← Chapters

သကြားရည်စိမ် မက်မွန်ဝါသီး ( အပိုင်း ၂)

Vol. 6 Ch. 54

သကြားရည်စိမ် မက်မွန်ဝါသီး ( အပိုင်း ၂)

Vol. 6 Ch. 54

"နင်တို့ ဘာတွေ ပြောနေကြပြန်ပြီလဲ"

ဖန့်ရှီက လှမ်းမေးလိုက်ပြီး စုန့်တင်းရှန်းက ပြန်မဖြေဘဲ သူမ၏မောင်လေးကို ပင်မအိမ်ကြီးထဲသို့ ခေါ်သွားကာ လီရှီ၏ဘေး၌ ချထားပေးလိုက်သည်။

"ဘာလို့ ဒီလောက် တိုးတိုးတိတ်တိတ် ကြိတ်တိုင်ပင်နေရတာတုန်း၊ ငါ ကြားရင် ဆူခံရမှာ ကြောက်နေပြန်ပြီလား"

"မဟုတ်ပါဘူး အမေရယ်"

စုန့်တင်းရှန်းတစ်ယောက် ခါးသက်သက် ပြုံးလိုက်ရင်း မက်မွန်သီးခူးမည့်ကိစ္စကို ရှင်းပြလိုက်သည်။

"အဲ့ဒါပါပဲ အမေရယ်၊ အမေ့ကို မပြောရဲရာ မရှိပါဘူး၊ ပြောဖို့ မလိုလို့ပါ၊ ကျဲကျင့်လည်း သူ့ဘာသာသူ တာဝန်ယူနိုင်တဲ့ အရွယ်ကို ရောက်နေပြီဆိုတော့ သမီးက သူ့ကိုပဲ ခိုင်းလိုက်တာပါ”

လီရှီက ရယ်မောရင်း ဝင်ပြောလိုက်သည်။

"နင့်အမေက အမြဲအဲ့လိုပဲ၊ တတွတ်တွတ်နဲ့ ဆူညံနေတာလေ၊ ကဲ... အခု မက်မွန်သီးတွေ ရပြီ၊ အိမ်မှာ သကြားလည်း အဆင်သင့်ဆိုတော့ ဘယ်လို ဆက်လုပ်ရမယ်ဆိုတာ လာကြည့်ပေးဦး"

အမှန်စင်စစ်တွင် မက်မွန်သီး စည်သွပ်ဘူးလုပ်သည်ဖြစ်စေ၊ မက်မွန်သီးယိုလုပ်သည်ဖြစ်စေ နည်းလမ်းက အလွန်ရိုးရှင်းသည်။

ပထမဦးဆုံး မှည့်နေသော မက်မွန်သီးများကို အခွံနွှာကာ ထက်ဝက်ခြမ်းပြီး အစေ့များကို ကျွမ်းကျင်စွာ ထုတ်ပစ်ရသည်။ ထိုမက်မွန်သီးစိတ်များ၏ အဖန်အရသာများ ပျောက်သွားစေရန် ဆားရည်အနည်းငယ်ထဲတွင် ဆယ်မိနစ်ခန့် စိမ်ထားရပြီး ထို့နောက်တွင် ချိုမြိန်သော အသားနူးနူးအိအိလေး ရစေရန် သကြားရည်တွင် မီးအေးအေးဖြင့် ဆယ်မိနစ်ခန့် ပြုတ်ပေးရသည်။

သူမတို့ မက်မွန်သီးများ ပြုတ်နေစဉ်အတွင်း စုန့်ကျစ်ယွမ် ပြန်ရောက်လာပြီး ကြွေအိုးကြီးလေးလုံးနှင့် သကြားခဲတစ်ထုပ် ယူဆောင်လာခဲ့သည်။

"အရင်ဆုံး အိုးနည်းနည်းလောက်ပဲ စမ်းလုပ်ကြည့်ရအောင်၊ ဘယ်လိုလုပ်ရင် ပိုအရသာရှိပြီး အကြာကြီး သိမ်းထားလို့ ရနိုင်တယ်ဆိုတာ သိရတာပေါ့"

သူက အရင် စပြောလိုက်သည်။ ပုံမှန်အားဖြင့် သူက စကားနည်းသူဖြစ်သော်လည်း သူ၏ အတွေးအခေါ်များက ဖန့်ရှီထက် ပို၍ စေ့စပ်သေချာသည်။

ဖန့်ရှီက ကြွေအိုးများကို စင်ကြယ်အောင် ဆေးကြောပေးခဲ့ပြီး အတွင်းပိုင်းကို မွှေးကြိုင်သော အရက်ဖြူစိမ်ထားသည့် အဝတ်ဖြင့် ညင်ညင်သာသာ သုတ်ပေးခဲ့သည်။ ခြံဝင်းအလယ်တွင် အိုးကြီးတစ်လုံး တင်နိုင်ရန် မီးမွှေးထားပြီး ထိုကြွေအိုးများကို ပွက်ပွက်ဆူနေသော ရေထဲသို့ ထည့်၍ ပိုးသတ်သန့်စင်လိုက်သည်။

အပူရှိန်ကြောင့် မက်မွန်သီးများ နူးအိသွားပြီးနောက်တွင် အတန်အသင့် အအေးခံလိုက်ပြီး ဖန့်ရှီက သကြားရည်ကြောင့် အရသာရှိနေပြီ ဖြစ်သည့် မက်မွန်သီးအခြမ်းလေးများကို ပိုးသတ်ထားသည့် ကြွေအိုးများထဲသို့ ဂရုတစိုက် ပြောင်းထည့်လိုက်သည်။

ထို့နောက် အိုးထဲသို့ အစိုဓာတ်မဝင်စေရန် အိုးတစ်လုံးချင်းစီကို ဆီစိမ်စက္ကူများ အထပ်ထပ်ခံ၍ အဖုံးများ ပိတ်လိုက်ကြသည်။ ထို့နောက် လျှော်ကြိုးဖြင့် တင်းကျပ်စွာ ထပ်စည်းလိုက်သည်။ အပေါ်မှ ရွံ့စေးထူထူ ထပ်မံလိမ်းကျံပြီးနောက်တွင် လေလုံသည့် အိုးလေးများ ရရှိလာခဲ့သည်။

ကြွေအိုးလေးများ သာမန်အပူချိန်သို့ ပြန်လည်ရောက်ရှိသွားချိန်တွင် ၎င်းတို့ကို အရသာခံ စာသုံးနိုင်မည့် အချိန်အထိ စိတ်ရှည်လက်ရှည် စောင့်ရတော့မည် ဖြစ်သည်။ ထို့ကြောင့် အိမ်အတွင်းရှိ အေးမြပြီး မှောင်ရိပ်ကျသော ထောင့်တစ်နေရာသို့ ဂရုတစိုက် ရွှေ့ပြောင်းလိုက်ကြသည်။

စုန့်တင်းရှန်းက မက်မွန်သီး ခြင်းတောင်းကြီးထဲမှ အလှပဆုံးအသီးများကို ရွေးထုတ်ကာ စည်သွပ်အိုးနှစ်အိုး ပြုလုပ်ခဲ့ပြီး ကျန်ရှိနေသည့် မက်မွန်သီးများကိုတော့ ညစာစားပြီးချိန်တွင် အားလုံးအတူတကွ စားသုံးနိုင်ရန် ရေတွင်းရေအေးအေးဖြင့် အအေးခံကာ ဇလုံတစ်ခုထဲ၌ ထည့်ထားလိုက်သည်။

ပိုးထိုးခြင်းကြောင့် သို့မဟုတ် အနည်းငယ် ပွန်းပဲ့နေခြင်းတို့ကြောင့် စည်သွပ်ဗူးလုပ်ရန် မသင့်တော်သလို ဈေးကောင်းလည်း မရနိုင်သည့် ကျန်မက်မွန်သီးများလည်း ရှိနေသေးသည်။

စုန့်တင်းရှန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ထိုမက်မွန်သီးများကို အခွံ မခွာဘဲ ဆေးကြောပြီး အချိုရည် ထွက်လာသည်အထိ ပြုတ်လိုက်သည်။ ထို့နောက် အခွံများကို ပြန်စစ်ထုတ်ကာ လွှင့်ပစ်လိုက်သည်။ နောက်ဆုံးတွင် ကျန်နေသည့် မက်မွန်သီးအစိတ်လေးများထဲသို့ သကြားခဲတချို့ ထပ်ထည့်ကာ အရည်ပျော်အောင် လုပ်လိုက်ပြီး ထိုသကြားရည်ကို ပန်းကန်လုံးထဲသို့ ပြောင်းထည့်ကာ ရေတွင်းရေဖြင့် အအေးခံထားလိုက်သည်။

နောက်ဆုံးတွင် ကျန်ရှိသော မက်မွန်သီးစိတ်ကလေးများ အားလုံးကို သကြားဖြင့် ထပ်ကျိုကာ သစ်သီးယို ပြုလုပ်လိုက်သည်။ ဖန့်ရှီက အဆင်သင့် ဂျုံနယ်ထားပြီး အလုံးလေးများ လုပ်ထားပြီးပြီ ဖြစ်သည်။ မက်မွန်ယို ရလာသည်နှင့် ထိုဂျုံလုံးလေးများထဲသို့ ပျစ်နှစ်သော မက်မွန်သီးယိုများ အစာသွတ်ကာ သကြားလုံးပုံစံ အလုံးလေးများဖြစ်အောင် ပုံဖော်လိုက်ကြသည်။

အစာသွတ်ထားသော ဂျုံလုံးလေးများအား ပေါင်းပြီးသွားချိန်တွင် ထိုမုန့်လုံးလေးများက လုံးဝန်းနေပြီး ချစ်စရာပုံသဏ္ဍန် ဖြစ်လာခဲ့သည်။ အပေါ်တွင် အနီစက်လေး တစ်စက်စီ ဖြစ်ပေါ်နေပြီး အလွန်ဆွဲဆောင်မှု ရှိနေလေသည်။

အမြင်တွင် ချစ်စရာကောင်းရုံသာမက ကိုက်လိုက်သည့်အချိန်တွင်လည်း မက်မွန်သီး၏ ချိုမြိန်သော ရနံ့က ပါးစပ်တစ်ခုလုံးအထိ ပျံ့နှံ့သွားစေကာ အလွန် အရသာရှိလှသည်။

"အချို နည်းနည်း များနေသလားလို့"

လီရှီက တစ်ကိုက် ကိုက်ကြည့်လိုက်ပြီး အချိုလေးလွန်းသောကြောင့် ဆက်မစားတော့ပေ။

"ဒါတွေကို ဘယ်လောက်နဲ့ ရောင်းကြမလဲ"

စုန့်တင်းရှန်းက ပြန်ဖြေလိုက်သည်။

"အခုချက်ချင်း ရောင်းမယ်ဆိုရင်တော့ ဈေးကောင်းရမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဆောင်းတွင်းရောက်မှ သကြားမုန့်လုံးလေးတွေ လုပ်ပြီး ရောင်းမယ်ဆိုရင်တော့ အမြတ်အစွန်း အများကြီး ရမှာ သေချာတယ်"

စုန့်ကျစ်ယွမ်ကလည်း ဝင်ပြောလိုက်ပြန်သည်။

"တကယ်တော့ ဒီမက်မွန်သီးတွေက အရမ်းမွှေးပြီး ချိုးနေပြီးသား၊ သကြား အများကြီးထပ် ထည့်ထားတော့ ပိုချိုသွားတယ်၊ နောက်တစ်ခါ လုပ်ရင် မုန့်သားကို နည်းနည်း ပိုထူပြီး အရွယ်အစား ပိုကြီးအောင် လုပ်ကြမယ်၊ မုန့်နည်းနည်းကြီး သွားရင် ရောင်းဖို့ အမြင် ပိုကောင်းသွားပြီ၊ တစ်ခုကို နှစ်ဝမ်နဲ့ ရောင်းရင်တောင် အေးအေးဆေးဆေး အမြတ်ရနိုင်တယ်"

"ရောင်းနိုင်ရင် အဆင်ပြေပြီ"

လီရှီက အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

"ကဲ အားလုံး အဆင်ပြေသွားပြီ၊ အခုလည်း မွန်းတည့်တော့မယ်၊ အခြားလူတွေလည်း မကြာခင် ပြန်လာကြတော့မှာ၊ ဒုတိယချွေးမ၊ မြန်မြန် ထမင်းချက်ဖို့ ပြင်တော့လေ"

ဖန့်ရှီက သူမ၏ ချွေးမများနှင့်အတူ ထမင်းချက်ရန် မီးဖိုချောင်ထဲသို့ အပြေးအလွှား ပြေးဝင်သွားသည်။ နွေရာသီ၏ ပူပြင်းသော ရာသီဥတုက စားချင်စိတ်ကို ပျောက်ကွယ်စေသည်။

ထို့ကြောင့် သူမတို့က လယ်ကွင်းထဲမှ ခရမ်းသီးအချို့ကို ခူးယူကာ ရေနွေးငွေ့ဖြင့် ပေါင်းလိုက်ပြီး ကြက်သွန်ဖြူ၊ ရှာလကာရည်၊ ငရုတ်သီးဆော့စ် အနည်းငယ်ဖြင့် နယ်လိုက်ကြသည်။ ထို့နောက် မုန်လာဥနီလက်တစ်ဆုပ်နှင့် ကြက်သွန်မြိတ်အနည်းငယ်ကို ဆေးကြောကာ ပဲငပိအနှစ်ပန်းကန်လုံးထဲ၌ တို့စားရန် ပြင်ဆင်လိုက်ကြသည်။ နောက်ဆုံးတွင် ဆန်ပြုတ်ပျစ်ပျစ် အိုးတစ်အိုးချက်ကာ အိုးဘေးတွင် မုန့်ပြားဝိုင်းလေးများ ကပ်ပြီး ပေါင်းထားလိုက်သည်။ အိုးပေါ်မှ ဝါးပေါင်းခွက်ထဲတွင် မုန့်ပေါင်းအချို့ ထည့်ပေါင်းထားလိုက်သည်။

လယ်ကွင်းထဲမှ ပြန်လာသူများနှင့် လက်ဖက်ရည်ဆိုင်မှ အလုပ်သမားများ ပြန်ရောက်လာချိန်တွင် စားစရာအားလုံး အဆင်သင့် ဖြစ်နေပြီဖြစ်သည်။

အလုပ်လုပ်ရာမှ ပြန်လာသူများ ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် မက်မွန်သီး၏ ပြင်းရှရှရနံ့ကို ရလိုက်ကြသည်။ ကျန်းရှီက မသိမသာ တံတွေးမျိုချလိုက်ပြီး ကျောက်တိအား လှမ်းပြောလိုက်သည်။

"ငါ အသေအချာ ပြောရဲတယ်၊ ငါတို့ရဲ့ အာ့နွီက နောက်ထပ် အရသာရှိတာတစ်ခုခု လုပ်ထားပြန်ပြီ"

ကျောက်တီက သူမ၏ဗိုက်ကို ပွတ်သပ်ရင်း ရယ်သံဖြင့် ပြန်ပြောလိုက်သည်။

"အာ့နွီ ဘာပဲလုပ်လုပ် ကျွန်မတို့အားလုံး မြည်းခွင့်ရမယ်ဆိုတာ ကျွန်မ သိတယ်။ ကျွန်မရဲ့ဗိုက်ထဲက က‌လေးလေးကတော့ တကယ့်ကို ကံကောင်းတာပဲ"

သူတို့က သူတို့၏မျက်နှာနှင့် လက်များကို ဆေးကြောပြီး ပင်မအိမ်ကြီးထဲသို့ ဝင်လာကြသည်။

လီရှီကလည်း ချက်ချင်း အသိပေးလိုက်သည်။

"ဒီနေ့ ငါတို့ မက်မွန်သီးတွေ ပြုတ်ပြီး တချို့ကို ရေတွင်းရေထဲမှာ စိမ်ထားတယ်။ ညစာစားပြီးရင် လေညှင်းခံရင်း အားလုံး အတူတူ စားကြတာပေါ့"

ကျင်းချောင်အာနှင့် ချောင်လျိုတို့က အိမ်တွင် အလုပ်များ ကူညီလုပ်ကိုင်ပေးခဲ့ကြပြီး မက်မွန်သီးအစာသွတ် မုန့်လုံးလေးများကို မြည်းစမ်းခွင့်ရခဲ့ကြသည်။ သူမတို့ကလည်း အော်ပြောနေကြပြန်သည်။

"ကျွန်မတို့ အနောက်ဘက်ခြံထဲကိုတောင် မသွားရဲတော့ဘူး၊ အနံ့က အရမ်းဆွဲဆောင်နေတာ၊ တစ်ခါသွားမိတာနဲ့ စိတ်မထိန်းနိုင်ဘဲ အကုန်လုံးကို တစ်ထိုင်တည်း စားလိုက်မိမှာတောင် စိုးရိမ်နေရတယ်"

လီရှီက တဟားဟား ရယ်မောရင်း ဆူပူလိုက်သေးသည်။

"တစ်ထိုင်တည်း အကုန်စားရင် ဗိုက်ပေါက်သွားမှာ မကြောက်ဘူးလား၊ အအေးခံပြီးမှ စားတာက ပိုအရသာရှိတာပေါ့၊ အခုလို ပူနေတုန်း စားရင် လန်းဆန်းစေတဲ့အရသာကို ခံစားနိုင်မှာ မဟုတ်တော့ဘူး"

တစ်မိသားစုလုံး မြန်မြန်ဆန်ဆန် နေ့လယ်စာ စားလိုက်ကြပြီး ခန်ပေါ်၌ နားနေကြသည်။ နွေရာသီ၏ အပူရှိန်က ပြင်းထန်လှသော်လည်း အိမ်ဟောင်း၏ ထူထဲသော မြေအုတ်များက အပူဒဏ်ကို အတော်အသင့် ကာကွယ်ပေးထားသည်။

သို့သော် စုန့်တင်းရှန်းတစ်ယောက်ကတော့ နွေအပူဒဏ်ကို ခံစားနေရသည့်အပြင် နေ့တိုင်း ခြင်ကိုက်ခံနေရသဖြင့် အတော်လေး ဒုက္ခခံနေရသည်။ မြို့ပေါ်မှ အကောင်းဆုံးဆိုသည့် ခြင်ဆေးများလည်း သူမအတွက် အနည်းငယ်မျှသာ သက်သာစေခဲ့သည်။

အခြားသူများ၏ အခန်းများတွင် ဒေါနစိမ်းများအား မှိုင်းတိုက်လိုက်သည်နှင့် ခြင်များ ကင်းစင်သွားတတ်သော်လည်း သူမ၏ အခန်းထဲတွင်တော့ ခြင်ပြေးအိတ်များနှင့် ဒေါနပင်မီးခိုးမှိုင်းများ ပြည့်နှက်နေသည့်တိုင် ခြင်များက သူမကို ကိုက်ရန် သူတို့၏ အသက်ကို ပေးဆပ်ထားပုံဖြင့် မရမက လိုက်လံကိုက်ခဲတတ်ကြသည်။

"မသေမျိုးတွေရဲ့အနံ့က ပိုမွှေးနေလို့ ခြင်တွေ ပိုလာတာထင်တယ်"

ဖန့်ရှီက စုန့်တင်းရှန်းကို ယပ်ခပ်ပေးနေပြီး သမီးဖြစ်သူ အိပ်ပျော်သွားသည်ကို မြင်ရမှ သူမ၏အခန်းသို့ ပြန်လာခဲ့သည်။

စုန့်ကျစ်ယွမ်ကတော့ စာရင်းများ တွက်ချက်နေသည်။ သူက ကြွေအိုးများအတွက် စရံငွေလျန်ငါးဆယ် ပေးချေထားခဲ့ပြီး အိုးကြီးအလုံးတစ်ရာနှင့် အိုးအသေးအလုံးနှစ်ရာ မှာယူထားခဲ့သည်။ အိုးများ သွားယူလျှင် နောက်ထပ် လျန်ငါးဆယ် ထပ်မံပေးချေရဦးမည် ဖြစ်သည်။

ရွံ့စေးမြေအိုးများကတော့ အလွန် ဈေးသက်သာပြီး အိုးငယ်တစ်လုံးအတွက် ကြေးပြားအနည်းငယ်သာ ပေးရသည်။ အိုးကြီးတစ်လုံးကိုပင် ကြေးပြားဆယ်ပြားကျော်သာ ကျသင့်သည်။ သို့သော် သူက သမီးဖြစ်သူ၏ ငွေရှာနိုင်စွမ်းကို ယုံကြည်ထားပြီး ဖြစ်သည်။ တကယ်၍ ရောင်းမထွက်ခဲ့လျှင်လည်း မိမိတို့ဘာသာ စားသုံးနိုင်ပြီး တစ်နှစ်အတွင်း ထိုအရှုံးကို ပြန်ကာမိအောင် သူ အလုပ် လုပ်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

"အခု မြို့ပေါ်မှာ ရှိတဲ့ ဂေါ်ဖီထုပ်အစပ်တွေ အကုန် ရောင်းကုန်သွားပြီ၊ အိမ်မှာလည်း အများကြီး မကျန်တော့ဘူး။ အဲဒါတွေကိုတော့ အိမ်မှာ စားဖို့ပဲ ချန်ထားလိုက်ရအောင်၊ အဲ့ဒါတွေက အကြာကြီး သိမ်းထားလို့ရတော့ နောက်နှစ်ကျရင် အများကြီးလုပ်ဖို့ ကြိုးစားကြည့်ရတော့မယ်"

စုန့်ကျစ်ယွမ်က ဖန့်ရှီကို လှမ်းပြောလိုက်သည်။

ဖန့်ရှီက သူမ၏ သားငယ်လေးကို ယပ်ခပ်ပေးရင်း ပြန်ပြောလိုက်သည်။

"အဲ့ဒါက အကြံကောင်းလို့ ကျွန်မ ထင်တယ်၊ မနှစ်က ဈေးသည်တွေ အများကြီး ကျွန်မတို့ဆီကို ပစ္စည်းလာဝယ်ကြတဘ်၊ အခု အိမ်က ဂေါ်ဖီထုပ်တွေ အကုန်ကုန်သွားပြီ။ အဲဒါကြောင့် ဒီနှစ် ရှင့်အဖေက ဂေါ်ဖီထုပ် တစ်မူ ပိုစိုက်ထားတယ်၊ ဒါပေမယ့် ကျွန်မ တွေးနေတာက အဲဒါတောင် လုံလောက်ပါ့မလား"

"တကယ်တော့ အဲဒီလောက်အထိ အများကြီး စိုက်ဖို့ မလိုဘူးလို့ ငါ ထင်တယ်၊ စိုက်ခင်းကို တစ်နေကုန် စောင့်ကြည့်နေရရင် လူလည်း ပင်ပန်းမှာ သေချာတယ်။ ရွာထဲကနေ ဝယ်လိုက်တာက ပိုကောင်းလိမ့်မယ်၊ ဂေါ်ဖီထုပ်က ဘယ်လောက်မှလဲ ဈေးကြီးတာ မဟုတ်ပါဘူးကွာ"

"ဒါပေမယ့် အဖေက သူများတွေ သတိထားမိမှာကို စိုးရိမ်နေတာ မဟုတ်ဘူးလား"

စုန့်ကျစ်ယွမ်က တဟားဟား ရယ်မောရင်း ထပ်ပြောလိုက်သည်။

"ဟား ဟား၊ မင်းတို့ ဒီလောက်အများကြီး စိုက်နေတော့ရော လူတွေက သတိမထားမိ‌တော့ဘူးတဲ့လား၊ အားလုံးကို ငါတို့ဘာသာ စိုက်နေမယ့်အစား ရွာသားတွေကို အကျိုးအမြတ် နည်းနည်းလောက် မျှဝေပေးလိုက်တာက ပိုကောင်းတယ်၊ နောက်မှ ငါ အဖေနဲ့ သေသေချာချာ စကားပြောကြည့်လိုက်ပါ့မယ်၊ နောက်နှစ်ကျရင် အများကြီး မစိုက်တော့ဘူး။ ဒါပေမယ့် ဒီနှစ် လုပ်ထားတာကို အရင်ကုန်အောင် ရောင်းကြည့်ရဦးမယ်၊ အကုန်ရောင်းကုန်ပြီဆိုရင်တော့ နောက်နှစ်အတွက် ရွာထဲကပဲ ပြန်ဝယ်ကြတာပေါ့"

ဖန့်ရှီက သူ့ကိုလည်း ယပ်ခပ်ပေးနေခဲ့သည်။

"ဒါတွေက ယောက်ျားတွေရဲ့ ကိစ္စပဲ၊ အခု ခဏလောက် နားလိုက်ဦး၊ ဒါပေမယ့် မမေ့နဲ့ဦးနော်၊ ဒီနေ့ နေ့လယ်ကျရင် လယ်ထဲမှာ ပေါင်းတွေ သွားရှင်းဖို့ ကျန်သေးတယ်၊ အိမ်တွင်းအိမ်ပြင်မှာ အလုပ်တွေချည်းပဲ၊ လယ်ထဲမှာလည်း လုပ်စရာတွေ အများကြီး၊ ဟင်းသီးဟင်းရွက်တွေ၊ ဂျုံတွေ၊ မြေပဲတွေ၊ ပဲတွေ တစ်ခုပြီးတစ်ခုပဲ၊ ဘယ်တော့မှ မပြီးနိုင်မယ့် အလုပ်တွေ"

"အလုပ်များသလို ‌ငွေလည်း ရတယ်လေ၊ အလုပ်မရှိရင် ဘယ်ကနေ ငွေဝင်လာမှာလဲကွာ"

စုန့်ကျစ်ယွမ်က စာရင်းစာအုပ်ကို ပိတ်ကာ သားဖြစ်သူ၏ ဘေးတွင် လဲလျောင်းရင်း တိုးတိုးလေး ထပ်ပြောလိုက်သည်။

"မင်းလည်း ခဏလောက် နားလိုက်ဦး၊ နေ့လယ်ကျရင် ဝက်စာကျွေးဖို့ ရှိသေးတယ်၊ ခနတော့ အိပ်လိုက်ပါ"

ခဏမျှ အိပ်စက်ပြီးနောက် ဇနီးမောင်နှံနှစ်ဦးက အမြန်ပြန်ထကာ ဝက်စာချက်ရန် နောက်ဖေးခြံထဲသို့ ဝင်သွားကြပြန်သည်။ ထိုနေရာတွင် ကျန်းရှီနှင့် စုန့်ကျစ်ချမ်းတို့က ဝက်စာ စချက်နေကြပြီ ဖြစ်သည်။ သူတို့ လက်ဖက်ရည်ဆိုင် ဖွင့်ထားသောကြောင့် နေ့စဉ်ဝင်ငွေ ရရှိနေပြီး ဒုတိယမိသားစုကို အလွန်ကျေးဇူးတင်နေကြသည်။

ထို့ကြောင့် ခဏနားပြီးသည်နှင့် သူတို့ ဝက်စာပြင်ဆင်ရန် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

ဖန့်ရှီတို့က သူတို့ဆီမှ အလုပ်ကို အမြန်လွှဲပြောင်းယူလိုက်ကြသည်။ ကျန်းရှီက ခြေလက်ဆေးကြောကာ အဝတ်အစားလဲပြီး ကျောက်တိနှင့်အတူ ပဲစိမ်းစွပ်ပြုတ်နှင့် လက်ဖက်ရည်ရောင်းရန် ကြာကန်သို့ ထွက်သွားတော့သည်။ လမ်းသွားလမ်းလာ အချို့က ဇရပ်ထဲတွင် နားနေတတ်ကြသောကြောင့် ကြေးပြားအနည်းငယ် ပိုရစေရန် သူတို့ စောစောစီးစီး သွားနေကြခြင်းပင်။

ညနေခင်း ရောက်လာချိန်တွင် လန်းဆန်းစေသည့် သကြားရည်စိမ် မက်မွန်ဝါများနှင့် အေးခဲသွားသဖြင့် အိအိတုန်တုန်လေးဖြစ်နေသော ကြည်လင်သည့် မက်မွန်ကျောက်ကျောတို့ကို ထုတ်ယူလာကြသည်။ သကြားရည်စိမ်မက်မွန်ဝါများက ကောင်းမွန်သည်ဆိုသော်လည်း တုန်တုန်အိအိ ဂျယ်လီတုံးလေးများကတော့ အားလုံးကို မျက်စိပွင့်သွားစေခဲ့သည်။

"မက်မွန်သီးအခွံမှာ ချွဲပျစ်တဲ့ ဓာတ်တမျိုးပါတော့ အခွံတွေကို ကျိုလိုက်လို့ ထွက်လာတဲ့ ရေ အေးသွားရင် အခုလို ကျောက်ကျောဖြစ်သွားရော... ဒါပေမဲ့ မက်မွန်သီးအခွံတွေ အများကြီး လိုတယ်၊ နောက်ပြီး အပူနဲ့ ထိလိုက်ရင်လည်း ပြန်အရည်ပျော်သွားတတ်တယ်၊ ဒါကြောင့် မက်မွန်သီးနည်းနည်းလေးနဲ့ လုပ်လို့မရဘူး"

စုန့်တင်းရှန်းက သေသေချချာ ရှင်းပြနေခဲ့သည်။

ဖန့်ရှီ၏ မျက်ဝန်းများထဲတွင် စိတ်ဝင်တစားနေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။

"ဒါကိုရော ရောင်းလို့ မရဘူးလား၊ နည်းနည်းလောက် လုပ်ပြီး မြို့ထဲကို သယ်သွားကြတာပေါ့၊ ဆိုင်မှာလည်း ရေတွင်းရှိနေတာပဲ။ ရေဖြည့်ပြီး တစ်ည အအေးခံထားလိုက်ရင် နောက်တစ်နေ့ကျ ရောင်းလို့ ရလောက်ပြီ"

"နင့်အမေကတော့ ငွေရဖို့ပဲ အမြဲတွေးနေတော့တာပဲ"

ချွေးမဖြစ်သူကို ထိုသို့ ကဲ့ရဲ့လိုက်သည့်တိုင် လီရှီက မက်မွန်‌ကျောက်ကျောကို ခပ်စားရင်း ထောက်ခံနေသေးသည်။

"ဒါက တကယ်ကောင်းတယ်၊ လန်းဆန်းစေသလို သွားအတွက်လည်း အဆင်ပြေတယ်။ မက်မွန်သီးအိုးတွေ လုပ်ဖို့ ပြင်ဆင်မယ်ဆိုရင် မက်မွန်သီးအခွံတွေ ပိုထွက်လာဦးမှာလေ"

စုန့်တင်းရှန်းက ဝင်ပြောလိုက်သည်။

"ဟုတ်တယ်၊ သမီးလည်း အလုပ်များတဲ့ ရာသီပြီးရင် အများကြီးလုပ်ပြီး ဆဋ္ဌမအဖိုးကိုပါ မြည်းခိုင်းဖို့ တွေးထားတယ်၊ တကယ်လို့ သူ စိတ်ဝင်စားရင် သမီးတို့တွေ အတူတူလုပ်လို့ ရတယ်၊ ဒါပေမယ့် အဖိုးနဲ့ အဖေတို့ရဲ့ သဘောကိုလည်း သိချင်သေးတယ်"

စုန့်ရှင်းယိက စုန့်ကျစ်ယွမ်ကို လှမ်းကြည့်လိုက်ရာ သူက ခေါင်းညိတ်ရင်း သူ့အမြင်ကို ပြောပြလာသည်။

"ဒါက ဖြစ်သင့်ပါတယ်၊ ဆဋ္ဌမဦးလေးက ကျွန်တော်တို့ရဲ့ သစ်သီးခြံကို အမြဲကူကြည့်ပေးနေတာလေ၊ ပြီးတော့ ကျွန်တော်တို့မိသားစုနှစ်ခုပဲ သစ်သီးပင်တွေ စိုက်တာဆိုတော့ ဒီလို ငွေရှာနိုင်တဲ့ အကြံဉာဏ် ရှိရင် သူ့ကိုလည်း အသိပေးသင့်တယ်၊ ဒါပေမယ့် ဒါကို လုပ်ဖို့ နည်းလမ်းကတော့ အာ့နွီအာပဲ ထိန်းသိမ်းထားသင့်တယ်"

စုန့်ရှင်းယိက စိတ်အေးသွားဟန်ဖြင့် တဟားဟား ရယ်မောလိုက်သည်။

"သူ့အတွက် အပိုဝင်ငွေ ရမယ်ဆိုရင် ကျေနပ်သင့်နေပါပြီကွာ၊ ဒါတောင်မှ သူ ဒါကို လုပ်ဖို့ နည်းလမ်း လာတောင်းရဲလို့ကတော့ ငါကိုယ်တိုင် သူ့ကို ရိုက်နှက်ပေးမယ်"

စုန့်ရှင်းယိက သူ၏ ညီငယ်နှစ်ယောက်နှင့် ပိုရင်းနှီးသူ ဖြစ်သည်။ သူ့၏ဆဋ္ဌမညီက သူတို့အတွက် သစ်သီးပင်များ ကိုင်းကူးပေးခြင်းကို တစ်ပြား၏တစ်ချပ်မှ မယူဘဲ ကူညီပေးခဲ့သူဖြစ်သည်။ ယခုကဲ့သို့ သူ့ညီအတွက် ငွေရှာလမ်းစ ဖော်ပေးနိုင်ခြင်းက သူ့ကို အမှန်တကယ် ပျော်ရွှင်‌စေခဲ့သည်။

နေ့ရက်များက အလုပ်များ နေရင်း မသိမသာ ကုန်ဆုံးသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရိတ်သိမ်းရာသီ၏ အလုပ်အများဆုံးအချိန်သို့ ရောက်ရှိလာခဲ့သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း တစ်ရွာလုံး စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တက်ကြွနေကြသည်။ နေရောင်ခြည်ကြောင့် လယ်ကွင်းများ ခြောက်သွေ့သွားသည်နှင့် လူတိုင်းက ရိတ်သိမ်းရန် လယ်ကွင်းများထဲသို့ အပြေးအလွှား ဆင်းသွားကြသည်။

စုန့်ကျဲကျင့်က သက်ကြီးရွယ်အို အမျိုးသမီးကြီး သုံးဦး၊ မိန်းကလေးငယ်လေး ဆယ်ယောက်ခန့်နှင့်အတူ နံနက်စောစောကတည်းက သစ်သီးခြံသို့ ထွက်ခွာသွားခဲ့သည်။ မိန်းမငယ်လေးများက လိမ္မာယဉ်ကျေးကြပြီး အမျိုးသမီးကြီးများကလည်း အလွန် ဂရုတစိုက်ရှိကြသည်။

သူမတို့က မက်မွန်သီးများကို ခူးကာ ခြင်းတောင်းများထဲသို့ ဂရုတစိုက် ထည့်ပေးကြပြီး ကုန်သည်များက လာရောက်ယူဆောင်ကာ တောင်အောက်ရှိ လှည်းများပေါ်သို့ တင်နေကြသည်။

တစ်နေ့တာ လုပ်အားခအဖြစ် ကြေးပြားဆယ်ပြားနှင့် မက်မွန်သီးအနည်းငယ်သာ ရရှိပြီး သန်မာသော အလုပ်သမားများ၏ လုပ်အားခထက် နည်းနေသည့်တိုင် ၎င်းက ထိုကလေးများအတွက် မက်မောလောက်သည့်ဝင်ငွေ ဖြစ်နေဆဲပင်။ မွန်းတည့်ချိန်တွင် မက်မွန်သီးခူးခြင်း ပြီးစီးသွားပြီး အမျိုးသမီးကြီးများက အချိန်မဆွဲဘဲ အိမ်ပြန်ကာ ထမင်းချက်ခြင်း၊ လယ်ထဲသို့ ထမင်းပို့ခြင်းများ လုပ်ဆောင်နိုင်ကြသည်။

ကလေးများကလည်း လယ်ကွင်းထဲသို့ ပြန်သွားကာ ကူညီနိုင်သောကြောင့် ဤအစီအစဉ်က လူတိုင်းအတွက် အဆင်ပြေစေသည့် အခြေအနေ ဖြစ်လာခဲ့သည်။

ရိတ်သိမ်းရာသီ၏ အလုပ်အများဆုံးအချိန်ကို ဖြတ်ကျော်ပြီးနောက်တွင် ကြာကန်ထဲမှ ကြာပန်းလေးများ တစ်ပွင့်ပြီး တစ်ပွင့် ပွင့်လန်းလာကြသည်။ နုနယ်လှပသော ကြာပွင့်လွှာလေးများက ပန်းရောင်ဖျော့ဖျော့ ဝိုင်ခွက်ကလေးများအလား ပွင့်အာလာကြပြီး ဝတ်ဆံတိုင်လေးများ ပေါ်ထွက်လာကြသည်။ လန်းဆန်းသော ကြာရနံ့ကိုလည်း အဝေးမှပင် ခံစားနေကြရသည်။

ကြာပန်းများ ပွင့်နေပြီဖြစ်ကြောင်း သတင်းကို ရရှိသွားသည့် စုန့်ကျစ်ရွှမ်းက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူ၏ဇနီး၊ ယောက္ခမများနှင့် ကျောင်းမှ ကျောင်းနေဖက် သူငယ်ချင်းများကို ခေါ်ဆောင်ကာ မြည်းလှည်းဖြင့် ကြာကန်သို့ အမြန်ဆုံး ရောက်လာခဲ့သည်။

တစ်ဖက်တွင်လည်း ကျန်းရှီက သူမ၏ ရိုးအီနေသော လက်ဖက်ရည်ဆိုင် အလုပ်များကို ခေတ္တနားကာ ဖန့်ရှီနှင့် ပူးပေါင်းပြီး ကျောင်းသားတစ်စုအတွက် စားသောက်ဖွယ်ရာများ ပြင်ဆင်ပေးနေခဲ့သည်။

ရွာထဲသို့ ပညာတတ် လူငယ်အများအပြား ရောက်ရှိလာခြင်းက အပျိုဖြန်းလေးများနှင့် သမီးရှင်များ၏ အာရုံစိုက်မှုကို ရရှိစေပြီး တိတ်တဆိတ်လာကြည့်သူများဖြင့် စည်ကားနေလေသည်။ လူပျိုလူလွတ် ကျောင်းသားတစ်စုကလည်း သူတို့၏ အကောင်းဆုံး အမူအရာများကို ပြသကာ ခန့်ခန့်ညားညား ရင်ကော့နေကြသည်။

စုန့်တင်းရှန်းကတော့ အဝေးမှ လှမ်းကြည့်နေပြီး သူမ၏ အငယ်ဆုံးဦးလေးက ထိုလူအုပ်ထဲတွင် အထင်ရှားဆုံး ဖြစ်နေသည်ဟု တွေးနေခဲ့သည်။

All Chapters