← Chapters

လက်အိတ်များ (အပိုင်း ၂)

Vol. 6 Ch. 51

လက်အိတ်များ (အပိုင်း ၂)

Vol. 6 Ch. 51

"အမေ... အဒေါ်..."

စုန့်တင်းရှန်းနှင့် စုန့်ကျဲကျင့်တို့က ငယ်ရွယ်နုပျိုသော တက်ကြွသံများဖြင့် တညီတညွတ်တည်း လှမ်းအော်လိုက်ကြသည်။

သူမတို့၏ သွယ်လျသော ပုခုံးလေးများက သစ်သားထမ်းပိုးတိုလေးများ ဟန်ချက်ညီညီ ထမ်းထားကြပြီး ထမ်းပိုး၏ တစ်ဖက်တစ်ချက်စီတွင် ရေလျှံလုနီးပါး ပါရှိသော ရေပုံးများ ရှိနေကာ သူမတို့၏ ခြေလှမ်းများနှင့်အတူ လိုက်ပါလှုပ်ခါနေသည်။ နွေရာသီ၏ စိမ်းလန်းစိုပြည်သော နောက်ခံအလှတရားကြားမှ သူမတို့နှစ်ဦးက ကြာကန်ဆီသို့ ဦးတည်နေကြခြင်း ဖြစ်သည်။

ရာသီဥတုက တဖြည်းဖြည်း ပူပြင်းလာပြီး မက်မွန်ပန်းများလည်း ကြွေလွင့်သွားခဲ့ပြီဖြစ်သည။ ယခု မက်မွန်ပင်များပေါ်တွင် အမွေးနုလေးများပါသော အသီးငယ်လေးများသာ ကျန်ရစ်နေတော့သည်။

ကြာကန်အတွင်းရှိ ကြာစေ့များကလည်း အပင်ပေါက်လာပြီး နုပျိုစိမ်းလန်းသော အရွက်များက ရေကန်၏ မျက်နှာပြင်အတော်များများကို ဖုံးလွှမ်းနေပြီ ဖြစ်သည်။ အချို့သော အပင်များမှ ရှည်လျားသော အညှာတံများ ထွက်ပေါ်လာပြီး နုနယ်သော ကြာပွင့်ဖူးလေးများကိုပင် စတင်မြင်တွေ့နေရပြီ ဖြစ်သည်။

နွေရာသီအတွင်း၌ သာမန်လယ်ယာလုပ်ငန်းအချို့မှ လွဲ၍ တခြားအလုပ်မရှိသောကြောင့် ရွာအတွင်းရှိ အမျိုးသားအများစုက အလုပ်ရှာရန် ပြင်ပသို့ ထွက်ခွာလေ့ရှိကြသည်။ သို့သော် စုန့်ရှင်းယိ၏ မိသားစုဝင်ဖြစ်သည့် အမျိုးသားများကတော့ မသွားကြပေ။ သူတို့မိသားစုမှ အမျိုးသမီးများက သိုးမွှေးထိုးသည့်အလုပ်ဖြင့် အလုပ်ရှုပ်နေကြပြီး အမျိုးသားများက လယ်ထဲမှ အလုပ်များကို တာဝန်ယူပေးနေရသည်။

ပုံမှန်အားဖြင့် ပေါင်းမြက်ရှင်းခြင်းနှင့် ပိုးမွှားနှိမ်နင်းခြင်းက အမျိုးသမီးများ၏ အလုပ်ဖြစ်သော်လည်း ယခုအချန်တွင် ထိုအလုပ်များက အမျိုးသားများ၏ တာဝန် ဖြစ်လာခဲ့သည်။

အဓိကလမ်းမကြီးပေါ်တွင် လူ အသွားအလာ များပြားနေချိန်ဖြစ်သောကြောင့် ဖန့်ရှီနှင့် ကျန်းရှီတို့က အိမ်၌ ပဲစိမ်းစွပ်ပြုတ် ပြုတ်ကာ လက်ဖက်ရည်ကို ကျိုချက်ကြသည်။ သူမတို့က ရေတွင်းထဲ၌ အအေးခံထားသော ပဲစိမ်းစွပ်ပြုတ်ကို ကြာကန်အနီးရှိ နားနေဆောင်သို့ သယ်ဆောင်သွားပြီး ရောင်းချကြသည်။ မည်သို့ပင်ဖြစ်စေ ကြေးပြား အနည်းငယ် ရရှိနိုင်ခဲ့ကြသည်။

ကျန်းရှီနှင့် ဖန့်ရှီတို့က သူမတို့၏ သမီးများကို ဆီးကြိုရန် အမြန်ထွက်လာကြပြီး ပုခုံးပေါ်မှ ထမ်းပိုးများကို ကူဖြုတ်ပေးနေကြသည်။

ဖန့်ရှီက သူမ၏ထုံးစံအတိုင်း အလောတကြီး ပြောလာပြန်သည်။

"တင်းရှန်း၊ ဒါကို မြန်မြန်ကြည့်ပေးဦး၊ ငါ ထိုးထားတဲ့ လက်အိတ်က ဘယ်လိုနေလဲ"

စုန့်တင်းရှန်းတစ်ယောက် မောဟိုက်နေဆဲ ဖြစ်သော်လည်း ချွေးများကို သုတ်လိုက်ရင်း အရိပ်ရနေသည့် နားနေဆောင်အတွင်းသို့ ဝင်လိုက်ရသည်။ ဖန့်ရှီ၏ လက်အိတ်ကို ကိုင်ကြည့်လိုက်ချိန်တွင်တော့ သူမ မရယ်ဘဲ မနေနိုင်တော့ပေ။

"အမေ... ဒီနေရာမှာ ချည်တစ်ချက် ကျော်သွားတယ်၊ ပြီးတော့ လက်ချောင်းတွေကလည်း တစ်ချောင်းနဲ့တစ်ချောင်း မညီဘူးဖြစ်နေတယ်"

ဖန့်ရှီက သက်ပြင်းတစ်ချက်ချကာ ညည်းညူလိုက်ပြန်သည်။

"ငါလည်း တစ်ချိန်လုံး ထိုင်ရေနေတာပဲ၊ ထားလိုက်တော့၊ ပြန်ဖြုတ်ပြီး အစကနေပဲ ပြန်ထိုးတော့မယ်"

"အမေ... ဟိုဘက်က လူတွေက ဘယ်သူတွေလဲ"

စုန့်ကျဲကျင့်က သိချင်စိတ်အပြည့်ဖြင့် မေးနေခဲ့သည်။ သူမ၏ နုနယ်သော လက်ညှိုးလေးက ကြာကန်ထဲတွင် စုဝေးနေကြသည့် စာသင်သားဝတ်စုံဝတ်ထားစေသော လူငယ်တစ်စုကို ညွှန်ပြနေသည်။

စုန့်ကျဲကျင့်က အိမ်ထောင်ရေးစကား စတင်ပြောဆိုရမည့် အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သင့်တော်သူကိုတော့ ရှာမတွေ့ရသေးပေ။ ကံကောင်းသည်က သူမ ငယ်ရွယ်နေဆဲဖြစ်ပြီး ရွေးချယ်ရန် နောက်ထပ် နှစ်အနည်းငယ် အချိန်ရှိနေဖြင်းပင်။

ကျန်းရှီက ထိုနေရာသို့ တချက်လှမ်းကြည့်ပြီး ရှင်းပြလိုက်သည်။

"ပညာသင်သားတချို့ပါ၊ ဘယ်ကနေ ဘယ်လို ရောက်လာကြတယ်တော့ အမေလည်း မသိဘူး၊ ဒီက ရှုခင်းက အရမ်းလှလို့ လာကြည့်တာတဲ့၊ နောက်ပြီး နောက်ရက်အနည်းငယ်အတွင်းမှာ ဒီနေရာမှာ ကဗျာရွတ်တာနဲ့ ပန်းချီဆွဲတဲ့ ပွဲတော်တစ်ခု လုပ်ဖို့ စီစဉ်နေကြတယ်လို့လည်း ပြောကြတယ်။ ငါကတော့ သိပ်နားမလည်တာနဲ့ မြို့ပေါ်က စာသင်ကျောင်းကိုသွားပြီး နင်တို့ရဲ့ အငယ်ဆုံးဦးလေးဆီကို သွားပြောလို့ ပြောထားပြီးပြီ"

ဝတ်ရုံရှည်များ ဝတ်ဆင်ထားပြီး စာသင်သားဦးထုပ် ဆောင်းထားသည့် ထိုလူငယ်များက ရွာသားများနှင့် လုံးဝမတူဘဲ ပညာတတ်ဆန်သည့် အငွေ့အသက်များနှင့် သန့်စင်သောအမူအရာကို ပြသနေကြသည်။ စုန့်ကျဲကျင့်က အပြင်သို့ ထွက်လေ့ထွက်ထမရှိဘဲ သူမ မြင်ဖူးခဲ့သမျှ ပညာတတ်က သူမ၏အငယ်ဆုံးဦးလေးနှင့် ရှချမ်းတို့သာ ရှိသည်။

သို့သော်လည်း သူမတို့၏ အငယ်ဆုံးဦးလေးက အလွန်အမင်း ရုပ်ရည်ချောမောသူဖြစ်ရာ သူမ၏ အလှအပဆိုင်ရာ စံနှုန်းကလညး အတော်လေး မြင့်မားနေခဲ့သည်။ ထို့ကြောင့် သူမက ထိုစာသင်သားလူငယ်များကို ခေတ္တမျှသာ ကြည့်ခဲ့ပြီး နောက်ပိုင်းတွင် စိတ်ဝင်စားမှု လျော့နည်းသွားသည်။

စုန့်တင်းရှန်းကတော့ ပို၍ပင် စိတ်မဝင်စားနိုင်သူ ဖြစ်သည်။ ဤခေတ်ကာလတွင် လူတိုင်းက ပညာရှိများကို အားကျကြသည် မှန်သော်လည်း သူမဘက်မှ ကြည့်လျှင် ဤစကားများလွန်းသော ပညာရှိတစ်စုက လူမှုပတ်ဝန်းကျင်၏ အထုအထောင်းကို မခံရသေးသော အထက်တန်းကျောင်းသား သို့မဟုတ် တက္ကသိုလ်ကျောင်းသားများနှင့် ဆင်တူနေသည်သည်။ အချို့ကတော့ မိမိတို့ မည်သည့်နေရာ၌ ရှိနေမှန်းမသိလောက်အောင် အသိဉာဏ်နည်းပါးပြီး မောက်မာသူများ ဖြစ်နေသေးသည်။

သို့သော်လည်း လှပသော မိန်းမပျိုလေးနှစ်ဦး ရောက်ရှိလာသည်ကို မြင်လိုက်ရသည့် ထိုစာသင်သားလူငယ်များကတော့ ရုတ်တရက် စိတ်ဝင်စားသွားကြပုံပေါ်သည်။

"မိုးစက်နုနုက ကျောက်စိမ်းအသွင်နဲ့ ကြာဖက်လေးတွေပေါ် ရောက်ရှိချိန်... လေပြေအေးက မိုးမခပင်ပျိုတွေကြားမှာ ကခုန်နေလေတော့.... အေးချမ်းမှုက စိတ်နှလုံးအထိ တိုးဝင်ပြည့်လျှံလာရပြီ.... ဘဝရဲ့ ဥယျာဉ်ထဲက ထူးကဲလှပတဲ့ အလှတရားတွေက စိတ်ခွန်အားဖြစ်စေခဲ့တော့... သာမန်လူသားအဖို့ ငြိမ်းချမ်းတဲ့ ရင်ခွင်တစ်ခု ဖြစ်လာစေတာပေါ့"

"ညီအစ်ကိုကျန်း... ဒါက ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ကဗျာတစ်ပုဒ်လဲ"

ကျန်းဝူချူက ယုံကြည်မှုအပြည့်ရှိသော အမူအရာဖြင့် သူ့ပုခုံးကို ဆန့်တန်းလိုက်ပြီး နားနေဆောင်အတွင်းရှိ မိန်းမငယ်လေးနှစ်ဦးကို ဂုဏ်ယူဝင့်ကြွားစွာ လှမ်းကြည့်နေသည်။

စုန့်တင်းရှန်း၏ နှုတ်ခမ်းအစုံက အနည်းငယ်တွန့်သွားပြီး မိခင်ဖြစ်သူကို လှမ်းပြောလိုက်သည်။

"အမေ... အိမ်မှာ သိုးမွှေးတွေ တပုံကြီး ကျန်နေသေးတယ်၊ သမီးနဲ့ စန်းနွီအာ အရင် ပြန်နှင့်တော့မယ်"

ဖန့်ရှီနှင့် ကျန်းရှီတို့က ထိုစာသင်သားများ ဘာတွေ ရွတ်ဆိုနေမှန်း နားမလည်ကြသော်လည်း မည်သို့ပင်ဖြစ်စေ သူတို့က အမျိုးသားများ ဖြစ်နေပြီး သူမတို့၏ သမီးများ ဤနေရာ၌ ကြာရှည်နေရန် မသင့်တော်ဟု ယူဆကြသည်။

"အင်း... မြန်မြန်ပြန်ကြတော့၊ ငါတို့လည်း ဒါတွေရောင်းပြီးတာနဲ့ ပြန်လာတော့မှာ၊ နင်တို့ ဒီကို ထပ်လာစရာ မလိုတော့ဘူး"

စုန့်တင်းရှန်းက ခေါင်းညိတ်ပြလိုက်ပြီး စုန့်ကျဲကျင့်နှင့်အတူ ရေပုံးအလွတ်များကို မကာ ပြန်ထွက်လာခဲ့ကြသည်။

ကျန်းဝူချူက သူ့၏မိတ်ဆွေများကို လှည့်ကြည့်ရင်း တိုင်ပင်လိုက်သည်။

"ဒီလို ရွာငယ်လေးမှာ ဒီလောက်လှတဲ့ မိန်းခလေးတွေနဲ့ ရှုခင်းတွေ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။ ခုနက ဒီအဒေါ်ကြီးနှစ်ယောက်ရဲ့ အပြောအရဆိုရင် ငါတို့ မြို့ပေါ်စာသင်ကျောင်းမှာ ရှိတဲ့ စုန့်ကျစ်ရွှမ်းကို သွားရှာရမှာ မဟုတ်ဘူးလား၊ ဒါဆိုရင်လည်း ငါတွေ မြန်မြန်သွားပြီး ဒီကိစ္စကို မြန်မြန် စီစဥ်ကြတာပေါ့"

‘ဟဲ ဟဲ... ဒီမိန်းခလေးနှစ်ယောက်ရဲ့ အိမ်ထောင်ရေးအခြေအနေကို စုံစမ်းမေးမြန်းနိုင်ရင်တော့ အကောင်းဆုံးပေါ့’

........။.....။........

စုန့်တင်းရှန်းက ကျိုးယိနိုထံသို့ စာတစ်စောင် ရေးပို့ခဲ့သော်လည်း နောက်ဆုံးတွင် ခဏလေးမဟုတ်ဘဲ ခြောက်လတိတိ စောင့်ဆိုင်းခဲ့ရသည်။

တစ်နေ့တွင် မည်သူမျှ ကြိုတင်မသိရဘဲ ရွာအတွင်းသို့ သူစိမ်းတစ်ယောက် ရောက်ရှိလာခဲ့သည်။ ထိုလူက ယဉ်ကျေးသိမ်မွေ့သော အမူအရာရှိသည့် စီးပွားရေးသမားတစ်ဦးဖြစ်ပြီး ရွာထဲသို့ ဝင်လာပြီးနောက် စုန့်ရှင်းယိနှင့် တိုက်ရိုက်တွေ့ဆုံရန် မေးမြန်းစုံစမ်းခဲ့သည်။

ထိုလူက မြောက်ပိုင်းဒေသမှ ထူးဆန်းသော ကုန်ပစ္စည်းအမြောက်အမြား ယူဆောင်လာခဲ့ပြီး ၎င်းက အလားအလာကောင်းသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာနိုင်ကြောင်း အရိပ်အယောင်ပြနေသည်။ ရွာသားများက သိချင်စိတ် ပြင်းပြလာကြပြီး ဤဧည့်သည်က စုန့်ရှင်းယိ၏ စီးပွားဖက်ဟောင်းတစ်ဦး ဖြစ်လိမ့်မည်ဟု ချက်ချင်း ထင်ကြေးပေးလိုက်ကြသည်။ ထို့နောက် ထိုသူစိမ်းအား ရွာလယ်ရှိ စုန့်လောင်စစ်၏အိမ်ဆီသို့ စိတ်အားထက်သန်စွာဖြင့် လမ်းပြပို့ဆောင်ပေးလိုက်ကြသည်။

ထိုစီးပွားရေးသမားကို လက်ခံတွေ့ဆုံပြီးနောက် စုန့်တင်းရှန်း သိလိုက်ရသည်က ကျိုးယိနိုဘက်မှ သိုးမွှေးအမြောက်အမြား အမှန်တကယ် ဝယ်ယူပြီး ပို့ပေးလိုက်ခြင်းပင်။ သူက ဈေးနှုန်းကိုလည်း သတ်မှတ်ပေးလိုက်ပြီး သိုးမွှေး ၁၀ ကျင်းကို လက်အိတ်တစ်စုံဖြင့် လဲလှယ်ရန် ညှိနှိုင်းပေးလိုက်သည်။ အရောင်ဆိုးရန် မလိုဘဲ အဖြူရောင်အတိုင်းသာ ထိုးပေးရမည် ဖြစ်သည်။

လက်အိတ်များ၏အတွင်းသားအဖြစ် ဖိချုပ်ရန် သိုးသားရေများကိုလည်း ပို့ပေးလိုက်ပြီး သိုးသားရေတစ်ချပ်လျှင် လက်အိတ်ဆယ်စုံ နှုန်းဖြင့် တွက်ချက်၍ စုန့်တင်းရှန်း အသုံးပြုနိုင်ရန် စီစဉ်ပေးထားသည်။

သေချာစွာ တွက်ချက်ကြည့်ပြီးနောက် စုန့်တင်းရှန်းလည်း ဤလုပ်ငန်းမှ အမြတ်အစွန်း များစွာရနိုင်သည်ဟု ခံစားမိသွားပြီး ချက်ချင်း သဘောတူလိုက်သည်။

အကျိုးဆက်အနေဖြင့် စုန့်မိသားစုတစ်ခုလုံး အလွန်ပင် အလုပ်များသွားရသည်။ ပဉ္စမအဖွားနှင့် ဆဋ္ဌမအဖွားတို့လည်း သိုးမွှေးများကို ပြုတ်ရန်၊ သားရေနယ်ရန်နှင့် ချည်ငင်ရန်အတွက် လာရောက်ကူညီပေးနေရသည်။ စုန့်လောင်တာ့၊ စုန့်လောင်အာ့နှင့် စုန့်လောင်စန်းတို့၏မိသားစုများကတော့ တိတ်ဆိတ်နေကြသည်။

စုန့်လောင်တာ့နှင့် စုန့်လောင်အာ့တို့ကတော့ သူတို့၏ စတုတ္ထညီ တစ်ခုခုကို တွေးတောကြံဆပြီး ငွေရှာနေခြင်းဟုသာ ယူဆနေကြသည်။ သူတို့က အစ်ကိုကြီးများ ဖြစ်သလို သူတို့အိမ်များ၌လည်း ငွေကြေးပြတ်လပ်ခြင်း မရှိကြပေ။ ထို့အပြင် သူတို့ကိုယ်တိုင်လည်း အသက်အရွယ် ရလာပြီဖြစ်သောကြောင့် ထိုကဲသို့ အလုပ်မျိုးကို ဝင်ရောက်စွက်ဖက်ရန် မလိုလားကြတော့ပေ။

စုန့်လောင်စန်း၏မိသားစုကတော့ လာရောက်ကူညီရန် စကားစခဲ့ကြသည်။ လီရှီက လူအင်အား မလိုအပ်သေးဟု ပြောကာ ယဉ်ယဥ်ကျေးကျေး ငြင်းပယ်ခဲ့သည်။

အမှန်တကယ်တွင်မူ သိုးမွှေးအများစုကို မြို့ပေါ်ရှိ ဆိုင်ခန်း၌ သိုလှောင်ထားကြပြီး စုန့်ဟူဇီနှင့် စုန့်ထုတန်တို့က စောင့်ရှောက်နေကြခြင်း ဖြစ်သည်။ သူတို့အတွက် ကုန်ပစ္စည်းပို့ရန် မြို့သို့ သွားသည့်အခါမှသာ အချောသတ်ပြီးသား လက်အိတ်များကို ယူဆောင်သွားပြီး သိုးမွှေးအသစ်များကို တစ်သုတ်ချင်း ပြန်သယ်လာကြသောကြောင့် အပြင်လူများ အာရုံမစိုက်မိ ဖြစ်နေကြခြင်းပင်။

(စုန့်ဟူဇီမှာလေ ဟူဇီက နံမည်ပြောင်လို့ ထင်တာပဲ)

စုန့်ဟူဇီက ယခုအခါ စုန့်မိသားစု၏ ဆိုင်တာဝန်ခံလေး ဖြစ်နေပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူလည်း စာသင်ခန်းထဲတွင် အမှတ်မကောင်းသည့်အတွက် အပြစ်ပေးခံရသည့် ဒုက္ခများမှ လွတ်မြောက်သွားပြီး စိတ်ဓာတ် တက်ကြွနေခဲ့သည်။ သူက စီးပွားရေးဘက်တွင် ပါရမီပါပုံရပြီး စကားပြောချိုသာကာ ဈေးကောင်းကောင်း ရောင်းနိုင်သည့်အပြင် စာရင်းအင်းပိုင်းတွင်လည်း ကျွမ်းကျင်သေးသည်။

သူက ဆိုင်ခန်းကို ရိုးရိုးတန်းတန်း ဖွင့်လှစ်ထားရုံဖြင့် အားမရနိုင်ဖြစ်နေခဲ့သည်။ သူ၏ စီးပွားရေးလုပ်ငန်းရှင်စိတ်ဓာတ် နိုးကြားလာပြီး ပါးနပ်သော အရောင်းမြှင့်တင်ရေး ဗျူဟာများကို ကြံဆနေခဲ့သည်။

သူက စုန့်တင်းရှန်းထံမှ သင်ယူခဲ့ပြီး အကြုံတစ်ချို့လည်း တောင်းခံခဲ့သည်။ ထို့အပြင် အချက်အပြုတ်ပညာရပ်ထဲသို့ ခြေစုံပစ်ဝင်ခဲ့ပြီး အရသာရှိသော ဟင်းလျာအချို့ကိုလည်း ကျွမ်းကျင်စွာ ချက်ပြုတ်တတ်လာသည်။ မိသားစု၏ အဖိုးတန် ပဲငံပြာရည်၊ ငရုတ်သီးအနှစ်၊ ကြွပ်ရွသော ဟင်းရွက်ချဉ်များနှင့် နူးညံ့လှသောတို့ဟူးများကို အသုံးပြုကာ ခံတွင်းမြိန်စေမည့် ဟင်းပွဲများ ဖန်တီးခဲ့သည်။

သူ့အချက်အပြုတ်လက်ရာ၏ ကောင်းသတင်းက တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး သူ့လက်ရာကို မြည်းစမ်းရန် စိတ်အားထက်သန်နေသည့် ဖောက်သည်များ အဆက်မပြတ် ရောက်ရှိလာခဲ့သည်။ ဆိုင်အတွင်း၌ နေ့စဉ်နှင့်အမျှ လူစည်ကားနေပြီး စိတ်ကျေနပ်အောင် စားသောက်ပြီးသည့် စားသုံးသူများကလည်း သူ၏ ဟင်းပွဲများကို ချီးကျူးကာ အပြုံးများဖြင့် ပြန်သွားကြသည်။

ကောင်ငယ်လေးက သူ အိမ်ထောင်ပြုသည့်အခါ သူ့မိဘများ အပင်ပန်းခံရှာဖွေထားသည့် ငွေများကို မယူဘဲ သူကိုယ်တိုင် ရှာဖွေထားသော ငွေများကိုသာ တင်တောင်းကြေးအဖြစ် အသုံးပြုမည်ဟု ကြိုတင်စီစဉ်ထားခဲ့သည်။ သူ၏ မိဘများနှင့် ဘိုးဘွားများကလည်း ငွေရှာရန် ပင်ပန်းနေပြီသောကြောင့် သူလည်း အဒေါ်ဖြစ်သူ စုန့်တင်းရှန်းကဲ့သို့ ထက်မြက်လာပြီး ငွေရှာနိုင်ရန် မျှော်လင့်တကြီး ကြိုးစားနေခဲ့သည်။

စုန့်တင်းရှန်း၏ မိသားစုမှ အမျိုးသမီးများကလည်း လက်အိတ်များ ချုပ်ရန် နေ့စဉ် ကြိုးစားအားထုတ်နေကြပြီး လက်အိတ်အတွင်းခံနှင့် သားရေများကို ချုပ်လုပ်ရန်အတွက် ပဉ္စမအဖွားနှင့် ဆဋ္ဌမအဖွားတို့၏ မိသားစုများမှ အမျိုးသမီးများကို လက်ခစား ပေးထားခဲ့သည်။ တစ်လမပြည့်မီမှာပင် လက်အိတ်တစ်သေတ္တာစာ အောင်အောင်မြင်မြင် ချုပ်နိုင်ခဲ့ကြသည်။

ထိုလက်အိတ်များကို မြောက်ပိုင်းသို့ ပို့ဆောင်လိုက်ကြပြီး ရာသီဥတု အေးလာချိန်၌ စစ်သည်များ ဝတ်ဆင်နိုင်ကြတော့မည် ဖြစ်သည်။

သို့သော် စုန့်တင်းရှန်း မမျှော်လင့်ထားသည့်အရာက သူမဘက်မှ လက်အိတ်များ ပို့ဆောင်ရန် အသင့်ဖြစ်နေချိန်၌ ကျိုးယိနိုက ရုပ်ဖျက်ပြီး အခြားမျိုးနွယ်စု၏နယ်မြေအတွင်းသို့ ရောက်ရှိနေခဲ့ခြင်းပင်။

စာရေးသူ၏ မှတ်ချက်

ကျိုးယိနို : ငါ အိမ်ပြန်ချင်တယ်၊ ဟီး... ငါ့ဇနီးလေးကို လွမ်းလိုက်တာ။

စုန့်တင်းရှန်း : အင်း... ဒါလေးလုပ်ရင် ငွေရrယ်၊ ဟိုဟာလေးလုပ်ရင်လည်း ငွေရမှာ သေချာတယ်၊ ငွေရှာမယ်... ငွေရှာမယ်... ပြီးရင်တော့ မြောက်ပိုင်းဒေသရောက်နေတဲ့ ကျိုးကောကို လွမ်းလိုက်ဦးမယ်။

All Chapters