← Chapters

သိုးမွှေးအလုပ်ရုံ

Vol. 6 Ch. 55

သိုးမွှေးအလုပ်ရုံ

Vol. 6 Ch. 55

စုန့်တင်းရှန်း၏ အမြင်တွင် ထိုကျောင်းသားလူငယ်တစ်စုက ခေတ်သစ်လူ့အဖွဲ့အစည်းမှ အိုင်ဒေါအဖွဲ့တစ်ခုနှင့်သာ ဆင်တူနေလေသည်။ စာပေနှင့် အနုပညာတွင် ထူးချွန်ကြသော လူငယ်ပညာရှိလေးများ ကြာကန်ဘေးတွင် ရပ်နေကြသည်က သက်ဝင်လှုပ်ရှားနေသော ပန်းချီကားတစ်ချပ်အလား အလွန် ကြည့်ကောင်းနေခဲ့သည်။

ဤကဲ့သို့ ထင်ရှားကျော်ကြားသော အနာဂတ်ပညာရှင်လေးများ ရှိနေခြင်းကြောင့် ကြာကန်ကလည်း လူအများ၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ ထို့ကြောင့် ပညာအရည်အချင်း မပြည့်ဝသေးသော်လည်း ရည်မှန်းချက်ကြီးမားသော စာသင်သားများစွာကလည်း ပညာရှိအငွေ့အသက် ကူးယူနိုင်ရန် ဤနေရာသို့ အုပ်စုလိုက် လာရောက် လည်ပတ်ကြခြင်းပင်။

စာသင်ကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်သည့် စုန့်ကျစ်ရွှမ်း၏ ဆရာက ဤနားနေဆောင်လေးအတွက် "ကြာရိပ်ပေါ်မှ လရောင်ဖြာ" ဟု အဓိပ္ပာယ်ရသော စာသားကို ကိုယ်တိုင် ရေးထိုးပေးခဲ့သည်။

ဤအချက်ကပင် ကြာကန်လေးအား ခရီးသွားများ မဖြစ်မနေ လာရောက်လည်ပတ်ရမည့် နေရာတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့ပြီး ရွာသူကြီးက ထိုစာသားအတိုင်း ကမ္ပည်းပြား ပြုလုပ်ပြီး နားနေဆောင်တွင် ချိတ်ဆွဲထားရန် ငွေကြေးစိုက်ထုတ်ပေးခဲ့သည်။

လှပသော ရှုခင်းနှင့် ဂုဏ်ပြုခံပညာရှင်၏ စာသားရေးထိုးထားသည့် ကမ္ပည်းပြားက အကျိုးသက်ရောက်မှုများစွာ ရှိခဲ့ပြီး ကြာစွယ်များ မရိတ်သိမ်းခင်အချိန်အထိ လူအများအပြား လာရောက်လည်ပတ်ခဲ့ကြသည်။ ပညာရှိများ၏ ဂုဏ်သတင်းကို မှီခိုချင်သောကြောင့် ကြာစွယ်များ ကြိုတင်မှာယူသူများလည်း ရှိနေသေးသည်။

စုန့်တင်းရှန်းက ပွင့်အာခါနီး ကြာပန်းအချို့၊ ကြာဖူးအနည်းငယ်နှင့် နူးနူးညံ့ညံ့ အစိမ်းနုရောင် ကြာရွက်များကို ခူးယူကာ ရှေးဟောင်းမြေအိုးလေးတစ်လုံးထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမက သူမ၏ အငယ်ဆုံးဦးလေးမှတစ်ဆင့် မြို့ပေါ်ရှိ သူကြွယ်ကြီးဝမ်၏ အိမ်တော်သို့ လက်ဆောင် ပို့ခိုင်းလိုက်သည်။ ဤလက်ဆောင်က သေးငယ်ပေါ့ပါးသော်လည်း အဓိပ္ပာယ်ကတော့ လေးနက်နေဆဲပင်။

ပထမအချက်က ဝမ်မိသားစုမှ အဘွားအိုကြီးက ဘာသာတရား အလွန်ကိုင်းရှိုင်းပြီး ဝမ်အိမ်တော်တွင် သူမ ပုံမှန်ဝတ်ပြုကိုးကွယ်သည့် ဗုဒ္ဓခန်းမဆောင်တစ်ခု ရှိသည်။ ဒုတိယအချက်က ကြာဖူးများက သားမြေးမြောက်မြားစွာ ထွန်းကားခြင်းကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။

သူကြွယ်ကြီးဝမ်တွင် ဇနီးတစ်ဦးနှင့် မယားငယ်လေးဦး ရှိသော်လည်း ကံမကောင်းစွာဖြင့် မယားငယ်တစ်ဦးမှ မွေးဖွားသော သားတစ်ယောက်နှင့် သမီးများသာ ရှိသည်။ ထို့ကြောင့် ကြာဖူးများ လက်ဆောင်ပေးခြင်းက သားရတနာများ ပိုမိုထွန်းကားစေရန် ဆုတောင်းပေးသည့် အဓိပ္ပာယ်လည်း သက်ရောက်နေသည်။

သူကြွယ်ကြီးဝမ်က ကြာပန်းများကို လက်ခံခဲ့ပြီး ကြာကန်တွင် ကျင်းပခဲ့သော စာပေနှင့် လက်ရေးလှပွဲတော်အကြောင်း စုန့်ကျစ်ရွှမ်း ပြောပြသည်ကို နားထောင်ခဲ့ရသည်။ သူ၏စုန့်တင်းရှန်းအပေါ် အထင်ကြီး လေးစားမှုက ပိုများလာခဲ့သည်။

သူက စုန့်မိသားစုနှင့် ဆပ်ပြာလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တော်ဝင်ကုန်သွယ်ရေးသို့ ဝင်ရောက်ရန် ထိုနည်းလမ်းကို အသုံးပြုခဲ့သည်။ တစ်နှစ်အတွင်း များပြားသော အမြတ်အစွန်းများ ရရှိခဲ့ပြီး သူကို စိတ်ကျေနပ်စေခဲ့သည်။

ယခု စုန့်မိသားစု ကြာကန်တူးလိုက်သည့်အကြောင်းနှင့် ၎င်းက စုန့်တင်းရှန်း၏ အကြံအစည်ဖြစ်ခဲ့သည်ဟူသော သတင်းကို ကြားရချိန်တွင် သူ သူမ၏ ထိုးထွင်းဉာဏ်ကို အတော်ပင် အထင်ကြီးသွားမိသည်။

ယခုအခါ ကြာကန်တွင် ကြာပန်းများ ပွင့်လန်းနေပြီး စာပေနှင့် လက်ရေးလှပွဲတော်များ ကျင်းပနေချိန်၌ ကျောင်းအုပ်ကြီး၏သမက်ဖြစ်သော စုန့်မိသားစုမှ အနာဂတ်ပညာရှိလေးကိုယ်တိုင် သူတို့အတွက် ကြာပန်းများ လာရောက်ပေးပို့ခြင်းက သူ့အတွက် အလွန် မျက်နှာပွင့်စရာ ဖြစ်လာခဲ့သည်။ အမှန်စင်စစ် သူက ရာထူးကို ငွေဖြင့်ဝယ်ထားသော အရာရှိငယ်တစ်ဦးသာ ဖြစ်ပြီး ပညာရှိအသိုင်းအဝိုင်းက သူ့ကို ငွေနောက်လိုက်သူဟု သတ်မှတ်ကာ အဆက်အဆံ မလုပ်ချင်ကြပေ။

သူ နှစ်စဉ်နှစ်တိုင်း ငွေကြေးအမြောက်အများအသုံးပြုပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိသောကြောင့် သူ့ကို ကြင်နာတတ်သောသူအဖြစ် သတ်မှတ်ပြီး လူသိများလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤမြို့ကလေးတွင် သူ၏ဩဇာအာဏာ အတန်အသင့် ရှိနေခြင်း ဖြစ်ပြီး မြို့၏ပြင်ပတွင်တော့ လူသိနည်းနေဆဲပင်။

ယခု နန်းတွင်းကုန်သည်များနှင့် အဆက်အသွယ် ရရှိခဲ့သည့်အပြင် ပညာရှင်များကလည်း သူ့ထံသို့ ကိုယ်တိုင်ကိုယ်ကျ ကြာပန်းများ လာရောက်လက်ဆောင်ပေးခဲ့သောကြောင့် သူ အတိုင်းမသိ ပျော်ရွှင်နေခဲ့သည်။

သူ့ကို ပို၍ ပျော်ရွှင်စေခဲ့သည်က ကြာပန်းများ လက်ခံရရှိပြီး ရက်အနည်းငယ်အကြာ နံနက်ခင်းတစ်ခုတွင် သူ့၏ဇနီးဖြစ်သူက အော့အန်လာခဲ့သည်။ သမားတော် ပင့်၍ စမ်းသပ်လိုက်ချိန်တွင် ကိုယ်ဝန်နှစ်လရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။

သူ့၏ဇနီးသည်သာမက ကိုယ်လုပ်တော်တစ်ဦးတွင်လည်း ကိုယ်ဝန်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်း ကြားလိုက်ရသည်။ ဝမ်အဘွားအိုကတော့ မြေးရတနာလေးများ ပိုမိုထွန်းကားစေရန် နေ့စဉ်နှင့်အမျှ ဝတ်ပြုဆုတောင်းနေခဲ့သည်။

အမှန်စင်စစ်တွင် သူမ၏အကြီးဆုံးမြေးက ကိုယ်လုပ်တော်မှ မွေးဖွားထားသည့် ကလေး ဖြစ်ပြီး တရားဝင်သားတစ်ယောက် ရလာရန်က ပင်မဇနီးဖြစ်သူ၏ ကိုယ်ဝန်အပေါ်တွင်သာ မူတည်နေခဲ့သည်။ သို့သော်လည်း ပင်မဇနီးတွင် နောက်ထပ်ကိုယ်ဝန်ရှိလာခြင်းကပင် သူတို့မိသားစုအတွက် အတိုင်းမသိ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

(T/N: သူတို့ရဲ့ရှေးခေတ်မှာ ကလေးတစ်ယောက်ရဲ့ အဆင့်အတန်းကို သူတို့မွေးမိခင်ရဲ့ အဆင့်အတန်းအပေါ် မူတည်ပြီး သတ်မှတ်တာပါ၊ ပင်မဇနီးက မွေးတဲ့ သားသမီးတွေကို တရားဝင်သား၊ တရားဝင်သမီး အဖြစ် သတ်မှတ်ပြီး ကိုယ်လုပ်တော်ဖွားကလေးတွေနဲ့ တရားဝင်ကလေးတွေကြားထဲမှာ အမွေဆက်ခံခွင့်၊ ရပိုင်ခွင့်နဲ့ နေ့စဥ်အခွင့်အလမ်းတွေ အားလုံး ကွာခြားပါတယ်)

ဝမ်မိသားစုကလည်း စုန့်မိသားစုထံသို့ ကျေးဇူးတုံ့ပြန်သည့်လက်ဆောင်များ ပို့ပေးခဲ့ပြီး အများကပင် မနာလိုဖြစ်ခဲ့ရသည်။ သို့သော် သူကြွယ်ကြီးဝမ်၏ ဩဇာအာဏာကို ချိန်ဆနေရသောကြောင့် ပြဿနာရှာချင်သူများပင် ငြိမ်သက်နေကြရသည်။

သူတို့က သူကြွယ်ကြီးဝမ်နှင့် ယှဉ်ပြိုင်ရန် သတ္တိမရှိကြသလို၊ ပညာရှင် စုန့်ကျစ်ရွှမ်းကလည်း မြို့ပေါ်စာသင်ကျောင်းမှ ကျောင်းအုပ်ကြီး၏ သမက်ဖြစ်နေပြန်သည်။ ၎င်းက စုန့်မိသားစုအတွက် အပိုဆောင်း အကာအကွယ်တစ်ခုထပ်တင်ထားသလို ဖြစ်နေခဲ့သည်။

ဂျုံများ ရိတ်သိမ်းပြီးချိန်တွင် ပြောင်း၊ ပဲစင်းငုံနှင့် အခြားသော အကြမ်းခံသီးနှံများ ချက်ချင်း ပြန်လည်စိုက်ပျိုးကြရသည်။ လယ်ထဲမှ အလုပ်များ ပြီးစီးသွားချိန်တွင် တောင်ပေါ်ရှိ မက်မွန်ပင်များ အသီးများ လှိုင်လှိုင်ထွက်သည့်ရာသီ ရောက်လာခဲ့သည်။

စုန့်တင်းရှန်းက မက်မွန်သီး သကြားစိမ်၊ မက်မွန်ကျောက်ကျောနှင့် မက်မွန်သီးယိုများ ထပ်မံပြုလုပ်ပြီး သီးခြားစီ ထုပ်ပိုးလိုက်သည်။ ထို့နောက် စုန့်ကျစ်ယွမ်အား ဆဋ္ဌမအဘိုး စုန့်ရှင်းကျစ်အိမ်သို့ ပို့ခိုင်းလိုက်သည်။

စုန့်ကျစ်ယွမ်က မက်မွန်သီးသကြားစိမ်အိုး လုပ်ငန်းအကြောင်း ပြောပြခဲ့ပြီး ဆဋ္ဌမအဘိုးက အချိန်အတော်ကြာ စဉ်းစားပြီးနောက် ပြန်ပြောလာခဲ့သည်။

"မက်မွန်သီးသကြားရည်အိုး လုပ်ဖို့က ငါ့အတွက်တော့ ဖိအားများလွန်းတယ်ကွာ၊ ငါတို့မိသားစုမှာ လူနည်းနည်းလေးပဲ ရှိတာ၊ ပြီးတော့ မင်းရဲ့ ဆဋ္ဌမအဒေါ်ကလည်း ကျန်းမာရေး သိပ်ကောင်းတာ မဟုတ်ဘူး၊ ကြွေအိုးတွေဝယ်ဖို့လည်း ငါ့မှာ ငွေအလုံအလောက် မရှိဘူး၊ မင်းတို့ မိသားစုရဲ့ မက်မွန်သီးတွေ မလုံလောက်ဘူးဆိုရင် ငါ့ဆီက အသီးတချို့ ယူသုံးလို့ရတယ်၊ ငါ စျေးလျော့ပေးမယ်ကွာ၊ ငါ ကူညီနိုင်တာက အဲ့ဒါပဲ ရှိတယ်"

စုန့်ကျစ်ယွမ် အိမ်ပြန်ရောက်လာပြီး စုန့်တင်းရှန်းအား အကျိုးအကြောင်း ပြန်ပြောလာချိန်တွင် သူမက ရယ်သံလေးဖြင့် ပြန်ပြောလိုက်သည်။

"ဆဋ္ဌမအဖိုး စုဆောင်းထားတာလေးတွေ ရှိမှာပါ၊ သူမှာ အများကြီး မရှိတော့ ဒီလောက်အထိ သုံးဖို့ မဝံ့မရဲ ဖြစ်နေတာ ထင်မယ်၊ သမီးတို့ကို မက်မွန်သီးတွေ ဈေးလျှော့ရောင်းပေးမယ်ဆိုတာကတင် သူ ကြင်နာတတ်မှန်း သိသာနေပါပြီ။ ဆောင်းတွင်းရောက်လို့ ဒီမက်မွန်အိုးတွေ ရောင်းကောင်းလာရင်တော့ သူလည်း ငွေစိုက်ထုတ်ဖို့ ယုံကြည်မှု ရှိလာမှာပါ၊ အခုတော့ သူ နည်းနည်း စိတ်ပူနေတာ ပုံမှန်ပါပဲ"

စုန့်ကျစ်ယွမ်က ခေတ္တမျှ စဉ်းစားနေပြီးမှ ထောက်ခံလိုက်သည်။

"ဟုတ်‌တော့လည်း ဟုတ်ပါတယ်ကွာ၊ အဖေတို့မိသားစု ဒါကို လုပ်နိုင်တာက မင်း ရှာထားတဲ့ ငွေတွေ ရှိနေလို့ပေါ့၊ ဆဋ္ဌမဦးလေးတို့ကတော့ မတူဘူးလေ၊ သူတို့မိသားစုက သိပ်မချမ်းသာဘူး၊ ဆဋ္ဌမအ‌ဒေါ်ကလည်း သိပ်မကျန်းမာဘူး၊ ကလေးတွေကလည်း ငယ်ကြသေးတယ်၊ နေရာတိုင်းမှာ ငွေလိုနေမျာပေါ့၊ ပြီးတော့ ငါတို့အိမ်လို ကူညီမယ့်သူကလည်း အများကြီး မရှိဘူးလေ"

ရှေးခေတ်ကာလတွင် လူဦးရေကလည်း ချမ်းသာကြွယ်ဝမှု၏ရှေ့ပြေး ဖြစ်သည်။ ယောက်ျားသား အများအပြားရှိသော မိသားစုဆိုက ရွာထဲတွင် အခြေအနေကောင်းသော မိသားစုဟု သတ်မှတ်ခံရသည်။

စုန့်မိသားစုကလည်း ဆွေမျိုးသားချင်းများသည့် မျိုးနွယ်ကြီးတစ်ခု ဖြစ်သည်။ သူတို့ အိမ်ထောင်စုများ ခွဲပြီးပြီ ဖြစ်သော်လည်း မျိုးရိုးအမည်တစ်ခုတည်းကို ဆက်ခံကြသည်။ ထို့ကြောင့် သူတို့ကို တမင်သက်သက် ရန်မစရဲကြသလို စုန့်မိသားစုနှင့်လည်း ပြဿနာ မတက်ချင်ကြပေ။

တောင်ပေါ်တွင် မက်မွန်ပင် အမြောက်အမြား ရှိနေပြီး နေ့စဉ် ကုန်သည်များထံသို့ ရောင်းချသည်မှလွဲ၍ ကျန်နေသည့် အသီးများကို မက်မွန်အိုးများ၊ ယိုများနှင့် ကျောက်ကျောများ ပြုလုပ်ရန် အသုံးပြုကြသည်။

စည်သွပ်ဗူးပုံစံ နမူနာယူ ပြုလုပ်ထားသည် မက်မွန်အိုးများနှင့် မက်မွန်ယိုများကို ဆောင်းတွင်းအတွက် သိုလှောင်ရန် ရည်ရွယ်ထားသော်လည်း မက်မွန်ကျောက်ကျောကိုတော့ ပူအိုက်သော ရာသီဥတု၌လည်း ရောင်းချနိုင်သည်။ စုန့်ကျစ်ယွမ်က နံနက်တိုင်း နွားလှည်းဖြင့် မြို့ပေါ်သို့ တက်ကာ ကြာကန်မှ ရေအေးဖြင့် အအေးခံထားသော လတ်ဆတ်သည့် သစ်သီးကျောက်ကျောများ သွားရောက်ရောင်းချလေ့ရှိသည်။

လူအများက ထိုကျောက်ကျောများကို အလုအယက် ဝယ်ယူကြပြီး ပုံမှန်အားဖြင့် မွန်းတည့်ချိန်ရောက်လျှင် အကုန် ကုန်သွားတတ်သည်။

ထို့ပြင် ဝမ်အိမ်တော်သို့လည်း နေ့စဥ် မက်မွန်ကျောက်ကျောအချို့ ပို့ပေးခဲ့သည်။ ဝမ်သခင်မကြီး ကိုယ်ဝန်ရှိနေသည်ကို သိထားသော စုန့်တင်းရှန်းက သူမ၏မောင်ဖြစ်သူ စုန့်ဟူထောင်ကို ဝမ်သခင်မကြီး အပူ သက်သာစေရန် သွားပို့ခိုင်းခဲ့ခြင်း ဖြစ်သည်။

မက်မွန်သီးတွင် အချိုဓာတ်နှင့် ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး နေ့စဉ်အနည်းငယ်စီ စားသုံးပေးခြင်းက ကိုယ်ဝန်ဆောင်မိခင်များအတွက် အကျိုးရှိစေသည်။

ထို့အပြင် စုန့်တင်းရှန်းက သစ်သီးခြံထဲမှ မက်မွန်စေး အမြောက်အမြားကိုလည်း လိုက်လံစုဆောင်းခဲ့သည်။ မြောက်ပိုင်းဒေသများတွင် မက်မွန်ပင်မှ ထွက်သော အစေးများကို အသုံးမဝင်ဟု ယူဆထားပြီး လျစ်လျူရှုထားလေ့ရှိကြသည်။

သို့သော် ထိုမက်မွန်စေးက အမျိုးသမီးများအတွက် အလွန်ကောင်းမွန်သော အာဟာရဖြည့်စွက်စာ ဖြစ်ကြောင်း စုန့်တင်းရှန်း သိထားခဲ့သည်။

မြောက်ပိုင်း၏ ဆောင်းဦးနှင့် ဆောင်းရာသီများက အလွန်ခြောက်သွေ့လှပြီး ထိုမက်မွန်စေးကို ရေရှည်စားသုံးပေးခြင်းဖြင့် အသားအရေ စိုပြေစေနိုင်သည်။ ၎င်းကို သစ်တော်သီးနှင့် ရောပြုတ်ပြီး သောက်သုံးပါက အဆုတ်ကို အားကောင်းစေနိုင်သည်။

ယခုအချိန်တွင် ဖန့်ရှီက စုန့်တင်းရှန်း၏ စကားများကို သံသယမရှိတော့သော်လည်း ညစ်နွမ်းနေသည့် မက်မွန်စေးများကို ကြည့်ရင်း စိုးရိမ်စိတ်အချို့ ရှိနေဆဲပင်။

"ဒါတွေကို တကယ် စားလို့ရတာလား၊ အဝတ်အစားကို မတော်တစ စွန်းသွားရင် လျှော်ဖို့ မလွယ်ဘူးနော်၊ စားလို့‌ရော ကောင်းပါ့မလား"

"စားလို့ ရပါတယ် အမေရဲ့၊ သစ်တော်သီးတွေ မှည့်လာမှ အတူတူ ရောပြီး ပြုတ်လိုက်ရင် အရမ်း အာဟာရ ဖြစ်စေလိမ့်မယ်"

စုန့်တင်းရှန်းက ပြတင်းပေါက်ဘေးမှ ဇကာပေါ်တွင် ဖြန့်လှန်းထားသော မက်မွန်စေးများကို လိုက်လှန်ပေးနေရင်း ပြန်ဖြေလိုက်သည်။ သေသေချာချာ မခြောက်သွေ့ပါက သိုလှောင်ထားစဉ် ပုပ်သွားနိုင်သေးသည်။

သူမ ယခင်က သစ်သီးခြံထဲသို့ သိပ်မသွားဖြစ်ခဲ့ပေ။ ထိုစဉ်က သူမထံတွင်လည်း စိုးရိမ်ပူပန်မှုများနှင့် ဝေခွဲမရမှုများ ရှိနေခဲ့ပြီး သူမ၏ ထူးခြားသော အခြေအနေအား အခြားသူများ သိသွားမည်ကို ကြောက်ရွံ့နေခဲ့ရသည်။

သို့သော် ယခုနောက်ပိုင်းတွင်တော့ စုန့်မိသားစုဝင်များက အမှန်တကယ် စိတ်ထားရှိပြီး သဘောထားကြီးကာ ကြင်နာတတ်ကြောင်း သူမ သိရှိလာခဲ့ရသည်။ ထို့ကြောင့်လည်း စုန့်တင်းရှန့်က ဖန့်ရှီနှင့် လီရှီတို့ ရှေ့တွင် သူမ၏ "နောက်ခံအကြောင်းအရာ" များကို အနည်းငယ် ပြင်ဆင်အမွမ်းတင်ပြီး ပြောပြခဲ့ခြင်းပင်။

ထိုဖြစ်ရပ်ကြောင့် သူမ ဘာလုပ်လုပ် လီရှီနှင့် ဖန့်ရှီတို့အတွက် ယုတ္တိတန်သွားစေပြီး အလွယ်တကူ လက်ခံလာခဲ့ကြသည်။ မိသားစုတွင် သြဇာအရှိဆုံးဖြစ်သည့် လီရှီကိုယ်တိုင် ကန့်ကွက်ခြင်းမရှိသောကြောင့် လူတိုင်း အေးအေးဆေးဆေး လက်ခံနိုင်စရာ ဖြစ်လာခဲ့သည်။

အခြားသူများကလည်း စုန့်တင်းရှန်း အဘယ်ကြောင့် ဤမျှလောက် သိနေသည်ကို ထူးခြားသည်ဟု တွေးနေရုံမှတပါး အခြားသော မကောင်းသည့်အတွေးမျိုး မရှိကြပေ။

အကြီးဆုံးဦးလေးနှင့် သူ့၏မိသားစုဝင်များကတော့ နောင်တစ်ချိန်တွင် သူတို့၏ကလေးများ ပညာသင်ကြားနိုင်ရန် ငွေစုဆောင်းနိုင်ဖို့ စုန့်တင်းရှန်းထံမှ ငွေရှာနိုင်မည့် အကြံဉာဏ်သစ်များကို အမြဲတစေ မျှော်လင့်နေရုံသာ ဖြစ်သည်။

စာပေနှင့် လက်ရေးလှပွဲတော်ပြီးသွားချိန်တွင် ကိုယ်ဝန်အရင့်အမာ ဖြစ်နေသည့် ပိုင်ရှီက ကလေးမွေးဖွားရန် စုန့်အိမ်၌ နေရစ်ခဲ့သည်။ သူမအနေဖြင့် ယောက္ခမများနှင့်အတူ နေထိုင်ရသည်မှာ အနည်းငယ် အနေခက်သဖြင့် လီရှီက သူမကို စုန့်ကျစ်ရွှမ်း၏ အခန်းထဲတွင် အိပ်ခွင့်ပြုခဲ့သည်။ ညဘက် သူမ အကူအညီလိုပါက ကူညီနိုင်ရန် စုန့်ကျဲကျင့်ကို အဖော်အဖြစ် နေခိုင်းလိုက်သည်။

သူမက ပညာတတ်မိသားစုမှ ဆင်းသက်လာသူ ဖြစ်ပြီး ပါးနပ်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူမက မည်သည့်အရာကို မေးမြန်းရမည်၊ မည်သည့်အရာကို မမေးသင့်ဟူသည့် အခြေခံသဘောတရားများကို နားလည်နေပြီး စကားပြောဆိုရာတွင်လည်း သိမ်မွေ့နူးညံ့သောကြောင့် စုန့်မိသားစုနှင့် အလွန် သဟဇာတဖြစ်နေခဲ့သည်။ သူမတွင် ကိုယ်ဝန်ရှိနေသောကြောင့် ပုံမှန်အားဖြင့် ပင်ပန်းသော အလုပ်များကိုလည်း လုပ်စရာမလိုပေ။

ပန်းထိုးရသည်ကလည်း မျက်စိညောင်းသောကြောင့် သူမက အချိန်ဖြုန်းရန် သိုးမွှေးလက်အိတ် ထိုးသည့် အတတ်ပညာကို သင်ယူခဲ့သည်။

ဆောင်းဦးပေါက် ကြာစွယ်များ ရိတ်သိမ်းပြီးချိန်တွင် စုန့်တင်းရှန်းက အချောသတ်ပြီးသွားသည့် လက်အိတ်များကို စုဆောင်းကာ သေတ္တာများထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် သိုးမွှေးများ စတင်ယူဆောင်လာပေးခဲ့သော ကုန်သည်မှတစ်ဆင့် မြောက်ပိုင်းသို့ ပို့ဆောင်ပေးလိုက်သည်။

သို့သော် ထိုလက်အိတ်များကို ပို့ပြီးသည်နှင့် တစ်ပြိုင်နက် နောက်ထပ်ကုန်သည်တစ်ဦးက သိုးမွှေးနှင့် အခြားသားမွှေးအမြောက်အမြား တင်ဆောင်လာသည့် လှည်းဆယ်စီးကျော်ဖြင့် ရောက်ရှိလာသည်။

"သခင်မစုန့်..."

ဝဝဖြိုးဖြိုးနှင့် ဖြူဖွေးနေသော ကုန်သည်ကြီးက ပြုံးဖြဲဖြဲဖြင့် ပြောလာခဲ့သည်။

"စစ်သူကြီးကျုံးက ပြောလိုက်ပါတယ်၊ ဒီသိုးမွှေးနဲ့ အခြားသားမွှေးတွေကို ရဖို့ မလွယ်ပါဘူးတဲ့၊ အခု နယ်စပ်အခြေအနေအရ သခင်မလေးစုန့်အနေနဲ့ ဒါတွေကို ဈေးကြီးလွန်းတယ်လို့ မယူဆဖို့ သူ မျှော်လင့်နေပါတယ်"

စုန့်တင်းရှန်း : “...”

‘ဒါက စျေးကြီးတယ်၊ မကြီးဘူးဆိုတဲ့ ကိစ္စမဟုတ်တော့ဘူးလေ၊ ဒီလောက်အများကြီးကို ငါတို့ လက်စသတ်နိုင်ပါ့မလားဆိုတာက ပြဿနာ ဖြစ်လာပြီ။’

"စစ်သူကြီးမင်းက အရင်သဘောတူညီချက်အတိုင်း ဆက်လုပ်စေချင်တယ်လို့လည်း မှာလိုက်ပါတယ်၊ နယ်စပ်မှာရှိတဲ့ ငါတို့တိုင်းပြည်ရဲ့ စစ်သားတွေ ဒီနှစ် နှင်းကိုက်နာ ထပ်မဖြစ်ဖို့က အရမ်းအရေးကြီးတာမို့ သခင်မစုန့်ရဲ့ ရက်ရောတဲ့ ကူညီမှုအတွက်လည်း သူ အလေးအနက် ကျေးဇူးတင်နေကြောင်း ပြောခိုင်းလိုက်ပါတယ်"

"ဒါနဲ့... စစ်သူကြီးမင်း အထူးတလည် မှာကြားလိုက်တာက သခင်မရဲ့ ခင်ပွန်းဖြစ်သူ ကျိုးယိနိုက လက်ရှိမှာ လျှို့ဝှက်တာဝန်တစ်ခု ထမ်းဆောင်နေပြီး အချိန်အတိုင်းအတာတစ်ခုအထိ စာအဆက်အသွယ် ပြတ်တောက်နေနိုင်ပါတယ်တဲ့၊ သခင်မစုန့်အနေနဲ့ ဒါကိုလည်း နားလည်ပေးဖို့ စစ်သူကြီးမင်းက မျှော်လင့်နေပါတယ်"

စုန့်တင်းရှန်းတစ်ယောက် စကားပင် မပြောနိုင်တော့ပေ။ စစ်သူကြီးက သူမကို အလုပ်အများကြီး ခိုင်းစေရုံတင်မကဘဲ သူမ၏ ခင်ပွန်းကိုလည်း အန္တရာယ်ရှိသော တာဝန်တစ်ခုဆီသို့ စေလွှတ်လိုက်ပြီ ဖြစ်သည်။

‘ဒါက ဘာသဘောလဲ၊ သူတို့က ငါတို့ဇနီးမောင်နှံနှစ်ဦးလုံးကို ခေါင်းပုံဖြတ် အမြတ်ထုတ်ဖို့ ကြိုးစားနေကြတာလား’

သို့သော် စုန့်တင်းရှန်းတစ်ယောက် အခြေအနေအရ အောင့်အီးသည်းခံကာ ပြုံးပြပြီး လက်ခံလိုက်ရတော့သည်။ ခြံဝင်းထဲတွင် တောင်လိုပုံနေသော သိုးမွှေးပုံကြီးကို ကြည့်ရင်း သူမ ရင်မောနေမိသည်။

"ဘုရားရေ... ငါတို့ ဒါတွေကို ဘယ်အချိန် ပြီးနိုင်မှာတုန်း၊ ပြီးခဲ့တဲ့တစ်ခေါက်က သိုးမွှေးတစ်လှည်းစာကိုတောင် ငါတို့ အချိန်အတော်ကြာအောင် ကိုင်တွယ်ခဲ့ရတာလေ၊ အခု ဒီလောက်အများကြီးဆိုရင်တော့ အချောသတ်ဖို့ နှစ်နဲ့ ချီပြီး ကြာတော့မှာပဲ"

ဖန့်ရှီကလည်း သိုးမွှေးထုပ်ကြီးများကို ကိုင်ကြည့်နေရင်း အလွန်အမင်းစိတ်ရှုပ်ထွေးဟန်ဖြင့် ညည်းညူကာ သက်ပြင်းချနေခဲ့သည်။

"အမေ... သမီးတို့ အလုပ်ရုံတစ်ခုလောက် ဖွင့်လိုက်ရင် ကောင်းမလား၊ နောင်ကျရင် သိုးမွှေးလှည်းတွေ ဒီထက်မက ပိုရောက်လာဦးမယ်လို့ သမီး ထင်နေမိပြီ၊ နယ်စပ်မှာ စစ်သားတွေ ဘယ်လောက်တောင် များလဲဆိုတာ စဉ်းစားကြည့်ပါဦး၊ သမီးတို့ အခု ပို့လိုက်တဲ့ လက်အိတ်အစုံရာဂဏန်းလောက်ဆိုတာ လူအနည်းငယ်စာအတွက်ပဲ ရှိနိုင်လ လိမ့်မယ်၊ ဒီလောက်များတဲ့ သိုးမွှေးတွေကို သမီးတို့ဘာသာထိုးနေရင် ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ဘူး၊ အလုပ်ရုံဖွင့်ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ အ‌ဒေါ်တွေနဲ့ မိန်းခလေးတွေကို ကူခိုင်းတာက ပိုကောင်းလိမ့်မယ်"

အလုပ်ရုံဖွင့်မည့် အကြံကို တွေးမိလိုက်သည်နှင့် စုန့်တင်းရှန်းတစ်ယောက် ချက်ချင်း ပြန်လည်တက်ကြွလာသည်။

"နင့် အဖိုးနဲ့ အဖွားကို သွားပြောကြည့်လေ၊ ဘာပဲဖြစ်ဖြစ် ငါကတော့ ဒီသိုးမွှေးတွေကုန်အောင် လက်အိတ်တွေ မထိုးပေးနိုင်ဘူး"

စုန့်တင်းရှန်း အလွန်ပါးနပ်လာသည့် အချိန်မှစ၍ ဖန့်ရှီက အိမ်ထောင်မှုကိစ္စများကို စိတ်မပူတော့ဘဲ အရာရာကို မျက်ကွယ်ပြုသူအဖြစ် ပြောင်းလဲသွားခဲ့ပြီး စာရင်းစာအုပ် ကြည့်ရန်ပင် ငြင်းဆန်နေခဲ့သည်။

နောက်ဆုံးတွင် စုန့်တင်းရှန်းက မိသားစုဝင်အားလုံးကို အိမ်ရှေ့ခန်းသို့ စုဝေးစေပြီး အလုပ်ရုံဖွင့်မည့်ကိစ္စ ဆွေးနွေးရန် မိသားစုအစည်းအဝေး ကျင်းပခဲ့သည်။

စုန့်တင်းရှန်း စကားပြောပြီးသွားချိန်တွင် လီရှီက ပထမဆုံး မေးခွန်းထုတ်လာခဲ့သည်။

"ငါတို့တွေ ထိုးထားတဲ့ ခြုံထည်တွေရော ရောင်းကောင်းရဲ့လား"

ပထမအသုတ်မှ ရရှိသော သိုးမွှေးချည်အနု အများစုကို လက်အိတ်လုပ်ရန် အသုံးပြုခဲ့ပြီး ကျန်ရှိသည့် သိုးမွှေးအကြမ်းများကို ဆေးရောင်ဆိုးကာ အရောင်စုံခြုံထည်ပုဝါများ ပြုလုပ်ခဲ့ကြသည်။ ထိုခြုံထည်ပုဝါများကို မြို့ပေါ်ရှိ ဆိုင်သို့ ပို့ထားသော်လည်း ရောင်းရခြင်း ရှိ မရှိကတော့ မသေချာသေးပေ။

စုန့်ကျစ်ယွမ်က ဝင်ပြောလိုက်သည်။

"မနေ့က နောက်ဆုံးအသုတ် ကျောက်ကျောအေးတွေ သွားပို့ရင်းနဲ့ ဟူထောင်ပြောတာကို ကြားခဲ့တယ်။ သူ ပြောတာက ဝမ်လူကြီးမင်းရဲ့ အိမ်တော်ကို ခြုံထည်တချို့ ပို့ပေးလိုက်ပြီး ကျန်နေတဲ့ အများစုကလည်း ချက်ချင်း ရောင်းကုန်သွားတယ်တဲ့။ ဒါပေမယ့် ကျွန်တော် အလောတကြီး ပြန်လာရလို့ စာရင်းစာအုပ်တွေကို သေချာမကြည့်ခဲ့ရဘူး၊ ခနနေမှ မြို့ကို ထပ်သွားပြီး သေသေချာချာ မေးကြည့်လိုက်ပါ့မယ်"

လီရှီက ခဏမျှ စဉ်းစားနေပြီးမှ စုန့်တင်းရှန်းကို ကြည့်ကာ မေးလိုက်ပြန်သည်။

“အာ့နွီအာ...နင့်ရဲ့ အမြင်ကရော"

"ခြုံထည်တွေ မရောင်းရရင်တောင် သမီးတို့ ဒီအလုပ်ကို လုပ်မှ ဖြစ်မယ်၊ အပေါ်ယံကြည့်ရင်တောင် ဒါက စစ်သူကြီးမင်းကိုယ်တိုင်ပေးအပ်ထားတဲ့ တာဝန်ဖြစ်နေပြီး ဘာပဲဖြစ်ဖြစ် ပြီးမြောက်အောင် လုပ်ရလိမ့်မယ်၊ သမီးရဲ့ စိတ်ရင်းအရ ပြောရမယ်ဆိုရင်တော့... သမီးတို့ဘက်မှာ အရှုံးပေါ်ရင်တောင် ဒါက နယ်စပ်က စစ်သည်တွေအတွက် သမီးတို့ဘက်က ကူညီပေးတဲ့ အထောက်အပံ့လေးတစ်ခု ဖြစ်လာနိုင်တယ်"

"အဖိုးနဲ့ အဖွားလည်း စဉ်းစားကြည့်ပေါ့၊ အခု အဲဒီနယ်စပ်မှာ ရှိနေကြတာက သမီးတို့ရဲ့မိသားစုဝင်ပဲ မဟုတ်ဘူး၊ ရွာထဲကလူတွေ ဒါမှမဟုတ် တခြားရွာကလူတွေရဲ့ မိသားစုဝင်တွေလည်း ရှိနေသေးတယ်၊ တချို့ဆိုရင် ဆယ်လေး၊ ဆယ့်ငါးပဲ ရှိသေးတဲ့ လူငယ်လေးတွေ၊ အသက်ကြီးဆုံးဆိုရင်တောင် လေးဆယ်ကျော်ဝန်းကျင်တွေပဲ။ တိုင်းတစ်ပါးက ကျူးကျော်လာတဲ့အချိန်မှာ သမီးတို့တွေ ဘာမှမတတ်နိုင်ဘဲ သူတို့ကို အားကိုးနေကြရတာလေ၊ အခု သူတို့ နွေးနွေးထွေးထွေး နေနိုင်အောင်၊ သူတို့လက်တွေ နှင်းကိုက်တာမျိုး မဖြစ်အောင် သမီးတို့ ကူညီပေးနိုင်မယ်ဆိုရင် ဒါက နယ်စပ်မှာရှိတဲ့ သမီးတို့ရဲ့မိသားစုဝင်တွေအတွက် သမီးတို့ဘက်က တတ်နိုင်သလောက် ပေးဆပ်တာပါပဲ၊ ငွေကုန်ရင်တောင် ကုန်ဖို့ ထိုက်တန်ပါတယ်"

လီရှီနှင့် စုန့်ရှင်းယိတို့နှစ်ဦးလုံးက ခေါင်းညိတ်ပြလာကြပြီး သူတို့ ကန့်ကွက်စရာမရှိကြောင်း ဖော်ပြလိုက်ကြသည်။

ဖန့်ရှီကတော့ စိုးရိမ်တကြီး ဝင်ပြောလာခဲ့သည်။

"ဒါက ငွေဘယ်လောက်တောင် ကုန်မှာလဲ၊ ငါတို့အိမ်က ငွေတွေက ကြွေအိုးတွေဝယ်တာနဲ့တင် ကုန်သလောက် ဖြစ်နေပြီနော်၊ လက်ထဲမှာ ဘာမှ မကျန်တော့ဘူး၊ အဲဒီအိုးတွေကို ပြန်ရောင်းပြီးတဲ့အထိ စောင့်ရမှာ..."

စုန့်တင်းရှန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။

"အမေ မေ့နေပြီလား၊ ဝမ်မိသားစုက သမီးကို ငွေတုံးတွေ အများကြီး ပေးထားတာလေ၊ အနည်းဆုံး လျန်နှစ်ရာလောက်တော့ ရှိမှာပါ၊ အလုပ်ရုံဖွင့်ဖို့ဆိုရင် ပိုတောင် ပိုနေသေးတယ်"

ဖန့်ရှီက စုန့်တင်းရှန်းကို တချက်ကြည့်ကာ စိုးရိမ်တကြီး ထပ်ပြောလိုက်သည်။

"နင်ကတော့ အိမ်မှာ ငွေလေးစုမိရင်ကို မသုံးဘဲ မနေနိုင်ဘူး၊ အေးလေ... ဘာပဲဖြစ်ဖြစ် ဒါက နင်ရှာထားတဲ့ ငွေပဲ၊ နင့်ဘာသာ စီစဉ်တော့၊ အခုလည်း ရာသီဥတုက အေးလာပါပြီအေ၊ မက်မွန်အိုးတွေ ပျက်စီးသွားပြီလား စစ်ကြည့်လိုက်ဦး၊ တကယ်လို့ ကောင်းနေသေးရင် ရောင်းလိုက်တော့၊ အနည်းဆုံးတော့ ငွေနည်းနည်း ပြန်ရလာလိမ့်မယ်"

စုန့်တင်းရှန်းက မိခင်ဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည်။

"စစ်သူကြီးမင်းက သမီးတို့မိသားစုကို မတရားဆက်ဆံမှာ မဟုတ်ပါဘူး၊ သမီး အဲ့ဒါကို အပြည့်အဝ ယုံကြည်ထားတယ်၊ ဒါပေမယ့် အခု နယ်စပ်ရဲ့အခြေအနေက တင်းမာနေတော့ သူ့မှာလည်း ရွေးချယ်စရာ မရှိလို့ ဖြစ်မှာပါ၊ တကယ်လို့ တိုက်ပွဲသာ အနိုင်ရခဲ့ရင် စစ်သူကြီးမင်းက သမီးတို့မိသားစုကို မေ့သွားလိမ့်မယ် ထင်လား၊ သူအနေနဲ့ သမီးတို့ကို အခွင့်အရေးလေး နည်းနည်းလောက် ပေးလိုက်တာနဲ့တင် သမီးတို့တစ်သက်စာ စားမကုန်အောင် ပြန်ရမှာပါ အမေရယ်"

ဖန့်ရှီက ဆူငေါက်ငေါက် ပြန်ပြောလိုက်သည်။

“အဲဒါက သူများ နင့်ကို မမေ့သွားဖို့ အရင် ဆုတောင်းရမှာလေ"

လီရှီက သားအမိနှစ်ယောက်ကြားသို့ ကြားဝင်ဆုံးဖြတ်ပေးလိုက်သည်။

"ထားလိုက်... ဆုံးဖြတ်ပြီးပြီဆိုမှတော့ စလုပ်ကြတာပေါ့၊ ဒါပေမယ့် အခုတစ်သုတ် သိုးမွှေးတွေက အရမ်းများလွန်းတယ်၊ နင်တို့ရဲ့ ဆဋ္ဌမအဘွားနဲ့ ဆယ့်ငါး‌ယောက်မြောက် အဒေါ်က အဲ့ဒါတွေကို နှစ်ယောက်တည်း ချည်ငင်လို့ ပြီးမှာ မဟုတ်ဘူး၊ အလုပ်ရုံ ဖွင့်လိုက်ရင် နင်တို့ရဲ့ဆဋ္ဌမအဖွားနဲ့ သူ့သမီးကို ကူညီဖို့ လူရှိလာနိုင်တယ်၊ အဲ့ဒါက အကောင်းဆုံးပဲ၊ ဒါမှ သူ သိပ်မပင်ပန်းတော့မှာ"

သူမက စုန့်တင်းရှန်းအား သတိပေးသည့်အနေဖြင့် ပြောလိုက်ခြင်းပင်။

ဆဋ္ဌမအဖွားက အလုပ်ရသည့်အတွက် စိတ်ပျော်ရွှင်နေပြီး ထိုအလုပ်ကို အဆက်မပြတ် လုပ်ချင်နေခဲ့သည်။ သို့သော် လက်ရှိအလုပ်ပမာဏအရ သိုးမွှေးချည်ငင်မည့်သူ ပိုမိုလိုအပ်နေသည်။ အကယ်၍ ကျန်းမာရေးမကောင်းသည့် ဆဋ္ဌမအဘွား အလုပ်ဝန်ပိပြီး ပန်းဖျား ဖျားသွားပါက သူမ ဒုက္ခရောက်သွားနိုင်ပေသည်။

စုန့်တင်းရှန်းကတော့ ပေါ့ပေါ့ပါးပါး ပြန်ဖြေနေဆဲပင်။

“အဖွား.. သမီးလည်း အဲ့ဒါကို သိပါတယ်၊ သမီး စည်းကမ်းချက်တွေ အရင် ရေးလိုက်မယ်၊ ပြီးရင် အဖိုးနဲ့ အဖွားတို့ သေချာ ကြည့်ပေးပေါ့၊ ဒါနဲ့... သမီးတို့မိသားစုမှာ အသိပညာအရှိဆုံးက အငယ်ဆုံးအဒေါ်ပဲ၊ အငယ်ဆုံးအဒေါ်... သမီးရဲ့ အစီအစဉ်ကို အဒေါ်ဘယ်လိုမြင်လဲ"

ပိုင်ရှီက သူမ၏နှုတ်ခမ်းလေးကို စေ့ထားရင်း သိမ်မွေ့သော အပြုံးဖြင့် ပြန်ဖြေလာသည်။

"အာ့နွီအာလို မိန်းမငယ်လေးတစ်ယောက်မှာ ဒီလောက်အထိ မြင့်မြတ်တဲ့ စိတ်ထားနဲ့ တာဝန်သိစိတ် ရှိလိမ့်မယ်လို့ အဒေါ် မထင်ထားခဲ့ဘူး၊ ဒီကိစ္စက တကယ် ကောင်းပါတယ်၊ နောင်တစ်ချိန်မှာ စစ်သူကြီးမင်းက အဒေါ်တို့မိသားစုအတွက် ဘာမှ ပြန်မပေးဘူးဆိုရင်တောင် အဒေါ်တို့လက်နဲ့ ထိုးပေးလိုက်တဲ့ လက်အိတ်တွေကို ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတဲ့ စစ်သည်လေးတွေ ဝတ်ထားရမယ်လို့ တွေးကြည့်ရုံနဲ့တင် အဒေါ် တော်တော်လေး ကျေနပ်နေပါပြီ၊ ဒီငွေတွေအားလုံးကို အာ့နွီအာ တစ်ယောက်တည်း လုပ်ခွင့်ပေးလို့ ဖြစ်ပါ့မလား၊ အလုပ်ရုံ တည်ထောင်မယ်ဆိုရင် အဒေါ်လည်း တတ်နိုင်သလောက် ငွေစိုက်ထုတ်ပြီး ကူညီပါ့မယ်၊ အဒေါ်တို့မှာ အရင်းအနှီး သိပ်မရှိတော့ အစဦးအနေနဲ့ ဆယ်လျန်လောက်ပဲ ထည့်နိုင်မယ်နော်"

မည်သို့ပင်ဖြစ်စေ သူမထံတွင်လည်း ကိုယ်ပိုင်ရည်ရွယ်ချက်လေးများ ရှိနေခဲ့သည်။ သူမက စုန့်မိသားစု၏ ချွေးမတစ်ဦးဖြစ်ပြီး စုန့်မိသားစုဝင်အားလုံးကလည်း စိတ်ထား အလွန်ကောင်းကြသည်။

စုန့်တင်းရှန်း ပြောနေသည်ကလည်း မှန်ကန်သည့် တာဝန်သိစိတ်ဖြစ်နေပြန်သည်။ သူမ ဘက်မှ ယခုကဲ့သို့ ငွေစိုက်ထုတ်လိုက်ခြင်းဖြင့် နောင်တစ်ချိန် စုန့်မိသားစုအတွင်း သူမအတွက် ပိုမိုကောင်းမွန်သော ဘဝတစ်ခု ရရှိစေရန် အာမခံချက်ပေးသကဲ့သို့ ဖြစ်နေလေသည်။

နောက်ထပ် အကြောင်းပြချက်တစ်ခုက စုန့်ကျစ်ရွှမ်းကြောင့် ဖြစ်သည်။ စုန့်ကျစ်ရွှမ်းက ပညာတတ်တစ်ဦး ဖြစ်သည်။ ဤကိစ္စကို ကောင်းကောင်းမွန်မွန် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲပြီး စစ်သူကြီးကျိုးက အမှန်တကယ် ဆုလာဘ်များ ချီးမြှင့်ခဲ့လျှင် မိသားစု၏ တစ်ဦးတည်းသော ပညာတတ်ဖြစ်သည့် စုန့်ကျစ်ရွှမ်းအတွက် နစ်နာစရာ မရှိပေ။

လီရှီကလည်း ဝင်ပြောလာခဲ့သည်။

"တတိယချွေးမက တကယ်ကို သဘောထားကြီးတာပဲ၊ နင်တော့ ငွေစိုက်ထုတ်နေပြီဆိုတော့ ငါလည်း ဆယ်လျန် ထည့်မှာပေါ့"

ဖန့်ရှီကလည်း ပြောလာခဲ့သည်။

"ငါလည်း ဆယ်လျန် ထည့်မယ်အေ၊ အာ့နွီအာ တစ်ယောက်တည်း သူ စုဆောင်းထားသမျှ ကုန်သွားလို့ မဖြစ်ဘူး"

ကျန်းရှီကလည်း အလောတကြီး အမြန်ဝင်ပြောလာသည်။

"ကျွန်မမှာလည်း ဆယ်လျန်လောက်တော့ ရှိပါတယ်၊ ကျွန်မလည်း ငွေစိုက်ပေးချင်တယ်"

အမှန်တကယတွင် သူမ ထိုငွေကို နှမြောနေမိသော်လည်း ယခုလို ငွေစိုက်ထုတ်လိုက်ခြင်းဖြင့် နောင်တစ်ချိန်တွင် မိသားစု အကျိုးအမြတ်ရှိမည့် လုပ်ငန်းများ ပေါ်လာပါက သူမကို ချန်ထားတော့မည် မဟုတ်ကြောင်း သူမ နားလည်ထားသည်။

စုန့်တင်းရှန်းက ထပ်ဆွေးနွေးလိုက်သည်။

"ဒါဆိုရင်တော့ သမီး စည်းကမ်းချက်တွေ အကြမ်းရေးလိုက်တော့မယ်။ အလုပ်ရုံကိုတော့ သမီးတို့အိမ်မှာ အသုံးမပြုရသေးတဲ့ အိမ်အလွတ်တွေမှာပဲ ဖွင့်ရင် ကောင်းမလား။ ဒီလို အခန်းကောင်းတွေကို အမှိုက်တွေပဲ ထည့်နေရတာ နှမြောဖို့ ကောင်းတယ်။ အဲဒီအစား အသုံးချလိုက်တာက အခန်းတွေ ပျက်စီးတာကိုလည်း ကာကွယ်ပေးနိုင်လိမ့်မယ်"

စုန့်ရှင်းယိက နောက်ဆုံး ဆုံးဖြတ်ချက် ချပေးလိုက်သည်။

"ငါလည်း အဲဒီလိုပဲ တွေးထားတယ်။ ဒါပေမယ့် အဲဒီနေရာက ဝက်ခြံနဲ့ ကပ်နေတော့ အခုရက်ပိုင်းအတွင်း ဝက်ခြံကို သီးခြားဖြစ်သွားအောင် ခြံစည်းရိုးတော့ ထပ်ခတ်ရမယ်။ အာ့နွီအာ... နောက်ထပ် ဘာတွေ ပြင်ဆင်ဖို့ လိုဦးမလဲဆိုတာ ကြိုပြောပေးဦး၊ နောက်ရက်အနည်းငယ်အတွင်း မြို့ပေါ်တက်ပြီး အကုန်အဆင်သင့်ဖြစ်အောင် လုပ်ကြတာပေါ့"

အလုပ်ရုံများကို ဦးစီးလုပ်ကိုင်ဖူးပြီး လုပ်ငန်းလည်ပတ်ရာတွင် အတွေ့အကြုံရှိသည့် စုန့်တင်းရှန်းက စည်းကမ်းချက်များကို အလျင်အမြန် ရေးဆွဲလိုက်သည်။ ဤကိစ္စတွင် စုန့်မိသားစု၏ အခြားဆွေမျိုးသားချင်းများကိုလည်း ချန်လှပ်ထား၍ မရနိုင်တော့ပေ။ သို့သော်လည်း မည်သို့မည်ပုံနှင့် မည်သူကို ရွေးချယ်ရမည်ကတော့ သူမဘာသာ ရှင်းရှင်းလင်းလင်း စီစဉ်ရမည် ဖြစ်သည်။

နှစ်ရက်အကြာတွင် စုန့်ရှင်းယိက စုန့်ကျစ်ယွမ်ကို ခေါ်၍ မြို့ပေါ်သို့ တက်လာခဲ့သည်။ စုန့်ဟူထောင်က သူတို့ကို မြင်သည်နှင့် ဝမ်းသာအားရ ပြေးထွက်ကာ ကြိုဆိုနေရှာသည်။

"အဖိုး... အဖေ! နောက်ဆုံးတော့ ရောက်လာကြပြီ၊ အဖေတို့သာ မလာရင် ကျွန်တော် အိမ်ပြန်လာတော့မလို့"

"ဘာဖြစ်လို့လဲ၊ အရေးကြီးတာရှိလို့လား"

စုန့်ရှင်းယိက လိမ္မာရေးခြားရှိသော မြေးဖြစ်သူ ဟူထောင်၏ခေါင်းကို ပုတ်ကာ ပြုံးပြုံးကြီး ထပ်မေးလိုက်သည်။

"မင်းတစ်ယောက်တည်းလား၊ ထုတန်ရော ဘယ်မှာလဲ"

"ထုတန်းက နောက်ဖေးမှာ ကင်မ်ချီတွေ ထုပ်ပိုးနေတယ် အဖိုး၊ အခု ကျွန်တော်တို့ဆီမှာ ပုံမှန်ဖောက်သည်တွေ ရနေပြီလေ၊ ဆယ်ရက်တစ်ခါ ကင်မ်ချီ ဆယ်ကျင်းလောက် ပို့ပေးနေရတာ၊ အဲဒါကြောင့် ထုတန်ကို အဲဒီအလုပ် လုပ်ခိုင်းထားတာ၊ ဪ...ဟုတ်သားပဲ အရေးကြီးတာကို မေ့တော့မလို့၊ အဖိုးကလည်း စကားဖြတ်မပြောပါနဲ့ဗျ၊ ကျွန်တော် ပြောမလို့ပဲ ရှိသေးတယ်၊ အဖိုးကြောင့် မေ့တော့မလို့.. ကျွန်တော်တို့ရဲ့ ခြုံထည်တွေ အကုန်ရောင်းကုန်သွားပြီဗျ"

"ဘာ... အကုန် ကုန်သွားပြီ... ဟုတ်လား"

စုန့်ရှင်းယိက အံ့ဩတကြီး ပြန်မေးလိုက်သည်။

သူတို့၏ ထိုခြုံထည်ပုဝါများကို အရောင်ဆေးဆိုးထားသည့် သိုးမွှေးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ဈေးနှုန်းက မသက်သာလှပေ။ ငါးချီ(ငါးပေ)ခန့်ရှိသော သိုးမွှေးအကြမ်း ခြုံထည်တစ်ထည်ကို ကြေးပြားငါးဆယ်၊ အချောတစ်ထည်ကို ကြေးပြားရှစ်ဆယ်နှင့် ရောင်းချပြီး ပခုံးတင်ခြံထည်အကြီးဆိုလျှင် ကြေးပြား တစ်ရာ့ငါးဆယ်အထိ ဈေးခေါ်ထားခြင်းဖြစ်သည်။

ဤဈေးနှုန်းက မြို့ပေါ်တွင်ပင် အတော်အတန် မြင့်မားသည်ဟု ဆိုနိုင်သည်။ အစပိုင်းတွင် သူကြွယ်ကြီးဝမ်၏ မိသားစုက အချို့ကို ကူညီရောင်းချပေးခဲ့သော်လည်း သူတို့တွင် ခြုံထည်ပေါင်း တစ်ရာကျော် ကျန်ရှိနေခဲ့သည်။ အကုန်လုံး ရောင်းထွက်ရန် အနည်းဆုံး ဆယ်ရက်ခန့် ကြာလိမ့်မည်ဟု သူတို့ ထင်ထားခဲ့ခြင်းဖြစ်သည်။

ရက်အနည်းငယ်အတွင်း အကုန် ရောင်းကုန်သွားလိမ့်မည်ဟုတော့ သူတို့ ကြိုမသိနိုင်ခဲ့ကြပေ။

စုန့်ဟူထောင်က အပြုံးကြီးဖြင့် ပြန်ဖြေလာသည်။

"ဟုတ်တယ်၊ အကုန်ကုန်တာ၊ ဝမ်လူကြီးမင်းက လက်ဆောင်ပေးဖို့ ဆိုပြီး အကောင်းဆုံးတွေကို ရွေးပြီး အထည် သုံးဆယ်ကျော် ဝယ်သွားခဲ့တာ၊ နောက်တော့ ကုန်သည်တစ်ယောက် ရောက်လာပြီး အမျိုးအစားတစ်ခုစီကို ဆယ်ထည်စီ ဝယ်သွားသေးတယ်။ ကျန်တဲ့ အနည်းအကျဉ်းကလည်း ချက်ချင်းနီးပါး ရောင်းထွက်သွားတာ။ အဲဒါကြောင့် ကျွန်တော်လည်း ဘယ်တော့များမှ အထည်အသစ်တွေ ထပ်ပို့မလဲလို့ တမျှော်မျှော်ဖြစ်နေတာ... ဟာ... ဒီတစ်ခေါက် ခြုံထည်တွေ မပါဘူးလား"

"ပါ ပါတယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းက အသစ်ရထားတာတွေလည်း ရှိတယ်၊ ဒါပေမယ့် အထည်ရှစ်ဆယ်လောက်ပဲ ပါလာတယ်..."

ခြုံထည်များ ဤမျှမြန်မြန် ရောင်းထွက်သွားသည်က စုန့်ရှင်းယိ အမှန်တကယ် အံ့ဩစေခဲ့သည်။

ထိုခြုံထည်များအနက် ခြုံထည်ကြီး သုံးဆယ်၊ အကြမ်း လေးဆယ် နှင့် အချောလေးဆယ်တို့ ပါဝင်ပြီး ဆိုးဆေးဖိုးများ ဖယ်လိုက်လျှင် စုစုပေါင်း အသားတင်အမြတ် ငွေကိုးလျန်ခန့် ရရှိမည် ဖြစ်သည်။

စုန့်ဟူထောင်က စီးပွားရေး အတွေ့အကြုံရှိလာသူပီပီ ထပ်အကြံပေးလိုက်သည်။

"အရင်ဆုံးတော့ ဒါတွေကိုပဲ ရောင်းထားလိုက်တာပေါ့၊ အရင်လောက်တော့ ခပ်မြန်မြန် ကုန်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာပြီဆိုတော့ ခြုံထည်တွေ ပိုပြင်ဆင်ထားသင့်တယ်"

စုန့်ရှင်းယိက စာရင်းစာအုပ်နှင့် ခြုံထည်ရောင်းရငွေများကို သိမ်းဆည်းလိုက်ပြီး နောက်ဖေးသို့ သွားကာ ထုတန်ကို အရင် ကြည့်လိုက်သည်။ ထို့နောက် လှည်းပေါ်မှ ကြွေအိုးကြီး ရှစ်အိုးကို ချကာ စုန့်ဟူထောင်ဆီသို့ လွှဲပေးလိုက်သည်။

အိုးများကို မြင်သည်နှင့် စုန့်ဟူထောင်၏ မျက်လုံးများ ဝင်းပသွားသည်။

"မက်မွန်အိုးတွေတောင် အဆင်သင့်ဖြစ်နေပြီလား"

သူလည်း သကြားရည်စိမ်ထားသော မက်မွန်သီးများကို မြည်းစမ်းဖူးပြီး လတ်ဆတ်သော မက်မွန်သီးထက်ပင် ပို၍ အရသာရှိသည်ဟု ခံစားခဲ့ရသည်။

ထို မက်မွန်အိုးများ အောင်အောင်မြင်မြင် ထွက်လာပါ့မလားဟု သူ တွေးတောနေခဲ့ပြီး အိုးများကို မြင်လိုက်ရသဖြင့် မက်မွန်အိုးလုပ်ငန်း အမှန်တကယ် စတင်နိုင်ပြီဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။

စုန့်ကျစ်ယွမ်က ရှင်းပြလိုက်သည်။

“ဒါက လွန်ခဲ့တဲ့ ရက်ပိုင်းက ပထမဆုံးလုပ်ထားတဲ့ အိုးတွေကို ဖွင့်ကြည့်ခဲ့ကြတာ၊ အရသာက အရင်အတိုင်းပဲ၊ ဘာမှ မပျက်စီးသွားဘူး၊ ဒါကြောင့် ဒီနေ့ မင်း စမ်းရောင်းကြည့်နိုင်အောင် အိုးနည်းနည်း ယူလာပေးတာ၊ တကယ်လို့ တစ်ခုခု မှားနေတာ တွေ့ရင် လုံးဝ မရောင်းနဲ့နော်၊ နားလည်လား"

"အဖေကလည်း စိတ်ပူမနေပါနဲ့တော့၊ ကျွန်တော့်ကိုသာ ယုံထားလိုက်ပါဗျာ၊ ကျွန်တော်တို့ စီးပွားရေးသမားတွေက ရိုးသားမှုနဲ့ သစ္စာတရားကို အလေးထားတာပါ၊ မကောင်းတဲ့ကုန်တွေကို လုံးဝ မရောင်းဘူး"

စုန့်ဟူထောင်က ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကို ပုတ်ပြနေသည်။ သူက မြို့ပေါ်တွင် အငယ်ဆုံး ဆိုင်ရှင်လေးဖြစ်ပြီး လူတိုင်းက သူ့ကို 'ဆိုင်ရှင်လေးစုန့်' ဟု ခေါ်ဝေါ်နေကြသဖြင့် သူ့ခြေဖဝါးက မြေကြီးနှင့် မထိတော့သလို သူ ခံစားနေရသည်။

သို့သော် သူ့အစ်မကသာ ဤကဲ့သို့ ကောင်းမွန်သော ထုတ်ကုန်များကို ပြင်ဆင်မပေးခဲ့လျှင် သူ မည်မျှ ကျွမ်းကျင်နေပါစေ ဤမျှလောက် ငွေရှာနိုင်မည်မဟုတ်ကြောင်းလည်း သူ ကောင်းကောင်း နားလည်နေသည်။ ထို့ကြောင့် ခေတ္တမျှ စိတ်ကူးယဉ်ပြီးနောက် မြေပြင်ပေါ်သို့ အခိုင်အမာ ပြန်လည်ခြေချကာ တောသားလေးစုန့်ဟူထောင်အဖြစ် ဆက်လက်နေထိုင်ခဲ့သည်။

ဆိုင်မှ ထွက်လာပြီးနောက် စုန့်ရှင်းယိက စုန့်ကျစ်ယွမ်ကို ခေါ်ဆောင်ကာ သူကြွယ်ကြီးဝမ်၏ အိမ်တော်သို့ ဦးတည်လိုက်သည်။ သူတို့ သကြားမက်မွန်အိုးများနှင့် မက်မွန်ယိုများ သွားရောက်ပို့ဆောင်ရမည် ဖြစ်သည်။

စုန့်တင်းရှန်းက လက်ဆောင်ပေးလျှင် များများပေးခြင်းက ပိုကောင်းသည်ဟု ပြောခဲ့ဖူးသည်။ ထို့ပြင် သူတို့က သူတို့ထံ၌ ကောင်းမွန်သောအရာတစ်ခုခု ရှိလာတိုင်း သူကြွယ်ကြီးဝမ်၏ မိသားစုဆီသို့ အမြဲပေးသည့် အကျင့်ကို ကျင့်သားရလာခဲ့သည်။ ဤနည်းဖြင့် သူကြွယ်ကြီးဝမ်က သူတို့၏ ရက်ရောမှုကို တန်ဖိုးထားလာပြီး နောင်တစ်ချိန်တွင် သူတို့၏ ဆက်ဆံရေးလည်း ပိုမိုခိုင်မာလာမည်ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူကြွယ်ကြီးဝမ်က သူတို့ကို ကိုယ်တိုင်ထွက်ကြိုခဲ့ပြီး စုန့်ရှင်းယိကို အိမ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ စုန့်ရှင်းယိကတော့ ရိုသေကြောက်ရွံ့မူအပြည့်ဖြင့် တုန်ယင်နေဆဲပင်။

"သကြားမက်မွန်အိုး ဟုတ်လား"

သူက ကြမ်းတမ်းသော ကြွေအိုးများကို ကြည့်ကာ ထပ်မေးလိုက်သည်။

"ဒါက စားဖို့လား?"

သူ့အဖေ စကားမပြောနိုင် ဖြစ်နေသည်ကို မြင်လိုက်ရသည့် စုန့်ကျစ်ယွမ်က ဝင်ရှင်းပြလိုက်သည်။

"ဟုတ်ပါတယ် ခင်ဗျ၊ ဒါက သမီးဖြစ်သူ စဉ်းစားမိတဲ့ အစားအစာ အသစ်တစ်ခုပါ။ အိမ်တော်ရဲ့ သခင်မကြီးက မက်မွန်ကျောက်ကျောကို ကြိုက်တယ်လို့ သိခဲ့ရတာကြောင့် ဒီသကြားမက်မွန်အိုးတွေ လုပ်ပြီးတာနဲ့ ချက်ချင်း ယူလာခဲ့တာပါ၊ အခုလို အချိန်မှာ လတ်ဆတ်တဲ့ သစ်သီးတွေ ရှားပါးနေပြီလေ၊ ဒီစားစရာကတော့ အကြာကြီး သိုလှောင်ထားလို့ရတော့ ကြာကြာထားပြီး စားလည်း အဆင်ပြေပါတယ်"

သူကြွယ်ကြီးဝမ်က စားပွဲပေါ်ရှိ အိုးတစ်လုံးကို ညွှန်ပြကာ သူ၏အစေခံအား အမိန့်ပေးလိုက်သည်။

"သွား... အဲဒါကို ဖွင့်လိုက်၊ ငါ မြည်းကြည့်ဖို့ နည်းနည်း ပြင်ဆင်ပေး"

ယခင် မက်မွန်ကျောက်ကျောကို သူလည်း အတော် အထင်ကြီးခဲ့ပြီး စုန့်တင်းရှန်းထံမှ လုပ်နည်းတောင်းရန်ပင် သူ စဉ်းစားခဲ့ဖူးသည်။ သို့သော် ရက်အနည်းငယ်အကြာတွင် စုန့်တင်းရှန်းက သူ့အိမ်သို့ ရောက်လာခဲ့ပြီး ကျောက်ကျော ပြုလုပ်ရန် လွယ်ကူသော်လည်း သိုလှောင်ရန် ခက်ခဲကြောင်း၊ နေ့စဉ် လတ်လတ်ဆတ်ဆတ် လုပ်ရောင်းရန် လိုအပ်ကြောင်းနှင့် ၎င်းက ပင်ပင်ပန်းပန်း လုပ်ရသော လုပ်ငန်းငယ်လေးသာ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

၎င်းကို ကြားရချိန်တွင် သူကြွယ်ကြီးဝမ်က ထိုအကြံကို ချက်ချင်း လက်လွှတ်လိုက်သည်။ ကျောက်ကျောက ရာသီစာဖြစ်သလို အလွယ်တကူ ပုပ်သိုးနိုင်ကာ အရင်းအနှီးနည်းသော လုပ်ငန်းဖြစ်နေသည်။ သူ၏အိမ်တွင် စားသောက်ဆိုင် မရှိသဖြင့် ထိုအစားအစာ ပြုလုပ်နည်းကို မလိုအပ်ပေ။

အစေခံမလေး မက်မွန်အိုးကို ယူသွားပြီး သွားပြင်ဆင်နေချိန်တွင် သူကြွယ်ကြီးဝမ်က ရွာ၏ရိတ်သိမ်းမှု အခြေအနေနှင့် မိသားစုဝင်များ၏ ကျန်းမာရေးကို ဂရုတစိုက် မေးမြန်းနေခဲ့သည်။ စုန့်တင်းရှန်း ပို့လိုက်သော ကြာပန်းများမှာ အမြင်တင့်တယ်လှပြီး အကြာကြီး ပွင့်နေခဲ့ကြောင်းလည်း ပြောကာ စုန့်တင်းရှန်းကို ထပ်ခါတလဲလဲ ချီးကျူးနေသေးသည်။

စုန့်ကျစ်ယွမ်က တလေးတစား ပြန်ဖြေလိုက်သည်။

"အခု ကြာစွယ်တွေ ရိတ်သိမ်းတော့မှာဆိုတော့ သခင်ကြီးတို့ စားဖို့အတွက်လည်း ပို့ပေးပါ့မယ်၊ ဒါပေမယ့် ကြာစေ့အထွက်နှုန်းကတော့ သိပ်မများသေးပါဘူးခင်ဗျ၊ နောက်နှစ်ကျရင်တော့ ပိုများများ စိုက်ဖို့ စီစဉ်ထားပါတယ်။ ပိုစိုက်နိုင်ရင်တော့ ကြာစေ့တွေ အများကြီးထွက်ပြီး ကြိုက်တဲ့အချိန် စားနိုင်တော့မှာပါ"

သူကြွယ်ကြီးဝမ်က တဟားဟား ရယ်မောရင်း ချီးကျူးနေပြန်သည်။

"မင်းတို့အိမ်က ပစ္စည်းတွေက အရမ်းလတ်ဆတ်ပြီး အရသာရှိလို့ ငါ စားရတာ အရမ်းကြိုက်တယ်။ အခု ကြာစွယ်တွေ ပို့ပေးမယ်ဆိုရင်လည်း ငါ မငြင်းပါဘူး။ ငါ့မိန်းမကလည်း ကြာစွယ်စားရတာကို အရမ်းနှစ်သက်တယလေ"

ထိုအချိန်တွင် အစေခံမလေးက အပြာနုရောင် ကြွေခွက်ကလေး သုံးခွက်ကို လင်ဗန်းတစ်ချပ်ပေါ်တင်ကာ ယူဆောင်လာသည်။ ခွက်တစ်ခွက်စီတွင် မက်မွန်သီးစိတ်များနှင့် သကြားရည်ခွက်တစ်ဝက်စီ ထည့်ထားသည်။

သူကြွယ်ကြီးဝမ်က ရွှေဝါရောင် တောက်ပနေသော မက်မွန်သီးစိတ်လေးများကို ကြည့်ကာ တစ်စိတ်ကို ဇွန်းဖြင့် ခပ်၍ မြည်းစမ်းကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများ ချက်ချင်း ပြူးကျယ်လာသည်။

All Chapters