← Chapters

ဂုဏ်ထူးဆောင်မှု (အပိုင်း ၂)

Vol. 5 Ch. 47

ဂုဏ်ထူးဆောင်မှု (အပိုင်း ၂)

Vol. 5 Ch. 47

"ကောင်းတယ်၊ ကောင်းတယ် တကယ့်ကို ကောင်းကောင်း လုပ်နိုင်ခဲ့ကြတာပဲ"

စစ်သူကြီးကျုံးက အားရပါးရ ရယ်မောပြီး ချီးကျူးနေသည်။

"ဟိုမျောက်စုတ် ဝမ်တုန်းက အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မပြောပြတတ်ဘူး၊ မင်းပဲ အသေးစိတ် ပြန်ပြောပြစမ်းပါဦး၊ ဒါကို ဘယ်လိုများ လုပ်ဆောင်နိုင်ခဲ့တာလဲ"

"စစ်သူကြီးမင်းကို အစီရင်ခံပါတယ်၊ ကျွန်တော်မျိုးက တွေးခဲ့တာက..... ဒီလိုပါ...."

ကျိုးယိနိုက စစ်သည်တစ်ထောင်ကို ခေါင်းဆောင်ရသည့် တပ်မှူးတစ်ဦး ဖြစ်သော်လည်း ရန်သူ့တပ်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ အလွန်အမင်း စိတ်မအေးဖြစ်နေသောကြောင့် သူကိုယ်တိုင် ကင်းထောက်ရန် ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဝတုတ်လျိုက သူ့နောက်သို့ အတင်းအကျပ် လိုက်ပါလာခဲ့သည်။

ဝတုတ်လျိုက ကျိုးယိနို၏ စစ်ရေးအောင်မြင်မှုများကို အားကျတပ်မက်နေခဲ့ပြီး ကျိုးယိနိုက သူ့မိန်းမကြောင့် အဆက်အသွယ်ကောင်းများ ရရှိကာ ရာထူးတက်လာခြင်းဖြစ်သည်ဟု မကြာခဏ နှိမ့်ချပြောဆိုတတ်သည်။ သို့သော်လည်း ကျိုးယိနို၏နောက်သို့ လိုက်ပါခြင်းက အကျိုးကျေးဇူးများ ရနိုင်သဖြင့် သူက ထိုအခွင့်အရေးကိုလည်း လက်မလွှတ်ချင်ခဲ့ပေ။

သို့သော်လည်း ရက်အတော်ကြာအောင် ကင်းထောက်ခဲ့ကြသည့်တိုင် မည်သည့်သဲလွန်စမျှ မတွေ့ရှိရသောကြောင့် ဝတုတ်လျိုတစ်ယောက် စိတ်မရှည် ဖြစ်လာခဲ့ပြီး လမ်းတစ်လျှောက်လုံး ကျိုးယိနိုကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လှောင်ပြောင် သရော်ခဲ့သည်။

ကျိုးယိနိုကိုယ်တိုင်လည်း ရှေ့မဆက်တော့ဘဲ တပ်စခန်းသို့ ပြန်လှည့်ရန် ပြင်ဆင်နေချိန်မှာပင် သူတို့ ရန်သူ့၏ရိက္ခာလှည်းတန်းနှင့် ဝင်တိုးမိခဲ့ခြင်း ဖြစ်သည်။

တိုင်းတပါးရန်သူများက အလွန်အမင်း မောက်မာကြခြင်း ဖြစ်နိုင်သလို ဤရာသီဥတုနှင့် ဤအချိန်တွင် သူတို့ ရိက္ခာသယ်ယူပါက မည်သူမျှ သိနိုင်မည်မဟုတ်ဟု တွေးမိကြခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူတို့တိုက်ခိုက်ခံရမည်ဟုတော့ လုံးဝ မမျှော်လင့်ထားသောကြောင့် ထိုသို့ ရိက္ခာသယ်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် မြင်းလှည်း တစ်ဒါဇင်ခန့်ကို ဝန်းရံစောင့်ကြပ်ရန် လူအင်အား တစ်ရာကျော်ကိုသာ အသုံးပြုခဲ့ကြခြင်းပင်။

သူတို့၏ အမြင်တွင် သူတို့၏ စစ်သည်တစ်ဦးစီက ရန်သူဆယ်ဦးကို အနိုင်ယူနိုင်စွမ်း ရှိကြသဖြင့် သူတို့၏အစောင့်အင်အား တစ်ရာကျော်က စစ်သည်တစ်ထောင်ကျော်နှင့် ညီမျှနေပြီး အလွန် လုံခြုံသည်ဟု ထင်မှတ်နေခဲ့ကြသည်။

အမှန်တကယ်တွင်လည်း ရန်သူ့စစ်သည်များက ကိုယ်ခန္ဓာ တောင့်တင်းလှသဖြင့် ထိပ်တိုက်ရင်ဆိုင်ရလျှင် ကျိုးယိနို၏ စစ်သည်များအတွက် အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်စေနိုင်သည်။ ထို့ကြောင့်လည်း ကျိုးယိနိုက ထိုသူများအား စိတ်လိုက်မာန်ပါ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန် လုံးဝ မစီစဥ်ခဲ့ပေ။

သူက ရန်သူများကို နှောင့်ယှက်ဖျက်ဆီးရန်နှင့် ထိုလူများ ဆုံးရှုံးမှုဖြစ်ပေါ်ရန် ပြုလုပ်နိုင်ဖို့သာ စဉ်းစားခဲ့ခြင်း ဖြစ်သည်။ ရန်သူများ၏ ဆုံးရှုံးမှုက သူ၏စစ်တပ်အတွက် အောင်ပွဲရရှိရန် မျှော်လင့်ချက် အလင်းတန်းလေးတစ်ခု ဖြစ်လာပေလိမ့်မည်။

ကျိုးယိနိုတို့က လမ်းတစ်လျှောက်လုံး နောက်ယောင်ခံလိုက်နေခဲ့ကြပြီး ရန်သူများက သူတို့ အသာစီးရနေသည်ဟု ထင်မှတ်ထားကြပုံပေါ်သည်။ ညဘက်ကင်းစောင့်ချိန်၌ပင် သောက်စားမူးယစ် ပျော်ပါးနေကြသဖြင့် သူတို့၏ ‌အော်ဟစ်သံများကို အဝေးမှပင် ကြားနေရသည်။ သူတို့ မည်မျှပင် နိုးနိုးကြားကြားရှိစေကာမူ စေ့စပ်သေချာလှသည်ဟု ထင်ရသော ရိက္ခာသယ်ယူရေးအဖွဲ့က ယုန်နှစ်ကောင်ကြောင့် ပျက်စီးသွားမည်ဟုတော့ သူတို့ အိမ်မက်ပင် မက်ဖူးကြမည်မဟုတ်ချေ။

ယမ်းတောင့်များ ချည်နှောင်ခြင်းခံထားရသည့် ယုန်များက ရိက္ခာသယ်အဖွဲ့အတွင်းသို့ ပြေးဝင်သွားကြပြီး မြင်းများကို ထိတ်လန့်သွားစေသောကြောင့် လူများ မြင်းကန်ခံရပြီး ဒဏ်ရာရကာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရသည်။ သူတို့ မီးမွှေားခဲ့သော မီးသွေးခဲကလည်း ရိက္ခာလှည်းများပေါ်သို့ အကန်ခံလိုက်ရပြီး ကျိုးယိနိုအတွက် ဂုဏ်ယူဖွဘ်ရလဒ်တစ်ခု ဖြစ်လာစေခဲ့သည်။

စစ်သူကြီးကျုံး၏ ရယ်မောသံက တပ်စခန်းတစ်ခုလုံးသို့ ဟိန်းထွက်သွားပြီး အခြားတဲများဆီသို့ ပဲ့တင်ထပ်သွားခဲ့သည်။ သူ အလွန်အမင်း ရယ်မောရလွန်းသဖြင့် သူ၏မျက်ဝန်း၌ မျက်ရည်များပင် ဝေ့သီလာခဲ့သည်။

"ဟား ဟား၊ ဟား ဟား၊ အဲ့ဒီတိုင်းတပါးကောင်တွေရဲ့ ဘုရင်သာ ဒီအကြောင်းကို သိသွားလို့ကတော့ကွာ.... ဟား ဟား"

သူက မျက်ရည်များကို သုတ်ရင်း ထပ်ပြောနေပြန်သည်။

"သူတို့ရဲ့ နာမည်ကျော် ရိက္ခာစောင့်တပ်ကြီး ယုန်နှစ်ကောင်ကြောင့် အရေးနိမ့်သွားခဲ့ရတယ်ဆိုတာကို သိသွားရင်တော့ကွာ”

သူက ထပ်မံ၍ အားရပါးရ ရယ်မောလိုက်ပြန်သည်။

"ဟား ဟား၊ ယုန်နှစ်ကောင်တဲ့"

"သူ ဒါကို သိသွားရင် ရှက်လွန်းလို့ ရေနင်ပြီးတော့တောင် သေသွားနိုင်တယ်"

ထိုအတွေးက သူ့ကို ပျော်ရွှင်စေပြီး ထပ်မံ ရယ်မောစေပြန်သည်။

စစ်သူကြီးကျုံးက သူ့စိတ်ကို အနည်းငယ် ပြန်ထိန်းလိုက်ပြီး ကျိုးယိနိုဘက်သို့ လှည့်ကာ ချီးကျူးအသိအမှတ်ပြုသည့် မျက်ဝန်းများဖြင့် ကြည့်နေပြန်သည်။

"အင်း... အဲဒီယုန်တွေကတော့"

ပြောနေရင်းဖြင့် သူ့အသံက ပိုတည်ငြိမ်သွားပြီး ဆက်ပြောနေလေသည်။

"ယုန်လေးတွေက တကယ်ကို တော်ကြတယ်၊ တကယ့်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်၊ ဒါပေမယ့် ဒီအောင်မြင်မှုက သူတို့ကြောင့် ရခဲ့တာတော့ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား ယိနို"

သူက စစ်သည်ငယ်လေးကို နွေးထွေးစွာ စိုက်ကြည့်နေပြန်သည်။

"မင်းက ထူးခြားတဲ့ သတ္တိကို ပြနိုင်သလို လိမ္မာပါးနပ်မှုကိုလည်း ပြသနိုင်ခဲ့တယ်၊ အဲဒီယုန်တွေကို ဒီလိုနည်းနဲ့ အသုံးချဖို့ စဉ်းစားမိတယ်ဆိုကတည်းက မင်း အများကြီး ချီးမွမ်းခံရဖို့ ထိုက်တန်သလို ဆုလာဘ်တွေလည်း ရသင့်တာပေါ့၊ မင်းရဲ့ ဒီလို ဉာဏ်ကောင်းပုံကို ဧကရာဇ်မင်းမြတ် သိအောင် ငါကိုယ်တိုင် စီစဉ်ပေးမှာပါ၊ ဒီအောင်ပွဲက ထူးထူးခြားခြား ဖြစ်နေတော့ သမိုင်းမှတ်တမ်းတွေထဲမှာ ကျန်ရစ်နေတော့မှာ၊ မင်းရဲ့ နာမည်ကိုလည်း အဲဒီဘေးမှာ ရေးထိုးပေးကြလိမ့်မယ်"

ကျိုးယိနိုက စစ်သူကြီး၏ အ‌ရှေ့တွင် တရိုတသေ ဦးညွှတ်ဒူးထောက်လိုက်ပြီး ပြန်လျှောက်တင်လိုက်သည်။

"စစ်သူကြီးကျုံး၊ ဒီအကြံဉာဏ်တွေအတွက် ဆုလာဘ်တွေက ကျွန်တော်မျိုးအတွက် မဖြစ်သင့်ပါဘူး၊ ဒါတွေအားလုံးက အရင်တုန်းက ကျွန်တော်မျိုးရဲ့ဇနီး ပြောပြခဲ့တဲ့ ပုံပြင်တွေကနေ ဆင်းသက်လာခဲ့တာပါ၊ အဲဒီပုံပြင်တွေက ကျွန်တော်မျိုးကို အရင်က မစဉ်းစားမိခဲ့တဲ့ လမ်းစတစ်ခု သိမြင်စေခဲ့ပါတယ်၊ ဒါကြောင့် ကျွန်တော်မျိုးကို ဆုလာဘ်တွေ ပေးသနားမယ့်အစား ကျွန်တော်မျိုးရဲ့ဇနီးကို အသိအမှတ်ပြုပေးမယ်ဆိုရင် ကျွန်တော်မျိုး ကျေးဇူးတင်မိမှာပါ၊ အိမ်မှာရှိတဲ့ ဇနီးသည် အဆင်ပြေနေတာ သိရရင် ကျွန်တော်မျိုးလည်း ဒီမှာ ဘာစိုးရိမ်မှုမှမရှိဘဲ စိတ်အေးလက်အေး အမှုထမ်းနိုင်မှာပါ"

စစ်သူကြီးကျုံး၏ အားရပါးရ ရယ်မောသံက ထပ်မံ ပဲ့တင်ထပ်လာပြန်သည်။

"မင်းတို့ နှစ်ယောက်စလုံးအတွက် ဆုလာဘ်တွေ ရှိစေရမယ်၊ ဧကရာဇ်မင်းမြတ်က မင်းဇနီးရဲ့ ကူညီမှုတွေကို သတိမထားမိရင်တောင် ငါကတော့ ဒါကို အသိအမှတ်ပြုခံရအောင် သေချာပေါက် လုပ်ဆောင်ပေးမှာပါ၊ ဘာပဲဖြစ်ဖြစ် ဆန်းပြားတဲ့ ကြိမ်ချပ်ဝတ်နဲ့ ဝတ်ရုံတွေ၊ လှည့်ကွက်ပါတဲ့ လက်အိတ်တွေဆိုတာက မင်းဇနီးရဲ့ ကောင်းမွန်တဲ့ အကြံဉာဏ်တွေပဲ မဟုတ်လား၊ ဒီကြိမ်ချပ်ဝတ်က အကာအကွယ် သက်သက်တင်မကဘဲ အသက်ကယ်ပစ္စည်းဆိုလည်း ဟုတ်တယ်၊ အမှန်တကယ်ကို မှတ်တမ်းတင်လောက်တဲ့ စွမ်းဆောင်မှုပါပဲ"

ကြိမ်ချပ်ဝတ်က ပေါ့ပါးပြီး ပျော့ပျောင်းသလို မျက်နှာပြင်ကလည်း ချောမွေ့နေသေးသည်။ တခါတရံ သူတို့ တောင်စောင်းများပေါ်၌ အမြန်ပြေးလွှားရချိန်တွင် ၎င်းကို အခင်းပြားတစ်ခုကဲ့သို့ ဖန်တီးပြီး တောင်ကုန်းများပေါ်မှ အလျင်အမြန် လျှောဆင်းနိုင်ခဲ့ကြသည်။ သူတို့အနေဖြင့် နောက်မှလိုက်လာသူများအား အပြတ်အသတ် ချန်ထားနိုင်ခဲ့ကြဖူးသည်။ တိုက်ပွဲများအတွင်းတွင်လည်း အလွန်ပင် အသုံးဝင်ကြောင်း သက်သေများ ရှိထားပြီး ဖြစ်သည်။

.........။.........။......

မြောက်ပိုင်း၌ စစ်ပွဲများ ခဏခဏ ဖြစ်ပွားနေသဖြင့် စုန့်တင်းရှန်းထံမှ တစ်နှစ်စာ ငှားရမ်းထားသော ဆိုင်ငှားက စာချုပ်သက်တမ်း မတိုးရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် နှစ်သစ်မကူးမီမှာပင် ထိုဆိုင်ခန်းအတွက် အစောင့်မရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်ကျန်ခဲ့သည်။

စုန့်ကျစ်ယွမ်က ထိုဆိုင်အတွက် အနည်းငယ် စိုးရိမ်ပူပန်နေလေသည်။ ဆိုင်ခန်းငှားခက တစ်လလျှင် ငွေတစ်လျန် ရပြီး တစ်နှစ်လျှင် ငွေဆယ့်နှစ်လျန်အထိ ရရှိနိုင်သောကြောင့်င့် လယ်သမားအိမ်ထောင်စုတစ်ခုအတွက် များပြားသော ဝင်ငွေဖြစ်နေသေးသည်။

သို့သော်လည်း စုန့်တင်းရှန်းကတော့ စိုးရိမ်ပူပန်နေခြင်း မရှိပေ။ ညဘက် မိသားစုဆုံချိန်အတွင်း စုန့်ကျစ်ယွမ်တစ်ယောက် ဆိုင်ခန်းအကြောင်း ထပ်မံ ပြောဆိုလာချိန်တွင် စုန့်တင်းရှန်းက အပြုံးဖြင့် စကားစလိုက်သည်။

"အဖေ၊ စိတ်လောလွန်းအားကြီးရင် အမှားပါတတ်တယ်၊ အခု ဆိုင်ခန်းကို ပြန်အပ်သွားတာ တစ်လတောင်မပြည့်သေးဘူး၊ ပြီးတော့ နှစ်သစ်ကူးလည်း နီးနေပြီ၊ အဖေက ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ"

"ငါ ဘယ်လို့လုပ်ပြီး မစိုးရိမ်ဘဲ နေနိုင်မှာတုန်းဟ၊ နှစ်သစ်မကူးခင် အငှားမချထားနိုင်ရင် နွေဦးရောက်လို့ အလုပ်တွေ ပြန်များလာတဲ့အခါ ဘယ်သူကများ အချိန်ပေးပြီး လာငှားတော့မှာလဲ"

"တကယ်လို့ အငှားမချနိုင်ရင်တောင် သမီးတို့ဘာသာ ဆိုင်ဖွင့်လို့ရတယ်လေ၊ အခု သမီးတို့လုပ်ထားတဲ့ ပဲငံပြာရည်တွေရယ်၊ အိမ်မှာ အချည်ဖောက်ထားတဲ့ အသီးအရွက်အချဉ်တွေရယ်နဲ့ ဂေါ်ဖီချဉ်တွေကို ရောင်းလို့ရတာပဲ၊ အဲ့ဒါတွေကနေ ငွေတော်တော် ရှာနိုင်မှာပါ"

စုန့်ကျစ်ယွမ်က သံသယဖြင့် ပြန်မေးလိုက်သည်။

"ဒါပေမယ့် အဲဒီအရာတွေနဲ့ ဆိုင်တစ်ဝက်စာတောင် ရှိနိုင်မလား၊ ဆိုင်က စားသောက်ဆိုင်အတွက် ရည်ရွယ်ထားတာဆိုတော့ တော်တော်လေး ကျယ်တယ်နော်”

စုန့်တင်းရှန်းက ရယ်မောရင်း ပြန်ဖြေလိုက်သည်။

"အဲ့လိုဆိုရင်လည်း သမီးတို့တွေ အစားအသောက် ရောင်းကြတာပေါ့၊ အမေ့ရဲ့ ဟင်းချက်လက်ရာကိုလည်း သမီးသိတယ်၊ အဒေါ်ရဲ့ လက်ရာကလည်း ကောင်းသလို အဖိုးကလည်း အသားနှပ်တဲ့နေရာမှာ အရမ်းတော်တယ်၊ ဒီအရည်အချင်းတွေနဲ့ဆိုရင် သမီးတို့တွေ ဆိုင်တစ်ဆိုင်ကို သေချာပေါက် ကိုင်တွယ်နိုင်မှာပါ"

စုန့်ကျစ်ယွမ်က ရယ်မောရင်း ပြန်ပြောလိုက်သည်။

"မင်း ပြောလိုက်တာက လွယ်လွယ်လေးပေါ့၊ မင်း ဟင်းကောင်းကောင်းတွေ ချက်ထားရင်တောင် မြို့ပေါ်မှာ ဘယ်သူ့ကို သွားရောင်းမှာလဲ၊ ခရိုင်မြို့မှာဆိုရင်တောင် ရောင်းဖို့ လွယ်နိုင်ဦးမယ်၊ အဖေ ထင်တာတော့ အရင်ငှားတဲ့သူကလည်း လုပ်ငန်းမကောင်းလို့ အကြောင်းပြချက်ရှာပြီး ဆိုင်ပြန်အပ်သွားတာပဲ ဖြစ်ရမယ်"

စုန့်တင်းရှန်းကလည်း စီးပွားရေးလုပ်ငန်းမှန်သမျှ ခက်ခဲမှန်း သိထားပြီး ဖြစ်သောကြောင့် ဖခင်ဖြစ်သူကို နှစ်သိမ့်လိုက်သည်။

"အဖေ၊ သမီး ပြောချင်တာက ဆိုင်ခန်းကို အငှားချလို့ မရဘူးဆိုရင်တောင် ဒီအတိုင်း အလဟဿ ပစ်ထားရမှာ မဟုတ်ဘူးလို့ ပြောတာပါ၊ အနည်းဆုံးတော့ သမီးတို့ တစ်ခုခု ရောင်းနိုင်သေးတယ်လေ၊ ပြီးတော့ နှစ်သစ်ကူးပြီးလို့ရင်တောင် ဆိုင်ခန်းလာငှားမယ့်သူက ရောက်လာနိုင်သေးတယ်၊ စီးပွားရေးသမားတွေက အဖေတို့ လယ်သမားတွေ အလုပ်ရှုပ် မရှုပ်ထည့်တွေးပေးမယ်လို့ အဖေ ထင်နေတာလား"

စုန့်ကျစ်ယွမ်လည်း ထိုအကြောင်းကို စဉ်းစားကြည့်နေပြီး ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။

"အဲ့လိုပဲ တွေးရတော့မှာပေါ့၊ ဟူး..."

နွေဦး၏ အလင်းတန်းများနှင့်အတူ လယ်တောအိမ်လေးများ၏ ပြတင်းပေါက်အပြင်ဘက်ရှိ ကမ္ဘာကြီးက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဆောင်းရာသီ၏ အေးစက်သော အငွေ့အသက် လျော့ရဲသွားပြီး တစ်ချိန်က ဖွေးဖွေးလှုပ်နေသော ဆီးနှင်းများလည်း ပျောက်ကွယ်သွားကာ အောက်ခြေတွင် ပုန်းအောင်းနေသော မြေပြင်ကျယ်ကြီး ပြန်ထွက်ပေါ်လာသည်။

နူးညံ့သော လက်တစ်စုံက နှိုးလိုက်သကဲ့သို့ သက်ရှိအရာအားလုံးလည်း အသစ်တစ်ဖန် ပြန်လည် နိုးထလာကြသည်။ အရိုးပြိုင်းပြိုင်း ဖြစ်နေသော သစ်ကိုင်းဖျားများပေါ်၌ အစိမ်းရောင်ရွက်နုကလေးများ ထွက်ပေါ်လာပြီး ရှက်တတ်သော ပန်းကလေးများကလည်း နွေးထွေးသော မြေဆီလွှာကြားမှ မရဲတရဲ ထွက်ပြူလာကြသည်။

ဤရာသီအလိုက် အသစ်တဖန် ဖြစ်ပေါ်မှုက လယ်တောအိမ်လေးများကိုလည်း အပြောင်းအလဲ ဖြစ်ပေါ်စေသည်။

ခက်ခဲသော ဆောင်းလများအတွင်း မီးပုံဘေး၌ စုဝေးရင်း အဝတ်အစားများ ဖာထေးခြင်း၊ လာမည့်ရာသီအတွက် အစီအစဉ်များ ချမှတ်ခြင်းတို့ဖြင့် အချိန်ဖြုန်းနေခဲ့ကြသော လယ်သမားများက ယခုအချိန်တွင် သူတို့၏ခန္ဓာကိုယ်များအတွင်း အင်အားသစ်များ စီးဆင်းနေသလို ခံစားနေကြရသည်။ သူတို့၏ အတွေးများက အိမ်တွင်းမှုကိစ္စများဆီမှ သူတို့ကို ကျွေးမွေးထောက်ပံ့နိုင်မည့် မြေယာများဆီသို့ ရောက်ရှိသွားခဲ့သည်။

သူတို့၏ဆောင်းခိုရာ နေရာလေးမှ အားအင်သစ်များဖြင့် ထွက်လာကြပြီး သူတို့ကို အချိန်အကြာကြီး စောင့်ဆိုင်းနေသည့် လယ်ယာသုံး ကိရိယာများအပေါ် အကြည့်ရောက်သွားကြသည်။

တချိန်က ထင်းတဲထဲ၌ သိမ်းဆည်းထားသော ထွန်တုံးများကို အပြင်သို့ ဆွဲထုတ်ပြီး စစ်ဆေးနေကြသည်။ ထယ်သွားများကို ကျောက်တုံးပေါ်တင်ကာ သွေးနေကြပြီး တဂျိဂျိအသံများကလည်း စည်းချက်ညီညီ ထွက်ပေါ်လာသည်။ ကျိုးပဲ့နေသော လက်ကိုင်များကိုလည်း အသစ်လဲလှယ်ကြပြီး ပျောက်ဆုံးနေသော အစိတ်အပိုင်းများကို အချောကိုင်ထားသည့် သစ်သားများဖြင့် ထပ်မံပြင်ဆင်နေကြသည်။

လယ်ယာလုပ်ငန်းခွင်မှ အလုပ်များပြီးစီးခါနီးအချိန်တွင် အစိုးရက တူးမြောင်းတူးဖော်ရန် လိုအပ်ကြောင်း ကြေညာခဲ့ပြီး အိမ်ထောင်စုတိုင်းမှ လုပ်အားပေးတစ်ဦးစီ ထည့်ဝင်ရန် သို့မဟုတ် လူတစ်ဦးလျှင် ငွေငါးလျန် ပေးဆောင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ဆင်းရဲသော မိသားစုများအတွက်တော့ ဤသတင်းက စိတ်ပျက်စရာ ဖြစ်လာခဲ့ပြီး တရွာလုံးတွင် စိတ်ပျက်အားငယ်စွာ ငိုကြွေးနေသည့်အသံများ ပဲ့တင်ထပ်လာခဲ့သည်။

သို့သော်လည်း ကောင်းရှီကတော့ စိုးရိမ်ပူပန်ခြင်း မရှိပေ။ သူမက ကျူးရှီကို စုန့်ထောင်းဟုန်ထံသို့ လွှတ်လိုက်ပြီး ခရိုင်တရားသူကြီးထံမှ အကူအညီတောင်းခံခိုင်းလိုက်သည်။

‘ဘာပဲဖြစ်ဖြစ် ရှချမ်းက သူမရဲ့မြေးသမက်လေ၊ သူမမှာ ဩဇာအာဏာ နည်းနည်းတော့ ရှိနေသင့်တယ်’

"မိသားစုထဲမှာ အစိုးရရာထူးတစ်ခု ရထားတဲ့သူရှိတော့ ကောင်းလိုက်တာအေ၊ ကြည့်စမ်းပါဦး၊ အခုတော့ အရာအားလုံး အဆင်ပြေသွားပြီ မဟုတ်လား"

ကောင်းရှီက အိမ်ရှေ့တံခါးဝ၌ နေပူစာလှုံရင်း အိမ်နီးနားချင်းများနှင့် စကားပြောဆိုနေကာ အားကျနေသော အကြည့်များကို လက်ခံနေခဲ့သည်။

ထို့နောက်တွင် ကောင်းရှီက မျက်စောင်းထိုးရှိ စုန့်ရှင်းယိ၏ အိမ်ဘက်သို့ တစ်ချက်ကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်ရင်း စကားစလိုက်သည်။

"တချို့လူတွေကတော့ မြို့ပေါ်က လူကုံထံတွေကို ဘယ်လောက်ပဲ ဖားယားနေစေပါအေ၊ အချိန်တန်ရင်တော့ ငွေ ပေးရဦးမှာပဲ၊ တစ်ခါတည်းနဲ့ ငွေဆယ်လျန်တောင် ပေးရမှာနော်၊ ကျွတ်.... ကျွတ်..."

အိမ်နီးနားချင်း အဒေါ်ကြီးကလည်း ဝင်ပြောလာသည်။

"အင်း၊ ပြောရရင်တော့ စုန့်မိသားစုတွေက အိမ်ခွဲမနေသင့်ဘူး၊ အိမ်မခွဲထားရင် လူဦးရေအရ နင်တို့မိသားစုတွေ တစ်ယောက်စာပဲ ပေးရမှာလေ၊ အခုတော့ ငွေပိုကုန်ကြပြီ မဟုတ်လား"

ကောင်းရှီက လက်ခါ ခြေခါ ပြန်ပြောလိုက်သည်။

"သစ်ပင်ကြီးရင် အကိုင်းဖြာသလို မိသားစုကြီးရင်လည်း အိမ်ခွဲရမှာပဲ၊ ပြီးတော့ အိမ်မခွဲရင် အလုပ်ကြိုးစားလို့ ကောင်းကောင်းမွန်မွန် နေနိုင်မယ့်အချိန်မှာ ဘာမှမလုပ်နိုင်တဲ့သူတွေကို ထောက်ပံ့ပေးနေရဦးမယ်၊ ဒါက စုန့်မိသားစုရဲ့ ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းကမ်းပဲ၊ ငါကတော့ ဒါက ကောင်းတယ်လို့ ထင်တယ်"

အိမ်နီးနားချင်း အဒေါ်ကြီးက မနာလိုအားကျဟန်ဖြင့် ထပ်ပြောလိုက်သည်။

"ဒါက ကံကြမ္မာပဲပေါ့၊ အဖွားကြီးရေ.... ရှင်ကတော့ ကံကောင်းလွန်းတယ်"

"ဟုတ်ပါ့တော်၊ တပ်ထဲမှာ သေလုမတတ် အလုပ်လုပ်နေရတာထက် အရာရှိတစ်ယောက် ဖြစ်အောင်ကြိုးစားပြီး ငွေရှာတာက အများကြီး ပိုကောင်းတာပေါ့၊ ထောင်ဟုန်ကတော့ နောင်ကျရင် ကံကောင်းခြင်းတွေ ဆက်တိုက် ရလာဦးမှာပဲ၊ အဖွားကြီး... ရှင်ကတော့ အခုကစပြီး ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်ပါပြီတော်"

အခြား အဒေါ်ကြီးတစ်ဦးကလည်း မနာလိုအားကျနေသည့် မျက်ဝန်းများဖြင့် ဝင်ပြောလိုက်ပြန်သည်။

ထိုသို့ ချီးမွမ်းစကားများကြောင့် ကောင်းရှီ၏ မျက်နှာတစ်ခုလုံးတွင် အပြုံးပန်းများ ဝေဆာနေလေသည်။

‘အိမ်ခွဲနေကြတော့ရော ဘာဖြစ်လဲ....

စုန့်ကျစ်ရန်က ငါ့ဝမ်းနဲ့ လွယ်မွေးထားတဲ့ ငါ့သားပဲ၊ သူ့ကလေးတွေက ငွေရှာနိုင်တာနဲ့ ငါ့ကို အရင်ဆုံး ရိုသေသမှုပြုရမှ မဟုတ်ဘူးလား၊ ငါတို့က စုန့်လောင်စစ်ရဲ့ မိသားစုနဲ့ မတူဘူးလေ၊ သူတို့က အိမ်ခွဲနေကြတယ်ဆိုပေမယ့် အိမ်မခွဲရသေးသလိုပဲ...

အိမ်ထောင်ကျပြီးသား သားတွေ ချွေးမတွေက မိဘတွေနဲ့အတူ နေထိုင်နေကြတုန်းပဲ၊ အကြီးဆုံးသားကလည်း ဘာမှ အောင်မြင်အောင် မလုပ်နိုင်ဘဲ ဒုတိယသားက အရာအားလုံးကို လက်ဝါးကြီး အုပ်ထားတယ်၊ သူတို့ရဲ့ ညီအစ်ကိုသံယောဇဉ်က ဘယ်အချိန်အထိ ကြာရှည်ခံမယ်ဆိုတာကို ငါ စောင့်ကြည့်ချင်ပါသေးတယ်

ဘာပဲဖြစ်ဖြစ် ပိုက်ဆံနဲ့ ပတ်သတ်လာရင် ဘယ်သူက သည်းခံနိုင်မှာလဲ’

တစ်ဖက်တွင်မူ စုန့်တင်းရှန်းတစ်‌ယောက် ရင်စည်းအင်္ကျီကလေးပေါ်တွင် ရေကစားနေသော ဘဲလေးတစ်ကောင် ပန်းထိုးနေပြီး မိသားစုထဲမှ အမျိုးသမီးများက သူမကို စနောက်နေကြသည်။ ထို့ကြောင့် သူမ စိတ်ကောက်သွားပြီး ထိုရင်စည်းအင်္ကျီလေးကို အရွယ်အစား ပိုသေးအောင် ပြင်ဆင်လိုက်ကာ သူမ၏ မောင်လေးကို အတင်းဝတ်ခိုင်းနေသည်။

"မင်းရဲ့အစ်မကတော့ တကယ့်ကို အသိတရား မရှိတော့ဘူး၊ တခြားကလေးတွေက ကျားပုံ ဒါမှမဟုတ် ရွှေငါးပုံ ဗိုက်စည်းလေးတွေ ဝတ်ကြတာလေ၊ သူကတော့ မင်းကို ရေကစားနေတဲ့ ဘဲပုံကြီး ဝတ်ခိုင်းထားတယ်"

ဖန့်ရှီက သူမ၏ ဖွံ့ဖွံ့ဖြိုးဖြိုး သားငယ်လေး ပန်းရောင်ဗိုက်စည်း ဝတ်ထားသည်ကို ကြည့်ကာ အားရပါးရ ရယ်မောနေသည်။

"အမေ"

စုန့်တင်းရှန်းက ရှက်ကိုးရှက်ကန်း ဟန့်တားလိုက်သည်။

သူမထံတွင် အကြံဉာဏ်သစ်များ ရှိသော်လည်း ပန်းထိုးပညာကတော့ သိသိသာသာ တိုးတက်လာခြင်း မရှိပေ။ သူမ ရေးဆွဲထားသော ပုံလေးက အလွန်ကောင်းမွန်သော်လည်း အပ်ကို ကိုင်လိုက်သည်နှင့် ထွက်ပေါ်လာသော ပန်းထိုးလက်ရာက ကြည့်မကောင်းတော့ပေ။

"အဖေရော၊ ဒီမနက် အစောကြီးကတည်းက သူ့ကို မတွေ့မိပါလား"

"အော်၊ နင့်အဖေက နင့်ရဲ့ ဆိုင်ခန်းကိစ္စအတွက် စိုးရိမ်နေတာလေ၊ အခု နွေဦးစိုက်ပျိုးရာသီတောင် ကျော်သွားပြီ၊ ဒါပေမယ့် ဆိုင်ကို အငှားမချရသေးဘူးဆိုတော့ သူ စိတ်ပူပြီး အလျင်လိုနေတာလေ"

"သမီးကတော့ အလျင်လိုစရာ မလိုဘူးလို့ ထင်တာပဲ၊ ဘာပဲဖြစ်ဖြစ် နွေဦးစိုက်ပျိုးရာသီ ပြီးသွားရင် တခြား အရေးကြီးတဲ့ အလုပ်တွေလည်း မရှိတော့ဘူးလေ၊ အဖေကိုယ်တိုင် မြို့ပေါ်ကို သွားပြီး ဆိုင်ဖွင့်လို့ ရနေတာပဲ၊ သမီးတို့ရဲ့ အိမ်လုပ် စားစရာတွေကို ရောင်းလို့ ရတယ်၊ သမီးတို့မှာ ပဲငံပြာရည်တွေ၊ အသီးအရွက်အချဉ်တွေ၊ တို့ဟူးအစပ်နဲ့ ဂေါ်ဖီချည်အစပ်တွေ အများကြီး ရှိနေတာပဲ၊ ဆိုင်ဖွင့်ပြီး နေ့တိုင်း ရောင်းမယ်ဆိုရင် ရွာထဲမှာ အလုပ်လုပ်တာထက်တော့ ဝင်ငွေကောင်းမှာ သေချာတယ်"

"ဒါဆိုလည်း နင့်အဖေနဲ့ သွားပြောကြည့်ပေါ့၊ ဘာပဲဖြစ်ဖြစ် သူက မင်းအတွက် ဒီလောက် အလောတကြီး ဖြစ်နေရတာ မဟုတ်ဘူးလား"

ဖန့်ရှီက သူမ၏ သားငယ်လေးကို အဝတ်အစားများ ပြင်ဝတ်ပေးနေပြီး အပြင်ဘက်သို့ ချီထုတ်သွားသည်။

"လာပါဦး ပေါင်ပေါင်းရေ.... အပြင်ကို သွားပြီး နေပူစာလှုံကြမယ်"

"အမေ"

စုန့်တင်းရှန်းက နောက်မှ လိုက်သွားရင်း ထပ်ပြောနေပြန်သည်။

"အမေ.... သမီး အနောက်ဘက်တောင်ကုန်းပေါ်က ရေကန်လေးကို ဝယ်ချင်တယ်၊ အမေရော ဘယ်လို ထင်လဲ"

"ငါက ဘယ်လိုထင်ရမှာလဲ၊ နင် အမြဲတမ်း တစ်ခုမဟုတ်တစ်ခု လုပ်နေတာပဲ မဟုတ်ဘူးလား၊ ငါထင်တာတော့ နင်က ငွေသုံးဖို့ပဲ အမြဲတွေးနေတာလေ"

ဖန့်ရှီက သူမ သားငယ်လေး၏ ခေါင်းကို ပုတ်ပေးရင်း ထပ်ပြောလာပြန်သည်။

"နင် ငါ့ကို လာပြောနေလို့ ဘာထူးမှာလဲ၊ ငါက မဝယ်နဲ့လို့ ပြောရင်ရော နင်က မဝယ်ဘဲ နေမှာမို့လို့လား၊ သွား.... သွား၊ နင့်အဖေ၊ နင့်အဘိုး ဒါမှမဟုတ် နင့်အဘွားကိုပဲ သွားပြောလိုက်စမ်းပါ၊ ငါကတော့ အဲ့ဒါတွေအတွက် စိတ်မပူချင်ဘူး"

စုန့်တင်းရှန်းက ရယ်မောရင်း ပြေးထွက်သွားသည်။

"အင်းပါ၊ ဒါဆို သမီး အဖွားနဲ့ပဲ သွားပြောလိုက်တော့မယ်"

အသုံးမပြုဘဲ ပစ်ထားသော ထိုရေကန်ကို အသက်ဝင်လှပသည့် နေရာတစ်ခုအဖြစ် ပြောင်းလဲပစ်ချင်သည့် ဆန္ဒက သူမ၏ ရင်ထဲ၌ အမြဲကိန်းအောင်းနေခဲ့သည်။ သူမ၏ အတွေးထဲတွင် ကြည်လင်နေသော ရေပြင်အတွင်းမှ ရွှေငါးအုပ်ကြီး ဟိုဟိုဒီဒီ ကူးခတ်နေသည့် မြင်ကွင်းများကို မြင်ယောင်နေမိသည်။

ထိုငါးကလေးများ၏ နူးညံ့သိမ်မွေ့သော ကခုန်မှုများကြားတွင် သွယ်လျလှပသည့် ကြာရိုးတံများ ယှက်နွယ်နေမည်ဖြစ်ပြီး အရွက်စိမ်းစိမ်း ကြာဖတ်ကြီးများက နေရောင်ခြည်ဆီသို့ လှမ်းမျှော်နေကြပေလိမ့်မည်။ သို့သော် သူမကို ဆွဲဆောင်နေသည်က ထိုအလှအပသက်သက်ကြောင့်တော့ မဟုတ်ပေ။ ရေမျက်နှာပြင်အောက်မှ ကြာစွယ်များက တိတ်တဆိတ် ကြီးထွားလာမည်ဖြစ်ရာ ၎င်းတို့အား ရိတ်သိမ်းနိုင်မည့်အချိန်ရောက်လာလျှင် ခံတွင်းတွေ့စေမည့် စားသောက်ဖွယ်ရာ ဖြစ်လာပေလိမ့်မည်။

ဤဒေသ၏ ပျံ့နှံ့နေသော အေးစက်စက် ရာသီဥတုက သူမ၏စိတ်အခြေအနေ မှေးမှိန်သွားအောင် မပြုလုပ်နိုင်ခဲ့ပေ။ မှန်ကန်သော ဂရုစိုက်မှုပေးနိုင်လျှင် ဤကဲ့သို့ အေးမြသော ရာသီဥတုမျိုး၌ပင် ကြာစွယ်များ ကောင်းမွန်စွာ ရှင်သန်နိုင်ကြောင်း သူမ သိထားပြီး ဖြစ်သည်။

ဖြစ်နိုင်ခြေများက အဆုံးမရှိပေ။

လတ်ဆတ်သော ကြာစွယ်ကွင်းလေးများကို ကြွပ်ရွနေသည့် အချဉ်များအဖြစ် ပြောင်းလဲလိုက်ပါက သူမ၏ လျှာဖျားပေါ်သို့ ကျရောက်လာမည့် အထိအတွေ့နှင့် အရသာများ၏ ဟန်ချက်ညီမှုအား စုန့်တင်းရှန်းတစ်ယောက် ကြိုတင် စိတ်ကူးကြည့်နေမိသည်။ ထို့အပြင် နူးညံ့သော ကြာစွယ်ပြားလေးများကို လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့်အတူ ရောနှောကြော်လိုက်လျှင် မျက်စိအတွက်သာမက ဝမ်းဗိုက်အတွက်ပါ ပြည့်စုံသော စားသောက်ဖွယ်တစ်ခု ဖြစ်လာပေလိမ့်မည်။ မီးဖိုချောင်အတွင်း၌ နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနိုင်သည့် အစွမ်းထက်သည့် ကြာစွယ်မှုန့်များအကြောင်းကိုလည်း သူမ မေ့မထားခဲ့ပေ။

ထို့ကြောင့် သူမကို အမှန်တကယ် စိတ်လှုပ်ရှားစေသည်က ဆောင်းရာသီ၌ ရရှိလာမည့် ဝင်ငွေများ ဖြစ်နေခဲ့သည်။ ရရှိလာမည့် ကြာစွယ်များကို သေသေချာချာ သိုလှောင်ထားခြင်းဖြင့် ဤမထင်မရှား ကြာစွယ်များက ဝင်ငွေလမ်းစတစ်ခု ဖြစ်လာနိုင်ပြီး သူမ၏ ရေကန်ကလေးမှ ငြိမ်သက်သောအလှတရားဖြင့် အဆိုးရွားဆုံးသော ဆောင်းလများအတွင်း နွေးထွေးမှုနှင့် လုံခြုံမှုပေးနိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်မည် ဖြစ်သည်။

ပြန်လည် ရှင်သန်လာမည့် ရေကန်လေးအပေါ် ထားသည့် သူမ၏ အိပ်မက်က အလှအပအတွက်သက်သက် မဟုတ်ဘဲ ၎င်းက ကောင်းမွန်သော ဝင်ငွေရရှိမည့် ရတနာပုံတစ်ခုကို ပျိုးထောင်နေခြင်းပင်။

All Chapters