့လဲပြီး ယူရတာမျိုးပါကွာ၊ ငါတို့ တိုက်ခိုက်တတ်ရုံတင်မကဘူး၊ ဉာဏ်ကိုလည်း သုံးနိုင်ရမယ်"
ကျိုးယိနိုက ရှေ့မှသွားနေသော ရထားတန်းကို စူးစိုက်ကြည့်ရင်း အတွေးထဲ နစ်ဝင်နေမိသည်။
အရှည်ကြီးက သူ၏လက်များကို ပွတ်သပ်လိုက်ပြီးနောက် သူ့ရင်ဘတ်ထဲမှ ဆီစိမ်စက္ကူထုပ်ကလေးကို ထုတ်ယူလိုက်သည်။ သူက ထိုစက္ကူထုပ်လေးကို ဖြန့်လိုက်ပြီး အတွင်းမှ ချင်းပုစွန်ခြောက်လက်တစ်ဆုပ်စာကို ပါးစပ်ထဲသို့ ထိုးထည့်ကာ ဝါးစားလိုက်ရင်း ထပ်ပြောနေပြန်သည်။
"မင်းက ဉာဏ်သုံး၊ ငါကတော့ အင်အားပဲ သုံးမယ်၊ ငါ့ဦးနှောက်က ဒီအယုတ်တမာ ရာသီဥတုဒဏ်ကြောင့် အေးခဲသွားတာ ကြာလှပြီ"
နေမင်းက မိုးကုတ်စက်ဝိုင်းအောက်သို့ ငုပ်လျှိုးသွားပြီး ကုန်းမြေထက်သို့ အရိပ်ရှည်ကြီးများ ကျရောက်လာသည့်အချိန်တွင် ခန့်ညားသော လှည်းတန်းကြီးကလည်း ကွင်းပြင်တစ်ခုထဲ၌ တုံ့ခနဲ ရပ်တန့်သွားသည်။ လီပေါင်းများစွာ ခရီးနှင်ခဲ့ရသော ဆေးရောင်များ လွင့်ပြယ်နေသော လှည်းငယ် တစ်ဒါဇင်ခန့်က ရထားလုံးကြီးများကို ဝိုင်းရံလျက် အကာအကွယ်ပေးထားသည့် ပုံစံဖြင့် နေရာယူလိုက်ကြသည်။
ပင်ပန်းနွမ်းနယ်နေသော စစ်သည်များက မြင်းများကို ကျွမ်းကျွမ်ကျင်ကျင် ဖြုတ်လိုက်ကြသည်။ ဝန်ပိုးများမှ လွတ်မြောက်သွားသော တိရစ္ဆာန်များက ကောက်ရိုးများကို ကျေနပ်အားရစွာ ဝါးစားနေကြသည်။
ရထားလုံးနှင့် လှည်းများ၏ အလယ်ဗဟို၌ လှုပ်ရှားမှုများစွာ စတင်လာသည်။ သူတို့က ကျွမ်းကျင်သော လက်များဖြင့် တဲများ ထိုးနေကြပြီး သူတို့သုံးနေသည့် ဖျင်စကြီးများ၏ နွေးထွေးသော ရွှေအိုရောင် နေဝင်ချိန်၏ နောက်ဆုံးအလင်းတန်းများကို ဖမ်းယူထားသလို ဖြစ်နေပြန်သည်။
မကြာမီ ကျပ်ခိုးနံ့များ ထွက်ပေါ်လာပြီး ၎င်းနှင့်အတူ အသားကင်နံ့ကလည်း ဆွဲဆောင်မှုရှိရှိ ပျံ့လွင့်လာသည်။ လွန်ခဲ့သော တခဏက သန့်ရှင်းအေးမြနေသော လေထုထဲ၌ အာဟာရပြည့်ဝသော စားသောက်ဖွယ်ရနံများ ပြည့်နှက်လာသည်။
ရယ်မောသံများ၊ ခွက်ချင်းတိုက်သံများနှင့်အတူ အေးအေးဆေးဆေး စကားပြောဆိုသံများက စခန်းတစ်ခုလုံးအနှံ့သို့ ပျံ့လွင့်လာပြီး ၎င်းက ပင်ပန်းသမျှအတွက် ပြန်လည်ရရှိသော ရိုးရှင်းသည့် ပျော်ရွှင်မှုတစ်ခုကို သက်သေပြနေသည်။
"သောက်ကျိုးနည်း"
အရှည်ကြီးက ဒေါသတကြီး ဆဲဆိုလိုက်ပြီး နှင်းကျင်းထဲမှ တောင့်တင်းနေသော သူ့၏ လက်နှင့် ခြေထောက်များကို လှုပ်ယမ်းနေသည်။
ကျိုးယိနိုကတော့ တည်တည်ငြိမ်ငြိမ် ညွှန်ကြားနေသည်။
"ခွေးလေး၊ မင်း ငါနဲ့အတူ လိုက်ခဲ့၊ ယုန်အရှင် နည်းနည်းလောက် သွားဖမ်းကြမယ်၊ အရှည်ကြီး မင်းကတော့... ဒီမှာပဲ စောင့်ကြည့်ပေးထားလိုက်ဦး"
အရှည်ကြီးက နှာတရှုံ့ရှုံ့လုပ်ရင်း တံတွေးမျိုချနေသည်။
"မင်း အတည်ပြောနေတာလား... နိုဇီ၊ မင်း ဒီနေရာမှာ အသားကင်စားဖို့ ကြံနေတာလား... မင်း ရူးနေတာလား"
"အင်း"
ကျိုးယိနို၏ အသံထဲတွင် ရယ်သံများ ရောပါနေသည်။
"ဟုတ်တယ်၊ ငါတို့လည်း အသားကင် စားကြမယ်"
ယုန်များက နှင်းများအကြား၌ပင် လှုပ်ရှားသွားလာနေကြသော်လည်း သူတို့၏အမွှေးဖြူဖြူပွပွလုံးလေးများကြောင့် နှင်းနှင့်ခွဲခြားရန် ခက်ခဲလှသည်။ သို့သော် ကျိုးယိနိုကတော့ တောင်ပေါ်၌ အမဲလိုက်ခဲ့သည့် အတွေ့အကြုံပေါင်းများစွာ ရှိထားသူဖြစ်ရာ ပုံမှန်မဟုတ်ဘဲ ပျက်စီးနေသော ဆီးနှင်းပြင်ကွက်လေးများ၊ နှာခေါင်းလေး တစ်ချက် လှုပ်ခတ်သွားသည်များ သို့မဟုတ် တိတ်ဆိတ်နေသည့် ချုံပုတ်များကြားမှ အသံအနည်းငယ် ထွက်ပေါ်လာသည်များကို ကြည့်ပြီး အကဲခတ်နိုင်ခဲ့သည်။
သူ၏ဘေးနား၌ ရှိနေသည့် ခွေးလေးကလည်း မုဆိုးမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး သူ၏ အာရုံခံနိုင်စွမ်းက အမဲလိုက်ဓား၏ အသွားထက်ပင် ပို၍ ထက်မြက်နေသေးသည်။ ထိုလူနှစ်ဦး ပေါင်းစည်းမိသွားခြင်းက အမှန်တကယ်ကို ကြောက်စရာကောင်းသည့် သားရဲလိုက်အဖွဲ့အစည်းတစ်ခု ဖြစ်သွားစေသည်။
မကြာမီမှာပင် ထိုလူနှစ်ယောက် ယုန်တွင်းတစ်ခုကို ရှာတွေ့သွားပြီး ယုန်လေးကောင် ဖမ်းဆီးနိုင်ခဲ့သည်။
ကျိုးယိနိုက ကျွမ်းကျင်လှသော အမူအရာဖြင့် သူ၏ခါး၌ ချိတ်ထားသည့် ဟောင်းနွမ်းနေသော အိတ်အတွင်းသို့ လက်နှိုက်လိုက်သည်။ သူက အိတ်၏ အောက်ခြေမှ ဆီစွန်းနေသော အထုပ်ကလေးတစ်ထုပ်ကို ထုတ်ယူလိုက်ပြီး အထဲတွင် သူအသုံးပြုရန် တွေးထားသည့် အချက်ပြကိရိယာ ယမ်းတောင့်လေးများ ရှိနေခဲ့သည်။
ဤယမ်းတောင့်များကို ပုံမှန်အားဖြင့် ဆက်သွယ်ရေးအတွက် အသုံးပြုလေ့ရှိကြသည်။ ၎င်းကို လဟာပြင်၌ ဖောက်ခွဲလိုက်ပါက ထွက်ပေါ်လာသည့် အသံများက အဝေးအထိ ရောက်ရှိနိုင်ပြီး ပေါက်ကွဲသည့် အကြိမ်ရေနှင့် အချိန်အပိုင်းအခြားပေါ် မူတည်၍ အဓိပ္ပာယ် အမျိုးမျိုး ဖော်ဆောင်နိုင်သည်။
ကျိုးယိနိုနှင့် ခွေးလေးတို့က လှည်းတန်းကြီးနှင့် အနီးဆုံးဟု ယူဆရသည့် နေရာတစ်ခုဆီသို့ အလျင်အမြန် ချဥ်းကပ်သွားကြသည်။ သူတို့က အလွန်တရာ စေ့စပ်သေချာလှသော လက်လှုပ်ရှားမှုများဖြင့် ထိတ်လန့်နေသည့် ယုန်ကလေးများ၏ ကျောကုန်းပေါ်၌ ယမ်းတောင့်များ ခိုင်မြဲအောင် ချည်နှောင်လိုက်ကြသည်။
ထို့နောက် ကျိုးယိနိုက မီးစာတိုင်ကို ထုတ်ကာ ယမ်းကြိုးများကို မီးရှို့လိုက်သည်။ မီးပွားလေးများမှာ တဖျတ်ဖျတ် ထွက်ပေါ်လာချိန်တွင် သူက အားကုန်သုံးပြီး ယုန်လေးများကို တွန်းလွှတ်လိုက်သည်။ ယုန်ကလေးများကလည်း ကြောက်အားလန့်အားဖြင့် လှည်းတန်းကြီးရှိရာဆီသို့ အရူးအမူး ခုန်ပေါက်ပြေးသွားကြတော့သည်။
သူတို့လည်း ထိုနေရာ၌ ဆက်မနေရဲဘဲ ချက်ချင်း လှည့်ပြန်ကာ ဆန့်ကျင်ဘက် အရပ်ဆီသို့ သုတ်ခြေတင် ပြန်ပြေးကြတော့သည်။
တိတ်ဆိတ်ပြီး ဆီးနှင်းထူထပ်စွာ ကျဆင်းနေသည့် ညအချိန်အတွင်း ယမ်းတောင့်များ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ယုန်နှစ်ကောင်က ပို၍ ပို၍ ထိတ်လန့်လာပြီး အသက်လုပြေးနေသောကြကာ လှည်းတန်းကြီးဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားကြသည်။ ထိုနေရာတွင်တော့ ဗိုက်ဝအောင် စားသောက်ပြီးကာစ ပင်ပန်းနေသည့် မြင်းများ ငိုက်မြည်းနေကြသည်။
မျှော်လင့်မထားသော ကျူးကျော်ဝင်ရောက်မှုက အေးချမ်းသော အခြေအနေကို ပျက်စီးသွားစေခဲ့သည်။ ငိုက်မြည်းနေသော မြင်းများ လန့်နိုးသွားကြပြီး တရစပ် ဟီသံများ ထွက်ပေါ်လာကာ ဆူညံသွားပြန်သည်။ အနားယူနေသည့် မြင်းများက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပတပ်ထရပ်ကာ လေထဲသို့ ကန်ကျောက်နေကြပြီး လှည်းတန်းကြီးအတွင်း၌ ရုန်းရင်းဆန်ခတ်မှုက ပို၍ ပို၍ ဆိုးရွားလာခဲ့သည်။
ယခင်က တိတ်ဆိတ်နေသည့်နေရာတွင် ယခု ထိတ်လန့်တုန်လှုပ်ဖွယ် မြင်းဟီသံများ၊ မြင်းများကို ထိန်းရန် ရုန်းကန်နေသည့် လူများနှင့် ယမ်းတောင့်များ၏ မီးခိုးနံ့ကြား၌ ရောယှက်နေသော အမွှေးကျွမ်းနံ့များ ပြည့်နှက်နေလေသည်။
လှည်းတန်းကို စောင့်ကြပ်နေသော အစောင့်များကလည်း တုန်လှုပ်ခြောက်ခြားနေကြသည်။ လေထုထဲ၌ စိုးရိမ်တကြီး အော်ဟစ်သံများနှင့် လက်ခေါက်မှုတ်သံများ ပျံ့လွင့်နေသော်လည်း ထိတ်လန့်နေသော မြင်းများကို ထိန်းချုပ်၍ မရတော့ပေ။ မြင်းများက အကြောက်တရား အပြည့်ဖြင့် အတင်းတိုးထွက်နေကြရာ အစောင့်များ၏ လက်ထဲရှိ ဇက်ကြိုးများလည်း ပြတ်တောက်လုနီးပါး ဖြစ်နေခဲ့သည်။
နောက်ဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားတော့သည်။
လှည်းများ တိမ်းမှောက်ကုန်ပြီး အဖိုးတန်သော ကုန်ပစ္စည်းများလည်း နှင်းပြင်ပေါ်သို့ ပြန့်ကျဲကုန်ကြသည်။ လူများက ဘေးကင်းရာသို့ အပြေးအလွှား သွားနေကြပြီး သူတို့၏ မျက်နှာထက်တွင် ကြောက်ရွံ့မှုနှင့် စိတ်ပိုင်းဖြတ်မှုများ ရောယှက်နေသည်။ ထိုခဏချင်းမှာပင် ကြေကွဲဖွယ်ရာ အဖြစ်အပျက်တစ်ခု စတင်လာခဲ့သည်။
အစောင့်တစ်ဦးက ရုန်းကန်နေသော မြင်းကို မထိန်းနိုင်တော့ဘဲ နောက်သို့ လဲကျသွားသည်။ သူ မီးငြှိမ်းသတ်ထားကာစ မီးပုံဟောင်းထဲသို့ လဲကျသွားပြီး သူ၏အော်ဟစ်သံလည်း တစ်ဝက်တစ်ပျက် ရပ်တန့်သွားကာ တုန်လှုပ်ဖွယ်ရာ အသံနက်ကြီး ထွက်ပေါ်လာသည်။
အခြားသူများမှာမူ ထိုသူလောက်ပင် ကံမကောင်းကြချေ။ ထိန်းမနိုင်ဖြစ်နေသာ မြင်းခွာများ၏ ကန်ချက်များက လူသားတို့၏ အသားစိုင်များဆီသို့ အရှိန်ဖြင့် ကျရောက်နေသည်။ နာကျင်စွာ အော်ဟစ်သံများက ဆူညံသံများနှင့်အတူ ရောယှက်သွားပြီး အချို့ကလည်း ရှောင်တိမ်းရန် ကြိုးစားနေရင်း မီးတောက်များထဲသို့ လဲကျနေကြပြန်သည်။
အစောင့်များအားလုံး အလွန် တုန်လှုပ်နေကြပြီး ထိတ်လန့်ဖွယ်ရာ ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ၎င်းက အဖိုးတန်ကုန်ပစ္စည်းများကို မြင်းများ ဖျက်ဆီးနေသည်အား စောင့်ကြည့်နေရန်နှင့် မိမိတို့၏ အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ မြင်းများကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားရန် ဖြစ်သည်။
ထိုအချိန်တွင် ညကောင်းကင်ယံဆီမှ ဝံပုလွေများ ဟိန်းသံကဲ့သို့သော အသံများ ပဲ့တင်ထပ်လာပြန်သည်။
မြင်းခွာတစ်ချက်က မီးသွေးခဲတစ်ခဲကို လွင့်စင်တက်သွားစေပြီး ကောက်နှံများ တင်ဆောင်ထားသည့် လှည်းပေါ်သို့ ကျရောက်သွားပြန်သည်။
တောင်ပုံရာပုံ တင်ထားသော ရွှေဝါရောင် ဂျုံများကြားသို့ ကျရောက်သွားသည့် ထိုမီးသွေးခဲလေးက အစပိုင်းတွင် အန္တရာယ်မရှိသည့် အစက်အပြောက်ကလေးတစ်ခုဟုသာ ထင်ရစေသည်။ သို့သော် မမြင်ရသော မြွေတစ်ကောင် ရစ်ပတ်တက်လာသလို ပျံတက်လာသည့် မီးခိုးတန်းလေး အပေါ်သို့ လိပ်တက်လာပြီးနောက်တွင် ၎င်းက အခြားမီးခိုးတန်းများနှင့် အလျင်အမြန် ပေါင်းစည်းသွားကာ ကောင်းကင်ယံ၌ မီးခိုးလုံးကြီးများ ဖြစ်ပေါ်လာစေခဲ့သည်။
သို့သော်လည်း ရုန်းရင်းဆန်ခတ်မှုများကြားသို့ ရောက်နေသည့် မည်သူတစ်ဦးတစ်ယောက်ကမျှ မီးလောင်နေသော လှည်းကို သတိမထားမိကြသေးပေ။
သူတို့ သတိပြုမိသွားပြီး မီးငြှိမ်းသတ်ရန် ကြိုးစားကြချိန်တွင်တော့ အခြေအနေက အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
လှည်းများကို စုပြုံ ရပ်တန့်ထားခြင်းဖြစ်ရာ တစ်စီးနှင့် တစ်စီးမှာ အလွန်နီးကပ်နေပြီး လှည်းကို ဆွဲပေးနိုင်သည့် မြင်းအများစုကလည်း ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။
ကျန်ရှိနေသော မြင်းများကလည်း ရုန်းကန်နေဆဲဖြစ်ကာ လေထုထဲ၌ စိတ်ပျက်အားလျော့နေသော မြင်းဟီသံများ ပြည့်နှက်နေသေးသည်။ ယခု ထိုလှည်းများကို ရွှေ့ပြောင်းရန် လူအင်အားအများအပြား လိုအပ်လာပြီး ပို၍ မလွယ်ကူသော အလုပ်တစ်ခု ဖြစ်လာခဲ့သည်။
ရလဒ်အနေဖြင့် မီးတောက်များ၏ တိုက်ရိုက်ဝါးမြိုခြင်းကို ခံလိုက်ရပြီး ရိက္ခာစုစုပေါင်း၏ ထက်ဝက်ကျော် ဆုံးရှုံးသွားခဲ့ရသည်။ တစ်ချိန်က ခန့်ညားခဲ့သော လှည်းတန်းကြီးကလည်း ယခုအခါ မီးကျွမ်းနေသော သစ်သားပုံများနှင့် မည်းနက်နေသည့် သီးနှံများအဖြစ်သာ ကျန်ရှိတော့သည်။ ၎င်းက အသက်ဘေးမှ လွတ်မြောက်လာသူများ၏ မျက်နှာထက်သို့ စိတ်ပျက်အားငယ်မှုများ စွဲကပ်သွားစေသည်။
ရုန်းရင်းဆန်ခတ်မှုများ ငြိမ်သက်သွားချိန်တွင် ထိုလူတစ်စုလည်း ဖရိုဖရဲ ဖြစ်နေကြပြီး သူတို့ရှေ့မှ တောက်လောင်နေသော မီးတောက်များကို ထိတ်လန့်တုန်လှုပ်မှုအပြည့်ဖြင့် ငေးကြည့်နေကြသည်။ ရိက္ခာများ မီးလောင်သွားပြီဖြစ်သောကြောင့် သူတို့ တပ်စခန်းသို့ ပြန်သွားခဲ့လျှင် သေဒဏ်မှလွဲ၍ အခြားရလဒ်ရှိမည် မဟုတ်တော့ပေ။
ထို့ကြောင့် တည်ငြိမ်မှု မရရှိသေးမီမှာပင် သူတို့အချင်းချင်း အပြန်အလှန် သဘောထားကွဲလွဲလာကြသည်။
အချို့က ထွက်ပြေးရန် ကြံစည်နေကြပြီး အချို့ကလည်း အဖြစ်မှန်ကို သတင်းပို့ရန် ကြိုးစားချင်နေကြသည်။ နောက်ဆုံး စကားအနည်းငယ် ပြောဆိုပြီးချိန်၌ ဓားများ ဆွဲထုတ်ကြတော့သည်။
နံနက်ခင်းသို့ ရောက်ရှိလာချိန်တွင်တော့ ဆီးနှင်းဖုံးလွှမ်းနေသော မြေပြင်ပေါ်တွင် မီးလောင်ထားသည့် သီးနှံများနှင့်အတူ အလောင်းပေါင်းများ ဒါဇင်နှင့်ချီ ကျန်ရစ်ခဲ့သည်။ ၎င်းက အမှန်တကယ့် ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။
"ဟူး.... မယုံနိုင်စရာပဲ၊ ကျုပ်တော့ ကြောက်လွန်းတော့ သေပြီလို့တောင် ထင်နေတာ"
ခွေးလေးက သူ၏ရဲဘော်ရဲဘက်များကို စိတ်လှုပ်ရှားစွာ ပြန်ပြောပြနေသည်။
"ဝိုး... ဒီတစ်ခေါက်တော့ ယုန်တွေကို ချီးကျူးဂုဏ်ပြုသင့်တယ်၊ ဒီယုန်နှစ်ကောင်က ဒီလောက်စွမ်းမယ်လို့ ကျုပ်ဖြင့် တစ်ခါမှ မတွေးဖူးခဲ့ဘူး၊ နိုဇီ... အစ်ကိုကြီး... ခင်ဗျားကတော့ တကယ့်ကို ဉာဏ်ကောင်းတဲ့လူပဲ၊ အစက သူတို့ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ကျုပ်တို့ဘက်ကနေ မီးမြှားတွေနဲ့ ပစ်ဖို့ စီစဉ်ထားတာလေ၊ ဒါပေမယ့် ကျုပ်တို့ ဘာမှမလုပ်ရသေးခင် သူတို့ရိက္ခာလှည်းက မီးစလောင်တော့တာပဲ၊ သူတို့တွေ ဖရိုဖရဲဖြစ်ပြီး ထွက်ပြေးကြတဲ့အချိန်မှာ ကျုပ်ရယ်၊ နိုဇီရယ်၊ အရှည်ကြီးရယ်က အနားကို သွားကြည့်ခဲ့သေးတယ်၊ ကျုပ်တို့ ပစ္စည်းကောင်းတွေ အများကြီး တွေ့ခဲ့တယ်၊ ပြီးတော့ နည်းနည်းဝေးတဲ့ နေရာမှာ ရိက္ခာတွေအပြည့်တင်ထားတဲ့ လှည်းတစ်စီးလည်း ရှိနေသေးတယ်၊ ကံကောင်းချင်တော့ မလွတ်သွားသေးတဲ့ မြင်းတွေ ကျန်နေပြီး ကျုပ်တို့ အကုန်လုံးကို ပြန်သယ်လာနိုင်ခဲ့တာပေါ့"
"ခွေးလေး... မင်း ဒါကို ပြောနေတာ အကြိမ်ပေါင်း ရာနဲ့ချီနေပြီ၊ မင်း မမောသေးဘူးလား"
အရှည်ကြီးက ပျင်းရိပျင်းတွဲဖြင့် အပြုံးဖြင့် နေပူစာလှုံရင်း ဝင်ပြောလိုက်သည်။ မုတ်ဆိတ်မွှေးများ ဖုံးလွှမ်းနေပြီး ရှုပ်ပွနေသော ဆံပင်များကြောင့် သူ၏ မူလရုပ်ရည်လည်း ပျောက်ကွယ်နေပြီ ဖြစ်သည်။
"ကျုပ် ပြောချင်သေးလို့ပါဗျာ... ဒါနဲ့ အခုဆိုလောက် ဝတုတ်လျိုရဲ့ မျက်နှာကတော့ မီးသွေးခဲလို မည်းနက်နေလောက်ပြီ"
ခွေးလေးက မျက်ဖြူလှန်ပြရင်း ထပ်ပြန်နေပြန်သည်။
"ဒါက ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူးနော်၊ သူဘာသာ ပြန်သွားဖို့ ရွေးချယ်ခဲ့တာပါကွာ၊ ပြီးတော့ သူ ကျုပ်တို့နောက် လိုက်လာရင်ရော... သူ ဘာလုပ်နိုင်မှာလဲ၊ လေးလည်း မပစ်တတ်၊ ယုန်လည်း မဖမ်းတတ်နဲ့၊ ဟေး... အရှည်ကြီး... ဒီတစ်ခေါက် နိုဇီ ရာထူးတက်မယ်လို့ ခင်ဗျား ထင်လား"
"ဘယ်သူက သိမှာတုန်းကွာ"
အရှည်ကြီးက အရယ်မျက်နှာနှင့် ပြန်ဖြေလာသည်။
"ဟိတ်ကောင်...ခွေးလေး၊ ဟိုကို ကြည့်ဦး၊ ယုန်သားက ကျက်နေပြီ၊ အင်း... စဉ်းစားကြည့်တော့ ဒီနေ့က နှစ်သစ်ကူးအကြိုနေ့ပဲ၊ ဘာလိုလိုနဲ့ ဒီကို ရောက်လာတာ ငါးနှစ်တောင် ရှိသွားပြီပဲ"
ခွေးလေးက ယုန်သားကို ဟိုဘက်ဒီဘက် လှန်ပေးရင်း ပြောလာပြန်သည်။
"ကျုပ်ကတော့ နိုဇီနဲ့အတူမှ ရောက်လာတာ၊ အခုဆို နှစ်နှစ် ရှိပြီ"
လွန်ခဲ့သော နှစ်နှစ်ခန့်က ကျိုးယိနိုတစ်ယောက် အခြေခံစာလုံးများကိုပင် ခက်ခဲစွာ ဖတ်နေရသည့် အောက်ခြေအဆင့် ခေါင်းဆောင်ငယ်လေးတစ်ဦးသာ ဖြစ်ခဲ့သည်။ သို့သော် ယနေ့တွင်မူ သူ သိသိသာသာ ပြောင်းလဲတိုးတက်လာခဲ့ပြီ ဖြစ်သည်။ သူက ယခုအခါ ရှေ့ပြေးတပ်မှူးတစ်ဦးအဖြစ် မားမားမတ်မတ် ရပ်တည်နေနိုင်ပြီဖြစ်သည်။ ၎င်းက သူ၏ ထူးကဲသော ခေါင်းဆောင်မှုနှင့် မယိုင်လဲသော ပြတ်သားမှုများကို သက်သေပြနေသည်။
ယခင်က တပ်မှူးဖြစ်ခဲ့သူ ဝမ်တုန်းကတော့ ယခုအခါ နာမည်ကျော် လက်ထောက်စစ်သူကြီးတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ယခုနှစ်တွင် ရန်သူမျိုးနွယ်စုများအား တွန်းလှန်နိုင်ခဲ့ပါက သူ မြို့တော်သို့ ပြန်ကာ ရာထူးတိုးမြှင့်ခံရမည် ဖြစ်ပြီး လှပသော အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ရမည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်နေခဲ့သည်။