← Chapters

သကြားရည်စိမ် မက်မွန်ဝါသီး ( အပိုင်း ၁)

Vol. 6 Ch. 53

သကြားရည်စိမ် မက်မွန်ဝါသီး ( အပိုင်း ၁)

Vol. 6 Ch. 53

"ခုနစ်လ စွန်ပလွံ၊ ရှစ်မှာ သစ်တော်၊ ကိုးရဲ့တည်သီး ဈေးကွက်ပျော်" ဟူသော ရှေးလူကြီးများ၏ ပြောစကား ရှိခဲ့ပြီး နွေရာသီ ကုန်ဆုံးခါနီးအချိန်က သစ်သီးဝလံမျိုးစုံ မှည့်ဝင်းသော ရာသီဖြစ်ကြောင်း မှတ်သားနိုင်သည်။ သို့သော် မက်မွန်သီးများကတော့ စွန်ပလွံသီးများထက်ပင် ပို၍စောစီးစွာ ရင့်မှည့်လာကြသည်။

စုန့်တင်းရှန်းတို့၏မိသားစုတွင် မက်မွန်မျိုးစိတ်နှစ်မျိုး စိုက်ပျိုးထားသည်။ တစ်မျိုးက ခြောက်လပိုင်းဝန်းကျင်တွင် ရင့်မှည့်ပြီး အသားနူးညံ့ကာ ချိုမြိန်သည့်အပြင် အရည်ရွှမ်းသောကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးများအတွက် အထူးသင့်လျော်သည်။

သို့သော် ထိုမက်မွန်သီးများက ကြာရှည် သိုလှောင်ထား၍မရပေ။ နေ့စဉ်နှင့်အမျှ ခြံထဲသို့သွားကာ မှည့်နေသော မက်မွန်သီးများကို အမြန်ဆုံး ခူးဆွတ်ရပြီး မြို့ပေါ်သို့ သွားရောက်ရောင်းချခြင်း သို့မဟုတ် ခြံထဲအထိ လာဝယ်သော ကုန်သည်များထံသို့ တိုက်ရိုက် ရောင်းချခြင်းမျိုးသာ ပြုလုပ်ရသည်။

လွန်ခဲ့သော နှစ်အနည်းငယ်တွင် ဆဋ္ဌမအဘိုးက တောင်ပိုင်းမှ မက်မွန်ဝါပင် နှစ်ရာကျော်ကို လူကြုံဖြင့် မှာယူခဲ့ပြီး ထိုအပင်များ၏တစ်ဝက်ကို စုန့်တင်းရှန်းတို့မိသားစုအား ခွဲဝေပေးခဲ့သည်။

အစပိုင်းတွင် ပျိုးပင်ငယ်များက ကောင်းမွန်စွာ မဖြစ်ထွန်းခဲ့ဘဲ သီးလာသော မက်မွန်သီးများကလည်း တစ်ချိန်တည်းထွက်သည့် ပျားရည်မက်မွန်သီးများနှင့် ယှဉ်လျှင် သေးငယ်ပြီး အရောင်အဆင်းလည်း ပိုဖျော့တော့သည်။ သို့သော် ဈေးနှုန်းသက်သာသောကြောင့် ရောင်းတော့ ရောင်းနေရဆဲပင်။

နှစ်အနည်းငယ် ကြာပြီးနောက်တွင်တော့ ထိုမက်မွန်ဝါပင်များက တစ်နှစ်ထက်တစ်နှစ် အသီး ပိုသီးလာခဲ့ပြီး ဈေးနှုန်းကလည်း တရိပ်ရိပ် ကျဆင်းလာခဲ့သည်။ ရာသီကုန်ခါနီးအချိန်တွင် ထိုအသီးများက အလွန်နူးညံ့သွားတတ်ပြီး ရောင်း၍ မရသည့်အဆုံး ထိပ်မှ ခွဲကာ နေလှန်းအခြောက်ခံရတော့သည်။ အသီးခြောက်များက လတ်ဆတ်သော အသီးများကဲ့သို့ ဈေးမရဘဲ တစ်ကျင်းလျှင် ကြေးပြားအနည်းငယ်သာ ရရှိနိုင်သည်။ သို့သော် ပေးရသည့်လုပ်အားခက များသောကြောင့် တွက်ခြေမကိုက်ဘဲ အရှုံးပေါ်လေ့ရှိသည်။

ဆဋ္ဌမအဘိုးက ထိုမက်မွန်ဝါပင်များကို ခုတ်လှဲပစ်ရန် အကြိမ်ကြိမ် စိတ်ကူးခဲ့ဖူးသည်။ ထိုသို့မဟုတ်လျှင်တောင် အခြားမက်မွန်မျိုးစိတ်များဖြင့် ကိုင်းကူးရန်လည်း စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း သူ အလုပ်များနေသဖြင့် ထိုသို့ မလုပ်နိုင်ခဲ့ပေ။ ယခုအခါ အကိုင်းတိုင်းတွင် မက်မွန်သီးများ ပြည့်နှက်နေပြီး မြင်ရတွေ့ရသည်မှာ အလွန် ကြည်နူးစရာ ကောင်းလှသည်။ တစ်ချိန်တည်းမှာပင် နှမြောတသ မဆုံးလည်း ဖြစ်ရပြန်သည်။

ဥယျာဉ်ခြံဟု အလွယ်ခေါ်ကြသော်လည်း အမှန်စင်စစ်တွင် သူတို့ ဝယ်ယူထားသည်က တောင်စောင်းတစ်ဝက်ခန့် ဖြစ်ပြီး ၎င်းက တောရိုင်းမြေ မဟုတ်ဘဲ စိုက်ပျိုးမြေဖြစ်ကြောင်း သိသာစေရန် ခြံစည်းရိုးလေးများဖြင့် ကာရံထားရသည်။

ရွာသားများက တောရိုင်းသီးနှံနှင့် စိုက်ပျိုးသီးနှံများကြားထဲမှ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း သိကြပြီး အလွယ်ခွဲခြားနိုင်ကြသည်။ တောရိုင်းသီးများကတော့ မည်သူမဆို လွတ်လပ်စွာ ခူးဆွတ်နိုင်ပြီး အရင်ခူးနိုင်သူ၏အပိုင်သာ ဖြစ်သည်။

သို့သော် စိုက်ပျိုးထားသော အသီးများကို ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ ခူးဆွတ်၍မရသလို အလဟဿ ဖြုန်းတီးပစ်ခြင်းကိုလည်း ခွင့်မပြုကြပေ။ ရှေးခေတ်တွင် စားနပ်ရိက္ခာ ရှားပါးလှသဖြင့် ရွာသားများက "အစားတစ်လုပ်တိုင်းက ပင်ပန်းကြီးစွာ ရှာဖွေရသည်" ဟူသော အယူအဆကို လက်ကိုင်ထားကြသည်။

ချဉ်စူးနေသော ပန်းသီးတစ်လုံး ဖြစ်နေလျှင်ပင် အူတိုင်အထိ ပြောင်စင်အောင် ကိုက်စားပြီးမှသာ လွှင့်ပစ်ကြရသည်။

စုန့်တင်းရှန်း တောင်ခြေသို့ ရောက်ရှိလာသောအခါ မြည်းလှည်းတချို့ ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုလှည်းများကို ကူညီစောင့်ရှောက်ပေးနေသော ကောင်လေးတစ်ယောက်က စုန့်တင်းရှန်းကို မြင်သွားပြီး လှမ်းနှုတ်ဆက်လိုက်သည်။

"အဒေါ်တင်းရှန်း"

"ရှန့်ဇီ... မင်းတစ်ယောက်တည်း ရှိနေတာလား"

စုန့်တင်းရှန်းက အပြုံးဖြင့် လျှောက်လှမ်းသွားရင်း ပြန်မေးလိုက်သည်။

"မင်းအစ်ကိုရော ဘယ်မှာလဲ"

ရှန့်ဇီဆိုသည်က သူ၏ အမည်ပြောင်ဖြစ်ပြီး ကျေးလက်တောရွာများတွင် ကလေးများအား ပြုစုပျိုးထောင်ရ လွယ်ကူစေရန် ထိုကဲ့သို့သော အမည်များမျိုး ပေးလေ့ရှိကြသည်။ သူက အသက်ခုနစ်နှစ် အရွယ်ဖြစ်ပြီး လျိုကျစ်ဟုခေါ်သော ဆယ်နှစ်အရွယ် အစ်ကိုတစ်ဦးလည်း ရှိသည်။

လျိုကျစ် ငယ်ငယ်က ဖွံ့ထွားမှု နှေးကွေးနေသဖြင့် သူ၏မိသားစုက ဘုရားကျောင်းရှိ ဆရာတော်တစ်ပါးထံတွင် အကူအညီတောင်းကာ ဤအမည်ကို ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ ပထမဆုံးတစ်နှစ်ကို ကျော်ဖြတ်ပြီးနောက်တွင် သူက နွားငယ်လေးတစ်ကောင်ကဲ့သို့ သန်မာထွားကြိုင်းလာပြီး ချောချောမွေ့မွေ့ ကြီးပြင်းလာခဲ့သည်။

ရှန့်ဇီက သူ့ပါးစပ်လေးကို လက်ဖြင့်အုပ်ထားပြီး ရှက်ကိုးရှက်ကန်း ပြန်ဖြေလာခဲ့သည်။

"သူ အပေါ်မှာ အသီးတွေ ခူးပေးနေတယ်၊ သတ္တမဦးလေးက ကျွန်တော်တို့မိသားစု စားဖို့ မက်မွန်သီးတစ်အိတ် ပေးမယ်လို့ ပြောခဲ့တယ်လေ"

ငယ်သွားလဲနေသည့် အချိန်ဖြစ်သဖြင့် သူ ရှက်ကိုးရှက်ကန်း ဖြစ်နေကာ စကားပြောသည့်အခါတိုင်း သူ့၏သွားကျိုးလေးကို ဖုံးကွယ်ရန် ပါးစပ်ကို လက်ဖြင့် အမြဲအုပ်ထားတတ်သည်။ ထိုအပြုအမူလေးက အတော်ပင်လေး ရယ်ချင်စရာဖြစ်နေသလို ချစ်ဖို့လည်း ကောင်းနေပြန်သည်။

သူ ပြောနေသော သတ္တမဦးလေးဆိုသည်က စုန့်တင်းရှန်း၏ အကြီးဆုံးဦးလေး ဖြစ်ပြီး သူက စုန့်မိသားစုကြီးတွင် သတ္တမမြောက် မြေးဖြစ်သည်။

(စုန့်တင်းရှန်းရဲ့ ဘကြီးဖြစ်တဲ့ စုန့်ကျစ်ချမ်းက စုန့်လောင်စစ်ရဲ့ မိသားစုမှာ အကြီးဆုံးသားပါ၊ အခြား စုန့်မိသားစုတွေကိုပါ ထည့်တွက်ရင်တော့ သူက ခုနစ်ယောက်မြောက်မှ မွေးခဲ့တာပါ၊ စုန့်တင်ရှန်းရဲ့ အဖေက ဆယ့်တစ်ယောက်မြောက်ပါ)

"ဒါဆို အဒေါ် အပေါ်တက်ကြည့်လိုက်ဦးမယ်၊ မင်း ဒီအောက်မှာ လျှောက်မပြေးနဲ့ဦးနော်၊ နားလည်လား"

စုန့်တင်းရှန်းက ပန်းကလေးတစ်ပွင့်ကို ပေါ့ပေါ့ပါးပါး လှမ်းခူးလိုက်ပြီး ရှန့်ဇီ၏ နားရွက်နောက်သို့ အသာထိုးပေးလိုက်သည်။ ထို့နောက် နေလောင်ထားသဖြင့် ရဲနေသော ကောင်လေး၏ ပါးပြင်ကို ညင်ညင်သာသာ ပုတ်ကာ တောင်ပေါ်သို့ တက်လာခဲ့သည်။

တောင်ခြေနှင့် နီးသောနေရာတွင် သစ်တော်ပင်နှင့် တည်ပင်များ စိုက်ပျိုးထားသည်။ အပေါ်သို့ ဆက်တက်သွားပါက သလဲပင်၊ စွန်ပလွံသီပင်နှင့် စံပယ်ပင် အများအပြား တွေ့ရလိမ့်မည်။ တောင်စောင်းတလျှောက်တွင် စပျစ်ပင်များလည်း စိုက်ပျိုးထားပြီး တောင်ကြား၏အထက်ပိုင်းတွင်တော့ မက်မွန်ပင်နှင့် ပန်းသီးပင်များကို အတန်းလိုက် စိုက်ပျိုးထားသည်။

စုန့်တင်းရှန်း၏ ကြာကန်အနားတွင်မူ ပန်းပွင့်ချိန်နှင့် အသီးမှည့်ချိန် နောက်ကျတတ်သော မက်မွန်သီးချိုပင်များ စိုက်ပျိုးထားသည်။ ဤရာသီက မက်မွန်ဝါသီးနှင့် မက်မွန်နီများ တဖြည်းဖြည်း စတင်မှည့်ဝင်းလာသည့် အချိန် ဖြစ်သည်။

ဦးလေးဖြစ်သူ စုန့်ကျစ်ချမ်းက သူ၏သားနှစ်ယောက်နှင့်အတူ ကုန်သည်အချို့ကို ကူညီနေပြီး အပင်ပေါ်မှ မှည့်နေသည့် မက်မွန်သီးများကို ခူးဆွတ်နေကြသည်။ သူတို့က မက်မွန်နီနှင့် မက်မွန်ဝါများကို တစ်ခြင်းစီ ခွဲထည့်နေကြသည်။

အသက်ဆယ်နှစ်အရွယ် လျိုကျစ်က အပင်ဖျားအထိ တက်ကာ မက်မွန်သီးများကို ဂရုတစိုက် ခူးယူနေပြီး တောင်းငယ်လေးထဲသို့ ထည့်နေလေသည်။ သူ့တောင်းလေး ပြည့်သွားသည့်အခါမှ ကြိုးဖြင့် အောက်သို့ ချပေးနေသည်။

ဆဋ္ဌမအဘိုးကလည်း လာရောက်ကူညီပေးနေသည်။ သူ၏ခြံတွင် သစ်သီးပင် ပိုများသော်လည်း ယခုအချိန်တွင် သူ့အပင်များ၏ အသီးထွက်နှုန်း အမြင့်ဆုံးအချိန် မဟုတ်သေးပေ။ ထို့ကြောင့် သူ့၏ကိုယ်ပိုင်ခြံမှ အသီးများ ခူးဆွတ်ပြီးသည်နှင့် ဤဘက်သို့ လာရောက်ကူညီပေးနေခြင်းပင်။

"ဟေး.. တင်းရှန်း၊ မင်း ဘာလို့ ဒီကို ရောက်လာတာလဲ"

ဘောင်းဘီကို လိပ်တင်ထားသည့် ဆဋ္ဌမအဘိုးက မက်မွန်သီးများကို ခြင်းတောင်းထဲသို့ ထည့်နေရင်း လှမ်းမေးလိုက်သည်။ မက်မွန်သီးများ အချင်းချင်း ပွတ်တိုက်မိပြီး အနာအဆာ မဖြစ်စေရန် မြက်ခြောက်များကို အလွှာလိုက်ခံ၍ အသီးများကို သေသေချာချာ စီထည့်ပြီးမှ မြက်ခြောက်များဖြင့် ပြန်ဖုံးရသည်။

"သမီး မက်မွန်သီး စားချင်တာနဲ့ လာကြည့်တာပါ"

စုန့်တင်းရှန်းက စကားကြောင့် ဆဋ္ဌမအဘိုးက တဟားဟား ရယ်မောနေလေသည်။

"မင်းကတော့လေ၊ မင်း အသားစားချင်လို့ ဒီကို ရောက်လာတာဆိုရင် ငါ ယုံပေးလိုက်ဦးမယ်၊ မက်မွန်သီးစားချင်လို့ ဆိုတာကိုတော့ မယုံဘူးဟေ့၊ ဪ... ဒါနဲ့ အသီးတွေကို သွားမကိုင်နဲ့ဦး၊ မက်မွန်သီးရဲ့ အမွှေးတွေက မင်းကို ယားယံစေလိမ့်မယ်"

စုန့်တင်းရှန်းက ပြုံးရုံသာ ပြုံးနေပြီး ဘေးနားတွင် ငြိမ်ငြိမ်လေး ရပ်နေလိုက်သည်။

သူမ ဘေးပတ်လည်သို့ ဝေ့ကြည့်လိုက်ရာ တောင်ကုန်းတစ်ခုလုံးတွင် သစ်သီးပင်များ ပြည့်နှက်နေပြီး လေထုထဲ၌လည်း သစ်သီးရနံ့များ သင်းပျံ့နေသည်။ တောင်ခြေတွင် မျက်စိတစ်ဆုံး ကြည့်မကုန်နိုင်သည့် ကျယ်ပြောသော လယ်ကွင်းပြင်ကြီးများ ရှိနေပြီး ရွာကလေးများကိုလည်း ဟိုတစ်ကွက် ဒီတစ်ကွက် တွေ့မြင်နေရသည်။

သူမ၏ လခြမ်းပုံစံ ကြာကန်ကိုလည်း အထင်သား မြင်တွေ့နေရသည်။

ဂျုံခင်းများလည်း စတင်ဝါဝင်းနေပြီဖြစ်ရာ ရိတ်သိမ်းချိန် နီးကပ်လာပြီဖြစ်ကြောင်း ညွှန်ပြနေသည်။ ရိတ်သိမ်းချိန် ရောက်လာလျှင် ရိတ်သိမ်းမှု မနှောင့်နှေးစေရန် မိသားစုတစ်ခုလုံး လယ်ကွင်းထဲသို့ ဆင်းကြရပေလိမ့်မည်။

စုန့်ကျစ်ချမ်းက မက်မွန်သီးခြင်းတောင်းများကို သယ်နေပြီး စုန့်တင်းရှန်းကို မြင်သွားသောကြောင့် အပြုံးဖြင့် လှမ်းပြောလိုက်သည်။

"အာ့နွီအာ...မင်း ဘာလို့ ဒီကို ရောက်လာတာလဲ၊ တောင်တက်လမ်းက သွားရလာရ အရမ်းခက်တယ်၊ မင်းရဲ့ဖိနပ်တွေ ပျက်ကုန်ဦးမယ်၊ သတိထားဦး"

တောင်တက်သည့်အခါ ချော်လဲခြင်းမှ ကာကွယ်ရန်နှင့် ခြေထောက်နှင့် ဖိနပ်များကို ကာကွယ်ရန်အတွက် အဝတ်ဖိနပ်များပေါ်တွင် ကောက်ရိုးဖိနပ်များကို ထပ်၍ ဝတ်ဆင်လေ့ရှိကြသည်။ သို့သော် စုန့်တင်းရှန်းကတော့ သူမ၏ ကိုယ်ပိုင်ဖိနပ်ဖြင့်သာ တက်လာခဲ့ပြီး ယခု သူမ၏ဖိနပ်များပေါ်တွင် မြက်စူးများနှင့် ကပ်စေးနှဲပင်များ ကပ်နေလေသည်။

"ကျွန်မ မေ့သွားလို့ပါ၊ ပြန်ရောက်တာနဲ့ ဒါတွေကို ဖယ်လိုက်ပါ့မယ်၊ အကြီးဆုံးဦးလေး... အဖွားက ဒီနေ့ မက်မွန်ဝါသီးတစ်ခြင်း ပြန်ယူခဲ့ဖို့ ပြောင်းခိုင်းလိုက်တယ်"

စုန့်တင်းရှန်း၏ စကားကို ကြားလိုက်ချိန်တွင် စုန့်ကျစ်ချမ်းက ခေါင်းညိတ်ကာ အလွယ်တကူ လက်ခံလိုက်သည်။

"အေး အေး၊ ယူလာခဲ့မယ်၊ ဒါက အများကြီးမှ မဟုတ်တာ၊ အခု ခူးထားတာတွေကိုတော့ အခု ရောင်းလိုက်မယ်၊ ခဏနေမှ မင်းအစ်ကိုကို နောက်ထပ်တစ်ခြင်း ထပ်ခူးခိုင်းလိုက်မယ်"

သူက လက်တွေ့ကျသော လူတစ်ယောက်ဖြစ်ပြီး သူ၏မိခင်ဖြစ်သူက မက်မွန်သီးတစ်ခြင်း အလိုရှိသည်ဟု ပြောလိုက်သည်နှင့် အပိုမေးခွန်းများ မေးမနေဘဲ လွယ်လွယ်ကူကူ သဘောတူလိုက်သည်။

မက်မွန်သီးများ ခူးဆွတ်ကာ အရောင်းအဝယ်ပြီးစီးသွားသဖြင့် ကုန်သည်များလည်း တောင်အောက်သို့ ပြန်ဆင်းသွားကြသည်။ စုန့်ကျစ်ချမ်းက မက်မွန်ဝါသီးကြီးကြီး တစ်ခြင်းနှင့် လျိုကျစ်အတွက် မက်မွန်နီ အနည်းငယ် ချန်ထားခဲ့သည်။

သူက ကြေးပြားငါးပြားလည်း ထုတ်ပေးလိုက်သေးသည်။

"ရော့... ဒါကို ယူသွား၊ မင်းညီလေးနဲ့အတူ သကြားလုံး သွားဝယ်စားကြ"

လျိုကျစ်ကလည်း လုံးဝ မငြင်းဘဲ မက်မွန်သီးခြင်းတောင်းနှင့် ကြေးပြားများကို ချက်ချင်း လက်ခံလိုက်သည်။

"ကျေးဇူးတင်ပါတယ် သတ္တမဦးလေး၊ ကျေးဇူးတင်ပါတယ် ဆဋ္ဌမအဖိုး၊ ကျွန်တော် သွားပြီနော် အဒေါ်တင်းရှန်း"

သူက ပြောပြောပြေးပြေးဖြင့် တောင်အောက်သို့ ပျော်ပျော်ရွှင်ရွှင် ခုန်ပေါက်ပြေးဆင်းသွားတော့သည်။

"သတိထားနော်၊ ချော်မလဲစေနဲ့"

စုန့်တင်းရှန်းက နောက်မှ လှမ်းအော်ပြောလိုက်သည်။

"မလဲစေရပါဘူးဗျ"

ကောင်လေးက အကျယ်ကြီး ပြန်အော်ပြောပြီးနောက် လူရိပ်က အလျှင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

"ဒီနေ့အတွက်တော့ ပြီးပြီပေါ့ကွာ..."

ဆဋ္ဌမအဘိုးက ခြင်းတောင်းအလွတ်အချို့ကို သယ်ကာ ပျင်းရိပျင်းတွဲ အညောင်းဆန့်ရင်း စုန့်ကျစ်ချမ်းနှင့်အတူ အေးအေးလူလူ အောက်သို့ ဆင်းလာခဲ့သည်။ စုန့်ကျစ်ချမ်း၏ သားနှစ်ယောက်ကတော့ မက်မွန်ခြင်းတောင်းများကို သယ်ကာ တောင်အောက်သို့ အရင်ပြေးဆင်းသွားကြပြီ ဖြစ်သည်။

စုန့်ကျစ်ချမ်းက ရယ်မောလျက် ပြန်ပြောလိုက်သည်။

"ဒီနေ့ပြီးရင် မနက်ဖြန် ရှိသေးတယ်၊ မနက်ဖြန်ပြီးရင် သဘက်ခါပေါ့။ နောက်ရက်အနည်းငယ်ကြာရင် ရိတ်သိမ်းချိန် ရောက်ပြီ၊ မက်မွန်သီးကလည်း ခူးရဦးမယ်၊ လူ ငှားရတော့မယ် ထင်ပါရဲ့"

ဆဋ္ဌမအဘိုး စုန့်ရှင်းကျစ်က အညောင်းဆန့်ရင်း ပြန်ပြောလိုက်သည်။

“နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကျမှပဲ အေးအေးဆေးဆေး နားရတာပါကွာ၊ ဒါပေမယ့် မင်းတို့မိသားစုကတော့ ဆောင်းတွင်းမှာတောင် အလုပ်များနေကြတာပဲ၊ အလုပ်များပေမယ့် ငွေရတာကတော့ ကောင်းတယ်ကွ။ မင်းရဲ့ဆဋ္ဌမအဒေါ်လည်း အခုတလော အလုပ်တွေရှုပ်နေတယ်၊ ငါ စိုးရိမ်မိပေမယ့် သူ့ကို ကြည့်ရတာ အရင်ကထက် ပိုပြီး နေလို့ ကောင်းပုံပဲ။ သူ သိပ်ပြီး မပင်ပန်းသရွေ့တော့ သူ့ဘာသာ အလုပ်ရှုပ်နေလည်း ရပါတယ်ကွာ"

သူတို့ တောင်ခြေသို့ ရောက်သွားချိန်တွင် လျိုကျစ်နှင့် ရှန့်ဇီတို့ကောင်လေးနှစ်ယောက် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်မှာ ကြာပြီ ဖြစ်ပြီး စုန့်ကျွင်းလီတို့ညီအစ်ကို၏ကျောပြင်များကိုသာ မြင်ရတော့သည်။ စုန့်တင်းရှန်းက ခေတ္တမျှ စဉ်းစားနေပြီးမှ ဝင်မေးလိုက်သည်။

"အကြီးဆုံးဦးလေး၊ ဆဋ္ဌမအဖိုး၊ အလုပ်များတဲ့ ရိတ်သိမ်းရာသီ ရောက်လာရင် မက်မွန်သီးခူးဖို့ ဘယ်သူတွေကို ငှားလေ့ရှိလဲ"

"ရွာထဲက လယ်ယာမြေမရှိတဲ့သူတွေ ဒါမှမဟုတ် မြို့ပေါ်က ကျပန်းအလုပ်လုပ်တဲ့သူတွေကို ငှားရတာပေါ့၊ ဒါပေမယ့် အဲဒီအချိန်က မက်မွန်သီးတွေက အထွက်များဆုံးအချိန်တော့ မဟုတ်သေးဘူး၊ ငါတို့ဘာသာ အကုန်မခူးနိုင်တာကို အခွင့်ကောင်းယူပြီး အဲဒီလူတွေက လုပ်အားခ တိုးတောင်းကြတယ်၊ တော်တော်ကို စိတ်တိုစရာပဲ"

ဆဋ္ဌမအဘိုးက ထိုကဲ့သို့ အခွင့်အရေးသမားများကို မကျေနပ်ပုံဖြင့် ညည်းညူပြောဆိုလိုက်သည်။

စုန့်တင်းရှန်းက တွေးတွေးဆဆ အကြံပေးလိုက်သည်။.

"အခုက အသီးအထွက်များတဲ့ ရာသီမဟုတ်သေးရင် သမီးတို့ရဲ့ ညီမတွေကိုပဲ ခေါ်ပြီး ကူခိုင်းကြမလား၊ သူတို့က ယောက်ျားလေးတွေလောက် မသန်မာသေမယ့် အရမ်းကို စေ့စပ်သေချာကြတယ်၊ အသီးတွေ မနာအောင် သေချာ ခူးပေးမှာ သေချာမယ်။ ပြီးရင် ခြင်းတောင်းသယ်ဖို့ ကောင်လေးတစ်ယောက်နှစ်ယောက်လောက် ထပ်ငှားလိုက်တာနဲ့ အဆင်ပြေသွားပြီ၊ အကုန်အကျလည်း သိပ်မများတော့ဘူးပေါ့"

စိုက်ပျိုးရိတ်သိမ်းချိန်က အလုပ်များသည့် ရာသီဖြစ်ပြီး မိသားစုဝင်အားလုံး ဝိုင်းဝန်းကူညီကြရသော်လည်း ရိတ်သိမ်းချိန်၏ ပထမရက်အနည်းငယ်တွင် ကာယခွန်အားကို အဓိကအသုံးပြုရကြသည်။ နောက်ပိုင်းမှသာ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် မိန်းကလေးများနှင့် ယောက်ျားလေးငယ်များက လယ်ကွင်းထဲသို့ လိုက်ပါသွားရပြီး ကျန်ရစ်သော ဂျုံနှံများကို လိုက်လံကောက်ယူခြင်းဖြင့် ကူညီပေးကြရသည်။

သို့သော် ဂျုံနှံကောက်ခြင်း နှောက်နှေးမည်ကို စိတ်ပူစရာမလိုပေ။ နံနက်ပိုင်းတွင် သစ်သီးများ ခူးဆွတ်နိုင်ပြီး နေ့လယ်ပိုင်းမှ ဂျုံနှံများ လိုက်လံကောက်ယူနိုင်သည်။

ဆဋ္ဌမအဘိုး၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားပြီး ပြန်မေးလာသည်။

"တကယ်လို့ ဒီနည်းအတိုင်းသာ လုပ်နိုင်မယ်ဆိုရင် လုပ်အားခရဲ့ တစ်ဝက်လောက် သက်သာသွားနိုင်တယ်။ မင်း သွားပြီး မေးကြည့်လိုက်လေ၊ ဘယ်သူတွေ လာချင်ကြလဲဆိုတာ သိရင် ပိုကောင်းတယ်။ ငါတို့အိမ်မှာ သစ်သီးပင်တွေ အများကြီးရှိပေမယ့် အခုလောလောဆယ် လူဆယ်ယောက်လောက်ဆိုရင် လုံလောက်ပြီ။ သစ်သီးလာဝယ်တဲ့ ကုန်သည်တွေကလည်း ကူခူးပေးကြမှာပဲ။ ဒါပေမယ့် အဲဒီကလေးမလေးတွေက အသက်ငယ်သေးတော့ သူတို့မိသားစုတွေက လွှတ်ဖို့ ဆန္ဒရှိပါ့မလား"

စုန့်တင်းရှန်းက ပြန်ဖြေလိုက်၏။

"ငွေရမယ့်အလုပ်လေ၊ ဘယ်သူက သဘောမတူဘဲ နေမှာတုန်း ဆဋ္ဌမအဖိုးရယ်၊ တကယ်လို့ တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်ဆိုရင်လည်း အသက်ကြီးတဲ့ အဒေါ်ကြီးနှစ်ယောက်ကို ထပ်ငှားလိုက်၊ အဒေါ်ကြီးတွေက မက်မွန်သီးတွေ ထုပ်ပိုးဖို့ ကူညီရင်း ကလေးတွေ ပေါက်ကရ မလုပ်အောင် ကြည့်ပေးကြလိုက်မယ်။ သူတို့နဲ့ ကတိတစ်ခုလည်း လုပ်ထားလိုက်ပေါ့၊ အသီးတွေ မပျက်စီးစေသရွေ့ နောက်လည်း ဒီလိုအလုပ်မျိုးရှိရင် သူတို့ကိုပဲ ငှားမယ်လို့ ပြောလိုက်ရင် ရပြီ"

ဆဋ္ဌမအဘိုးက ထပ်ခါတလဲလဲ ခေါင်းညိတ်နေသည်။

"ကောင်းတယ်၊ ကောင်းတယ်... မင်း မြန်မြန်သွားပြီး သွားမေးကြည့်လိုက်၊ အချိန်ကျလာမှ ကသောင်းကနင်း မဖြစ်အောင် လာချင်တဲ့သူတွေကို စာရင်းမှတ်ထားလိုက်"

စုန့်တင်းရှန်းက သဘောတူလိုက်ပြီး ဆဋ္ဌမအဘိုးကို စုန့်ကျစ်ချမ်းနှင့်အတူ အိမ်ပြန်လိုက်ပို့ပေးခဲ့သည်။ ထို့နောက် အိမ်သို့ အမြန်ပြန်လာခဲ့ကြသည်။

အိမ်ရှေ့ခြံဝင်းထဲတွင် မက်မွန်ဝါတစ်ခြင်း ရှိနေပြီး ဖန့်ရှီက မက်မွန်သီးတစ်လုံးကို ယူ၍ အခွံနွှာပြီး သူမ၏ အငယ်ဆုံးသားလေး စားနိုင်ရန်နှင့် ဆော့ကစားနိုင်ရန် နည်းနည်းချင်းစီ ဖဲ့ပေးနေသည်။ ကောင်လေး၏ မျက်နှာတစ်ခုလုံး မက်မွန်ရည်များကြောင့် ဝါထိန်နေသည်ကို မြင်လိုက်ရသဖြင့် စုန့်တင်းရှန်းတစ်ယောက် ရယ်လည်းရယ်ချင် စိတ်လည်းပျက်သွားရသည်။

"နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့၊ ဒါကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ပြောပြပါဦး"

ဖန့်ရှီက သမီးဖြစ်သူ ပြန်လာသည်ကို မြင်လိုက်သည်နှင့် သားငယ်လေးအား မက်မွန်သီးကျွေးသည့်အလုပ်ကို စုန့်ကျဲကျင့်ထံ လွှဲပေးလိုက်သည်။

စုန့်ကျဲကျင့်က သူမ၏ လေးလံသော မောင်ငယ်လေးကို ကျွမ်းကျင်စွာ ပွေ့ချီလိုက်ပြီး လှေကားထစ်တွင် ထိုင်ကာ မက်မွန်သီး ဆက်ကျွေးနေခဲ့သည်။

"ကျဲကျင့်၊ ခနနေဦး၊ ငါ နင်နဲ့ တိုင်ပင်စရာ ရှိသေးတယ်"

စုန့်တင်းရှန်းက စုန့်ကျဲကျင့်အနီးသို့ လျှောက်သွားလိုက်ပြီး အခြေအနေကို စုန့်ကျဲကျင့်အား ရှင်းပြလိုက်သည်။

"အဲဒီတော့ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်လောက် ကလေးတွေ ခေါ်ပေးရမှာလား"

စုန့်ကျဲကျင့်က မောင်ငယ်လေး၏ ပါးစပ်ကို သုတ်ပေးလိုက်ပြီး သူ့ကို ဆက်မကျွေးတော့ဘဲ မက်မွန်သီးကို ဘေးသို့ ခဏချထားလိုက်သည်။

ဝဝကစ်ကစ်ကလေးငယ်လေးကတော့ စားစရာမရှိတော့သည့်တိုင် ဂျီမတိုက်ဘဲ သမ်းဝေနေခဲ့သည်။ ဤကောင်လေးက အသက်နှစ်နှစ်နီးပါး ရှိပြီ ဖြစ်သော်လည်း အရာရာကို နှေးကွေးစွာ လုပ်တတ်ပြီး စကားပြောလျှင်လည်း ဖြည်းဖြည်းချင်းသာ ပြောဆိုတတ်သည်။

သို့သော် သူက ငယ်သော်လည်း အလွန်ပါးနပ်သူဖြစ်ပြီး လူကဲခတ် အလွန်တော်လှသည်။ မည်သူကပင် သူ့အား နောက်ပြောင်နေသည်ဖြစ်စေ လိုက်လျောညီထွေ ရယ်မောတတ်သဖြင့် အလွန် မျက်နှာပန်းပွင့်သူလေး ဖြစ်နေပြန်သည်။

စုန့်တင်းရှန်းက မောင်ငယ်လေးကို လွှဲပြောင်းချီယူလိုက်ရင်း ထပ်ရှင်းပြလိုက်သည်။

"ဟုတ်တယ်၊ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်လောက်ဆို ရပြီ။ အငယ်ဆုံးလေးတွေက အလုပ်အများကြီး မလုပ်နိုင်ပေမယ့် အကြီးပိုင်းလေးတွေကတော့ လယ်ကွင်းထဲ ဆင်းနိုင်ကြပြီလေ။ ငါတို့ သူတို့ကို ပင်ပင်ပန်းပန်း လုပ်ခိုင်းမှာ မဟုတ်ပါဘူး၊ မက်မွန်သီးလေးတွေ ခူးခိုင်းရုံပါပဲ။ မက်မွန်ပင်တွေက မမြင့်တော့ ပြုတ်ကျရင်တောင် ဘယ်သူမှ ထိခိုက်ဒဏ်ရာရမှာ မဟုတ်ဘူး"

"ကောင်းပါပြီ၊ ဒါဆို ကျွန်မ သွားမေးလိုက်ဦးမယ်"

စုန့်ကျဲကျင့်က သူမ၏ ဘောင်းဘီပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။

"ဟဲ့ ခနနေဦး၊ အလုပ်ကြိုးစားတဲ့သူတွေနဲ့ အပြောအဆို ယဉ်ကျေးတဲ့သူတွေကိုပဲ ရှာခဲ့နော်၊ မက်မွန်သီးခူးရင်းနဲ့ ရန်ပွဲတွေ ဘာတွေ မဖြစ်စေနဲ့ဦး"

စုန့်တင်းရှန်းက သတိထပ်ပေးလိုက်သည်။

စုန့်ကျဲကျင့်က ပြန်ဖြေလိုက်သည်။

"ကျွန်မ သိပါတယ် ဒုတိယအစ်မရယ်၊ ကျွန်မ အားလုံး အဆင်ပြေအောင် စီစဉ်ပေးမယ်"

All Chapters