← Chapters

မိုးထန်လေထန်

Vol. 5 Ch. 415

မိုးထန်လေထန်

Vol. 5 Ch. 415

ဆန်းလျန်၏ စိတ်ထဲသို့ အရှုံးတရားများ ထည့်ပေးလိုသည့်အတွက် ဖန်းယန်ယင်းကို အသုံးချခဲ့သည်ဟု ဆန်းလျန်က ကောက်ချက် ချလိုက်မိလေသည်။ သူတို့ နှစ်ယောက်၏ အစ မကောင်းခဲ့သော ရေစက်သည် ယခုတော့ ဖြေရှင်း၍ မရတော့သည့် အမုန်းတရား အဖြစ် အခိုင်အမာ ဖြစ်တည်ခဲ့ရပြီ။

သို့သော် ယန်ရွှီး တိုက်ခိုက်တိုင်းသာ ခံနေရလျှင် ဆန်းလျန် ဘယ်ဟုတ် တော့ပါမည်နည်း။

ဖန်းယန်ယင်းမှာ တစ်စုံတစ်ယောက်က ဆန်းလျန်ကို ထိခိုက်စေရန် အတွက် သူမကို အသုံးချခဲ့သည်ကို သိရှိသွားသည့် အတွက် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရလေသည်။ သို့သော် ဆရာဦးလေး ဖြစ်သူ၏ နွေးထွေးသော အကြည့်များက သူမကို စိတ်သက်သာရာ ရစေသည်။

"ဓားပေး…"

ဆန်းလျန်က ဖန်းယန်ယင်းဆီမှ မှော်ဝင်ဓားကို တောင်းလိုက်သည်။

ဖန်းယန်ယင်းက ဒြပ်စင် ငါးပါး မှော်ဝင်ဓားကို ဆန်းလျန်ဆီသို့ ရိုရိုသေသေဖြင့် ကမ်းပေး လိုက်လေသည်။

ဖန်းယန်ယင်းသည် ယခုအခါ ကိုယ်ပျောက် ဓားဝိညာဉ် ဓားသိုင်းကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့် ထားပြီးသည့်တိုင် ဆန်းလျန်နှင့် ယှဉ်လျှင်တော့ ကလေးနှင့် လူကြီးပမာ ရယ်စရာမျှသာ ဖြစ်နေလေသည်။

ဆန်းလျန်က သူမထံမှ ဓားကို လှမ်းယူ လိုက်သည်နှင့် ကြီးမားသည့် ဓားတန်ခိုး စွမ်းအား တစ်ခုသည် သူမ၏ကိုယ်တွင်းသို့ ဖြတ်သန်း စီးဆင်းသွားလေသည်။

ကိုယ်ပျောက်ဓားဝိညာဉ်သည် သဏ္ဌာန်မဲ့ ဓားဝိညာဉ်နှင့် အနည်းငယ် ဆင်တူလေသည်။ ခြားနားချက်မှာ ကိုယ်ပျောက် ဓားဝိညာဉ်က ပိုပြီး သန့်စင်နေခြင်းပင် ဖြစ်လေသည်။

ဆန်းလျန်ဆီမှ ထွက်ပေါ်နေသော ဓားတန်ခိုးစွမ်းအားမှာ ဗုဒ္ဓဘာသာနှင့် တာအိုဝါဒ နှစ်ခု ပေါင်းစပ်ထားသည့် အနှစ်သာရ တစ်မျိုး ဖြစ်လေသည်။ ထိုအနှစ်သာရသည် ကိုယ်ပျောက် ဓားဝိညာဉ်၏ အနှစ်သာရပင် ဖြစ်လေသည်။ ဓားသူတော်စင် ကျီဝေးသည် ရှိခြင်း မရှိခြင်း ဓားဝိညာဉ်ကို အဆင့်မြှင့်တင်ရန် အတွက် ကျိကျိုက်သီလရှင် ကျောင်းသို့ သွားရောက်ခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့် ကိုယ်ပျောက် ဓားဝိညာဉ်တွင် ဗုဒ္ဓဘာသာနှင့် တာအိုဝါဒ နှစ်မျိုးစလုံး၏ အနှစ်သာရကို သိမြင်ခံစားရသည်မှာ မဆန်းလှပေ။

ဓားသူတော်စင် ကျီဝေးသည် ထိပ်တန်း ဓားသမား တစ်ယောက် ဖြစ်သည့် ချန်ပေသိုကို ကိုယ်ပျောက် ဓားဝိညာဉ်သုံးကာ အနိုင်ယူခဲ့လေသည်။

ဆန်းလျန် ကိုယ်တိုင်မှာလည်း ကိုယ်ပျောက် ဓားဝိညာဉ်ကို ကျင့်ကြံခဲ့သူ ဖြစ်သည့်တိုင် ထိုဓားသိုင်း ပညာနှင့် ထိုက်တန်သည့်ဓားကို ရရှိရန် အချိန်စောင့်ခဲ့ ရလေသည်။ ယခုတော့ ဒြပ်စင်ငါးပါး မှော်ဝင်ဓားကို ရရှိခဲ့လေပြီ။

အမှန်တော့ ချန်ပေသိုကလည်း ဆန်းလျန်တွင် ဓားကောင်း တစ်လက် မရှိကြောင်းကို သိရှိထားလေသည်။ ထို့ကြောင့်သူက ဆန်းလျန်ကို သုံးနှစ်အချိန်ပေးခဲ့ခြင်း ဖြစ်သည်။

ဖန်းယန်ယင်းက…

"ဆရာဦးလေး၊ ထာဝရအသက်သစ်သီးကို အသုံးမပြုတာက ဘေးထွက်ဆိုးကျိုးနဲ့ ဒုက္ခတွေ ရှိလာနိုင်လို့လား၊ တကယ်လို့ မကောင်းတာတွေ ရှိလာမယ် ဆိုရင် ဆရာဦးလေး ကိုယ်စား ကျွန်မက လွှဲပြောင်း လက်ခံပေးလို့ မရဘူးလား"

သူမက ဆန်းလျန် ဓားသိုင်းပြိုင်ပွဲတွင် အနိုင်မရမည်ကို စိတ်ပူနေကာ ပြောလိုက်ခြင်း ဖြစ်လေသည်။ သူမ၏ စကားကြောင့် ဆန်းလျန်က ပြုံးလိုက်မိသည်။

ဆန်းလျန်က ဖန်းယန်ယင်း၏ ပခုံးကို အသာပုတ်လိုက်ရင်း…

"ဒီကောင်မစုတ်လေးကတော့၊ ချန်ကျင်းချင်ကို အခက်တွေ့အောင် လျှောက်လုပ် မနေနဲ့တော့၊ ဒီဓားသိုင်းပြိုင်ပွဲမှာ ကျုပ်အနိုင်ရခဲ့ရင် သူ့ကို ချင်းရွှမ် နတ်တံခါးကို ခေါ်သွားပြီး တပည့်အဖြစ် လက်ခံပေးဖို့ စီစဉ်ထားတယ်"

ဆန်းလျန်က ပြောပြီးသည်နှင့် ဒြပ်စင် ငါးပါး မှော်ဝင်ဓားကို ဝှေ့ယမ်း လိုက်လေသည်။

ဆယ်မိုင်ပတ်လည် အတွင်းတွင် ကိုယ်ပျောက် ဓားဝိညာဉ်၏ တန်ခိုးစွမ်းအားက ရိုက်ခတ် သွားပြီး ခြောက်သွေ့နေသော ထင်းရှူးပင်မှာ ပြန်လည် ရှင်သန်လာလေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးမှ သစ်ပင်များမှာလည်း စိမ်းလန်းလာပြီး အဖူးအပွင့်များ ဝေဆာ လာကြလေသည်။

သူသည် ဒြပ်စင်ငါးပါး မှော်ဝင်ဓားဖြင့် ရှိခြင်းမရှိခြင်း ဓားသိုင်းကို လေ့ကျင့် နေခဲ့လေသည်။

ထို့နောက်သူက မတူခြားနားသည့် ဓားကွက် ခုနစ်ကွက်ကို အဆက်မပြတ် လေ့ကျင့်နေလေသည်။ ထိုဓားကွက် တစ်ကွက်ချင်းမှာ ဖန်းယန်ယင်း နားလည်နိုင်သည် ထက်ပင် ကျော်လွန် လေသည်။ ထိုဓားကွက်များထဲတွင် ဒြပ်စင် စွမ်းအားငါးခု၏ ဖြစ်တည်ခြင်းနှင့် ကန့်သတ်ခြင်းများကို တွေ့မြင်နိုင်လေသည်။

လောကနတ်ဘုရားများနှင့် ရွှေခန္ဓာ ရရှိသည်အထိ ကျင့်ကြံထားသူများပင်လျှင် ဆန်းလျန်၏ ဓားသိုင်း ခုနစ်ကွက်ကို ခုခံ ကာကွယ် နိုင်လိမ့်မည် မဟုတ်ပေ။

ချန်ပေသိုနှင့် ဓားသိုင်း ယှဉ်ပြိုင်ပွဲတွင် ဆရာဦးလေးသည် မရှုံးနိမ့်နိုင်ကြောင်း ဖန်းယန်ယင်း ယုံကြည်စိတ်ချ သွားမိလေသည်။

ဆန်းလျန်သည် ဓားကို စက်ဝိုင်း ပုံသဏ္ဌာန် ဝှေ့ယမ်းလိုက်သည့် အခါတွင်တော့ ပတ်ဝန်းကျင်တွင် ဗလာနယ်တစ်ခု ဖြစ်ပေါ် လာလေသည်။ ထိုဗလာနယ်မှာ စကြဝဠာသို့ ထွက်ခွာနိုင်သည့် လမ်းတစ်ခု အလား ခံစားရလေသည်။

နှင်းမုန်တိုင်းများက တိုက်ခတ်နေလေသည်။

ချန်ကျင်းချင်သည် တောင်စောင့်နတ်ဝတ် ကျောင်းတော်ရှေ့တွင် ရောက်ရှိနေလေသည်။

သူက တောင်စောင့်နတ်သခင်ကို အလွန်မှ ကြောက်ရွံ့နေလေသည်။

တောင်စောင့် နတ်သခင် ချန်ပေသိုကတော့ မည်သူ့ကိုမှ မကြောက်သည့် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သူကဲ့သို့သော် လူတစ်ယောက်သည် ထိုမျှ အသက်ရှည်ရှည်နေပြီး လူအများ၏ ကြောက်ရွံ့မှုနှင့် ကိုးကွယ်မှုများကို ရယူထားနိုင်သည်မှာ အကြောင်းပြချက် ရှိရပေမည်။

ချန်ကျင်းချင် စဉ်းစားနေဆဲ…

ချန်ပေသိုသည် မည်သည့် နေရာကမှန်း မသိ ထွက်ပေါ်လာလေသည်။

"မင်းက ရေသယ်လာပေးမှတော့ ကျုပ် မင်းကို အပြစ် မပေးတော့ပါဘူး"

ချန်ပေသိုက ပြောလိုက်သည်။

ချန်ပေသို၏ စကားကြောင့် ချန်ကျင်းချင်မှာ များစွာ စိတ်သက်သာရာ ရသွားရသည်။

ချန်ကျင်းချင်က ချန်ပေသိုကို ကြည့်လိုက်ရင်း….

"တောင်စောင့်နတ် ဘုရားသခင်၊ ကျွန်တော့်ကို ရေသယ်ပေးနိုင်အောင် ကူညီပေးတဲ့သူကို သိလားဟင်"

"ကျုပ်က မင်းကို သူ့ဆီကိုဘာလို့ လွှတ်လိုက်ရတာလဲ ဆိုတာရယ်၊ သူနဲ့ကျုပ်နဲ့က ဘယ်လို ပတ်သက်လဲ ဆိုတာရယ် မင်းသိချင်နေတာ မဟုတ်လား"

ချန်ပေသို၏ စူးရှသည့် အကြည့်က ချန်ကျင်းချင်၏ စိတ်ကို ထိုးဖောက် မြင်နေရသည့် အလားပင်။

"ဟုတ်ပါတယ်"

ချန်ကျင်းချင်က တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလိုက်လေသည်။

"နောက်တစ်ပတ် လပြည့်နေ့ကျရင် ကျုပ်တို့နှစ်ယောက် ဓားသိုင်း ယှဉ်ပြိုင်ကြမှာ"

ချန်ပေသိုက အေးစက်စွာဖြင့် အဖြေပေးလိုက်သည်။

အေးစက်ခြင်းမှာ ချန်ပေသို၏ အကျင့်ပင် ဖြစ်သည့် အတွက် ချန်ကျင်းချင်က ထူးဆန်းသည်ဟု မခံစားရတော့ပါ။ သူ့အမေးစကားကို တောင်စောင့်နတ်က အဖြေ ပေးလိုက်သည့် အတွက် သူ့စိတ်ထဲတွင် ကြောက်ရွံကမှု အနည်းငယ် လျော့သွားရလေသည်။

"ဒါဆို သူက တောင်စောင့်နတ် သခင်ရဲ့ ရန်သူလား"

ချန်ကျင်းချင်က မေးလိုက်သည်။

"ဒါတော့ မင်းသိစရာ မလိုပါဘူး၊ သူက မင်းကို ပညာ သင်ပေးချင်တယ်ဆိုရင် မင်းသူ့ဆီက သင်ယူလိုက်ပေါ့၊ တခြားသူတွေအကြောင်း စဉ်းစားစရာမလိုဘူး"

ချန်ကျင်းချင်မှာ ဆန်းလျန်နှင့် ချန်ပေသိုကြားမှ ဆက်နွှယ်မှုကို နားမလည်နိုင် ဖြစ်နေရလေသည်။ သို့သော် တောင်စောင့်နတ်သည် ဆန်းလျန် အပေါ်တွင် ခါးခါးသီးသီး မုန်းတီးနေခြင်း မရှိသည်ကိုတော့ ချန်ကျင်းချင် ရိပ်မိလေသည်။ သူတို့ နှစ်ယောက်၏ ဆက်ဆံရေးက အနည်းငယ် ထူးဆန်းနေသည့်တိုင် သူတို့ နှစ်ယောက်သည် သူသေကိုယ်သေ သတ်ဖြတ်လိုစိတ် ပြင်းထန် နေကြသည့် ပြိုင်ဘက် နှစ်ယောက်လည်း မဟုတ်ပြန်ပေ။

ချန်ကျင်းချင်က နောက်ထပ် မေးခွန်းများ ထပ်မေး မနေတော့ပါ။ မေးခွန်းများ ထပ်မေးရန် အတွက် အချိန် မရှိတော့သောကြောင့်လည်း ဖြစ်လေသည်။

အဘယ်ကြောင့် ဆိုသော် သူ့လက်ထဲရှိ ရေအိုးအတွင်းမှ ရေများသည် စီးထွက်လာပြီး ကောင်းကင်ထက်သို့ အငွေ့ပျံသွားကာ တိမ်များ ချက်ချင်း ထူထပ် လာလေတော့သည်။

တိမ်တိုက်များက ကောင်းကင်ထက်တွင် လျှင်မြန်စွာ ရွေ့လျားနေကြပြီး လေပြင်းများက ပြင်းထန်စွာ တိုက်ခတ်နေလေသည်။

မွန်းတည့်ချိန်လောက် ရောက်သည့် အခါတွင်တော့ ရေအိုးထဲမှရေများ ကောင်းကင်ထက်သို့ ပျံသန်း တက်နေသည်မှာ ရပ်တန့်သွားပြီး မိုးသည်းထန်စွာ ရွာချလေတော့သည်။

မိုးရေစက်များက ချန်ကျင်းချင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလေသည်။

မိုးရေစက်များနှင့် ထိတွေ့မိတိုင်း သူ့ကိုယ်တွင်းတွင် ပူနွေးစွာ စီးဆင်းနေသည့် အတွင်းအားများမှာ အားနည်း သွားရပြီး မကြာမီတွင်တော့ လုံးဝ ပျောက်ကွယ် သွားလေတော့သည်။

ကျုန်းစန်းတောင်တစ်ခွင်တွင် အလင်းတန်းများစွာ တောက်ပ လာလေသည်။

"ချန်ပေသို၊ မင်းက ဘာဖြစ်ချင်နေတာလဲ"

ထွက်ပေါ်လာသည့် အသံတစ်သံကို ကြားလိုက်ရလေသည်။

***

All Chapters