စုန့်ယွိလန်
Vol. 6 Ch. 57
ရာသီဥတုက တဖြည်းဖြည်း ပိုအေးစက်လာပြီး နှင်းထူထူများက တစ်ထပ်ပြီးတစ်ထပ် ဖုံးလွှမ်းလာသည်။ နှစ်သစ်ကူးရန် ငါးရက်၊ ခြောက်ရက်ခန့်သာ လိုတော့ချိန်၌ အလုပ်ရုံကို ပိတ်လိုက်ကြသည်။
စုန့်တင်းရှန်းက အလုပ်သမားများအတွက် လုပ်ခငွေ ပေးလိုက်ပြီး သူတို့အားလုံး ကြေးပြားလေးများ အပြည့်ထည့်ထားသည့် အိတ်ကိုယ်စီဖြင့် ပျော်ရွှင်ချမ်းမြေ့ဖွယ် နှစ်သစ်ကူးကို စောင့်မျှော်နေကြသည်။
‘ဒီအချိန်မှာ ကြေးနီဒင်္ဂါးပြားတွေ အများကြီးရလိုက်တာက ကြွယ်ဝပြီး ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူးတစ်ခု ဖြစ်လာမယ်လို့ ဆိုလိုတယ်လေ။ ဒါက ဘယ်သူ့ကိုမဆို ပျော်ရွှင်စေမှာပေါ့’
လီရှီလည်း နှစ်သစ်ကူးလက်ဆောင်များ ကြိုတင်စီစဉ်နေပြီ ဖြစ်သည်။ အစပ်အရသာ ဂေါ်ဖီချဉ်၊ မုန့်ညှင်းချဥ်နှင့် တို့ဟူးပုပ်များက မပါမဖြစ် ဖြစ်ပြီး ယခုနှစ်တွင် မိသားစုတိုင်းအတွက် ကြာစွယ်နှစ်ခုနှင့် သားရေစအကြွင်းအကျန်များဖြင့် ပြုလုပ်ထားသော ဖိနပ်အပေါ်ပိုင်း နှစ်စုံစီထပ်ထည့်ပေးရန် စီစဉ်ထားသည်။
သားရေအပိုင်းအစများနှင့် လုပ်ထားသည့် ဤဖိနပ်အပေါ်ပိုင်းများကလည်း လျော့တွက်၍မရဘဲ လူအများစုအတွက် လက်လှမ်းမမီနိုင်သော အရာဖြစ်သည်။
သူတို့ဝတ်ဆင်သော ဂွမ်းဖိနပ်များက နှင်းများဖြင့် ခဲနေတတ်ပြီး အရည်ပြန်ပျော်စေရန် မဝတ်မီ မီးဖြင့် အပူပေးကာ ခြောက်အောင်လုပ်ကြရသည်။ သေသေချာချာ မခြောက်ပါက ခြေချောင်းများ ခံစားရသည့် အအေးဒဏ်က တကယ့်ကို စမ်းသပ်ချက်တစ်ခုပင် ဖြစ်ပေလိမ့်မည်။
သို့သော် ဤသားရေအပေါ်ပိုင်းများ ရှိနေပါက လက်ရှိဝတ်ထားသော ဂွမ်းဖိနပ်များ၏ အပေါ်တွင် ကပ်ချုပ်လိုက်ရုံဖြင့် နှင်းထဲ၌ လမ်းလျှောက်ရချိန်တွင် စိုးရိမ်စရာ မလိုတော့ပေ။ ထို့ပြင် သားရေအပိုင်းအစကလည်း သားရေသာ ဖြစ်ပြီး သာမန်ဂွမ်းထည်များထက် အအေးဒဏ်ကို ပိုကာကွယ်ပေးနိုင်သည်။ ဤဖိနပ်အပေါ်ပိုင်းများက အမှန်တကယ် သင့်တင့်လျောက်ပတ်သော နှစ်သစ်ကူးလက်ဆောင်များ ဖြစ်သည်။
အထူးအဆန်းအနေဖြင့် ယခုနှစ်တွင် စုန့်လောင်စန်း၏မိသားစုကလည်း အခြားသူများထံသို့ ကောင်းမွန်သော နှစ်သစ်ကူးလက်ဆောင်များ ပို့ပေးမည်ဟု ကြေညာထားခဲ့သည်။ စုန့်မိသားစုမှ လူငယ်နှစ်ဦးက ရှချမ်းနှင့်အတူ ခရီးထွက်သွားရာမှ အထုပ်ကြီး၊ အထုတ်ငယ်များနှင့်အတူ ပြန်ရောက်လာသဖြင့် ကောင်းရှီတစ်ယောက် ပါးစပ်မပိတ်နိုင်လောက်အောင် ရယ်မောပျော်ရွှင်နေခဲ့သည်။
ဖန့်ရှီတစ်ယောက် နှစ်သစ်ကူးမတိုင်မီ နောက်ဆုံးဈေးနေ့၌ မည်သည့်ကုန်ပစ္စည်းများ ဝယ်ရမည်ကို တွက်ချက်နေခဲ့ပြီး ထိုအချိန်တွင် မြစ်အထက်ပိုင်းရွာရှိ ရှမိသားစုထံမှ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ဦး အပြေးအလွှား ရောက်ရှိလာခဲ့သည်။
"အဖွား၊ အဒေါ်ဆီကို မြန်မြန် သွားကြည့်ပေးပါဦး၊ သူ ကိုယ်ဝန်ပျက်ကျသွားတာ ရက်အတော်ကြာနေပြီ"
ဖန့်ရှီတစ်ယောက် ခေါင်းထဲမှ မိုက်ကနဲ ဖြစ်သွားပြီး မတ်တတ်ပင် မရပ်နိုင်တော့ပေ။ ဘေးနားရှိ ကျန်းရှီက သူမကို အမြန်လှမ်းတွဲလိုက်သည်။
"ဘာ၊ ငါ့သမီးက လုံးဝ နေကောင်းနေတာလေ၊ ဘယ်လိုလုပ် ကိုယ်ဝန်ပျက်ကျသွားတာတုန်း၊ မဟုတ်သေးဘူး၊ ဘယ်တုန်းက ကိုယ်ဝန်ရသွားတာလဲ၊ ဒါက ဘယ်တုန်းက ဖြစ်ခဲ့တာလဲ"
ဖန့်ရှီက ခဏတာအတွင်း သတိပြန်ဝင်လာသော်လည်း သူမ၏ မျက်နှာကတော့ လုံးဝ ဖြူလျော်သွားသည်။
"အိမ်အပြင်မှာ ရပ်ပြီး မပြောကြနဲ့၊ အထဲဝင်ကြမယ်၊ အဖွား မင်းအတွက် သစ်သီးတွေ ယူပေးမယ်၊ ဘာတွေဖြစ်ခဲ့လဲဆိုတာ သေချာပြောပြပါဦး"
ကျန်းရှီက ဖန့်ရှီကို တွဲခေါ်ရင်း ထိုကလေးကိုပါ အိမ်ထဲသို့ ဝင်ခိုင်းလိုက်သည်။ လီရှီနှင့် စုန့်တင်းရှန်းတို့ကလည်း ရုတ်ရုတ်သဲသဲ အသံများကို ကြားသွားပြီး ခန်ပေါ်မှ ဆင်းကာ အပြင်သို့ ထွက်လာကြသည်။
"ဘာတွေ ဖြစ်နေတာလဲ၊ အထဲကို မြန်မြန် ဝင်လာခဲ့ကြ"
ထိုကောင်လေးက အခန်းထဲသို့ ဝင်လာပြီး သူ၏ဂွမ်းဖိနပ်ပေါ်တွင် ပေနေသောနှင်းများကို ခါချလိုက်သည်။ ထို့နောက် စုန့်တင်းရှန်း ပေးသော သကြားရည်ပူပူကို တစ်ငုံသောက်ပြီးမှ စပြောလာသည်။
"ကျွန်တော် သိတာကတော့ အဒေါ်က ဦးလေးတာ့ရှန်းနဲ့ စကားများပြီး တွန်းထုတ်ခံလိုက်ရတာတဲ့၊ ကျွန်တော်တို့အိမ်က သူတို့အိမ်နဲ့ မျက်စောင်းထိုးမှာ ရှိတာလေ၊ ဒီနေ့ တာ့ပေါင်က ကျွန်တော်တို့အိမ်ကို လာဆော့ရင်းနဲ့ သူ့အမေ ခန်ပေါ်ကနေ ထမလာနိုင်တော့ဘူးဆိုပြီး ရုတ်တရက် ပြောပြခဲ့တယ်၊ သူက ပြောရင်းနဲ့ ငိုနေသေးတယ်၊ အမေက တစ်ခုခု မှားနေပြီလို့ တွေးမိသွားပြီး အဖွားနဲ့ ဖွားဖွားကြီးတို့ကို လာပြောဖို့ ကျွန်တော့်ကို တိတ်တိတ်လေး လွှတ်လိုက်တာပါ"
"ငါ့သမီး"
ဖန့်ရှီက အော်ဟစ်ငိုယိုကာ အပြင်သို့ ပြေးထွက်ရန် ပြင်ဆင်လိုက်သည်။
"နင့်အမေကို အပြင်ထွက်ခွင့်မပေးနဲ့ဦး"
လီရှီက ပြတ်သားစွာ အမိန့်ပေးလိုက်ပြီး စုန့်တင်းရှန်းနှင့် ကျန်းရှီတို့က ဖန့်ရှီကို ဝိုင်းဝန်းထားလိုက်ကြသည်။ ဖန့်ရှီကတော့ မတ်တတ်ပင် မရပ်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ ခွေကျသွားကာ မျက်ရည်များ တသွင်သွင် စီးကျနေသည်။
‘ဒီလောက်အေးစက်တဲ့ ဆောင်းတွင်းကြီးမှာ ကိုယ်ဝန်ပျက်ကျတာက မိန်းမသားတွေအတွက် တကယ့်ကို အသက်အန္တရာယ်ဖြစ်စေတဲ့အရာလေ၊ အအေးမိသွားရင် ကပ်ဘေးကြီးတစ်ခု ဖြစ်လာနိုင်တယ်၊ ဒုက္ခပါပဲ’
ဖန့်ရှီတစ်ယောက် ဘာလုပ်ရမှန်းမသိတော့ဘဲ တစ်ကိုယ်လုံး တုန်ယင်နေရှာသည်။ လီရှီက ထိုကောင်လေးကို ဆက်မေးလိုက်သည်။
"မင်း အမေက ဘာလို့ တစ်ခုခု မှားနေတယ်လို့ ထင်နေရတာလဲ"
ကောင်လေးက ခေါင်းကုတ်ရင်း ပြန်ပြောလိုက်သည်။
"ကျွန်တော့်အမေနဲ့ အဖေ စကားပြောနေတာ ကျွန်တော် ကြားခဲ့တယ်၊ သူတို့ ဒီလိုဆောင်းတွင်းကြီးမှာ အရမ်းရုတ်ရုတ်သဲသဲ ဖြစ်နေပြီး သူတို့မိဘတွေရဲ့အိမ်ကိုတောင် မသွားကြသေးဘူး၊ အဲ့ဒါကြောင့် ကျွန်တော်အမေက တစ်ခုခု မကောင်းတာ ဖြစ်သွားမှာကို စိုးရိမ်နေတာ၊ အဲဒါကြောင့် ရှမိသားစု မသိစေအောင် ကျွန်တော့်ကို တိတ်တိတ်လေး လာခိုင်းလိုက်တာပါ၊ ပြန်သွားရင်လည်း ဘယ်သူမှ မမြင်အောင် လမ်းကြားကနေ ပြန်လာဖို့ မှာလိုက်သေးတယ်"
လီရှီက စုန့်ကျဲကျင့်ကို လှမ်းပြောလိုက်သည်။
"သွား၊ နင့်အဖေနဲ့ နင့်ဦးလေးကို မြန်မြန်သွားခေါ်၊ နွားလှည်းလည်း ပြင်ခိုင်းထား... မဟုတ်သေးဘူး၊ နွားလှည်းက အရမ်းနှေးတယ်၊ မြည်းလှည်းပဲ ပြင်ခိုင်းလိုက်တော့၊ ငါတို့ အခုချက်ချင်း ရှအိမ်ကို သွားကြမယ်"
ထို့နောက် သူမက စားပွဲပေါ်မှ သကြားလုံးတစ်ဆုပ်ကို ကောင်လေး၏ အိတ်ထဲသို့ ထည့်ပေးရင်း ထပ်မေးလိုက်သည်။
"ဒါတွေအားလုံး ဘယ်ကနေ ဘယ်လို စဖြစ်ကြတာလဲ"
ကောင်လေးက ခေါင်းခါရင်း ပြန်ဖြေလာ၏။
"ကျွန်တော်လည်း သေသေချာချာ မသိဘူး၊ ဦးလေးတာ့ရှန်းက တခြားနေရာတစ်ခုကို သွားချင်နေတာ၊ ဒါပေမယ့် အဒေါ်က ခွင့်မပြုဘူးထင်တယ်၊ နောက်ဆုံးတော့ သူတို့ အပြင်းအထန် ငြင်းခုံကြတော့တာပဲ"
"အခြားနေရာလား"
စုန့်တင်းရှန်းက ရုတ်တရက် သဘောပေါက်သွားပြီး ဝင်ပြောလိုက်သည်။
"ရှချမ်း အရာရှိလုပ်နေတဲ့ နေရာလား၊ ရှတာ့ရှန်းက ဘာလို့ အခုမှ အဲဒီကို သွားချင်နေရတာလဲ"
လီရှီ၏မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားပြီး စုန့်တင်းရှန်းကို လှမ်းပြောလိုက်သည်။
"သွား၊ အသားတစ်တုံး သွားယူခဲ့"
ထို့နောက် သူမက ကြေးပြားလက်တစ်ဆုပ်ကို ကောင်လေး၏အိတ်ထဲသို့ ထည့်ပေးလိုက်ပြီး သေသေချာချာ ထပ်မှာနေခဲ့သည်။
"ဒီအသားကို ယူပြီး လမ်းကြားကနေ ပြန်သွားနော်၊ မတော်တဆ တစ်ယောက်ယောက်က တွေ့သွားပြီး မေးလာခဲ့ရင် အသားထွက်ဝယ်တာလို့ ပြန်ဖြေလိုက်၊ နားလည်လား"
ကောင်လေးက ခေါင်းညိတ်ရင်း အသားကိုယူကာ ငွေထည့်ပေးလိုက်သည့် အိပ်ကပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး နောက်လှည့်မကြည့်ဘဲ ပြေးထွက်သွားတော့သည်။
"အမေ၊ ကျွန်မတို့ ဘာလုပ်ကြမလဲ"
ဖန့်ရှီကတော့ စိတ်ထိခိုက်နေပြီး ငိုကြွေးနေဆဲ ဖြစ်သည်။ လီရှီက ဒေါသတကြီး ပြန်အော်လိုက်သည်။
"ဘာလို့ ငိုနေတာလဲ၊ ကြမ်းပြင်ပေါ်ကနေ အခု ထလိုက်စမ်း၊ ဒါက ဘယ်လိုတောင် ပုံပျက်ပန်းပျက်ဖြစ်နေရတာတုန်း၊ အကြီးဆုံးသားနဲ့ ဒုတိယသား ပြန်ရောက်လာရင် ညီအစ်ကိုတွေပါ ခေါ်ခဲ့၊ နင့်ယောက္ခမကိုပါ လိုက်လာခိုင်းလိုက်"
သတင်းရသွားသည့် စုန့်ကျစ်ယွမ်ကလည်း သူ၏အစ်ကိုကြီးနှင့်အတူ ဝက်သားဆိုင်ကို အမြန်သိမ်းဆည်းပြီး အိမ်သို့ ချက်ချင်း ပြန်ပြေးလာခဲ့သည်။ ထို့နောက် လီရှီက မိသားစုတစ်စုလုံးကို မြင်းလှည်းပေါ် ဆွဲတင်ပြီး မြစ်အထက်ပိုင်းရွာသို့ ဦးတည်လိုက်ကြသည်။ အိမ်တွင် စုန့်ကျဲကျင့်နှင့် ကိုယ်ဝန်အရင့်အမာ ဖြစ်နေသည့် အမျိုးသမီးနှစ်ဦးကို အိမ်စောင့်အဖြစ် ချန်ထားခဲ့ကြသည်။
မြင်းလှည်းက အလွန်မြန်သောကြောင့် နာရီဝက်ပင်မပြည့်ခင် ရွာထိပ်သို့ ရောက်ရှိသွားပြီး ရှတာ့ရှန်း၏အိမ်သို့ တည့်တည့်မတ်မတ် မောင်းဝင်သွားခဲ့သည်။
ရှတာ့ရှန်း၏ အိမ်တံခါးက ပိတ်ထားပြီး ဘေးအိမ်၏တံခါးကတော့ အနည်းငယ်ဟနေကာ သတင်းလာပို့သည့် ကောင်လေး၏ မျက်နှာတစ်ခြမ်းကို မြင်လိုက်ရသည်။ ကျန်းရှီက လှည်းပေါ်မှ ဆင်းကာ တံခါးကို တဒေါက်ဒေါက် ခေါက်နေခဲ့သည်။ သူမ အတော်ကြာအောင် အော်ခေါ်ပြီးနောက်မှသာ လူတစ်ယောက် ထွက်လာခဲ့သည်။
ထိုသူက ရှတာ့ရှန်း၏ တတိယအဒေါ်ဖြစ်ပြီး သူမက ပြုံးရွှင်စွာ ဆီးကြိုနှုတ်ဆက်နေလေသည်။
"အိုး၊ ပွဲတော်ရက်လည်း မဟုတ်ဘဲနဲ့ ခမည်းခမက်တို့ ရောက်လာကြပါလား၊ ဘာကိစ္စများ ရှိလို့ပါလိမ့်"
ကျန်းရှီက မျက်နှာတင်းတင်းဖြင့် သူမကို ဘေးသို့ တွန်းဖယ်ကာ ဖန့်ရှီကို တွဲခေါ်ပြီး ရှတာ့ရှန်း၏ ခြံဝင်းဆီသို့ ဦးတည်လိုက်သည်။ ရှတာ့ရှန်း၏အဒေါ် ဖန့်ရှီ၏ ကျောပြင်ကို ကြည့်ရင်း သူမ၏နှုတ်ခမ်းကို မဲ့လိုက်သည်။ ထို့နောက် သူမက လီရှီဘက်သို့ လှည့်ကာ ခရီးဦးကြိုပြုလိုက်သည်။
"အဖွား၊ ဒီအချိန်မှာ သွားရလာရတာလည်း မလွယ်ဘူးလေ၊ အထဲဝင်ပြီး ခဏလောက် ထိုင်ပါဦးလား"
လီရှီကတော့ အပြုံးကို ထိန်းသိမ်းထားနိုင်သေးသည်။
"အင်း.... ငါတို့ အထဲကို ဝင်ပြီး ခဏလောက်တော့ ထိုင်သင့်တာပေါ့၊ နင့်ရဲ့ ယောက္ခမတွေကို မတွေ့ရတာလည်း ကြာပြီဆိုတော့ သွားတွေ့လိုက်ပါဦးမယ်အေ"
ထိုသို့ပြောပြီးနောက် သူမက စုန့်ရှင်းယိကို ခေါ်ကာ ပင်မအိမ်ကြီးဆီသို့ ဦးတည်လိုက်သည်။
ဖန့်ရှီကတော့ တစ်လမ်းလုံး ငိုသွားပြီး ရှတာ့ရှန်း၏အိမ်သို့ ရောက်သွားခဲ့သည်။ တံခါးဝတွင် ဝမ်ရှီက သူမကို ဆီးကြိုနှုတ်ဆက်လိုက်သော်လည်း ဖန့်ရှီက သူမကို ဘေးသို့ တွန်းထုတ်လိုက်သည်။
"ငါ့သမီး"
အိပ်ရာပေါ်တွင် ဖြူလျော်နေသည့်မျက်နှာဖြင့် လဲလျောင်းနေသော စုန့်ယွိလန်ကို မြင်လိုက်ရချိန်တွင် ဖန့်ရှီက ကျယ်လောင်စွာ အော်ငိုလိုက်သည်။
"ဘာတွေဖြစ်လာတာတုန်း၊ ဘာလို့ ငါ့ကို တွန်းထုတ်တာလဲ"
ဝမ်ရှီက အော်ဟစ်နေပြီး စုန့်ယွိလန်က ဖန့်ရှီကို မြင်သွားကာ အားယူပြီး ထထိုင်လိုက်သည်။ ထို့နောက် မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ တိုးတိုးလေး တိုင်တည်ငိုကြွေးလိုက်သည်။
"အမေ၊ အမေ... သမီး အရမ်း နာတယ်"
ဝမ်ရှီက အခန်းအပြင်မှ လှမ်းအော်လိုက်သည်။
"နင် ကိုယ်ဝန်ပျက်ကျပြီး စိတ်မကောင်းဖြစ်နေတာ ငါ သိပါတယ်၊ ဒါပေမယ့် အဲ့လို မငိုရဘူးလေ၊ ငိုတာများရင် မျက်စိကို ထိခိုက်စေလိမ့်မယ်"
ကျန်းရှီက ဝမ်ရှီ အခန်းထဲသို့ ဝင်မလာနိုင်အောင် တားဆီးထားရင်း ရိသဲ့သဲ့အပြုံးဖြင့် မေးမြန်းနေသည်။
"ခမည်းခမက်၊ ငါတို့မိသားစုရဲ့ သမီးက ကောင်းကောင်းမွန်မွန်ကြီးပါ၊ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ကိုယ်ဝန်ပျက်ကျသွားရတာလဲ၊ ကိုယ်ဝန် ရှိနေတာတောင် သူ့မိဘအိမ်ကို အသိမပေးဘူးဆိုတော့ ငါတို့ကို မိသားစုလို့ မသတ်မှတ်တာလား၊ အိုက်ယား... ဒီလောက်အေးတဲ့နေ့မှာ တာ့ရှန်းကရော ဘယ်သွားနေတာလဲ"
ဝမ်ရှီက ခြောက်ကပ်ကပ် ရယ်မောရင်း ပြန်ပြောလိုက်သည်။
"နှစ်သစ်ကူးခါနီးမှာ ဘယ်သူက ဒီလိုကိစ္စမျိုး ဖြစ်စေချင်မှာလဲ၊ နှင်းတွေ ကျတော့ လမ်းတွေက ချောနေတာလေ၊ ယွိလန်ကို အလုပ်တွေ မလုပ်ပါနဲ့လို့ ငါ ပြောခဲ့သားပဲ၊ သူက ငါ့စကားကို နားမထောင်ဘူးလေ၊ နောက်တော့ ချော်လဲပါလေရော၊ လူငယ်တွေ ချော်လဲတာက ဘာမှ မဖြစ်လောက်ဘူးလို့ ထင်ခဲ့မိတာပေါ့၊ ဒါပေမယ့် ဘယ်သူက သိမှာတုန်း၊ သူ့အောက်ပိုင်းကနေ သွေးတွေ ဆင်းလာတာလေ၊ အိုက်ယား... မြေးလေးတစ်ယောက် ဆုံးရှုံးသွားရတယ်၊ အဖွားဖြစ်တဲ့ ငါက ဘယ်လောက်တောင် ရင်နာနေမလဲဆိုတာ နင်တို့ စဉ်းစားကြည့်ကြပါဦး"
"တော်စမ်း၊ နင်သာ တကယ်ရင်နာနေတယ်ဆိုရင် ဒီအခန်းထဲက ခန်ကို ဘာလို့ မီးမထည့်ပေးထားတာလဲ"
ဖန့်ရှီက အခန်းထဲမှ ပြန်အော်မေးလိုက်သည်။ ဝမ်ရှီက သူမ၏နှုတ်ခမ်းကို မဲ့ကာ ပြန်ပြောနေသည်။
"ငါတို့အိမ်က နင်တို့အိမ်လို မချမ်းသာဘူးအေ့၊ နေ့ခင်းကြောင်တောင် ဘယ်သူက ခန်ကို မီးထည့်နိုင်မှာတုန်း"
ကျန်းရှီက ထိုစကားကို နားမခံသာတော့ဟန်ဖြင့် အေးစက်စက် ပြန်ပြောလိုက်သည်။
"ဪ... ဒါဆို နင်တို့အတွက် ထင်းတွေက ချွေးမရဲ့အသက်ထက် ပိုတန်ဖိုးရှိနေတာပေါ့၊ တာ့လီ၊ သွား... အခုချက်ချင်း အခန်းထဲက ခန်ကို မီးသွားထည့်စမ်း၊ ရှမိသားစုရဲ့ ထင်းတွေက ဘယ်လောက်တောင် တန်ဖိုးကြီးနေသလဲဆိုတာ ငါ မြင်ချင်သေးတယ်"
စုန့်တင်းရှန်းကလည်း တံခါးလိုက်ကာကို မကာ ဝင်ပြောလိုက်သည်။
"အကြီးဆုံးအစ်ကို၊ ခဲအိုကို သွားရှာလိုက်ဦး၊ အစ်မက ရေနွေးပူပူလေးတစ်ငုံတောင် မသောက်ရဘဲ ဒီလိုအေးစက်နေတဲ့အခန်းထဲမှာ ဘယ်လိုလုပ် လဲကျနေရတာတုန်း၊ ခဲအိုက ဘယ်တွေရောက်နေတာလဲ၊ မြန်မြန်သွားရှာပေးဦး"
ထို့နောက် သူမက ဝမ်ရှီဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
"အဒေါ်၊ အိမ်မှာ ရေနွေးရှိလား၊ အစ်မရဲ့ နှုတ်ခမ်းတွေက ခြောက်ကပ်ပြီး အရေပြားတွေတောင် ကွာကျနေပြီ"
ထို့နောက် စုန့်ကျွင်းရှန်က စုန့်တင်းရှင်းကို ဘာမှ ထပ်မပြောဘဲ အမြန်ထွက်သွားတော့သည်။ ဝမ်ရှီက နှုတ်ခမ်းမဲ့ကာ ထပ်ပြောလာပြန်သည်။
"ဒီအခန်းမှာ ရေနွေးမရှိဘူး၊ အဘွားကြီးရဲ့ အခန်းထဲမှာပဲ ရှိတာပေါ့၊ ဘယ်သူက နေ့ခင်းဘက်ကြီး ကိုယ့်အခန်းထဲမှာ ရေနွေးတည်လို့လဲ"
စုန့်တင်းရှန်းက သူမကို မျက်စောင်းထိုးလိုက်ပြီး ရေနွေးရှာရန် အပြင်သို့ ထွက်လာခဲ့သည်။ ရှမိသားစုအိမ်ရှေ့မှ ဖြတ်သွားချိန်တွင် အဒေါ်ငယ်ဖြစ်သူက အပြုံးဖြင့် နှုတ်ဆက်လာပြန်သည်။
"အို... တင်းရှန်းပါလား၊ ဒီမှာ ဘာလုပ်နေတာလဲ"
စုန့်တင်းရှန်းက ပြန်ဖြေလိုက်သည်။
"အစ်မအတွက် ရေနွေးသွားရှာမလို့၊ ခဲအိုရဲ့အခန်းထဲမှာ နွေးထွေးတဲ့ အငွေ့အသက်ဆိုလို့ တစ်စက်တောင် မရှိဘူး"
အဒေါ်ငယ်ကလည်း အပြုံးဖြင့် ပြန်ပြောလာသည်။
"ဟိုဘက်အိမ်အထိ သွားမနေပါနဲ့တော့အေ၊ ငါ့ဆီမှာ ရေနွေးရှိပါတယ်၊ ရေနွေးတစ်အိုးလောက်တော့ ပေးနိုင်ပါသေးတယ်"
စုန့်တင်းရှန်းက ရေနွေးယူလာကာ စုန့်ယွိလန်အတွက် တစ်ခွက်ငဲ့ပေးပြီး သူမ သောက်နိုင်အောင် အဆင်သင့် ပြင်ပေးလိုက်သည်။
"အစ်မ၊ ငိုမနေနဲ့တော့၊ ဘာဖြစ်ခဲ့လဲဆိုတာ အရင်ပြောပြဦး"
စုန့်ယွိလန် တစ်ချိန်လုံး ငိုနေသည်ကို ကြည့်နေရင်း စုန့်တင်းရှန်းက သက်ပြင်းချကာ စမေးလိုက်သည်။
"အမေလည်း မငိုနဲ့တော့၊ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ မြန်မြန် သိရမှ ဖြစ်မယ်"
ရေနွေးသောက်ပြီးနောက်တွင် စုန့်ယွိလန်က အသက်ရှူ နည်းနည်း ပြန်မှန်သွားပြီး ငိုသံဖြင့် ပြောပြနေသည်။
"အမေ... သမီးရဲ့ဘဝက တကယ်ကို ဆိုးဝါးလွန်း နေပြီ၊ ဒါမျိုးတွေ ဖြစ်လာမယ်မှန်းသာ ကြိုသိခဲ့ရင် သမီး သူ့ကို အစောကြီးကတည်းက ကွာရှင်းခိုင်းလိုက်မှာ"
"ဘာတွေဖြစ်ခဲ့တာလဲ၊ မကြာသေးခင်က အမေ ညဘက်တွေ အိပ်လို့မရဘဲ နင့်ဆီမှာ တစ်ခုခုဖြစ်နေသလိုမျိုး အိပ်မက်တွေ မက်နေခဲ့တာ၊ အခုတော့ တကယ်ဖြစ်နေပြီ"
ဖန့်ရှီက စိုးရိမ်တကြီး မေးမြန်းလိုက်ပြီး စုန့်ယွိလန်က သူမ ရင်ဆိုင်ခဲ့ရသမျှ အကြောင်းစုံကို အထစ်ထစ်အငေါ့ငေါ့ ရှင်းပြနေခဲ့သည်။
အဖြစ်အပျက်က ရှချမ်းဘက်မှ စတင်ခဲ့ခြင်းပင်။ သူက စုန့်လောင်စန်း၏မိသားစုမှ လူငယ်နှစ်ဦးကို အလုပ်ကောင်းကောင်းမလုပ်ဟု အကြောင်းပြကာ ပြန်လွှတ်လိုက်သည်။ ထို့နောက် သူက သူနှင့်မျိုးရိုးတူသော ရှမိသားစုမှ လူများကိုသာ ခေါ်ယူမည်ဟု ပြောလာခဲ့သည်။ ရှမိသားစုမှ လူငယ်အများအပြားက ထိုအလုပ်ကို လိုချင်နေကြပြီး ရှချမ်း၏အိမ်သို့ လက်ဆောင်များ ပေးပို့ခဲ့ကြသည်။
နှစ်နှစ်ခန့် ငြိမ်ကုတ်နေခဲ့ရသည့် ရှတာ့ရှန်းကလည်း ထိုသတင်းကို ကြားသွားပြီး စိတ်လှုပ်ရှားသွားခဲ့သည်။ သို့သော် သူ့လက်ထဲတွင် ငွေမရှိဘဲ ငွေအများစုကို သူ့အဘွားဖြစ်သူက ထိန်းသိမ်းထားခြင်း ဖြစ်သည်။ သူ့အဘွားကတော့ အခြားမြေးနှစ်ဦးကို လွှတ်ရန် ဆန္ဒရှိနေခဲ့သည်။ ရှတာ့ရှန်း၏ ဇနီးက စုန့်မိသားစုဝင်ဖြစ်နေပြီး ရှချမ်းနှင့် စုန့်လောင်စစ်တို့ကြားမှ အိမ်ထောင်ရေး ပြဿနာများလည်း ရှိနေသေးသဖြင့် သူမက ရှတာ့ရှန်းကို လွှတ်ရန် အစီအစဉ်မရှိပေ။
သို့သော် ရှတာ့ရှန်းကလည်း ဤနေရာလေးတွင်သာ မနေချင်ဖြစ်နေခဲ့ပြီး စုန့်ယွိလန်ထံမှ ငွေတောင်းရန် ကြိုးစားခဲ့သည်။ စုန့်ယွိလန်ကလည်း ကြေးတပြားပင် မပေးခဲ့သောကြောင့် နှစ်ဦးသား ရက်အတော်ကြာ စကားများငြင်းခုံနေခဲ့ကြသည်။ လွန်ခဲ့သော ရက်အနည်းငယ်တွင် ရှတာ့ရှန်းက အကြောင်းရင်းမရှိဘဲ စုန့်ယွိလန်ကို ကြမ်းပြင်ပေါ်သို့ တွန်းလှည်းကာ ရိုက်နှက်ခဲ့သည်။
သို့သော် စုန့်ယွိလန်တွင် ကိုယ်ဝန်ရှိနေမည်ဟု မည်သူမျှ မမျှော်လင့်ထားဘဲ သူမထံမှ သွေးများထွက်လာမှသာ ရှတာ့ရှန်းလည်း ထိတ်လန့်သွားခဲ့သည်။ ဝမ်ရှီက ဤကိစ္စကို ဖုံးကွယ်ထားရန် ဆုံးဖြတ်ခဲ့ပြီး မည်သူမျှ မသိအောင် ဖုံးအုပ်ထားခဲ့သည်။ သူမက စုန့်ယွိလန် နေမကောင်းဖြစ်နေချိန်ကို အခွင့်ကောင်းယူပြီး စုန့်ယွိလန်၏ငွေများကို နှိုက်ယူရန် ကြံစည်ထားခဲ့သည်။
စုန့်ယွိလန်က ဆေးဆရာပင့်ခိုင်းပြီး ဆေးညွှန်းတောင်းခိုင်းခဲ့သော်လည်း ဝမ်ရှီက ဆေးဝယ်ရန် ငွေမရှိဟုဆိုကာ အော်ဟစ်ညည်းညူခဲ့သည်။ ထို့ကြောင့် စုန့်ယွိလန်လည်း သူမ၏ ကိုယ်ပိုင်ငွေကို ထုတ်ကာ ရှတာ့ရှန်းအား ဆေးသွားဝယ်ခိုင်းခဲ့ရသည်။ သို့သော် ဆေးနှစ်အိုးခန့် သောက်ပြီးချိန်တွင် ရှတာ့ရှန်းက ငွေကုန်သွားပြီဟု ပြောလာပြန်သည်။ သူက စုစုပေါင်း ငွေဆယ်လျန်ကျော် ယူသွားခဲ့သော်လည်း စုန့်ယွိလန်ကတော့ သက်သာလာခြင်း မရှိခဲ့ပေ။
စုန့်တင်းရှန်းက တစ်ခုခုမှားနေပြီဟု ချက်ချင်း သံသယဝင်လာပြီး စုန့်မိသားစုမှ အစ်ကိုများဖြစ်သော စုန့်ကျွင်းလီနှင့် စုန့်ကျွင်းစွေ့တို့ကို အကူအညီ လှမ်းတောင်းလိုက်သည်။
(သူတို့နှစ်ယောက်က စုန့်တင်းရှန်းရဲ့ ဘကြီးနဲ့ ကျန့်ရှီရဲ့သားတွေပါ)
"အစ်ကိုတာ့လီ၊ အစ်မကို သေသေချာချာ စမ်းသပ်ခိုင်းဖို့ ဆေးဆရာ သွားခေါ်ပေးပါဦး၊ အစ်ကိုတာ့စွေ့၊ မြို့ကို သွားပြီး ဝမ်အိမ်တော်က အိမ်တော်ထိန်းကို သွားခေါ်ပေးပါ"
အစ်ကိုဖြစ်သူများက ချက်ချင်း သဘောတူလိုက်ကြပြီး ဝမ်ရှီက ပွစိပွစိ ညည်းညူနေပြန်သည်။
"ဆေးဆရာက လာကြည့်ပေးပြီးပြီလေ၊ ဘာလို့ ထပ်ခေါ်နေဦးမှာလဲ၊ ပြီးတော့ အခုက နှစ်သစ်ကူးကာလကြီးလေ၊ လူတွေလည်း နားချင်ဦးမှာပေါ့"
ကျန်းရှီက သူမကို တားဆီးနေရင်း ရန်တွေ့လိုက်ပြန်သည်။
"ခမည်းခမက်.... ရှင် ဘာတွေပြောနေတာလဲ၊ ငါတို့အိမ်က သမီး နေမကောင်းဖြစ်နေမှတော့ ဆေးဆရာ ပင့်ရမှာပေါ့၊ စိတ်မပူပါနဲ့၊ ဆေးဆရာရဲ့ ခြေကြွခကို ရှင့်အိတ်ထဲကနေ တစ်ပြားမှ စိုက်ထုတ်ခိုင်းမှာ မဟုတ်ပါဘူး"
ဝမ်ရှီက ကျန်းရှီကို ပြန်လည်ချေပရန် သတ္တိမရှိဘဲ အသံတိုးတိုးလေးဖြင့် ပွစိစိပြောနေကာ အပြစ်ရှိဟန်ဖြင့် ခေါင်းငုံ့နေလေသည်။
စုန့်တင်းရှန်းက ဖန့်ရှီကို စကားအနည်းငယ် ပြောလိုက်ပြီး ပင်မအိမ်ကြီးဘက်သို့ ထွက်လာခဲ့သည်။ လီရှီနှင့် စုန့်ရှင်းယိတို့ကလည်း ထိုနေရာတွင် ရှိနေပြီး ရှမိသားစုမှ သက်ကြီးရွယ်အို ဇနီးမောင်နှံနှင့် စကားပြောနေကြသည်။
သူတို့၏မြေးဖြစ်သူ တာ့ပေါင်က စုန့်ရှင်းယိ၏ ပေါင်ပေါ်တွင် လိမ်လိမ်မာမာ ထိုင်နေပြီး အဘိုးဖြစ်သူ၏ အိတ်ထဲမှ သစ်သီးခြောက်များကို စားနေခဲ့သည်။ ကလေးက အပြစ်ကင်းစင်ပြီး ဘာမှ မသိသောကြောင့် လူကြီးများကို လိုက်ငေးကြည့်နေခဲ့သည်။
လီရှီက စုန့်ယွိလန်၏ အခြေအနေနှင့် ပတ်သက်၍ စကားတစ်ခွန်းမျှ ထုတ်မပြောဘဲ ရှမိသားစု၏ အောင်မြင်နေပုံနှင့် အဆင့်မြင့်အရာရှိတစ်ဦး မွေးထုတ်ပေးနိုင်ခဲ့ပုံတို့ကိုသာ ချီးမွမ်းခန်းဖွင့်နေခဲ့သည်။ ရှတာ့ရှန်း၏ ရိုးသားမှုကို ယုံကြည်၍ စုန့်ယွိလန်ကို ရှိမိသားစုနှင့် အိမ်ထောင်ချပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် နှစ်စဉ်နှစ်တိုင်း မိသားစုနှစ်ခုကြား လက်ဆောင်များ ဖလှယ်ကြပုံကိုလည်း ပြန်ပြောနေခဲ့သည်။
နောက်ဆုံးတွင် ဝမ်ရှီက ချွေးမဖြစ်သူ၏ခန်းဝင်ငွေနှင့် လယ်ယာထွက် သီးနှံများ ရောင်းချခြင်းမှ ရသော ငွေများအား ချုပ်ကိုင်ထားသည့် ကိစ္စဆီသို့ စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဇနီးမယားရှာရင် အကျင့်စာရိတ္တကောင်းတဲ့သူကို ရှာယူရတယ်လို့ ပြောကြတယ်လေ၊ အိမ်တွင်းရေး မအေးချမ်းစေမယ့်သူကို ရှာယူမိရင် ဘယ်လိုလုပ်ပြီး အေးချမ်းနိုင်ပါတော့မလဲ၊ အဲဒီတုန်းကတော့ ကျွန်မလည်း ဒေါသထွက်ခဲ့မိတာပေါ့၊ ဒါပေမယ့် ကျွန်မရဲ့မြေးမလေးက ဒီအိမ်ကို ရောက်နေပြီးပြီလေ၊ ကျွန်မ ဒေါသထွက်နေလို့ ဘာထူးတော့မှာလဲ၊ ကျွန်မရဲ့မြေးမလေး ဒီအိမ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်သွားနိုင်ဖို့ပဲ မျှော်လင့်ခဲ့တာပါယ်၊ ကျွန်မတို့တွေအားလုံးမှာ သမီးတွေ ရှိကြတာပဲဆိုတော့ ကိုယ်ချင်းစာစိတ်နဲ့ ဆက်ဆံရမှာ မဟုတ်ဘူးလား"
ရှအဘွားကြီးကလည်း စိတ်ထဲ၌ အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။ အမှန်တွင် ဤပြဿနာအားလုံးက သူမ၏ ဘက်လိုက်မှုကြောင့် စတင်ခဲ့ခြင်းပင်။
ရှတာ့ရှန်း စုန့်မိသားစုဆီမှ ငွေတောင်းနိုင်လျှင် အကောင်းဆုံးဖြစ်မည်ဟု သူမ တွေးခဲ့မိသေးသည်။ ယခုအချိန်တွင် စုန့်မိသားစုက စီးပွားရှာနိုင်ကြပြီး ငွေလည်း အများကြီး ရှာနေနိုင်ကြပြီဖြစ်သည်။ ငွေလျန်ဆယ်ဂဏန်းလောက် ပေးလိုက်ရခြင်းက သူတို့အတွက် အသေးအဖွဲကိစ္စသာ ဖြစ်သည်ဟု သူမ ယူဆထားခဲ့သည်။
‘တကယ်လို့ သမက်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်ဆိုရင် ငွေလျန်တစ်ရာ၊ နှစ်ရာလောက် ပေးလိုက်ရင်တောင် ဒါက သင့်တော်တဲ့ ကိစ္စပဲလေ’
သို့သော် မည်သူမျှ မမျှော်လင့်ထားသည်က ဤကိစ္စကြောင့် ရှတာ့ရှန်းက စုန့်ယွိလန်အား ရိုက်နှက်မိပြီး ကိုယ်ဝန်ပျက်ကျသည့်အထိ ဖြစ်သွားခဲ့ရခြင်းပင်။ ရလဒ်အနေဖြင့် ခမည်းခမက်များ သိသွားပြီး ချက်ချင်း ရောက်လာကြသည်။ ယခုအချိန်တွင် လီရှီက ဘာမှမပြောသေးသော်လည်း သူမ၏ စိတ်ထဲတွင် အရာအားလုံး သိနေမည်မှာ သေချာလှသည်။
ထိုအချိန်တွင် စုန့်တင်းရှန်းက တံခါးဝ၌ ပေါ်လာပြီး လူကြီးများကို နှုတ်ဆက်ကာ အထဲသို့ ဝင်လာခဲ့သည်။
"အဖိုးရှနဲ့ အဖွားရှ... နှစ်သစ်ကူးအတွက် ကြိုတင် နှုတ်ခွန်ဆက်သပါတယ်ရှင့်၊ ကျွန်မ ခုနက အစ်မဆီ သွားကြည့်တာ ရေနွေးမရှိတာနဲ့ ရေနွေးလေး နည်းနည်းလောက် လာတောင်းတာပါ၊ ဒါပေမယ့် အဒေါ်ငယ်ရဲ့ အိမ်ရှေ့ကနေ ဖြတ်သွားတော့ သူက ရေနွေးပေးလိုက်လို့ အစ်မကို ရေနွေးတိုက်ပြီးပါပြီ၊ အဖွား... သမီး အစ်မကို သေသေချာချာ စမ်းသပ်ပေးဖို့ ဒီက ဆေးဆရာကို သွားခေါ်ခိုင်းထားတယ်၊ အစ်မရဲ့ ခန္ဓာကိုယ်က တကယ်ကို အားနည်းနေပြီ၊ အရင်ကလည်း ဆေးဖိုး ဆယ်လျန်ကျော် ကုန်ခဲ့တယ် ပြေတယ်၊ အဲ့တော့ ဒီတစ်ခေါက်လည်း လျန်ဆယ်ဂဏန်းလောက်တော့ ကုန်မယ် ထင်တယ်၊ ဒီက ဆေးဆရာတွေက သမီးတို့ဘက်က လူတွေနဲ့ မတူဘူး ထင်တယ်နော်၊ ခြေကြွခက တကယ်ကို ကြီးမားတာပဲ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှအဘွားကြီးက တစ်ခုခုဖြစ်နေပြီကို ရိပ်မိသွားသော်လည်း ဘာမှထုတ်မပြောနိုင်ဘဲ အောင့်အည်းသည်းခံနေရသည်။
အခန်းထဲတွင် အနွေးဓာတ်ရရန် ကျုံ့ဝင်နေသည့် ရှရှို့ကျွမ်းကတော့ မကျေမနပ်ဖြစ်ကာ ဝင်ပြောလာခဲ့သည်။
"ငါတို့ရွာက အဆင့်မြင့်အရာရှိတစ်ဦး မွေးထုတ်ပေးထားတာလေ၊ ဆေးဆရာရဲ့ ခြေကြွခ စျေးကြီးတာ ဘာမှ မထူးဆန်းဘူး၊ နောက်ပြီး နှစ်သစ်ကူးခါနီးပြီဆိုတော့ ဆေးဆရာတွေက ဘယ်လိုလုပ်ပြီး ပိုမတောင်းဘဲ နေမှာလဲ"
စုန့်တင်းရှန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"အဲ့ဒါက ဖြစ်သင့်ပါတယ်၊ ဒါပေမယ့် အစ်မရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပဲလေ၊ ဘယ်လောက်ပဲ ဈေးကြီးကြီး ဆေးဆရာတော့ ခေါ်ပြရမှာပဲ၊ အစ်မ အားပြန်ပြည့်လာအောင် ဝမ်အိမ်တော်ကနေ ဂျင်ဆင်းလေး နည်းနည်းလောက်များ ချေးငှားနိုင်မလား ကြိုးစားကြည့်ချင်လို့ အစ်ကိုတစ်ယောက်ကို မြို့ပေါ် လွှတ်လိုက်တယ်၊ အေးစက်တဲ့ ဆောင်းတွင်းဆိုတော့ ဒါက စိုးရိမ်ရတဲ့ ကျန်းမာရေးကိစ္စဖြစ်နေပြီ"
ရှအဘွားကြီးနှင့် ရှအဘိုးကြီးတို့လည်း အပြစ်ရှိသလို နောက်တစ်ကြိမ် ခံစားလိုက်ကြရပြန်သည်။ စုန့်လောင်စစ်၏ မိသားစုက မြို့ပေါ်ရှိ ဝမ်မိသားစုနှင့် အဆက်အသွယ်ရှိသည်ကို သူတို့ သိထားကြသော်လည်း ဂျင်ဆင်းကို ချေးယူနိုင်လိမ့်မည်ဟုတော့ သူတို့ မထင်ထားခဲ့ကြပေ။
‘ဝမ်မိသားစုက အဲ့ဂျင်ဆင်းကို မချေးငှားလိုက်ရင် အကောင်းဆုံးပဲ၊ မဟုတ်ရင် ကြွေးမြီက ငါတို့ခေါင်းပေါ် ရောက်လာလိမ့်မယ်’
သူတို့သည် ထိုသို့ မျှော်လင့်နေကြသလို ဤကိစ္စတွင် ဝမ်မိသားစု ဝင်ရောက်စွက်ဖက်လာမည်ကိုလည်း စိုးရိမ်နေကြသည်။
လီရှီက နှာမှုတ် လှောင်ပြောင်ကာ ဝင်ပြောလိုက်သည်။
"ဟွန့်.... ဒီရက်ပိုင်းအတွင်း ဆေးဖိုးက ဘယ်လိုလုပ်ပြီး ဆယ်လျန်ကျော်တောင် ကုန်သွားရတာလဲဆိုတာ ငါ သိချင်သားပဲ၊ အဲဒီဆေးထဲမှာ ဂျင်ဆင်းတွေများ ပါနေလို့လား၊ တင်းရှန်း... နင် နင့်အစ်မ ဘာလို့ မြေးသမက်နဲ့ စကားများကြလဲဆိုတာ မမေးခဲ့ဘူးလား"
"ခဲအိုက အစ်မဆီက ငွေတောင်းတာပါ၊ အစ်မက မပေးလို့ ဆိုပြီး ရိုက်နှက်ခဲ့တယ်တဲ့"
လီရှီက သိချင်နေဟန်ဖြင့် မေးလိုက်ပြန်သည်။
"သူက ဘာလို့ နင့်အစ်မဆီက ငွေတောင်းရတာလဲ၊ ရှမိသားစုက အိမ်ခွဲလိုက်ကြပြီလား"
ထို့နောက် သူမက ရှအဘွားကြီးဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။
"ရှင်တို့ အိမ်ခွဲလိုက်တယ်ဆိုရင် ကျွန်မတို့ကို အသိပေးသင့်တာပေါ့၊ ကျွန်မတို့လည်း အတူလာပြီး အကြံပေးလို့ ရနိုင်တာပေါ့လေ၊ မဟုတ်ဘူးလား၊ လူကြီးမိဘတွေရဲ့ အကူအညီမပါဘဲ လင်မယားနှစ်ယောက်တည်း ရပ်တည်ရတာ တကယ်ကို ခက်ခဲတာပဲ၊ တင်းရှန်းရဲ့အစ်မက ငွေကို ပေါ့ပေါ့ဆဆ မသုံးရဲဘူးဆိုတာက ဖြစ်သင့်ပါတယ်၊ ဒါပေမယ့် ရှမိသားစုက ယောက်ျားတွေ မိန်းမကို လက်ပါတယ်လို့တော့ ငါတစ်ခါမှ မကြားဖူးခဲ့ဘူး၊ အခု ငွေမပေးလို့ ရိုက်တာတဲ့လား၊ ဘယ်လိုတောင် ယုတ္တိမရှိတဲ့ အပြုအမူမျိုးလဲ"
ရှရှို့ကျွမ်းက တစ်ဖန် အော်ဟစ်လိုက်ပြန်သည်။
"ကျွန်မတို့ ရှမိသားစုထဲကို လက်ထပ်ဝင်လာပြီဆိုမှတော့ သူက ကျွန်မတို့မိသားစုဝင်ပဲ၊ တစ်ချက်၊ နှစ်ချက်လောက် အရိုက်ခံရတာ ဘာဖြစ်သွားမှာမို့လို့လဲ"
"နင် နင့်ပါးစပ်ကို ပိတ်ထားစမ်း"
ရှအဘွားကြီးက ရှရှို့ကျွမ်းကို ဆူပူကြိမ်းမောင်းလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ ဝင်မပြောနဲ့"
စုန့်တင်းရှန်းက သူမ၏ပါးစပ်ကို လက်ဖြင့် အုပ်ကာ မရယ်ချင် ရယ်ချင် ဖျစ်ညစ်ရယ်မောလိုက်သည်။
"ဪ... အဖွားရှရဲ့မြေးမလေးက ဒီလိုမျိုး မြင်နေတာကိုး၊ နောင်ကျရင် သူ အပြင်မှာ လက်ထပ်ပြီး အရိုက်ခံရမှ မိဘအိမ်ပြန်ပြေးလာပြီး ငိုမပြစေနဲ့ဦးနော်"
"နင်သာ အရိုက်ခံရမှာ၊ နင်ကမှ ကျိန်စာသင့်နေတဲ့ မိန်းမ၊ နင့်ယောကျ်ားက သေသလား ရှင်သလားတောင် မသိရဘဲနဲ့ နင်က ရှမိသားစုရဲ့ တံခါးဝအထိ လာရဲသေးတယ်ပေါ့"
ရှရှို့ကျွမ်းက ရှအဘွားကြီးကို ပြန်မပြောရဲသဖြင့် သူမ၏ဒေါသကို စုန့်တင်းရှန်းဘက်သို့ လှည့်လိုက်သည်။ လီရှီ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး တပြိုင်တည်းမှာပင် သူမ၏လက်ကလည်း မြှောက်တက်သွားသည်။ သူမက ရှရှို့ကျွမ်း၏ပါးကို ဖြန်းခနဲ မြည်အောင် ရိုက်ချလိုက်ပြီး ထိုမိန်းကလေးလည်း ခန်ပေါ်သို့ လဲကျသွားရသည်။
"ဒါက ရှင်တို့တွေ မြေးမကို ပြုစုပျိုးထောင်ထားတဲ့ ပုံစံလား၊ သူတစ်ပါးရဲ့ ယောကျ်ားကို သေပါစေလို့ ကျိန်ဆဲရအောင် ဒါက ဘယ်လို မိသားစုအစဉ်အလာမျိုးလဲ၊ အစကတည်းက ငါ့မြေးမကို နင်တို့မိသားစုထဲ ထည့်ပေးမိခဲ့တာ ငါတို့မျက်စိကန်းခဲ့လို့ပဲ"
ထိုသို့ပြောပြီးနောက် လီရှီက စကားကို ရပ်လိုက်ပြီး ထွက်သွားရန် ထရပ်လိုက်သည်။
"ခမည်းခမက်ကြီး၊ မသွားပါနဲ့ဦး"
ရှအဘွားကြီးက အလျင်အမြန် တားဆီးလိုက်သည်။
"ဒီကလေးမလေးက စကားပြောမတတ်လို့ပါ၊ ရှို့ကျွမ်း... ယုတ်မာတဲ့ကောင်မလေး.... နင်စကားကို ကောင်းကောင်းမပြောနိုင်ဘူးလား၊ သွား.... နင့်အခန်းထဲ နင် ပြန်သွားတော့"
ရှရှို့ကျွမ်းက နှာခေါင်းရှုံ့ကာ ခန်ပေါ်မှ ဆင်းလာခဲ့သော်လည်း သူမ အောက်သို့ဆင်းလိုက်သည်နှင့် သူမ၏မျက်နှာပေါ်သို့ နောက်ထပ် အားပါသော ရိုက်ချက်တစ်ခု ထပ်မံကျရောက်လာပြန်သည်။ ထိုအရာက သူမကို လုံးဝ မှင်တက်သွားစေခဲ့သည်။
စုန့်တင်းရှန်းက သူမ၏လက်ကို ခါယမ်းလိုက်ရင်း အေးအေးဆေးဆေး ရှင်းပြနေသည်။
"နင်က ငါ့အနားကို တိုးလာမှတော့ ငါလည်း ငါ့ယောကျ်ားအတွက် တစ်ချက်လောက် ရိုက်ပေးသင့်တာပေါ့၊ ခုနက ငါလက်လှမ်းမမီ ဖြစ်နေလို့"
"နင်"
ရှရှို့ကျွမ်းက အလွန်အမင်း ဒေါသထွက်သွားပြီး စုန့်တင်းရှန်း၏ မျက်နှာကို ကုတ်ဖဲ့ရန် လက်မောင်းဆန့်ကာ ခုန်အုပ်လိုက်သည်။ စုန့်တင်းရှန်းက ဘေးသို့ အမြန်ရှောင်လိုက်ပြီး ရှရှို့ကျွမ်း၏ လက်မောင်းကို ဖမ်းဆွဲကာ သူမ၏ဒူးအနောက်သို့ လှမ်းကန်လိုက်သည်။ ရှရှို့ကျွမ်းတစ်ယောက် ဟန်ချက်ပျက်ပြီး ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် မှောက်လျက် လဲကျသွားတော့သည်။
"ဒါက ရှမိသားစုရဲ့အိမ်နော်"
ရှအဘိုးကြီးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ စုန့်ရှင်းယိက စုန့်တင်းရှန်းကို တာ့ပေါင်အား ဘေးသို့ ခေါ်သွားခိုင်းပြီးမှ ရှအဘိုးကြီးဘက်သို့ လှည့်ကာ ရင်ဆိုင်လိုက်သည်။
"ရှမိသားစုရဲ့အိမ်ဖြစ်တော့ ဘာဖြစ်လဲ၊ ရှမိသားစုက ချွေးမရဲ့ပိုက်ဆံကို ခိုးယူတယ်၊ သူများရဲ့ယောကျ်ားကို သေပါစေလို့ ကျိန်ဆဲတယ်၊ ပြီးတော့ ကိုယ်ဝန်ပျက်ကျတဲ့ ချွေးမကို ဆေးမကုပေးဘဲ ပစ်ထားတယ်၊ ဒါက မှန်ကန်တဲ့ လုပ်ရပ်လား၊ မင်းတို့ ရှမိသားစုက တကယ်ကို တစ်ခုခုပဲ"
ရှအဘိုးကြီး၏ မျက်နှာက နီမြန်းလာပြီး လည်ပင်းကြောများလည်း ထောင်ထွက်လာကာ ပြေမိပြောရာ ပြောနေလေသည်။
"ဒါက ယုတ္တိမရှိဘူး၊ တကယ်ကို ယုတ္တိမရှိတာပဲ၊ ကျုပ်တို့ ရှမိသားစုမှာ ဘယ်သူမှ မရှိတော့ဘူးလို့ ထင်နေလား"
စုန့်ရှင်းယိကလည်း ပြန်မေးလိုက်သည်။
"ကျုပ်တို့ စုန့်မိသားစုမှာရော လူမရှိတော့ဘူးလို့ ခင်ဗျား ထင်နေတာလား"
ရှအဘိုးကြီးတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။ သူတို့ရွာမှ ရွာသားအများစုက 'ရှ' မျိုးရိုးဖြစ်သော်လည်း မျိုးဆက်ငါးဆက်အထိ ဆင်းသက်လာခဲ့ပြီဖြစ်သောကြောင့် လူဦးရေအရဆိုလျှင် စုန့်မိသားစုထက် အင်အားနည်းပါးသွားပြီ ဖြစ်သည်။
တကယ်၍ သွေးဝေးသော ရှမိသားစုဝင်အားလုံး ဝိုင်းဝန်းထောက်ခံကြမည်ဆိုလျှင်ပင် မြောက်ဘက်ကမ်းရွာရှိ စုန့်မိသားစု၏ ဂုဏ်သတင်းအရ သူတို့လည်း ရွာလုံးကျွတ်အင်အားကို စုစည်းနိုင်ကြပေလိမ့်မည်။ ထိုသို့ ဖြစ်လာလျှင် ရွာနှစ်ရွာကြားမှ ပဋိပက္ခဖြစ်သွားနိုင်ပေသည်။
ရွာနှစ်ရွာကြား ပဋိပက္ခဖြစ်မည့်ကိစ္စကို ထည့်မတွက်လျှင်ပင် ဤမိသားစုအတွင်းမှ အသေးအဖွဲကိစ္စများ အပြင်သို့ ပျံ့နှံ့သွားပါက ရှမိသားစု၏ ဂုဏ်သိက္ခာ ညှိုးနွမ်းသွားနိုင်သည်။ နောင်တွင် သူတို့၏ သားသမီးများ အိမ်ထောင်ချပေးရန် ခက်ခဲသွားပေလိမ့်မည်။
"ရှင် ဘာလို့ အဓိပ္ပာယ်မရှိတဲ့စကားတွေ လျှောက်ပြောနေတာလဲ အဘိုးကြီးရဲ့"
ရှအဘွားကြီးက ပျာပျာသလဲ ဖြစ်သွားပြီး လီရှီနှင့် စုန့်ရှင်းယိတို့ကို အမြန်တောင်းပန်လိုက်သည်။
"စိတ်ထဲမထားကြပါနဲ့ရှင်၊ သူက အသက်ကြီးလာလို့ ဦးနှောက်မကောင်းတော့ဘဲ ပြောမိပြောရာ ပြောနေတာပါ၊ အိုက်ယား..."
သူတို့ စကားများနေကြစဉ် စုန့်ကျွင်းလီက ဆေးဆရာ ခေါ်ဆောင်ပြီး ပြန်ရောက်လာခဲ့သည်။
ဆေးဆရာက အခန်းထဲသို့ ဝင်လာပြီး အခြေအနေ မဟန်မှန်း ရိပ်မိသွားသော်လည်း ဘာမှ ဝင်မပြောရဲပေ။ စုန့်ယွိလန်ကို မြင်လိုက်ရချိန်တွင် သူက မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း မေးလာခဲ့သည်။
"ဒါ ဘယ်လိုဖြစ်ရတာလဲ၊ ဘာလို့ မျက်နှာက ပိုပြီး ညှိုးနွမ်းလာရတာလဲ"
ဖန့်ရှီက အေးစက်စက် ပြန်ဖြေလိုက်သည်။
"ဘယ်သူသိမှာလဲ၊ ဆေးဖိုး ငွေဆယ်လျန်ကျော် ကုန်ခဲ့တာတောင် ကျွန်မသမီးက ဒီလိုဖြစ်နေတုန်းပဲ၊ ရှင် ဘယ်လို အဖိုးတန်ဆေးတွေ ညွှန်ပေးလိုက်သလဲဆိုတာ ကျွန်မလည်း သိချင်နေတာ"
ဆေးဆရာက အံ့ဩသွားနေပြီးမှ ချက်ချင်း ပြန်ပြောလာသည်။
"ငွေဆယ်လျန်ကျော် ဟုတ်လား၊ ငါညွှန်းပေးခဲ့တာက သွေးအားကောင်းစေတဲ့ သာမန်ဆေးအပေါစားလေးတွေပါ၊ သူတို့မှာ ငွေမရှိဘူးဆိုလို့ ဂျင်ဆင်းရိုင်းတောင် မထည့်ပေးရဲပါဘူး၊ ဆေးညွှန်းက ဒီမှာ ရှိသေးတယ်၊ ဘယ်လိုဖြစ်ပြီး ငွေဆယ်လျန်ကျော် ဖြစ်သွားရတာလဲ"
စုန့်ယွိလန်က အက်ကွဲနေသည့် လေသံဖြင့် တိုးတိုးလေး ဝင်ပြောလာသည်။
"ကျွန်မ ကျွန်မယောကျ်ားကို ငွေဆယ်လျန်ကျော် ပေးလိုက်တာပါ၊ ဆေးကတော့ နှစ်အိုးစာပဲ ရပြီး ဆယ်ခါလောက်ပဲ သောက်ခဲ့ရတယ်၊ ဆေးအကျန်ဖတ်တွေတောင် ကျန်နေသေးတယ်၊ အပြင်က လမ်းပေါ်မှာ သွားကြည့်လို့ ရတယ်"
ဆေးဆရာက ဒေါသထွက်ဟန်ဖြင့် ခပ်လှောင်လှောင် ရယ်မောလိုက်သည်။
"ဒါဆိုရင်တော့ နင့်ယောကျ်ားဆီမှာပဲ ငွေပြန်တောင်းလိုက်တော့၊ အဲဒီဆေးကို ငါ ညွှန်ပေးခဲ့တာ၊ ငါက ဘယ်လိုလုပ် ငွေဆယ်လျန် တောင်းရမှာတုန်း၊ ငါ ရူးနေလို့လား"
ဖန့်ရှီက အခန်းပြင်သို့ လှမ်းအော်လိုက်သည်။
"ရှင် ရူးသလား မရူးဘူးလား ကျွန်မတို့က ဘယ်လိုလုပ်ပြီး သိမှာလဲ၊ ရှင့်ကို ဆေးကုဖို့ ပင့်ရင် ခြေကြွခအများကြီး ပေးရတယ်လို့ သူတို့ ပြောတာပဲ၊ ငွေဆယ်လျန်ကျော် ကုန်တာတောင် ဘာမှ မသက်သာဘူးဆိုတော့... ခမည်းခမက် ရှင် အဲ့လိုပြောခဲ့တာ ဟုတ်တယ်မလား”
ဆေးဆရာက အလွန်အမင်း ဒေါသထွက်ဟန်ဖြင့် ဝမ်ရှီရှိရာသို့ ဝုန်းကနဲ ခုန်ထွက်သွားသည်။
"မင်း... မင်း လိမ်ပြောနေတာပဲ၊ ချွေးမဖြစ်သူ လဲကျသွားတာ ပြင်းထန်လို့ ဈေးသက်သာတဲ့ ဂျင်ဆင်းရိုင်းလိုတယ်လို့ ငါပြောခဲ့တယ်၊ အဲ့ဒါ အမှန်ပဲ၊ ဒါပေမယ့် မင်းက မင်းတို့မှာ ငွေမရှိဘူးလို့ ပြောပြီး အားဆေးအပေါစားလေးပဲ သောက်ရင်ရပြီလို့ ပြောခဲ့တာလေ၊ အခုတော့ ငါကပဲ မင်းတို့ဆီက ငွေတွေ ယူထားသလိုမျိုး ပြောနေတာလား၊ ဘယ်လိုလုပ်ပြီး ဒီလိုမျိုး စွပ်စွဲနိုင်ရတာတုန်း"
ဝမ်ရှီက ပြန်လည် ချေပလိုက်သည်။
"ရှင် ကျွန်မတို့ဆီက ငွေကို ယူထားတယ်လို့ ကျွန်မ ပြောတာကို ရှင့်ရဲ့ ဘယ်နားက ကြားခဲ့လို့လဲ၊ ရှင်က သူတို့ အဓိပ္ပာယ်မရှိလျှောက်ပြောနေတဲ့ စကားတွေကို ယုံနေတာလား"
ဖန့်ရှီက ဝင်ပြောလိုက်သည်။
"ဆေးဆရာကြီး၊ အခု ငွေဆယ်လျန်ကျော်ကိစ္စကို ထားလိုက်ပါတော့၊ ကျွန်မသမီးကိုသာ အရင် ကုပေးပါ၊ ကျွန်မသမီး နေကောင်းသွားမယ်ဆိုရင် ငွေဆယ်ဂဏန်းထက် ပိုကုန်ရင်တောင် ကျွန်မ အကုန်အကျ ခံနိုင်ပါတယ်"
ဆေးဆရာက ဒေါသတန်းလန်းဖြင့် အခန်းထဲသို့ ပြန်ဝင်လာကာ စမ်းသပ်ပေးနေရင်း တတွတ်တွတ် ဆဲဆိုနေသေးသည်။
"ဝမ်မျိုးရိုး၊ ငါ ပြောလိုက်မယ်၊ ဒီကိစ္စက ဒီမှာ မပြီးသေးဘူး၊ ငါကပဲ မင်းတို့ရဲ့ငွေတွေကို ယူထားသလိုမျိုး စွပ်စွဲရဲတယ်ပေါ့၊ မှတ်ထား၊ နောက်ခါ မင်းတို့အိမ်မှာ ဘာဖြစ်ဖြစ် ငါ့ဆီ လာမခေါ်နဲ့"
ဝမ်ရှီက ပို၍ အပြစ်ရှိသလို ခံစားလာရပြီး ခေါင်းငုံ့ထားကာ ဘာမှ ပြန်မပြောရဲတော့ပေ။
ထိုအချိန်တွင် စုန့်ကျွင်းရှန်က ရှတာ့ရှန်း၏ လက်မောင်းအား ဆွဲခေါ်လာသည်ကို လူတိုင်း မြင်လိုက်ရသည်။ အနောက်တွင် ရှတာ့ရှန်း၏ အဖေလည်း ကပ်ပါလာသည်။ ရှတာ့ရှန်းကတော့ မျက်နှာတွင် အညိုအမည်းစွဲနေပြီး စိတ်ဓာတ်ကျနေသည့် ပုံစံမျိုးဖြစ်နေလေသည်။
ထိုမြင်ကွင်းကို မြင်သည်နှင့် ဝမ်ရှီတစ်ယောက် ထခုန်ကာ ဒေါသတကြီး အော်ဟစ်နေပြန်သည်။
"ငါ့သားကို ဘယ်သူက ရိုက်ရဲတာလဲ၊ အမလေး ငါ့သားသေး... အရမ်း နာနေလား"
"အမေ... အမေ..."
ရှတာ့ရှန်း၏ စကားများက အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသော်လည်း စုန့်ကျွင်းရှန်၏ လက်ထဲမှ ရုန်းမထွက်နိုင်ဘဲ မတရားခံနေဟန်ဖြင့် အားကိုးရာမဲ့ဖြစ်နေလို ပြုမူနေသည်။
ကျန်းရှီက လှမ်းမေးလိုက်သည်။
"တာ့ရှန်၊ သူ့ကို ဘယ်မှာ သွားတွေ့တာလဲ"
စုန့်ကျွင်းရှန်က ပြန်ဖြေလိုက်၏။
"ဘာပဲဖြစ်ဖြစ်၊ ဒီခြံထဲမှာတော့ မရှိနေတာတော့ အသေအချာပဲ၊ သူတို့ရွာက လူလေလူလွင့်တွေ လောင်းကစား လုပ်နေတဲ့နေရာမှာ သူ့ကို ရှာတွေ့ခဲ့တာ"
"ဘာ၊ လောင်းကစားပါ လုပ်နေတာလား"
အခန်းထဲမှ နားထောင်နေသည့် ဖန့်ရှီတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားရသည်။
"အမေ... ကျွန်တော်က ရှုံးထားတဲ့ငွေတွေ ပြန်ရအောင် လုပ်ချင်ရုံပါ၊ ကျွန်တော်... ကျွန်တော် ရှချမ်းဆီ သွားဖို့ ကြိုးစားနေတာပါ"
ရှတာ့ရှန်းကလည်း လောင်းကစားခြင်းက မှားနေမှန်း နားလည်ထားပြီး ဖြစ်သည်။ သို့သော် လောင်းကစားက စတင်လိုက်မိသည်နှင့် ဘယ်တော့မှ အဆုံးမသတ်နိုင်တော့ပေ။ သူ၏အဖေက လမ်းလျှောက်ရင်း သူ့ကို တွေ့သွားပြီး အိမ်ပြန်ရန် အတင်းဆွဲခေါ်သော်လည်း သူက ငြင်းဆန်နေခဲ့ခြင်း ဖြစ်သည်။ တကယ်၍ စုန့်ကျွင်းရှန်သာ ရောက်မလာပါက သူ့လက်ထဲရှိ ငွေများအားလုံး ကုန်သွားမှသာ အိမ်ပြန်လာမည့်သူ ဖြစ်သည်။
အခန်းထဲမှ ထိုစကားများကို နားထောင်နေသည့် ဖန့်ရှီ၏ဒေါသက အထွတ်အထိပ်သို့ ရောက်သွားပြီး အော်ဟစ်လိုက်တော့သည်။
"ဒါက ဘယ်လို မိသားစုမျိုးလဲ၊ ယွိလန်... ငါ နင့်ကို အိမ်ပြန်ခေါ်သွားမယ်"