ဘိုးဘေးခန်းမ ဖွင့်လှစ်ခြင်း
Vol. 6 Ch. 59
တံခါးကို ပထမဆုံးဖွင့်လိုက်သူက ကျန်းရှီဖြစ်သည်။ တံခါးဝတွင် လဲနေသော ကလေးကို မြင်လိုက်ရချိန်တွင် သူမ အသက်ရှူမှားမတတ် ထိတ်လန့်သွားပြီး တအံ့တဩ ရေရွတ်မိလိုက်သည်။
"ဒါ ဘယ်သူ့ကလေးလဲ"
သူမ ကလေးကို ပွေ့ချီလိုက်သည့်အချိန်မှသာ ဤကလေးက တာ့ပေါင် ဖြစ်နေသည်ကို သိလိုက်ရသည်။
တာ့ပေါင်က စုတ်ပြဲနေသော ဂွမ်းချည်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာတစ်ခုလုံး နီရဲနေကာ အသက်ရှူသံများကလည်း အလွန်ပြင်းထန်နေသည်။ အင်္ကျီ၏အောက်မှ အပြင်သို့ ထွက်နေသော လက်နှင့် ခြေထောက်များက အအေးဒဏ်ကြောင့် ပြာနှမ်းနေပြီ ဖြစ်သည်။
ထိုစဉ် အဘိုးအိုတစ်ဦး အပြေးအလွှား ရောက်လာပြီး လှမ်းပြောလိုက်သည်။
"တာ့ချမ်းရဲ့ဇနီးရေ... ငါလည်း အခုပဲ မင်းတို့ အိမ်တံခါးကို လာခေါက်မလို့ ပြင်နေတာ၊ ဒီမနက်စောစော ငါ ထင်းခုတ်ဖို့ တောင်ပေါ်တက်သွားတော့ ဒီကလေးက ငိုနေရင်းနဲ့ ဒီဘက်ကို လျှောက်လာတာ တွေ့လိုက်ရတယ်၊ ဘယ်သူ့ကလေးလဲဆိုတာ သိချင်လို့ မေးကြည့်ပေမယ့် သူက ဘာမှ ပြန်မပြောဘူး၊ အခု မင်းတို့ အိမ်ရှေ့ရောက်လာပြီး လဲကျသွားတာ"
ကျန်းရှီက အလျင်အမြန် ပြန်ဖြေလိုက်သည်။
"ဒါ ကျွန်မတို့မိသားစုက ကလေးပါ၊ ကျေးဇူးတင်ပါတယ် ဦးလေး"
ထိုသို့ ပြောပြီးနောက် သူမက ကလေးကို ပွေ့ချီကာ ပင်မအိမ်ကြီးထဲသို့ ပြေးဝင်သွားခဲ့သည်။
နေရောင်ခြည် ခပ်ဖျော့ဖျော့သာ ရှိသေးသည့် အချိန်ဖြစ်နေသောကြောင့် အိမ်သားအများစုလည်း အိပ်ရာက မထလာကြသေးပေ။ သို့သော် တံခါးဝမှ ရုတ်ရုတ်သဲသဲ အသံများကြောင့် လီရှီတစ်ယောက် အဝတ်ဝတ်ကာ ခန်ပေါ်မှ ထလာခဲ့သည်။
"အကြီးဆုံးချွေးမ၊ ဘာတွေဖြစ်နေတာလဲ "
ကျန်းရှီက စိုးရိမ်နေသော လေသံဖြင့် ကလေးကို လီရှီ၏ အိပ်ရာထဲသို့ ထည့်ပေးလိုက်သည်။
"အမေ... ဒါ... ဒါက တာ့ပေါင်..."
လီရှီလည်း မီးအိမ်ကို အမြန်ထွန်းပြီး သေချာကြည့်လိုက်ရာ အမှန်တကယ် တာ့ပေါင် ဖြစ်နေသောကြောင့် သူမ အံ့ဩသွားရသည်။
"ဒါ ဘယ်လိုဖြစ်တာလဲ၊ သူ တစ်ယောက်တည်းလား"
ကျန်းရှီက ခေါင်းညိတ်ပြလိုက်သည်။
"အခုအချိန် အပြင်မှာ လူနည်းနည်းပဲ ရှိတယ်၊ သူတစ်ယောက်တည်း ရောက်လာတာ သေချာဖို့ ကျွန်မ ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီးပြီ"
စုန့်ရှင်းယိလည်း အသံများကြောင့် နိုးလာခဲ့သည်။ သူက ဂွမ်းချည်အင်္ကျီကို အမြန်ဝတ်လိုက်ပြီး ကလေး၏ နဖူးကို စိုးရိမ်တကြီး စမ်းကြည့်လိုက်သည်။
"သူ အဖျားတက်နေပြီ၊ အကြီးဆုံးချွေးမ... မင်း ဂျင်းသွားပြုတ်လိုက်တော့၊ ငါ ဆေးဆရာ သွားပြေးရှာလိုက်ဦးမယ်"
သူက တွေဝေမနေဘဲ အလျင်အမြန် စီမံခန့်ခွဲလိုက်သည်။
"ကျွန်မတို့အိမ်က လူကိုပဲ ဆေးဆရာ သွားခေါ်ခိုင်းလိုက်ပါ့မယ် အဖေ၊ အဖေနဲ့ အမေက တာ့ပေါင်ကို အရင်ကြည့်ထားပေးလေ"
ကျန်းရှီက ပြောပြောပြေးပြေးဖြင့် အပြင်သို့ ပြေးထွက်ခဲ့သွားပြီး သိပ်မကြာမီမှာ စုန့်ကျွင်းလီ ရောက်လာခဲ့သည်။
"အဖွား... ဘာဖြစ်လို့လဲ"
တစ်ဖက်ခန်းတွင် အိပ်နေသော စုန့်ကျဲကျင့်လည်း နိုးလာခဲ့သည်။ သူမက အဝတ်အစားများ ဝတ်ဆင်ပြီး အိပ်ပျော်နေဆဲဖြစ်သည့် ပိုင်ရှီ မနိုးသွားစေရန် တိတ်တဆိတ် ထွက်လာခဲ့သည်။
လီရှီက သူမကို လှမ်းပြောလိုက်သည်။
"နင် ဒုတိယဦးလေးနဲ့ ဒုတိယအဒေါ်ကို သွားခေါ်လိုက်၊ ပြီးတော့ နင်ရဲ့ ဒုတိယအစ်မကိုပါ ခေါ်ခဲ့ဦး၊ တိုးတိုးလုပ်နော်၊ နင်ရဲ့အကြီးဆုံးအစ်မကို မနှောက်ယှက်နဲ့"
"သမီး သိပါပြီ"
စုန့်ကျဲကျင့်အနေဖြင့် ခန်ပေါ်မှ အခြေအနေကို သေသေချာချာ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သေးငယ်သော အရိပ်လေး တစ်ရိပ်ကိုတော့ မှုန်ဝါးဝါး လှမ်း မြင်လိုက်ရသေးသည်။
သို့သော် သူမက ဘာမှမမေးဘဲ အနောက်ဘက်အဆောင်သို့ ထွက်လာခဲ့သည်။ အရှေ့ဘက်အခန်းတွင် စုန့်ကျစ်ယွမ်၊ ဖန့်ရှီနှင့် သူတို့၏အငယ်ဆုံးသား နေထိုင်ကြပြီး အနောက်ဘက်အခန်းက စုန့်တင်းရှန်း နေထိုင်သော အခန်းဖြစ်သည်။ သို့သော်လည်း ယခု စုန့်ယွိလန် ရောက်လာသောကြောင့် ညီအစ်မနှစ်ယောက် အတူတူ နေနေကြခြင်း ဖြစ်သည်။
ဖန့်ရှီနှင့် စုန့်ကျစ်ယွမ်တို့လည်း အိပ်ရာမှ ထနေကြပြီ ဖြစ်သည်။ စုန့်ကျစ်ယွမ်က ကလေးများ ချမ်းနေမည်ကို စိုးရိမ်သောကြောင့် ခန်ကို မီးထည့်ပေးနေပြီး မိသားစုဝင်များ မျက်နှာသစ်ရန် ရေနွေးလည်း ကြိုတင် ပြင်ဆင်နေလေသည်။
"ဒုတိယဦးလေး... ဒုတိယအဒေါ်..."
စုန့်ကျဲကျင့်က အသံတိုးတိုးဖြင့် လှမ်းမေနေသည်။
"နိုးကြပြီလားဟင်"
ဖန့်ရှီက တံခါးလာဖွင့်ပေးရင်း ပြန်မေးလိုက်သည်။
"အေး....နိုးနေပြီ၊ ဘာဖြစ်လို့လဲ"
စုန့်ကျဲကျင့်က ပြန်ပြောလိုက်၏။
"အဖွားက ဒုတိယဦးလေးတို့ လင်မယား လာခဲ့ဖို့ ပြောခိုင်းလိုက်တယ်၊ ဒုတိယအစ်မကိုလည်း ခေါ်ခဲ့ပါတဲ့၊ ဒါပေမယ့် အကြီးဆုံးအစ်မကိုတော့ မနိုးသွားစေနဲ့တဲ့"
ဖန့်ရှီတစ်ယောက် ဇဝေဇဝါ ဖြစ်သွားသော်လည်း အနောက်ဘက်အခန်းသို့ သွားကာ စုန့်တင်းရှန်းကို တိတ်တဆိတ် သွားနှိုးလိုက်ပြီး အဝတ်အစားလဲကာ မသိမသာ ထွက်လာရန် ပြောလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ"
စုန့်တင်းရှန်းက စိုးရိမ်တကြီးဖြင့် မျက်နှာသစ်၊ ပလုတ်ကျင်းပြီးနောက် ဖန့်ရှီ၏နောက်မှ ပင်မအိမ်ကြီးသို့ လိုက်သွားခဲ့သည်။
ယခု အပြင်ဘက်တွင် အလင်းရောင် အနည်းငယ် ထွက်ပေါ်နေပြီ ဖြစ်သော်လည်း အိမ်ထဲတွင် ဆီမီးခွက်များ ထွန်းထားရဆဲ ဖြစ်သည်။ လီရှီက အလွန်ခြွေတာသူ ဖြစ်ပြီး ပုံမှန်အားဖြင့် မနက်စောစော အလုပ်မရှိလျှင် ဆီမီး မထွန်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် ယခု တစ်ခုခု ထူးခြားနေပြီဟု စုန့်တင်းရှန်း နားလည်သွားခဲ့သည်။
"ဒုတိယချွေးမ... မြန်မြန် လာကြည့်ဦး"
လီရှီ၏ အသံက တုန်ယင်နေသည်။
"နင် အသံမထွက်စေနဲ့နော်"
ဖန့်ရှီက နားမလည်နိုင်ဟန်ဖြင့် အနားသို့ တိုးကြည့်လိုက်ပြီး လန့်အော်လုနီးပါး ဖြစ်သွားရသည်။
"တာ့ပေါင်.... ဒါ... ဒါက ဘယ်လိုဖြစ်ရတာလဲ"
စုန့်တင်းရှန်းကလည်း ကလေးကို သေသေချာချာ ကြည့်လိုက်ပြီး လီရှီ၏ လက်ထဲမှ အဝတ်စကို ယူကာ တာ့ပေါင်၏ ခေါင်းလေးပေါ်သို့ အုပ်ပေးလိုက်သည်။ ထို့နောက် သူမက တာ့ပေါင် ချွတ်ထားသော စုတ်ပြဲနေသည့် ဂွမ်းချည်အင်္ကျီနှင့် ဖိနပ်များကို ကိုင်ကြည့်လိုက်ရင်း လီရှီကို ပြန်မေးလိုက်သည်။
"အဘွား... တာ့ပေါင်က ဒီကို တစ်ယောက်တည်း ရောက်လာတာလား"
လီရှီက ပြန်ဖြေလိုက်သည်။
"ဒီမနက်အစောကြီး အကြီးဆုံးချွေးမ အိမ်ရှေ့တံခါးကို သွားဖွင့်ရင်း တွေ့လာတာလေ၊ ရွာထဲက အဘိုးကြီးတစ်ယောက် ပြောတာတော့ တာ့ပေါင်တစ်ယောက်တည်း ဒီဘက်ကို လမ်းလျှောက်လာတာ သူ မြင်ခဲ့တယ်တဲ့၊ ပြီးတော့ ငါတို့အိမ်ရှေ့ရောက်မှ လဲကျသွားတာ၊ သူက ဘာဖြစ်တာလဲလို့ မေးဖို့ တံခါးခေါက်မလို့ လုပ်နေတုန်း အကြီးဆုံးချွေးမ တံခါးဖွင့်လိုက်တာနဲ့ အချိန်ကိုက် ဖြစ်သွားတာ၊ အဲဒီအိမ်မှာ ဘာတွေဖြစ်နေကြတာလဲ၊ အဘိုးကြီး.... ရှင်ရော ဘယ်လို ထင်လဲ”
“ဒီလောက်အေးတဲ့ မနက်အစောကြီးမှာ ကလေးကို တစ်ယောက်တည်း ဒီအထိ လွှတ်လိုက်ရတယ်လို့၊ တာ့ပေါင်က အသက်ဘယ်လောက်ရှိသေးလို့လဲ၊ သူတို့ တကယ်ပဲ ဘာကိုမှ ဂရုမစိုက်ကြတော့ဘူးလား"
ဖန့်ရှီကလည်း တာ့ပေါင်၏ နီမြန်းနေသော မျက်နှာလေးကို ကြည့်နေပြီး ရင်နာလွန်းသောကြောင့် မျက်ရည်များ ဝဲနေကာ ငိုသံပါဖြင့် မေးမြန်းနေလေသည်။
"တာ့နွီအာက မကျန်းမာသေးဘူးလေ၊ ဒီကိစ္စကို သိသွားရင် သူ ထပ်ပြီး လဲကျသွားဦးမှာပဲ"
"ဒါကြောင့် အခု အစ်မကို ချက်ချင်း အသိမပေးတာ အကောင်းဆုံးပဲ"
စုန့်တင်းရှန်းက တည်တည်ငြိမ်ငြိမ် ဝင်ပြောလိုက်သည်။
"အမေ၊ အဖွား.... သမီးထင်တာကတော့ ဒါက သူတို့ဘက်က လှည့်ကွက်တစ်ခုပဲ ဖြစ်လိမ့်မယ်၊ တာ့ပေါင်ကို ဒီလိုမျိုး လွှတ်လိုက်ရင် အစ်မက ရင်ကွဲပြီး သူတို့ဆီ ပြန်လာမယ်လို့ တထစ်ချ တွေးနေပုံပဲ။ ဒါပေမယ့် သမီးတို့ ဒီအတိုင်း လွှတ်ပေးလို့ မရဘူး၊ အခုနေ တာ့ပေါင်နဲ့ အစ်မကို ပြန်လွှတ်လိုက်ရင် သူတို့ကို မီးပုံထဲ ပြန်တွန်းပို့လိုက်သလို ဖြစ်သွားလိမ့်မယ်၊ တစ်ချိန်မဟုတ် တစ်ချိန် ပြဿနာ ထပ်ဖြစ်ဦးမှာပဲ၊ နောက်ဆုံး မကောင်းတဲ့အရာနဲ့ အဆုံးသတ်သွားလိမ့်မယ်"
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ၊ တာ့ပေါင်က အရွယ်ရောက်နေတဲ့ ကလေးတစ်ယောက် ဖြစ်နေပြီ၊ ငါတို့ သူ့ကို ဖွက်ထားလို့ရော ရနိုင်ပါ့မလား"
ဖန့်ရှီတစ်ယောက် ဘာလုပ်ရမှန်းမသိဘဲ ပျာပျာသလဲ ဖြစ်နေရှာသည်။
လီရှီကလည်း စိုးရိမ်နေပုံရသည်။ မည်သို့ပင်ဖြစ်စေ ကလေး၏ မျိုးရိုးအမည်က 'ရှ' ဖြစ်နေပြီး ရှမိသားစုက ယခုကဲ့သို့ အကွက်ဆင်လာချိန်တွင် မည်သို့ကိုင်တွယ်ရမှန်းမသိ ဝေခွဲမရ ဖြစ်နေကြသည်။
စုန့်တင်းရှန်းက ခဏမျှ စဉ်းစားပြီးမှ စပြောလိုက်သည်။
"သမီးမှာ အကြံတစ်ခုရှိတယ်၊ အဲ့အကြံက ဖြစ်နိုင်မလားလို့ အဖိုးနဲ့ အဖွား.. သမီးကို ဝိုင်းစဥ်းစားပေးဦး"
ဆေးဆရာ ရောက်လာပြီးနောက် တာ့ပေါင်ကို အဖျားကျဆေး တိုက်ခဲ့ပြီး ဂျင်းပြုတ်ရည် တစ်ခွက်လည်း သောက်ခိုင်းခဲ့သည်။ တာ့ပေါင်လည်း ချွေးများ ထွက်လာခဲ့ပြီး နောက်ဆုံးတွင် ပြန်နိုးလာခဲ့သည်။
သူက သူ၏ ဝိုင်းစက်နေသော မျက်လုံးလေးများကို ဖွင့်ကြည့်လိုက်ပြီး ဖန့်ရှီကို မြင်သည်နှင့် အားကိုးတကြီး ငိုယိုပူဆာလိုက်သည်။
"ဖွားဖွား.. ဖွားဖွား... ဟီး ဟီး ဟင့် ဟင့်၊ သား ဗိုက်ဆာတယ်"
ဖန့်ရှီက တာ့ပေါင်ကို အမြန်ပွေ့ဖက်ပြီး ချော့မော့လိုက်သည်။
"တာ့ပေါင်က လိမ္မာပါတယ်၊ မငိုနဲ့တော့နော်၊ မြေးလေး ငိုရင် ဖွားဖွားရင်နာရတယ်၊ အာ့နွီအာ.... တာ့ပေါင်အတွက် ယာဂု သွားယူပေးဦး"
ကျေးလက်ဒေသ၏ ဆောင်းတွင်းကာလများတွင် ပုံမှန်အားဖြင့် အလုပ် သိပ်မရှိသောကြောင့် အများအားဖြင့် တစ်နေ့ သုံးနပ် မစားနိုင်ကြပေ။ မိုးလင်းသည်အထိ အိပ်စက်ကြပြီး နိုးလာချိန်တွင် နေ့လယ်စာအတွက် ပြင်ဆင်ကြသည်။ ညနေစာ စားပြီး မှောင်သွားသည်နှင့် အိပ်ရန် ပြင်ဆင်ကြရပြန်သည်။
သို့သော် စုန့်မိသားစုကတော့ ဝက်စာကျွေးရန်နှင့် ဝက်သားဆိုင် သွားရန် ပြင်ဆင်ရသောကြောင့် စောစောထလေ့ရှိ ကြသည်။ ထို့ကြောင့် ဗိုက်ဖြည့်ရန်အတွက် မနက်တိုင်း ယာဂုအိုးကြီးတစ်အိုး ချက်ပြုတ်လေ့ရှိကြသည်။
ယခု တာ့ပေါင်အတွက် ပြင်ဆင်ပေးခိုင်းသော ယာဂုက သကြားညိုအနည်းငယ် ထည့်ထားသည့် ပြောင်းယာဂု ဖြစ်ပြီး ပျစ်ပျစ်လေးချက်ထားကာ သူ နိုးလာလျှင် အဆင်သင့် စားနိုင်ရန် မီးဖိုပေါ်၌ အမြဲနွေးထားခဲ့ခြင်း ဖြစ်သည်။
တာ့ပေါင်က ပြောင်းယာဂုတစ်ပန်းကန်ကို ကုန်အောင်စားလိုက်ပြီး သူ့မျက်နှာလေးလည်း အနည်းငယ် ပြန်ကြည့်ကောင်းလာသည်။
"တာ့ပေါင်.... အဒေါ်ကို ပြောပါဦး၊ ဘာလို့ ဒီကို တစ်ယောက်တည်း လာခဲ့တာတုန်း"
စုန့်တင်းရှန်းက ကလေး၏ မျက်နှာနှင့် လက်များကို သုတ်ပေးလိုက်ပြီး နှင်းကိုက်နာပျောက်ဆေး လိမ်းပေးနေရင်း ညင်ညင်သာသာ စမေးလိုက်သည်။
အစပိုင်းတွင် တာ့ပေါင်က ခေါင်းငုံ့နေသော်လည်း သိပ်မကြာမီ မျက်ရည်များ ကျလာပြန်သည်။
ဖန့်ရှီက ကလေးကို ချော့မော့လိုက်သည်။
"တာ့ပေါင် ဘာမှ မဖြစ်ဘူး၊ အဖွားကို ပြောပြ၊ ဘာဖြစ်ခဲ့တာလဲ၊ ဘယ်သူက ငါ့မြေးလေးကို နှိပ်စက်ရဲတာလဲ၊ ဖွားဖွား သူတို့ကို သွားပြန်ရိုက်ပေးမယ်"
ဖန့်ရှီ၏ စကားများက တာ့ပေါင်ကို သတ္တိပေးလိုက်ပုံရသည်။ သူက ငိုနေရင်း ပြန်ပြောပြလာခဲ့သည်။
"အဖေနဲ့ အဖွားတို့ လုပ်တာ၊ သူတို့က သားကို ဘာမှ မကျွေးဘူး၊ ဒီနေ့လည်း ဒီလိုအင်္ကျီအစုတ်ကြီးကိုပဲ ဝတ်ခိုင်းတယ်၊ ပြီးတော့ ဒီကို တစ်ယောက်တည်း လာခိုင်းတာ၊ သား အဲ့လိုလာမှ အမေက သားနဲ့အတူ ပြန်လိုက်လာမှာတဲ့၊ ဖွားဖွားတို့အိမ်ကို သွားရင် အသားစားရမယ်လို့လည်း ပြောသေးတယ်၊ သူတို့အိမ်မှာက အသားရော စားစရာရော မရှိဘူးတဲ့"
ထိုစကားကို ကြားလိုက်ရချိန်တွင် ဖန့်ရှီတစ်ယောက် အလွန်အမင်း ဒေါသထွက်သွားပြီး ဆဲဆိုရန် ပြင်ဆင်နေသောကြောင့် စုန့်တင်းရှန်းလည်း သူမ၏ပါးစပ်ကို လက်ဖြင့် အမြန်ပိတ်လိုက်ရသည်။
စုန့်ရှင်းယိက ဘာမှ မပြောဘဲ အပြင်သို့ ထွက်သွားကာ ဆေးတံဖွာနေပြန်သည်။ ထို့နောက် သူက ပြန်ဝင်လာပြီး စုန့်တင်းရှန်းကို ကြည့်ကာ ဆုံးဖြတ်ချက်ပေးလိုက်သည်။
"ကောင်းပြီ အာ့နွီ... မင်း ပြောတဲ့အတိုင်းပဲ လုပ်ကြမယ်၊ တာ့ပေါင်နဲ့ နင့်အစ်မကို အဲဒီမိသားစုဆီ ဘယ်တော့မှ ပြန်မလွှတ်တော့ဘူး"
ထိုစကားဆုံးသည်နှင့် သူက အပြင်သို့ ပြန်ထွက်သွားပြီး စုန့်မျိုးနွယ်စုမှ အမျိုးသား အယောက်နှစ်ဆယ်ခန့်ကို ချက်ချင်း စုရုံးခိုင်းလိုက်သည်။ မြည်းလှည်း သုံး၊ လေးစီးကိုပါ အဆင်သင့် ပြင်ဆင်လိုက်ပြီး တာ့ပေါင်ကို နွေးထွေးသော အဝတ်အစားများဖြင့် ထုတ်ပိုးကာ ရှမိသားစုရွာဘက်သို့ ဦးတည် ထွက်ခွာလာခဲ့ကြသည်။
......။.......။.....
တစ်ဖက်တွင် ဝမ်ရှီက စိတ်မလုံမလဲ ဖြစ်နေပြီး ခင်ပွန်းဖြစ်သူအား အဆက်မပြတ် မေးမြန်းနေသည်။
"အဘိုးကြီး... အခုလောက်ဆို တာ့ပေါင် သူတို့အိမ်ကို ရောက်နေပြီလို့ ရှင် ထင်လား"
ရှမောင်ကမ်းက စိတ်မရှည်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"အခု ဘယ်အချိန်ရှိနေပြီလဲ၊ တာ့ပေါင်လည်း လမ်းကို သိနေတာပဲ၊ သူအသက်က ငါးနှစ်တောင် ရှိနေပြီလေကွာ"
"ဟုတ်ပါတယ် အမေရယ်၊ စိတ်ပူမနေနဲ့၊ တာ့ပေါင် ငိုနေတာကို မြင်ရင် ကျွန်တော့်မိန်းမ ပြန်လိုက်မလာဘဲ နေနိုင်မှာ မဟုတ်ဘူး"
ရှတာ့ရှန်းကတော့ ဘာမှမဖြစ်သလို ပုံစံဖြင့် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ဖရုံစေ့စားရင်း ဝင်ပြောလိုက်သည်။
ဝမ်ရှီကတော့ စိတ်မအေးဟန်ဖြင့် ထပ်မေးနေပြန်သည်။
"ဒါပေမယ့် နင့်အဖွား သိသွားရင် ဘယ်လိုလုပ်ကြမလဲ"
ရှတာ့ရှန်းက စိတ်မရှည်ဟန်ဖြင့် ထပ်ပြောလိုက်သည်။
"မနေ့ညက ကျွန်တော်တို့ ဒါကို ဆွေးနွေးပြီးပြီလေ၊ တာ့ပေါင်က သူ့အမေကို လွမ်းလို့ ကျွန်တော်တို့ ပြန်ပို့ပေးလိုက်တယ်လို့ပဲ ပြောရမှာပေါ့”
ဝမ်ရှီတစ်ယောက် ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင်တော့ တထင့်ထင့် ဖြစ်နေဆဲပင်။
ထိုအချိန်တွင် မြည်းလှည်းကြီး သုံးစီးက မြစ်အထက်ပိုင်းရွာ၏ ရွာသူကြီးအိမ်သို့ တကျွီကျွီ မြည်အောင် အရှိန်ဖြင့် မောင်းနှင်လာကြသည်။ ရွာသူကြီးရှက တံခါးဝတွင် ဆောင့်ကြောင့်ထိုင်ကာ ဆေးလိပ်သောက်နေရင်း ထိုလှည်းများကို မြင်သွားခဲ့သည်။
‘ဒါ ဘယ်သူ့ လှည်းတွေလဲကွ’
လှည်းမောင်းလာသူများကို မှတ်မိသွားချိန်တွင်တော့ သူ ခေါင်းကိုက်သွားရသည်။ သူ့ခေါင်း ပြန်မကြည်နိုင်သေးခင်မှာပင် ထိုလှည်းများက သူ့အိမ်ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး တုံ့ခနဲ ရပ်လိုက်ကြသည်။
စုန့်ရှင်းယိက လှည်းပေါ်မှ ဆင်းလာပြီး အပြုံးဖြင့် လျှောက်လှမ်းလာကာ ရွာသူကြီးရှ၏လက်ကို ဖမ်းကိုင်ရင်း ဆွဲထူပေးလိုက်သည်။
"အစ်ကိုကြီး... ခင်ဗျားကို ထပ်ပြီး ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်ဗျာ"
ရွာသူကြီးရှက မြည်းလှည်းများပေါ်မှ ဆင်းလာကြသည့် သန်မာထွားကြိုင်းသော အမျိုးသားတစ်အုပ်စုကို ကြည့်ကာ တောင့်တင်းနေသော မျက်နှာထားဖြင့် အထိတ်တလန့် ပြန်မေးလိုက်သည်။
"ဘာ... ဘာတွေဖြစ်လာတာတုန်း၊ မင်းတို့ ရှမိသားစုအိမ်ကို သွားရမှာ မဟုတ်ဘူးလား"
စုန့်ရှင်းယိက ပြန်ဖြေလိုက်သည်။
"ပုံမှန်ဆိုရင်တော့ အဲဒီလို ဖြစ်သင့်တာပေါ့၊ ဒါပေမယ့်... ဟူး... ပြောရရင်တော့ ဇာတ်လမ်းက ရှည်တယ်ဗျာ၊ အထဲကို ဝင်ပြီးမှ အေးအေးဆေးဆေး စကားပြောကြမယ်"
စုန့်မိသားစုမှ လူအုပ်ကြီး ခြံဝင်းထဲသို့ ဝင်လာသောကြောင့် ရွာသူကြီးရှ၏ အိမ်သားများလည်း ထိတ်လန့်ကုန်ကြသည်။ ပို၍ ကြောက်စရာကောင်းသည်က တံခါးဝတွင် လူနှစ်ယောက် ရပ်စောင့်နေပြီး မည်သူ့ကိုမျှ အပြင်သို့ ထွက်ခွင့်မပေးတော့ခြင်းပင်။
ရွာသူကြီး၏ဇနီးကလည်း ကြောက်ကြောက်လန့်လန့်ဖြင့် သူမ၏ခင်ပွန်းကို မေးမြန်းနေသည်။
"ဒါက ဘာတွေ ဖြစ်ကုန်တာလဲ၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အေးအေးဆေးဆေး ဖြစ်သွားပြီ မဟုတ်လား၊ အခု ဘာလို့ ဒီကို ထပ်ရောက်လာကြတာတုန်းရှင်"
ထိုအချိန်တွင် လီရှီက ရှေ့သို့ တိုးလာကာ လက်ဆောင်ခြင်းတောင်းတစ်ခြင်းကို လှမ်းပေးလိုက်ပြီး သူမ၏လက်မောင်းကို နှစ်သိမ့်သလို ဆုပ်ကိုင်လိုက်သည်။
"အစ်မကြီးရယ်... ငါတို့မှာလည်း တခြားနည်းလမ်း မရှိတော့လို့ အစ်မကြီးတို့ဆီ လာပြီး ငါတို့မိသားစုကိုယ်စား ကြားဝင်စေ့စပ်ပေးဖို့ လာတောင်းဆိုရတာပါ"
လက်ဆောင်တောင်းက မမျှော်လင့်ထားလောက်အောင် ကြီးမားနေသည်။ ရွာသူကြီး၏ဇနီးက ခြင်းတောင်းကို ဖုံးထားသည့် ဆီစိမ်အဝတ်ကို မကြည့်လိုက်ပြီး အတွင်းမှ ဝက်လက်ကြီးများနှင့် အေးခဲထားသော ငါးကြီးများကို မြင်သွားပြီး အံ့အားသင့်နေခဲ့သည်။ လီရှီ၏ ရှင်းပြချက်ကို ကြားရချိန်တွင် သူမ သက်ပြင်းချနိုင်သွားသည်။
"ဘယ်လောက်တောင် ကြီးကျယ်တဲ့ ကိစ္စတွေ ဖြစ်သွားရတာလဲ၊ လူလွှတ်ပြီး သတင်းစကားလေး ပါးလိုက်ရုံနဲ့ မပြီးမယ့်ကိစ္စမျိုးလား"
လီရှီက မျက်ရည်များ ဝဲနေသော မျက်လုံးများဖြင့် အသနားခံလိုက်သည်။
"ဘာဖြစ်လဲဆိုတာ မမေးပါနဲ့တော့ အစ်မကြီးရယ်၊ ကျွန်မတို့ဘက်ကသာ မြန်မြန်မဖြေရှင်းပေးနိုင်ရင် သူတို့ထဲက တစ်ယောက်မှ အသက်ရှင်နိုင်တော့မှာ မဟုတ်တော့ဘူး"
ရွာသူကြီး၏ဇနီးက အံ့ဩတကြီး ပြန်မေးလိုက်သည်။
"ဟယ်.... တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲ"
သူမက လက်ဆောင်ခြင်းတောင်းကို ချွေးမဖြစ်သူ၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး လီရှီကို အိမ်ထဲသို့ ခေါ်သွားခဲ့သည်။
လီရှီက ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြန်လည်ပြောနေပြီး စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်တော့ဟန်ဖြင့် တရှိုက်ရှိုက် ငိုကြွေးနေပြန်သည်။
"သူတို့က ဒီကလေးကို အသိအမှတ် မပြုချင်ရင်တောင် ကျွန်မတို့က လက်ခံပေးမှာပါ၊ အဲဒီနေ့က ကလေးကို 'စုန့်' မိသားစုထဲ ပြောင်းခိုင်းမယ် ပြောတော့ သူ့အဖွားက ငိုကြီးချက်မနဲ့ တားနေတာလေ၊ အဲဒီအချိန်တုန်းက ကျွန်မလည်း သူတို့ဘက်ကို ငဲ့ညှာပေးပြီး ကလေးကို ချန်ထားခဲ့မိတယ်၊ ဒါပေမယ့် ဒီမနက် ဒီလိုမျိုးတွေ ဖြစ်လာမယ်လို့ ဘယ်သူက ကြိုသိနိုင်မှာလဲ၊ ကျွန်မမြေးလေးရဲ့ အသက်ကို ဆုံးရှုံးရလုနီးပါး ဖြစ်သွားခဲ့တယ်၊ သနားစရာကောင်းတဲ့ ကျွန်မ မြေးလေး... မိုးမလင်းခင် ကျွန်မတို့ အိမ်ကို တစ်ယောက်တည်း လမ်းလျှောက်လာခဲ့ရတာ၊ သူတို့က အဖွားနဲ့ အဖေတဲ့လား၊ သူတို့ရဲ့ကလေးကို ဘယ်လိုလုပ်ပြီး ဒီလိုဆက်ဆံနိုင်ကြတာလဲ၊ ကိုယ့်သွေးသားအရင်းအချာကိုတောင် ဘယ်လိုစိတ်နဲ့ ဒီလိုလုပ်ရက်ကြတာလဲ၊ ကျွန်မတို့ အိမ်က ယွိလန်ကရော ဘာအပြစ်လုပ်ခဲ့လို့ ဒီလိုကံကြမ္မာမျိုးနဲ့ ကြုံနေရတာလဲ"
ရွာသူကြီး၏ဇနီးကလည်း အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုသတင်းကို ကြားလိုက်သည်နှင့် သူမ အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။
"သူတို့ တကယ်ကို လွန်လွန်းသွားပြီ"
သူမက အံကြိတ်ရင်း ထပ်ပြောလိုက်သည်။
"သူတို့က သူတို့ကိုယ်တိုင် အသုံးမကျဘဲ ကလေးအပေါ် ဒေါသတွေ ပုံချနေတာလား၊ နေပါဦး... အဲဒီကလေးက တာ့ပေါင် ဟုတ်တယ်မလား၊ သူက အရမ်းလိမ္မာပြီး ချစ်စရာကောင်းတဲ့ ကလေးလေးလေ"
လီရှီက မျက်ရည်များ စီးကျရင်း ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်၊ တာ့ပေါင်က လိမ္မာတဲ့ကလေးပါ၊ ဒီနေ့တော့ သူ့ခမျာ အဖျားတွေ တက်ပြီး အိမ်ရှေ့တင် လဲကျသွားတာ၊ ဆေးဆရာ ပြောတာက... ကျွန်မတို့သာ နည်းနည်းလေး နောက်ကျပြီးမှ တွေ့ခဲ့ရင် သူ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူးတဲ့"
စုန့်ရှင်းယိကလည်း ဝင်ပြောလိုက်သည်။
"အစကတော့ ကျုပ်လည်း ဒါကို မိသားစုကိစ္စလို့ပဲ တွေးခဲ့တာပါ၊ ဒါပေမယ့် သူတို့ ဒီလောက်ထိ နှလုံးသားမဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ ရွာသူကြီးရှ... ခင်ဗျား ဒါကို မဖြေရှင်းပေးနိုင်ရင်တော့ ကျုပ်တို့ မြို့ပေါ်က သခင်ကြီးဝမ်ဆီသွားပြီး အကူအညီ တောင်းရလိမ့်မယ်၊ ဒါက မိသားစုကိစ္စဆိုပေမယ့် အပြင်လူတွေ ပါဝင်လာရင် ခင်ဗျားတို့ ရှမိသားစုအတွက်လည်း မကောင်းဘူး၊ သူတို့က ဆွေမျိုးငါးဆက်ဝေးနေပြီးလို့ ခင်ဗျား ထင်ကောင်းထင်နေလိမ့်မယ်၊ ဒါပေမယ့် အပြင်လူတွေကတော့ အဲဒီလို မြင်မှာ မဟုတ်ဘူး"
ရွာသူကြီးရှက ဒေါသထွက်လွန်းသောကြောင့် စားပွဲကို တဖြန်းဖြန်း ထုရိုက်နေသည်။
"ဒါက တကယ့်ကို ဆိုးဝါးလွန်တယ်၊ တော်တော် ဆိုးဝါးတဲ့ ကိစ္စပဲ၊ ညီလေးစုန့်... ပြောစမ်းပါဦး၊ ဒီအခြေအနေကို မင်းတို့ မိသားစုက ဘယ်လိုမျိုး ကိုင်တွယ်ဖို့ တွေးထားကြလဲ"
စုန့်ရှင်းယိက ပြတ်ပြတ်သားသားပြန်ဖြေလိုက်သည်။
"သူတို့ရဲ့ လုပ်ရပ်တွေက တကယ့်ကို အသိတရားမဲ့လွန်းသွားပြီ၊ ကျုပ်တို့မိသားစုက ဒါကို ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ မဖြစ်တော့ဘူး၊ ဒီနေ့ ကျုပ်တို့မြေးမလေးအတွက် ကွာရှင်းစာ ယူလာခဲ့တယ်၊ တာ့ပေါင်လည်း ကျုပ်တို့နဲ့အတူ ပါလာတယ်၊ ဒါက ကျုပ်တို့ နှလုံးသားမဲ့တာ မဟုတ်ပါဘူး၊ ခင်ဗျားတို့ ယုံကြည်အောင် ပြဖို့ ခေါ်လာခဲ့တာပါ"
သူက စုန့်ကျစ်ယွမ်၏ ရင်ခွင်ထဲမှ ကလေးကို လှမ်းပွေ့ယူလိုက်ရင်း ဆက်ပြောနေပြန်သည်။
"ကြည့်ပါဦး၊ သနားစရာကောင်းလိုက်တဲ့ ကလေးလေး... အခုထိ တုန်နေတုန်းပဲ၊ အဖျားကလည်း ရှိနေသေးတယ်၊ ကျုပ်တို့အိမ်ကို ရောက်လာတုန်းက သူက စုတ်ပြဲနေတဲ့ အင်္ကျီနဲ့ ဖိနပ်ပဲ ပါလာတယ်၊ ငါတို့ရဲ့ တာ့နွီက ပျင်းရိတဲ့သူမျိုး မဟုတ်ပါဘူး၊ ဘယ်လိုလုပ်ပြီး ကလေးကို ဒီလိုဝတ်ပေးနိုင်မှာလဲ၊ ဒါက သူတို့ နှလုံးသားမဲ့လွန်းတာ မဟုတ်ဘူးလား၊ အပြင်မှာ ရေတွေတောင် ခဲသွားအောင် အေးစက်နေတာလေ၊ ဒီလိုအခြေအနေမျိုးနဲ့ လမ်းပေါ်မှာ တစ်ရှီးချန်ကျော်ကြာအောင် လမ်းလျှောက်ခဲ့ရတယ်၊ သူ ဘယ်လို ခံနိုင်ရည် ရှိမှာလဲ၊ ပြီးတော့ ကံကောင်းလို့ပေါ့... ဝံပုလွေတစ်ကောင်ကောင်နဲ့များ တွေ့ခဲ့ရင်....."
ပြောနေရင်းဖြင့် သူ စို့နင့်လာပုံရပြီး သူ့အသံက တိမ်ဝင်သွားသည်။
ထိုစကားများကြောင့် အခန်းထဲရှိ လူအားလုံး စိတ်မကောင်းဖြစ်သွားကာ မျက်နှာလွှဲလိုက်ကြသည်။
ရွာသူကြီးရှက ကွာရှင်းစာကို ဖတ်နေရင်း မျက်မှောင်ကြုတ်နေပြန်သည်။ စုန့်မိသားစုက ကွာရှင်းရုံတင်မကဘဲ ကလေးကိုပါ ခေါ်သွားရန် ရည်ရွယ်ထားကြောင်း သိသာနေသည်။ ကလေးက ယောက်ျားလေး ဖြစ်နေပြီး ကလေး၏မျိုးရိုးမှာ 'ရှ' ဖြစ်နေကာ ရွာသားအားလုံးက ဤကလေး ကြီးပြင်းလာသည်ကို စောင့်ကြည့်နေခဲ့ရကြသည်။ ထို့ကြောင့် ကွာရှင်းခြင်းထက်ပို၌ ဒုက္ခများစေလိမ့်မည်။
‘သူ အခု ကလေးကို ဒီအတိုင်း ခေါ်သွားခွင့်ပြုလိုက်ရင် ရွာသားတွေက သူ့ကို ဘယ်လိုပြောကြမလဲ၊ ဒီအခြေအနေက သူ့ကို တကယ်ပဲ အကျပ်ရိုက်စေတယ်’
သို့သော် သူ သဘောမတူခဲ့လျှင်လည်း စုန့်မိသားစုက မြို့ထဲသို့ သွားပြီး သူကြွယ်ကြီးဝမ်ကို သွားရှာကြပေလိမ့်မည်။ သူကြွယ်ကြီးဝမ်က သူတပါးကိစ္စအား ကြားမဝင်နိုင်လျှင်ပင် သူက ရာထူးတစ်ခုရှိနေသည့် အရာရှိတစ်ယောက်ဖြစ်နေဆဲပင်။ သူ ရှမိသားစုအား ပြဿနာရှာရန် အခွင့်အရေး တွေ့သွားပါက ရှမိသားစုမှ လူတိုင်း မျက်နှာပျက်ရနိုင်သည်။
"အစ်ကိုကြီးရယ်... ကျုပ်တို့မှာ တခြားနည်းလမ်း မရှိတော့လို့ပါ။ ဒီကလေး ဒီအတိုင်း သေသွားမှာကို ငုတ်တုတ်ထိုင်ကြည့်နေလို့တော့ မဖြစ်ဘူးလေ"
စုန့်ရှင်းယိက ရွာသူကြီး၏ မျက်နှာရိပ်မျက်ကဲကို ကြည့်ကာ ဆက်ပြောနေသည်။
"သူတို့မိသားစုက ကျုပ်တို့ တာ့နွီ ပြန်လာအောင် အတင်းအကျပ် ဖိအားပေးနေတာလည်း ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် တာ့နွီသာ သူတို့လက်ထဲ ပြန်ရောက်သွားရင် ဘယ်လိုလုပ် ကောင်းနိုင်ပါ့တော့မလဲ၊ သူတို့က ဆင်ခြေတစ်ခုခုပေးပြီး ကျုပ်တို့ တာ့နွီ ရေတွင်းထဲကျသွားတယ်၊ မဟုတ်လဲ မြစ်ထဲကျလို့ သေသွားပြီလို့ ပြောလိုက်ရုံပဲ၊ အဲဒီအချိန်ကျရင် ကျုပ်တို့မိသားစုတစ်ခုလုံး ဝမ်းနည်းဖို့တောင် အချိန်ရလိုက်မှာ မဟုတ်ဘူး၊ ကျုပ်တို့တွေအားလုံးက မိဘတွေချည်းပဲလေ၊ ခင်ဗျားဆိုရင်ရော စိတ်ချလက်ချ နေနိုင်ပါ့မလား"
"မင်း ပြောတာ မှန်တယ်၊ မမှားပါဘူးကွာ၊ ဒါပေမယ့် ဒီကလေးက..."
ရွာသူကြီးရှက တာ့ပေါင်၏ ဝိုင်းစက်နေသော မျက်လုံးလေးများကို ကြည့်ရင်း သက်ပြင်းချလိုက်ကာ ထပ်ပြောလိုက်သည်။
"ငါ စဉ်းစားပါရစေဦး၊ ငါ့ကို ခဏလောက်တော့ စဉ်းစားခွင့်ပေးပါဦးကွာ"
စုန့်ရှင်းယိက ထပ်ပြောလိုက်သည်။
"တကယ်လို့ သူတို့သာ သဘောတူမယ်ဆိုရင် ကျုပ်တို့မိသားစုက သူတို့အတွက် လျန်ငါးဆယ် ပေးမယ်၊ ဒါကိုမှ သဘောမတူဘူးဆိုရင်တော့ ကျုပ်တို့အတွက်လည်း တခြားနည်းလမ်းမရှိတော့ဘူး။ ကျုပ်သားတွေကိုပဲ နေ့တိုင်းနေ့တိုင်း ဒီကို လာကြည့်ခိုင်းရတော့မှာပေါ့၊ ဘာများ တတ်နိုင်ပါဦးမလဲ"
ရွာသူကြီးရှ : "......"
ရွာသူကြီးတစ်ယောက်အနေဖြင့် သူက စုန့်ရှင်းယိ၏ စကားကို ကောင်းကောင်းကြီး သဘောပေါက်နိုင်ခဲ့သည်။
"ကျုပ်သားတွေကိုပဲ နေ့တိုင်းနေ့တိုင်း ဒီကို လာကြည့်ခိုင်းရတော့မှာပေါ့" ဟူသည့် စကားက ယဉ်ကျေးပျူငှာလွန်းသော်လည်း အမှန်တကယ်တွင် နေ့တိုင်း ပြဿနာရှာမည်ဟု ခြိမ်းခြောက်နေခြင်းပင်။ ထိုသို့ဖြစ်လာလျှင် ဆဲဆိုရုံတင်မကဘဲ ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး ရွာ၏အေးချမ်းမှုကိုပါ ပျက်ပြားစေမည့် အကြမ်းဖက်မှုများ ပါဝင်လာမည်ကို သူ စိုးရိမ်နေရပေလိမ့်မည်။
နောက်ဆုံးတွင် ရှမိသားစုမှ အရာရှိတစ်ယောက် ခဲရာခဲဆစ် ထွက်ပေါ်လာခါစဖြစ်ပြီး ဤကဲ့သို့သော အရှုပ်ထွေးများကြောင့် သူတို့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းသွားမည်ကို လုံးဝခွင့်မပြုနိုင်ပေ။
ရွာသူကြီးရှက စုန့်ရှင်းယိကို စိတ်မပူရန် ပြောလိုက်ပြီး မျိုးနွယ်စုခေါင်းဆောင်အား သွားခေါ်ရန် သူ့သားကို လှမ်းပြောလိုက်သည်။ မြေးဖြစ်သူကိုတော့ ရှတာ့ရှန်းတို့၏အိမ်သို့ သွားကာ ရှမိသားစုဝင်များအား ခေါ်ခိုင်းလိုက်သည်။
ထိုသတင်းကို ကြားသည်နှင့် ဝမ်ရှီကတော့ တစ်ခုခုမှားနေပြီမှန်း သိသွားကာ ခန်ပေါ်သို့ ပစ်လဲရင်း ဆင်ခြေပေးနေသည်။
"အိုက်ယား၊ ငါ နေလို့ မကောင်းဘူး... အဘိုးကြီး၊ ရှင်ပဲ သွားလိုက်ပါ၊ ကျွန်မ တကယ်ကို မထနိုင်တော့ဘူး"
သတင်းလာပို့သော လူငယ်လေးကလည်း ပါးနပ်သူဖြစ်ပြီး အပြုံးဖြင့် ဝင်ပြောလိုက်သည်။
"အဒေါ်... နေမကောင်းချင်ယောင် ဆောင်နေလို့ မပြီးဘူးနော်၊ စုန့်မိသားစုက အတင်းလာဆွဲခေါ်ရင် အဒေါ်ပဲ အရှက်ကွဲမှာ၊ ကျွန်တော့်အဘိုးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေး မကျေမနပ် ဖြစ်နေပြီ"
"တောက်! အဲ့ဒီကျိန်စာသင့်နေတဲ့ အယုတ်တမာတွေ"
ဝမ်ရှီက တိုးတိုးလေး ဆဲဆိုရင်း အိပ်ရာမှ မထချင်ထချင် ထထိုင်လိုက်သည်။
ရှအဘိုးကြီးနှင့် ရှအဘွားကြီးကတော့ ဇဝေဇဝါ ဖြစ်နေကြသည်။
"ငါတို့ကို ဘာလို့ ခေါ်ခိုင်းရတာလဲ၊ ဘာတွေ ဖြစ်နေလို့လဲ"
သတင်းလာပို့သည့် လူငယ်လေးက ပြန်ဖြေလိုက်သည်။
"ကျွန်တော်လည်း အတိအကျတော့ မသိဘူး၊ ဒါပေမယ့် စုန့်မိသားစုက လူတွေ ရောက်နေတယ်၊ ကျွန်တော့်အဘိုးကလည်း ဘိုးဘေးခန်းမကိုတောင် ဖွင့်ခိုင်းထားတယ်"
ဘိုးဘေးခန်းမကိုတောင် ဖွင့်တယ် ဟုတ်လား??
ရှမိသားစုဝင်များက တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။ တတိယချွေးမကတော့ လူအုပ်နောက်တွင် ပုန်းနေရင်း သူမ၏ ပြုံးချင်နေသော ပါးစပ်ကို တခြားသူများ မမြင်အောင် ခေါင်းငုံ့နေခဲ့သည်။ ရှ
ရှလောင်တတို့မိသားစု အလဲလဲအပြိုပြို ဖြစ်သွားရင် သူမတို့မိသားစုအတွက် အခွင့်အရေး ရလာမှာလေ၊ နောက်ဆိုရင် သူမက ဒီမိသားစုကို တာဝန်ယူရမှာပေါ့၊ တစ်သက်လုံး ဝမ်ရှီရဲ့ ဖိနှိပ်မှုကို ခံနေရတော့မှာ မဟုတ်ဘူး။
(လောင်တဆိုတာ အကြီးဆုံးသားတွေကို ခေါ်တဲ့နာမ်စားပါ၊ အိမ်ထောင်ကို တာဝန်ယူတယ်ဆိုတာက သူတို့က မိသားစုတွေ ပေါင်းနေကြတော့ အဓိကက ငွေကိုင်တာဝန်ကို ယူချင်တာပါ)
ဘိုးဘေးခန်းမက ဘိုးဘေးများကို ကန်တော့ရန် သို့မဟုတ် ရွာ၏ အရေးကြီးသော ကိစ္စရပ်များကို ဆုံးဖြတ်ရန်အတွက်သာ ဖွင့်လှစ်သော နေရာဖြစ်သည်။ ရှချမ်း အရာရှိဖြစ်စဉ်က ဘိုးဘေးခန်းမကို တစ်ကြိမ် ဖွင့်ခဲ့ဖူးပြီး ရွာသားများအားလုံး လာရောက် ဂုဏ်ပြုခဲ့သောကြောင့် အလွန်စည်ကားခဲ့ဖူးသည်။ ယခုတစ်ခါ ဖွင့်လှစ်ခြင်းကတော့ ဂုဏ်ယူစရာထက် ပြစ်ဒဏ်ပေးရန် သို့မဟုတ် ပြင်းထန်သော ဆုံးဖြတ်ချက်ချရန် ဖြစ်နေပုံရသည်။
ဘိုးဘေးခန်းမအတွင်းမှ လေထုကလည်း တင်းမာနေပြီး နှစ်သစ်ကူးအကြိုနေ့ ဖြစ်သော်လည်း ရွာသားများကတော့ သိချင်စိတ်ဖြင့် အုတ်အော်သောင်းနင်း စုရုံးလာကြသည်။
အလယ်တွင် ရွာသူကြီးနှင့် ရှမျိုးနွယ်စုခေါင်းဆောင်တို့ ထိုင်နေကြပြီး ဘေးတွင် စုန့်ရှင်းယိနှင့် လီရှီတို့က တာ့ပေါင်ကို ပွေ့ချီကာ ထိုင်နေကြသည်။ သူတို့နောက်တွင်တော့ စုန့်မိသားစုမှ သန်မာထွားကြိုင်းသော အမျိုးသားများက အစောင့်များသဖွယ် တန်းစီ ရပ်နေကြသည်။
ရှအဘွားကြီး ရောက်လာပြီး စုန့်မိသားစုကို မြင်သည်နှင့် စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ၊ ယွိလန်... ယွိလန် တစ်ခုခုဖြစ်လို့လား"
လီရှီက အေးစက်စွာ နှာမှုတ်ပြီး သရော်တော်တော် ပြန်မေးလိုက်သည်။
"ဪ... နင်တို့မိသားစုက ငါ့မြေးမလေး တစ်ခုခုဖြစ်သွားဖို့ မျှော်လင့်နေတာပေါ့လေ"
ရှအဘွားကြီးက ပျာပျာသလဲ ရှင်းပြလာသည်။
"မဟုတ်ပါဘူး၊ မဟုတ်ရပါဘူး ခမည်းခမက်အဖွားကြီးရယ်၊ မဟုတ်တာတွေ မတွေးပါနဲ့။ ငါက ဒီနေ့ ဘာလို့ ဒီလောက် ရုတ်ရုတ်သဲသဲ ဖြစ်နေရတာလဲဆိုတာ သိချင်ရုံပါ"
မျိုးနွယ်စုခေါင်းဆောင်က အဘိုးအိုရှနှင့် အဘွားအိုရှတို့ကို ဘေးတွင် ထိုင်ခိုင်းလိုက်ပြီးနောက် အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်သည်။
"ရှတာ့ရှန်း ဘယ်မှာလဲ၊ ဝမ်ရှီ၊ ရှမောင်ကမ်း... မင်းတို့ပါ ရှေ့ကို ထွက်ခဲ့ကြ၊ ဒူးထောက်ကြစမ်း"
သုံးယောက်သား လူအုပ်ထဲမှ တွန်းထုတ်ခြင်းခံလိုက်ရပြီး မျက်နှာပျက်ပျက်ဖြင့် ဒူးထောက်လိုက်ကြရသည်။
ရွာသူကြီးရှက စပြောလိုက်သည်။
"ဒီနေ့ စုန့်မိသားစုက ကွာရှင်းစာ လာပို့တာ၊ မင်းတို့ထဲက ဘယ်သူ လက်ခံမှာလဲ"
ရှတာ့ရှန်းက မှင်တက်နေပြီး ခဏအကြာတွင် ထပ်ခါတလဲလဲ အော်ဟစ်ငြင်းဆန်နေပြန်သည်။
"မဖြစ်နိုင်ဘူး! ကျွန်တော် သဘောမတူဘူး၊ လုံးဝ မကွာရှင်းနိုင်ဘူး၊ လုံးဝ မကွာရှင်းဘူး"
ရှအဘွားကြီးကလည်း ကြားဝင် မေးမြန်းလာပြန်သည်။
"ဘာလို့ ရုတ်တရက်ကြီး ကွာရှင်းဖို့ ပြောရတာတုန်း၊ လင်မယားတွေ ရန်ဖြစ်တာ ထုံးစံပဲလေ၊ ဒီလိုကိစ္စလေးနဲ့ ကွာရှင်းကြတာမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး"
ရွာသူကြီးရှက ခပ်တင်းတင်း ပြန်ပြောလိုက်သည်။
"အစ်မကြီး.... မင်းသားနဲ့ မင်းမြေး ဘာတွေလုပ်ထားလဲဆိုတာ မင်း မသိဘူးလား၊ အခု စုန့်မိသားစုက ငါ့ ဆီလာ ပြောပြတာတောင် ငါ ဒေါသထွက်လွန်းလို့ သေတော့မယ်၊ ရှတာ့ရှန်း... မင်းတို့မိသားစုက ဘာတွေလုပ်ခဲ့လဲဆိုတာ မင်းအဘွားကို ပြောပြလိုက်စမ်း"
ရှတာ့ရှန်းက စကားထစ်နေပြီး ဝမ်ရှီဘက်သို့ အကူအညီတောင်းသလို လှည့်ကြည့်နေသည်။ သို့သော် ဝမ်ရှီကတော့ ခေါင်းငုံ့ကာ နှုတ်ဆိတ်နေဆဲပင်။
"ပြောလေ"
စိတ်တိုလွယ်သော မျိုးနွယ်စုခေါင်းဆောင်က စားပွဲကို ဝုန်းခနဲ ရိုက်ရင်း အော်ဟစ်လိုက်သည်။
"အခုချက်ချင်း ပြောကြစမ်း"
ရှတာ့ရှန်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း လီရှီ၏ ရင်ခွင်ထဲမှ ကလေးကို ခိုးကြည့်လိုက်သည်။ ကလေးကတော့ ဖခင်ဖြစ်သူကို တစ်ချက်ကလေးမျှ မကြည့်ဘဲ လီရှီ၏ ရင်ခွင်ထဲ၌သာ ခေါင်းဝှက်ထားရှာသည်။
"အဲဒါက... အဲဒါက တာ့ပေါင်က သူ့အမေကို လွမ်းနေလို့၊ အဲဒါကြောင့်... အဲဒါကြောင့် ကျွန်တော်က သူ့ကို လိုက်ပို့ပေးလိုက်တာပါ"
လီရှီက အေးစက်စက် လေသံဖြင့် တုံ့ပြန်လိုက်သည်။
"ဪ... နင်က သူ့ကို လိုက်ပို့ပေးလိုက်တာတဲ့လား၊ ဒါမှမဟုတ် တာ့ပေါင်ကို အဝတ်စုတ်တွေ ဝတ်ခိုင်းပြီး ဒီလောက်အေးတဲ့ ရာသီဥတုမှာ တစ်ယောက်တည်း လမ်းလျှောက်ခိုင်းလိုက်တာလား"
စကားဆုံးသည်နှင့် သူမက တာ့ပေါင် ဝတ်လာခဲ့သော စုတ်ပြတ်နေသည့် ဂွမ်းချည်အင်္ကျီနှင့် ဖိနပ်များကို လူအများရှေ့သို့ ပစ်ချလိုက်သည်။
"အားလုံးပဲ ကြည့်ကြပါဦး၊ ဒါ တာ့ပေါင် ဝတ်လာတဲ့ အဝတ်အစားတွေပါ။ ဒီနေ့ မနက်စောစော ကျွန်မတို့ တံခါးဖွင့်လိုက်တော့ သူက အဖျားတွေတက်ပြီး ကျွန်မအိမ်ရှေ့မှာ မေ့လဲနေပြီ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှအဘွားကြီးက အလွန်ထိတ်လန့်သွားပြီး ထခုန်ကာ ငြင်းဆန်လိုက်သည်။
"မဖြစ်နိုင်ဘူး၊ ဒါက မဖြစ်နိုင်ဘူး၊ ကလေးက မနေ့ကအထိ ကောင်းကောင်းကြီးပဲ..."
သူမက ပြေနေရင်းဖြင့် ရုတ်တရက် တစ်ခုကို သတိရသွားခဲ့သည်။
‘ဟုတ်သားပဲ၊ မနေ့က တစ်နေ့လုံး တာ့ပေါင်ကို မတွေ့ခဲ့ရဘူး၊ ဝမ်ရှီ ပြောတာက ကလေးက သူ့အမေကို လွမ်းလို့ နေမကောင်း ဖြစ်နေတယ်၊ အိပ်ပျော်နေတယ်လို့ပဲ ပြောခဲ့တာ မဟုတ်ဘူးလား’
ရှအဘွားကြီးက ဝမ်ရှီကို မယုံနိုင်သည့်အကြည့်များဖြင့် စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ရှေ့သို့ ပြေးသွားကာ ဝမ်ရှီ၏ပါးကို ဖြန်းခနဲနေအောင် ရိုက်ချရင်း အော်ဟစ်ဆူပူလိုက်သည်။
"အားလုံး နင့်ကြောင့်ပဲ၊ ဒီမိန်းမယုတ်၊ နင်က ဝမ်မိသားစုကို ကံဆိုးမှုတွေ သယ်လာတဲ့ ဂြိုဟ်ကောင်မပဲ၊ အဲဒီတုန်းက ငါ စိတ်မပျော့ခဲ့သင့်ဘူး၊ နင် တာ့ပေါင်ကို ကောင်းကောင်းစောင့်ရှောက်နိုင်မယ်လို့ ငါ မယုံခဲ့သင့်ဘူး၊ ငါ့သားကို နင့်နဲ့ အစောကြီးကတည်းက ကွာရှင်းခိုင်းလိုက်ရမှာ"
ဝမ်ရှီကလည်း သူမ၏မျက်နှာကို အုပ်ရင်း အော်ဟစ်ငိုယိုနေသည်။
"အမေ... အမေ၊ ကျွန်မက အမေ့မြေးအတွက် လုပ်ပေးနေတာ မဟုတ်ဘူးလား၊ စုန့်ယွိလန်က တာ့ပေါင်ကို အရမ်းချစ်တာလေ၊ တာ့ပေါင် သွားခေါ်ရင် သူမ ပြန်လာမှာ မဟုတ်ဘူးလား၊ ကျွန်မက တာ့ပေါင်ကို လွတ်ပြီး ယွိလန်ကို ပြန်ခေါ်ချင်လို့ပါ"
"ဟက်၊ အဲ့ဒါကြောင့် တာ့ပေါင်ကို ဒီလိုအဝတ်စုတ်တွေ ဝတ်ခိုင်းပြီး လွှတ်လိုက်တယ်ပေါ့လေ၊ ဟုတ်လား"
ရှအဘွားကြီးက စုတ်ပြဲနေသော အင်္ကျီကို ကောက်ယူလိုက်ပြီး အတွင်းမှ မဲမှောင်နေသော ဂွမ်းဖတ်များကို မြင်သွားသောကြောင့် မူးမေ့မတတ် ခံစားလိုက်ရသည်။
ဝမ်ရှီကတော့ သူမထံ၌ အပြစ်မရှိသလို ပြန်ပြောနေသေးသည်။
"တာ့ပေါင်သာ သနားစရာမကောင်းရင် ယွိလန်က ဘယ်လိုလုပ် ပြန်လာမှာလဲ၊ သူ့မိသားစုကလည်း သူ့ကို ပြန်လွှတ်မှာ မဟုတ်ဘူးလေ"
မျိုးနွယ်စုခေါင်းဆောင်က ထိုစကားများကို နားထောင်နေရင်း လှောင်ပြုံးပြုံးကာ ဝင်ပြောလိုက်သည်။
"အားလုံးပဲ ရှင်းရှင်းလင်းလင်း ကြားလိုက်ကြပြီ မဟုတ်လား၊ ဒီလောက်ထိ နှလုံးသားမဲ့တဲ့ ယောက္ခမ၊ ဘာကိုမှ ဂရုမစိုက်တဲ့ လင်သား၊ ပြီးတော့ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတဲ့ ဒီလိုအဖေမျိုးရှိနေတာ၊ စုန့်မိသားစုက နင်တို့မိသားစုကို အမှုမဖွင့်တာနဲ့တင် ကျေးဇူးတင်သင့်နေပြီ၊ ဒီကွာရှင်းစာကို... ငါ ကိုယ်တိုင် ဆုံးဖြတ်ပေးမယ်၊ ရှမိသားစုဘက်က ဒါကို မဖြစ်မနေ လက်ခံရမယ်"
ရွာသူကြီးရှကလည်း ဝင်ပြောလိုက်ပြန်သည်။
"ကွာရှင်းစာတင် မကဘူး၊ ဒီကလေးကိုလည်း နင်တို့မိသားစုဆီ လုံးဝ ပြန်မထည့်နိုင်တော့ဘူး"
ရှအဘွားကြီးက မှင်တက်သွားပြီး ရွာသူကြီးရှကို မယုံနိုင်ဟန် စိုက်ကြည့်နေပြန်သည်။
"ရှင် ရူးနေတာလား၊ ဒါက ရှမိသားစုရဲ့ သွေးသား၊ 'ရှ' မျိုးရိုးလေ"
ရွာသူကြီးက ဒေါသတကြီး ပြန်အော်လိုက်သည်။
"သူ့မျိုးရိုးက 'ရှ' ဆိုတာ ငါ မသိဘူး ထင်နေလား၊ ဒါပေမယ့် ဘယ် 'ရှ' မျိုးရိုးက ကလေးကများ ဒီလောက်အေးတဲ့ ရာသီဥတုမှာ အဝတ်စုတ်လေးဝတ်ပြီး ရက်ပေါင်းများစွာ အငတ်ခံရလို့လဲ၊ ကိုယ့်အဘိုးအဘွားတွေက မှောင်ကြီးမည်းကြီးထဲ အိမ်ပေါ်က နှင်ချလို့ မိခင်ဘက်က အိမ်ကို တစ်ယောက်တည်း လမ်းလျှောက်သွားရတဲ့ ကလေးမျိုး ရှမိသားစုမှာ ရှိလို့လား၊ သူ သူများအိမ်ရှေ့ မူးလဲနေတာကိုတောင် လူတွေအများကြီး မြင်ပြီးသွားပြီ၊ ကလေးကို ကျွေးမွေးစောင့်ရှောက်ရမယ့်သူတွေအနေနဲ့ မင်းတို့ မရှက်ကြဘူးလား၊ ငါပြောလိုက်မယ်... ဒီကိစ္စက ဒီမှာ ပြီးသွားပြီ၊ မင်းတို့ သဘောမတူရင်လည်း ကိုယ့်ဘာသာကိုယ် ရှင်းကြတော့"
ထိုစဉ် တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ရှမောင်ကမ်းက လူတိုင်း တုန်လှုပ်သွားစေမည့် စကားတစ်ခွန်း ဝင်ပြောလိုက်သည်။
"ဒီကလေးက ရှမိသားစုရဲ့ သွေးသား ဟုတ် မဟုတ် ဘယ်သူသိမှာလဲ..."
ဤစကားက ခန်းမထဲရှိ လူများအားလုံးကို အံ့အားသင့်သွားစေခဲ့သည်။
စုန့်ကျစ်ယွမ်က ဒေါသကို မထိန်းနိုင်တော့ဘဲ ရှမောင်ကမ်း၏ ပါးကို ဖြန်းခနဲ ရိုက်ချလိုက်ပြီး မြေကြီးပေါ်လဲကျသွားသည်အထိ ထပ်ထိုးကြိတ်နေခဲ့သည်။ ရှတာ့ရှန်းက သူ့အဖေဘက်မှ ဝင်ကူရန် ကြိုးစားလိုက်သော်လည်း စုန့်ကျွင်းရှန်နှင့် ညီအစ်ကိုများက သူ့ကို ဖမ်းချုပ်ထားပြီး ကန်ကျောက်နေသောကြောင့် သူ နာကျင်မှုအပြည့်ဖြင့် အော်ဟစ်နေရသည်။
လီရှီကတော့ ဘာမှ မမြင်သလို ဟန်ဆောင်နေပြီး ရွာသူကြီးကို လှည့်ကြည့်ကာ တိုင်တန်းနေခဲ့သည်။
"ရွာသူကြီး... ရှင် တွေ့တဲ့အတိုင်းပဲ၊ သူတို့က ဒီလိုလူစားမျိုးတွေပဲ၊ အရင်ကတော့ သူတို့ကို ရိုးသားဖြောင့်မတ်တဲ့သူတွေလို့ ထင်ခဲ့မိပြီး ကျွန်မတို့မြေးကို ထည့်ပေးလိုက်တာ၊ ဒါပေမယ့် ဒီနှစ်တွေမှာ ကျွန်မတို့ မြေးမလေးက ကောင်းမွန်တဲ့ ဘဝကို မရခဲ့ဘဲ ဆင်းရဲဒုက္ခတွေချည်း ခံခဲ့ရတယ်။ အခု ယွိလန်က လမ်းတောင် မလျှောက်နိုင်အောင် အရိုက်ခံထားရတယ်၊ ဒါတောင်မှ သူတို့မိသားစုက ဒီလိုမျိုး ယုတ်မာတဲ့စကားတွေ ပြောထွက်နေတုန်းပဲ၊ သိတဲ့သူတွေကတော့ သူတို့ ရက်စက်တာကို သိပေမယ့် မသိတဲ့သူတွေဆိုရင်တော့ ရှမိသားစုတစ်ခုလုံးက ချွေးမတွေကို ဒီလိုပဲ နှိပ်စက်နေတယ်လို့ ထင်ကုန်ကြတော့မှာပဲ"
စိတ်တိုတတ်သော မျိုးနွယ်စုခေါင်းဆောင်က ဝုန်းခနဲ ထရပ်ပြီး အော်ဟစ်လိုက်သည်။
"တော်ကြတော့.... ဒါက ငါတို့ ရှမိသားစုရဲ့ ဘိုးဘေးခန်းမကွ.... ပြီးတော့ ရှမောင်ကမ်း... မင်း ပြောနေတဲ့စကားတွေက လူစကား ဟုတ်ရဲ့လား"
ရှမောင်ကမ်းကလည်း မည်သည့်နေရာမှ သတ္တိများ ရလာသည်မသိဘဲ ပြန်အော်မေးနေသည်။
"ခင်ဗျားကလည်း ရှမိသားစုရဲ့ ခေါင်းဆောင် မဟုတ်ဘူးလား၊ သူတို့ ကွာရှင်းမယ်ဆိုတာနဲ့ ခင်ဗျားက သဘောတူတယ်၊ သူတို့က ကလေးကို ယူမယ်ဆိုတော့လည်း ခင်ဗျားက ခွင့်ပြုလိုက်တာပဲ၊ အဲ့တော့ ကျုပ်တို့ ဘာပြောပြော ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ"
"ငါတို့ ဘာလို့ သဘောတူရတာလဲဆိုတာ မင်းတကယ်ပဲ မသိတာလား၊ ဒါမှမဟုတ် မသိချင်ယောင် ဆောင်နေတာလား"
မျိုးနွယ်စုခေါင်းဆောင်ကလည်း ဒေါသကြောင့် မူးလဲလုနီးပါး ဖြစ်နေခဲ့သည်။
"အေး... ကောင်းပြီ၊ ကောင်းပြီ။ ငါတို့ ဒီကိစ္စမှာ ဝင်မပါတော့ဘူး၊ မင်းတို့ ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့!"
သူက ပြောပြီးသည်နှင့် ကုလားထိုင်ပေါ်သို့ ပြန်ထိုင်ချလိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ သူ့ဒေါသကို မျိုချနေသည်။
စုန့်ရှင်းယိက လေးလံသော ငွေအိတ်ကြီးကို ရှမောင်ကမ်း၏ခြေရင်းသို့ ပစ်ချလိုက်ရင်း ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"မင်းတို့ သဘောတူလိုက်ရင် ဒီငွေလျန် ငါးဆယ်က မင်းတို့အပိုင်ပဲ၊ သဘောမတူဘူးဆိုရင်လည်း ငါတို့မှာ တခြားနည်းလမ်းတွေ ရှိသေးတယ်"
ငွေထုတ်ကို မြင်လိုက်ရချိန်တွင် ရှမောင်ကမ်းနှင့် ဝမ်ရှီတို့က တစ်ဦးကို တစ်ဦး ပြန်ကြည့်လိုက်ကြသည်။ ဝမ်ရှီက လောဘဇောဖြင့် အသံမြှင့်ကာ အော်ပြောလိုက်ပြန်သည်။
"ဘာပဲပြောပြော ဒီကလေးက ငါတို့ရှမိသားစုရဲ့ သွေးသားပဲ၊ လျန်ငါးဆယ်လောက်နဲ့ ဝယ်လို့ရမယ် ထင်နေလား၊ အဲဒီလောက် မလွယ်ဘူး၊ ငါတို့သာ သဘောမတူရင် ဒီကလေးက ငါတို့ရဲ့ရှမိသားစုဝင်အဖြစ်ပဲ အမြဲရှိနေတော့မှာ"
စုန့်ရှင်းယိက ခေါင်းညိတ်လိုက်ပြီး စုန့်ကျစ်ချမ်းကို အချက်ပြလိုက်သည်။ စုန့်ကျစ်ချမ်းက စကားတစ်လုံးမှ မပြောဘဲ လူတစ်အုပ်ကို ဦးဆောင်ကာ အပြင်သို့ ထွက်သွားတော့သည်။
မကြာမီမှာပင် ရှရှို့ကျွမ်း တစ်ယောက် အော်ဟစ်ငိုယိုရင်း ပြေးဝင်လာသည်။
"အဖေ... အမေ... စုန့်မိသားစုက လူတွေ သမီးတို့အိမ်ကို ရောက်လာပြီး အကုန်လုံးကို ရိုက်ခွဲဖျက်ဆီးနေကြပြီ"
ဝမ်ရှီက ဒေါသတကြီး အော်ဟစ်လိုက်ပြန်သည်။
"နင်... နင်တို့တွေ ဒါက ရမ်းကားနေတာ မဟုတ်ဘူးလား၊ ပိုက်ဆံရှိတယ်ဆိုတိုင်း ဒီလောက်အထိ မောက်မာနေတယ်ပေါ့"
စုန့်ရှင်းယိက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်... ပိုက်ဆံရှိတာ အရမ်းကောင်းတယ်လေ၊ မင်းတို့မှာ အရည်အချင်း မရှိရင် ဒါကို သည်းခံနိုင်အောင် ကြိုးစားကြည့်ပေါ့၊ ဒီနေ့ မင်းတို့အိမ်ကို ဖျက်မယ်၊ မနက်ဖြန် မင်းအစ်ကိုတွေ မောင်တွေရဲ့အိမ်ကို သွားဖျက်မယ်၊ သဘက်ခါကျရင် မင်းမိဘတွေရဲ့အိမ်ကို သွားဖျက်မယ်၊ အိမ်တွေ ကုန်သွားရင် ခြံတွေအကုန်လုံးကို ဆက်ဖျက်မယ်။ မင်းတို့ သဘောမတူရင်တောင် ဒီကလေးကို ငါတို့စုန့်မိသားစုကပဲ ပြုစုပျိုးထောင်သွားမယ်၊ ဒါပေမယ့် နင်တို့မိသားစုကတော့ ဘယ်တော့မှ အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူး"
ရှအဘွားကြီးက တစ်ကိုယ်လုံး တုန်ရီနေပြီး သူမ၏ခင်ပွန်းကို အားကိုးတကြီး လှမ်းကြည့်လိုက်သည်။ ရှအဘိုးကြီး၏ နှုတ်ခမ်းများကလည်း တုန်ယင်နေပြီး ခဏအကြာတွင် ဝင်အော်ပြောလိုက်သည်။
"သဘောတူတယ်... ငါတို့ သဘောတူပါတယ်၊ ဒီကလေး... နောင်ကျရင်... နောင်ကျရင် သူ 'စုန့်' မျိုးရိုးပဲ ဖြစ်သွားလိမ့်မယ်"
နောက်ဆုံးတွင် သူတို့ အရှုံးပေးလိုက်ရပြီ ဖြစ်သည်။
.........။.........။........
စာရေးသူ၏ မှတ်ချက်:
စုန့်တင်းရှန်း : "ဒီလိုလေ... ပြီးတော့... ဒါက... သမီးရဲ့ အကြံကတော့ အဲ့ဒါပဲ"
စုန့်ရှင်းယိနှင့် လီရှီ : "ဒါက နည်းနည်းတော့ မရက်စက်လွန်းဘူးလား"
ပြဿနာပြေလည်သွားပြီးနောက်:
စုန့်ရှင်းယိနှင့် လီရှီ: "ငါတို့တစ်သက် ဒီလောက် ရင်ထဲပေါ့ပါးသွားတာမျိုး တစ်ခါမှ မခံစားဖူးခဲ့ဘူး"