ကြာစွယ်စိုက်ပျိုးခြင်း (အပိုင်း ၁)
Vol. 5 Ch. 48
စုန့်တင်းရှန်း ပြောသမျှကို နားထောင်ပြီးနောက် လီရှီက သူမကို ခဏတာမျှ စိုက်ကြည့်နေခဲ့သည်။ ထို့နောက်မှသာ သူမက ဆူပူချင်ဟန်ဖြင့် မေးလာခဲ့သည်။
"အရင်တုန်းက နင် ဒီလောက် တက်ကြွနေတာမျိုး ငါ ဘာလို့ မတွေ့ခဲ့ရတာတုန်း"
ထိုစကားက စုန့်တင်းရှန်းကို အနည်းငယ် ထိတ်လန့်သွားစေခဲ့သော်လည်း သူမက ချက်ချင်း လျှာလေးထုတ်ကာ ပြောင်စပ်စပ်လုပ်ပြလိုက်သည်။
"သမီး အရင်ကတည်းက ဒါမျိုးတွေ တွေးခဲ့ဖူးတာပါ၊ ဒါပေမယ့် အဖေနဲ့အမေက သမီးကို အလိုလိုက်ထားကြတယ်လေ၊ နောက်ထပ်အကြောင်းအရင်က သမီး ရှမိသားစုထဲကို လက်ထပ်ဝင်ရမှာဆိုတော့ သူတို့နဲ့ အဆင်ပြေ မပြေကိုလည်း သမီးမသိရသေးဘူးလေ၊ အခုတော့ သမီးလည်း အိမ်ထောင်ကျသွားပြီ၊ လက်ထဲမှာလည်း ငွေလေး ရှိလာပြီ၊ ယောက္ခမတွေရဲ့ ကန့်သတ်ချုပ်ချယ်မှုလည်း မရှိဘူး၊ အခြေအနေတွေ အားလုံးပေးနေတာ့ ကိုယ်ပိုင်အလုပ်တစ်ခုလောက် လုပ်သင့်ပြီလို့ တွေးမိသွားတာပေါ့ အဖွားရဲ့"
ထိုစကားက ကျိုးကြောင်းဆီလျော်သောကြောင့် လီရှီလည်း အလွယ်တကူ လက်ခံသွားခဲ့သည်။ သူမ မည်မျှပင် ထက်မြက်နေစေကာမူ သူမ၏မြေးမလေးက အရင်ကလူ မဟုတ်တော့ကြောင်းကိုတော့ သူမ ရိပ်မိနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူမက အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာပြနေသည်။
"အဲဒီရေကန်ကို ဝယ်ဖို့ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ပုံမှန်ဆိုရင် မိသားစုအတော်များများက အဲဒီနေရာမှာ ငါးသွားဖမ်းလေ့ရှိကြတယ်၊ ဝယ်ပြီးရင် ဒုက္ခများနိုင်တယ်၊ တကယ်လို့ နားမလည်တဲ့ ကလေးတစ်ယောက်ယောက် ကန်ထဲပြုတ်ကျသွားရင် ကိစ္စတွေက ရှုပ်ထွေးကုန်လိမ့်မယ်"
ဤရှေးခေတ်ကာလတွင် ဥပဒေက ခိုင်မာမှု မရှိသေးပေ။ အကယ်၍ မိမိက နေရာတစ်ခုကို ဝယ်ယူထားပြီး ထိုနေရာ၌ တစ်ခုခုဖြစ်ပွားလျှင် ကိုယ်တိုင် ပါဝင်ပတ်သက်သည်ဖြစ်စေ၊ မပတ်သက်သည်ဖြစ်စေ တာဝန်ခံရမည်သာ ဖြစ်သည်။
လီရှီက ဆက်ပြောနေပြန်သည်။
"တကယ်တော့ အခုတလော ငါတို့မိသားစုလည်း အတော်လေး ထင်ပေါ်နေခဲ့တယ်၊ လူတကာက ငါတို့ကို အာရုံစိုက်နေကြပြီ၊ လူအတော်များများကလည်း မနာလိုဖြစ်နေကြပြီ၊ ငါတို့စိုက်ထားတဲ့ သီးနှံတွေနဲ့ သစ်သီးပင်တွေကိုတောင် ငါတို့ နေ့တိုင်း စောင့်ကြည့်နေလို့ ဘယ်သူမှ မတို့ရဲကြတာ၊ နင် စဉ်းစားကြည့်ဦး၊ နင် အဲဒီလောက်ကြီးတဲ့ ရေကန်ကို ဝယ်လိုက်ရင် ဘယ်သူက စောင့်ကြည့်ပေးမှာလဲ၊ ငါးမွေးတာပဲဖြစ်ဖြစ်၊ ကြာစွယ်စိုက်တာပဲဖြစ်ဖြစ် မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့လူက အလွယ်တကူ လာဖျက်ဆီးသွားနိုင်တယ်၊ နည်းနည်းလေး ကျူးကျော်ဝင်ရောက်စွက်ဖက်ခံလိုက်ရတာနဲ့ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်"
စုန့်တင်းရှန်းကလည်း ထိုအချက်ကို ထောက်ခံနေပြီး ပြန်မေးလိုက်သည်။
"အဖွား၊ အဲဒီရေကန်ကို စီးဆင်းနေတဲ့ ရေ ရှိတယ် မဟုတ်လား"
လီရှီက ပြန်ဖြေလိုက်သည်။
"စီးဝင်တဲ့ ရေကတော့ ရှိမှာပဲလေ၊ အဖွားတို့ရွာရဲ့ တောင်ဘက်မှာ မြစ်တစ်စင်းရှိတယ်၊ အဲဒါကြောင့်ပဲ ဒီနေရာကို မြောက်ဘက်ကမ်းရွာလို့ ခေါ်တာပေါ့၊ ရေကန်ထဲကရေတွေကလည်း အဲဒီမြစ်ထဲကနေ စီးဝင်လာတာ ဖြစ်နိုင်တယ်"
(t/n; ရွာအနေနဲ့ဆို မြစ်က ရွာရဲ့တောင်ဘက်မှာ ရှိပြီး မြစ်ဘက်ကနေ ကြည့်ရင် ရွာက မြောက်ဘက်ပါ)
မူလတွင် ထိုမြစ်က ချောင်းလေးတစ်ခုသာ ဖြစ်သော်လည်း တော်ဝင်နန်းတွင်းက မြစ်တူးခြင်းနှင့် တာတမံတည်ဆောက်ခြင်းတို့အတွက် လူများကို မကြာခဏ ဆင့်ခေါ်ခဲ့ပြီး ချောင်းက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။ ယခုအချိန်တွင်တော့ လှေကြီးတစ်စင်းပင် သွားလာနေနိုင်ပြီ ဖြစ်သည်။
ထိုအရာက ရွာသူရွာသားများ ဤနွေဦးရာသီတွင် ကြုံတွေ့ခဲ့ရသော အလုပ်မျိုး ဖြစ်ပြီး ၎င်းက အတင်းအကျပ် ခိုင်းစေသော လုပ်အားပေးဆင့်ခေါ်မှုလည်း ဖြစ်သည်။ တော်ဝင်ရုံးတော်ကတော့ မြစ်ချောင်းများနှင့် ဆည်မြောင်းများကို ပြုပြုင်ရန် လူတိုင်းကို ဆင့်ခေါ်လေ့ရှိပြီး ၎င်းက လယ်သမားများ၏အကျိုးအတွက်ဟု အမိန့်တော် ထုတ်ပြန်ခဲ့သည်။ ဤနွေဦးရာသီတွင်လည်း မြစ်၊ ချောင်းနှင့် မြောင်းများကို တူးဖော်ပြီး အနီးနားရှိ လယ်ယာမြေများအတွက် ရေသွင်းမြောင်းများ တူးဖော် ချိတ်ဆက်ပေးခဲ့သည်။
၎င်းက ကောင်းမွန်သော ဦးဆောင်မှုဖြစ်နေသည့်တိုင် အစိုးရအတွက် အလုပ်လုပ်ပေးရသည်က အလွန် ပင်ပန်းလှပြီး လုပ်ခလည်း နည်းပါးလှသည်။ ရက်စက်ပြီး ကိုယ်ချင်းစားတရား ကင်းမဲ့သော ကြီးကြပ်ရေးအရာရှိများနှင့် ရင်ဆိုင်ရလျှင် အသက်အန္တရာယ်ကိုပင် စိုးရိမ်ရတတ်သည်။ အဓမ္မလုပ်အားပေးခိုင်းစေခံရသည့်ဟူသော အတွေးက လူအတော်များများကို ကြောက်ရွံ့စေပြီး မည်သူမျှ မသွားချင်ကြပေ။
လုပ်အားပေး ဆင့်ခေါ်ခြင်းအကြောင်း ကြားရသည်နှင့် လူအများ စိုးရိမ်ပူပန်သွားကြပြီး တုံ့ဆိုင်းသွားတတ်ကြသည်။ ၎င်းက ကရုဏာတရားကင်းမဲ့သော သေဒဏ်ပေးသည့် အမိန့်တစ်ခုနှင့်ပင် တူနေခဲ့သည်။
စုန့်တင်းရှန်းတို့၏ မိသားစုတွင်မူ အိမ်ခွဲထားပြီးပြီ ဖြစ်သောကြောင့် သူမ၏ဖခင်နှင့် အကြီးဆုံးဦးလေးနှစ်ယောက်စလုံး လုပ်အားပေး မလိုက်ရစေရန် ငွေပေးဆောင်ကြရသည်။ ဤငွေပမာဏကို သူတို့ ပေးဆောင်နိုင်စွမ်းရှိသော်လည်း မိသားစုပိုင် ငွေငါးလျန်ကို ထုတ်ပေးရသည်ကပင် ရင်နာစရာကောင်းနေလေသည်။
"အဖွား၊ ဒီလိုလေး ပြန်စဉ်းစားကြည့်ပါဦး၊ သမီးတို့တွေ ရေမြောင်းဘေးက အသုံးမပြုဘဲ ပစ်ထားတဲ့ မြေကွက်အသေးလေးကို ဝယ်လိုက်မယ်၊ အဲဒီမှာ သိပ်မနက်တဲ့ ကြာကန်တစ်ခု တူးကြတာပေါ့၊ အနက်က တစ်ချီခွဲကျော်ကျော်လောက်ဆို ရပြီ၊ ပြီးရင် မြောင်းထဲကရေကို ကန်ထဲ စီးလာအောင် သမီးဘာသာ ဖြည်းဖြည်းချင်း လမ်းကြောင်းလွှဲပေးလို့ရတယ်၊ အဲလိုလုပ်ရင် မကောင်းဘူးလား၊ အဲဒီလိုဆိုရင် ဘယ်သူမှ ပြုတ်ကျမှာကို စိတ်ပူနေစရာမလိုတော့ဘူး၊ ပိုပြီး စိတ်ချရအောင် ကန်ဘေးမှာ ခြံစည်းရိုးအနိမ့်လေး ခတ်ထားပြီး စောင့်ကြည့်ဖို့ ခွေးလေးတစ်ကောင်လောက် ထားလိုက်ရင် ရလောက်မလားပဲ"
(တစ်ချီက မြန်မာအတိုင်းအတာနဲ့ဆို တစ်ပေကျော်ကျော်လေးပါ)
လီရှီက သူမကို စိုက်ကြည့်ရင်း ထပ်မေးလာပြန်သည်။
"နင် တကယ်ပဲ ကြာစွယ်စိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလား"
စုန့်တင်းရှန်းက သူမ၏ စီမံကိန်းကို တင်ပြရန် သူမ၏လက်ချောင်းလေးများကို တစ်ခုချင်း ချိုးကာ စေ့စေ့စပ်စပ် တွက်ချက်ပြနေသည်။
"အဖွား၊ သမီးတို့ မြေနှစ်မူလောက်ပဲ အရင်စိုက်ကြည့်ရအောင်၊ သမီးကို ယုံပါ၊ အဲဒီလောက် မြေနေရာဆိုရင် ကြာစွယ်တွေ အများကြီး ထွက်ဖို့အတွက် လုံလောက်နေပြီ၊ ပြီးတော့ အမြတ်ရနိုင်တာက ကြာစွယ်တင် မဟုတ်ဘူးနော်၊ ကြာစေ့တွေ၊ ကြာပွင့်တွေ၊ ကြာရွက်တွေကအစ အကုန်လုံးက ရောင်းလို့ရတဲ့ ပစ္စည်းတွေချည်းပဲ၊ အဖွား စဉ်းစားကြည့်၊ လတ်ဆတ်တဲ့ ကြာစွယ်တွေကို ဒီအတိုင်း ရောင်းလို့ရသလို၊ အရသာရှိတဲ့ ကြာစွယ်ချဉ်အဖြစ်လည်း ပြောင်းလို့ ရတယ်၊ ဒါမှမဟုတ် နည်းလမ်းမျိုးစုံမှာ အသုံးဝင်တဲ့ ကြာစွယ်မှုန့်အဖြစ်လည်း ကြိတ်လို့ ရတယ်၊ အဖွား၊ အလေအလွင့်ကတော့ လုံးဝ မရှိဘူးနော်၊ ပြီးတော့ တခြားသီးနှံတွေနဲ့ ယှဉ်ရင် ကြာစွယ်စိုက်ရတာက လုပ်အားနဲ့ ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးပဲ၊ အမှန်တော့ မြေတွေ ထပ်ဝယ်ပြီး ကြာကန်ကို ချဲ့လိုက်ရင် လယ်ထဲမှာ ပင်ပင်ပန်းပန်း လုပ်နေတာထက် အများကြီး ပိုပြီး အကျိုးအမြတ်များမယ်လို့ သမီး ပြောနိုင်တယ်"
လီရှီက ထိုကျိုးကြောင်းပြချက်ကို သဘောတူသော်လည်း နှောင့်ယှက်ဖျက်ဆီးမည့်သူများ ရှိလာမည်ကို စိုးရိမ်နေဆဲပင်။
စုန့်တင်းရှန်းက အပြုံးဖြင့် ထပ်ပြောနေသေးသည်။
"အဖွား မေ့နေပြီလား၊ သမီးတို့မှာ သန်မာတဲ့ ကျောထောက်နောက်ခံ ရှိပြီးသားလေ"
မြို့ပေါ်တွင် သူကြွယ်ကြီးဝမ်ကို ကြင်နာတတ်သည့်လူကောင်းတစ်ဦးဟု လူသိများသော်လည်း အမှန်တကယ်တွင် သူက အဆင့်မြင့်အရာရှိများနှင့် အဆက်အသွယ်ရှိသည့် တရားဝင်စီးပွားရေးသမားတစ်ဦးသာ ဖြစ်သည်။ သူ၏ အကူအညီ ရှိနေသရွေ့ အခြားသူများအနေဖြင့် သူမတို့အား ဒုက္ခပေးချင်လျှင်ပင် သူတို့၏ အရည်အချင်းကို အရင်ပြန်တွက်ဆရပေလိမ့်မည်။
လီရှီက မြေးဖြစ်သူ၏စကားကြောင့် အားရပါးရ အော်ရယ်လိုက်သည်။
"ဟား ဟား၊ နင်ကတော့လေ.... တကယ်ပါပဲ၊ ဝမ်သခင်ကြီးကို နင့်အတွက် မြေကွက်ပါ စောင့်ရှောက်ခိုင်းချင်နေတာလား"
“ဒါပေါ့၊ သိသာအောင်တော့ ဘယ်လုပ်မလဲ၊ သမီးတို့ မြို့ပေါ်မှာ မြေဝယ်မယ်၊ ပြီးရင် ဝမ်အိမ်တော်က အိမ်တော်ထိန်းဝမ်ကို ထမင်းဖိတ်ကျွေးပြီး မြေကွက်လေးဘာလေး လိုက်ပြဖို့ ခေါ်သွားကြမယ်လေ”
"နင့်မှာ လှည့်ကွက် အစုံအလင် ရှိနေပြီးသားကို"
စုန့်တင်းရှန်း၏ အကြံအစည်များက လီရှီကိုပင် အထင်ကြီးသွားစေခဲ့သည်။
"အားလုံးက နင် စီစဉ်ထားသလို ဖြစ်လာမယ်ဆိုရင်တောင် ကြာမျိုးစေ့တွေကို ဘယ်ကနေ ရမှာလဲ"
စုန့်တင်းရှန်း၏ ရယ်မောသံလေးကလည်း လေတိုက်၍ မြည်နေသော လေခေါင်းလောင်းသံလေးများကဲ့သို့ သာယာနေသည်။ သူမက ရယ်သံဖြင့် ပြန်ဖြေလိုက်သည်။
"ကြာမျိုးစေ့တွေ ရဖို့ဆိုတာ မခက်ခဲပါဘူး အဖွားရယ်၊ တောင်ဘက်ကို သွားလိုက်ရုံပဲ၊ အဲ့မှာ လမ်းတလျောက်လုံး ကြာတွေ စိုက်ထားကြတာ၊ သူတို့ဆီကနေ မျိုးစေ့တွေ ဝယ်ဖို့ လူတစ်ယောက်လောက် လွှတ်လိုက်ရင် ရနေပြီ၊ မျိုးစေ့တွေ မရောက်ခင် သမီးတို့က တွေ မြေပြင်တဲ့ အလုပ်ကို စထားလို့ ရတယ်၊ အစပိုင်း နည်းနည်းပဲ စိုက်မှာဆိုတော့ မြေမူတစ်ဝက်လောက်ဆိုရင် လုံလောက်ပြီ၊ စိုက်ပျိုးရာသီတစ်ခု ကုန်သွားမှ ကိုယ်ပိုင်မျိုးစေ့တွေကို ပြန်သုံးပြီး ထပ်စိုက်မယ်၊ နောက်ပိုင်း ရိတ်သိတ်မှုပေါ်မူတည်ပြီး တဖြည်းဖြည်း တိုး တိုးစိုက်သွားရုံပဲ”
ကျိုးကြောင်းဆီလျော်သော ထိုအစီအစဉ်ကို လီရှီက ချက်ချင်း သဘောတူလိုက်သည်။
"ဒါက ဖြစ်နိုင်မယ်လို့ အဖွား ထင်တယ်၊ ဒါပေမယ့် နင့်အဘိုးနဲ့ အဖေကိုတော့ မေးရဦးမယ်၊ မြေယာပြုပြင်တာနဲ့ စိုက်ပျိုးတာတွေအတွက်က နင့်အဘိုးပဲ ကျွမ်းကျင်တာ၊ ဘာပဲဖြစ်ဖြစ် သူက ဒီလိုကိစ္စတွေမှာ အတွေ့အကြုံ များနေပြီ"
စုန့်ရှင်းယိက သူ၏နောက်ဖေးခြံဝင်းအတွင်း၌ ဆေးရွက်ကြီးများ သီးသန့်စိုက်ပျိုးရန် မြေကွက်ငယ်နှစ်ကွက် သေသေချာချာ ပြုပြင်ထားခဲ့သည်။ မြောက်ပိုင်းဒေသ၏ နေရောင်ခြည်က စိတ်ရှည်သော အနုပညာရှင်ကိုပင် ဖန်တီးပေးနိုင်ပြီး ဆေးရွက်ကြီးများ တဖြည်းဖြည်းနှင့် ကြွပ်ရွသွားစေရန် စိတ်ရှည်လက်ရှည် အခြောက်ခံပေးရသည်။
သဘာဝတရားက ၎င်း၏အလုပ်ကို လက်စသတ်ပေးလိုက်သည်နှင့် နေပူလှန်းထားသော ထိုဆေးရွက်ကြီးများကို စက္ကူကဲ့သို့ ပါးလွှာသော အမျှင်လေးများဖြစ်အောင် ဂရုတစိုက် ဖြတ်တောက်ရပြန်သည်။ ထိုမှသာ သောက်ရန် အဆင်သင့်ဖြစ်သွားပေလိမ့်မည်။
စုန့်ရှင်းယိက သူကိုယ်တိုင် စိုက်ပျိုးထားသော ဆေးရွက်ကြီးကိုသာ အများဆုံး သောက်လေ့ရှိပြီး ထိုဆေးရွက်ကြီးစိုက်ပျိုးခြင်းက မြေဆီလွှာကုန်ခမ်းစေသည်။
ယခုနှစ်တွင် သူက ရှေ့ခြံဝင်းမှ မြေကွက်တစ်ကွက်ကို စတင်စိုက်ပျိုးပါက နောက်တနှစ်တွင် ၎င်းကို နောက်ဖေးခြံဝင်းသို့ ရွှေ့ပြောင်းရန် လိုအပ်သည်။ ဤကဲ့သို့ ခြံဝင်းအတွင်း မြေနေရာ လှည့်လည်စိုက်ပျိုးမှသာ ဆေးရွက်ကြီးများ၏ အရည်အသွေးကို ထိန်းသိမ်းထားနိုင်သည်။
"အဖိုး"
စုန့်တင်းရှန်းက နောက်ဖေးခြံဝင်းဆီသို့ လျှောက်လာခဲ့ပြီး သူမ၏ အဘိုးဖြစ်သူက ပေါက်ပြားအသေးလေးဖြင့် ဆေးရွက်ကြီးပင်များကြားမှ ပေါင်းမြက်များ ရှင်းလင်းနေသည်ကို သူမ တွေ့လိုက်ရသည်။
ဤမြေကွက်နှစ်ကွက်ကိုသာ သေချာဂရုစိုက်နိုင်လျှင် နောက်နှစ်အတွက် ဆေးရွက်ကြီးများ ပြတ်လပ်သွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ ဆေးရွက်ကြီးက ဈေးကောင်းရသဖြင့် အချို့ကို ရောင်းချ၍ ကြေးပြားအချို့လည်း ရှာဖွေနိုင်ပေလိမ့်မည်။
ထိုဆေးရွက်ကြီးများ ရောင်းရငွေကို သူ့ဇနီးအား ပေးစရာမလိုဘဲ သူကိုယ်တိုင် သိမ်းထားနိုင်ပြီး သူ၏ မြေးမြစ်များအတွက် သကြားလုံးဖိုးအဖြစ် ပြန်သုံးရသည်။
"အာ့နွီ၊ ဘာကိစ္စရှိလို့လဲ၊ အဖိုးကို လာရှာတာလား"
နေရောင်အောက်မှ အဖိုးအိုက သူ့မျက်လုံးများကို မှေးကျဥ်းကာ သူ့မြေးမလေးကို လှမ်းကြည့်နေရင်း ပြုံးပြုံးကြီး မေးလာခဲ့သည်။
"ဟီး ဟီး"
စုန့်တင်းရှန်းက ရယ်မောရင်း အဘိုးဖြစ်သူ၏အနားသို့ ချဉ်းကပ်သွားကာ သူ့လက်ထဲမှ ပေါက်ပြားလေးကို လှမ်းယူလိုက်သည်။
"အဖိုး၊ သမီး အဖိုးအတွက် ပေါင်းမြက်တွေ ရှင်းပေးမယ်နော်"
စုန့်ရှင်းယိက သူမ ပေါင်းမြက်ရှင်းနေသည်ကို ကြည့်နေပြီး လမ်းညွှန်မှုအချို့ ပေးနေခဲ့သည်။ မြေကွက်နှစ်ကွက်စလုံး ရှင်းလင်းပြီးမှ သူက ထပ်မေးလာသည်။
"ကဲ ပြောပါဦး၊ အဘိုးကို ဘာကိစ္စနဲ့ လာရှာတာတုန်းကွဲ့"
"အဖိုးကလည်း...."
စုန့်တင်းရှန်းတစ်ယောက် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေပြီး တုံ့ဆိုင်းနေမိသည်။
"သမီးက ဘာကိစ္စမှ မရှိရင် အဖိုးဆီကို လာလို့ မရဘူးလား"
စုန့်ရှင်းယိက ဆေးတံထဲသို့ ဆေးရွက်ကြီးများ ထည့်လိုက်ပြီး မီးခတ်ကျောက်ဖြင့် မီးညှိကာ အေးအေးလူလူ တစ်ချက်ဖွာလိုက်ပြီးမှ ပြန်ပြောလိုက်သည်။
"အဲ့လိုတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ပုံမှန်ဆိုရင် မင်းက ကိစ္စတစ်ခုခုမရှိဘဲ အဖိုးဆီကို လာလို့လား"
"အဖိုးနော်"
စုန့်တင်းရှန်းက ရှက်ရှက်ဖြင့် ခြေဆောင့်လိုက်သည်။
"ထားလိုက်တော့၊ သမီး မပြောတော့ဘူး၊ အခု သမီး စိတ်ကောက်သွားပြီ"
ပြောပြောဆိုဆိုနှင့် သူမ ထွက်သွားတော့မည့်ဟန်ဖြင့် ပြန်လှည့်လိုက်သည်။
စုန့်ရှင်းယိက ခဏတာမျှ ရယ်မောနေပြီးမှ သူမနောက်သို့ လိုက်လာကာ ချော့မော့နေသည်။
"အိုက်ယား၊ ငါတို့ အာ့နွီက အဖိုးကိုတောင် စိတ်ကောက်တတ်နေပြီပေါ့လေ၊ ကဲပါ၊ ကဲပါ၊ ဒီအဖိုးက မှားတာပါ၊ အဖိုးက အဲဒီလို မပြောသင့်ဘူး၊ ဒါနဲ့ မင်း အဖိုးနဲ့ တိုင်ပင်ချင်တာ တစ်ခုခု ရှိနေလို့လား"
စုန့်တင်းရှန်းက သူမ၏ ခြေလှမ်းကျဉ်းကျဉ်းလေးများကို ရပ်တန့်လိုက်ပြီး စုန့်ရှင်းယိကို တောက်ပသော မျက်ဝန်းများဖြင့် ပြန်ကြည့်လိုက်သည်။
"အဖိုး၊ သမီး ကြာစွယ်တွေ စိုက်ဖို့ မြေကွက်တစ်ကွက် ပြုပြင်ချင်တယ်"
သူမက လီရှီနှင့်အတူ စေ့စပ်သေချာစွာ ချမှတ်ထားသော စီမံကိန်းကို စုန့်ရှင်းယိအား အချက်ကျကျ ရှင်းပြလိုက်သည်။ စုန့်ရှင်းယိက စဉ်းစားနေဟန်ဖြင့် သူ၏ဆေးတံကို ခပ်ပြင်းပြင်းတစ်ချက် ဖွာလိုက်သေးသည်။ မီးခိုးလုံးများက အပေါ်သို့ လိပ်တက်သွားပြီး ခဏအကြာတွင် သူ၏မျက်ဝန်းများက သဘောကျသွားဟန်ဖြင့် တောက်ပလာသည်။
"ဒါက တကယ့်ကို ပါးနပ်တဲ့ အစီအစဉ်ပဲ"
သူက လေးလေးနက်နက် ချီးကျူးလိုက်သည်။
"တကယ်တော့ အဖိုး ကုန်သည်ဘဝနဲ့ ခရီးတွေ အများကြီး သွားခဲ့ဖူးတယ်၊ အဲ့တုန်းက တောင်ပိုင်းဒေသက လယ်သမားတွေ ကြာစွယ်စိုက်တာကို တွေ့ဖူးတယ်၊ သူတို့က ကြာကန်ထဲမှာ ငါးတွေပါ ရောပြီး မွေးကြတယ်၊ ပြီးတော့ ဒီလို ရေနေအပင်တွေက တစ်ခါစိုက်ထားပြီးရင် နှစ်တိုင်း ဂရုစိုက်ပေးရတာမျိုးလည်း မရှိဘူး၊ ကောင်းပြီလေ၊ မင်း ကြာစွယ် စိုက်ချင်တယ်ဆိုရင် အဖိုး လုပ်ပေးမှာပေါ့၊ ဟိုဘက်က ရေမြောင်းဘေး ဆိုရင်ရော ဘယ်လိုလဲ၊ အဲဒီမှာ သင့်တော်တဲ့ နေရာ ရှိ မရှိ အဖိုး သွားကြည့်ပေးမယ်"
"ဟေးး၊ အဖိုးက တကယ့်ကို အကောင်းဆုံးပဲ"
စုန့်တင်းရှန်းတစ်ယောက် ဝမ်းသာအားရ အော်ဟစ်နေခဲ့သည်။
စုန့်ရှင်းယိကတော့ ပြုံးနေတဲပင်။
"ဒါက အကြံကောင်းလေ၊ အဖိုးတို့ ကြာစွယ်တွေ စိုက်ပြီး မရောင်းရရင်တောင် အနည်းဆုံးတော့ အိမ်မှာ လတ်ဆတ်တဲ့ စားစရာတစ်မျိုး ရှိလာနိုင်တယ်၊ ကုန်ကျစရိတ်လည်း မများဘူး၊ မြေကွက်လေးတစ်ခု ပြုပြင်လိုက်ရုံပဲ မဟုတ်လား၊ ကဲ... လာ လာ၊ အခုပဲ သွားကြမယ်၊ အာ့နွီ အဖိုးနဲ့အတူ လိုက်ခဲ့"
ရေကန်လေးဟု ခေါ်သော်လည်း အမှန်တကယ်တွင် နိမ့်ဆင်းနေသော မြေကွက်ကြီးတစ်ခုဖြစ်ပြီး ခုနစ်မူ သို့မဟုတ် ရှစ်မူခန့်အထိ ကျယ်ဝန်းသည်။ ရေကန်ဘေးတွင် ကျူပင်များနှင့် ရေနေပင်များ ပေါက်ရောက်နေပြီး နွားများက ၎င်းတို့ကို နှစ်သက်သဖြင့် လူများက နွားစာအတွက် ထိုအပင်များကို မကြာခဏ လာရောက် ရိတ်သိမ်းလေ့ရှိကြသည်။
ထို့အပြင် ကျူရွက်များကို ကောက်ညှင်းထုတ် ထုပ်ရန် အသုံးပြုနိုင်သေးသည်။ ကျူရွက်များဖြင့် ထုတ်သော ကောက်ညှင်းထုတ်က ပုံမှန် ကောက်ညှင်းထုတ်များလောက် မကြီးမားသော်လည်း ၎င်းတို့တွင် သီးခြားမွှေးရနံ့ ရှိပြီး ပိုစားကောင်းစေသည်။
ယခုအချိန်တွင် အခြားအလုပ်ကိစ္စ မရှိကြသော သက်ကြီးရွယ်အိုအချို့က ရေကန်ဘေး၌ စုဝေးနေကြပြီး ထိုင်ခုံပုလေးများချကာ ငါးဖမ်းနေကြသည်။ သူတို့က စုန့်ရှင်းယိကို မြင်သွားပြီး နွေးနွေးထွေးထွေး နှုတ်ဆက်လာကြသည်။
"ဟေ့၊ စုန့်လောင်စစ်၊ မင်းရဲ့မြေးမလေးကို ငါးဖမ်းဖို့ ခေါ်လာတာလား"
မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြသည့်အတွက် လူအတော်များများက သူ့ကို လှမ်းနှုတ်ဆက်နေကြသည်။
စုန့်ရှင်းယိက တဟားဟား ရယ်မောရင်း ပြန်ဖြေနေသည်။
"ဒီမှာ ဘာငါးမိမှာမို့လို့လဲ၊ မင်းတို့တွေက သားသမီးတွေ အဆင်ပြေနေလို့ အချိန်ဖြုန်းနိုင်ကြတာပါကွာ၊ ငါကတော့ ဒီအတိုင်း လေညင်းခံ ထွက်လာတာပါ၊ ငါ့မြေးမလေးကလည်း လိုက်ချင်တယ်ဆိုတာနဲ့ ခေါ်လာခဲ့တာ"
စုန့်တင်းရှန်းကလည်း ရွာအတွင်း၌ စကားပြောစရာ ခေါင်းစဉ်တစ်ခု ဖြစ်ခဲ့ဖူးသည်။ အကယ်၍ ဤခေတ်ကာလ၌ လူမှုကွန်ရက်များသာ ရှိခဲ့လျှင် ယခုလက်ရှိ ရေပန်းအစားဆုံး သတင်းက ဆည်မြောင်းလုပ်အားပေးကိစ္စ ဖြစ်မည်မှာ သေချာနေသော်လည်း စုန့်တင်းရှန်း၏အကြောင်းကတော့ ရေပန်းအစားဆုံး ခေါင်းစဉ် ငါးခုအတွင်း၌ ပါဝင်နေပေလိမ့်မည်။
ရွာအတွင်းရှိ လူအိုကြီးတော်တော်များများက စုန့်တင်းရှန်းကို သနားစရာကောင်းသည်ဟု ထင်မြင်နေကြသည်။
‘ဒီလောက်ကောင်းမွန်တဲ့ မိန်းကလေးက တစ်ဦးတစ်ယောက်ရဲ့ စွန့်ပစ်ခြင်းကို ရင်ဆိုင်ခဲ့ရတယ်။ နောက်တော့ ကျိုးထျဲကျူးနဲ့ လက်ထပ်ဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရပြန်တယ်’
‘သူမရဲ့ ပျော်ရွှင်စရာ နေ့ရက်တွေ ပြန်ရောက်လာခဲ့ပေမယ့် သိပ်မကြာမီခင် ကျိုးထျဲကျူးက စစ်ထဲကို လိုက်သွားရပြန်တယ်။ အခု သူမက မုဆိုးမ ဖြစ်နေတာနဲ့ ဘာများကွာခြားနေလို့လဲ’
သို့သော်လည်း အမျိုးသမီးများကတော့ ထိုသို့ မမြင်နိုင်ကြပေ။ စုန့်တင်းရှန်းက အိမ်ထောင်ကျပြီးသည့်တိုင် သူမ၏အပျိုဘဝကအတိုင်း မိဘအိမ်၌ ကောင်းမွန်စွာ နေထိုင်နိုင်သေးသည်။
ထို့ပြင် သူမ၏ ခင်ပွန်းကလည်း စစ်တပ်အတွင်းမှ ငွေရှာပေးနေပြီး လုပ်ကျွေးပြုစုရမည့် ယောက္ခမများလည်း မရှိပေ။ သူမ၏ဘဝက အခြားအမျိုးသမီးများထက် အများကြီး ပို၍ သက်သောင့်သက်သာ ရှိသည်ဟု ထင်နေကြသည်။
နောက်ဆုံး ကျိုးထျဲကျူး ပြန်လာသည်ဖြစ်စေ၊ အပြင်၌ သေဆုံးသွားသည်ဖြစ်စေ သူမအတွက် အခြေတကျရှိနေသော အိမ်တစ်လုံးလည်း ရှိနေသေးသည်။ ထို့ကြောင့် သူမ အလွယ်တကူ နောက်အိမ်ထောင်ပြုနိုင်ပေလိမ့်မည်။ ၎င်းက အမှန်တကယ် လူတကာ အားကျ၊ မနာလိုဖြစ်ပြီး မုန်းတီးချင်စရာ ကောင်းသော အခြေအနေမျိုး ဖြစ်နေခဲ့သည်။