← Chapters

စိတ်မအေးဖြစ်ရခြင်း

Vol. 6 Ch. 56

စိတ်မအေးဖြစ်ရခြင်း

Vol. 6 Ch. 56

ပုံမှန်အားဖြင့် သစ်သီးစည်သွပ်ဗူးများက လတ်ဆတ်သော သစ်သီးများနှင့် တထပ်တည်းကျသော အရသာမျိုး မရှိနိုင်ပေ။ သို့သော်လည်း သကြားရည်ဖြင့် ကျိုချက်ထားသောကြောင့် မက်မွန်သီး၏ အမျှင်ဓာတ်က ပို၍ သိသာထင်ရှားလာသည်။ ထို့ကြောင့် မက်မွန်သီးများက ပျော့ဖတ်မသွားဘဲ ကိုက်လိုက်လျှင် ကြွပ်ဆတ်ဆတ်နှင့် လန်းဆန်းသော ခံစားမှုကို ပေးစွမ်းနိုင်သည်။

ထို့အပြင် ခြောက်သွေ့သော ဆောင်းဦးရာသီတွင် ချိုမြိန်သောဖျော်ရည် သောက်လိုက်ရခြင်းက ခြောက်သွေ့မှုကြောင့် ဖြစ်ပေါ်လာသည့် ပင်ပန်းနွမ်းနယ်မှုများကို ချက်ချင်း ပြယ်ပျောက်သွားစေသည်။

"ဒါက..."

သူကြွယ်ကြီးဝမ်က မက်မွန်သီး နောက်တစ်စိပ်ကို ထပ်မံကိုက်လိုက်ပြီး ပါးစပ်ထဲတွင် ဖြည်းညှင်းစွာ အရသာခံကြည့်နေသည်။ အစပိုင်းတွင် သူ မက်မွန်‌ကျောက်ကျောကို အတော်လေးကောင်းသည်ဟု ထင်ထားခဲ့သော်လည်း ယခု သကြားမက်မွန်သီးက ထိုထက် ပို၍ အရသာရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

စုန့်ကျစ်ယွမ်က မြို့ပေါ်သို့ မလာမီ စုန့်တင်းရှန်း သင်ပေးလိုက်သည့်အတိုင်း ထပ်ပြောလိုက်သည်။

"တကယ်တော့ ကျွန်တော်မျိုးရဲ့သမီးက ဒီစားစရာလုပ်နည်းကို သခင်ကြီးဆီကို မျှဝေပေးချင်ခဲ့တာပါ၊ ဒါပေမယ့် လောလောဆယ် မြောက်ပိုင်းဒေသမှာ မက်မွန်ဝါသီးတွေ အများကြီး စိုက်ပျိုးထားတာမျိုး မရှိသေးပါဘူး။ နောက်ပြီး ဒီအိုးတွေကို သိုလှောင်တဲ့ အချိန်မှာ အရမ်းသတိထားရပါတယ်၊ မတော်တစ လေဝင်သွားတာနဲ့ တစ်အိုးလုံး ပုပ်သိုးသွားနိုင်လို့ပါ၊ သယ်ယူတဲ့အချိန်မှာလည်း လှုပ်ခါတာမျိုး၊ ဆောင့်မိတာမျိုးတွေ ဖြစ်လာရင် အိုးအဖုံး ပွင့်သွားနိုင်လို့ အတော်လေး ထိန်းသိမ်းရခက်ပါတယ်၊ ပြီးတော့... ဒီနည်းလမ်းက တောင်ပိုင်းကုန်သည်တွေဆီက ကြားခဲ့တာဆိုတော့ တောင်ပိုင်းမှာ ပျံ့နှံ့နေပြီးသားလည်း ဖြစ်နိုင်ပါတယ်၊ အဲ့ဒါကြောင့် သခင်ကြီးကို ပေးဖို့ မကမ်းလှမ်းခဲ့တာပါ၊ ဒါပေမယ့် သခင်ကြီး ကြိုက်တယ်ဆိုရင်တော့ ကျွန်တော်မျိုးရဲ့သားကို အိမ်တော်အရောက် နေ့တိုင်း လာပို့ခိုင်းပါ့မယ်"

စိတ်ထားကောင်းသည်ဟု လူသိများသော သူကြွယ်ကြီးဝမ်က ထိုစကားကြောင့် စိတ်ကျေနပ်သွားပြီး အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။

"ဘယ်လိုလုပ်ပြီး အဲဒီလို လုပ်လို့ ဖြစ်မှာလဲ၊ ဒီအိုးတွေက ငါ့အတွက် လုံလောက်နေပါပြီ၊ နောက်ပြီး မင်းတို့လည်း ဒီကြွေအိုးဖိုးနဲ့ သကြားဖိုးတွေ ကုန်ထားတာ မနည်းလောက်ဘူး၊ မင်းတို့လည်း ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြရတာလေ၊ ငါ့ဇနီးနဲ့ အမေက ကြိုက်တယ်ဆိုရင် အစေခံလေးတွေကို လွှတ်ပြီး ဝယ်ခိုင်းလိုက်ပါ့မယ်"

"ကျွန်တော်မျိုးရဲ့သမီးက မှာလိုက်ပါသေးတယ်၊ ဒီမက်မွန်သီးတွေက အရသာရှိပေမယ့် သကြားဓာတ် အရမ်းများတာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ တစ်ထိုင်တည်းမှာ အများကြီး မစားသင့်ပါဘူးတဲ့၊ တခါစားရင် နည်းနည်းစီပဲ စားသင့်ပါတယ်၊ ပြီးတော့ အိုးကို ဖွင့်ပြီးသွားရင်လည်း အမြန်ဆုံး ကုန်အောင်စားရမယ်လို့ ပြောလိုက်ပါတယ်"

"အခုလို အသိပေးတာ ကျေးဇူးတင်ပါပဲကွာ၊ ငါ့ဇနီးက ကိုယ်ဝန်ရှိနေတော့ အရာရာကို သတိထားနေရတယ်၊ နေ့စဉ်နေထိုင် စားသောက်မှုမှာလည်း အရမ်းချိုတာတွေ၊ အေးတာတွေကို ရှောင်ခိုင်းထားရတယ်၊ ဒါပေမယ့် မင်းတို့ရဲ့ စေတနာအတွက်တော့ အများကြီးကျေးဇူးတင်ပါတယ်ကွာ၊ ငါတို့လည်း မင်းတို့ဆီက လက်ဆောင်တွေကိုပဲ တစ်ဖက်သတ် လက်ခံနေရပြီး ဘာမှ ပြန်မကူညီပေးနိုင်တော့ တကယ်ပဲ အားနာနေမိတယ်"

စုန့်ကျစ်ယွမ်က သူ့လက်နှစ်ဘက်ကို အမြန်လက်သီးအုပ်ကာ တလေးတစား ပြန်ပြောလိုက်သည်။

"သခင်ကြီးအနေနဲ့ ကျွန်တော်မျိုးတို့မိသားစုကို အဆက်အသွယ် လုပ်ပေးနေတာနဲ့တင် တကယ့်ကို ကြီးမားတဲ့ အကူအညီဖြစ်နေပါပြီဗျာ၊ ကျွန်တော်တို့ဘက်က တခြားဘာကိုမှ ထပ်ပြီး မတောင်းဆိုဝံ့ပါဘူး"

သူကြွယ်ကြီးဝမ်က ဟန်ဆောင်မှုကင်းမဲ့သော အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ငါတို့မိသားစုနှစ်ခုက ဆက်ဆံရေးတစ်ခု ထူထောင်ထားပြီးပြီလို့ ယူဆနိုင်တယ်၊ မြို့ပေါ်မှာ ရှိတဲ့ မင်းတို့ဆိုင်ကိုလည်း ငါ စောင့်ရှောက်ပေးပါ့မယ်၊ ဘယ်သူမှ လာပြီး ပြဿနာမရှာစေရပါဘူး၊ စိတ်ချလက်ချ နေကြပါ"

"ကျေးဇူးတင်ပါတယ် သခင်ကြီး"

စုန့်ကျစ်ယွမ်တစ်ယောက် အလွန်အမင်း ဝမ်းသာသွားသည်။

သူ၏သားဖြစ်သူက ဆယ်နှစ်ပင်မပြည့်သေးသည့် တူလေးကို အဖော်ပြုကာ မြို့ပေါ်တွင် နေ့တိုင်းနေ့တိုင်း အလုပ်လုပ်နေရသည်။ သူနှင့် ဖန့်ရှီတို့က သူတို့၏သားအတွက် အမြဲ စိတ်ပူနေခဲ့ရသည်။ ဆိုင်က သူကြွယ်ကြီးဝမ်၏ အိမ်နှင့် မဝေးသောကြောင့် သူတို့ စောင့်ရှောက်ပေးမည်ဖြစ်ပြီး စိတ်မပူရန် စုန့်တင်းရှန်းက ပြောခဲ့သော်လည်း ဝမ်အိမ်တော်က ဘာမှ မပြောသောကြောင့် သူတို့ စိတ်မအေးနိုင် ဖြစ်ခဲ့ရသည်။ ယခု သူကြွယ်ကြီးဝမ်ကိုယ်တိုင်က ဆိုင်ကို စောင့်ရှောက်ပေးမည်ဟု ကတိပေးလာသောကြောင့် သူ စိတ်မအေးစရာ အကြောင်းမရှိတော့ပေ။

သူကြွယ်ကြီးဝမ်၏ အိမ်မှ ထွက်လာပြီးနောက် သူတို့နှစ်ယောက်သား ဆိုင်သို့ ပြန်ကာ မှာကြားစရာရှိသည်များကို မှာကြားပြီး နောက်ရက်အနည်းငယ်အတွင်း မက်မွန်အိုးများ စတင်ရောင်းချရန် ဆုံးဖြတ်လိုက်ကြသည်။

စုန့်ဟူထောင်ကလည်း အဖေနှင့် အဘိုးကို စိတ်ချလက်ချ ပြန်သွားနိုင်ရန် တစ်ခုချင်းစီ ကတိပေးနေခဲ့သည်။

စုန့်ကျစ်ယွမ်က ခြုံထည်ရောင်းရငွေများကို အသုံးပြုပြီး အလုပ်ရုံအတွက် လိုအပ်သည့် ပစ္စည်းအမြောက်အမြား ထပ်မံဝယ်ယူခဲ့သည်။ သိုးမွှေးကျိုရန် အိုးကြီး လေးလုံး၊ ချည်ငင်ရန် ရစ်ဘီးလေးလုံးနှင့် သားရေနယ်ရန်အတွက် လိုအပ်သော ပစ္စည်းများ အပါအဝင် အထွေထွေပစ္စည်းများ ဝယ်ယူခဲ့သည်။ နောက်ဆုံးတွင် ခြုံထည်ရောင်းရသည့် အမြတ်ငွေဖြစ်သည့် ငွေကိုးလျန် ကုန်သွားရုံသာမကဘဲ သူ ထပ်စိုက်လိုက်ရသေးသည်။

"ငွေကို ရေလို သုံးနေရတာပဲ"

တခဏချင်းအတွင်းမှာပင် ငွေဆယ်လျန်ကျော် ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း စုန့်ကျစ်ယွမ်တစ်ယောက် မယုံနိုင်အောင် ဖြစ်နေရပြန်သည်။

စုန့်ရှင်းယိကတော့ သူကြွယ်ကြီးဝမ်၏ အိမ်မှ ထွက်လာကတည်းက ပြန်လည်တက်ကြွလာပြီး ရယ်သံဖြင့် ပြောလာခဲ့သည်။

"မင်းက ညည်းညူနေတုန်းလား၊ မင်းရဲ့သမီးက မင်းအတွက် ငွေတွေ ရှာပေးထားတယ် မဟုတ်ဘူးလား၊ ပြီးတော့ အခုရက်ပိုင်းအတွင်း ကြာစွယ်တွေ တူးရတော့မယ်၊ နောက်ရက်အနည်းငယ်ကြာလို့ နှင်းတွေ ကျလာရင် အချည်ထည့်ဖို့ ဂေါ်ဖီထုပ်တွေ ရိတ်သိမ်းရဦးမယ်၊ ဒါတွေအားလုံးက ငွေတွေချည်းပဲ မဟုတ်ဖူးလား"

စုန့်ကျစ်ယွမ်က တဟားဟား ရယ်မောလိုက်ပြီး ခေတ္တအကြာတွင် ပြန်ပြောလိုက်သည်။

"အာ့နွီအာ ပြောတာက တကယ်လို့ ဂေါ်ဖီချဉ်တွေသာ ဒီလို ရောင်းကောင်းနေရင် နောက်ပိုင်း အလုပ်ရုံတစ်ခု ထပ်ဖွင့်လို့ရတယ်တဲ့၊ အဲဒီအချိန်ရောက်ရင် ကျွန်တော်တို့ကိုယ်တိုင် ဂေါ်ဖီထုပ်တွေ အများကြီး စိုက်နေမယ့်အစား ရွာထဲကနေပဲ ဝယ်လိုက်ကြမယ်၊ အခုလည်း အိမ်အလုပ်တွေက တော်တော် များနေပြီ၊ လယ်လုပ်တာနဲ့ပါ ပေါင်းလိုက်ရင် ကျွန်တော်တို့တွေ အရမ်း ပင်ပန်းကုန်ကြလိမ့်မယ်။ အားကုန်ပြီး ဖျားနာကုန်ရင် အလုပ်လုပ်ရတာ မတန်တော့ဘူးလေ"

စုန့်ရှင်းယိက လှည်းပေါ်တွင် ခဏမျှ ငြိမ်သက်စွာ ထိုင်နေပြီးမှ ပြန်ပြောလိုက်သည်။

"အင်း... အချိန်တွေ ဘယ်လောက်တောင် ကြာသွားပြီလဲ၊ ငါ့ကိုယ်ငါ မြေရှင်အိုကြီးလိုတောင် ခံစားနေရပြီ၊ လယ်သမားမိသားစုမှာ လယ်မလုပ်တဲ့အိမ်ရယ်လို့ ဘယ်မှာ ရှိလို့လဲ"

"လယ်ကတော့ လုပ်ရမှာပဲလေ၊ ဒါပေမယ့် သူများတွေကို အငှားပေးလို့ ရတယ်။ အခု ကျွန်တော်တို့အိမ်မှာ စီမံစရာ အလုပ်တွေ အများကြီး ဖြစ်နေပြီ။ ရာသီဥတု အေးလာရင် ကျွန်တော်နဲ့ ရှန်ဇီက နေရာအနှံ့ ပြေးလွှားပြီး ဝက်လိုက်သတ်ရဦးမယ်၊ အစ်ကိုကြီးနဲ့ တူနှစ်ယောက်ကလည်း ဝက်စာကျွေးတာ၊ ဝက်သတ်တာတွေတင်မကဘဲ တခြား လုပ်အားလိုတဲ့ အလုပ်မှန်သမျှ ကူနေရတာလေ၊ ဒီဆောင်းတွင်းမှာတောင် ကျွန်တော်တို့ နားရက်ရှိမှာ မဟုတ်ဘူးလို့ ကျွန်တော် တွက်ဆထားတယ်၊ နွေဦးရောက်တာနဲ့ လယ်ထဲပြန်ဆင်းရဦးမယ်၊ အဲဒီလောက်အထိ အတင်းရုန်းကန်နေရရင် တစ်ယောက်ယောက်တော့ ပင်ပန်းပြီး လဲသွားနိုင်တယ်၊ ပြီးတော့ အာ့နွီက ပြောနေသေးတယ်၊ ဒီနှစ် ကြာစွယ်တွေ အထွက်ကောင်းရင် နောက်နှစ်မှာ ကြာကန်နောက်တစ်ခု ထပ်တူးဖို့ စီစဉ်ထားတယ်တဲ့... အဖေ၊ အဖေက ကျွန်တော်တို့မိသားစုရဲ့ ကျောရိုးပဲ၊ အဖေကိုယ်တိုင်လည်း အပင်ပန်းခံလို့ မဖြစ်တော့ဘူး"

ထိုအချိန်မှသာ စုန့်ရှင်းယိကလည်း သူ့အိမ်မှ အလုပ်များကို တစ်ခုချင်းစီ ချတွက်ကြည့်နေပြီး ငွေပိုရလာသည်မှာ မှန်သော်လည်း လုပ်စရာ အလုပ်များကလည်း အဆမတန် များပြားလာသည်ကို သူ သတိထားမိသွားခဲ့သည်။

‘သူတို့က အလုပ်ကြမ်းလုပ်ရမှာကို မကြောက်ကြပါဘူး၊ ဒါက လုပ်အားကို ငွေနဲ့ လဲလှယ်ရတဲ့ ကိစ္စလေ၊ ဒါပေမယ့် လုပ်ရင်းကိုင်ရင်း လူက ပင်ပန်းလွန်းလို့ လဲကျသွားရင်တော့ အရှုံးပေါ်ပေလိမ့်မယ်’

"ပြန်စဉ်းစားကြည့်တော့ အလုပ်တွေ တကယ် များလွန်းနေတာပဲ၊ လယ်တွေကို အငှားပေးလိုက်ထားတာက ပိုကောင်းမယ် ထင်တယ်။ ငါတို့မှာ အသစ်ဖော်ထားတဲ့ မြေလွတ်တွေမှာလည်း ပြင်ဆင်စရာတွေ ရှိသေးတယ်။ ဒီနှစ် ပန်းဂျုံတွေ အများကြီး ရိတ်သိမ်းရတယ်၊ ရောင်းလို့မရရင်တောင် ငါတို့ဘာသာ စားလို့ ရနိုင်သေးတယ်၊ နောက်မှ ပြောင်းမှုန့်နဲ့ သွားလဲရင်လည်း အဆင်ပြေတာပဲ၊ တကယ်လို့ မက်မွန်အိုးတွေ ရောင်းကောင်းရင်လည်း နောက်နှစ်မှာ မက်မွန်ပင်တွေ ပိုစိုက်ရဦးမယ်။ ဟုတ်ပ... အရင်က ငါ ဒါတွေကို မတွေးခဲ့မိဘူး၊ အခု တွေးကြည့်မှ အိမ်တွင်းရော အိမ်ပြင်မှာပါ လုပ်စရာတွေ တောင်ပုံရာပုံ ဖြစ်နေပြီ"

အဘိုးကြီးက သူ့လက်ချောင်းများအားလုံးကို ချိုးကာ အလုပ်များကို တွက်ချက်ကြည့်နေပြီးမှ သူ့မိသားစုတွင် စောင့်ကြိုနေသည့် အလုပ်ပမာဏ မည်မျှကြီးမားကြောင်း သဘောပေါက်သွားခဲ့သည်။ သူ မည်မျှ သန်မာစေကာမူ ဤမျှလောက် ပြည့်လျှံနေသော အလုပ်မျာ’၏ ဝန်ထုပ်ဝန်ပိုးအောက်၌ ပင်ပန်းနွမ်းနယ်သွားမည်မှာ အသေအချာပင်။

‘သံမဏိနဲ့ လုပ်ထားတဲ့သူတောင်မှ အဲဒီအလုပ်တွေကြောင့် မောပန်းပြီး ပျော့ခွေလဲကျသွားနိုင်တယ်’

စုန့်ကျစ်ယွမ်က ရယ်မောရင်း ထပ်ပြောလိုက်သည်။

"ဟုတ်တယ်၊ အာ့နွီပြောတာက ဒီလက်အိတ်နဲ့ ခြုံထည်လုပ်ငန်းကလည်း နောက်ထပ် နှစ်အနည်းငယ်အထိ ဆက်လုပ်ရဦးမှာတဲ့၊ နွေဦးရောက်ရင် ပဲတွေ နေလှန်းရမယ်၊ ဆောင်းဦးရောက်ရင် ပဲငံပြာရည်နဲ့ ငရုတ်သီးအနှစ်တွေ လုပ်ရမယ်၊ ဂေါ်ဖီခင်းတွေ၊ ငရုတ်ခင်းတွေကိုလည်း ကြည့်ရဦးတယ်၊ ဂျုံတွေ စိုက်ပြီးရင် ဆောင်းတွင်းအတွက် ပြင်ဆင်ရပြန်ရော၊ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး၊ ကြာစွယ်တွေ တူးရဦးမယ်၊ ကင်မ်ချီတွေ လုပ်ရမယ်၊ ဟင်းရွက်တွေ အချဉ်တည်ရမယ်၊ တို့ဟူးတွေလည်း အချဉ်ဖောက်ရဦးမယ်၊ နောက်နှစ်ကျရင် ကြာကန်တူးရမယ်၊ ကြာစိုက်ရမယ်၊ သစ်သီးခြံကိုလည်း ပြေးကြည့်ရဦးမယ်၊ ဆောင်းတွင်းရဲ့ အအေးဆုံး နှစ်လလောက်ပဲ ခဏနားရမယ်၊ ဒါတောင်မှ သိုးမွှေးအလုပ်ရုံကို ကြည့်ပေးရဦးမှာလေ... အဖေ စဉ်းစားကြည့်ပါဦး၊ အခုလို တစ်ချိန်လုံး မနားတမ်း အလုပ် လုပ်နေကြရင် ဘယ်သူက မပင်ပန်းဘဲ နေတော့မှာတုန်း"

ဤအခြေအနေမျိုးတွင် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းက အမှန်တကယ် အကျိုးအမြတ် အနည်းဆုံးဖြစ်သော်လည်း လူသားတို့က အစားအစာမရှိဘဲ မနေနိုင်ကြချေ။ ထို့အပြင် နှစ်စဉ်ပေးဆောင်ရမည့် မြေခွန်များကိုလည်း ထိုကောက်ပဲသီးနှံများမှ ရရှိနိုင်သေးသည်။ ငွေရရှိရန်အတွက် မိသားစုပိုင်လယ်မြေများကို သူတစ်ပါးထံ အငှားပေးလိုက်ခြင်းက အသင့်တော်ဆုံးဖြစ်လာခဲ့သည်။

သို့သော် စုန့်ရှင်းယိက လယ်မြေအားလုံးကို အငှားမချရန် ဆုံးဖြတ်လိုက်သည်။ သူက မြေနှစ်မူကို သီးသန့်ချန်ထားပြီး မြေပဲနှင့် ဖရုံစေ့များ စိုက်ပျိုးရန် တွေးနေခဲ့သည်။ ၎င်းက ဆောင်းရာသီတစ်ခုလုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရမည့် ကလေးများအတွက် လှော်ထားပေးရန် ဖြစ်သည်။

မြေလွတ်များကို‌တော့ နောက်တစ်နှစ်အတွက် ပန်းဂျုံနှင့် အခြား ဟင်းသီးဟင်းရွက်အချို့ စိုက်ပျိုးရန် စီစဥ်ထားသည်။ နောက်တစ်နှစ်ကျော်သွားလျှင် အခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးသွားပြီး အခွန်များ ပေးဆောင်ရတော့မည်ဖြစ်ရာ သေသေချာချာ မစီမံနိုင်ပါက အရှုံးပေါ်သွားနိုင်ပေသည်။

ဆောင်းရာသီအတွက် မိသားစု၏ဝက်အကောင် နှစ်ဆယ်ကျော်လည်း ရှိနေသေးသည်။ ပုံမှန်အားဖြင့် ထိုဝက်များကို သတ်ဖြတ်၍ အသားရောင်းချလေ့ရှိရာ ရာသီဥတု အေးလာသည်နှင့်အမျှ ဝက်သားဝယ်ယူသူ ပိုမိုများပြားလာမည်ဖြစ်သည်။ ထိုအချိန်တွင် သူ့၏ဒုတိယသားက အလွန် အလုပ်များလာပေဦးမည်။

စုန့်ရှင်းယိတစ်ယောက် လှည်းပေါ်တွင် မှီထိုင်နေရင်း အတွေးထဲနစ်ဝင်နေခဲ့သည်။

‘အရင်ကလည်း သူတို့ တစ်နှစ်ပတ်လုံး အလုပ်များနေခဲ့ဖူးပေမယ့် ဝင်ငွေကတော့ ထူးထူးခြားခြား မရှိခဲ့ဘူးလေ၊ ရသမျှငွေ အများစုကလည်း အငယ်ဆုံးသားရဲ့ ပညာရေးအတွက် စုဆောင်းထားရသေးတယ်’

‘ကံကောင်းတာက အကြီးဆုံးသားနဲ့ ဒုတိယသားက လိမ္မာရေးခြားရှိပြီး အဲ့ဒီအတွက်နဲ့ ပြဿနာ မရှာခဲ့ကြဘူး’

‘အခု ဒုတိယသားရဲ့ မိသားစုက ဒုတိယသမီးက ငွေရှာနိုင်မယ့် နည်းလမ်းတွေကို ပြောပြခဲ့တယ်၊ ဒုတိယသားရဲ့ မိသားစုအပြင် သူတို့မိသားစုတွေအားလုံး နေ့စဉ်ဝင်ငွေတွေ ပုံမှန်ရလာကြတယ်၊ ဒုတိယသားရဲ့ မိသားစုက အကြီးဆုံးသားရဲ့မိသားစုကိုတောင် မမေ့လျော့ဘဲ ဆက်ပံ့ပိုးကူညီပေးခဲ့ကြတယ်’

‘အကြီးဆုံးသားရဲ့မိသားစုကလည်း မနာလိုဖြစ်နေတာမျိုး မရှိဘဲ နေ့စဉ်နဲ့အမျှ မိုးမလင်းမီကတည်းက ထပြီး ဝက်စာချက်၊ ဝက်စာကျွေးနဲ့ အရင်ကထက် ပိုကြိုးစားအားထုတ် လုပ်ကိုင်ပေးနေကြတယ်’

‘ဒီရွာမှာ ဘယ်သူက သက်တောင့်သက်သာ အရှိဆုံးဘဝကို ဖြတ်သန်းနေလဲလို့ မေးရင် သူတို့ဇနီးမောင်နှံပဲ မဟုတ်ဘူးလား’

စုန့်ရှင်းယိတစ်‌ယောက် ထိုတွေးတောနေရင်း မပြုံးဘဲ မနေနိုင်တော့ချေ။

.........။........။........

သိုးမွှေးအလုပ်ရုံအတွက် ခြံဝင်းအသစ်ကို ရှင်းလင်းရန် လိုအပ်လာသဖြင့် စုန့်ကျစ်ယွမ်တစ်ယောက် သမီးဖြစ်သူနှင့် သူ၏ လျှို့ဝှက်ချက်လေးကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ သစ်သားစည်အလွတ်များကို ရွှေ့ပြောင်းရန် လွယ်ကူသော်လည်း ပစ္စည်းများ ပြည့်နေပါက ဖုံးကွယ်ရန် ခက်ခဲသွားမည် ဖြစ်သည်။

ဖန့်ရှီက ထိုသစ်သားစည်ကြီးများကို အကြိမ်ကြိမ် လှည့်ပတ်ကြည့်နေပြီး သူမ၏ ခင်ပွန်းနှင့် သမီးဖြစ်သူကို မကျေမနပ် စိုက်ကြည့်နေသည်။

စုန့်ကျစ်ယွမ်က ခပ်ဖျော့ဖျော့ အပြုံးဖြင့် မဝံ့မရဲ ပြောပြနေသည်။

"ပစ္စည်းတွေ အလဟဿဖြစ်သွားရင် မင်း စိတ်မကောင်းဖြစ်သွားမှာ စိုးလို့ပါ၊ သောက်စရာတွေကို အပြင်ထုတ်လိုက်ပြီးမှ မင်းကို ပြောပြမလို့ပါကွာ"

"တော်စမ်း.... တော်စမ်း.... ရှင် ထွက်သွားတော့.... ရှင့်က ကျွန်မ ပွစိပွစိ ပြောမှာကို ကြောက်နေတာမလား၊ ကျွန်မက ပါးစပ်ကပြောနေပေမယ့် နောက်ဆုံးကျရင် ရှင့်တို့ကို ဝိုင်းကူပေးနေရတာပဲ မဟုတ်ဘူးလား၊ အခု ထွက်သွား... ရှင့်မျက်နှာကို မြင်ရတာနဲ့တင် စိတ်တိုနေပြီ"

ဖန့်ရှီက တကယ်စိတ်ဆိုးသွားပုံရသည်။

စုန့်တင်းရှန်းက အခြေအနေကို ကြည့်ကာ အမြန် ဝင်ဖျန်ဖြေပေးလိုက်သည်။

"အမေ၊ ဒီတစ်ခေါက်က သမီးတို့သားအဖ နှစ်ယောက်လုံး မှားသွားပါတယ်၊ တကယ်တော့ သမီးနဲ့အဖေက အမေ အံ့ဩသွားအောင် လုပ်ပြချင်တာပါ၊ အခု အစီအစဉ်တွေက မမျှော်လင့်ဘဲ ပြောင်းသွားလို့ပါ၊ အားလုံးက သမီးကြောင့်ပါ၊ သမီးကြောင့် အဖေ အပြစ်တင်ခံနေရတော့ သမီး တကယ် စိတ်မကောင်းဖြစ်မိတယ်"

"ဘာကို အံ့ဩစရာလဲ၊ ငါ့မှာ ဘာအံ့ဩစရာ ကျန်နေသေးလို့လဲ၊ နင် တစ်နေတစ်နေ့ စွမ်းအင်အပြည့်နဲ့ ဟိုခုန် ဒီခုန် လုပ်နေတာကို ကြည့်ရတာနဲ့တင် ငါ့မှာ အံ့ဩလွန်းလို့ လန့်သေတော့မယ်၊ သွား... နင်လည်း နင့်အဖေနောက်ကို လိုက်သွား"

ဖန့်ရှီက စုန့်တင်းရှန်း၏ နဖူးကို လက်ညှိုးဖြင့် ခပ်ဖွဖွတွန်းကာ အခြားအလုပ်များလုပ်ရန် ထွက်သွားတော့သည်။

စုန့်တင်းရှန်းက စုန့်ကျစ်ယွမ်ကို ကြည့်ကာ လျှာလေးထုတ်ပြလိုက်သည်။

စုန့်ကျစ်ယွမ်ကတော့ ခါးသက်သက် ပြုံးလိုက်ရင်း ညည်းတွားနေပြန်သည်။

"ဒုက္ခပဲကွာ... နင့်အမေကတော့ ဒီည ငါ့ကို ထပ်ပြီး နားပူဦးတော့မယ်ထင်တယ်"

"ဟီး ဟီး"

စုန့်တင်းရှန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။

"အဖေကလည်း အဖေ ဒါတွေကို အကျင့်ဖြစ်နေပြီပဲ၊ လာပါ၊ ဒီသစ်သားစည်ကြီးတွေ နောက်ဖေးရောက်သွားအောင် အတူတူရွှေ့ကြမယ်"

အလုပ်ရုံကို စနစ်တကျ ပြင်ဆင်ပြီးသွားချိန်တွင် ဖန့်ရှီ၊ ကျန်းရှီနှင့် ဆဋ္ဌမအဖွားတို့က အလုပ်သမားများ ငှားရမ်းရန် ဝိုင်းကူပေးခဲ့ကြသည်။ တစ်ဖက်တွင်လည်း စုန့်ကျစ်ယွမ်က စုန့်ကျစ်ချမ်း၊ သူ့သားများနှင့် သူ့တူများကိုခေါ်ကာ ကြာကန်သို့ ကြာစွယ်တူးရန် သွားနေကြသည်။

ကြာကန်က မြေနိမ့်ပိုင်းတွင် ရှိသောကြောင့် ရေထုတ်ရန် ခက်ခဲနေခဲ့သည်။ သို့သော်လည်း ခြောက်သွေ့သော ဆောင်းဦးရာသီကြောင့် ရေမျက်နှာပြင်က သိသိသာသာ လျော့နည်းနေခဲ့သည်။

စုန့်ရှင်းယိက ကြာကန်ဘေးတွင် ကျင်းတစ်ခုတူးရန် ဆုံးဖြတ်လိုက်သည်။ ၎င်းက ယခု ကြာကန်ထဲမှ ရေများကို ဖောက်ချပြီး ပြန်သိုလှောင်ထားရန်နှင့် နောက်နှစ် ကြာကန် ထပ်မံတူးဖော်ချိန်တွင် အသုံးပြုရန် ဖြစ်သည်။ ရာသီဥတုက အလွန်အကျွံ မအေးခဲသေးသောကြောင့် ရွာထဲတွင်လည်း အားလပ်နေသော လုပ်သားများ ရှိနေခဲ့သည်။ သူတို့၏အကူအညီဖြင့် ကြာကန်၏ အစိတ်အပိုင်းအချို့ကို စတင်တူးဖော်ခဲ့ကြသည်။

ရေထုတ်ပြီးသွားချိန်တွင် ကြာကန်ထဲ၌ ရွှံ့နွံများ ပြည့်နေပြီး ငါးများစွာလည်း တင်ကျန်နေခဲ့သည်။ ငါးအသေးလေးများကို ကောက်ယူပြီး ဘေးနားရှိ ရေကန်ထဲသို့ ထည့်လိုက်ကြသော်လည်း ငါးကြီးများကိုတော့ ထိုနေရာ၌ ချက်ချင်း ရောင်းချလိုက်ကြသည်။

အိမ်နီးချင်းရွာများမှ လူများကလည်း လာရောက်ကြည့်ရှုခဲ့ကြပြီး "ပညာရှိအငွေ့အသက်ကူးစက်ထားသည့်" ငါးတစ်ကောင်၊ နှစ်ကောင်ကို ဟင်းချက်စားရန် ဝယ်ယူသွားကြသည်။

ကြာစွယ်တူးခြင်းက လူအင်အားအလွန်သုံးရသော အလုပ်ဖြစ်သည်။ အထူးသဖြင့် ဤအချိန်တွင် ရွှံ့ရေများက အရိုးထဲအထိ စိမ့်ဝင်လောက်အောင် အေးစက်နေခဲ့သည်။ ရေမဝင်နိုင်သည့်ဘောင်းဘီများ မရှိဘဲ ဤအလုပ်ကို လုပ်ရသည်က အလွန် ပင်ပန်းခက်ခဲလှသည်။

စုန့်တင်းရှန်းက သူမ၏မိသားစုဝင်များ အလွန်အမင်း ပင်ပန်းနွမ်းနယ်ပြီး အအေးမိကာ နှင်းကိုက်နာများ ဖြစ်မည်ကိုလည်း စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမက ကြာစွယ်တူးရန်အတွက် အလှည့်ကျ ရေထဲဆင်းပေးမည့် အလုပ်သမားများကို ထပ်မံငှားရမ်းခဲ့သည်။ ရေထဲမဆင်းမီတွင် ပြင်းရှပူနွေးသော အရက်ခွက်ကြီးတစ်ခွက် သောက်စေပြီး ရေထဲမှ ပြန်တက်လာလျှင်လည်း ဂျင်းပြုတ်ရည် ပူပူနွေးနွေးကို တိုက်ကျွေးခဲ့သဖြင့် အအေးဒဏ်ကို အတော်အတန် အံတုနိုင်ခဲ့ကြသည်။

အစပိုင်းတွင် ကြာစွယ်တူးရာ၌ အတွေ့အကြုံ မရှိကြသဖြင့် ရှည်လျားသော ကြာစွယ်အချို့ကို ချိုးမိခဲ့ကြသည်။ ကြာစွယ်၏ အလယ်တွင် အခေါင်းပေါက်များ ပါရှိသောကြောင့် ကျိုးသွားသော ကြာစွယ်များကို သန့်ရှင်းရေးလုပ်ရန် ခက်ခဲပြီး ရောင်းချရန် ခက်ခဲစေသည်။ နောက်ပိုင်းတွင် ပိုကျွမ်းကျင်လာကြပြီး ရွှံ့နွံများ ပေကျံနေသည့် ရှည်လျားတုတ်ဖြိုးသော ကြာစွယ်များကို ကမ်းပေါ်သို့ တစ်ခုပြီးတစ်ခု ပစ်တင်ပေးနေနိုင်ခဲ့ကြသည်။ ၎င်းက ဘေးမှ ကြည့်ရှုနေသူများအား စိတ်လှုပ်ရှားစေခဲ့သည်။

မြို့ပေါ်မှ လူအချို့ကလည်း ကြိုတင်သတင်းကြားထားပြီး လှည်းများဖြင့် လာရောက်ဝယ်ယူကြသလို လမ်းဘေးဈေးသည်များကလည်း အနီးနားတွင် စောင့်ဆိုင်းကာ ဝိုင်းဝန်းဝယ်ယူနေကြသည်။

တစ်နေ့တာ တူးဖော်ပြီးချိန်တွင် ကြာစွယ် ကျင်းတစ်ထောင်ကျော် ရရှိခဲ့ပြီး အများစုကို ထိုနေရာ၌ ချက်ချင်း ရောင်းထုတ်နိုင်ခဲ့သည်။

ဝမ်မိသားစုကလည်း စောစောစီးစီး ရောက်ရှိလာခဲ့သည်။ အိမ်တော်ထိန်းဝမ်ချွမ်က မြင်းလှည်းဖြင့် စောင့်ဆိုင်းနေပြီး ကြာစွယ်ကျင်းတစ်ရာကို တစ်ခါတည်း ဝယ်ယူသွားခဲ့သည်။

စုန့်မိသားစုက ငါးများနှင့် ကြာစွယ်များ ရောင်းချနေပြီး တစ်ဖက်မှ ပစ္စည်းပေး၊ တစ်ဖက်မှ ငွေယူနေကြသည်ကို ကြည့်ကာ အခြားသူများလည်း မနာလိုဖြစ်နေကြသည်။ အထူးသဖြင့် ကျိုးလောင်စန်း၏ ဝဖြိုးသော ဇနီးဖြစ်သူ ဖြစ်သည်။ သူမက လူအုပ်ကြားထဲတွင် အလုပ်ရှုပ်နေသော စုန့်တင်းရှန်းကို စိုက်ကြည့်ရင်း တိုးတိုးလေး မြည်တွန်တောက်တီးနေလေသည်။

"လောဘကြီးတဲ့ မျက်လုံးဖြူဝံပုလွေကောင်...ဒင်းလက်ထပ်ယူထားတဲ့ ချွေးမကလည်း လောဘကြီးတဲ့ မျက်လုံးဖြူဝံပုလွေမပဲ၊ ငါသာ သူ့ရဲ့ ယောက္ခမဆိုရင် အဲဒီငွေတွေအားလုံးကို ငါပဲ သိမ်းရမှာ"

အနီးနားရှိ လူအချို့က ထိုစကားကို ကြားသွားပြီး နှာခေါင်းရှုံ့နေကြသည်။ ကျိုးယိနို ထွက်ခွာသွားသည်မှာ နှစ်အတော်ကြာပြီဖြစ်သော်လည်း သူတို့အိမ်ခွဲစဉ်က ကျိုးမိသားစုနှင့် ကျိုးယိနိုကြားမှ ဖြစ်ပွားခဲ့သော ပြဿနာကတော့ လူတိုင်း၏ စိတ်ထဲ၌ လတ်လတ်ဆတ်ဆတ် ရှိနေဆဲပင်။

သို့သော် ဤမိန်းမကြီးက အခြားသူ၏ဇနီးအား စိတ်မကျေမနပ်ဖြစ်ရုံဖြင့် 'လောဘကြီးသော မျက်လုံးဖြူဝံပုလွေများ' ဟု လိုက်လံခေါ်ဝေါ်နေဆဲ ဖြစ်သည်။

ကျန်ရှိသော ကြာစွယ်ကျင်းနှစ်ရာ၊ သုံးရာခန့်ကိုတော့ မြေအောက်သိုလှောင်ခန်းထဲ၌ သိုလှောင်ထားလိုက်ကြသည်။ ကြာကန်ထဲတွင် ကျန်ရှိနေသေးသော ကြာစွယ်အသေးလေးများကိုတော့ လာမည့်နှစ်တွင် ကြာပင်အသစ်များ ပြန်ပေါက်လာစေရန် ချန်ထားခဲ့ကြသည်။

ကန်ထဲသို့ ရေပြန်သွင်းပေးလိုက်သည်နှင့် ရေမျက်နှာပြင်တွင် ရေခဲများ ဖုံးလွှမ်းနေသည့်တိုင် နုပျိုသော ကြာစွယ်လေးများက ဆောင်းရာသီကို ဘေးကင်းကင်း ဖြတ်ကျော်နိုင်ပေလိမ့်မည်။

လတ်ဆတ်သော ကြာစွယ်များပေါ်မှ ရွှံ့နွံထူထူများကို ဆေးကြောလိုက်သည်နှင့် ဖြူဖွေးသောအသားများ ထွက်ပေါ်လာသည်။ အခွံကို ခွာ၍ ကိုက်ကြည့်လိုက်ပါက ကြွပ်ဆတ်ပြီး ချိုမြိန်သောအရသာကို ခံစားနိုင်မည် ဖြစ်သည်။

ထိုနေ့ညနေတွင် စုန့်တင်းရှန်းက ကြာစွယ်နှင့် နံရိုးစွပ်ပြုတ်၊ ကြာစွယ်ချိုချဉ်ကြော်၊ ကြာစွယ်အစပ်သုပ်နှင့် ငါးကြားစွယ်ပေါင်းတို့ကို သူမကိုယ်တိုင် ချက်ပြုတ်ခဲ့ပြီး မိသားစုဝင်အားလုံး နှစ်သက်စွာ စားသောက်ခဲ့ကြသည်။

.......။.......။......

နောက်တစ်နေ့တွင်လည်း လူအချို့က ကြာစွယ်လာဝယ်ကြသဖြင့် စုန့်တင်းရှန်းက ကျင်းနှစ်ရာခန့် ထပ်ရောင်းပေးလိုက်သည်။ သို့သော်လည်း ထိုထက်ပို၍ ဆက်မရောင်းတော့ဘဲ ငြင်းဆိုလိုက်သည်။ သူမတို့မိသားစုတွင် လူဦးရေများပြားသလို လက်ဆောင်ပေးရန်လည်း လိုအပ်နေသောကြောင့် ကျန်ရှိနေသည့် ကျင်းတစ်ရာခန့်က ရောင်းရန် မလောက်ငှတော့ပေ။

ထိုအတွေ့အကြုံမှတဆင့် ကြာကန်၏ အထွက်နှုန်းနှင့် ဝယ်လိုအားကို သူမ သဘောပေါက်သွားခဲ့ပြီး နောက်နှစ်အတွက် ကြာကန် မည်မျှထပ်တူးရမည်ကို စတင်တွေးတောနေခဲ့သည်။

သိုးမွှေးအလုပ်ရုံတွင် သိုးမွှေးခွဲခြားခြင်း၊ သန့်စင်ခြင်း၊ အဆီထုတ်ရန် သိုးမွှေးများ ပြုတ်ခြင်း၊ ချည်ငင်ခြင်းနှင့် သားရေနယ်ခြင်းတို့အတွက် ကူညီပေးရန် အမျိုးသမီးဆယ်ဦး ငှားရမ်းခဲ့သည်။ သူမတို့အားလုံးက လက်မြန်ပြီး သန့်ရှင်းသပ်ရပ်သူများ ဖြစ်ကြသည်။

အခြေခံအလုပ်များ ပြီးစီးသွားသည်နှင့် သူမတို့အား လက်အိတ်ထိုးနည်းနှင့် သားရေဖြတ်တောက်နည်းများ သင်ကြားပေးခဲ့သည်။ အရည်အသွေးမြင့် သိုးမွှေးနှင့် သားရေများ လေလွင့်မှု မရှိအောင် သင်ယူနိုင်ပြီး မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်သည့် လက်ရာကောင်းသူများကို အိမ်သို့ သိုးမွှေးများ ယူသွားစေပြီး အလုပ်လုပ်ခွင့်ပြုခဲ့သည်။

ထိုသို့သောအခြေအနေတွင် မျက်စိလျင်သော ကျန်းရှီနှင့် ပဉ္စမအဖွားတို့က သိုးမွှေးချည်မျှင်များကို ဝှက်ယူရန် ကြိုးစားသော မိန်းကလေးနှစ်ဦးကို ဖမ်းမိသွားခဲ့သည်။ သူမတို့၏ တောင်းပန်တိုးလျှိုးမှုများကို ဂရုမစိုက်ဘဲ ချက်ချင်း အလုပ်ထုတ်ပစ်ခဲ့ကြသည်။

"ဒီသိုးမွှေးချည်မျှင်တွေက မြောက်ပိုင်းဒေသကနေ ခက်ခက်ခဲခဲ သယ်လာရတာလေ၊ ဒါတွေနဲ့လုပ်တဲ့ လက်အိတ်တွေက စစ်သည်တွေ နွေးထွေးအောင် လုပ်ပေးဖို့ပဲ၊ နင်တို့က ဘယ်လိုသတ္တိနဲ့ ခိုးရဲကြတာတုန်းအေ၊ နင်တို့အိမ်မှာ စစ်ထဲ ရောက်နေတဲ့သူ မရှိလို့ ဖြစ်မှာပေါ့၊ အဲဒါကြောင့် စစ်သည်တွေ နွေးထွေးဖို့ လိုအပ်နေတာကို နားမလည်ပေးနိုင်တာ"

ပဉ္စမအဖွားလေးကတော့ ဆူပူကြိမ်းမောင်းနေသေးသည်။

ပဉ္စမအဖွားက ဖန့်ရှီ၊ ကျန်းရှီနှင့် ဆဋ္ဌမအဖွားတို့ထက် ပိုပြတ်သားပြီး ပိုစွမ်းဆောင်နိုင်သူ ဖြစ်သည်။ သူမက မုဆိုးမအဖြစ် တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး သူမ၏ ပွင့်လင်းပြတ်သားသော စရိုက်ကြောင့် မည်သူမျှ သူမကို သွေးတိုးမစမ်းရဲကြပေ။ သူမကို အလုပ်ရုံတွင် အမျိုးသမီးများကို ကြီးကြပ်ရန်နှင့် ကြီးကြပ်ရင်း ငွေရှာနိုင်ရန် သီးသန့်ခေါ်ယူထားခြင်း ဖြစ်သည်။

စုန့်မိသားစု၏ ဆွေမျိုးများထဲမှ အကြီးများဖြစ်သည့် စုန့်လောင်တာ့နှင့် စုန့်လောင်အာ့တို့၏ ဇနီးများက အသက်ကြီးနေပြီဖြစ်ကာ ယခုကဲ့သို့ စေ့စပ်သေချာစွာ လုပ်ရမည့်အလုပ်မျိုးကို မလုပ်နိုင်ကြတော့ပေ။ ထို့ကြောင့် သူတို့၏ချွေးမများကိုသာ စမ်းသပ်လုပ်ကိုင်စေခဲ့သည်။ စမ်းသပ်မှုအောင်မြင်သူများက ဆက်နေပြီး ငွေရှာခွင့်ရခဲ့ကြသည်။

သို့သော် စုန့်လောင်စန်း၏ ဇနီးဖြစ်သည့် ကောင်းရှီကိုတော့ သူမ အလုပ်လာလုပ်ချင်သည့်တိုင် ဖန့်ရှီက ခွင့်မပြုခဲ့ပေ။ ဖန့်ရှီက သူတို့မိသားစုထဲမှ အလုပ်အကြိုးစားဆုံး ချွေးမနှစ်ဦးကိုသာ လက်ခံခဲ့ပြီး သူတို့၏မြေး စုန့်ကျောင်းရှင်းကိုတော့ အလုပ်ရုံထဲသို့ပင် ဝင်ခွင့်မပေးခဲ့ပေ။

ဖန့်ရှီက သူတို့မိသားစု ယခင်က ပြုမူခဲ့သည့်ကိစ္စများကို တွေးမိတိုင်း ဒေါသထွက်နေဆဲဖြစ်သည်။ သူတို့မိသားစုမှ ချွေးမများကို အလုပ်ပေးလိုက်ခြင်းကပင် ကြီးမားသော မျက်နှာသာပေးမှု ဖြစ်နေပြီဖြစ်သည်။

......။......။........

စုန့်မိသားစုက စုန့်ကျွင်းလီနှင့် သူ့ဇနီးတို့ နေထိုင်ခဲ့သည့် အရှေ့ဘက်အဆောင်မှ အခန်းကို သန့်ရှင်းရေးလုပ်လိုက်ပြီး စုန့်ကျဲကျင့်နှင့် လက်သွက်သည့် သူမ၏သူငယ်ချင်းတချို့ကို ခေါ်ကာ ကင်မ်ချီ ပြုလုပ်ခဲ့ကြသည်။ ပထမဆုံး နှင်းကျပြီးချိန်တွင် စုပုံနေသော ဂေါ်ဖီထုပ်များကို ရိတ်သိမ်းခဲ့ကြသည်။

စုန့်တင်းရှန်းနှင့် စုန့်ကျဲကျင့်တို့က သူမတို့ဘာသာ ဟင်းခတ်အမွှေးအကြိုင်များကို ပမာဏအမြောက်အမြား ရောစပ်ပြီးမှ အခြားသူများကို ဂေါ်ဖီထုပ်များပေါ်သို့ နှံ့နေအောင် သုတ်လိမ်းခိုင်းခဲ့ကြသည်။ ယမန်နှစ်ကဲ့သို့ လက်များ မထိခိုက်စေရန် စုန့်တင်းရှန်းက ငရုတ်သီးအနှစ် သုတ်လိမ်းဖို့ သစ်သားဇွန်းပြားများ သီးသန့်ပြုလုပ်စေခဲ့သည်။ လက်နှင့်လုပ်သလောက် မမြန်သော်လည်း အလုပ်လုပ်ရန် အဆင်ပြေနေဆဲပင်။

ငရုတ်သီးအနှစ်ဖြင့် နယ်ထားသော ကင်မ်ချီများကို အချဉ်ဖောက်ရန် အိုးကြီးများထဲသို့ ထည့်လိုက်ကြပြီး နောက်ထပ် လဝက်ခန့်အကြာတွင် ရောင်းချရန် အဆင်သင့်ဖြစ်သွားပေလိမ့်မည်။

ကင်မ်ချီအပြင် တို့ဟူးရုံမှ တို့ဟူးများကိုလည်း အများအပြား မှာယူခဲ့ကြသည်။ ၎င်းတို့ကို အတုံးလေးများ တုံးကာ ကောက်ရိုးဖြင့် အုပ်ပြီး အချဉ်ဖောက်ထားခဲ့သည်။ တို့ဟူးများပေါ်တွင် လှပသော မှိုမျှင်လေးများ ထွက်လာမှ အချဉ်တည်လိုက်ရာ နူးညံ့ပြင်းပြသော တို့ဟူးပုပ် ရရှိလာသည်။

ကျန်ရှိသော အလုပ်များကတော့ နှစ်စဉ်ပြုလုပ်နေကျ ရတနာရှစ်ပါးဟင်းရွက်ချဥ်၊ မုန့်ညှင်းချဉ်များ၊ သခွားချဉ်နှင့် ခရမ်းသီးချဉ်စသည့် ဟင်းရွက်ချဥ်မျိုးစုံ ပြုလုပ်ရခြင်းပင်။ ဤဟင်းရွက်ချဉ်များက မြို့ပေါ်တွင် အလွန်လူကြိုက်များပြီး တချို့လူများက တစ်ခါဝယ်လျှင် အလေးချိန်အတော်များများ ဝယ်ယူတတ်သဖြင့် မြို့ပေါ်ရှိ ဆိုင်သို့ ပစ္စည်းများ ခဏခဏ ဖြည့်တင်းပေးနေရသည်။

အခြားသူများက ဆောင်းတွင်း၌ ဆောင်းခိုရန် ပြင်ဆင်နေချိန်တွင် စုန့်မိသားစုက တစ်နှစ်ပတ်လုံး အလုပ်များနေခဲ့ကြပြီး ဆောင်းရာသီ ရောက်လာသည့်တိုင်အောင် အလုပ်ရှုပ်နေကြဆဲ ဖြစ်သည်။

ထို့ပြင် စုန့်တင်းရှန်း၏ မိသားစုက သူတို့ဘာသာ သီးသန့် လုပ်ကိုင်ခြင်းမျိုး မဟုတ်ဘဲ ရွာသူရွာသားများကို အကူအညီ ပေးရန် ဖိတ်ခေါ်လေ့ရှိသည်။ အကူအညီပေးခွင့်ရသူတိုင်းကလည်း သူတို့ကို အထူး ကျေးဇူးတင်နေကြသည်။

စုန့်ရှင်းယိကတော့ ဤအတောအတွင်း အပြင်ထွက်ကာ အခြားသူများနှင့် စကားစမြည်ပြောရသည်ကို အလွန်နှစ်သက်နေလေသည်။ သူ့အတွက် ရွာသားများ၏ ချီးမွမ်းစကားများကို နားထောင်ရခြင်းက ပျားရည်ကို မြည်းစမ်းနေရသကဲ့သို့ ချိုမြိန်လှပေသည်။

အခြားသူများ၏ အကူအညီဖြင့် ပထမဆုံး နှင်းကျချိန်တွင် နောက်ထပ် လက်အိတ်တစ်သုတ် မြောက်ပိုင်းဒေသသို့ ပို့ဆောင်နိုင်ခဲ့သည်။ ထို့နောက် မကြာမီမှာပင် သိုးမွှေးလှည်းငါးစီး ထပ်မံရောက်ရှိလာပြန်သည်။

သိုးမွှေးလာပို့သော ကုန်သည်က စုန့်တင်းရှန်းနှင့် ရင်းနှီးနေပြီ ဖြစ်သည်။ သူက အပြုံးမျက်နှာကြီးဖြင့် ရှင်းပြနေခဲ့သည်။

"ဒါက ဒီနှစ်အတွက် နောက်ဆုံးအသုတ်ပဲ၊ မြောက်ပိုင်းမှာ စစ်ဖြစ်နေတော့ သိုးမွှေးတွေ လိုက်သိမ်းရတာ ပိုခက်လာပြီ၊ ဒါပေမယ့် နောက်နှစ် နွေဦးရောက်ရင်တော့ နောက်ထပ်တစ်သုတ်လောက် ရနိုင်ဦးမှာပါ၊ အဲဒီကျရင်တော့ သခင်မစုန့်ကိုပဲ ထပ်ပြီး အလုပ်ရှုပ်ခိုင်းရဦးမယ်"

"အလုပ်ရှုပ်တာက ဘာမှ မဖြစ်ပါဘူး၊ စစ်သည်တိုင်း လက်အိတ်တွေ ဝတ်ထားပြီး သူတို့လက်တွေ နှင်းကိုက်တာမျိုး မဖြစ်တော့ဘူးလို့ တွေးလိုက်ရုံနဲ့တင် ကျွန်မတို့ စိတ်သက်သာရာရနေပါပြီ၊ ဒါပေမယ့်..."

စုန့်တင်းရှန်းက စိုးရိမ်တကြီးဖြင့် ဆက်‌မေးလိုက်သည်။

"ကျိုးယိနို ဆီကများ သတင်းတစ်စုံတစ်ရာ ရသေးလားဟင်"

ထိုကုန်သည်က အပြုံးမပျက် ပြန်ဖြေလိုက်သည်။

"စစ်သူကြီးမင်းက ဘာမှ မပြောဘူးဆိုတော့ သတင်းမရသေးလို့ပဲ ဖြစ်မှာပါ။ သခင်မစုန့် စိတ်အေးအေးထားပါ၊ စစ်သူကြီးမင်းက စစ်သူကြီးကျိုးကို အတော်လေး အရည်အချင်းရှိတဲ့သူလို့ ချီးကျူးနေတာမျိုး ကျွန်တော် ကြားဖူးခဲ့တယ်၊ ဒါကြောင့် သူ အဆင်ပြေမှာပါ"

စုန့်တင်းရှန်းက အံ့ဩတကြီး ရေရွတ်လိုက်သည်။

"စစ်သူကြီးကျိုးလား၊ သူက... စစ်သူကြီးဖြစ်နေပြီလား"

"တရားဝင်တော့ မဟုတ်သေးပါဘူး၊ ဒါပေမဲ့ လူတိုင်းက သူ့ကို အဲဒီလိုပဲ ခေါ်နေကြတာ၊ ကြည့်ရတာ သခင်မရဲ့ ခင်ပွန်းက ဟိုမှာ အခြေအနေ အတော်ကောင်းပုံရတယ်။ ဒါပေမယ့် ကျွန်တော်က ကုန်သည်တစ်ဦးဆိုတော့ ဒီလောက်ပဲ သိနိုင်တာပါ"

စုန့်တင်းရှန်းက ထိုကုန်သည်ကို ထမင်း ဧည့်ခံကျွေးမွေးခဲ့ပြီး အပြန်လက်ဆောင်အဖြစ် ကင်မ်ချီနှင့် ကြာစွယ်တချို့ကို ထည့်ပေးလိုက်သည်။ စုန့်တင်းရှန်းက သူ့ကို လိုက်လံပို့ဆောင်နှုတ်ဆက်လိုက်ပြီး သူ ထွက်သွားပြီးနောက် ဖန့်ရှီက စိုးရိမ်တကြီး မေးလာပြန်သည်။

"ငါတို့သမက်ဆီက သတင်းမရသေးဘူးလား"

နောက်ဆုံး စာကို လက်ခံရရှိပြီးကတည်းက စတွက်လျှင် ယခု ခြောက်လကျော်နေပြီ ဖြစ်သောကြောင့် အိမ်ရှိ လူအကုန် စိတ်ပူနေကြခြင်း ဖြစ်သည်။

စုန့်တင်းရှန်းက ခေါင်းခါပြရင်း ပြန်ဖြေလိုက်သည်။

"စစ်သူကြီးမင်းက သတင်းအချက်အလက်တွေ အများကြီး ပေးပါ့မလား အမေရယ်၊ ကျိုးကောက တာဝန်တစ်ခုကြောင့် စာ မပို့နိုင်သေးဘူးဆိုတာနဲ့ စိတ်မပူဖို့ပဲ မှာလိုက်တာပါ၊ သူတို့ကိုယ်တိုင်လည်း အသေးစိတ်ကို မသိဘူး ထင်တယ်။ သမီး လက်အိတ်တွေ ပို့တုန်းက စစ်သူကြီးမင်းဆီ စာတစ်စောင် ရေးပေးလိုက်သေးတယ်၊ အခုထိ သူ စာမရသေးတာလည်း ဖြစ်နိုင်ပါတယ်"

"အိုက်ယား.... ငါ ရင်တွေ တုန်လိုက်တာအေ၊ ဘာကြောင့်မှန်းမသိ စိတ်မအေးနိုင်ဘူး ဖြစ်နေတယ်၊ ခုတလော ဘာဖြစ်နေမှန်း မသိဘူး၊ ညဘက်ဆို ခဏခဏ လန့် လန့်နိုးနေတာ..."

ဖန့်ရှီက သူမ၏ ရင်ဘတ်ကို ပုတ်ကာ အသက်ပြင်းပြင်းရှုရင်း ဆက်ပြောနေပြန်သည်။

"သေသလား ရှင်သလားတောင် ဘာသတင်းမှ မရှိဘူး... ဖွ... ဖွ ကောင်းကင်က ငါတို့မိသားစုကို စောင့်ရှောက်မှာပါ၊ သူ အဆင်ပြေမှာ သေငချာတယ်၊ ဒါပေမယ့် နှစ်သစ်ကူး နီးနေတာတောင် ဘာကြောင့်မှန်းမသိ စိတ်ထဲမှာ နည်းနည်း ဂယောက်ဂယက် ဖြစ်နေသေးတယ်"

"အများကြီး မတွေးပါနဲ့ အမေရယ်"

စုန့်တင်းရှန်းက မိခင်ဖြစ်သူကို နှစ်သိမ့်ပေးလိုက်သည်။

"အခု အိမ်မှာ အစစအရာရာ အဆင်ပြေနေတာပဲ၊ ဘာမှ စိတ်ပူစရာ မရှိပါဘူး။ ဒီရက်ပိုင်း အမေ နည်းနည်း ပင်ပန်းနေလို့ ဖြစ်မှာပါ၊ ကောင်းကောင်း အိပ်လိုက်ရင် အဆင်ပြေသွားမှာပါ"

ဤရက်ပိုင်းတွင် စုန့်ကျစ်ယွမ်၏ ဝက်သားဆိုင်က အလွန်အလုပ်များနေခဲ့သည်။ ဖန့်ရှီက ကလေးကို လီရှီထံ အပ်ထားခဲ့ပြီး သူမ၏ လင်ညီမနှင့်အတူ ဆိုင်သို့ လိုက်သွားခဲ့ရသည်။

အမျိုးသားများက ဝက်ကို သတ်ဖြတ်ကိုင်တွယ်ပြီးသည်နှင့် အမျိုးသမီးနှစ်ယောက်က အသားများကို ခုတ်ကာ ရောင်းချကြရသည်။ သို့သော် ဝယ်သူများလွန်းပြီး အချိန်မမီဖြစ်ခဲ့သောကြောင့် အသားတုံးလေးများ တုံးပေးရသည့်အလုပ်ကိုပင် မလုပ်ပေးနိုင်ခဲ့ကြပေ။

နှစ်သစ်ကူးမတိုင်မီတွင် အိမ်ထောင်စုအများအပြားက ဝက်များကို စတင်သတ်ဖြတ်လေ့ရှိကြသည်။ စုန့်ကျစ်ယွမ်လည်း နေရာအနှံ့သို့ လိုက်လံပြီး ဝက်သတ်ပေးနေရသဖြင့် တစ်ခါတစ်ရံ ရက်အတော်ကြာ အိမ်မပြန်နိုင်ဘဲ ဖြစ်နေရသည်။

ဖန့်ရှီက ညဘက် သူမတစ်ယောက်တည်း အိပ်ရသည်ကို စိတ်မအေးသလို ခံစားနေရပြီး စုန့်တင်းရှန်းကို သူမနှင့်အတူ အဖော်အိပ်ခိုင်းခဲ့သည်။

သန်းခေါင်ယံအချိန်တွင် ဖန့်ရှီတစ်ယောက် ရုတ်တရက် လန့်နိုးလာပြီး စုန့်တင်းရှန်းကို လှုပ်နှိုးလိုက်သည်။

"အာ့နွီအာ... အမေ နင့်အစ်မအကြောင်း အိပ်မက်မက်တယ်၊ သူက အိပ်မက်ထဲမှာ ဘာမှမပြောဘဲ တရှုံ့ရှုံ့ ငိုနေတယ်"

ဖန့်ရှီတစ်ယောက် ချွေးစေးများပြန်နေပြီး မျက်နှာကလည်း ဖြူဖျော့နေသည်။ စုန့်တင်းရှန်းက အပြင်ခန်းမှ ရေနွေးနွေးလေးကို အမြန်သွားယူလိုက်ပြီး အမေဖြစ်သူ၏ မျက်နှာကို သုတ်ပေးကာ ခပ်တိုးတိုး နှစ်သိမ့်လိုက်သည်။

"အမေ အစ်မကို သတိရနေပြီး တွေးနေမိလို့ ဖြစ်မှာပါ၊ မနက်ကျရင် အစ်မဆီ သွားကြည့်ကြတာပေါ့"

ဖန့်ရှီက ခေါင်းခါရင်း ငြင်းဆန်လိုက်ပြန်သည်။

"ဒီလိုပွဲလမ်းသဘင်လည်း မဟုတ်တဲ့အချိန်မှာ ဘာသွားလုပ်မှာလဲ၊ သူ့ယောက္ခမတွေကို ဒုက္ခပေးသလို ဖြစ်သွားလိမ့်မယ်၊ နှစ်သစ်ကူးဖို့ လဝက်လောက်ပဲ လိုတော့တာပါ၊ အဲဒီကျရင် သူ လာမှာပဲ"

ဖန့်ရှီက မျက်နှာသုတ်ပြီး ရေအနည်းငယ် သောက်ကာ ပြန်လှဲအိပ်လိုက်သည်။

"နင့်အစ်မရဲ့ကလေးက အခုဆို လေးနှစ်ရှိပြီ၊ မနှစ်က သူ ပြန်လာတုန်းက ပြောတာတော့ ငါးနှစ်၊ ခြောက်နှစ်လောက်ရင် ကျောင်းပို့ပြီး ပညာသင်ခိုင်းမယ်တဲ့၊ ဒါပေမယ့် သူ့ယောက္ခမက အရမ်းတွန့်တိုတာဆိုတော့ ကျောင်းလခကို သူကိုယ်တိုင်ပဲ စိုက်ပေးရမယ် ထင်ပါရဲ့၊ နင့်အစ်မသာ အမေတို့အိမ်ဘေးမှာ နေရင် သိပ်ကောင်းမှာပဲ၊ နေ့တိုင်း ဝင်ထွက်သွားလာလို့ ရတာပေါ့"

သမီးဖြစ်သူက အိမ်နီးချင်းရွာတွင် အိမ်ထောင်ကျသွားခြင်း ဖြစ်သော်လည်း ရွာနှစ်ရွာကြား အကွာအဝေးက မနီးလှပေ။ အသွားအပြန် တစ်ရှီးချန်ခန့် ကြာမြင့်သဖြင့် ပုံမှန်သွားလာရန် မလွယ်ကူလှပေ။

စုန့်တင်းရှန်းကလည်း သူမ၏အဖေ အိမ်မှာမရှိသဖြင့် ဖန့်ရှီတစ်ယောက်တည်း စိတ်မအေးဖြစ်နေသည်ဟုသာ ထင်မှတ်နေခဲ့သည်။ သို့သော် နှစ်သစ်ကူး မရောက်သေးမီမှာပင် သူမ၏အစ်မ စုန့်ယွီလန် တစ်ခုခုဖြစ်နေပြီဟူသော သတင်းဆိုးကြီး ရောက်ရှိလာမည်ကိုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။

All Chapters