← Chapters

လက်အိတ်များ (အပိုင်း ၁)

Vol. 5 Ch. 50

လက်အိတ်များ (အပိုင်း ၁)

Vol. 5 Ch. 50

ရွာ၏ နောက်ကျောဘက်တွင် လခြမ်းကွေးပုံသဏ္ဌာန်ဖြင့် ကျော့ရှင်းစွာ တည်ရှိနေသော ကြာကန်ကလေးက ကောင်းကင်ယံ၏ အရိပ်ကို ထင်ဟပ်နေသည့် ကြည်လင်သော ရေပြင်နှင့်အတူ လူစည်ကားသော အဓိကလမ်းမကြီးဘက်သို့ မျက်နှာမူထားည်။ ကန်၏ ပတ်ပတ်လည်တွင် စိမ်းလန်းသော အပင်များ ယှက်နွယ်နေသည့် ခြံစည်းရိုးတစ်ခု ဝန်းရံနေသည်။ ထိုသဘာဝ အတားအဆီး၏ အောက်ခြေတွင် ပဲတောင့်ရှည်ပင်များနှင့် ကန်စွန်းနွယ်ပင်များ ရုန်းကြွရှင်သန်နေပြီး မြေနံရံပေါ်၌ သက်ရှိပန်းချီကားတစ်ချပ်သဖွယ် ယှက်နွယ်နေကြသည်။

ထို့ပြင် စုန့်ကျစ်ယွမ်က တောင်ပေါ်မှ တောရိုင်းဆူးဆီးပင်များကို အထူးတလည် တူးယူလာပြီး ကျွဲ၊ နွား၊ သိုး အစရှိသော တိရစ္ဆာန်များ အနားမကပ်ရဲစေရန် ကန်၏ဘေးပတ်လည်၌ စိုက်ပျိုးထားခဲ့သည်။

အဓိကလမ်းမကြီးဘက်သို့ မျက်နှာမူထားသော ကန်ဘောင်စောင်းတွင် မက်မွန်ပင် ဒါဇင်ပေါင်းများစွာကို စိုက်ပျိုးထားပြီး အကိုင်းအခက်များပေါ်၌ အစိမ်းနုရောင် အဖူးအပွင့်များ ထွက်ပြုနေပြီဖြစ်သည်။ မကြာမီတွင် နုနယ်လှပသော ပန်းရောင်အပွင့်ကလေးများ ဖုံးလွှမ်းလာပေလိမ့်မည်။

လခြမ်းပုံရေကန်၏ ထိပ်ဆုံးထောင့်တွင် နားနေဆောင်လေးတစ်ခု ဆောက်လုပ်ထားသည်။ ထိုနားနေဆောင်ကို သစ်ခေါက် မခွာရသေးသော သစ်လုံးတိုင်များဖြင့် ဆောက်လုပ်ထားပြီး အမိုးကို သက်ကယ်များဖြင့် မိုးထားသောကြောင့် ရှေးမူမပျက် ရိုရာဆန်သည့် ကျေးလက်အငွေ့အသက်ကို အပြည့်အဝ ဖော်ကျူးနေပြီး တစ်မျိုးတမည် ဆွဲဆောင်နေပြန်သည်။

ပို၍ နှစ်သက်ဖွယ်က ထိုနားနေဆောင်ကို သစ်သားတံတားလေးတစ်ခုနှင့် ဆက်သွယ်ထားပြီး ကန်၏ အခြားတစ်ဖက်သို့ တိုက်ရိုက်သွားနိုင်ခြင်းပင်။ အကွေ့အကောက်များ ထည့်သွင်းဆောက်လုပ်ထားသည့် တံတားရှည်လေး၏ အလယ်တွင်လည်း အနားယူနိုင်သည့် နားနေဆောင်လေးတစ်ခု ရှိနေသေးသည်။ ကြာပန်းများ ပွင့်လာလျှင် ဤနေရာက အေးအေးလူလူ အပန်းဖြေရန် အသင့်တော်ဆုံးနေရာ ဖြစ်လာပေလိမ့်မည်။

"သူတို့က သူတို့ကိုယ်သူတို့ တကယ်ကို သူဌေးကြီးတွေ ဖြစ်သွားပြီလို့ ထင်နေကြတာလား၊ ဒီလို နားနေဆောင်ကြီး ဆောက်ရတဲ့အထိ သူတို့ဆီမှာ ငွေတွေ ပိုလျှံနေပြီလား၊ ဒါက သက်သက်မဲ့ ငွေဖြုန်းနေတာပဲ"

ရွာထဲမှ လူအတော်များများက ထိုလုပ်ရပ်ကို နားမလည်နိုင်ကြပေ။ စုန့်လောင်စစ်၏ မိသားစုက ငွေကို မည်သို့သုံးစွဲရမှန်း မသိဘဲ ရွာထဲတွင် ဤကဲ့သို့ အပိုအလုပ်များ လုပ်နေကြသည်ဟု သူတို့ ထင်မြင်နေကြသည်။

‘စားသောက်ပြီး ပိုလျှံနေရင်တောင် အနည်းဆုံးတော့ မြေဩဇာကောင်းတဲ့ လယ်မြေတွေ ဝယ်ထားသင့်တာ မဟုတ်ဘူးလား’

......။.......။......

"နေပါဦးဟဲ့၊ နင့် လုပ်နေတာကို အရင်ကြည့်ပါရစေဦး"

အမျိုးသမီးအချို့က အိမ်ရှေ့တံခါးဝ၌ နေပူစာလှုံရန် ထိုင်နေကြပြီး လက်ထဲတွင် ဝါးချောင်းသွယ်သွယ် နှစ်ချောင်းစီ ကိုင်ထားပြီး ဟိုရွှေ့ဒီရွှေ့လုပ်နေကာ အလုပ်ရှုပ်နေကြသည်။

စုန့်တင်းရှန်းက သိုးမွှေးချည်မျှင်များကို လက်ချောင်းများဖြင့် ချိတ်ဆွဲထားရန် သိုးမွေးထိုးနည်းကို စိတ်ရှည်လက်ရှည် သင်ကြားပေးနေသည်။

"ကြည့်လေ၊ ဒီလို ထိုးရမှာ၊ ပြီးရင် ဒီဘက်ကို ထိုးလိုက်၊ အဲဒါဆိုရင် အဝိုင်းလေး ဖြစ်သွားလိမ့်မယ်၊ အဲဒီအတိုင်း ဆက်ထိုးပြီး အဝိုင်းတွေ ဆက်လိုက်ရင် ပြွန်လိုမျိုးပုံစံတစ်ခု ဖြစ်လာလိမ့်မယ်

ဖန့်ရှီကတော့ ခေါင်းကိုက်သွားပြီး စိတ်မရှည်ဖြစ်နေခဲ့သည်။

"ဒါက ခက်လိုက်တာအေ၊ နင် ဒါကို ဘယ်လိုများ စဉ်းစားမိတာလဲ"

စုန့်တင်းရှန်းက ပြန်ပြောလိုက်သည်။

"သမီးတို့ စုထားတဲ့ သိုးမွှေးတွေကို ချည်မျှင်ဖြစ်အောင် ငင်ပေးဖို့ ဆဋ္ဌမအဖွား ဆီကို မပို့ခဲ့ဖူးလား၊ အခု ရလာတဲ့သိုးမွှေးချည်အကြမ်းတွေကို လည်စည်းတွေ လုပ်မယ်၊ ပိုနုတဲ့ ချည်ကတော့ အေးခဲတဲ့ ရာသီမှာ အလုပ်လုပ်ရင် လက်မအေးအောင် လက်အိတ်တွေ လုပ်မလို့လေ"

ကျန်းရှီက ပြုံးလျက် ဝင်ပြောလိုက်သည်။

"ဒါက အကြံကောင်းပဲ၊ မြောက်ပိုင်းကလူတွေဆိုရင် ဒီသိုးမွှေးတွေကို သိုးမွှေးစောင်လုပ်ဖို့ သုံးကြတယ်လို့ ငါ ကြားဖူးတယ်၊ ဒါပေမယ့် သူတို့က ဒီလိုမျိုးတော့ မလုပ်ကြဘူးထင်တယ်၊ အခု ဝါးချောင်းနှစ်ချောင်းတည်းနဲ့ လည်စည်းတွေ လုပ်နိုင်တယ်ဆိုမှတော့ နောက်ကျရင် အများကြီး ထပ်လုပ်ကြတာပေါ့၊ ဒါတွေကနေ ငွေတောင် ရလာနိုင်သေးတယ်"

စုန့်တင်းရှန်းက ရယ်မောရင်း ထည့်ဖြည့်ပြောလိုက်သည်။

"ဒီအရာကနေ တကယ် ငွေရှာနိုင်မယ်ဆိုရင်တော့ သိုးမွှေးတွေ ပိုစုရမယ်၊ ပြီးရင် ဆဋ္ဌမအဖွားကိုပဲ ချည်ငင်ခိုင်းမယ်၊ ဒါဆိုရင် သူလည်း ငွေရလိမ့်မယ်၊ သိုးမွှေးချည်ငင်တာက ရက်ကန်းရက်တာထက် ပိုလွယ်မယ်လို့ သမီး ထင်တယ်"

ကျင်းချောင်းအာကလည်း ဝင်ပြောလာသည်။

"ရက်ကန်းရက်တာက မျက်လုံးညောင်းစေတယ်။ ကျွန်မလည်း နည်းနည်းပါးပါးတော့ ချည်ငင် နိုင်တယ်၊ ဒါပေမယ့် ဆဋ္ဌမအဖွားလိုတော့ အထူအပါးညီအောင် မလုပ်နိုင်ဘူး"

လီရှီကလည်း သူမ၏လက်ထဲမှ ချည်မျှင်များကို ကိုင်တွယ်ကြည့်နေရင်း ရုတ်တရက် ပြောလာပြန်သည်။

“နှမြောဖို့ကောင်းတာက ဒီချည်အရောင်က သိပ်မလှဘူး၊ ငါတို့ ဒါကို အရောင်ဆိုးနိုင်ရင် ပိုကောင်းလာမှာ သေချာတယ်”

စုန့်တင်းရှန်းက အပြုံးလေးဖြင့် နှစ်သိမ့်ပေးလိုက်သည်။

"ဒါက အခုမှ စလေ့ကျင့်နေကြတာပဲ ရှိသေးတယ်လေ အဖွားရဲ့၊ အားလုံး လုပ်တတ်သွားပြီဆိုရင် သိုးမွှေးချည်တွေ ပိုငင်ခိုင်းပြီး အရောင်ဆိုးကြမယ်၊ အရောင်ဆိုးထားတဲ့ ချည်မျှင်တွေနဲ့ လည်စည်းပဲဖြစ်ဖြစ်၊ လက်အိတ်ပဲဖြစ်ဖြစ် ထိုးပြီး ရောင်းမယ်ဆိုရင် ငွေရနိုင်တယ်၊ မြောက်ပိုင်းမှာ သိုးမွှေးတွေက သိပ်ပြီး တန်ဖိုးမရှိဘူး သမီး ထင်တယ်၊ အဲဒါကြောင့် သမီးတို့တွေ အများကြီး ကြိုစုထားရင်တောင် အများကြီး မကုန်လောက်ဘူး"

"ငါတို့ တစ်မိသားစုရဲ့ ဦးနှောက်တွေအကုန်လုံးကို အာ့နွီ လုယူသွားတာ ထင်ပါရဲ့အေ"

ကျန့်ရှီကလည်း ယောက္ခမဖြစ်သူ၏စကားကို ရယ်ရယ်မောမော ထောက်ခံနေသည်။

"ဟုတ်ပ၊ သူပဲ ဒီလို အကြံဉာဏ်တွေ တစ်ခုပြီးတစ်ခု ထွက်နေတယ်၊ ငါတို့ကျတော့ ဘာလို့များ ဒါကို မစဉ်းစားနိုင်ကြတာတုန်း"

ဖန့်ရှီကတော့ မကျေမနပ်ဖြစ်ဟန်ဖြင့် မပြောသာပြောသာ ဝင်ပြောလိုက်သေးသည်။

"အိုက်ယား.... သူက အငြိမ်မနေနိုင်လို့ လိုက်လုပ်နေတာဟဲ့၊ အမြဲတမ်း တစ်ခုမဟုတ်တစ်ခု လျှောက်လုပ်ပြီး ငွေဖြုန်းချင်နေတာပါဟယ်"

သို့သော်လည်း သူမ၏ စကားထဲတွင် ကျေနပ်နေသည့် အရိပ်အယောင်တချို့ ရှိနေသေးသည်။ သူမဘာသာ ပြောပြီးနောက် တစ်ယောက်တည်း ပြုံးနေပြန်သည်။ သူမက စုန့်တင်းရှန်း၏ လုပ်ရပ်များအတွက် ညည်းညူးနေတတ်သော်လည်း လက်တွေ့တွင်တော့ အမြဲတမ်း ဝိုင်းဝန်းကူညီပေးတတ်သူ ဖြစ်သည်။

စုန့်တင်းရှန်းကလည်း ဖန့်ရှီ၏ ချွေတာတတ်သော သဘာဝကို ကောင်းစွာ သိနေပြီ ဖြစ်ကာ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"သမီးက အလဟဿ ဖြစ်နေတဲ့ သိုးမွှေးတွေကို နှမြောလို့ပါ၊ တကယ်လို့ ဒါနဲ့ ငွေရှာနိုင်ရင် သမီးတို့ ပန်းထိုးပြီး ငွေရှာရတာထက် အများကြီး ပိုကောင်းတယ်လေ”

သူမ လက်ငါးချောင်းလုံး ထည့်နိုင်သည့် သိုးမွှေးလက်အိတ်နှစ်စုံ ထိုးထားခဲ့ပြီးဖြစ်သော်လည်း ဖန့်ရှီနှင့် စုန့်ကျစ်ယွမ်တို့က နှမြောနေပြီး မသုံးရက်ကြပေ။ ထို့အပြင် အရောင်က အဖြူရောင်ဖြစ်ပြီး အပြင်သို့ ဝတ်သွားရန်လည်း မသင့်တော်ချေ။ ထို့ကြောင့် စုန့်တင်းရှန်းက ထိုလက်အိတ်များကို ကျိုးယိနိုအတွက် ပို့ပေးလိုက်သည်။

ယခုဆိုလျှင် တစ်လကျော်ပင် ရှိသွားပြီဖြစ်ကာ ကျိုးယိနိုထံသို့ ရောက်၊ မရောက်ကိုတော့ သူမ မသိရသေးပေ။

.......။.......။.......

တစ်ဖက်မှ ကျိုးယိနိုကတော့ မွေးရပ်မြေမှ ပို့လိုက်သော ရိက္ခာထုပ်ကို လက်ခံရရှိခဲ့ပြီ ဖြစ်သည်။ ထိုအထုပ်အတွင်း၌ မိသားစုဝင်များထံမှ စာများနှင့်အတူ ထူးခြားသော အနံ့ရှိသည့် တို့ဟူးအိုးငယ်လေးနှစ်လုံး ပါဝင်သည်။ ထို့အပြင် ထူးဆန်းသော လက်အိတ်နှစ်စုံကိုလည်း သူ တွေ့ခဲ့ရသည်။

စနစ်တကျ သန့်စင်ထားခြင်း မရှိသော သိုးမွှေးက အနည်းငယ် ကြမ်းတမ်းနေသောကြောင့် လက်အိတ်၏ အတွင်းဘက်၌ ဝါဂွမ်းချည်စကို အခံအဖြစ် ထည့်သွင်းချုပ်လုပ်ထားသည်။ ပိုမိုသက်သောင့်သက်သာရှိစေရန်နှင့် နွေးထွေးမှုတိုးစေရန် လက်ဖဝါးဘက်ခြမ်း၌ နူးညံ့သော သိုးသားရေကို အသေအချာ ဖိချုပ်ပေးထားသေးသည်။

ကျိုးယိနို၏အိမ်မှ စာရောက်လာတိုင်း လူအများအပြားက သူ့အနားသို့ ဝိုင်းအုံလာတတ်ကြသည်။ ပထမအချက်အနေဖြင့် သူ၏မိသားစုက ထူးဆန်းသော်လည်း အသုံးဝင်သည့် ပစ္စည်းများကို အမြဲပို့ပေးလေ့ရှိခြင်းကြောင့်ပင်။ ဒုတိယအချက်ကတော့ အခြားမိသားစုများတွင် စာဖတ်တတ်သူ ရှားပါးသောကြောင့် ဖြစ်သည်။ သူတို့ စစ်မြေပြင်သို့ ‌ရောက်နေသည်မှာ တစ်နှစ်ကျော်နေပြီ ဖြစ်သော်လည်း စာတစ်စောင်မျှ မရရှိသူများလည်း ရှိနေသေးသည်။

ထို့ကြောင့် တစ်ခါတစ်ရံ တစ်စုံတစ်ယောက် စာတစ်စောင် လက်ခံရရှိလျှင် လူတိုင်းကြားအောင် အသံထွက်ဖတ်ပြလေ့ရှိကြသည်။ ၎င်းက လူတိုင်းအတွက် အိမ်လွမ်းစိတ်ကို ဖြေဖျောက်ပေးနိုင်သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်နေခဲ့သည်။

"အိုက်ယား... ဒီလက်အိတ်တွေက လက်ချောင်းလေးတွေတောင် ပါတာပဲဟေ့"

ခွေးလေးက လက်အိတ်များကို လှန်လှောကြည့်ရှုနေရင်း စမ်းကြည့်သည့်အနေဖြင့် ဝတ်ကြည့်လိုက်သည်။

"ဒါက တကယ့်ကို သက်သောင့်သက်သာ ရှိတာပဲ၊ ငါ့မှာသာ ဒါမျိုးရှိလို့ကတော့ ဒီဆောင်းတွင်းမှာ လက်ဗလာနဲ့ အလုပ်လုပ်နေရမှာ မလိုဘူးကွာ"

ကျိုးယိနိုက သူ့မိသားစုမှ ထည့်ပေးလိုက်သည့်စာကို ဖြန့်ဖတ်ကြည့်နေရင်း နောက်ဆုံးစာကြောင်းအချို့အား ဖတ်မိချိန်၌ သူ မပြုံးဘဲ မနေနိုင်တော့ပေ။

‘ငါ့ရဲ့ဇနီးလေးက တကယ်ကို အကြံကြီးပါပေတယ်၊ အခု သူမက လက်ဗလာနဲ့ ဝံပုလွေ ဖမ်းဖို့တောင် ကြံစည်ရဲနေပြီ’

( လက်ဗလာနဲ့ ဝံပုလွေ ဖမ်းတယ်ဆိုတာက ဘာအရင်းမှ မစိုက်ဘဲ အမြတ်ထုတ်ဖို့ ကြံတာကိုပြောချင်တာပါ)

"ဒီလက်အိတ်တွေက တော်တော်ကောင်းတာပဲ"

စစ်သူကြီးကျုံးက လက်အိတ်တစ်စုံကို သေသေချာချာ စိုက်ကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။

သူက ထိုလက်အိတ်များကို အထူးတလည် ယူကာ ဂရုစိုက် ဝတ်ဆင်ကြည့်လိုက်ပြီး သူ၏လက်ချောင်းလေးမျာ၌ ကွက်တိဖြစ်နေသည့် သက်သောင့်သက်သာမှုကို ခံစားလိုက်ရသည်။ ထို့နောက် သူ ထိုလက်ဖြင့် စုတ်တံကို ကိုင်ကြည့်လိုက်ရာ သူ ပုံမှန်အတိုင်း စာရေးနိုင်သည်ကို သတိပြုမိသွားခဲ့သည်။

သူ၏နှုတ်ခမ်းထောင့်တွင် ကျေနပ်သည့်အပြုံးတစ်ခု ပေါ်လာပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"သေချာတာပေါ့၊ ဒါတွေက တကယ်ကို အကောင်းဆုံးပဲ"

မြောက်ပိုင်းဒေသ၏ အခက်ခဲဆုံးအချိန်က လေးလကြာမြင့်သော ဆောင်းရာသီ ဖြစ်ကြောင်း လူတိုင်း သိထားပြီး ဖြစ်သည်။ ထိုအအေးဒဏ်က စစ်သည်များကိုသာမက စစ်သူကြီးများကိုပင် အလွန်အမင်း ကသိကအောက် ဖြစ်စေခဲ့သည်။

ယခုအချိန်တွင် စစ်သူကြီးကျုံးကလည်း သူ၏ခြေထောက်များတွင် ကျိုးယိနို၏မိသားစုမှ ချုပ်ပေးလိုက်သော ဝံပုလွေသားရေဒူးစွပ်များ ဝတ်ဆင်ထားပြီး ခေါင်းနှင့်မျက်နှာကိုလည်း လေအေးဒဏ်မှ ကာကွယ်ပေးနိုင်သည့် ဝတ်ရုံလေး ခြုံထားခဲ့သည်။ ယခု သူ မူလက အသုံးပြုနေသော လက်နွေးအိတ်များအစား နူးညံ့ပေါ့ပါးသည့် ဤသိုးမွှေးလက်အိတ်များကို ပြောင်းလဲဝတ်ဆင်နိုင်ခဲ့သည်။ ထို့ပြင် စားပွဲပေါ်၌ ဂျင်းနံ့သင်းနေသည့် ပုစွန်ခြောက်ဘူးတစ်ဘူးလည်း ရှိနေသေးသည်။ ဤအရာများကြောင့်ပင် လက်ရှိဆောင်းရာသီတွင် သူ ဖျားနာခြင်း လုံးဝမရှိသလောက် ဖြစ်ခဲ့ရသည်။

ကျိုးယိနိုက အခန့်သင့် စကားစလိုက်သည်။

"ကျွန်တော်မျိုးရဲ့ဇနီးက စာထဲမှာ အကြောင်းတချို့ ပြောပြခဲ့ပါတယ်၊ တကယ်လို့ ဒီဘက်ကနေ သိုးမွှေးနဲ့ သိုးသားရေတွေ ဈေးသက်သက်သာသာနဲ့ ဝယ်ပေးနိုင်မယ်ဆိုရင် သူ့ဘက်ကနေ ဒီလိုလက်အိတ်တွေ အတော်များများ ချုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်မျိုးက ဒီလိုကိစ္စမျိုးတွေကို သိပ်နားမလည်တော့ ဒါက ဖြစ်နိုင်ပါ့မလားဆိုတာ မဝေခွဲတတ်ပါဘူး။ ဒါကြောင့် စစ်သူကြီးမင်းရဲ့ လမ်းညွှန်မှုကို တောင်းခံချင်ပါတယ်"

စစ်သူကြီးကျုံးက ခေတ္တစဉ်းစားပြီးနောက် ပြန်လည်ဖြေကြားခဲ့သည်။

"ဒါက ဖြစ်တော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ငါတွေ ဒါကို လူသိရှင်ကြားကြီး မလုပ်သင့်ဘူး၊ အထူးသဖြင့် ငါတို့ ဘာလုပ်ဖို့ ကြံစည်နေလဲဆိုတာကို တခြားတိုင်းရင်းသားမျိုးနွယ်စုတွေ သိသွားလို့ မဖြစ်ဘူး၊ အခုလောလောဆယ်တော့ ဒီကိစ္စကို အလောတကြီး မလုပ်နဲ့ဦး၊ ငါ အချိန်ယူပြီး သေချာစဉ်းစားကြည့်ဦးမယ်"

အခြားတိုင်းရင်းသားမျိုးနွယ်စုများက ကျွဲ၊ နွားနှင့် သိုးအမြောက်အမြားကို မွေးမြူကြပြီး နှစ်စဉ် သိုးမွှေးအမြောက်အမြား ရရှိကြသည်။ သို့သော် ထိုသိုးမွှေးများက သူတို့အတွက် တန်ဖိုးရှိသော ကုန်ပစ္စည်းများ မဟုတ်ကြပေ။ ၎င်းတို့က အလွန်ဈေးပေါပြီး ပုံမှန်အားဖြင့် ကော်ဇောကြမ်းများ ပြုလုပ်ရန်အတွက်သာ အသုံးပြုကြသည်။

အချို့သော ကုန်သည်များက ထိုသိုးမွှေးများကို ဝယ်ယူ၍ တောင်ပိုင်းသို့ ယူဆောင်ကာ အရောင်ဆိုးပြီးမှ လှပသော နံရံကပ်ကော်ဇောများ သို့မဟုတ် အခင်းများအဖြစ် ပြောင်းလဲကာ ဈေးကြီးကြီးဖြင့် ပြန်လည်ရောင်းချတတ်ကြသည်။

သို့သော်လည်း သိုးမွှေးဖြင့် လက်အိတ်ပြုလုပ်ရန်တော့ မည်သူမျှ မကြိုးစားဖူးကြသေးပေ။

သာမန်မိသားစုများအနေဖြင့် ဆောင်းရာသီတွင် အိမ်တွင်း၌သာ ဆောင်းခိုနေတတ်ကြပြီး အပြင်ထွက်လျှင်လည်း လက်နွေးအိတ်များ ရှိနေရုံဖြင့် လုံလောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် ဤလက်အိတ်များက အသုံးမဝင်လှပေ။ သို့သော် မြောက်ပိုင်းဒေသရှိ စစ်သည်များအတွက်တော့ ဤကဲ့သို့ အသုံးတည့်သော ပစ္စည်းရှိနေခြင်းက တိုက်ပွဲဝင်ချိန် သို့မဟုတ် လေ့ကျင့်ရေးဆင်းချိန်များတွင် နှင်းကိုက်နာ ဖြစ်မည့်အန္တရာယ်မှ ကာကွယ်ပေးနိုင်ပေလိမ့်မည်။

အစပိုင်းတွင် စစ်သူကြီးကျုံးက အစွပ်ပါသော လက်ခုံသာ ဖုံးနိုင်သည့် လက်အိတ်များကို တကယ့် လက်ရာမြောက်လှသည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ ပို၍ ဆန်းပြားပြီး စိတ်ဝင်စားစရာကောင်းသော အရာကို တွေ့ရှိရပြန်သည်။ ဤအချက်ကြောင့် ကျိုးယိနို၏ ဇနီးသည်အပေါ် သူ့၏ စူးစမ်းချင်စိတ်က ပိုပြင်းပြလာခဲ့သည်။

​​‘ကျိုးယိနိုရဲ့အိမ်သူက ဘယ်လိုလူမျိုးလဲ၊ ဘာကြောင့် အကြံဥာဏ်တွေ ဒီလောက်များနေရတာလဲ’

လက်အိတ်များအပြင် ကျိုးယိနိုက စစ်သူကြီးကျုံးအတွက် သူ့အိမ်မှ ပို့လိုက်သော တို့ဟူးချဥ်တစ်အိုးလည်း လက်ဆောင်ပေးခဲ့သေးသည်။ စာထဲတွင် ထိုတို့ဟူးချဉ်ကို မည်သို့ စားသုံးရမည့် အကြောင်းနှင့် ဟင်းသီးဟင်းရွက်များနှင့် ကြော်စားနိုင်ကြောင်း သို့မဟုတ် မုန့်ပေါင်းနှင့် ဗန်းမု့န်များပေါ်တွင် သုတ်လိမ်းပြီး စားသုံးနိုင်ကြောင်း အသေးစိတ် ရှင်းပြထားသည်။

ထို့အပြင် ၎င်းက ကြာရှည် သိုလှောင်ခံစားစရာ ဖြစ်ပြီး အရသာကလည်း သာမန်အသီးအရွက်အချဉ်များထက် အဆပေါင်းများစွာ ပိုကောင်းနေသည်။

စစ်သူကြီးကျုံးက ကျိုးယိနိုကို ကြည့်နေပြီး သူ၏မျက်နှာပေါ်တွင် ကျေနပ်အားရမှုများ ပြည့်နှက်နေသည်။ သူ၏နှုတ်မှလည်း တိုးညှင်းသော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး စကားပြောလာပြန်သည်။

"နှစ်သစ်မကူးခင်တုန်းက ငါ ဧကရာဇ်မင်းမြတ်ဆီ တင်ပြခဲ့တဲ့ လျှောက်တင်လွှာကို မင်း မှတ်မိသေးလား၊ အရှင်မင်းမြတ်က တကယ်ပဲ ဆုလာဘ်တွေ ပေးသနားဖို့ မိန့်ကြားခဲ့တယ်၊ ဒါပေမယ့် ငါတို့ကို မင်းကို ဂုဏ်ပြုဆုတွေ မချီးမြှင့်ခင်မှာ တကယ့်ကို အဆုံးအဖြတ်ပေးနိုင်မယ့် အောင်ပွဲကြီးတစ်ခုရနိုင်ဖို့ မျှော်လင့်နေမိတယ်။ အခု နွေဦးရာသီ ရိတ်သိမ်းရမယ့် အချိန်ကို ရောက်လာပြီ၊ တစ်ဖက်က သူတို့ရဲ့တပ်တွေကို ယာယီရုပ်သိမ်းသွားကြပေမယ့် ငါတို့ တိုင်းပြည်အတွက် သူတို့က ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတုန်းပဲ၊ တကယ်လို့ သူတို့ အရှုံးကြီး ရှုံးသွားပြီး မြက်ခင်းပြင်တွေဆီ အပြီးအပိုင် ဆုတ်ခွာသွားအောင်နဲ့ ထပ်ကျူးကျော်ရဲအောင် လုပ်ပြီး ကတိကဝတ်စာချုပ်တွေ ချုပ်ဆိုနိုင်အောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခုခု ရှာတွေ့နိုင်ခဲ့ရင်တော့ အကောင်းဆုံးပေါ့လေ"

စစ်တပ်နှစ်တပ် အချိန်အတော်ကြာ ထိပ်တိုက်ရင်ဆိုင်နေခဲ့ကြပြီး သူတို့ဘက်မှ အောင်ပွဲငယ်အချို့ ရရှိခဲ့သော်လည်း ကြီးကျယ်သော အောင်ပွဲကြီးကိုတော့ မရရှိသေးပေ။ အခြားမျိုးနွယ်စုများ၏ အဆက်မပြတ် တိုက်ခိုက်မှုများက သူတို့တိုင်းပြည်အပေါ် ကြီးမားသော အရိပ်မည်းကြီးသဖွယ် မိုးနေခဲ့ပြီး ပြည်သူများလည်း အမြဲတမ်း ထိတ်လန့်နေကြရသလို စစ်သည်များလည်း အိမ်မပြန်နိုင်ကြသေးပေ။ ဤအခြေအနေက ရေရှည်အတွက် အလားအလာမကောင်းသည့် ကပ်ဘေးတစ်ခု ဖြစ်နေခဲ့သည်။

ကျိုးယိနိုက အချိန်ခဏလောက် စဉ်းစားနေပြီးမှ သူ့အကြံကို ထုတ်ပြောလိုက်သည်။

"သူတို့ရဲ့ ဘုရင်ကို သတ်နိုင်ရင် ဒါမှမဟုတ် သူတို့အချင်းချင်းကြားမှာ သွေးကွဲအောင် လုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်လာနိုင်တယ်"

စစ်သူကြီးကျုံးက ခဏတာမျှ စဉ်းစားပြီး ပြန်ပြောလာခဲ့သည်။

"ငါတို့ဘက်မှာ ရန်သူ့မျိုးနွယ်စုထဲ ရောက်နေတဲ့ လျှို့ဝှက်သတင်းပေးတစ်ယောက် ရှိတယ်၊ အခုဆိုရင် အဲ့လူက သူတို့ဘုရင်နဲ့ တော်တော်နီးကပ်တဲ့ နေရာလို့ ရထားပြီးပြီ၊ မင်းမှာ ပိုကောင်းတဲ့ အကြံဉာဏ် ရှိလို့လား"

စကားဝိုင်းက ခေတ္တမျှ တိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတွင် ကျိုးယိနို၏အသံ ထွက်ပေါ်လာပြန်သည်။

"ကျွန်တော်မျိုးရဲ့ဇနီးက ကျွန်တော်မျိုးကို ပုံပြင်တွေ အများကြီး ပြောပြခဲ့ဖူးပါတယ်၊ အဲဒီထဲက ပုံပြင်နှစ်ပုဒ်ကတော့ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။ ပုံပြင်တစ်ပုဒ်ထဲမှာ လူတစ်ယောက်က ပဋိပက္ခမရှိတဲ့ လူနှစ်ယောက်ကို သွေးကွဲအောင် လုပ်ချင်ခဲ့တယ်။ တကယ်တော့ သူ ခွဲထုတ်ချင်တဲ့လူနှစ်ယောက်ကြားမှာ ဘာပဋိပက္ခမှ မရှိဘူး။ ဒါကြောင့် ဒီလူက အစီအစဉ်တစ်ခု ကြံစည်ခဲ့တယ်။ သူက တချို့အရာတွေကို လုပ်ကြံဖန်တီးပြီး ကောလဟာလတွေ ပျံ့နှံ့သွားအောင် လုပ်ခဲ့တယ်၊ အဲ့ကောလဟာလေတွေထဲမှာ လူနှစ်ယောက်ရဲ့ အကြောင်းတစ်ချို့ကို ထပ်ထည့်ခဲ့တယ်၊ သူ ပြောခဲ့တဲ့ ဆယ်ခုမှာ ကိုးခုလောက်က မှန်ကန်တယ်လို့ ပြောနိုင်တယ်။ အချိန်ကြာလာတာနဲ့အမျှ အဲ့လူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သံသယဝင်လာပြီး နောက်ဆုံးမှာ အချင်းချင်း တိုက်ခိုက်ကြတော့တာပဲ"

စစ်သူကြီးကျုံးက ခေါင်းညိတ်ရင်း ထပ်မေးလိုက်သည်။

"ဒါဆို နောက်ထပ် ပုံပြင်တစ်ပုဒ်ကရော ဘာအကြောင်းလဲ"

ကျိုးယိနိုက ဆက်ပြောပြလိုက်သည်။

"နောက်ထပ် ပုံပြင်တစ်ပုဒ်ကလည်း ပထမပုံပြင်နဲ့ ဆက်စပ်နေတာပါပဲ။ အဲ့လူနှစ်ယောက် အချင်းချင်း တိုက်ခိုက်နေကြတဲ့အချိန်မှာ တတိယလူတစ်ယောက်က အခွင့်ကောင်းယူပြီး သူတို့ရဲ့ အဖိုးတန်ဆုံး ပိုင်ဆိုင်မှုတွေကို ခိုးယူလိုက်တယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်စလုံးက အခြားတစ်ယောက်က သူတို့ရဲ့ပစ္စည်းကို ခိုးယူသွားတယ်လို့ အပြန်အလှန် သံသယဝင်သွားကြပြီး ပဋိပက္ခက ပိုပြင်းထန်လာတာပါ"

စစ်သူကြီးကျုံးက မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားနေပြီးနောက် အားရပါးရ အော်လိုက်သည့် အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဟား ငါ သိပြီကွ! ကောင်းတယ်... ကောင်းတယ်.... ငါတို့ ရန်သူ့ဘက်က ဘုရင်ရဲ့ သားတော်တွေ အချင်းချင်း တိုက်ခိုက်အောင် လုပ်နိုင်မယ်ဆိုရင် အဲဒီဘုရင်ကို ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ပေးနိုင်လိမ့်မယ်၊ မင်းရဲ့ အကြံဉာဏ်က တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်၊ ငါက တိုက်ရိုက်တိုက်ခိုက်ဖို့ပဲ အာရုံစိုက်နေမိတာ၊ မင်းမှာတော့ ပိုပြီး နက်နဲတဲ့ အမြင်ရှိတာပဲ၊ ဟား ဟား... မင်းက အမြဲတမ်း မင်းရဲ့ဇနီးကို အကာအကွယ် လုပ်နေတယ်ပေါ့၊ မင်းဇနီး လက်မှုပစ္စည်းတွေ လုပ်နိုင်တာကို ငါ ယုံပါတယ်၊ ဒီပုံပြင်တွေကို သူ ပြောခဲ့တယ်ဆိုတာကိုတော့ ဓီစစ်သူကြီးက မယုံနိုင်ဘူး။ မင်းက ဝမ်တုန်းလိုပဲ တကယ့်ကို ပါးနပ်တဲ့ကောင်လေးပဲ!"

ကျိုးယိနို : “.....”

ကျိုးယိနိုတစ်ယောက် ဘာမှ ပြန်မပြောနိုင်လောက်အောင် ဆွံ့အသွားရသည်။

သို့သော် သူက ချက်ချင်း ဒူးထောက်လိုက်ပြီး အလေးအနက် တောင်းဆိုလိုက်သည်။

"စစ်သူကြီးမင်း၊ ကျွန်တော်မျိုး ရန်သူ့မျိုးနွယ်စုထဲကို သွားဖို့ အဆင်သင့်ပါပဲ၊ ကျွန်တော်မျိုး လျှို့ဝှက်သတင်းပေးသူနဲ့ အဆက်အသွယ်လုပ်ပြီး ဒီအကြံအစည် အကောင်အထည်ပေါ်လာအောင် လုပ်ဆောင်ပါရစေ"

စစ်သူကြီးကျုံးက တအံ့တဩ ပြန်ပြောလာသည်။

"ဒါက ဘယ်လောက်အန္တရာယ်များလဲဆိုတာ မင်း သိလား၊ သေရေးရှင်ရေးနဲ့ဆိုင်တဲ့ ကိစ္စပဲ၊ မင်း အောင်မြင်ရင် ရာထူးတိုးပြီး တစ်သက်လုံး ချမ်းသာကြွယ်ဝမှုနဲ့ ဂုဏ်သိက္ခာကို ခံစားရမယ်၊ မင်း ကျရှုံးခဲ့ရင်တော့ မင်းရဲ့ရုပ်ကြွင်းတောင် အိမ်ပြန်နိုင်ဖို့ အခွင့်အရေး မရှိတော့ဘူး"

သူက ကျိုးယိနိုအား ဤကဲ့သို့ အန္တရာယ်များသော အလုပ်မျိုး လုပ်ခိုင်းရန် အမှန်တကယ် တုံ့ဆိုင်းနေခြင်းပင်။ သူ ကျိုးယိနိုအား သူ၏ ယုံကြည်ရသော လက်ရုံးတစ်ယောက်ဖြစ်လာစေရန် လေ့ကျင့်ပေးဖို့ စီစဉ်ထားပြီး ဖြစ်သည်။ နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် ဤလူငယ်က သူ၏ အကူအညီဖြင့် ပိုမိုမြင့်မားသော ရာထူးနေရာများသို့ သေချာပေါက် ရောက်ရှိလာနိုင်မည်ဟု သူ ယုံကြည်ထားခဲ့သည်။ ကျိုးယိနို၏ မိသားစုနောက်ခံက အားနည်းနေပြီး အာဏာရှိသည့် ဆွေမျိုးများ မရှိသောကြောင့် သူ့အတွက် အကောင်းဆုံးသော လက်ထောက်လောင်းတစ်ဦး ဖြစ်လာစေခဲ့ခြင်းပင်။

ကျိုးယိနိုက ကျယ်ကျယ်လောင်လောင် အော်ဟစ်ပြောဆိုလိုက်သည်။

"စစ်သူကြီးမင်း ကျွန်တော်မျိုးက ရာထူးတွေ အာဏာတွေနဲ့ စည်းစိမ်ဥစ္စာတွေကို မမက်မောပါဘူး၊ ကျွန်တော်မျိုးရဲ့ တစ်ခုတည်းသော ဆန္ဒက ရန်သူတွေကို အပြီးတိုင် နှိမ်နင်းပြီး တိုင်းပြည်အေးချမ်းဖို့ပါ၊ ပြီးတော့... ကျွန်တော်မျိုး အိမ်ပြန်ချင်ပါတယ်"

‘ဒီစစ်တပ်ထဲမှာ အိမ်မပြန်ချင်တဲ့လူရယ်လို့ ရှိပါ့မလား၊ ဒါပေမယ့် သူ တကယ်ပဲ အိမ်ကို အရမ်းပြန်ချင်နေပြီ။ သူ သူ့ဇနီးလေးကို အရမ်းလွမ်းတယ်။ ရန်သူရဲ့မျိုးနွယ်စုတွေနဲ့ တိုက်ခိုက်တိုင်း ခေါင်းဆောင်ရဲ့ခေါင်းကို ဖြတ်ပြီး ဒီစစ်ပွဲကို အဆုံးသတ်နိုင်ဖို့ သူ အကြိမ်ကြိမ်အခါခါ ဆုတောင်းခဲ့တယ်။ ဒါက အကျပ်အတည်းတစ်ခုဆိုရင်တောင် ဘယ်လောက်ကြာကြာ ရုန်းကန်ရမယ်ဆိုတာကို ဘယ်သူက သိနိုင်မှာလဲ’

စစ်သူကြီးကျုံးတစ်ယောက် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ အချိန်အတော်ကြာမှ သူက စကားပြန်ပြောလာခဲ့သည်။

"မင်း... ကျရှုံးခဲ့မယ်ဆိုရင် မင်း... မင်းရဲ့အိမ်ကို ဘယ်တော့မှ ပြန်နိုင်တော့မှာ မဟုတ်ဘူး၊ ဒါကို မင်း နားလည်ရဲ့လား"

ကျိုးယိနိုက အခိုင်အမာ ပြန်ဖြေလိုက်သည်။

"ကျွန်တော်မျိုး ကျရှုံးခဲ့ရင် ကျွန်တော်မျိုးရဲ့မိသားစုကို အကြောင်းကြားပေးပါ။ ပြီးတော့ သူ့ကို... သူ ငယ်ရွယ်တုန်းမှာ နောက်အိမ်ထောင်ပြုဖို့ ပြောပေးပါ၊ ဒါဆို သူ ကျွန်တော့်ကို ထပ်စောင့်နေရတော့မှာ မဟုတ်ဘူး"

‘တင်းရှန်းက သူမ အသက်ဆယ့်လေးနှစ်မှာ သူ့ကို လက်ထပ်ခဲ့ရတယ်၊ အခု သူမ ဆယ့်ခုနစ်နစ် ရှိနေပြီ၊ တကယ်လို့ သူသာ ထပ်ကြန့်ကြာနေဦးမည်ဆိုရင် သူမ အသက်ကြီးသွားပြီး အဘွားအိုတစ်ယောက် ဖြစ်လာလိမ့်မယ်၊ သူမ ဘယ်လိုလုပ်ပြီး ကောင်းမွန်တဲ့ မိသားစုကို ထပ်ရှာတွေ့နိုင်မှာလဲ။ ဒါပေမယ့် သူ အောင်မြင်ခဲ့ရင် အိမ်ပြန်နိုင်ပြီး မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပြီ၊ သူ့ရဲ့ ငယ်ရွယ်တဲ့ ဇနီးအတွက် စိုးရိမ်ပူပန်စရာ မလိုတော့ဘူး’

"ဒီကိစ္စက အလျင်စလို လုပ်လို့ မရဘူး၊ အကောင်အထည်မဖော်ခင် သေချာ စီမံဖို့ လိုတယ်၊ ပြီးတော့ ဒါက တစ်ရက်၊ နှစ်ရက်နဲ့ ပြီးသွားမယ့် တာဝန်မျိုးလည်း မဟုတ်ဘူး၊ ကျိုးယိနို... မင်း သေသေချာချာ စိတ်ပိုင်းဖြတ်ထားဖို့ လိုတယ်"

စစ်သူကြီးကျုံး၏လေသံကလည်း တည်ကြည်လေးနက်နေသည်။

‘တကယ်တော့ သူကိုယ်တိုင်လည်း အိမ်ပြန်ချင်နေပြီ မဟုတ်လား...

သူ အိမ်ကနေ ထွက်လာတုန်းက သူ့မြေးလေးတောင် မွေးကာစလေးပဲ ရှိသေးတယ်၊ အခုတော့ အဲ့ကလေးတောင် ခုနစ်နှစ်၊ ရှစ်နှစ်လောက် ရှိနေရောပေါ့’

All Chapters