ရန်ပွဲ
Vol. 6 Ch. 58
ဖန့်ရှီက စုန့်ယွိလန်အား အိမ်ပြန်ခေါ်သွားချင်သော်လည်း ထင်ထားသည့်အတိုင်း ဝမ်ရှီက ခွင့်မပြုခဲ့ပေ။ နှစ်သစ်ကူး နီးကပ်နေချိန်၌ သူမ၏ချွေးမ ကိုယ်ဝန်ပျက်ကျသဖြင့် မိဘအိမ်သို့ ပြန်သွားရသည်ဟူသော သတင်းက ယောက္ခမများဖြစ်ကြသည့် သူမတို့၏မျက်နှာကို တည့်တည့်ဖြတ်ရိုက်လိုက်ခြင်းပင်။
စုန့်တင်းရှန်းလည်း အပြင်ဘက်မှ ငိုယိုသံများနှင့် ဆဲဆိုသံများကို ကြားလိုက်ရသဖြင့် အပြင်သို့ အပြေးအလွှား ပြေးထွက်လာခဲ့သည်။ သူမ၏အကြီးဆုံးအစ်ကိုက သူမ၏အစ်မအား ပွေ့ချီထွက်လာသည်ကို မြင်လိုက်ရပြီး ဝမ်ရှီကတော့ ငိုယိုအော်ဟစ်နေကာ သူမ၏သား၊ ခင်ပွန်းတို့နှင့်အတူ စုန့်ကျွင်းရှန်ကို တားဆီးရန် ကြိုးစားနေခဲ့သည်။
သို့သော် ကျန်းရှီက သူမ၏လက်မောင်းကို လိမ်ကာ လှမ်းဆွဲထားပြီး ရှတာ့ရှန်းနှင့် သူ၏အဖေကိုလည်း စုန့်ကျစ်ယွမ်နှင့် စုန့်ကျစ်ချမ်းတို့က ပိတ်ဆို့ထားကြသည်။ လီရှီကလည်း ရုတ်ရုတ်သဲသဲ အသံများကို ကြားလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ ဆဲဆိုသံများမှတစ်ဆင့် အခြေအနေကို သဘောပေါက်သွားသည့် သူမ၏မျက်နှာလည်း တင်းမာသွားတော့သည်။
"ခမည်းခမက်အဖွားကြီး၊ ရှင်တို့က သားကောင်းတစ်ယောက်နဲ့ မြေးကောင်းတစ်ယောက် မွေးထုတ်ပေးခဲ့တာပဲ"
လီရှီက သူမအား လှမ်းဆွဲလိုက်သည့် ရှအဘွားကြီး၏လက်ကို ခါချလိုက်သည်။
"တာ့နွီအာကို ခေါ်ခဲ့ကြ၊ ပြန်ကြမယ်၊ ဒီမိသားစုကို ဆက်ပြီး သည်းခံနေလို့ မရတော့ဘူး"
အခြေအနေကို မြင်လိုက်ရသည့် ရှအဘိုးကြီးနှင့် ရှအဘွားကြီးတို့ကလည်း အခြားသော သားများနှင့် ချွေးမများကို အလျင်အမြန် ခေါ်လိုက်ကြပြီး တံခါးဝရှိ မြည်းလှည်းကို ဝိုင်းထားလိုက်ကြသည်။ မြည်းကို စုန့်ကျွင်းလီ စီးသွားသောကြောင့် စုန့်မိသားစုအတွက်လည်း ထွက်ခွာရန် အမှန်တကယ် ခက်ခဲနေခဲ့သည်။
ဖန့်ရှီက သူမ၏သမီးအား အအေးဒဏ်မှ ကာကွယ်ပေးရန် စောင်ဖြင့် ပတ်ပေးနေရင်း အခြားသူများကို ညွှန်ကြားလိုက်သည်။
"သွားကြ၊ တာ့နွီရဲ့ ခန်းဝင်ပစ္စည်းတွေကို အကုန် ပြန်ယူလာခဲ့ကြ၊ ငါတို့ ဒီအတိုင်း ထိုင်နေလို့ မရဘူး"
ရှမိသားစုက လူဦးရေပိုများနေသောကြောင့် သူတို့ အခွင့်ကောင်းယူမည်ကို စိုးရိမ်သွားသည့် စုန့်တင်းရှန်းက သူမ၏အဒေါ်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ ကျန့်ရှီက ရှုပ်ထွေးနေသည့် အခြေအနေကို အခွင့်ကောင်းယူကာ မသိမသာ လစ်ထွက်သွားခဲ့သည်။
စုန့်ယွိလန်၏ခန်းဝင်ပစ္စည်းများက မနည်းလှပေ။ လယ်ယာမြေနှင့် ငွေများ အပါအဝင် ပရိဘောဂအချို့လည်း ပါဝင်နေသေးသည်။ ထိုအထဲတွင် တောင်ဘက်ပိုင်းမှ အထူးဝယ်ယူထားသော ရေကစားနေသည့် မန်ဒရင်းဘဲရုပ်များ ထွင်းထုထားသည့် နံ့သာသစ်သားသေတ္တာ တစ်စုံလည်း ပါဝင်သည်။
သို့သော် ထိုသေတ္တာနှစ်လုံးက စုန့်ယွိလန်၏ အခန်းထဲ၌ မရှိတော့ပေ။ စုန့်တင်းရှန်းက သူမ၏အစ်ကိုများကို ဦးဆောင်ပြီး နေရာအနှံ့ လိုက်လံရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ရှရှို့ကျွမ်း၏ အခန်းထဲမှ ရှာတွေ့ခဲ့ကြသည်။
သေတ္တာများအား အပြင်သို့ သယ်ထုတ်သွားပြီး အတွင်းရှိ ပစ္စည်းများအားလုံး ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေသည်ကို မြင်လိုက်ရချိန်တွင် ရှရှို့ကျွမ်းက သည်းမခံနိုင်ဘဲ အော်ဟစ်လိုက်ပြန်သည်။
"ဒါက ငါ့ရဲ့သစ်သားသေတ္တာတွေလေ၊ နင်တို့ ဘာလုပ်နေကြတာလဲ၊ ပြန်ချထားလိုက်စမ်း၊ အခု ချက်ချင်း ပြန်ချထားကြစမ်း"
ဖန့်ရှီကလည်း ချက်ချင်း ပြန်အော်လိုက်သည်။
"ဘာ... နင့်ရဲ့ သေတ္တာတွေတဲ့လား၊ ပြောရဲလိုက်တာ၊ ဒါတွေက ငါ့သမီးအတွက် ငါပေးလိုက်တဲ့ ခန်းဝင်ပစ္စည်းတွေဟဲ့၊ ကောင်းလိုက်တာအေ၊ နင်တို့မိသားစုတစ်ခုလုံးက တော်လွန်းပါပေတယ်၊ ယောက္ခမကပဲ ချွေးမရဲ့ ငွေကို မျက်စိကျနေတာ မဟုတ်ဘူး၊ ယောက်ျားကလည်း မိန်းမရဲ့ ဆေးဖိုးကို ခိုးတယ်၊ အခုတော့ ညီမကပါ ယောင်းမရဲ့ ခန်းဝင်ပစ္စည်းတွေကို ခိုးထားသေးတယ်၊ နင်တို့ထဲ လူကောင်းတစ်ယောက်မှ မရှိဘူး"
သူတို့၏ အငြင်းပွားသံများနှင့် ကလေးများ၏ ငိုသံများကြောင့် ဘေးပတ်ဝန်းကျင်မှ လူများလည်း စုရုံးလာကြသည်။ မကြာမီမှာပင် ရွာသူကြီးလည်း ဒေါသတကြီးဖြင့် အပြေးရောက်လာပြီး အော်ဟစ်လိုက်သည်။
"ဒါက ဘာတွေ ဖြစ်နေကြတာလဲ၊ နှစ်သစ်ကူး နီးနေတာတောင် အေးအေးဆေးဆေး မနေနိုင်ကြဘူးလား"
စုန့်ရှင်းယိက အပြုံးဖြင့် ရှေ့သို့ တိုးပြီး လူအုပ်ကို ပိတ်ဆို့ကာ ရှင်းပြလိုက်သည်။
"စိတ်မရှိပါနဲ့ ရွာသူကြီးရှ၊ ဒါက ငါတို့ မိသားစုချင်းကိစ္စပါ၊ ဒီကိစ္စလောက်နဲ့ ရွာသူကြီးကို ဒုက္ခမပေးချင်ပါဘူး"
"အိမ်ထောင်ကျသွားတဲ့ သမီးဆိုတာက သွန်ထုတ်လိုက်တဲ့ ရေလိုပဲ၊ ချွေးမက ယောက္ခမအိမ်မှာ နည်းနည်းလေး ဒုက္ခခံရတာနဲ့ ဆွေမျိုးတစ်အုံကြီး ရောက်လာပြီး ပြန်ခေါ်သွားမယ် တကဲကဲနဲ့ ပစ္စည်းတွေ ထုရိုက်နေတာကို ကျွန်မ တစ်ခါမှ မကြားဖူးဘူး"
ဝမ်ရှီက ဆံပင်ဖရိုဖရဲဖြင့် သူမ၏ပေါင်ကို တဖြန်းဖြန်း ရိုက်ကာ အော်ဟစ်နေလေသည်။
"နင်တို့မှာ ပိုက်ဆံရှိတော့ ဘာဖြစ်လဲ၊ ပိုက်ဆံရှိရင် ဒီလိုမျိုး ရမ်းကားလို့ ရတယ်လား"
ဖန့်ရှီကတော့ ဒေါသထွက်လွန်းလို့ အော်ရယ်ချင်နေပြီ ဖြစ်သည်။ သူမကလည်း တစ်ခွန်းမခံ ပြန်အော်နေခဲ့သည်။
"ဒီမှာရှိတဲ့ လူတွေ... အားလုံးပဲ တရားသူကြီးလုပ်ပြီး ဆုံးဖြတ်ပေးကြပါဦး၊ ဒါက နည်းနည်းလေး ဒုက္ခခံရတာတဲ့လား၊ သူတို့သားက အနာဂတ်ကို ရှာဖွေချင်ပေမယ့် သူ့မိသားစုက ပိုက်ဆံမပေးဘူး၊ ငါ့သမီးရဲ့ ငွေလေးနည်းနည်းကိုပဲ မျက်စိကျနေကြတယ်၊ ငါ့သမီးက မပေးတော့ လက်ပါပြီး ငါ့သမီး ကိုယ်ဝန်ပျက်ကျတဲ့အထိ ဖြစ်ခဲ့ရတယ်၊ ငါက ငါ့သမီးလေး ဒီမှာ ကောင်းကောင်းနေရတယ်လို့ ထင်ထားခဲ့တာ၊ အခု ငါ့ကို တကယ်ကို မျက်စိပွင့်စေတာပဲ၊ ငါ့သမီး နေမကောင်းပြီး ခန်ပေါ် လဲကျနေတာတောင် ရှတာ့ရှန်းဆိုတဲ့ တိရစ္ဆာန်ကောင်က လောင်းကစားဖို့ ဆေးဝယ်မယ် ဆိုပြီး ငွေကို လိမ်ယူသွားတယ်၊ အိမ်ကလည်း ဘာအနွေးဓာတ်မှ မရှိဘူး၊ ယောက္ခမက ထင်းကုန်မှာ စိုးလို့ ခန်ကို မီး မထည့်ပေးတာတဲ့လေ၊ ဒါ ငါ့သမီးကို သေအောင် သတ်နေတာ မဟုတ်လို့ ဘာလဲ"
ဝမ်ရှီက ပျာပျာသလဲဟန်ဖြင့် စိုးရိမ်တကြီး လှမ်းပြောလိုက်သည်။
"ခမည်းခမက်ရယ်.... အခု ကလေးက အရေးကြီးဆုံးပါ၊ ဒီလောက်အေးတဲ့ ရာသီဥတုမှာ အပြင်မှာ အေးခဲနေအောင် ထားလို့ မဖြစ်ပါဘူး၊ အိမ်ထဲပြန်ဝင်ပြီး ခန်ပေါ်ကို အမြန် ပြန်တင်လိုက်ပါ၊ ဆေးဆရာလည်း ရှိနေတာပဲလေ၊ ဘယ်လိုဆေးပဲ လိုလို ငါ ဝယ်ပေးပါ့မယ်"
ထိုစကားက ဖန့်ရှီကို ပို၍ ဒေါသထွက်သွားစေခဲ့သည်။
"ထွီ! ဒါတွေ စဖြစ်တုန်းက နင် ဘယ်လုပ်ခဲ့လဲ အဖွားကြီး၊ အခုမှ ပိုက်ဆံပေးချင်နေတယ်တဲ့လား။ နင်က ငါ့သမီးကို သေစေချင်နေတာလေ၊ ဒါမှ ငါ့သမီးရဲ့ ငွေတွေကို နင်တို့ သုံးဖြုန်းနိုင်မှာပေါ့၊ ပြီးတော့ နင်တို့ အိမ်ထဲက အအေးဓာတ်နဲ့ အပြင်က အအေးဓာတ် ဘာကွာနေလို့လဲ၊ ငါ့သမီးကို နင်တို့ရဲ့ ညစ်ပတ်တဲ့ ခန်ပေါ်မှာ အိပ်ခိုင်းမယ့်အစား ငါ့မြည်းလှည်းပေါ်မှာပဲ အိပ်ခိုင်းတော့မယ်"
ဘေးမှ ကြည့်နေသူများက ဖြန်ဖြေပေးရန် ကြိုးစားနေကြသော်လည်း ဝမ်ရှီကတော့ သူမ
၏သား လောင်းကစား လုပ်သည့်ကိစ္စကို တစ်လုံးမျှ မဟဘဲ သူမ၏ ခံစားချက်များကိုသာ ရင်ဖွင့်ရင်း ငိုယိုနေသည်။
စုန့်တင်းရှန်းက ဝင်ပြောလိုက်သည်။
"အိမ်ထောင်ကျသွားတဲ့ သမီးက သွန်ထုတ်လိုက်တဲ့ ရေလို ပြောကြပေမယ့် ကျွန်မအစ်မ လက်ထပ်သွားလည်း သူက စုန့်မျိုးရိုးပဲ၊ သူ့နောက်မှာ ထောက်ပံ့ပေးမယ့် မိဘနဲ့ ဆွေမျိုးတွေ ရှိသေးတယ်၊ ကျွန်မတို့မိသားစုက မချမ်းသာပေမယ့် ကျွန်မတို့အစ်မကိုတော့ ဝမ်းဝအောင် ကျွေးထားနိုင်သေးတယ်"
ရှရှို့ကျွမ်းက ကြားထဲမှ ဝင်အော်လိုက်ပြန်သည်။
"နင်က အရှက်မရှိ မိဘအိမ်မှာ ကပ်နေတော့ ဒါမျိုးပဲ ပြောမှာပေါ့"
စုန့်တင်းရှန်းကလည်း တစ်ခွန်းမခံ ပြန်အော်နေခဲ့သည်။
"နင့်လို ယောင်းမရဲ့ ခန်းဝင်ပစ္စည်းတွေ ခိုးထားတဲ့လူက ငါ့ကို ထောက်ပြဖို့ ထိုက်တန်လို့လား၊ ငါ့အစ်မရဲ့ ငွေတွေကို သုံးဖြုန်းပြီး ဘာမှ မကျန်မှ ကျောခိုင်းသွားတဲ့ နင်မှာ ငါ့ကို ဘာပြောပိုင်ခွင့်ရှိလို့လဲ၊ နင်လည်း အိမ်ထောင်ကျပြီးရင် မိဘအိမ် ပြန်နေကြည့်လိုက်လေ၊ နင့်မိဘတွေက နင့်ကို လက်ခံမလားဆိုတာ ငါ စောင့်ကြည့်နေမယ်"
လူအုပ်ကြီးက တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန် ငြင်းခုန်နေကြပြီး ရှမိသားစုဝင်များက သူတို့၏ လူအရေအတွက်ကို အားကိုးပြီး စုန့်မိသားစုမှ လူများကို အထွက်မခံဘဲ ပိတ်ဆို့ထားကြသည်။ ရွာသူကြီးရှကလည်း သူ၏ရွာသားများဘက်မှ ဝင်ရောက်စွက်ဖက်ချင်နေပုံရသည်။ သို့သော်လည်း သူ စကားပြောခွင့်ပင် မရခဲ့ပေ။
ဤအခြေအနေက အမှန်တကယ် အရှက်ရစရာကောင်းနေပြီး သူလည်း ဘာပြောရမှန်း မသိ ဖြစ်နေရသည်။
ထိုအချိန်တွင် ရွာထိပ်မှ မြင်းလှည်းအကြီးစားတချို့ ပေါ်လာပြီး ရှတာ့ရှန်း၏အိမ်ရှေ့သို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။ လှည်းမောင်းသမားများကို လှမ်းမြင်နိုင်ချိန်တွင် ရွာသူကြီးရှလည်း အလွန်စိုးရိမ်ထိတ်လန့်သွားခဲ့သည်။
လှည်းတံခါးများ ပွင့်လာပြီး စုန့်မိသားစု၏ မိသားစုခွဲအသီးသီးမှ အမျိုးသားတစ်စု လှည်းပေါ်မှ ခုန်ဆင်းလာကြသည်။ ကျန်းရှီလည်း လှည်းပေါ်မှ ခုန်ဆင်းလာပြီး သူမနှင့် အတူ လက်နွေးအိတ်တချို့ ယူဆောင်လာခဲ့သည်။ သူမက သူမတို့ ပထမဆုံးယူလာသည့် မြင်းလှည်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားပြီး ထိုလက်နွေးအိတ်များကို စုန့်ယွိလန် လက်ထဲသို့ ထည့်ပေးလိုက်သည်။
စုန့်ရှင်းယိက အပြုံးဖြင့် အော်ပြောလိုက်သည်။
"ဒါက မိသားစုချင်းကိစ္စပဲ၊ အားလုံး စိတ်မပူကြပါနဲ့၊ ငါတို့က လူခေါ်ပြီးတာနဲ့ ချက်ချင်း ပြန်ထွက်သွားမှာ၊ ဘာပြဿနာမှ မရှာဘူး"
သူ ထိုသို့ ပြောလိုက်သော်လည်း သူ့နောက်မှ အမျိုးသားတစ်စုကတော့ မိသားစုချင်း ဖြေရှင်းမည့်ပုံမျိုး လုံးဝမပြဘဲ ရှမိသားစုဝင်များကို ဘေးသို့ တွန်းဖယ်ကာ ရှတာ့ရှန်းကို ဖမ်းဆွဲ၍ ဝိုင်းဝန်းရိုက်နှက်ကြတော့သည်။
ဝမ်ရှီကလည်း သူမ၏သားကို ဖက်ထားရင်း ငိုယိုအော်ဟစ်နေသည်။
"အမလေး.... ဒီလောကကြီးမှာ တရားမျှတမှု မရှိတော့ဘူးလား၊ တရားမျှတမှုဆိုတာ လုံးဝ မရှိတော့ဘူးလား၊ အိုက်ယား.... မိုးနတ်မင်းကြီးရေ၊ မျက်စိဖွင့်ကြည့်ပါဦး၊ ဒါက လူသတ်မှုပဲ"
ဖန့်ရှီက အေးတိအေးစက် ပြန်အော်လိုက်သည်။
"တရားမျှတမှု ဟုတ်လား၊ ချွေးမရဲ့ ငွေတွေကို လောဘတက်ပြီး ရူးသွပ်နေတဲ့ ယောက္ခမက တရားမျှတမှု လိုချင်တယ်တဲ့လား၊ ဒါမှမဟုတ် ချွေးမရဲ့ မိဘအိမ်က ငွေတွေကို လှမ်းမျှော်နေတာက တရားမျှတမှုလား၊ အရင်တုန်းက ရှတာ့ရှန်းက သူ ကောင်းမွန်တဲ့ အလုပ်တစ်ခု လုပ်ချင်လို့ ဆိုပြီး ငါ့မိသားစုဆီကနေ လျန်နှစ်ဆယ် တောင်းခဲ့ဖူးတယ်၊ ငါ့သမီးမှာ ခန်းဝင်ငွေတွေ ရှိနေပါရက်နဲ့ ဘာလို့ ငွေထပ်တောင်းလဲဆိုတာကို ငါ နားမလည်ခဲ့ဘူး၊ နောက်ပိုင်း မေးမြန်းကြည့်တော့မှ ဒီယောက္ခမက သူတို့ ဆင်းရဲတာကို အမြဲညည်းညူပြနေတာတဲ့လေ၊ တကယ်တော့ အဲ့ဒါက ငါ့သမီးရဲ့ ကိုယ်ပိုင်ငွေတွေကို သူတို့အသုံးစရိတ်အတွက် အတင်းညှစ်ထုတ်ဖို့ ကြိုးစားတာလေ၊ ငါ့ကိုယ်တိုင် ငါ့သမီးကို လျန်နှစ်ဆယ် ပေးလိုက်တယ်၊ ဒါတွေအားလုံးက နှစ်နှစ်၊ သုံးနှစ်အတွင်း အကုန် ကုန်သွားခဲ့တာပဲ"
ဝမ်ရှီကလည်း ပြန်အော်ဟစ်နေသည်။
"ငါ နင်တို့ကို ပြန်ပေးခဲ့တယ် မဟုတ်ဘူးလား"
ဖန့်ရှီက ပြန်မေးလိုက်ပြန်သည်။
"ပြန်ပေးတယ် ဟုတ်လား၊ နင် ငွေလက်ကောက်တစ်ကွင်းနဲ့ ငွေဆံထိုး တစ်ချောင်းပဲ ပြန်ပေးခဲ့တာလေ၊ ဒါတွေက ဘယ်လောက်တန်လို့လဲ၊ အဲဒီတုန်းက ငါ့သမီးကြောင့် ငါ အလျော့ပေးခဲ့တာ၊ အခုတော့ နင်တို့ အရမ်းလွန်လွန်းသွားပြီ၊ အဲဒီလောက် ငွေလေးတွေအတွက်နဲ့ ငါ့သမီးကို သတ်ဖို့အထိ ကြိုးစားနေကြတာပဲ"
"ဘာလို့ သူနဲ့ ပြိုင်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေတာတုန်း၊ လာ အိမ်ပြန်ကြမယ်"
ဒေါသကြီးလှသော စုန့်လောင်တာ့၏ တတိယသားက ဝမ်ရှီတစ်ယောက် ရွှံ့များပေကျံနေအောင် မြေကြီးပေါ်၌ လူးလှိမ့်နေသည်ကို ကြည့်ရင်း ရွံရှာသော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။
"သွားကြ၊ နင်တို့ အခုထွက်သွားပြီးရင် ဒီတစ်သက် ငါတို့ ရှမိသားစုရဲ့ တံခါးဝကို ဘယ်တော့မှ ခြေမချနဲ့တော့"
အခြေအနေကို မထိန်းနိုင်တော့သည့်အဆုံးတွင် ဝမ်ရှီက မြေကြီးပေါ်မှ ထရပ်ကာ လူမိုက်ကွက် နင်းပြီး ခြေဆောင့်အော်ဟစ်နေပြန်သည်။
"နင်တို့ကိုယ်နင်တို့ ဘာတွေထင်နေကြလဲ၊ အရှက်မရှိတဲ့ဟာတွေ၊ မဟုတ်ရင် နင်တို့စုန့်မိသားစုက မိန်းကလေးတွေ ငါတို့ရှမိသားစုထဲကို လက်ထပ်ဝင်လာပါ့မလား၊ အဲဒီတုန်းက ငါ့သားက သူ့အပေါ် နည်းနည်းလေး ကောင်းပြလိုက်တာနဲ့ သူက ငါတို့မိသားစုထဲကို လက်ထပ်ဝင်ဖို့ တမျှော်မျှော်ဖြစ်နေတာလေ၊ သူ မွေးထားတဲ့ကလေးတောင် 'ရှ' မျိုးရိုး ဟုတ် မဟုတ် ဘယ်သူမှ မသိနိုင်ဘူး"
"ပါးစပ်ပိတ်လိုက်စမ်း"
ရွာသူကြီးရှက သူမ၏စကားကြောင့် အလွန်အမင်း ဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။
"ဒီရူးနေတဲ့ မိန်းမကို လာဆွဲခေါ်သွားကြစမ်း"
စုန့်မိသားစုက ရှမိသားစုထဲသို့ သမီးနှစ်ယောက် ထည့်ပေးခဲ့ခြင်းဖြစ်ပြီး တစ်ဦးက စုန့်ထောင်ဟုန်ဖြစ်ကာ နောက်တစ်ဦးက စုန့်ယွိလန် ဖြစ်သည်။ ဝမ်ရှီ၏စကားက စုန့်ယွိလန်ကို ဦးတည်လိုက်ခြင်းဖြစ်သော်လည်း စုန့်ထောင်းဟုန်ကိုပါ စော်ကားလိုက်သလို ဖြစ်နေခဲ့သည်။
စုန့်ထောင်ဟုန်၏ အတိတ်မှ လုပ်ရပ်များက အမြင်မတင့်တယ်ခဲ့သော်လည်း ယခု သူမက ရှချမ်း၏ ဇနီးဖြစ်နေပြီး အရာရှိကတော်တစ်ဦးဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူမအတွက် လေးစားမှုပေးရတော့မည် ဖြစ်သည်။
ထိုစကားကို ကြားရရချိန်တွင် ဖန့်ရှီ၏မျက်နှာက ဒေါသကြောင့် ဖြူလျော်သွားပြီး လီရှီကလည်း သိသိသာသာ စိတ်ပျက်သွားခဲ့သည်။
ဖန့်ရှီ ဘာမှမပြောရသေးခင်မှာပင် လီရှီက သူမ၏လက်မောင်းကို ဆွဲထားလိုက်ပြီး တည်တည်ငြိမ်ငြိမ် ဝင်ပြောလိုက်သည်။
"ခမည်းခမက်တို့ မိသားစုဘက်က ငါ့မြေးမကို ဒီလောက်ထိ တန်ဖိုးမရှိဘူးလို့ ယူဆပြီး တာ့ပေါင်ရဲ့ သွေးသားကိုတောင် သံသယဝင်နေမှတော့ ဒီနေ့ကစပြီး တာ့ပေါင်ရဲ့ မျိုးရိုးကို 'စုန့်' လို့ ပြောင်းလိုက်မယ်၊ အားလုံးပဲ သက်သေအဖြစ် မှတ်ထားပေးကြပါ၊ တာ့လီ သွား တာ့ပေါင်ကို သွားခေါ်ခဲ့၊ ဒီနေ့ကစပြီး ဒီတာ့ပေါင်က စုန့်မိသားစုဝင်ပဲ"
ရှအဘွားကြီးက ပျာပျာသလဲ ရှေ့သို့ တိုးကာ တားဆီးလာပြန်သည်။
"ခမည်းခမက်အဖွားကြီးရယ်... ငါ့ချွေးမက ရူးကြောင်ကြောင် ဖြစ်နေလို့ လျှောက်ပြောမိတာပါ၊ တာ့ပေါင်က ငါတို့ရဲ့ အချစ်ဆုံးမြေးလေးပါ၊ သူက ဘယ်လိုလုပ်ပြီး 'ရှ' မျိုးရိုး မဟုတ်ရမှာလဲ၊ အကြီးဆုံးသား... နင့်မိန်းမကို အထဲမြန်မြန် ဆွဲခေါ်သွားစမ်း၊ ဒီလိုမိန်းမမျိုးက အိမ်တွင်းရေးကို ရှုပ်ထွေးစေတယ်၊ သူ့ကို မြန်မြန် ကွာရှင်းပစ်မှ ဖြစ်မယ်"
ရှမိသားစု၏ အကြီးဆုံးသားက မကျေနပ်သော်လည်း မိခင်ဖြစ်သူ၏စကားကို နားထောင်ကာ ဝမ်ရှီကို အိမ်ထဲသို့ အတင်းဆွဲခေါ်သွားသည်။ ဝမ်ရှီကလည်း သူမ စကားလွန်သွားမှန်း သိနေပြီး ခဏသာ အော်ဟစ်ငိုယိုနေပြီး သိပ်မကြာခင် ငြိမ်ကျသွားသည်။
ရှအဘွားကြီးက ဆက်ပြောလာပြန်သည်။
"ဒါတွေအားလုံးက ဟိုကောင်လေးရဲ့ အပြစ်တွေပဲ၊ ငါ သူ့ကို ယွိလန်ကို တောင်းပန်ခိုင်းပေးပါ့မယ်၊ အခုတော့ ဒီအဘွားကြီးကပဲ သူတို့ကိုယ်စား တောင်းပန်ပါတယ်၊ ရာသီဥတုက အရမ်းအေးနေတော့ ကလေးမလေးကို အထဲ ပြန်ဝင်ခိုင်းလိုက်ပါတော့"
လီရှီက ပြန်ပြောလိုက်သည်။
"မလိုပါဘူး၊ ငါ့မြေးမ နင်တို့ခြံထဲ ဝင်သွားရင် နောက်ရက်အနည်းငယ်မှာ နာရေးလာဖို့ အခေါ်ခံရမှာကို ငါ ကြောက်မိပါရဲ့၊ ဒီခြံက လူတွေကို ဝါးမြိုချင်နေတဲ့ ပုံစံပဲ၊ သွားကြစို့... ငါတို့ ပြန်ကြမယ်"
ရှမိသားစုကလည်း သူတို့ကို ထွက်ခွာခွင့်မပြုဘဲ လမ်းကို ဆက်လက် ပိတ်ဆို့ထားကြသည်။ နောက်ဆုံးတွင် ရုန်းရင်းဆန်ခတ်ဖြစ်လာကာ နှစ်ဖက်စလုံး လက်ပါသည့်အထိ ဖြစ်လာကြသည်။
"အိုက်ယား.. ဘယ်လောက်တောင် ဆူညံပွက်လောရိုက်ပြီး ပွဲစည်နေရတာတုန်း"
ထိုအချိန်တွင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း မော့ကြည့်လိုက်ရာ မြင်းနှစ်ကောင်ဆွဲသည့် ခမ်းနားထည်ဝါသော ရထားလုံးတစ်စီး ရပ်ထားသည်ကို မြင်လိုက်ရသည်။ ထိုရထားလုံး မည်သည့်အချိန်က ရောက်နေသည်ကို မည်သူမျှ မသိလိုက်ကြပေ။
ထိုလူက မြို့ပေါ်မှ သူကြွယ်ကြီးဝမ်၏ အိမ်တော်ထိန်းဖြစ်ပြီး သူက အပြုံးဖြင့် လှည်းပေါ်မှ ဆင်းလာခဲ့သည်။ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြပြီး သူက စကားစပြောလိုက်သည်။
"ငါက မြို့ပေါ်က သူကြွယ်ကြီးဝမ်ရဲ့ အိမ်တော်ထိန်းပါ၊ ရောက်လာတဲ့ ရည်ရွယ်ချက်က အဘိုးစုန့်ဆီကို နှစ်သစ်ကူးလက်ဆောင် ပို့ပေးဖို့ပါ၊ ဒါပေမယ့် ခင်ဗျားတို့အားလုံး ဒီမှာရှိနေတယ်လို့ ကြားလို့ ဒီကိုပဲ ပြေးလာခဲ့တာ၊ ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ"
စုန့်တင်းရှန်းက ရှေ့သို့ ထွက်သွားပြီး ယဉ်ကျေးသော အမူအရာအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။
"ရှင့်ကို ရယ်စေမိလို့ အားနာပါတယ် အိမ်တော်ထိန်းကြီး၊ ဒါက မိသားစုကိစ္စပါ၊ ပြောပလောက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး"
အိမ်တော်ထိန်းဝမ်က အားရပါးရ ရယ်မောရင်း ထပ်ပြောလိုက်သည်။
"ဒီလောက်တောင် ရုတ်ရုတ်သဲသဲ ဖြစ်နေတာကို မိသားစုကိစ္စလေးပါလို့ ပြောနေသေးတာလား၊ ဘာဖြစ်တာလဲဆိုတာ ငါ့ကို အကုန်ပြောပြစမ်းပါ၊ သခင်ကြီးဝမ်က မင်းတို့မိသားစုဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးလိမ့်မယ်"
ထိုစကားကို ကြားလိုက်ရသည့် ရှမိသားစုဝင်အားလုံး၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားသည်။ ရှချမ်းက ခရိုင်အဆင့်အရာရှိ ဖြစ်နေသော်လည်း မြို့ပေါ်မှ သူကြွယ်ကြီးဝမ်ကလည်း ဤနယ်တစ်ဝိုက်တွင် ရာထူးအရှိဆုံးနှင့် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
စုန့်တင်းရှန်း၏ မိသားစုကို ထောက်ခံပေးမည်ဆိုခြင်းက သူကြွယ်ကြီးဝမ်အနေဖြင့် စုန့်မိသားစုဘက်မှ အတိအကျ ဘက်လိုက်ပေးနေခြင်းပင်။
စုန့်တင်းရှန်းက အဖြစ်အပျက်ကို အကျဉ်းချုပ် ရှင်းပြလိုက်ပြီး အိမ်တော်ထိန်းဝမ်က သေသေချာချာ နားထောင်နေခဲ့သည်။
"မိန်းမကို လိမ်ညာပြီး လောင်းကစားလုပ်ဖို့ ငွေယူသွားတယ်ဟုတ်လား၊ ဒါမျိုးသာ ဝမ်အိမ်တော်မှာ ဖြစ်လို့ကတော့ အဲဒီကောင်ရဲ့ ခြေထောက်ကို ရိုက်ချိုးပြီးလောက်ပြီ၊ မင်းတို့ ရှမိသားစုကတော့ ဒီလိုလူမျိုးကို သည်းခံထားနိုင်တာပဲ၊ အခြေအနေက ဒီအထိ ရောက်နေမှတော့ သမီးဖြစ်သူကို အမြန်ဆုံး အိမ်ပြန်ခေါ်သွားပြီး သေသေချာချာ ကုသပေးဖို့ အရင်လုပ်ကြတော့၊ ဒါမှ နောင်ကျရင် ရောဂါအမြစ်မကျန်မှာ"
"မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး"
ရှအဘွားကြီးက ဒေါသဖြင့် ရူးမလုနီးပါး ဖြစ်လာပြီး အော်ဟစ်နေပြန်သည်။
"သူ့ကို အိမ်ပြန်ခေါ်သွားလို့ မရဘူး၊ ခုလို ပြန်ခေါ်သွားရင် ငါတို့ရှမိသားစုရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်လို့ ရပါတော့မလား"
အိမ်တော်ထိန်းဝမ်က တစ်ဖန် ရယ်မောလိုက်ပြန်သည်။
"ခင်ဗျားရဲ့ ချွေးမက ချွေးမဖြစ်သူရဲ့ ငွေကို လှည့်စားယူတယ်၊ ခင်ဗျားရဲ့ မြေးကလည်း မိန်းမရဲ့ ငွေကို ခိုးတယ်၊ အခု ခင်ဗျားက ဂုဏ်သိက္ခာအကြောင်း ပြောနေသေးတာလား"
ရွာသူကြီးရှ၏ မျက်နှာကြီးက နီမြန်းလာပြီး ပျာပျာသလဲ ကြားဝင်လာသည်။
"ကျွန်တော်တို့အားလုံးက 'ရှ' မျိုးရိုးတွေ ဖြစ်ကြပေမဲ့ မိသားစုတွေ မတူကြတော့ပါဘူး၊ ဒီမိသားစုက ဆွေမျိုးငါးဆက် ခြားသွားလို့ ရှမျိုးနွယ်စုရဲ့ ဆွေမျိုးရင်းချာ အဆင့်ထဲမှာ မပါတော့ပါဘူး"
"ခင်ဗျားကရော ဘယ်သူလဲ"
အိမ်တော်ထိန်းဝမ်က ရွာသူကြီးကို တစ်ချက်ကြည့်ကာ လှမ်းမေးလိုက်သည်။
"ကျွန်တော်... ကျွန်တော်က ဒီရွာရဲ့ ရွာသူကြီးပါ"
ရွာသူကြီးရှက ပြန်ဖြေလိုက်သည်။
အိမ်တော်ထိန်းဝမ်က ခပ်လှောင်လှောင် ရယ်ပြီးမှ ထပ်ပြောလိုက်သည်။
"ခင်ဗျားလို ရွာသူကြီးကလည်း နှစ်သစ်ကူးကာလကြီးမှာ သူတစ်ပါးအိမ်က အရှုပ်အထွေးတွေကို ကြည့်ဖို့ ရောက်နေတယ်လား၊ ဒီလိုပွဲတော် ကာလကြီးမှာ အားလုံးက တော်တော်လေး အလုပ်များနေကြတာပဲ"
ရွာသူကြီးရှ၏ မျက်နှာက ပို၍ ပို၍ နီရဲလာသည်။ အလွန်အေးစက်သော ဆောင်းတွင်းမှာပင် သူ့ခေါင်း အငွေ့များ ထွက်လာမလို သူ ခံစားနေရသည်။
"ကဲပါ ထားလိုက်ပါတော့"
အိမ်တော်ထိန်းဝမ်ကတော့ ခပ်တည်တည် စကားလက်စသတ်လိုက်သည်။
"ကျွန်တော်မှာလည်း တခြားကိစ္စအတွက် သွားစရာတွေ ရှိနေသေးတယ်၊ အဖိုးစုန့်နဲ့ အမျိုးသမီးလေးစုန့်တို့... ရထားလုံးပေါ်ကို မြန်မြန် တက်ကြပါ၊ အထဲမှာ နွေးတယ်၊ အအေးမမိစေနဲ့၊ အပြင်က အရမ်းအေးနေပြီ၊ မြန်မြန်ပြန်ကြရအောင်"
သူ့စကားကြောင့် ရှမိသားစုဝင်များလည်း ဆက်မတားရဲကြတော့ဘဲ ဖရိုဖရဲ အခြေအနေများကို ကျောခိုင်းပြီး တကျိကျိ ထွက်ခွာသွားသည့် စုန့်မိသားစု၏ မြည်းလှည်းများကို ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။
သူတို့အားလုံး ထွက်သွားပြီးနောက်တွင် ရွာသူကြီးရှတစ်ယောက် ဒေါသပေါက်ကွဲနေပြန်သည်။
"ဒီလိုနှစ်သစ်ကူးကာလမှာတောင် ပြဿနာ ရှာနေကြသေးတယ်၊ နင်တို့မိသားစုဝင်တွေသာ ရှချမ်းဆီ ရောက်သွားရင် ဒီထက်ပိုပြီး ဒုက္ခပေးကြမှာ သေချာတယ်၊ နင်တို့ မိသားစု ဒီကိစ္စကို မေ့ထားလိုက်တော့၊ ကဲ... အားလုံး လူစုခွဲကြတော့၊ သွားကြစမ်း၊ ဒီအရှုပ်အထွေးကို ဆက်ကြည့်မနေကြနဲ့တော့၊ နှစ်သစ်ကူးဖို့ ကိုယ့်အိမ်မှာ ကိုယ်အလုပ်များနေကြတာ မဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် သူက ဒေါသတကြီး ပြန်လှည့်ထွက်သွားခဲ့သည်။ နောက်ဆုံးတွင် ရှအဘွားကြီးက အသံကုန်ဟစ်ကာ ငိုကြွေးနေပြန်သည်။
"ဒီကိစ္စက ဘယ်လိုလုပ်ပြီး ဒီလောက်ရှုပ်ထွေးသွားရတာလဲ၊ ငါတို့တွေ ရှေ့ဆက်ပြီး ဘယ်လို အသက်ရှင်ရတော့မှာလဲ"
"အမေ... စိတ်လျှော့ပါ၊ ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့နော်"
တတိယချွေးမက ရှအဘွားကြီးကို အိမ်ထဲသို့ တွဲခေါ်သွားရင်း တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ကျွန်မတို့ဆီမှာ တာ့ပေါင် ရှိနေသေးတာပဲ မဟုတ်လား၊ တာ့ပေါင် ရှိနေသရွေ့တော့ ယွိလန်လည်း သူ့ဘာသာ ပြန်ရောက်လာမှာပါ၊ ဒါပေမဲ့ ကျွန်မရဲ့ ယောင်းမတော့ တကယ်ကို အသုံးမကျတာပဲ၊ အေးအေးချမ်းချမ်း ရှိနေတဲ့ အိမ်ကို ဒီလောက်အထိ ရှုပ်ထွေးအောင် လုပ်ပစ်လိုက်တယ်၊ ပြီးတော့ ရှို့ကျွမ်းကိုလည်း အဲ့လောက် အလိုမလိုက်ပါနဲ့တော့ အမေရယ်၊ အိမ်ထောင်မကျသေးတဲ့ မိန်းကလေးတစ်ယောက်က ဘာလို့ ဒီလောက်အထိ ရဲရဲတင်းတင်း ပြောဆိုနေမှန်း မသိတော့ပါဘူး"
ရှအဘွားကြီးတွင် သားသုံးယောက်ရှိသော်လည်း သူမက သားအငယ်ဆုံး၊ အငယ်ဆုံးချွေးမနှင့် သူတို့မှ မွေးလာသည့်မြေးသားများကို ဘက်လိုက်နေခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ဝမ်ရှီက ချမ်းသာသော ချွေးမဖြစ်သူ၏ မိသားစုကို အားကိုးကာ ငွေကို အလွန်အကျွံ သုံးဖြုန်းနိုင်သောကြောင့် မောက်မာနေခဲ့သည်။ သူမက ယောက္ခမကိုပင် မထီမဲ့မြင် ပြုခဲ့ပြီး အားလုံးက သူမကို ငြိုငြင်နေခဲ့ကြသည်။
ယခု သူမ၏ ခင်ပွန်းက နေရာမရနိုင်သော်လည်း ဝမ်ရှီ၏ ကံဆိုးမှုက တတိယချွေးမအတွက် ပျော်ရွှင်စရာ ဖြစ်နေခဲ့သည်။ ရှမိသားစုတွင် လူဦးရေ များလွန်းသောကြောင့် သူမ၏ခင်ပွန်းက အမွေဆက်ခံသူအဖြစ် ရွေးချယ်ခံရရန် အခွင့်အရေးမရှိမှန်း သူမ သိထားပြီးဖြစ်သည်။ ထို့ကြောင့် အိမ်တွင် အေးအေးဆေးဆေး နေရခြင်းက ပိုကောင်းသည်ဟု သူမ ယူဆထားပြီး ဤကိစ္စအပေါ် မည်သည့် အပြစ်တင်စကားမျှ မဆိုဘဲ ဘေးထွက်နေခဲ့သည်။
သို့တိုင်အောင် ယခုလိုအချိန်မျိုးတွင်တော့ သူမက မီးလောင်ရာ လေပင့်လုပ်နေခဲ့သည်။
"အမေ... ဒီချွေးမရဲ့ နှလုံးသားထဲမှာတော့ အမေက အကောင်းဆုံးယောက္ခမပါ၊ အမေက စိတ်နှလုံးကောင်းတွေ ဆွေမျိုးချင်းကြားက ပြဿနာလေးတွေမှာ ဝင်မပါဘဲ ချွေးမတွေကို ခွင့်လွှတ်ပေးထားခဲ့တယ်၊ ဒါပေမယ့် ဒီနေ့ မြင်ခဲ့ရတဲ့အတိုင်းပဲ.... အချို့အရာတွေကို လျစ်လျူရှုထားရုံနဲ့ အဆင်ပြေမသွားဘူးလေ၊ ကျွန်မရဲ့ယောင်းမကတော့.... သူရဲ့ အရင်က လုပ်ရပ်တွေကို မပြောချင်တော့ပါဘူး၊ ဒါပေမဲ့ ဒီနေ့ ဖြစ်ခဲ့တဲ့ အရှုပ်အထွေးတွေကတော့ ကျွန်မရဲ့ကလေးတွေက ငယ်သေးတယ်၊ ဒါပေမယ့် ဒုတိယယောင်းမရဲ့ သမီးကတော့ အိမ်ထောင်ပြုနိုင်တဲ့အရွယ်ကို ရောက်နေပြီ"
ထိုစကားက ရှအဘွားကြီးကို ဒေါသချောင်းချောင်း ထွက်သွားစေပြီး စားပွဲကို ဝုန်းကနဲ ရိုက်ချလိုက်သည်။
"သွားစမ်း၊ သွားခေါ်လာခဲ့... အကြီးဆုံးသား၊ အကြီးဆုံးချွေးမနဲ့ တာ့ရှန်းကို အခုချက်ချင်း သွားခေါ်လာခဲ့"
ရှအဘိုးကြီးက အိမ်တွင်းရေးကိစ္စများအား ဇနီးဖြစ်သူကိုသာ ကိုင်တွယ်ခိုင်းလေ့ရှိပြီး ယခု အိမ်၌ မရှိတော့ပေ။ မိသားစု၏ အရှုပ်အထွေးများ ဟာသအဖြစ် မပျံ့နှံ့သွားအောင် သူ အပြင်ထွက်ပြီး လိုက်လံ ဖုံးဖိနေရသည်။
ခဏအကြာတွင် ရှတာ့ရှန်း၏ ဖခင်ဖြစ်သူ ရှမောင်ကမ်းက သူ၏ဇနီးကို ဆွဲခေါ်လာပြီး ပင်မအိမ်ကြီးထဲသို့ ဝင်လာခဲ့သည်။ ရှတာ့ရှန်းက သူတို့နောက်မှ လိုက်ပါလာသည်။ အိမ်ထဲသို့ ရောက်သည်နှင့် သူတို့အားလုံး ဒူးထောက်လိုက်ကြသည်။
တတိယချွေးမဖြစ်သူက ရေနွေးတည်ရန် မသိမသာ ထွက်ခွာသွားသော်လည်း အခန်းထောင့်တစ်နေရာမှ တိတ်တဆိတ် နားစွင့်နေခဲ့သည်။
ရှအဘွားကြီးက ဝမ်ရှီအား အလွန်ရိုင်းစိုင်းပြီး ရှက်ဖွယ်ကောင်းသော စကားလုံးများဖြင့် ပြင်းပြင်းထန်ထန် ဆဲဆိုကြိမ်းမောင်းနေခဲ့သည်။ အစပိုင်းတွင် ဝမ်ရှီက ဘာမှမဖြစ်သလို ခေါင်းငုံ့ငြိမ်ခံနေသော်လည်း ယောက္ခမဖြစ်သူက သူမအား ကွာရှင်းခိုင်းမည်ဟု ပြောလိုက်ချိန်တွင် အမြန် ဦးချတောင်းပန်ကာ ငိုယိုနေခဲ့သည်။
"အမေ... အမေ ကျွန်မကို မကွာရှင်းခိုင်းပါနဲ့နော်၊ အမေ့မြေးတွေက အမေ မရှိဘဲ နေနိုင်ပေမယ့် အမေ့မြေးလေး တာ့ပေါင်ကတော့ သူ့အဘွားမရှိဘဲ မနေနိုင်ဘူးလေ"
မြေးလေးအကြောင်း ပြောလိုက်ခြင်းက ရှအဘွားကြီးကို ပို၍ဒေါသထွက်သွားစေသည်။
"ဒါဆို နင့်မြေးက အမေမရှိဘဲ နေနိုင်တယ်ပေါ့လေ၊ ဝမ်ရှို့ဟွား... ဝမ်ရှို့ဟွား၊ နင် ဘာလို့ ဒီလောက်တောင် နှလုံးသားမဲ့ရတာလဲ၊ နင့်ချွေးမ အိပ်ရာထဲကနေ မထနိုင်တာကို နင် မသိဘူးလား၊ ပြီးတော့ နင့်သားက သူ့ဆီကနေ ငွေတွေ ယူသွားပြီး ဆေးမဝယ်ပေးတာကိုရော နင် မသိဘူးလား"
"ဆေး ဝယ်ခဲ့ပါတယ်၊ ဆေးက တကယ် ဝယ်ခဲ့တာပါ"
ဝမ်ရှီက အော်ဟစ်ငိုယိုရင်း သက်သေပြရန် ကြိုးစားနေခဲ့သည်။
"ဆေးအကျန်အဖတ်တွေတောင် အပြင်က လမ်းပေါ်မှာ ရှိနေသေးတာပဲ"
"တောက်... ဘာကို ဆေးဝယ်တာလဲ၊ ခုန ဆေးဆရာက ပြောသွားတယ်၊ နောက်နောင် ငါတို့မိသားစုထဲက ဘယ်သူ ခေါင်းကိုက်လိုပဲ ဖြစ်ဖြစ်၊ ဖျားနာလို့ပဲ ဖြစ်ဖြစ် သူ့ဆီ လာမခေါ်နဲ့တော့တဲ့၊ သူက ငါတို့ အိမ်ရှေ့ကိုတောင် လာမရပ်နိုင်တော့ဘူးတဲ့၊ နင် ငွေခိုးချင် ခိုးလေ၊ ဘာလို့ ဆေးဆရာကို အပြစ်ပုံချရတာလဲ"
ဝမ်ရှီက ဘာမှမပြောတော့ဘဲ ဦးညွှတ်ငိုကြွေးနေခဲ့သည်။ သူမ ကွာရှင်းခံရမည်ကို အမှန်တကယ် ကြောက်လန့်နေခြင်း ဖြစ်သည်။
သူမ၏ အသက်အရွယ်အရ မိဘအိမ်သို့ ပြန်သွားလျှင်လည်း မိဘများက လက်ခံမည်မဟုတ်ဘဲ မုဆိုးဖိုအိုကြီး တစ်ယောက်နှင့် ချက်ချင်း ပြန်ပေးစားခံရပေလိမ့်မည်။ ထိုကဲ့သို့သော ပြစ်ဒဏ်မျိုးကို သူမ လက်မခံနိုင်ပေ။ ထို့ကြောင့် အခန်း၏ ကြမ်းပြင်က အေးစက်မာကြောနေသော်လည်း သူမ အသံထွက်သည်အထိ ကြမ်းပြင်ကို ခေါင်းနှင့် ဆောင့်ကာ ဦးချတောင်းပန်နေခဲ့သည်။
"အဖွား... ကျွန်တော့်အမေကို မဆူပါနဲ့တော့"
နောက်ဆုံးတွင် ရှတာ့ရှန်းက အားယူပြီး ဝင်ပြောလာခဲ့သည်။
"ငါက သူ့ကို မဆူရရင် နင့်ကို ဆူရမှာ မဟုတ်ဘူးလား။ နင်ကရော နင့်မိန်းမကို ဂရုမစိုက်ဘူးလား၊ နင့်သားကိုရော မငဲ့တော့ဘူးလား"
ရှအဘွားကြီးက သူမ၏မြေးကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြစ်နေပြန်သည်။
‘ငါ ဒီလောက် ကျောရိုးမရှိတဲ့ မြေးမျိုးကို ဘယ်လိုများ ပြုစုပျိုးထောင်မိပါလိမ့်’
"ကျွန်တော်လည်း တိုးတက်ဖို့ တစ်ခုခု လုပ်ချင်လို့ပါ"
ရှတာ့ရှန်းက ခေါင်းငုံ့ရင်း ပြန်ပြောလိုက်သည်။
"ကျွန်တော် ပိုက်ဆံတွေ အများကြီး ရှာချင်တယ်ဆိုတာက အဖွားနဲ့ မိဘတွေကို ထောက်ပံ့ချင်လို့ပါ"
"ပိုက်ဆံရဖို့အတွက် အပြင်ထွက်ပြီး လောင်းကစားရမယ်လို့ ဘယ်သူက သင်ပေးထားလို့လဲ၊ သူကြွယ်ကြီးဝမ်ရဲ့အိမ်ကလူတွေ ပြောသွားတာကို နင် မကြားဘူးလား၊ သူတို့အိမ်မှာတောင် လောင်းကစားလုပ်ရဲရင် ခြေထောက်ကို ရိုက်ချိုးပစ်တယ်တဲ့"
ရှအဘွားကြီးတစ်ယောက် ဒေါသထွက်လွန်းသဖြင့် မျက်ရည်ပင် ကျလာတော့သည်။
"လောင်းကစားလုပ်တာက ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ လက်ခံနိုင်စရာ မရှိဘူး၊ နင် လောင်းကစားတတ်မှန်း လူတွေသိသွားရင် နင့်အစ်ကိုဆီကို လိုက်သွားလို့ ရဦးမယ် ထင်နေလား၊ နင် ရူးနေတာလား"
"ကျွန်တော်က ပိုကောင်းတဲ့ အလုပ်တစ်ခုလောက် လိုချင်ခဲ့တာပါ၊ ကျွန်တော့် ယောက္ခမတွေက ကျွန်တော့်ကို ပိုက်ဆံတစ်ပြားမှ မပေးကြဘူး၊ ကျွန်တော်က..."
ရှတာ့ရှန်းက ထပ်မံ ရှင်းပြရန် ကြိုးစားနေသေးသည်။
ရှအဘွားကြီးကတော့ သူမ၏ရင်ဘတ်ကို ဖိထားပြီး ဒေါသကြောင့် မူးမေ့လဲကျတော့မည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။
"နင် နင့်ယောက္ခမတွေဆီက ပိုက်ဆံလိုချင်ရင် သူတို့သမီးကို ကောင်းကောင်း ဆက်ဆံရမှာပေါ့၊ အခုတော့ အကြောင်းပြချက်မရှိဘဲ လူကို ရိုက်တယ်၊ ကိုယ်ဝန်ပျက်ကျအောင် လုပ်တယ်... ငါ ပြောလိုက်မယ်၊ နင်သာ နင့်မိန်းမကို ပြန်မခေါ်နိုင်ဘူးဆိုရင် ငါတို့တွေ အိမ်ခွဲကြမယ်၊ ငါနဲ့ နင့်တို့အဘိုးက အငယ်ဆုံးသားနဲ့ အတူနေမယ်၊ နင်တို့ကတော့ နင်တို့ဘာသာ သီးခြားခွဲနေကြတော့"
အပြင်ဘက်တွင် နားစွင့်နေသော တတိယချွေးမကတော့ ထိုစကားကြောင့် ရုတ်တရက် ရင်ခုန်သွားသည်။ သူမ အိမ်ခွဲချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း အခွင့်အရေး မရခဲ့ပေ။
‘တကယ်လို့ အခု အဖွားကြီးကိုယ်တိုင်က စပြီး အိမ်ခွဲဖို့ ပြောလာရင်တော့... ဟုတ်ပြီ၊ စုန့်ယွိလန်ကိုတော့ လုံးဝ ပြန်မလာခိုင်းတာ အကောင်းဆုံးပဲ’
ရှအဘွားကြီး အားရပါးရ ဆဲဆိုပြီးနောက် ဝမ်ရှီအား ကွာရှင်းခိုင်းမည့်ကိစ္စ ထပ်မပြောတော့ပေ။ မည်သို့ပင်ဖြစ်စေ သူမက ရှမိသားစုအတွက် သားတစ်ယောက်နှင့် သမီးတစ်ယောက် မွေးပေးခဲ့ပြီး ယခု မြေးတစ်ယာက်ရနေပြီ ဖြစ်သည်။ ဤအရွယ်မှ ကွာရှင်းလိုက်မည်ဆိုပါက သူမ၏ မြေးများပါ ထိခိုက်နိုင်သည်။ ထို့ကြောင့် သူမက ဝမ်ရှီ၏ သွားလာလှုပ်ရှားမှုများကို ကန့်သတ်လိုက်ပြီး နွေဦးရာသီစိုက်ပျိုးချိန်အထိ အပြင်မထွက်ရန်နှင့် မိဘအိမ်သို့ လုံးဝ မပြန်ရဟု အမိန့်ထုတ်လိုက်သည်။
ဝမ်ရှီက သူမ၏အခန်းထဲသို့ ပြန်သွားခဲ့ပြီး ကုတင်ပေါ်သို့ လှဲချကာ အသံကုန်ဟစ် ငိုကြွေးနေသည်။ ရှမောင်ကမ်းက စိတ်မရှည်တော့ဘဲ ကြိမ်းမောင်းလိုက်သည်။
"ငို၊ ငို၊ ငိုနေလို့ ဘာထူးမှာလဲ၊ ငါပြောခဲ့သားပဲ၊ ချွေးမက စိတ်ကောင်းရှိတိုင်း မနှိပ်စက်နဲ့လို့၊ သူ့မိသားစုဝင်တွေကို အရုပ်တွေများ မှတ်နေလား၊ ဒီနေ့ သူတို့အားလုံး အင်အားအပြည့်နဲ့ ရောက်လာကြတာ၊ တစ်ခြားမိသားစုခြောက်စုက ယောကျ်ားသားတွေတောင် ပါလာကြသေးတယ်၊ တစ်ယောက်ချင်းစီက ငါတို့ကို အရှင်လတ်လတ် ဝါးစားတော့မလို ကြည့်နေကြတာ၊ မင်း သိလား၊ ငါ့မိဘတွေသာ တစ်ခုခုဖြစ်သွားလို့ကတော့ မင်းကို ငါကိုယ်တိုင် သတ်ပစ်မယ်"
"ကျွန်မက ဘယ်သူ့အတွက် လုပ်နေတာလဲ၊ ရှင့်သားအတွက်ပဲ မဟုတ်ဘူးလား"
ဝမ်ရှီက ငိုရင်း ပြန်ပြောလိုက်သည်။
"ရှင်က ဒီအိမ်မှာ အကြီးဆုံးသား၊ ရှင့်သားကလည်း အကြီးဆုံးမြေးလေ။ အဘွားကြီးသာ ဘက်မလိုက်ဘူးဆိုရင် ရှင်နဲ့ ရှင့်သားကိုပဲ အားကိုးရမှာ မဟုတ်ဘူးလား၊ အခုတော့ ကြည့်ဦး၊ အဘွားကြီးက တခြားမိသားစုနှစ်ခုကိုပဲ ဘက်လိုက်နေတာ အသိသာကြီးပဲ၊ ပြီးတော့ စုန့်မိသားစုက အင်အားသုံးလာတာတောင် ဒီရွာသားအများစုက 'ရှ' မျိုးရိုးတွေပဲလေ၊ ရှအဘိုးကြီးရဲ့ ညီအစ်ကိုတွေထဲက ဘယ်သူကများ ကျွန်မတို့ဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့လို့လဲ"
"ဘာဖြစ်လို့ သူတို့က မင်းဘက်က ရပ်တည်ပေးရမှာလဲ၊ သူတို့တောင် ကြောက်လွန်းလို့ တုန်နေကြတာလေ"
ရှမောင်ကမ်းက သူ၏ဘေးတွင် ကြောက်ရွံ့ဟန်ဖြင့် ကုတ်ကုတ်လေး ထိုင်နေသော သူ့သားကို မြင်သွားပြီး ဒေါသထွက်ကာ ကန်ကျောက်လိုက်ပြန်သည်။
"အားလုံး မင်းကြောင့်ပဲ၊ သွား... မင်းမိန်းမကို အခုချက်ချင်း သွားပြန်ခေါ်လာခဲ့"
ရှတာ့ရှန်းက တုန်တုန်ယင်ယင်ဖြင့် ငြင်းဆန်နေသည်။
"အဖေ... ကျွန်တော် မသွားရဲဘူး! ဒီနေ့ သူတို့ပုံစံတွေကို အဖေ မမြင်ဘူးလား၊ သူတို့မိသားစုက ကျွန်တော့်ကို သတ်ချင်နေကြတာလေ၊ ကျွန်တော် အခုနေ သွားလိုက်ရင် အဖေ ကျွန်တော့်မျက်နှာကို နောက်ထပ် မြင်ရတော့မှာ မဟုတ်ဘူး"
ရှမောင်ကမ်းကလည်း အခြေအနေကို တွက်ဆမိပြီး စိတ်ညစ်ညူးဟန်ဖြင့် ခေါင်းကုတ်နေသည်။
"ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ"
အခန်းအတွင်း၌ တိတ်ဆိတ်သွားပြီး တာ့ပေါင်၏ ငိုသံကိုသာ ကြားနေရတော့သည်။
တတိယချွေးမဖြစ်သူက အပြင်ဘက်တွင် တာ့ပေါင်အား ချော့မော့နေသည်။
“တာ့ပေါင်ရယ်... မငိုပါနဲ့တော့၊ ကလေးက ငိုလွန်းလို့ မျက်နှာလေးတောင် နီရဲနေပြီ၊ တာ့ပေါင်က အမေ့ကို လွမ်းနေတာလား၊ တာ့ပေါင်ရဲ့အမေလည်း တာ့ပေါင်ကို လွမ်းနေမှာပါပဲ၊ အချိန်တန်ရင်တော့ တာ့ပေါင်က အမေ့အိမ်ကို လိုက်သွားပြီး အမေကို ပြန်ခေါ်လာလို့ ရတာပဲ မဟုတ်လား"
ဝမ်ရှီက ထိုစကားကို ကြားသွားပြီး ရုတ်တရက် အကြံတစ်ခု ရသွားခဲ့သည်။
"အိုက်ယား... ကျွန်မ အကြံ ရပြီ"
စုန့်ယွိလန်ကို မိဘအိမ်သို့ ပြန်ခေါ်လာခဲ့ပြီးနောက် အိမ်တော်ထိန်းဝမ်၏ အကူအညီဖြင့် မြို့ပေါ်မှ နာမည်ကြီး သမားတော်အိုကြီးတစ်ဦးကို ပင့်ကာ ကုသပေးခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် စုန့်ယွိလန်က ငယ်ရွယ်သူဖြစ်သလို ကျန်းမာရေးအခြေခံကောင်းသူလည်း ဖြစ်သောကြောင့် ရက်အနည်းငယ် ကြာမြင့်သွားသည့်တိုင် ကြီးကြီးမားမား စိုးရိမ်စရာမရှိပေ။ ဆောင်းတွင်းကာလအတွင်း ကောင်းမွန်စွာ အနားယူရုံဖြင့် ပြန်လည်ကျန်းမာလာနိုင်သည်ဟု သမားတော်က ပြောပြခဲ့သည်။
အိမ်တော်ထိန်းဝမ်ကို လိုက်ပို့ နှုတ်ဆက်ပြီးနောက် လီရှီက ယခင် သူမ သိမ်းဆည်းထားသော ဂျင်ဆင်းကို ထုတ်ယူကာ အမြစ်နှင့် အပေါ်ခွံများကို လှီးဖြတ်ပြီး စုန့်ယွိလန် သောက်နိုင်ရန် ရေနွေးဖြင့် ပြုတ်ခိုင်းလိုက်သည်။
ဖန့်ရှီက အိမ်ပြန်ရောက်လာသည့်တိုင် ကွာရှင်းမည့်ကိစ္စကိုသာ တနုံ့နုံ့တွေးနေပြီး ဒေါသထွက်နေဆဲ ဖြစ်သည်။ စုန့်တင်းရှန်းကလည်း ကွာရှင်းရန် သဘောတူသော်လည်း ဤကိစ္စက ကြီးလေးသဖြင့် လီရှီ၏ သဘောထားကို အရင်မေးရန် ဆုံးဖြတ်လိုက်ကြသည်။
လီရှီက အမျှော်အမြင်ရှိသူဖြစ်သော်လည်း ရှေးရိုးဆန်သည့်အမျိုးသမီးတစ်ဦးဖြစ်သောကြောင့် ကွာရှင်းပြတ်စဲခြင်းအပေါ် အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့သည်။
စုန့်တင်းရှန်း ဖန့်ရှီကို နှစ်သိမ့်ပေးပြီး စုန့်ယွိလန်ကို ဂရုစိုက်ရန် မှာပြီးနောက် ပင်မအိမ်မကြီးဆီသို့ ထွက်လာခဲ့သည်။ လီရှီနှင့် စုန့်ရှင်းယိတို့က ယခုနှစ် နှစ်သစ်ကူးလက်ဆောင်များ ပိုထည့်ပေးရန် ဆွေးနွေးနေကြသည်။ ယခုကိစ္စတွင် ဆွေမျိုးများအားလုံးက ကူညီပေးခဲ့ကြပြီး အိမ်တွင် လူမမာရှိနေသောကြောင့် ဧည့်ခံရန် မသင့်တော်ပေ။ ထို့ကြောင့် လက်ဆောင်များ ပိုပေးလိုက်ခြင်းက အကောင်းဆုံး ဖြစ်ပြီး သူတို့ နှစ်ယောက်တိုင်ပင်ခဲ့ခြင်း ဖြစ်သည်။
စုန့်တင်းရှန်းကို မြင်လိုက်ချိန်တွင် လီရှီက လှမ်းခေါ်လိုက်သည်။
"လာ... ခန်ပေါ်ကို တက်၊ နင့်အစ်မကိစ္စအတွက် ရောက်လာတာလား"
စုန့်တင်းရှန်းက ခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်သည်။
"အဖိုးနဲ့ အဖွား... ခဲအိုက ဒီတစ်ခါ တကယ်ကို လွန်လွန်းသွားပြီ၊ တစ်ယောက်ယောက်သာ လာမပြောရင် သမီးတို့အစ်မတော့..."
ထိုသို့ပြောနေရင်းဖြင့် သူမ၏အသံက တုန်ယင်လာသည်။
လီရှီက သက်ပြင်းချရင်း ညည်းညည်းညူညူ ပြန်ပြောလိုက်သည်။
"နင်တို့ ဘာတွေး တွေးနေလဲဆိုတာ ငါ သိပါတယ်၊ ဒါပေမယ့် ဒီကိစ္စက ယွိလန်အတွက် နာမည်ပျက်စေနိုင်တယ်၊ ဒါကြောင့် ငါ သေသေချာချာ စဉ်းစားပါရစေဦး၊ လောလောဆယ်တော့ နင့်အစ်မရဲ့ ကျန်းမာရေး အမြန်ဆုံး ပြန်ကောင်းလာဖို့နဲ့ နောင်ကျရင် ရောဂါအမြစ်မကျန်ဖို့က ပိုအရေးကြီးတယ်"
သို့သော် လီရှီ တစ်ခုခု မဆုံးဖြတ်ရသေးမီမှာပင် မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
နှစ်သစ်ကူးအကြိုနေ့ နံနက်ခင်းတွင် တာ့ပေါင်က သူတို့အိမ်တံခါးဝ၌ မေ့လဲကျနေသည်ကို တွေ့လိုက်ကြရသည်။
စာရေးသူ၏ မှတ်ချက်:
လီရှီ : ငါက ဘယ်လိုလုပ်ရမလဲဆိုပြီး စဉ်းစားနေတုန်းပဲ ရှိသေးတယ်၊ ဟိုဘက်က ဖြေရှင်းချက်ကို ငါ့လက်ထဲ အရောက်လာထည့်ပေးတယ်၊ အဲဒါကိုမှ လက်မခံရင်တော့ အားနာစရာတွေ ဖြစ်ကုန်တော့မှာပေါ့