ကြာစွယ်စိုက်ပျိုးခြင်း (အပိုင်း ၂)
Vol. 5 Ch. 49
စုန့်တင်းရှန်းက လူတိုင်းကို နှုတ်ဆက်စကားများ ပြန်ပြောနေပြီး ဦးလေး၊ အဘိုးစသည်ဖြင့် အရွယ်အလိုက် ခေါ်ကာ တရိုတသေ ဂါရဝပြုလိုက်သည်။ ထို့နောက် သူမက ရှက်တတ်ပြီး လူကြောက်တတ်သော မိန်းမငယ်လေးတစ်ဦးကဲ့သို့ ခေါင်းငုံ့ကာ တိတ်တဆိတ် ရပ်နေလိုက်သည်။
ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် စုန့်ရှင်းယိက စုန့်တင်းရှန်းကို အခြားတစ်နေရာသို့ ခေါ်ဆောင်သွားပြီး လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ နောက်ဆုံးမှသာ သူက စကားစပြောလာသည်။
"အဖိုးတော့ နေရာကောင်းတစ်ခု ရှာတွေ့သွားပြီ၊ အဖိုးတို့အိမ်က ဟင်းသီးဟင်းရွက် စိုက်ခင်းနဲ့လည်း သိပ်မဝေးသလို ရေလမ်းကြောင်းလွှဲဖို့အတွက်လည်း မြေအနေအထား ကောင်းတယ်၊ အားနည်းချက် တစ်ခုကတော့ အဲဒီမြေကွက်ကို ဝယ်လိုက်ရင် မင်းတို့ တတိယအဖိုးရဲ့ မြေကွက်နဲ့ ကပ်လျက်ဖြစ်သွားနိုင်တယ်"
ကပ်လျက်ဟု ဆိုသော်လည်း အမှန်တကယ်တွင် သုံးကျန်း(ပေသုံးဆယ်)ခန့် ကွာဝေးပြီး ကြားထဲတွင် လူသွားလမ်းအဖြစ်အသုံးပြုသည့် မြေနီလမ်းလေးတစ်ခုလည်း ရှိနေသေးသည်။
လွန်ခဲ့သော နှစ်များစွာကဆိုလျှင် စုန့်ရှင်းယိအနေဖြင့် သူ့တတိယအစ်ကို၏ မြေဘေး၌ မြေဝယ်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။ သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တတိယအစ်ကို၏ အိမ်ထောင်စုအပေါ် အပြစ်တင်စရာအချို့ ရှိနေခဲ့ပြီး စုန့်တင်းရှန်းအနေဖြင့် သူတို့နှင့် အဆင်မပြေဖြစ်မည်ကို စိုးရိမ်ကာ တုံ့ဆိုင်းနေခဲ့ခြင်းပင်။
စုန့်တင်းရှန်းက ထိုမြေကွက်ကို လှမ်းအကဲခတ်လိုက်ပြီးမှ တွေးတွေးဆဆ ပြန်ပြောလိုက်သည်။
"တကယ်တော့ အဲ့ဒါက အရေးကြီးတဲ့ကိစ္စ မဟုတ်ပါဘူး၊ အရမ်းကြီး ကပ်နေတာမှ မဟုတ်တာ၊ သမီးတို့တွေ ဒီမြေနေရာတစ်ဝိုက်ကို ခိုင်ခံ့တဲ့ ခြံစည်းရိုးတောင့်တောင့်တစ်ခု ခတ်လိုက်ရင် အဆင်ပြေသွားမှာပါ"
ထိုမြေရိုင်းက ငါးမူ သို့မဟုတ် ခြောက်မူခန့် ကျယ်ဝန်းပြီး တန်ဖိုးလည်း သိပ်မရှိသောကြောင့် စုန့်ရှင်းယိက ဝယ်ထားသင့်သည်ဟု တွေးနေခဲ့သည်။
‘တကယ်လို့ ကြာစွယ် စိုက်ပျိုးတာကနေ အကျိုးအမြတ် ရလာတာကို မြင်သွားတာနဲ့ နောက်နှစ်မှာ တခြားလူတွေက မြေယာ ရှင်းလင်ပြီး လိုက်စိုက်ပျိုးကြလိမ့်မယ်၊ အဲ့အချိန်ဆို သူတို့ ဒီမြေကို ဝယ်နိုင်တော့မှာ မဟုတ်ဘူး။ တခြားသူတွေ မဝယ်ခင် ကြိုဝယ်ထားလိုက်သင့်လား...’
စုန့်တင်းရှန်းက ခဏလောက် စဉ်းစားနေပြီးမှ ပတ်ပတ်လည်ကို လှမ်းကြည့်နေပြန်သည်။ ထို့နောက် သူမက ခပ်လှမ်းလှမ်းနေရာမှ လမ်းမကြီးကို ညွှန်ပြရင်း သူမ၏အတွေးကို ပြောနေပြန်သည်။
"ဒီနေရာက လမ်းမကြီးနဲ့ အရမ်းနီးတယ်၊ တကယ်လို့ သမီးတို့ ကြာစွယ်တွေ စိုက်မယ်ဆိုရင် ကန်ရဲ့ ဘေးပတ်လည်လည်မှာ မက်မွန်ပင်နဲ့ သစ်တော်ပင်တွေပါ ပြောင်းစိုက်ကြမယ်၊ ပြီးတော့ နားနေဆောင်လေး တစ်ခုပါ ဆောက်လိုက်မယ်ဆိုရင် ခရီးသွားတွေကို လာအနားယူဖို့ ဆွဲဆောင်နိုင်လိမ့်မယ်၊ နွေရာသီရောက်ရင်တော့ ဝင်ငွေလေးနည်းနည်း ရှာဖို့ ဒီမှာ လက်ဖက်ရည်ဆိုင်လေး ဖွင့်ကြတာပေါ့"
စုန့်တင်းရှန်း၏အတွေးကို စိတ်ဝင်စားသွားသည့် စုန့်ရှင်းယိက ထိုနေရာတစ်ဝိုက်သို့ အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်ရှုနေပြီး အကြံထပ်ပေးလာပြန်သည်။
"ဒါဆိုလည်း နောက်ထပ် မြေကွက်နှစ်ကွက်လောက် ထပ်ဝယ်ကြမယ်၊ တစ်ကွက်က အိမ်ဆောက်ဖို့ပေါ့၊ ကျူးဇီ ပြန်လာတဲ့အခါ နင်တို့ ဒီနေရာမှာ အိမ်ဆောက်ကြပေါ့၊ နင့်ရဲ့ မောင်လေးတွေ အရွယ်ရောက်လာရင် အိမ်ဆောက်နိုင်ဖို့ နောက်ထပ် မြေတချို့လည်း ထပ်ဝယ်ထားလိုက်မယ်၊ နောင်ကျရင်တော့ ဒီနေရာလေးက စည်ကားလာတော့မှာပဲ၊ အဖိုးတောင်မှ ဒီနေရာကို တော်တော် သဘောကျလာပြီ"
"ဟုတ်တယ်နော်၊ တော်တော်လေး အဆင်ပြေတယ်၊ ဒါဆိုရင် ဒီနေရာကိုပဲ အတည်ပြုလိုက်ကြမလား"
စုန့်တင်းရှန်းကလည်း အဖိုးဖြစ်သူ၏အတွေးကို ထောက်ခံလိုက်သည်။
ဤနေရာက ရွာနှင့်လည်း အလှမ်းမဝေးသလို သူမ၏ မောင်လေးနှစ်ယောက်ကလည်း ကြီးပြင်းလာကြပြီ ဖြစ်သည်။ အကြီးဆုံးက ယခုနှစ်တွင် ဆယ်သုံးနှစ်ရှိနေပြီဖြစ်ကာ နောက်တစ်ယောက်က ဆယ်နှစ် ရှိနေပြီဖြစ်သည်။ နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် အကြီးဆုံးမောင်လေးက အိမ်ထောင်ပြုရတော့မည် ဖြစ်သည်။
အကြီးဆုံးမောင်လေး အိမ်ထောင်ကျသွားလျှင် ခြံဝင်းအတွင်း၌ လူပိုများလာပြီး ပြည့်ကျပ်သွားနိုင်သည်။ လူကြီးများ ထိုနေရာ၌ ဆက်လက်နေထိုင်ရန် အဆင်ပြေသော်လည်း လူငယ်မျိုးဆက်များကတော့ နောက်ဆုံးတွင် အိမ်ခွဲထွက်ကြရမည် ဖြစ်သည်။
မြေးအဘိုးနှစ်ယောက် ထိုနေရာ၌ ဆွေးနွေးကာ ဆုံးဖြတ်ချက် ချလိုက်ကြသည်။ ထို့နောက် မိသားစုဝင်များအား အသိပေးရန် အိမ်သို့ ပြန်လာခဲ့ကြသည်။ ဦးလေးအကြီးဆုံး၏ မိသားစုဝင်များထဲ၌ ကန့်ကွက်မည့်သူ မရှိပေ။ သူတို့ ပျင်းရိခြင်းမရှိဘဲ အလုပ်ကြိုးစားကာ ပြဿနာမရှာသရွေ့ သူတို့ ငွေရှာနိုင်မည်ကို နားလည်ထားကြပြီး ဖြစ်သည်။
သူတို့ထံတွင် ကိုယ်ခန္ဓာခွန်အားက အခြားအရာအားလုံးထက် ပေါများနေသောကြောင့် ထိုခွန်အားကို ငွေအဖြစ် ပြောင်းလဲနိုင်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
"အဲဒီ မြေရိုင်းနှစ်ကွက်က သေးသေးလေး မဟုတ်ဘူးနော်"
လီရှီက တွက်တွက်ဆဆ ပြောလာခဲ့သည်။
"မူနှစ်ဆယ်လောက်တော့ ရှိနိုင်တယ်မလား၊ မြေရိုင်းတွေကို ရှင်းဖို့ကလည်း တော်တော်အလုပ်ရှုပ်တဲ့ကိစ္စနော်၊ တကယ်လို့ မြေတွေကို ဝယ်ထားပြီး ဘာမှမလုပ်ဘဲ ပစ်ထားမယ်ဆိုရင် ရုံးတော်က ပြန်သိမ်းသွားနိုင်တယ်"
စုန့်ရှင်းယိက အလွယ်တကူ ပြန်ရှင်းပြလိုက်သည်။
"အဲ့အတွက် ဘာမှ စိုးရိမ်နေစရာ မလိုဘူး၊ အချိန်တန်ရင် တစ်ကွက်ကို အိမ်ခြံဝန်းအဖြစ် ပြောင်းသတ်မှတ်လိုက်မယ်၊ ရေမြောင်းနဲ့ အနီးဆုံးနေရာကို ရေကန်တူးပြီး ကြာစွယ်တွေ စိုက်ကြမယ်၊ ကျန်နေတဲ့ နေရာတွေကိုတော့ ပန်းဂျုံတွေ စိုက်ကြတာပေါ့၊ ဘာပဲဖြစ်ဖြစ် ပထမသုံးနှစ်မှာ အခွန်ပေးစရာ မလိုဘူးလေ၊ ပန်းဂျုံက အထွက်နှုန်း သိပ်မကောင်းပေမယ့် မြေပြင်ဖို့ မလိုဘူး"
အကြီးဆုံးဦးလေးဖြစ်သည့် စုန့်ကျစ်ချန်းကလည်း ဝင်ပြောလာခဲ့သည်။
"အခု နွေဦးအတွက် စိုက်ပျိုးတာလည်း ပြီးပြီဆိုတော့ လောလောဆယ် အရေးကြီးတဲ့ အလုပ် မရှိသေးဘူးလေ၊ ကျွန်တော်တို့အိမ်မှာ ပိုလျှံနေတာက လုပ်အားပဲ၊ မြေရိုင်းတွေကို ရှင်းလင်းဖို့က သိပ်တော့ ဒုက္ခမများလောက်ပါဘူး၊ ဒါပေမယ့် ကြာကန်တူးလိုက်ရင် ထွက်လာတဲ့ မြေကြီးတွေကို ဘယ်မှာ သွားထားရမှာလဲ"
စုန့်ရှင်းယိက ခပ်မာမာ ပြန်ဖြေလိုက်သည်။
"မင်းက ဘယ်လိုလုပ်ပြီး အလေအလွင့်ဖြစ်အောင် သွားပစ်ချင်နေရတာတုန်း၊ ပန်းရန်ဆရာတွေဆီက အလုပ်သင်တပည့်နှစ်ယောက်လောက် ငှားပြီး ထွက်လာတဲ့ မြေကြီးနဲ့ အုတ်ဖုတ်ခိုင်းလို့ ရတယ်လေကွာ၊ ပြီးရင် ဝက်ခြံဘေးမှာ အခန်းနည်းနည်း ထပ်ဆောက်ကြတာပေါ့၊ မင်းတို့ရဲ့ ကလေးတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ကြီးပြင်းလာကြပြီ၊ နောင်ကျရင် သူတို့အတွက် နေစရာနေရာ လိုလာမှာလေ"
စုန့်ကျစ်ယွမ်က ထောက်ခံလိုက်သည်။
"ကျွန်တော်လည်း သဘောတူတယ်၊ နွေရာသီဆိုရင် ဝက်ပေါ်ဖို့အတွက် နေရာမရှိဘူး ဖြစ်နေတာ၊ ကျွန်တော်လည်း မြို့ပေါ်မှာ အလုပ်သွားရှာတာ ခဏရပ်ထားပြီး အိမ်ကအလုပ်တွေကိုပဲ အရင် အာရုံစိုက်ပေးမယ်၊ ဆိုင်ခန်းကိစ္စကတော့ စိတ်ပျက်စရာပဲ၊ လတော်တော်ကြာအောင် ဒီအတိုင်းထားရတော့ ဝင်ငွေတွေ ဆုံးရှုံးနေရပြီ"
စုန့်တင်းရှန်းက အကြံပြုလိုက်ပြန်သည်။
"သမီးတို့ ဘာလို့ အဲဒီဆိုင်ခန်းကို အသုံးမချရမှာလဲ၊ အဲဒီမှာ ကုန်ပစ္စည်းတချို့ ရောင်းလို့ရတယ်လေ၊ အခုဆိုရင် ဝက်သားဆိုင် ပိတ်ထားရတော့ တခြားလူတွေအနေနဲ့ အသီးအရွက်ချဉ်နဲ့ ပဲငံပြာရည် လိုချင်ရင် အိမ်အထိလာဝယ်ရတာက သိပ်ပြီး အဆင်မပြေလှဘူး"
"အကြံကတော့ ကောင်းသားပဲ၊ ဒါပေမယ့် ဆိုင်ကို ဘယ်သူ ကြည့်ပေးမှာလဲ"
စုန့်ကျစ်ယွမ်က စဉ်းစားမရဟန်ဖြင့် ပြန်မေးလိုက်သည်။
ထိုဆိုင်ခန်းက အိမ်ထောင်ကျပြီးသား သမီးဖြစ်သူ၏ ပိုင်ဆိုင်မှုဖြစ်နေသဖြင့် အကြီးဆုံးဦးလေး၏မိသားစုက ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် ဝန်လေးနေကြသည်။ သူတို့က နားလည်မှုလွဲမှားစေမည့် စကားမျိုးကိုလည်း မပြောချင်ကြပေ။
စုန့်တင်းရှန်းက ဖန့်ရှီကို လှမ်းကြည့်လိုက်ရာ သူမက သူမ၏သားငယ်လေးကို မချီလိုက်ပြီး ချက်ချင်း မျက်နှာလွှဲကာ ငြင်းဆန်လိုက်သည်။
"ငါ့ကို လာမကြည့်နဲ့၊ ငါ ဆိုင်သွားမထိုင်နိုင်ဘူး၊ နင်ရဲ့မောင်လေးကိုလည်း စောင့်ရှောက်ရဦးမှာ"
စုန့်ကျစ်ယွမ်က ခဏမျှ စဉ်းစားပြီးနောက် ဖန့်ရှီကို အကြံတောင်းလိုက်သည်။
"ဟူထိုကို ဆိုင်စောင့်ခိုင်းရင်ရော ဘယ်လိုလဲ၊ သူလည်း အခု ဆယ့်သုံးနှစ်ရှိနေပြီ၊ ပြီးတော့ သူ စာဆက်မသင်ချင်တော့ဘူးလို့လည်း ပြောထားတယ်လေ၊ သူ စာဆက်သင်နေရင်လည်း ပညာရှိတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး၊ အဲဒီတော့ သူ့ကို ဆိုင်တစ်ဆိုင် စီမံခိုင်းလိုက်တာ မကောင်းဘူးလား"
ဟူထိုက စာသင်သားဘဝကို နှစ်အနည်းငယ် ဖြတ်သန်းခဲ့ပြီး စာလုံးအတော်များများကို သိနေသော်လည်း အရေးအသားပိုင်းတွင် အခက်အခဲ ရှိနေသူဖြစ်သည်။ ပညာရှိစာမေးပွဲ အောင်မြင်ရန်က အရေးအသားစွမ်းရည် ကောင်းမွန်ရန် လိုအပ်နေပြီး သူ့လက်ရေးက သူ့၏ဆယ်နှစ်အရွယ် ညီဖြစ်သူ ဟူဇီ၏ လက်ရေးထက် ပိုနိမ့်ကျနေလေသည်။
စုန့်တင်းရှန်းက အပြုံးဖြင့် ဝင်ပြောလိုက်သည်။
"သမီး သဘောတူတယ်၊ ဒါက သမီးတို့အတွက် ဆုံးရှုံးစရာ သိပ်မရှိဘူးဆိုတော့ သူ့ကို အတွေ့အကြုံ ယူခိုင်းလိုက်တာပေါ့၊ သူ့ကို လစာပေးမယ်၊ အလုပ်ကောင်းကောင်း လုပ်နိုင်ရင်တော့ ဆုကြေးပါ ထပ်ပေးလိုက်ကြတာပေါ့"
အကြီးဆုံးဦးလေး၏ ချွေးမဖြစ်သူ ကျောက်တိက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် သူမ၏ခင်ပွန်းကို ကြည့်ကာ တိတ်ဆိတ်သွားသည်။
စုန့်တင်းရှန်းက ထိုအခြေအနေအားလုံးကို စောင့်ကြည့်နေခဲ့ပြီး ထပ်ပြောလိုက်ပြန်သည်။
"ဟူထိုတစ်ယောက်တည်းနဲ့တော့ အားလုံးကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး၊ ဟူဇီကလည်း စာပေပိုင်းမှာ ထူးချွန်နေတော့ သူ့ကို စာပဲ ဆက်လေ့လာခိုင်းသင့်တယ်၊ ဝမ်းကွဲအကြီးဆုံးရဲ့မိသားစု ထုတန်ကလည်း အခုဆို ကိုးနှစ် ရှိနေပြီ၊ သူ ပင်ပန်းမှာ မကြောက်လို့ သွားချင်တယ်ဆိုရင် သူ ဟူထိုနောက်ကို လိုက်ပြီး ကူညီပေးလို့ ရတယ်"
"ဒုတိယအဒေါ်၊ ကျွန်တော်က အလုပ်ပင်ပန်းမှာကို မကြောက်ပါဘူး"
ထုတန်က သူ့ရင်ဘက်လေးကို ခပ်ဖွဖွပုတ်ရင်း ခိုင်ခိုင်မာမာ အာမခံနေသည်။
"ကျွန်တော် လုပ်နိုင်တယ်၊ ပြီးတော့ ကျွန်တော် စာလည်း ဖတ်တတ်ပါတယ်ဗျ”
သူလည်း တစ်နှစ်ခန့် စာသင်ကြားဖူးသူ ဖြစ်သည်။ သူ့၏ပညာသင်စရိတ်ကို မိသားစု၏စုပေါင်းဝင်ငွေထဲမှ ပေးခဲ့သော်လည်း သူက ပညာရေးပိုင်းတွင် ပါရမီမပါခဲ့ပေ။ သူကိုယ်တိုင် စာဆက် မသင်ချင်သောကြောင့် တစ်နှစ်သာ စာသင်ပြီး ဆက်မသင်တော့ပေ။ ယခု အိမ်၌ ကြုံရာကျပန်းအလုပ်များ လုပ်ကာ ကူညီပေးနေခဲ့သည်။
စုန့်တင်းရှန်းက ဆုံးဖြတ်ချက်ချပေးလိုက်သည်။
"ဒါဆိုရင် ထုတန်လည်း လိုက်သွားပေါ့၊ ဟိုရောက်ရင်တော့ ဦးလေးရဲ့ စကားကို သေသေချာချာ နားထောင်ရမယ်နော်၊ နားလည်လား"
စုန့်ကျစ်ယွမ်က အစီအစဥ်စဆွဲနေသည်။
"ဒါဆိုရင်တော့ ငါ မနက်ဖြန် ဆိုင် သွားရှင်းလိုက်မယ်၊ ပြီးရင် ဟူထိုကို ပြန်ခေါ်လာခဲ့မယ်၊ အရင်ဆုံး ရောင်းလို့ရမယ့် ပစ္စည်းတွေကိုလည်း ကြိုစုဆောင်းထားရမယ်"
ဆိုင်ကိစ္စ အစီအစဉ်တကျ ဖြစ်သွားသောကြောင့် စုန့်ကျစ်ယွမ်လည်း စိတ်အေးသွားပြီး သူ့မျက်နှာက ပို၍ ကြည်လင်လာသည်။
နောက်ဆုံးတွင် စုန့်ရှင်းယိက စကားဝိုင်းကို အဆုံးသတ်လိုက်သည်။
"နေလည်ကျရင် ငါ ရွာသူကြီးဆီသွားပြီး မြေဝယ်မယ့်ကိစ္စ ဆွေးနွေးလိုက်တော့မယ်၊ ပြီးရင် ကြာမျိုးစေ့တွေ ပို့ပေးဖို့ အရင်က သိကျွမ်းခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ဆီ စာရေးလိုက်မယ်၊ ငါတို့မိသားစုဘက်ကတော့ မြေရိုင်းတွေ စပြီး ရှင်းထားကြမယ်၊ သိပ်ပြီး တွေးနေဖို့ မလိုဘူး၊ ကြာကန်တူးဖို့ပဲ အရင် အာရုံစိုက်ကြ၊ အိမ်မှာ ကျန်ခဲ့တဲ့သူတွေကတော့ ကောက်ရိုးတွေ၊ သစ်ကိုင်းတွေ ကြိုစုပြီး ကြာကန်ဘေးမှာ ခြံစည်းရိုးခတ်ဖို့ ပြင်ထားလို့ ရတယ်"
နေ့လည်စာ စားပြီးနောက် စုန့်ရှင်းယိက ရွာသူကြီးအိမ်သို့ အပြေးအလွှား ထွက်သွားခဲ့သည်။ မကြာမီမှာပင် သူက ရွာသူကြီးနှင့်အတူ မြို့သို့သွားကာ မြေတိုင်းစာရေးတစ်ဦး ခေါ်လာခဲ့ပြီး မြေရိုင်းများကို တိုင်းတာကြတော့သည်။
"စုန့်လောင်စစ်... မင်းက ဘာလို့ မြေတွေ ထပ်ပြီး တိုးချဲ့နေပြန်တာလဲ၊ ဒီလောက်များတဲ့ မြေတွေကို မင်းတို့ စိုက်ပျိုးနိုင်မှာမလို့လား"
စုန့်ရှင်းယိ မြေရိုင်းများ ထပ်မံ ရှင်းလင်းရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသည့် ရွာသားများက စပ်စုကြပြန်သည်။
ငွေရှိလျှင် လူတိုင်းက တိုက်ရိုက်စိုက်ပျိုးနိုင်သည့် မြေကောင်းများကိုသာ ဝယ်ယူချင်ကြသည်။ မြေရိုင်းများအတွက် ပထမသုံးနှစ်အတွင်း အခွန်ကင်းလွတ်ခွင့် ရှိသည်ဆိုသော်လည်း သုံးနှစ်ကျော်လာပြီး သီးနှံကောင်းကောင်းမထွက်လျှင်ပင် အခွန်ကိုတော့ အပြည့်အဝ ပေးဆောင်ရမည် ဖြစ်သည်။
အကယ်၍ ထိုမြေကို အခြားသူထံ ပြန်လည်ရောင်းချချင်ပါကလည်း အနိမ့်ဆုံးဈေးဖြင့်သာ ရောင်းချနိုင်ပေလိမ့်မည်။ ထိုကြောင့် ငွေမရသည့်အပြင် အချိန်နှင့် လုပ်အားပါ အလဟဿ ဖြစ်သွားလေ့ရှိသည်။
စုန့်ရှင်းယိက ရယ်မောရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေရှင်းနေခဲ့သည်။
"အော်... ငါလည်း ဘာမှ လုပ်စရာမရှိတော့ ပျင်းနေလို့ပါ၊ ဒီမြေကွက်ကို ဝယ်တာက ငါ့မြေးမလေး နေဖို့ အိမ်ဆောက်ပေးချင်လို့ပါကွ၊ ကျူးဇီ ထွက်သွားတာလည်း နှစ်နှစ်ရှိပြီဆိုတော့ နောက်ထပ် နှစ်နှစ်လောက်ဆိုရင် သူ ပြန်လာတော့မှာလေကွာ"
စစ်မှုကာလတွင် သတ်မှတ်ချက်ရှိပြီး ပုံမှန်အားဖြင့် သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်တတ်သည်။ ပြန်စရာ အိမ်မရှိသည့် မိသားစု မရှိသူများကတော့ တပ်ထဲတွင် အချိန်အတော်ကြာ ဆက်နေတတ်ကြသည်။ အနည်းဆုံးအနေဖြင့် စားဝတ်နေရေးအတွက် ပူနေစရာမလိုတော့ပေ။
"ဟူး... မျက်တောင်တစ်ခတ်အတွင်းမှာပဲ နှစ်နှစ်ကျော်သွားပြီ၊ နောက်ထပ် နှစ်နှစ်ဆိုရင်တော့ ကျိုးထျဲကျူးလည်း ပြန်လာသင့်နေပါပြီ၊ ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ မြေကွက်ကြီးမှာ ဘယ်လိုအိမ်မျိုး ဆောက်ကြမှာလဲ"
စုန့်ရှင်းယိက ဘာမှ ပြန်မဖြေတော့ဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။
စာချုပ်စာတမ်းများ အားလုံး အပြီးသတ်သွားသည့်အချိန်ကျမှသာ စုန့်မိသားစုက ကြာကန်တူးရန် စီစဉ်နေကြောင်း ရွာသားများ သိရှိသွားကြသည်။
စုန့်ရှင်းယိ၏ မိသားစုတွင် သန်စွမ်းသည့် အမျိုးသားအနည်းငယ် ရှိသော်လည်း သူတို့၏လုပ်အားက ကြာကန်တူးရန် မလုံလောက်ပေ။ ထို့ကြောင့် အလုပ်သမားများ ငှားရမ်းခဲ့ရသည်။ မြေတူးမည့်သူနှင့် မြေသယ်မည့်သူဟူ၍ ခွဲခြားထားပြီး မြေတူးသူက တစ်နေ့လျှင် ကြေးပြား ၃၀ ရရှိကာ မြေသယ်သူကတော့ တစ်နေ့လျှင် ကြေးပြား ၁၅ ပြား ရရှိမည် ဖြစ်သည်။ စားစရာကိုတော့ မိမိဘာသာ စီစဉ်လာရမည် ဖြစ်သည်။
မြေရိုင်းပေါ်တွင် မြေတူးရခြင်းနှင့် မြေသယ်ရခြင်းမှာ အလွန် ပင်ပန်းဆင်းရဲသည့် အလုပ်ကြမ်းများ ဖြစ်သော်လည်း ငွေရမည်ဟု ကြားသည်နှင့် ဆည်မြောင်းပြုပြင်ရန် လုပ်အားပေး မလိုက်ချင်သည့်သူများအားလုံး ယောကျ်ားရော မိန်းမပါမကျန် စုပြုံရောက်ရှိလာပြီး တစ်ရွာလုံး စည်ကားနေလေသည်။
စုန့်လောင်တာ့၊ စုန့်လောင်အာ့နှင့် စုန့်လောင်စန်းတို့၏ မိသားစုဝင်များလည်း ရောက်လာကြသည်။ မြို့ပေါ်၌ အလုပ်သွားရှာလျှင်ပင် တူညီသော ကြေးပြားပမာဏသာ ရနိုင်မည်ဖြစ်ပြီး မိမိတို့ရွာထဲ၌ အလုပ်ရသည်က သူတို့အတွက် အခွင့်အရေးတစ်ခု ဖြစ်နေခဲ့သည်။ ထို့အပြင် လယ်သမားမိသားစုများက အလုပ်ပင်ပန်းမည်ကို ကြောက်ရွံ့လေ့မရှိကြချေ။
‘သူတို့သာ အလုပ်ပင်ပန်းမှာကို ကြောက်နေရင် ဘယ်လိုလုပ်ပြီး လယ်လုပ်နိုင်ကြမှာလဲ’
ဤကိစ္စကို စုန့်ရှင်းယိက ဦးဆောင်ကိုင်တွယ်နေခဲ့သည်။ စုန့်မိသားစုအတွင်း သူ၏ အရှိန်အဝါက ကြီးမားလှသဖြင့် လူငယ်များအားလုံး အလုပ်ကို မခိုမကပ် ရဲကြပေ။ ရွာထဲတွင်လည်း သူ၏ ဂုဏ်သတင်းက ကောင်းမွန်လှပြီး သူကလည်း လူတိုင်း၏အခြေအနေကို အကုန်သိထားခဲ့သည်။
ပထမနေ့တွင် လူအယောက်နှစ်ဆယ် ရွေးချယ် အလုပ်လုပ်စေခဲ့ပြီး တစ်ရက် အလုပ်လုပ်ပြီးနောက် အလုပ်မကြိုးစားသူအချို့ကို လူစားထိုးလိုက်သည်။ လုပ်ခငွေ လက်ခံရရှိပြီး အလုပ်ထုတ်ခံလိုက်ရသည့်လူများလည်း ဘာမှ မပြောရဲကြပေ။ သူတို့က ခါးနာသည်၊ ခြေထောက်နာသည် စသည့် အကြောင်းပြချက်များဖြင့် အလုပ်ကို ခိုကပ်ခဲ့ကြခြင်းပင်။
စုန့်လောင်စန်း၏ သားနှစ်ယောက်နှင့် မြေးများကတော့ အလွန် အလုပ်ကြိုးစားကြသည်။ မူလကတည်းက သူတို့မိသားစုက ဆင်းရဲနွမ်းပါးပြီး သူများ မျက်နှာကို ကြည့်ကာ အလုပ်လုပ်ရသူတို့၏ ထုံးစံအတိုင်း အနည်းငယ် ပါးနပ်ကြသည်။ သူတို့က အလုပ်လုပ်ရာတွင် အင်တိုက်အားတိုက် လုပ်လေ့ရှိကြသည်။
စုန့်တင်းရှန်းက ကြာကန်ကို လခြမ်းပုံသဏ္ဌာန် တူးဖော်စေခဲ့ပြီး ဆယ်ရက်ခန့် အချိန်ယူကာ ငွေအမြောက်အမြား အကုန်အကျခံ တူးဖော်ခဲ့သည်။ ထို့နောက် စုန့်ရှင်းယိ၏ မိတ်ဆွေဟောင်းက ကြာမျိုးစေ့များကို ပို့ပေးခဲ့သောကြောင့် တစ်မိသားစုလုံး မိုးလင်းမှ ညနေစောင်းအထိ အလုပ်လုပ်နေကြရသည်။ ထို့နောက် စုန့်ရှင်းယိ၏ မိတ်ဆွေဟောင်း ပို့ပေးလိုက်သော နည်းလမ်းအတိုင်း မျိုးစေ့များကို စိုက်ပျိုးခဲ့ကြပြီး မြောင်းနှင့် ရေကန်ကို ဆက်သွယ်ထားရန် ရေသွယ်မြောင်းတူးဖော်ခဲ့သည်။ မကြာမီမှာပင် ကြည်လင်သော ရေများက ကြာကန်တစ်ခုလုံးအတွင်းသို့ စီးဝင်ပြည့်လျှံသွားခဲ့သည်။
စာရေးသူ၏ မှတ်ချက်
အခြားသော ချွေးမများ : ယောက္ခမတွေ၊ ခဲအိုတွေ၊ ယောင်းမတွေနဲ့ ခင်ပွန်းကို လုပ်ကျွေးပြုစုရ၊ ကလေးထိန်းရ၊ အိမ်မှုကိစ္စတွေ လုပ်ကိုင်ရနဲ့ ဆင်းရဲဒုက္ခတွေကို အံတုရင်ဆိုင်နေရတယ်။
စုန့်တင်းရှန်း : စားလိုက်၊ သောက်လိုက်၊ ကစားလိုက်၊ ငွေရှာလိုက်.... လိုချင်တာ ရှိရင် ဝယ်နေလိုက်!