← Chapters

မသေမျိုးနတ်ဘုရားမရဲ့ ဉာဏ်အလင်းပေးမှု

Vol. 6 Ch. 52

မသေမျိုးနတ်ဘုရားမရဲ့ ဉာဏ်အလင်းပေးမှု

Vol. 6 Ch. 52

"ဒီနှစ်တော့ မက်မွန်သီးတွေ တော်တော် အထွက်ကောင်းမယ့်ပုံပဲ"

စုန့်ကျစ်ယွမ်က သစ်သီးခြံကို သွားကြည့်ပြီးနောက် စိုးရိမ်ပူပန်သော မျက်နှာပေးဖြင့် ပြန်ရောက်လာသည်။

"တောင်ပိုင်းကယူလာတဲ့ အဲဒီ မက်မွန်ဝါပင်တွေက ဖြစ်ထွန်းလွန်းနေတယ်၊ အသီးတစ်လုံးချင်းစီကလည်း ဖောင်းကားနေပြီး အကိုင်းတွေတောင် ညွတ်ကျနေပြီ"

"အပင်တွေ ဖြစ်ထွန်းတာက ကောင်းတာ မဟုတ်ဘူးလား"

စုန့်တင်းရှန်းက စုန့်ကျစ်ယွမ် မျက်နှာသုတ်ရန် လက်ကိုင်ပုဝါတစ်ထည် ကမ်းပေးရင်း မေးမြန်းလိုက်သည်။

စုန့်ကျစ်ယွမ်က ခေါင်းယမ်းလိုက်သည်။

"အဲဒီမက်မွန်ဝါမျိုးစိတ်က ငါတို့ဒေသက မက်မွန်သီးတွေလောက် အရောင်းမသွက်ဘူး၊ မနှစ်ကလည်း အများကြီး ပိုထွက်လို့ နေလှန်းပြီး သိမ်းထားခဲ့ရတယ်၊ ဒီနှစ်လည်း နောက်တစ်သုတ်ဆိုတော့ အကုန် အလဟဿ ဖြစ်တော့မယ့်ပုံပဲ"

အမှန်တကယ်တွင် သစ်သီးဝလံများ ရောင်းချရန် မလွယ်ကူလှပေ။ အထူးသဖြင့် လတ်ဆတ်သော သစ်သီးများကို ရောင်းရန်က ပိုခက်ခဲသည်။ သစ်တော်သီးနှင့် တည်သီးများက ရာသီဥတု အေးလာလျှင် အေးခဲထားနိုင်ပြီး ဆောင်းတွင်းတစ်လျှောက်လုံး ရောင်းချနိုင်သောကြောင့် အနည်းငယ် ပို၍ အဆင်ပြေသည်။

အကယ်၍ တည်သီးများ အလွန်အကျွံ များပြားနေပါက တည်သီးခြောက်များ ပြုလုပ်နိုင်သည်။ ထိုတည်သီးခြောက်များပေါ်ရှိ အဖြူရောင်အမှုန်လေးများက ချောင်းဆိုးခြင်းကို သက်သာစေသည်။ ချောင်းဆိုးနေသူ မည်သူမဆို တည်သီးတစ်စိတ်လိုက် စားလိုက်ရုံဖြင့် သက်သာသွားတတ်သည်။

ပန်းသီးနှင့် တောဇီးပန်းသီးများကိုတော့ အခြောက်လှန်းပြီး ဆောင်းတွင်းတစ်တွင်းလုံး ရောင်းချနိုင်သည်။ သလဲသီးများကလည်း သိုလှောင်ရန် ပိုလွယ်ကူသည့် ကြာရှည်ခံသီးနှံမျိုးဖြစ်သည်။ အလွန်ပူသောနေရာ သို့မဟုတ် အလွန်အေးခဲနေသောနေရာတွင် မထားသရွေ့ ဆောင်းတွင်းတစ်လျှောက်လုံး စားသုံးနိုင်ပေသည်။

မက်မွန်သီးများကတော့ သိုလှောင်ရန်အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့သည်။ နေလှန်းပြီး အခြောက်ခံရခြင်းက အလွန် နှမြောစရာကောင်းသည်ဟု ထင်ရသော်လည်း လတ်လတ်ဆတ်ဆတ် ရောင်းချနိုင်သည့်အချိန်ကလည်း တစ်လခန့်သာ ရှိနေပြန်သည်။

ထို့ကြောင့် မက်မွန်သီးများ လှိုင်လှိုင်ထွက်ရှိသည့်အချိန်မျိုးတွင် နေလှန်းပြီး အခြောက်ခံ သိမ်းဆည်းခြင်းက အလက်တွေ့ကျဆုံး နည်းလမ်းဖြစ်သည်။ ရလဒ်အနေဖြင့် ဆောင်းရာသီတွင် လတ်ဆတ်သော မက်မွန်သီး၏ အရသာကို ခံစားနိုင်ရန် မဖြစ်နိုင်တော့ပေ။

သို့သော် စုန့်တင်းရှန်း ဟင်းရွက်ချဉ် စတင်လုပ်ချိန်မှ စ၍ ပန်းသီးနှင့် သစ်တော်သီးများအတွက် စိတ်ပူစရာ မလိုတော့ပေ။ လတ်လတ်ဆတ်ဆတ် မရောင်းရလျှင်ပင် ၎င်းတို့ကို အမျှင်ခြစ်ပြီး ချဥ်ဖတ်ထည့်ရာတွင် ထည့်သွင်းနိုင်သည်။ ကင်မ်ချီဟု ခေါ်သည့် ထိုဟင်းရွက်ချဥ်က အလွန်အရောင်းရသွက်လှပြီး ကုန်သည်များက နေ့စဉ်နှင့်အမျှ စည်ပိုင်းလိုက် လာရောက်ဝယ်ယူကြသည်။ စျေးကို တစ်ပတ်လှည့်ပြီး ပြန်ကြည့်လျှင်ပင် ထိုကင်မ်ချီက ကုန်သလောက် ဖြစ်နေတတ်သည်။

ကင်မ်ချီက သာမန်ဟင်းရွက်ချဉ်များထက် အနည်းငယ် ဈေးပိုကြီးသော်လည်း လူကြိုက်များနေဆဲပင်။

ယခုအချိန်တွင် ရင်မောနေရသည်က မက်မွန်သီးများကြောင့် ဖြစ်သည်။ ခုနစ်လပိုင်းရောက်လာသည်နှင့် မက်မွန်သီးများ တစ်လုံးပြီးတစ်လုံး ရင့်မှည့်လာကြပြီး ရှစ်လပိုင်းတွင် အသီးလှိုင်လှိုင်ပေါများလာတတ်သည်။

ကိုးလပိုင်းသို့ ရောက်လာပြီး ရာသီဥတု စတင်အေးလာသည့်အချိန်တွင်တော့ ကောင်းမွန်စွာ မသိုလှောင်နိုင်သည်နှင့် ထိုမက်မွန်သီးများ စတင်ပုပ်သိုးလာတော့သည်။

ပြီးခဲ့သည့်နှစ်တွင် စုန့်တင်းရှန်းက သူမတို့အိမ်မှ သစ်သီးများ၏ အခြေအနေကို သတိမထားမိခဲ့သလို မက်မွန်ဝါသီး အထွက်နှုန်းကလည်း သိပ်မများသောကြောင့် စုန့်ကျစ်ယွမ်ကလည်း စိတ်မပူခဲ့ပေ။ သို့သော် ယခုနှစ်တွင် မက်မွန်ဝါသီးများ အဆမတန် အထွက်တိုးလာသောကြောင့် သူ မပူပန်ဘဲ မနေနိုင်တော့ပေ။

မြောက်ပိုင်းသားများက မက်မွန်ဝါသီးကို အထူးတလည် နှစ်သက်ခြင်း မရှိကြပေ။ မက်မွန်ဝါသီးက မြောက်ပိုင်းဒေသ၏ ထူးခြားသော ကြွပ်ကြွပ်ရွရွ မက်မွန်သီးအနီများထက် အသား ပိုကြမ်းပြီး အချိုလည်း ပေါ့သည့် အမျိူးအစား ဖြစ်သည်။ ပုံမှန်အားဖြင့် လတ်ဆတ်သည့်သီးနှံကို စားချင်သောကြောင့်သာ အာသာပြေရုံ စားကြခြင်း ဖြစ်သည်။

ထို့ကြောင့် မနှစ်က မက်မွန်ဝါသီးခြောက် အတော်များများ ပြုလုပ်ခဲ့ရပြီး တချို့ကို ရောင်းချကာ တချို့ကို လက်ဆောင်ပေးခဲ့ကြသည်။ အပိုအလျှံ များများစားစားတော့ မကျန်နေခဲ့ချေ။

စုန့်တင်းရှန်းထံတွင် အကြံတစ်ခု ရှိခဲ့သော်လည်း ကုန်ကျစရိတ်များပြားမည် ဖြစ်သောကြောင့် သူမ ဘာမှ မပြောဘဲနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ စုန့်ကျစ်ယွမ် စိုးရိမ်နေသည်ကို မြင်လိုက်ရသဖြင့် သူမ မပြောဘဲ မနေနိုင်တော့ပေ။

"အဖေ၊ သမီးမှာ အကြံကောင်းတစ်ခု ရှိတယ်"

အနီးနားတွင် သိုးမွေးလက်အိတ်ထိုးနေသည့် ဖန့်ရှီက ထိုစကားကို ကြားသွားပြီး အမြန် ဝင်တိုက်တွန်းလိုက်သည်။

"ဘာနည်းလမ်းလဲ၊ နင်က အမြဲတမ်း ဥာဏ်အကောင်းဆုံးပဲ၊ နင့်အဖေကို မြန်မြန် အကြံပေးလိုက်စမ်းပါဦး"

"မက်မွန်ဝါသီးတွေက သမီးတို့ဆီက မက်မွန်သီးအနီတွေနဲ့ ပျားရည်မက်မွန်သီးတွေလောက် အရသာမရှိပေမယ့် သေသေချာချာ စီမံနိုင်ရင် အလွယ်တကူ မပုပ်သွားဘဲ သစ်သီးစည်သွပ်ဘူးလုပ်ဖို့ အဆင်ပြေတယ်၊ ဒါပေမယ့် အဲ့ဒါတွေကို သိုလှောင်ဖို့ ကြွေအိုးလေးတွေ သုံးရမယ်၊ ပြီးတော့ သကြားလည်း အများကြီး လိုလိမ့်မယ်၊ သေသေချာချာ ပိတ်ထားတဲ့ သစ်သီးအိုးလေးတွေကို ဆောင်းတွင်းကျမှ ဖွင့်စားရင်တောင် လတ်ဆတ်တဲ့ မက်မွန်သီး အရသာအတိုင်း စားနိုင်လိမ့်မယ်"

"ဒါဆို အဲ့လိုထားရင် မပုပ်ဘူးဆိုတာကို နင် ဘယ်လို သိခဲ့တာတုန်း"

"သမီး အရင်တုန်းက ဟူထောင်ကို ကူညီဖို့ မြို့ကို သွားခဲ့သေးတယ်လေ၊ အဲ့မှာ တောင်ပိုင်းကလာတဲ့ ကုန်သည်တွေ ပြောတာကို သမီး ကြားခဲ့တာ၊ သူတို့ဘက်မှာလည်း မက်မွန်ဝါတွေ အများကြီး ထွက်တော့ အကုန်မစားနိုင်ရင် ဒီနည်းလမ်းနဲ့ သိမ်းထားကြတယ်တဲ့၊ အဲလိုဆိုရင် အကြာကြီး သိမ်းထားလို့ ရတယ် ပြောတာပဲ"

စုန့်ကျစ်ယွမ်က ရေအိုးထဲမှ ရေကို ခပ်ယူကာ မော့သောက်လိုက်ကာ သူ့ပါးစပ်ကို သုတ်ပြီးမှ ဝင်ပြောလိုက်သည်။

"အလုပ် ဖြစ် မဖြစ် သိရအောင် စမ်းကြည့်ဖို့ ငါ အိုးတွေ သွားမှာလိုက်မယ်"

ဖန့်ရှီက ဝင်ပြောလိုက်ပြန်သည်။

"ဒါပေမယ့် အဲဒါတွေက ကြွေအိုးတွေလေ၊ ငွေတွေ အများကြီး ကုန်မှာပေါ့"

ပုံမှန်အားဖြင့် မိသားစုတော်တော်များများက မြေအိုးနှင့် မြေခွက်များကိုသာ အသုံးပြုကြပြီး ထိုအိုးခွက်များက စျေးသက်သာသည်။ ကြွေပန်းကန်လုံးများကတော့ ဈေးကြီးလွန်းပြီး တအိမ်တွင် အစုံအနည်းငယ်ရှိတတ်ကြသည်။ ထူးခြားသော ပွဲလမ်းသဘင်နှင့် ပျော်စရာအခါသမယများတွင်သာ ထုတ်သုံးလေ့ရှိကြသည်။

စုန့်ကျစ်ယွမ် ဖန့်ရှီထက် ပိုတွေးနိုင်ပြီး ပိုအမြော်အမြင်ရှိသူ ဖြစ်သည်။ သူက အေးအေးဆေးဆေး ပြန်ရှင်းပြနေသည်။

"တကယ်လို့ ဒါတွေကို ဆောင်းတွင်းအထိ သိမ်းထားနိုင်ပြီး အရသာကလည်း လတ်ဆတ်တဲ့ အသီးလို ဖြစ်နေမယ်ဆိုရင် ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းနိုင်မှာ သေချာတယ်၊ ဒီကြွေအိုးဖိုးတွေလည်း ပြန်ရလာမှာပဲ၊ တင်းရှန်း... သူတို့က ဘယ်လိုကြွေအိုးမျိုး သုံးရမယ်ဆိုတာရော ပြောခဲ့ကြသေးလား"

စုန့်တင်းရှန်းက အကြိမ်အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လက်ဟန်ခြေဟန်ဖြင့် စရှင်းပြလိုက်သည်။

"သမီး စပ်စုချင်တာနဲ့ အသေးစိတ် မေးကြည့်ခဲ့တယ်၊ သူတို့ပြောတာတော့ လက်ဆောင်ပေးဖို့ဆိုရင် အမြင့် ခြောက်လက်မလောက်ရှိပြီး လှပတဲ့ အိုးအသေးလေးတွေ သုံးတယ်တဲ့၊ အများကြီး သိုလှောင်မယ်ဆိုရင်တော့ ဝဝကျဥ်းပြီး ဗိုက်ပူတဲ့အိုးကြီးတွေ သုံးကြတယ်တဲ့၊ အဓိကကတော့ အိုးတွေကို သေသေချာချာ ပိတ်နိုင်ဖို့ပဲ၊ အသီးတွေမထည့်ခင် အိုးထဲကို အရက်ဖြူနဲ့ အရင်သုတ်ရမယ်၊ ပြီးရင် ကြွေအိုးတွေကို အိုးကြီးတစ်လုံးထဲ ထည့်ပြုတ်ရမယ်၊ ကြွေအိုးပူနေတုန်းမှာ အသီးနဲ့ သကြားရည်တွေ လောင်းထည့်ပြီး အဖုံးပိတ်ကို လုံအောင်ပိတ်ရမယ်၊ ပြီးရင် အေးပြီး နေရောင်မထိတဲ့နေရာမှာ သိမ်းထားလိုက်ရုံပဲ"

(t/n: ဒီမှာ အတိုင်းအတာနဲ့ ပတ်သတ်ပြီး နည်းနည်း ပြောချင်တယ်၊ သူတို့ရဲ့ ရှေ့ခတ်မှာ ဆွန်း၊ ချီ၊ ကျန်း ဆိုပြီး သုံးလေ့ ရှိကြတယ်၊ ဆယ်စွန်း တစ်ချီ၊ ဆယ်ချီ တစ်ကျန်းပေါ့၊ တချီက မြန်မာတွေရဲ့ တစ်ပေနဲ့ တော်တော်တူတယ်(၃၃ စင်တင်မီတာ ရှိတယ်)၊ စွန်းကတော့ လက်မနဲ့တူတယ်၊ အဲ့တာကြောင့် မြင်သာအောင် ပေ၊ လက်မနဲ့ ရေးသွားမယ်နော်)

"ဒါဆို ကြွေအိုးနဲ့ သကြားပဲ လိုတာပေါ့၊ ဟုတ်ပြီလေ၊ ဘာပဲဖြစ်ဖြစ် ဒီနှစ်နှစ်အတွင်းမှာ ငါတို့လည်း နင့်ကြောင့် ငွေ အတော်အတန် ရထားပြီးပြီပဲ၊ စမ်းကြည့်ကြတာပေါ့"

စုန့်ကျစ်ယွမ်က ဖန့်ရှီကို လှည့်ကြည့်လိုက်ပြီး ချက်ချင်း ပိုက်ဆံတောင်းလိုက်သည်။

"မိန်းမ၊ ဒါဆို ငွေထုတ်ပေးဦး၊ ငါ အခု သွားပြီး အိုးတွေ မှာလိုက်မယ်"

"ရှင် အာ့နွီပြောသမျှ အကုန်လိုက်လုပ်ပေးနေတာပဲလား၊ တကယ်လို့ အဆင်မပြေရင် ဘယ်လိုလုပ်ကြမလဲ"

ဖန့်ရှီတစ်ယောက် သူမလက်ထဲမှ လက်အိတ်ကို ချလိုက်ပြီး ငွေသွားထုတ်ရင်း တတွတ်တွတ် ရေရွတ်နေပြန်သည်။

"အိုးတွေကတော့ နောက်ပိုင်း ပြန်ရောင်းလို့ ရနိုင်သေးတယ်၊ သကြားတွေကတော့ အလဟဿ ဖြစ်ကုန်မှာ သေချာတယ်"

"စမ်းမကြည့်ရင် အလုပ်ဖြစ် မဖြစ် ဘယ်လို သိနိုင်တော့မှာလဲ၊ တကယ်လို့ အဆင်ပြေသွားရင် အသီးတွေ ပုပ်ကုန်မှာကို စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့"

စုန့်ကျစ်ယွမ်က နှစ်စဉ်နှစ်တိုင်း အသီးများ ပုပ်ကုန်သည်ကို အမှန်တကယ် နှမြောပြီး စိတ်ဆင်းရဲခဲ့ရသူ ဖြစ်သည်။

‘တကယ်လို့ ဒီအသီးတွေကို ငွေအဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင် ကြွေအိုးနည်းနည်း ဝယ်ထားရတာက ဘာမှ နစ်နာစရာ မရှိဘူးလေ’

ဖန့်ရှီကတော့ ရင်နာနေပုံဖြင့် လွန်ခဲ့သည့် နှစ်နှစ်အတွင်း စုဆောင်းထားသော ငွေများကို ထုတ်ပေးနေသည်။

"အိမ်အသုံးစရိတ်တော့ ချန်ထားရဦးမယ်၊ ရော့... ဒါတွေအကုန် ယူသွားတော့၊ တကတည်းမပဲ၊ အိမ်မှာ ငွေလေး နည်းနည်းစုမိရုံရှိသေးတယ်၊ ရှင်တို့သားအဖက ဘယ်လို သုံးရမလဲဆိုလို့ တွေးနေကြပြီ"

စုန့်တင်းရှန်းက အပြုံးဖြင့် ချော့မော့လိုက်သည်။

"အမေကလည်း၊ ဒီနှစ်တွေထဲမှာ သမီး သုံးခဲ့သမျှက ငွေတွေ ပို ပိုရလာခဲ့တာပဲ မဟုတ်ဘူးလား"

ဖန့်ရှီက သူမကို မျက်စောင်းတချက်ဖြင့် ပြန်ပြောလိုက်သည်။

"အဲ့ဒါကြောင့်လည်း အခု ပေးနေတာပေါ့၊ အဲ့လိုမဟုတ်ရင် နင့်ကို ကြေးပြားတစ်ပြားတောင် ပေးမယ်များ နင် ထင်နေလား"

စုန့်ကျစ်ယွမ်က ငွေကို ယူကာ အလျင်အမြန် ထွက်သွားပြီး အိုး မှာရန် အနီးနားရှိကျေးရွာမှ ကြွေထည်လုပ်ငန်းသို့ ခြေကုန်သုတ်သွားနေလေသည်။

စုန့်တင်းရှန်းက နောက်မှ ပြေးလိုက်သွားပြီး သူ့လက်မောင်းကို ဆွဲကာ ထပ်ပြောလိုက်သည်။

"အဖေ၊ အိုးတွေကို အများကြီး မှာခဲ့နော်၊ သမီးတို့အိမ်မှာ သစ်သီးပင်တွေ အများကြီးရှိတာဆိုတော့ အခြောက်ပဲ လှန်းနေရင် နှမြောဖို့ ကောင်းလွန်းတယ်၊ သစ်သီးဝိုင်ပါ လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ"

သစ်သီးဝိုင်ဆိုသည်က အလွန်တရာ ရှားပါးလှသည့် အရာမျိုးတော့ မဟုတ်လှပေ။ တောင်ပိုင်းဒေသတွင် သစ်သီးဖြင့် ဝိုင်ချက်လုပ်သည့် သမိုင်းကြောင်းက ကာလရှည်ကြာနေပြီ ဖြစ်သည်။ သို့သော် အများစုက အလုပ်ရုံငယ်လေးများတွင်သာ ထုတ်လုပ်ကြပြီး မြောက်ပိုင်းဒေသတွင်မူ တွေ့ရခဲလှသည်။

သစ်သီးများဖြင့် ဝိုင်ချက်နိုင်ကြောင်း စုန့်ကျစ်ယွမ်လည်း သိထားပြီး ဖြစ်သည်။ သို့သော်လည်း မည်သို့ပြုလုပ်ရမည် သို့မဟုတ် မည်သည့်ပစ္စည်းကိရိယာများ လိုအပ်သည်ကိုတော့ သူ လုံးဝ မသိပေ။

"ဘာ... ဝိုင်လည်း ချက်တတ်သေးတာလား"

စုန့်တင်းရှန်းက အသံကို နှိမ့်၍ တိုးတိုးလေး ထပ်ပြောလိုက်သည်။

"အမေ ရင်နာနေမှာစိုးလို့ သမီး ခုန မပြောခဲ့တာ၊ အဲ့ကုန်သည်တွေ ပြောတာတော့ သစ်သီးဝိုင်လုပ်တာက အချဉ်ဖောက်လိုက်ရင် ရပြီတဲ့၊ ဒါပေမယ့် သေသေချာချာ မလုပ်တတ်ရင်တော့ လုံးဝ ချဉ်သွားနိုင်တယ်၊ ဒါပေမယ့်လည်း အသီးရှာလကာရည်ကလည်း အရသာရှိတယ်တဲ့၊ အစားတွေ အများကြီး စားမိလို့ ရင်ပြည့်နေရင် နည်းနည်းလောက် သောက်လိုက်တာနဲ့ အစာကြေသွားရောတဲ့၊ သူတို့ ပြောတာ ဖြစ်နိုင်တယ်၊ သမီးလည်း စာအုပ်ထဲမှာ ဂန္ဓာမာပန်းတို့ ကြာပန်းတို့နဲ့ ဝိုင်ချက်တဲ့အကြောင်း ဖတ်ဖူးတယ်၊ ပန်းတွေတောင် သုံးလို့ ရရင် သမီးတို့အိမ်က အသီးတွေက ဘာလို့ ဝိုင်ချက်လို့ မရရမှာလဲ"

စုန့်ကျစ်ယွမ်က ခဏမျှ စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။

"ဒီနှစ်တော့ နည်းနည်းပဲ အရင် စမ်းလုပ်ကြည့်ကြတာပေါ့၊ အဖေ ဝိုင်ချက်ဖို့ သစ်သားစည်ပိုင်းကြီးတွေ သွားဝယ်လိုက်မယ်၊ ပြီးတော့ အဲ့ဒါတွေကို အိမ်အသစ်မှာပဲ သိုလှောင်ထားကြတာပေါ့၊ အဖေတို့သားအဖ နှစ်ယောက်ပဲ တိတ်တိတ်လေး လုပ်ကြမယ်"

ကြာကန်တူးရာမှ ထွက်လာသည့် မြေကြီးများ အလဟဿ မဖြစ်စေရန် မြေအုတ်များ ပြုလုပ်ပြီး ဝက်ခြံဘေးမှ ခြံဝင်းကျယ်ကြီးနှစ်ခုအတွင်း အိမ်ခန်းအသစ်များ ဆောက်လုပ်ရန် လူငှားခဲ့ကြသည်။ အိမ်အသစ်၏ကြမ်းခင်းနှင့် နံရံများ ဆောက်ရန် ငွေအများကြီး သုံးစွဲကာ အပြာရောင်အုတ်များ ဝယ်ခဲ့ပြီး အတော်လေး ကျယ်ဝန်းအောင် ဆောက်လုပ်ခဲ့ကြသည်။

သို့သော် လောလောဆယ်တွင် ထိုအိမ်သစ်များ၌ မည်သူမျှ နေထိုင်ခြင်းမရှိဘဲ ပစ္စည်းမျိုးစုံကိုသာ ထည့်သွင်းထားကြသည်။

"အဖေက အကောင်းဆုံးပဲ"

စုန့်တင်းရှန်းက ရယ်မောနေပြီး စုန့်ကျစ်ယွမ် ထွက်သွားသည်ကို ကြည့်နေပြီးမှ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။

သူမကို မြင်လိုက်သည်ဖြင့် ဖန့်ရှီက မကျေမနပ် ဆူပူနေပြန်သည်။

"နင်တို့သားအဖ ဘာတွေ တိုးတိုးတိတ်တိတ် ပြောနေကြပြန်ပြီလဲ၊ ငါ့ကိုတောင် ဖုံးကွယ်ထားကြတယ်ပေါ့လေ၊ ဘာလဲ၊ ငါ ကြားရင် စိတ်ဆိုးရမယ့်ကိစ္စတွေ ရှိနေပြန်ပြီလား"

"အမေကလည်း"

စုန့်တင်းရှန်းက မိခင်ဖြစ်သူ၏အနားသို့ ချဉ်းကပ်သွားရင်း မျက်နှာချိုသွေးလိုက်သည်။

"အမေကလည်း သမီးမှာ အမေ စိတ်ဆိုးစရာ ဘာမှ မရှိပါဘူး၊ ဘယ်လိုအိုးမျိုးက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ အဖေနဲ့ ပြောနေတာပါ၊ ဒါနဲ့ အမေ... ဒီနေ့ ဘာလို့ လက်ဖက်ရည် သွားမရောင်းတော့တာလဲ"

ဖန့်ရှီက ပြန်ပြောလိုက်သည်။

"ငါ မသွားတော့ဘူး၊ နောင်ကျရင် နင့်ရဲ့ အဒေါ်ကြီးက ကျောက်တိကို ခေါ်ပြီး လက်ဖက်ရည် သွားရောင်းလိမ့်မယ်၊ သူတို့မိသားစုက ငါတို့လောက် မချောင်လည်ဘူးလေ၊ အထူးသဖြင့် အခု ကျောက်တိက ကိုယ်ဝန်နဲ့ဆိုတော့ ပိုတောင် မလွယ်ကူသေးတယ်၊ ကြေးပြားနည်းနည်းပဲ ရတာဆိုပေမယ့် နင့်ရဲ့အကြီးဆုံးအဒေါ်ကို ပေးလိုက်တာက ပိုကောင်းပါတယ်"

ဖန့်ရှီက နှုတ်ထွက်ဆိုးသော်လည်း စိတ်နှလုံး နူးညံ့သူမျိုး ဖြစ်သည်။

သူမက ငွေကုန်ကြေးကျများမည်ကို စိုးရွံ့ပြီး နှမြောဟန်ဖြင့် ညည်းညူတတ်သော်လည်း စုန့်တင်းရှန်းအတွက် အတတ်နိုင်ဆုံး အဆင်ပြေအောင် အမြဲတမ်း စီစဉ်ပေးတတ်သည်။ ကျန်းရှီ၏မိသားစုနှင့် ပတ်သက်လျှင်လည်း ထိုနည်း၎င်းပင်။

ယခု သူတို့ အိမ်ထောင်ကိုယ်စီ ခွဲခွာပြီး ဖြစ်သော်လည်း မိသားစုကို ထိခိုက်မှုမရှိသရွေ့တော့ လင်ညီမဖြစ်သူအပေါ် ကြေးပြားအနည်းငယ်အတွက် တွက်ကပ်နေသူ မဟုတ်ပေ။ ထို့ပြင် ကျန်းရှီကလည်း စိတ်သဘောနူးညံ့ကာ ကျေးဇူးသိတတ်သူဖြစ်သည်။ ထို့ကြောင့် သူမတို့က ရန်မဖြစ်ကြဘဲ နေ့စဥ် အလုပ်ကြိုးစားကြသည်။ ထို့ကြောင့် ဖန့်ရှီအတွက် ညည်းညူရန်ပင် အခွင့်အရေးမခဲ့ပေ။

"အမေက အရမ်း ကြင်နာတတ်တာပဲ"

စုန့်တင်းရှန်းက ဤမိသားစုကြီးအတွင်းရှိ လူအားလုံးကို အမှန်တကယ် ချစ်ခင်နှစ်သက်နေပြီ ဖြစ်သည်။

ဖန့်ရှီက နှာမှုတ်ပြီး ဆူပူနေပြန်သည်။

"ဟွန့်.... ငါက ကြင်နာတတ်တယ်ပေါ့လေ၊ ဒါတောင်မှ နင်က ငါ့ကွယ်ရာမှာ နင့်အဖေနဲ့ပေါင်းပြီး တိုးတိုးတိတ်တိတ် တိုင်ပင်နေကြတာပဲမလား”

စုန့်တင်းရှန်းက အနေခက်ဟန်ဖြင့် ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီးမှ ထိုးလက်စ လက်အိတ်ကို ကောက်ကိုင်ကာ ဆက်ထိုးနေခဲ့သည်။ သူမ အလုပ်စရုံသာ ရှိသေးသော်လည်း အပြင်ဘက်မှ စုန့်ရှင်းယိအား အော်ခေါ်နေသံကို ကြားလိုက်ရသည်။

စုန့်ရှင်းယိ အပြင်သို့ ထွက်သွားချိန်တွင် တံခါးဝ၌ လူငယ်တစ်ဦး ရပ်နေသည်ကို တွေ့ရပြီး ထိုလူငယ်က သူ့ကို စတင်နှုတ်ဆက်လိုက်သည်။

"ဒါက စတုတ္ထအဖိုးစုန့်ရဲ့အိမ် ဟုတ်ပါလားခင်ဗျာ၊ ကျွန်တော်က မြို့ပေါ် စာသင်ကျောင်းက အစေခံပါ၊ အဖိုးစုန့်တို့အိမ်က သခင်လေးက အဖိုးစုန့်အတွက် စာတစ်စောင် ပို့ခိုင်းလိုက်လို့ပါ"

ထို့နောက် သူက စာတစ်စောင်ကို လှမ်းပေးလိုက်သည်။ စုန့်ရှင်းယိက ထိုလူငယ်ကို အိမ်ထဲဝင်ရန် ဖိတ်ခေါ်လိုက်သော်လည်း လူငယ်လေးက ချက်ချင်း ငြင်းပယ်လိုက်သည်။

"မလိုပါဘူးခင်ဗျာ၊ မလိုပါဘူး၊ ကျွန်တော် ဒီဘက်မှာ လုပ်စရာ တခြားကိစ္စတွေ ရှိသေးလို့ပါ၊ အခု စာပို့ပြီးပြီဆိုတော့ ကျွန်တော် တခြားအလုပ်တွေ သွားလုပ်လိုက်ပါဦးမယ်ဗျ"

ထိုသို့ပြောပြီးနောက် သူက ချက်ချင်း လှည့်ထွက်သွားသည်။ စုန့်ရှင်းယိက စာကို ဖွင့်ဖတ်ပြီးနောက် ခြံဝင်းထဲတွင် ရပ်နေပြီး စုန့်တင်းရှန်းကို လှမ်းခေါ်လိုက်သည်။

"အာ့နွီအာ... အဖွားရဲ့အခန်းကို လာခဲ့ဦး၊ ဆွေးနွေးစရာ ကိစ္စရှိတယ်"

"အခု ဘာကိစ္စဖြစ်ပြန်ပြီလဲ"

ဖန့်ရှီက သူမ၏ အုပ်ချုပ်ခြင်းတောင်းကို ကိုင်လျက် သူမတို့နောက်မှ ပင်မအခန်းဆီသို့ လိုက်ပါလာရင်း မေးနေပြန်သည်။

စုန့်ရှင်းယိက ဝင်းပနေသော မျက်နှာဖြင့် စပြောလာသည်။

"သတင်းကောင်းပဲ၊ ကျစ်ရွှမ်း စာထဲမှာ ရေးထားတာက ငါတို့ရဲ့ ရေကန်ထဲက ကြာပန်းတွေ နောက်ရက်အနည်းငယ်အတွင်း ပွင့် မပွင့် မေးထားတာ၊ သူက သူငယ်ချင်းတချို့ကို ခေါ်ပြီး ကြာပန်းကြည့်ရင်း စာပေပွဲလေး လုပ်ချင်တယ်တဲ့၊ ပန်းတွေ ပွင့်ပြီဆိုတာနဲ့ သူ့ဆီ စာပြန်ပို့ပေးရမယ်၊ ပြီးတော့ သူတို့အတွက် စားစရာနဲ့ လက်ဖက်ရည်တချို့ ပြင်ဆင်ပေးရမယ်"

စုန့်တင်းရှန်း၏ နှုတ်ခမ်းအစုံတွင် နူးညံ့သော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး အဖိုးဖြစ်သူ၏စကားကို ထောက်ခံလိုက်သည်။

"ဒါ တကယ့်ကို သတင်းကောင်းပဲ၊ သမီးတို့ရဲ့ ကြာကန်မှာ စာပေပွဲတော်လေး လုပ်တာက သမီးတို့အိမ်ကို ပညာရှင် အငွေ့အသက်တွေ ယူဆောင်လာပေးလိမ့်မယ်၊ ဒါပေမယ့် အဒေါ်အငယ်ဆုံးက ကိုယ်ဝန်နဲ့ဆိုတော့ သူရော ပြန်လာနိုင်ပါ့မလား"

စုန့်ရှင်းယိက ပြုံးပြုံးကြီး ထပ်ပြောလာပြန်သည်။

"စာထဲမှာ ထပ်ပြောထားတာက မင်းတို့ရဲ့ ဦးလေးက အဒေါ်အငယ်ဆုံးကို ကလေးမွေးဖို့အတွက် အိမ်ပြန်ခေါ်လာချင်တယ်လို့လည်း ရေးထားသေးတယ်၊ သူ ကလေးမွေးရင် သူ့ရဲ့ မိဘအိမ်မှာ နေဖို့ မသင့်တော်ဘူးလေ၊ ဒီမှာနေတာက ပိုကောင်းတာပေါ့၊ အိုက်ယား... ငါတို့မိသားစုမှာ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် တိုးလာတော့မှာပဲ၊ ဒါက တကယ့်ကို စည်ပင်ဝပြောတဲ့ လက္ခဏာပဲ"

မိသားစုကြီးတစ်ခု အနေဖြင့် ညီအစ်ကို မောင်နှမများ၊ ခဲအို၊ ခယ်မ၊ ယောင်းမ၊ လင်ညီမများအကြား သဟဇာတဖြစ်နေခြင်းက အမှန်တကယ် စည်ပင်ဝပြောမှု၏ အမှတ်အသား ဖြစ်သည်။ စုန့်ရှင်းယိတစ်ယောက် တစ်နေ့ကုန် ဘာကိုမှ စိုးရိမ်စရာမရှိဘဲ ပြုံးပျော်နေသည်က ဘာမှ မထူးဆန်းတော့ပေ။

ဖန့်ရှီက ဇဝေဇဝါဖြစ်ဟန်ဖြင့် ဝင်မေးလိုက်သည်။

"ဒါက သတင်းကောင်းဆိုပေမယ့် အဖေက ဘာလို့ ကျွန်မတို့ရဲ့ အာ့နွီကို ခေါ်လိုက်ရတာတုန်း"

စုန့်ရှင်းယိကလည်း ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။

"အာ့နွီမှာ အကြံကောင်းတွေ အများကြီးရှိတယ်လေ၊ ငါတို့ ဒီပွဲအတွက် ဘာတွေ ပြင်ဆင်သင့်လဲ၊ ဘယ်လို လက်ဖက်ရည်နဲ့ ဘယ်လိုအဆာပြေမုန့်တွေ လုပ်ထားသင့်လဲ၊ အဲ့ဒါတွေ အားလုံးအတွက် အာ့နွီကို ကူပြီး စဉ်းစားခိုင်းမလို့လေ"

စုန့်တင်းရှန်းက ခေတ္တမျှ စဉ်းစားပြီး တွေးတွေးဆဆ ပြန်ပြောလိုက်သည်။

"သူတို့ စာပေပွဲတော် ကျင်းပမယ်ဆိုတော့ သူတို့တွေ လက်ရေးလှရေးတာတို့၊ ပန်းချီဆွဲတာတွေ လုပ်ကြလိမ့်မယ်၊ အဲဒါကြောင့် သူတို့အတွက် သန့်ရှင်းတဲ့ စားပွဲရှည်တချို့ ငှားပေးထားသင့်တယ်၊ လက်ဖက်ရည်အတွက်ကတော့ အိမ်မှာရှိတဲ့ လက်ဖက်ရည်အိုး အစုံလိုက်လေးတွေကို ပြင်ထားပေးရမယ်"

"လက်ဖက်ရည်အတွက်ကတော့... အဲဒီ ပညာသင်သားတွေက လက်ဖက်ရည်ကောင်းတွေ အများကြီး သောက်ဖူးနေလောက်ပြီ၊ သမီးတို့ သာမန်လေးပဲ ပြင်ပေးရင် သူတို့ သဘောကျမှာ မဟုတ်ဘူး၊ အဲဒီတော့ သမီးတို့ ကြာပန်းလက်ဖက်ရည်၊ ဂန္ဓာမာပန်းလက်ဖက်ရည်၊ စံပယ်ပန်းလက်ဖက်ရည်နဲ့ တောပန်းသီး လက်ဖက်ရည်တွေကိုပဲ တည်ခင်းပေးရင် ကောင်းမယ်၊ သူတို့က စာရေးကြမှာဆိုတော့ အမှုန်တွေ အများကြီးပါတဲ့ ကြွပ်ကြွပ်ရွရွ မုန့်တွေနဲ့ မုန့်အကြီးကြီးတွေ အဆင်မပြေလောက်ဘူး၊ အဲတော့ အသား ဒါမှမဟုတ် ချိုတဲ့ အစာလေးတွေ သွတ်ထားတဲ့ မုန့်ပေါင်းအသေးလေးတွေ၊ ဖတ်ထုပ်သေးသေးလေးတွေကို လှလှပပ လုပ်ပြီး ပေါင်းပေးလိုက်ကြမယ်"

"တွေ့လား.... အာ့နွီဆီမှာ အကြံကောင်းတွေ ရှိမယ်ဆိုတာ ငါ သိသားပဲ"

စုန့်ရှင်းယိက အပြုံးမျက်နှာကြီးဖြင့် ထောက်ခံနေသည်။

"တကယ့်ကို ပါးနပ်တဲ့ကလေးမပဲ၊ ငါတို့ရဲ့ ဉာဏ်ရည်တွေအားလုံး သူ့ဆီ ရောက်သွားပြီ၊ အသားမုန့်ပေါင်းကတော့ လွယ်တယ်၊ ဒါပေမယ့် ချိုတဲ့အစာကျတော့ရော... ဘယ်လိုအစာမျိုး လုပ်ရင်ကောင်းမလဲ၊ အဲဒါကိုပါ တစ်ခါတည်းပြော၊ အဖိုးတို့ ပြင်ဆင်ပေးမယ်"

စုန့်တင်းရှန်းက သူမ၏မေးစေ့ကို လက်ဖြင့်ထောက်ကာ ခေတ္တမျှ စဉ်းစားနေခဲ့သည်။ နောက်ဆုံးတွင် အကြံရသွားပုံဖြင့် မျက်နှာလေး ဝင်းပလာပြီး သူမ၏အကြံကို ပြောပြလာသည်။

"အသားပေါက်စီအတွက်ကတော့ ဝက်သားကို သုံးလို့ရတယ်၊ ဒါပေမယ့် အရသာ ပိုပြီးလတ်ဆတ်သွားအောင် ရေမုန်ညင်းဥကို နုပ်နုပ်စဉ်းပြီး ထည့်သင့်တယ်၊ အချိုပေါက်စီအတွက်ကျတော့ သမီးတို့အိမ်မှာ မှည့်နေတဲ့ အသီးတွေရှိတယ် မဟုတ်ဘူးလား၊ အဲဒီအသီးတွေကို သုံးပြီး အစာသွပ်လို့ ရတယ်၊ အသီးတစ်မျိုးစီက မတူညီတဲ့ အရသာကို ပေးလိမ့်မယ်၊ ပြီးတော့ မုန့်ညှက်နယ်ရင် ဟင်းနုနွယ်ရည်တို့၊ မုန်လာဥနီရည်တို့လိုမျိုး အရည်တွေကို သုံးလိုက်၊ ဒါဆို အရောင်အမျိုးမျိုးနဲ့ လှလှပပလေးတွေ ဖြစ်အောင် လုပ်လို့ရပြီ"

"အိုက်ယား... ဒီလိုအကြံတွေ.... နင် ဘယ်ကနေ ဘယ်လိုများ ဒီလိုအကြံတွေ ရလာတာတုန်း၊ နင့်တို့နှစ်ယောက်ရဲ့ဦးနှောက်တွေကို ငါပဲ ပေးခဲ့တာပါ၊ နင့်အစ်မနဲ့ငါ ဒီလောက် ဥာဏ်ထိုင်းနေတာ အံ့ဩစရာ မရှိတော့ဘူး၊ ကောင်းသမျှတွေ အကုန်လုံး နင့်ဆီမှာ စုသွားတာကို"

ဖန့်ရှီက တအံ့တဩ ရေရွတ်လိုက်သည်။ လီရှီကလည်း ရယ်မောရင်း ဝင်ပြောလိုက်သည်။

"ငါတို့ရဲ့ အာ့နွီအာက နတ်ဘုရားတစ်ပါးဆီကနေ အလင်းပြခံရတာလည်း ဖြစ်နိုင်တာပဲ"

စုန့်တင်းရှန်းက ဘေးဘီကို ဝေ့ကြည့်လိုက်ပြီး ရုတ်တရက် ထပြောလိုက်သည်။

"အဖိုး... အဖွား... အမေ... သမီးက သမီး တကယ်ပဲ နတ်ဘုရားကို မြင်ဖူးတယ်လို့ ပြောရင်ရော ယုံကြမှာလား"

ဖန့်ရှီက တုန်လှုပ်သွားဟန်ဖြင့် အော်မေးလိုက်သည်။

"နင်က ဘာတွေ လျှောက်ပြောနေတာလဲ၊ နင် တကယ်ပဲ နတ်ဘုရားကို မြင်ဖူးတာလား"

စုန့်တင်းရှန်းက အသံကို နှိမ့်ကာ ထပ်ပြောလိုက်သည်။

"တကယ်... အဲဒီတုန်းက သမီး စိတ်ဓာတ် ကျနေတဲ့အချိန်လေ၊ နောက်တော့ သမီး သတိလစ်နေတုန်းမှာ မသေမျိုးနတ်ဘုရားမတစ်ပါးက သမီးကို စကားလာပြောတယ်၊ အရင်က သမီး စိတ်မကြည်မလင် ဖြစ်နေတာက သမီးရဲ့ ဝိညာဉ်က မတည်ငြိမ်လို့လဲ၊ သမီးဆီမှာ ပြည့်စုံတဲ့ ဝိညာဉ် မရှိဘူးတဲ့၊ နတ်ဘုရားမက ပျောက်ဆုံးနေတဲ့ သမီးရဲ့ ဝိညာဉ်အစိတ်အပိုင်းကို ရှာဖွေပေးပြီး သမီးရဲ့ ဝိညာဉ် မတည်မငြိမ် ဖြစ်နေတာကို ထိန်းညှိပေးမယ်တဲ့၊ သမီး ပြန်နိုးလာတော့ ရုတ်တရက်ကြီး ဉာဏ်ကောင်းလာသလို ခံစားလိုက်ရတယ်၊ ဒါပေမယ့် သမီးရဲ့ အတွေးတွေက ထင်ယောင်ထင်မှားတွေလား အမှန်လား မသိတော့ သမီး အပြင်ကို ထုတ်မပြောရဲခဲ့ဘူး၊ အခုတော့ ဒါကို အားလုံး သိအောင် ပြောပြသင့်ပြီလို့ သမီး ခံစားရတယ်"

လီရှီနှင့် စုန့်ရှင်းယိတို့၏ မျက်နှာအမူအရာများက ချက်ချင်း ပြောင်းလဲသွားကြသည်။ လီရှီက စိုးရိမ်တကြီး မေးလာပြန်သည်။

"အဖွားတို့အပြင် တခြားဘယ်သူ့ကို ပြောပြဖူးသေးလဲ"

စုန့်တင်းရှန်းက အလျင်အမြန် ခေါင်းခါယမ်းရင်း ငြင်းဆိုလိုက်သည်။

"သမီး ဘယ်သူ့ကိုမှ မပြောပြဖူးပါဘူး၊ သမီးလည်း ကြောက်တာပဲလေ၊ အဖွားလည်း သိပြီးသားပဲ၊ အရင်တုန်းက သမီးမှာ ဘာအကြံဉာဏ်မှ မရှိခဲ့ဘူးလေ၊ နောက်ပိုင်းကျတော့ သမီး လိမ်ပြောခဲ့သေးတယ်၊ သမီးရဲ့ နောင်လာမယ့် ယောက္ခမတွေက သမီးကို အလုပ်တွေ လုပ်ခွင့်ပေးမှာ မဟုတ်လို့ သမီး ဒီအတိုင်း နေခဲ့တာဆိုပြီး ပြောပြခဲ့တာ၊ အဲဒီတုန်းက သမီးက ငယ်သေးတော့ ပြဿနာဖြစ်မှာကို မလိုလားခဲ့ဘူးလေ၊ ဒါပေမယ့် သမီး ပိုစဉ်းစားမိလေလေ ပို သိလာလေလေပဲ၊ အခု သမီးမှာ ဒီလောက် အကြံဉာဏ်တွေ များနေတာက သမီးရဲ့ ဝိညာဉ် ပြန်ရောက်လာလို့ ဖြစ်ရမယ်၊ အဲဒီဝိညာဉ်က နတ်ဘုရားမဆီမှာ ဆယ့်လေးနှစ်တောင် ပြုစုပျိုးထောင်ခံခဲ့ရတာ ဖြစ်နိုင်တယ်"

လီရှီက တခုခုကို သတိရသွားဟန်ဖြင့် သူမ၏ ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်ပြန်သည်။

"ငါလည်း အဲဒီလိုပဲ ဖြစ်သွားတယ်လို့ တွေးမိလာပြီ၊ ဒုတိယချွေးမ နင် မှတ်မိသေးလား၊ ငါတို့ရဲ့ အာ့နွီအာ ငယ်ငယ်တုန်းက အရမ်းလန့်တတ်တာလေ၊ ညဘက်ဆိုလည်း အမြဲငိုနေတော့တာပဲ၊ သူ စိတ်ငြိမ်သွားအောင် ငါကိုယ်တိုင် ရက်အတော်ကြာ ဝိညာဉ်ခေါ်ပေးခဲ့ရတာလေ"

ယခင်ခေတ်များတွင် ကလေးများ ညဘက်၌ ငိုကြွေးခြင်းက မသန့်ရှင်းသောအရာများကို မြင်တွေ့ရသောကြောင့်ဟု လူအများ ယုံကြည်ထားကြသည်။ ထို့ကြောင့် မိသားစုဝင် လူကြီးများက ဝိညာဉ်ကို ပြန်လည်ခေါ်ယူပေးလေ့ရှိသလို မသန့်ရှင်းသောအရာများကို ထွက်ခွာသွားရန် တောင်းဆိုလေ့ရှိကြသည်။

ဖန့်ရှီက အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။ ထိုအကြောင်းကို သူမ သေသေချာချာ မှတ်မိနေခဲ့သည်။ စုန့်တင်းရှန်း ငယ်စဉ်က ကျန်းမာရေးချို့တဲ့ပြီး မွေးဖွားပြီးသည့် လအနည်းငယ်အကြာတွင် ညတိုင်းလိုလို ငိုနေတတ်သည်။ လီရှီ ဝိညာဉ်ခေါ်ပေးပြီးမှသာ အငိုရပ်သွားခဲ့ခြင်း ဖြစ်သည်။

စုန့်တင်းရှန်းက သူမ၏ နောင်အနာဂတ် အကြံဉာဏ်များအတွက် လမ်းခင်းရန် ဤအချိန်တွင် ရွေးချယ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူမ တစ်ခုခုကို ကြံဆမိတိုင်း အမြဲတမ်း လိမ်ညာနေ၍ မဖြစ်တော့ပေ။ ထိုအလိမ်အညာများ ပိုမိုကြီးမားလာပါက နောက်ဆုံးတွင် ပေါက်ကြားသွားနိုင်သောကြောင့် ဖြစ်သည်။

ထို့ပြင် ဤခေတ်ကာလရှိ လူများက အယူသည်းကြသည်ကို သူမ သိရှိထားပြီး သူမ၏ဝိညာဉ်က မသေမျိုးနတ်ဘုရားနှင့်အတူ ရှိနေခဲ့သဖြင့် ဉာဏ်အလင်းပွင့်လာခြင်းဖြစ်သည်ဟု ပြောဆိုခြင်းက ယုံကြည်လက်ခံဖွယ် ဖြစ်နေလေသည်။

စုန့်ရှင်းယိက သူ၏ဆေးတံကို ခေါက်လိုက်ရင်း ပြောလိုက်ပြန်သည်။

"အံ့ဩစရာ မရှိတော့ပါဘူး၊ ငါတို့ရဲ့ အာ့နွီအာ နေပြန်ကောင်းလာကတည်းက အရင်ကထက် ပိုပြီးတော့ ဆင်ခြင်တုံတရားရှိလာသလို ပိုပြီးလည်း ဉာဏ်ကောင်းလာတယ်၊ သူက နတ်ဘုရားမနဲ့အတူ ရှိနေခဲ့တာကိုး၊ ဒါက အမှန်တော့ ငါတို့မိသားစုလည်း နတ်ဘုရားတွေဆီကနေ ကောင်းချီးမင်္ဂလာတွေ ရရှိခဲ့တာပဲ"

စုန့်တင်းရှန်းက သူတို့ အများကြီး တွေးတောမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ထပ်ပြောလိုက်သည်။

"ဒါပေမယ့် သမီးက အစားအသောက်နဲ့ သောက်စရာလိုမျိုး ဈေးပေါတဲ့ပစ္စည်းတွေအတွက်ပဲ အကြံဥာဏ်ရှိတယ်၊ တခြားဘာမှ သိပ်မတော်ပါဘူး"

ဖန့်ရှီက သူမကို ငေါက်ငမ်းလိုက်သည်။

"နင်က ဘာတွေ ထပ်လိုချင်သေးတာလဲ၊ ဒါနဲ့တင် မလုံလောက်သေးဘူးလား၊ နင်စဉ်းစားမိတဲ့ အကြံဉာဏ်တွေနဲ့ နည်းလမ်းတွေဆိုတာ လူအများစု စဉ်းစားလို့တောင် ရနိုင်ကြတာ မဟုတ်ဘူး၊ ကဲပါ... ကဲပါ... နောင်ကျရင် နင်တစ်ခုခု ပြောတာနဲ့ ငါ မတားတော့ဘူး၊ ငါတို့ရဲ့ အာ့နွီအာက အနည်းဆုံးတော့ နတ်ဘုရားတွေဆီက ကောင်းချီးတွေ ရထားပြီးပြီ"

လီရှီကလည်း အပြုံးဖြင့် ပြောလိုက်ပြန်သည်။

"ဒါပေါ့... ဘဝဆိုတာ စားဖို့ သောက်ဖို့အတွက်ပဲ မဟုတ်လား၊ နင့်မှာ အကြံဉာဏ်လေးတွေရှိတော့ အဖွားတို့မိသားစုလည်း ငွေလေးနည်းနည်း ရှာနိုင်တာပေါလေ၊ ဒါနဲ့တင် လုံလောက်နေပါပြီ၊ ငါတို့တွေလည်း ကံကောင်းခြင်းတွေ အများကြီး မလိုချင်ပါဘူး၊ မဟုတ်ရင် ဒုက္ခတွေနဲ့ ကြုံရနိုင်တယ်လေ"

"မရတော့ဘူး၊ ငါ အပြင်ထွက်ပြီး ဆေးတံသောက်ဦးမှပဲ"

စုန့်ရှင်းယိက အလွန်အမင်း စိတ်လှုပ်ရှားနေပြီး သူ၏ဆေးတံကို ကိုင်ကာ အပြင်ထွက်ရန် ပြင်ဆင်နေသည်။

"အော်... ဟို စာပေနဲ့ ပန်းချီပွဲ ကိစ္စအတွက်တော့ အာ့နွီ... နင်ပဲ အကုန် ဆုံးဖြတ်လိုက်တော့၊ ဘာပဲဖြစ်ဖြစ် အာ့နွီပြောတာ ကောင်းတယ်"

ထိုသို့ ပြောပြီးနောက် သူက ခြေလှမ်းကျဲကြီးများဖြင့် တံခါးအပြင်သို့ ထွက်သွားတော့သည်။

လီရှီက ဆိုလိုက်၏။

"နင့်အဖိုးကတော့ အရမ်းကို ပျော်နေရှာပြီ၊ သူက အရင်တုန်းက နင့်အပေါ် အမြဲတမ်း အားနာစိတ် ဖြစ်နေခဲ့တာလေ၊ နင် ငယ်ငယ်တုန်းကလည်း သူ့နောက်ပဲ တကောက်ကောက် လိုက်နေတတ်တော့ သူက နင့်ကို အရမ်းချစ်တာ၊ အခုတော့ နင့်ရဲ့ ကံဆိုးမှုတွေက ကံကောင်းမှုတွေအဖြစ် ပြောင်းလဲသွားပြီဆိုတာ သိလိုက်ရတော့ သူ့စိတ်ထဲက အပူတွေလည်း ငြိမ်းသွားပြီပေါ့"

"အော်... ဒါနဲ့ အာ့နွီ သစ်သီးယို လုပ်ချင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား၊ ခြံထဲကို သွားကြည့်လိုက်ဦး၊ ဘယ်အသီးတွေ မှည့်နေပြီလဲဆိုတာ ကြည့်လာခဲ့၊ ပြီးရင် အဆင်သင့် ပြင်ထားကြမယ်၊ အခုအချိန်ဆို နင့်အစ်ကိုနဲ့ ဦးလေးတို့လည်း ခြံထဲမှာ ရှိနေလောက်တယ်"

စုန့်တင်းရှန်းက ခေါင်းညိတ်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ သူမ ထွက်သွားပြီးနောက် လီရှီက ဖန့်ရှီဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။

"ငါတို့ရဲ့ အာ့နွီအာ နတ်ဘုရားမဆီက ကောင်းချီးတွေ ရထားတာဆိုပေမယ့် ငါ့ရင်ထဲမှာတော့ ဝမ်းသာသလိုလိုနဲ့ စိုးရိမ်စိတ်လည်း ဖြစ်မိတယ်"

ဖန့်ရှီက အပြုံးဖြင့် ပြန်မေးလိုက်သည်။

"ဘာလို့ စိုးရိမ်တာလဲ အမေရယ်၊ ဒါက ကောင်းတဲ့အရာပဲကို"

လီရှီက ပြန်ဖြေလိုက်သည်။

"သူ အဲ့ဒီကံကောင်းမှုတွေကို ကောင်းကောင်း မကိုင်တွယ်နိုင်မှာ ငါ စိုးရိမ်နေမိတာပါ၊ ငွေရေးကြေးရေးကိစ္စတွေမှာ ဉာဏ်အလင်းပွင့်တယ်ဆိုပေမယ့် သူ့ရဲ့ အိမ်ထောင်ရေးကတော့ ချောမွေ့ချင်မှ ချောမွေ့လိမ့်မယ်၊ နင် စဉ်းစားကြည့်လေ၊ သူ ပြန်သတိရလာကတည်းက အရာအားလုံး ရှုပ်ထွေးနေခဲ့တာ၊ သူ့ရဲ့ ခင်ပွန်းကလည်း စစ်ထဲ လိုက်သွားတာ သုံးနှစ်နီးပါးရှိနေပြီ၊ အခုထိ ပြန်မလာသေးဘူး၊ နင်လည်း... အင်း၊ ဒါကို အရမ်းကြီးလည်း စိတ်ထဲမထားပါနဲ့၊ လူဆိုတာ တစ်ဖက်မှာ အဆင်ပြေနေရင် နောက်တစ်ဖက်မှာ ပြဿနာတွေနဲ့ ကြုံရတတ်တာမျိုးလေ"

နောက်ဆုံးတွင် ဖန့်ရှီက လီရှီ ဘာကို ဆိုလိုချင်မှန်း နားလည်သွားပြီး သူမ၏ မျက်ဝန်းများလည်း နီမြန်းလာသည်။

"တကယ်လို့ အဲဒီလိုသာဆိုရင် သူ့ကို ငွေတွေ အများကြီး မရှာခိုင်းတော့ဘူး၊ စားဖို့သောက်ဖို့ လုံလောက်ရင် တော်ပါပြီ၊ ကျွန်မကတော့ အမေတစ်ယောက်အနေနဲ့ သမီးတွေ ကောင်းကောင်းမွန်မွန် အိမ်ထောင်ကျပြီး ပျော်ရွှင်ဖို့ပဲ ဆန္ဒရှိတယ်၊ တာ့နွီရဲ့အိမ်ထောင်ရေး အဲဒီလိုဖြစ်နေတာကို မြင်ရတာတောင် ကျွန်မ တော်တော်စိတ်ဆင်းရဲနေပြီ၊ တကယ်လို့ အာ့နွီပါ အဲဒီလို ထပ်ဖြစ်မယ်ဆိုရင်တော့ ကျွန်မ.. ကျွန်မ တကယ်ကို ရင်ကွဲရလိမ့်မယ်"

လီရှီက ထပ်ပြောလိုက်ပြန်သည်။

"ငါ့ရဲ့ သမီးနှစ်ယောက်လည်း အဝေးမှာ အိမ်ထောင်ကျသွားကြတာလေ၊ တစ်နှစ်မှ တစ်ခါပဲ တွေ့ရတယ်၊ အိမ်ထောင်ကျသွားပြီးရင်တော့ တစ်ခါတလေ သူတို့ဘာသာပဲ ရပ်တည်ရတော့မှာ၊ ကံကောင်းတာက အဲဒီကလေးနှစ်ယောက်က ငါလိုပဲ၊ အိမ်တွင်းရော အိမ်ပြင်မှာပါ စီမံခန့်ခွဲနိုင်တယ်၊ဒ ဒါပေမယ့် ငါတို့ တကယ်ပဲ သက်တောင့်သက်သာရှိတဲ့ဘဝကို ဖြတ်သန်းနိုင်ပါ့မလားဆိုတာကတော့ ဘယ်သူက ကြိုသိနိုင်ပါ့မလဲ"

ဖန့်ရှီက သူမ၏မျက်ရည်များကို သုတ်ရင်း ထပ်ပြောလာပြန်သည်။

"ယောက္ခမတိုင်းမှာသာ အမေလို စိတ်ထားမျိုး ရှိကြရင် အရမ်းကောင်းမှာပဲ"

လီရှီက ခါးသက်သက် အပြုံးတစ်ခုဖြင့် ပြန်ပြောလာခဲ့သည်။

"ဘယ်သူကမှ မိဘတွေကနေ မွေးလာတာ မဟုတ်လို့လဲ၊ ငါ နင်တို့ကို ကောင်းကောင်း ဆက်ဆံပေးရင် အဲ့ဒီကောင်းချီးတွေက ငါ့ရဲ့သမီးတွေဆီကို ရောက်သွားနိုင်တယ်လေ၊ ဒါမှ သူတို့ ကောင်းကောင်း နေထိုင်ရဖို့ မျှော်လင့်နိုင်တာပေါ့၊ ဒါက အမေတိုင်းရဲ့ စိတ်ရင်းပါပဲ၊ နင်နဲ့ နင့်ရဲ့အကြီးဆုံး ယောင်းမကလည်း အဆင်ပြေနေကြပြီး ပြဿနာမရှာတာလည်း ပါတာပေါ့လေ၊ နင်က လက်ဖက်ရည် ရောင်းတဲ့အလုပ်ကို နင့် အကြီးဆုံးယောင်းမဆီ ပေးလိုက်တယ်ဆိုတာ ငါ သိပါတယ်၊ အဲဒါက ငါ့ရင်ကို တကယ်ပဲ နွေးထွေးစေတယ်၊ ငါတို့မိသားစုမှာ ကြေးပြားအနည်းငယ်အတွက် ငြင်းခုံနေတဲ့သူ မရှိဘူး၊ အဲဒါကြောင့်လည်း ငါတို့တွေ နတ်သမီးဆီက ကောင်းချီး ရခဲ့တာ ဖြစ်နိုင်တယ်"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖန့်ရှီက ပြောလာပြန်သည်။

"ထားလိုက်ပါတော့... ကျွန်မ အများကြီး မတောင်းဆိုပါဘူး၊ ကလေးတွေ ဘေးကင်းကင်းနဲ့ ကျန်းကျန်းမာမာ ရှိနေရင်ပဲ ကျေနပ်နေပါပြီ"

ငွေကြေးပမာဏ မည်မျှပင်ရှိစေကာမူ သူမက သူမ၏မိသားစုနှင့် ကလေးများ၏ ဘေးကင်းလုံခြုံမှုကိုသာ တောင်းဆိုချင်ပြီး အခြားမည်သည့်အရာကမျှ သူမအတွက် အရေးမကြီးတော့ပေ။

စာရေးသူ၏ မှတ်ချက်

စုန့်တင်းရှန်း : တစ်ခါတလေမှာ အယူသည်းမှုလေး နည်းနည်းရှိတာကလည်း မဆိုးပါဘူးလေ။

All Chapters