ပြသနာ ပြေလည်သွားပြီ
Vol. 6 Ch. 60
ရှမိသားစုလည်း အမှန်တကယ် အကျပ်ရိုက်နေကြပြီး အကြီးအကျယ် အရှက်ရနေကြသည်။ ရှမိသားစုက ဤနေရာတွင် မျိုးဆက်ငါးဆက်တိုင်တိုင် အခြေချနေထိုင်ခဲ့သည့် အင်အားကြီးမျိုးနွယ်တစ်ခု ဖြစ်သော်လည်း ယခုအခါ စုန့်မိသားစုရှေ့၌ ခေါင်းငုံ့ပေးနေရသည်။
အကြောင်းပြချက်က ရိုးရှင်းလွန်းပြီး စုန့်မိသားစုက ရှမိသားစုထက် ပို၍ ဩဇာရှိသူများနှင့် သိကျွမ်းသည့်အပြင် ငွေကြေးလည်း ပိုမိုချမ်းသာသောကြောင့် ဖြစ်သည်။ ထို့ပြင် စုန့်မိသားစုမှ စုန့်လောင်စစ်ကလည်း သူတို့ရွာအတွင်း၌ နာမည်ကောင်းရှိသူတစ်ဦး ဖြစ်သည်။
စုန့်မိသားစုက အလုပ်ရုံတစ်ခုကို ဖွင့်လှစ်ထားပြီး ရွာထဲရှိ လူအများအပြားကို အလုပ်အကိုင်ပေးထားသည့်အပြင် ရွာသားများထံမှ ထင်းကိုပင် ဝယ်ယူနေခြင်းကြောင့် ရွာသားတစ်ဝက်ကျော်ကို ဝင်ငွေရအောင် ကူညီပေးနေသည်ဟု ပြောနိုင်သည်။
သို့သော် ရှမိသားစုတွင် ခရိုင်အရာရှိတစ်ဦး ရှိနေသည်မှအပ အခြားဂုဏ်ယူစရာမရှိချေ။ ထိုအရာရှိကလည်း အဝေးတွင် ရောက်ရှိနေပြီး အနီးနားတွင် ရှိကာ အခက်အခဲမှန်သမျှကို ကူညီပေးနိုင်သည့် သူကြွယ်ကြီးဝမ်၏ မိသားစုနှင့် နှိုင်းယှဉ်လျှင် အများကြီး ကွာခြားနေခဲ့သည်။ သူတို့မိသားစု တစ်ခုခုဖြစ်သွားလျှင်ပင် ရှချမ်းအနေဖြင့် ထိထိရောက်ရောက် ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။
လူဦးရေအရဆိုလျှင် ရှမိသားစုက ပိုများသော်လည်း ဩဇာအာဏာနှင့် နောက်ခံအင်အားအရတော့ ရှမိသားစုက စုန့်မိသားစုကို လုံးဝ အပြတ်အသတ် ရှုံးနိမ့်နေလေသည်။
အဘိုးကြီးက ကွာရှင်းပြတ်စဲမှုကို သဘောတူလိုက်ချိန်တွင် စုန့်မိသားစုမှ လူငယ်တစ်ဦးက ရှရှို့ကျွမ်းအား ကြည့်ရင်း အပြုံးဖြင့် လှမ်းပြောလိုက်သည်။
"မင်း အိမ်ကို မြန်မြန်ပြန်ပြီး သူတို့ကို သွားတားတော့လေ၊ ငါတို့ ဒီမှာ ညှိုနှိုင်းပြီးသွားပြီ"
စုန့်မိသားစုဝင်အားလုံးက ရုပ်ရည်ချောမောပြေပြစ်ကြသူများ ဖြစ်သည်။ ရုပ်ရည်ချောမောသော လူငယ်တစ်ဦးက မိမိအား ကြည့်ပြီး ပြုံးပြလိုက်သည်ကို မြင်လိုက်ရသောကြောင့် ရှရှို့ကျွမ်း၏မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ သူမက ရှက်ကိုးရှက်ကန်း ပြန်ဖြေလိုက်ပြီး ခန်းမထဲမှ ပြေးထွက်သွားသည်။ သူမက ရောက်လာစကကဲ့သို့ အသည်းအသန် အလျင်လိုနေသည့်ပုံစံမျိုး မဟုတ်တော့ပေ။
ရှရှို့ကျွမ်း၏ ထိုအမူအရာကို မြင်လိုက်ရသည့် ဘိုးဘေးခန်းမအတွင်းရှိ လူများအားလုံး မျက်လုံး ပြူးသွားကြသည်။
‘ရှအဘိုးကြီးနဲ့ ရှအဘွားကြီးကတော့ တစ်သက်လုံး အလုပ်ကြိုးစားလာခဲ့ပေမယ့် အခုတော့ တကယ့်ကို အရှက်ကွဲရပြီ၊ နောင်ဆိုရင် သူတို့တွေ ရွာထဲမှာ ခေါင်းမော့နိုင်ကြတော့မှာ မဟုတ်ဘူး’
ရွာသူကြီးရှကလည်း သူတို့ ပြေလည်သွားသည်ကို မြင်သွားပြီး အားကိုးရာမဲ့ သက်ပြင်းချနိုင်သွားသည်။ ဤကိစ္စက ရှတာ့ရှန်း၏ မိသားစုအတွက်သာမကဘဲ ရှမျိုးနွယ်စုတစ်ခုလုံးအတွက်ပါ အရှက်ရစရာ ဖြစ်နေခြင်းပင်။ သို့သော် ယခု စုန့်မိသားစု၏ အကျပ်ကိုင်ခြင်းကို ခေါင်းငုံ့ခံနေရုံမှတပါး အခြားနည်းလမ်းလည်း မရှိတော့ပေ။
စုန့်မိသားစုတွင် ငွေကြေးရှိရုံမျှဖြင့် အခြေအနေက ဤမျှအထိ ကြီးကျယ်သွားမည် မဟုတ်သော်လည်း သူတို့အနေဖြင့် မြို့ပေါ်ရှိ သူကြွယ်ကြီးဝမ်၏ မိသားစုနှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေခြင်းက ရှမိသားစုကို ပို၍ သတိထားစေခဲ့သည်။
ရွာသူကြီးက စိတ်ဓာတ်ကျနေသော ရှမိသားစုဝင်များနှင့် မျက်နှာဖျော့တော့နေသည့် ရှအဘွားကြီးကို ကြည့်ကာ စုန့်ရှင်းယိအား လှမ်းပြောလိုက်သည်။
"ညီလေးစုန့်၊ အခုတော့ ဒီကိစ္စတွေအားလုံး ပြေလည်သွားပြီဆိုတော့ သူတို့ကို အိမ်ပြန်ပြီး သူတို့ဘာသာ သုံးသပ်ခိုင်းလိုက်ပါ့မယ်"
စုန့်ရှင်းယိက အလွယ်တကူ သဘောတူလိုက်သည်။
"ဒါက အစ်ကိုကြီး သဘောပါ၊ တကယ်လို့ ဒီနေ့ တာ့ပေါင်သာ ဒီလိုမဖြစ်ခဲ့ရင် ကျုပ်တို့လည်း ဒီလောက်အထိ ပြင်းပြင်းထန်ထန် လုပ်မိမှာ မဟုတ်ပါဘူး၊ ကျုပ်တို့လည်း ကြောက်လို့ပါ"
ရွာသူကြီးရှက ဖော်ဖော်ရွှေရွှေ ပြန်ပြောလိုက်သည်။
"ငါ နားလည်တာပေါ့၊ ငါ နားလည်တယ်"
စုန့်မိသားစုဝင်များ ထွက်ခွာရန် ပြင်ဆင်နေစဉ်တွင် ဝမ်ရှီက ရုတ်တရက် အသံမြှင့်ပြီး အော်ပြောလိုက်ပြန်သည်။
"နင်တို့က တာ့ပေါင်ကို ချစ်တယ်လို့သာ ပြောနေတာ၊ အခုလို အေးခဲနေတဲ့ အချိန်ကြီးမှာ အဖျားတက်နေတဲ့ တာ့ပေါင်ကို ဒီအထိ ခေါ်လာတယ်ပေါ့၊ ဒါ ကလေးကို ချစ်တာ မဟုတ်ဘူး၊ ကလေးကို သုံးပြီး ငါတို့ကို ခြိမ်းခြောက်တာပဲ၊ ငါ ဒါကို လုံးဝ လက်မခံနိုင်ဘူး"
ထိုစဉ် လီရှီ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေသော ကလေးက ရုတ်တရက် ထထိုင်လိုက်ပြီး ဝမ်ရှီကို မျက်နှာပြောင်ပြကာ အပြင်ဘက်သို့ ပျော်ပျော်ရွှင်ရွှင် ပြေးထွက်သွားတော့သည်။
လီရှီကလည်း ဘာမှမဖြစ်သလို ခပ်တည်တည် တုံ့ပြန်လိုက်သည်။
"စကားနဲ့တင် ပြောနေရင် နင်တို့ ယုံမှာမဟုတ်လို့ ကလေးကို ဒီအထိ ခေါ်လာပြတာလေ၊ အနည်းဆုံးတော့ နင်တို့မိသားစု ဘယ်လောက်တောင် ရက်စက်တယ်ဆိုတာ လူတိုင်း မြင်သွားပြီးပြီ၊ ဒါပေမယ့် ကလေးက အခု ရွာသူကြီးရှရဲ့အိမ်ထဲမှာ ရှိနေတာမို့ နင်တို့ စိတ်ပူစရာ မလိုဘူး၊ ပြီးတော့ နောင်ကျရင် ဒီကလေးက နင်တို့ မိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး"
သူမ ပြောနေသည့် စကားများ အဆုံးသတ်သွားချိန်တွင် မျိုးနွယ်စုခေါင်းဆောင်က ဘိုးဘေးခန်းမအတွင်းမှ သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုအထဲတွင် ထူထဲသော 'မျိုးရိုးစဉ်ဆက်မှတ်တမ်း ပါရှိပြီး မျိုးနွယ်စုခေါင်းဆောင်က ရှတာ့ရှန်း၏ မျိုးနွယ်စုအချက်အလက်ကို ရှာဖွေကာ စုတ်တံကို လှမ်းယူလိုက်ပြီး တာ့ပေါင်၏ အမည်ကို အလေးအနက် ဖြည်းဖြည်းချင်း ခြစ်ကာ ဖယ်ရှားလိုက်သည်။
နောက်ဆုံးတွင် အရာအားလုံး ပြန်မပြင်နိုင်တော့သည်ကို နားလည်သွားသည့် ဝမ်ရှီက ရင်ကွဲမတတ် အော်ဟစ်ငိုကြွေးနေပြန်သည်။
"ဒါတွေဖြစ်လာမယ်မှန်း သိရင် ဘာလို့များ ဒီလောက်အထိ လုပ်ခဲ့ကြတာလဲ၊ သူ့ကို အမြန်ဆုံး အိမ်ပြန်ခေါ်သွားကြစမ်း၊ ဒီမှာ ဆက်နေခိုင်းပြီး အရှက်ကွဲခံမနေကြနဲ့"
ရွာသူကြီးရှက ထိုစူးရှသော ငိုသံများကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။ သူက မျိုးနွယ်စုခေါင်းဆောင်ကို ကျေးဇူးတင်စကားပြောလိုက်ပြီး စုန့်ရှင်းယိနှင့် လီရှီတို့ကို သူ့အိမ်သို့ ဖိတ်ခေါ်လိုက်သည်။
ဝမ်ရှီက အားအင်ကုန်ခမ်းသည်အထိ ငိုယိုနေသောကြောင့် ပျော့ခွေသွားပြီး ရှမောင်ကမ်းက သူမအား ထမ်းပိုးကာ အိမ်သို့ ပြန်ခေါ်သွားသည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် တံခါးများနှင့် ပြတင်းပေါက်များ ပျက်စီးယိုယွင်းနေပြီး ကြမ်းပြင်ပေါ်တွင် အိမ်အတွင်းမှ ပစ္စည်းများအားလုံး ဖရိုဖရဲ ပြန့်ကျဲနေသည်ကို မြင်လိုက်ရသည်။
ဝမ်ရှီက ရှမောင်ကမ်း၏ ကျောပေါ်မှ လျောဆင်းသွားပြီး နောက်တစ်ကြိမ် ထပ်မံအော်ဟစ်ငိုယိုနေပြန်သည်။
"အိုက်ယား... သူတို့က ငါ့ကို သေအောင်သတ်ချင်နေကြတာပဲ၊ ငါ ဒီလိုမျိုးပုံစံနဲ့ ဘယ်လို ဆက်နေရတော့မှာလဲ"
အိမ်သို့ ပြန်ရောက်လာသည့် ရှအဘွားကြီးကလည်း နောက်ဆုံးတွင် အသက်ဝဝ ရှူနိုင်သလို ခံစားနေရသည်။ သူမက ဝမ်ရှီကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အိမ်ထဲသို့ ဝင်သွားခဲ့သည်။ သို့သော် လူစုရန်တော့ အမိန့်ပေးလိုက်သေးသည်။
“အားလုံး ပင်မအခန်းကို လာခဲ့ကြ”
ရှမောင်ကမ်းလည်း ပျက်စီးနေသော သူ့အိမ်ကို ရှင်းလင်းရန်ပင် မလုပ်နိုင်တော့ဘဲ ဝမ်ရှီကို ဆွဲခေါ်ကာ သူ့မိဘများနောက်မှ ပင်မအိမ်ကြီးထဲသို့ လိုက်ဝင်သွားသည်။
ပင်မအိမ်ကြီးအတွင်း ရှအဘိုးကြီးနှင့် ရှအဘွားကြီးတို့က ခန်ပေါ်တွင် ထိုင်နေကြပြီး ကလေးတချို့ကတော့ အိပ်ရာထဲ၌ ကပ်တွယ်နေကြသည်။ ကြမ်းပြင်ပေါ်တွင်လည်း လူတစ်အုပ်စု ရှိနေပြီး တစ်ခန်းလုံး ပြည့်နှက်နေသည်။
ရှအဘွားကြီး၏ အကြည့်များက သူမ၏သားသမီးများအပေါ် ဝေ့ဝဲကျရောက်သွားပြီး နောက်ဆုံးတွင် ရှမောင်ကမ်းထံ၌ ရပ်တန့်သွားသည်။ သူမက စိတ်ပျက်အားလျော့ဟန်ဖြင့် စကားစပြောလိုက်သည်။
"မောင်ကမ်း၊ နင်က ဒီမိသားစုမှာ အကြီးဆုံးသားပဲ၊ ငါနဲ့ နင့်အဖေက ငါတို့ အိုမင်းလာတဲ့အခါ နင့်ကိုပဲ အားကိုးဖို့ မျှော်လင့်ထားခဲ့တာ၊ နင် အဲ့ဒါကို နားလည်ရဲ့လား"
ရှမောင်ကမ်းက ခေါင်းငုံ့ထားရင်း စကားတစ်ခွန်းတည်းသာ ပြန်ဖြေနိုင်ခဲ့သည်။
“အင်း”
"အခုတော့.... နင့် မိသားစုကို နင် ပြန်ကြည့်စမ်း၊ ဒီမိသားစုလေးတစ်ခုကိုတောင် နင် ကောင်းကောင်း မကိုင်တွယ်နိုင်ဘူး၊ အခု နင့်မြေးအရင်းကိုတောင် ဘေးကင်းအောင် မစောင့်ရှောက်နိုင်ဘူး၊ ဒါက ငါတို့အားလုံးအတွက် တကယ့်ကို အရှက်ရစရာပဲ"
ရှအဘွားကြီးက အလွန်အမင်း ဒေါသထွက်နေပြီး ရှမောင်ကမ်း၏ ခေါင်းက ပိုငုံ့ကြသွားသည်။
တတိယချွေးမက အပူကျန်နေသေးသည့် လက်ဖက်ရည်အိုးကို ယူဆောင်လာပြီး တိုးညင်းသောအသံဖြင့် လှမ်းပြောလိုက်သည်။
"အဖေနဲ့ အမေ၊ ရေနွေးလေး အရင်သောက်လိုက်ပါဦး"
ရေနွေးတစ်ခွက် သောက်လိုက်ပြီးနောက်တွင် ရှအဘွားကြီးက အနည်းငယ် ဒေါသပြေသွားပုံဖြင့် ဆက်ပြောလိုက်သည်။
"အစကတော့ ငါလည်း အကြီးဆုံးသားရဲ့မိသားစုကိုပဲ အားကိုးပြီး ဒီမိသားစုကို ဦးဆောင်ခိုင်းမလို့ပဲ၊ အစဉ်အလာအရလည်း မိဘတွေက အကြီးဆုံးသားနဲ့ပဲ အတူနေကြရတာမဟုတ်ဘူးလား၊ ငါတို့မှာတော့ အကြီးဆုံးသားရဲ့ မိသားစုတစ်ခုလုံးက ဉာဏ်မမီကြဘူး၊ ဒါပေမယ့် ချွေးမတစ်ယောက်ကတော့ ဉာဏ်ကောင်းတယ်လို့ ထင်ထားခဲ့တာ၊ ဝမ်ရှို့ဟွား... နင် လုပ်သမျှအရာတွေကို ငါ သည်းခံခဲ့တာက နင်က ငါရဲ့အကြီးဆုံးချွေးမ ဖြစ်နေလို့ပဲ၊ အကြီးဆုံးမရီးအနေနဲ့ နင် စိတ်ကြီးဝင်နေတာကို ငါ နားလည်ပေးနိုင်တယ်၊ ဒါပေမယ့် နင် ဒီလောက်အထိတော့ မလုပ်သင့်ဘူးလေ၊ အဲဒါက နင်မြေးအရင်း မဟုတ်ဘူးလား၊ နင် သူ့အတွက် မစိုးရိမ်ဘူးလား"
ဝမ်ရှီက ရုတ်တရက် ဝုန်းခနဲ ဒူးထောက်လိုက်ပြီး ငိုယိုတောင်းပန်လိုက်သည်။
"ကျွန်မက ယွိလန် ပြန်လာစေချင်လို့ပါ၊ မဟုတ်ဘူး၊ မဟုတ်သေးဘူး အမေ၊ ဒါက ကျွန်မရဲ့အကြံ မဟုတ်ပါဘူး၊ သူ.... သူ ပြောတာပါ"
ဝမ်ရှီက မျက်လုံးပြူး မျက်ဆံပြူးဖြင့် တတိယယောင်းမကို လက်ညှိုးထိုးကာ စွပ်စွဲလိုက်သည်။ တတိယယောင်းမဖြစ်သူကတော့ အံ့အားသင့်ဟန်ဖြင့် သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်ရင်း ပြန်ပြောလိုက်သည်။
"အကြီးဆုံးယောင်းမ၊ ဘာတွေ ပြောနေတာလဲ၊ ဒါက ဘယ်လိုလုပ်ပြီး ကျွန်မရဲ့အကြံ ဖြစ်သွားရတာလဲ၊ ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး ကျွန်မ အကြီးဆုံးယောင်းမနဲ့ စကားတောင် မပြောဖြစ်ခဲ့ဘူးလေ"
"နင်ပဲ နင်ပဲ ပြောခဲ့တာလေ၊ တာ့ပေါင် ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်နေရရင် ယွိလန်က စိတ်အေးလက်အေး ဖြစ်သွားပြီး ပြန်လာတော့မှာ မဟုတ်ဘူးတဲ့၊ တာ့ပေါင်သာ ဆာလောင်ပြီး အဝတ်စုတ်တွေ ဝတ်ထားရင် စိတ်ပျော့တဲ့ ယွိလန်က မနေနိုင်ဘဲ ပြန်လာလိမ့်မယ်လို့ နင် ပြောခဲ့တာလေ၊ ငါ အဲဒါကို ကြားခဲ့တယ်၊ ငါ ကြားခဲ့တယ်၊ ငါက ယွိလန်ကို ပြန်ခေါ်ချင်လို့ ဒီလိုတွေ လုပ်ခဲ့တာ"
ဝမ်ရှီကတော့ ရူးမတတ် ဖြစ်နေချေပြီ။ ဤတစ်ကြိမ် သူမ မလွတ်မြောက်နိုင်ပါက အမှန်တကယ် ကွာရှင်းခံရတော့မည်ကို သူမ သိနေခဲ့သည်။ တတိယယောင်းမကလည်း ဒေါသတကြီး ပြန်ရန်တွေ့လိုက်သည်။
"အကြီးဆုံးယောင်းမ၊ စကားကို စဥ်းစားပြီးမှ ပြောနော်၊ ကျွန်မက အဲဒီလိုပြောတယ်လို့ ယောင်းမက စွပ်စွဲနေတော့ ခိုင်မာတဲ့ သက်သေရှိလို့လား၊ ဘယ်တုန်းက ကျွန်မ အဲဒီလို စကားမျိုးကို အကြီးဆုံးယောင်းမကို ပြောခဲ့လို့လဲ"
တတိယချွေးမကလည်း ရှအဘွားကြီးရှေ့၌ ဒူးထောက်လိုက်သည်။
"အမေ၊ ကျွန်မက အကြီးဆုံးယောင်းမနဲ့ မတည့်ဘူး ဆိုပေမယ့် ဒီလိုစကားမျိုးကိုတော့ ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး၊ အမေလည်း သိနေတာပဲ၊ တာ့ပေါင်က အမေကို အမြဲခင်တွယ်နေခဲ့တာလေ၊ ပြီးတော့ တာ့ပေါင်က လိမ္မာပြီး ဉာဏ်ကောင်းတဲ့ ကလေးပါ၊ သူ့အဘွားက ဘယ်လိုစိတ်နဲ့များ တာ့ပေါင်ကို အန္တရာယ်ပြုချင်ရတာလဲ၊ ပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျွန်မ နှစ်သစ်ကူးအတွက် အလုပ်ရှုပ်နေတာပါ၊ အကြီးဆုံးယောင်းမကလည်း သူ့အိပ်ရာထဲမှာပဲ နေနေတာလေ၊ ကျွန်မတို့ စကားတောင် မပြောဖြစ်ကြပါဘူး"
ပြောနေရင်းနှင့်ဖြင့် သူမကလည်း ငိုကြွေးနေခဲ့သည်။
"အမေ၊ ကျွန်တော့်မိန်းမက ရည်မှန်းချက်ကြီးပြီး ယှဉ်ပြိုင်လိုစိတ်ရှိပေမယ့် အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက ဘာလဲဆိုတာ သူ သိပါတယ်၊ သူ ဒီမိသားစုထဲကို ရောက်လာပြီးကတည်းက ဒီနှစ်တွေတစ်လျှောက်လုံး သူ အားလုံးကို ဂရုစိုက်ပေးခဲ့တယ်၊ တာ့ပေါင်အတွက်လည်း ချည်ဖိနပ်အသစ်နဲ့ အင်္ကျီတစ်ထည်တောင် လုပ်ပေးခဲ့သေးတယ်၊ သူက အဲဒီကလေးကို တကယ်ချစ်တာပါ၊ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး ပြောနိုင်မှာလဲ၊ အမေ၊ အမေက ကျွန်တော့်မိန်းမအတွက် ရပ်တည်ပေးရမယ်"
ရှမောင်ကမ်းက ဝင်ပြောလိုက်ပြီး ရှအဘိုးအို၏ တတိယသားဖြစ်သော ရှလောင်စန်းကလည်း ဒူးထောက်ရင်း ဝင်ပြောလိုက်သည်။
"အမေ... ကျွန်တော့်မိန်းမက အဲဒီလိုလူမျိုး လုံးဝမဟုတ်ပါဘူး၊ အကြီးဆုံးမရီး လျှောက်ပြောနေတဲ့ စကားတွေကို အမေ မယုံပါနဲ့"
ရှအဘွားကြီးက ဝမ်ရှီကို အေးတိအေးစက် ကြည့်ကာ ထပ်မေးလိုက်သည်။
"တတိယချွေးမက အဲ့လို ပြောခဲ့တယ်ဆိုရင် သူက နင့်ကို ဘယ်တုန်းက ပြောခဲ့တာလဲ"
ဝမ်ရှီက ငိုယိုရင်း ရှင်းပြလိုက်သည်။
"ရှေ့ရက် အနည်းငယ်တုန်းက ကျွန်မ ညနက်သန်းခေါင်က ဗိုက်နာလာလို့ အိမ်သာသွားရင်း တတိယမောင်လေးတို့ အခန်းရှေ့က ဖြတ်တော့ သူတို့ပြောနေတာကို ကြားခဲ့တာပါ"
ဝမ်ရှီ၏ စကားမဆုံးခင်ကပင် တတိယချွေးမက လှောင်ပြုံးပြုံးရင်း ကြားဖြတ် ဝင်ပြောလိုက်သည်။
"ဪ.. ဒါဆိုရင် အကြီးဆုံးယောင်းမက သူ့မောင်နဲ့ ယောင်းမ ပြောတဲ့ စကားတွေကို ခိုးနားထောင်ချင်တဲ့ ဝါသနာရှိတာပေါ့လေ၊ ညဘက် လင်မယားနှစ်ယောက် အိပ်ရာထဲမှာ တိုးတိုးတိတ်တိတ် ပြောတာတွေက ကျွန်မတို့နှစ်ယောက်ကြားမှာပဲ ရှိရမှာလေ၊ ဒါပေမယ့် အကြီးဆုံးယောင်းမက ဘာလို့ မရမက ခိုးနားထောင်နေရတာလဲ"
ဝမ်ရှီက ပြန်လည်ငြင်းခုံလိုက်သည်။
"နင်က ငါ စိတ်ပူနေတာ သိပြီး ငါ ကြားအောင် ပြောခဲ့တာလေ၊ ပြီးတော့ ဒီလိုစကားမျိုး ပြောတာက တာ့ပေါင်အပေါ် ရက်စက်ရာကျတယ်၊ အမေက တာ့ပေါင်ကို ချစ်မှန်း သိနေလို့ နင်က သူ့ကို သတ်ဖို့ နည်းလမ်းရှာနေတာ မဟုတ်ဘူးလား"
တတိယယောင်းမကလည်း ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
“ဒါဆို အကြီးဆုံးယောင်းမ ညနက်သန်းခေါင်က ဗိုက်နာတာကလည်း ကျွန်မကြောင့်ပေါ့လေ၊ ကျွန်မတို့ အခန်းထောင့်ကို အကြီးဆုံးယောင်းမ ရောက်လာပြီး ဆောင့်ကြောင့်ထိုင်နေတာကရော ကျွန်မ ခိုင်းခဲ့တာလား၊ ဒါတွေ ထားပါဦး... တာ့ပေါင်ကို ဘာမှမကျွေးတာက အကြီးဆုံးယောင်းမလေ၊ အဝတ်အစား ကောင်းကောင်း မဝတ်ပေးတာလည်း အကြီးဆုံးယောင်းမပဲ၊ မိုးမလင်းခင် မှောင်မှောင်မဲမဲထဲ အိမ်ကနေ ထွက်သွားခိုင်းတာလည်း အကြီးဆုံးယောင်းမပဲလေ၊ အခုကျတော့ ကျွန်မကို ရက်စက်တယ်လို့ လာပြောနေတာလား"
စကားအဆုံးတွင် သူမက မျက်ရည်များ သုတ်လိုက်ပြီး ရှအဘွားကြီးကို ဝမ်းနည်းပက်လက် ကြည့်ကာ ထပ်ပြောလိုက်သည်။
"အမေ... မောင်ရှန်းနဲ့ ကျွန်မက ဘာရယ်မဟုတ် ပြောဖြစ်ကြတာပါ၊ ကျွန်မယောက်ျားကတောင် အချိန်တန်ရင် တာ့ရှန်းကို တာ့ပေါင်နဲ့အတူ စုန့်မိသားစုဆီ လွှတ်လိုက်မယ်လို့ ပြောခဲ့သေးတယ်၊ ကလေးက ငိုပြီး သူ့အမေကို လွမ်းတယ်၊ ဘာမှ မစားဘူးလို့ ပြောရင် စိတ်ပျော့တဲ့ စုန့်ယွိလန်က ပြန်လိုက်လာမှာလို့ ပြောခဲ့ကြတာပါ၊ ဒါကို အကြီးဆုံးယောင်းမက ခိုးနားထောင်ရုံတင်မကဘဲ စကားကို နားလည်မှုလွဲသွားတာပါ၊ သူ တာ့ပေါင်အပေါ် ဒီလောက်ရက်စက်မယ်လို့ ဘယ်သူသိမှာပဲ၊ ဘာပဲဖြစ်ဖြစ် တာ့ပေါင်က သူ့မြေးအရင်းပဲ"
"ဟုတ်ပါတယ် အမေ၊ ကျွန်တော့်မိန်းမက စိတ်သဘောထားကောင်းတဲ့သူပါ၊ အမေလည်း သိသားပဲ၊ သူက ဒီလိုရက်စက်တဲ့ စကားမျိုး ဘယ်လိုလုပ် ပြောပါ့မလဲ"
ရှမောက်ရှန်းကလည်း ဝင်ပြောလိုက်ပြန်သည်။
"ပြီးတော့ အကြီးဆုံးမရီးက သူ အိပ်ရာထဲ လဲနေတယ်ဆိုပြီး တာ့ပေါင်ကို အခန်းထဲ ပိတ်ထားတာလေ၊ ကျွန်တော်တို့သာ သိရင် ဒါကို ဘယ်လိုမှ ခွင့်ပြုခဲ့မှာ မဟုတ်ဘူး"
ထိုစကားကြောင့် ရှအဘွားကြီး၏ အကြည့်များက ဝမ်ရှီထံသို့ ထိုးစစ်ဆင်သလို ကျရောက်သွားပြန်သည်။
"ဝမ်ရှို့ဟွား နင့်မှာ ဘာပြောစရာ ကျန်သေးလဲ"
ဝမ်ရှီလည်း သူမ၏ အမှားများကို မည်သို့မျှ မဖုံးကွယ်နိုင်တော့မှန်း သိသွားပြီး ခေါင်းငုံ့ငိုယိုရုံသာ တတ်နိုင်တော့သည်။
"အမေ... ကျွန်မ ခဏလောက် စိတ်ရှုပ်ထွေးသွားပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်း ကင်းမဲ့သွားလို့ပါ၊ စုန့်ယွိလန်သာ ပြန်မလာရင် ကျွန်မတို့တာ့ရှန်းမှာ မိန်းမ ရှိတော့မှာ မဟုတ်ဘူးလေ၊ တာ့ပေါင်မှာလည်း အမေ မရှိတော့မှာကို ကျွန်မ စိုးရိမ်လွန်းလို့ စိတ်လောသွားမိတာပါ"
"ဟမ့်!" ရှအဘွားကြီးက အေးစက်စက် နှာမှုတ်လိုက်သည်။
"စိုးရိမ်လို့ ဟုတ်လား၊ နင်က သူတို့အတွက် တွေးပေးတာပေါ့လေ၊ ရွံစရာကောင်းလိုက်တာ ဝမ်ရှို့ဟွား.... နင်က နင့်အကျိုးအတွက်ပဲ ကြည့်တာ၊ စုန့်ယွိလန် ဒီအိမ်ကို ရောက်လာကတည်းက နင်က သူ့ခန်းဝင်ပစ္စည်းတွေကို မျက်စိကျနေခဲ့တာလေ၊ နင် သူ့ကို အမြဲတမ်း နှိမ်ထားဖို့ ကြိုးစားနေတာတွေက ကြာလှပြီ၊ ဒါတွေက ခုမှ ဖြစ်တဲ့ကိစ္စ မဟုတ်ဘူး၊ နင်တို့ မိသားစုကိစ္စမို့ ငါ ဝင်မပါခဲ့တာ၊ ဒါပေမယ့် နင်က စုန့်ယွိလန်ကို နင့်အတွက် အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေ ဝယ်ပေးဖို့တောင် ပြောခဲ့တယ်မလား၊ အဲ့တုန်းက အရမ်းမလွန်ဖို့ ငါ နင့်ကို သတိမပေးခဲ့ဘူးလား၊ အခုတော့ ဘာဖြစ်လဲ... စုန့်မိသားစုက ငါတို့ တံခါးဝကို ရောက်လာပြီး ဒါတွေကို အော်ပြောခဲ့တာလေ၊ ငါရဲ့ မျက်နှာအိုကြီး အရှက်ရလွန်းလို့ မြေကြီးထဲတောင် ပျောက်ကွယ်သွားချင်မိတယ်”
"နင်က စုန့်ယွိလန်ရဲ့ ခန်းဝင်ပစ္စည်းတွေကို သိမ်းထားရုံတင်မကဘဲ သူ ရှာလို့ ရလာတဲ့ ငွေတွေကိုပါ ချုပ်ကိုင်ထားခဲ့တာ၊ တာ့ရှန်းနဲ့ ယွိလန်ဆီကနေ နင် ပိုက်ဆံတွေ၊ ပစ္စည်းတွေ အမြဲတမ်း တောင်းနေတာကို ငါ မသိဘူး ထင်နေလား၊ နင်ရဲ့ အကျင့်စရိုက်ကို စောစောစီးစီး မသိခဲ့တာက ငါ့အမှားပဲ၊ ရှမိသားစုရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့အတွက် ငါ့သားကို နင်နဲ့ စောစောစီးစီး ကွာရှင်းခိုင်းလိုက်ရမှာ"
"အမေ... အမေ၊ အမေ အဲ့လို လုပ်လို့ မရဘူး၊ ကျွန်မကို မကွာရှင်းခိုင်းပါနဲ့"
ဝမ်ရှီတစ်ယောက် လုံးဝ စိတ်ပျက်အားငယ်သွားပြီး ရှအဘွားကြီး၏ ခြေထောက်ကို ဖက်တွယ်ကာ ငိုယိုတောင်းပန်နေခဲ့သည်။
"အမေ... ကျွန်မ အမေနဲ့ အဖေ့ကို လုပ်ကျွေးပြုစုလာတာ နှစ်တွေ အများကြီး ရှိနေပါပြီ၊ ကျွန်မရဲ့ခင်ပွန်းကို အလုပ်အကျွေးပြုခဲ့သလို သားသမီးတွေကိုလည်း စောင့်ရှောက်ပေးခဲ့ပါတယ်၊ တခြားအရာတွေကို ထည့်မတွက်ရင်တောင် ကျွန်မရဲ့ ကြိုးစားအားထုတ်မှုတွေကို တွေးပြီး ငဲ့ညှာပေးပါဦး အမေရယ်"
ရှအဘွားကြီးက ရှမောင်ကမ်းကို လှမ်းကြည့်ပြီး လေးလေးပင်ပင် ထပ်ပြောလိုက်သည်။
"အကြီးဆုံးသား... အခု ငါ နင့်ကို ရွေးချယ်စရာ နှစ်ခုပေးမယ်၊ ပထမတစ်ခုက ဒီမိန်းမကို ကွာရှင်းပစ်လိုက်၊ ဒုတိယတစ်ခုကတော့ ငါတို့ အိမ်ခွဲကြမယ်၊ နင်တို့အားလုံး ကိုယ့်လမ်းကိုယ်သွားပြီး ကြိုက်သလိုနေကြတော့၊ ငါနဲ့ နင့်အဖေ ဘာမှ ဝင်မပတ်သက်တော့ဘူး"
"အမေ"
ရှမောင်ကမ်းက ရှအဘွားကြီးကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေလေသည်။
"အမေ... အဖေ... ကျွန်တော် မသွားဘူး၊ ကျေးဇူးပြုပြီး အိမ်ခွဲဖို့ မပြောပါနဲ့"
သူက မိသားစုတွင် အကြီးဆုံးသား ဖြစ်ပြီး အကယ်၍ သူ သီးသန့် အိမ်ခွဲထုတ်ခံလိုက်ရလျှင် နောင်အခါ ကဲ့ရဲ့ရယ်မောခြင်း ခံရမည်ပြီး အလွန်ပင် အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။
သို့သော် ဝမ်ရှီကတော့ မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်မိသွားသည်။ အကယ်၍ အိမ်ခွဲလိုက်မည်ဆိုပါက သူမကိုယ်တိုင် အိမ်ထောင်ဦးစီး လုပ်နိုင်ပြီး ဆုံးဖြတ်ချက်များ ချနိုင်မည်ဖြစ်ရာ ကွာရှင်းခံရမည့် ဘေးကိုလည်း ကြောက်နေစရာ မလိုတော့ပေ။
ထိုအတွေးနှင့်အတူ သူမက မျက်ရည်များ စီးကျနေရင်း ရှမောင်ကမ်းကို ကြည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
"ကလေးတွေအဖေ... ကျွန်မကိုတော့ မကွာရှင်းပါနဲ့နော်... ကျွန်မတို့ နှစ်ဆယ်ကျော်အတူရှိခဲ့တာလေ၊ ကျွန်မ ရှင်အပေါ် ဘယ်တုန်းကမှ အမှား မလုပ်ခဲ့ဖူးပါဘူး၊ ကလေးတွေအဖေ..."
အမှန်တကယ်တွင် ရှမောင်ကမ်းကလည်း သူ၏ဇနီးကို ကွာရှင်းရန်နိုင်ပေ။ ဝမ်ရှီ၏ လုပ်ရပ်များက မည်သို့ပင်ဖြစ်စေကာမူ လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း သူမက သူ့ကို အစစအရာရာ ပြုစုယုယ ပေးခဲ့သည်။
‘တကယ်လို့ သူ သူမနဲ့ ကွာရှင်းလိုက်ရရင် သူ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး အေးစက်နေတဲ့ အိမ်၊ အေးစက်နေတဲ့ အိပ်ရာကိုပဲ ရင်ဆိုင်ရတော့မှာလေ၊ သူ အဲ့ဒီဒဏ်ကိုလည်း ခံနိုင်ရည် မရှိဘူး’
ရှအဘွားကြီးကလည်း အခြေအနေကို ရိပ်မိသွားပြီး အကြည့်ကို အောက်စိုက်ကာ ထပ်မေးလိုက်သည်။
"အကြီးဆုံးသား... နင့်အတွက် နင့်မိန်းမက ပိုအရေးကြီးလား ဒါမှမဟုတ် မိဘတွေက ပိုအရေးကြီးလားဆိုတာ သေသေချာချာ စဉ်းစားနော်"
"အဖေ... အမေကို မကွာရှင်းပါနဲ့၊ နောင်ကျရင် ကျွန်တော် ပိုကြိုးစား အလုပ်လုပ်ပြီး အဖေတို့ နှစ်ယောက်လုံးကို ထောက်ပံ့ပါ့မယ်၊ အမေ့ကို မကွာရှင်းပါနဲ့"
ထိုအချိန်တွင် ရှတာ့ရှန်းက မိဘအပေါ်သိတတ်သည့် သားလိမ္မာအသွင်ဖြင့် ဖခင်ဖြစ်သူ၏ ခြေထောက်ကို ဆုပ်ကိုင်ရင်း တောင်းပန်လိုက်သည်။
ရှရှို့ကျွမ်းကတော့ အေးစက်စက်ဖြင့်သာ ရပ်ကြည့်နေခဲ့သည်။
‘ဘာပဲဖြစ်ဖြစ် သူမက နောက်ဆုံးမှာ အိမ်ထောင်ပြုရမှာလေ၊ သူတို့ အိမ်မခွဲဘူးဆိုရင် အဘွားက သူမအတွက် ခန်းဝင်ငွေ ပိုပေးနိုင်တော့ သူမ နည်းနည်းပိုရနိုင်မယ်။ မိသားစု ခွဲလိုက်ရင် အမေက အကြီးဆုံးအစ်ကိုကိုပဲ အာရုံစိုက်ပြီး သူမကို ဂရုစိုက်မှာမှ မဟုတ်တာ’
ထိုသို့ တွေးမိသည်နှင့် ရှရှို့ကျွမ်းတစ်ယောက် စတင်ငိုကြွေးတော့သည်။
"အဖွား... ကျွန်မ အဖွားတို့ကို မခွဲနိုင်ဘူး၊ မသွားချင်ဘူး၊ အဖွားဘေးမှာပဲ နေချင်တယ်၊ ဟင့်..."
ရှမောင်ကမ်း တစ်ယောက် တစ်ခါမျှ ဤမျှလောက် စိတ်မသက်မသာ ဖြစ်ခဲ့ဖူးခြင်း မရှိပေ။ သူ၏ စိတ်ထဲတွင် အတွေးများရှုပ်ထွေးနေပြီး သူ့မျက်လုံးများကလည်း ဝေဝါးနေလေသည်။ ခဏအကြာတွင် သူက သွားကြားထဲမှ လေသံဖြင့် ခက်ခက်ခဲခဲ ပြောလာခဲ့သည်။
"ကျွန်တော်... ကျွန်တော် အိမ်မခွဲဘူး"
အိမ်မခွဲဟု ဆုံးဖြတ်လိုက်ခြင်းက သူ့မိန်းမကို ကွာရှင်းတော့မည်ဟု အဓိပ္ပာယ်ရသည်။ ဝမ်ရှီတစ်ယောက် ရင်ကွဲပက်လက် အော်ဟစ်ငိုကြွေးရင်း မေ့မြောသွားတော့သည်။
ရှမိသားစုအတွင်းမှ အရှုပ်အထွေးများကို ထားရစ်ခဲ့ပြီးနောက် လီရှီနှင့် စုန့်ရှင်းယိတို့က အိမ်သို့ မပြန်ဘဲ တာ့ပေါင်ကို ခေါ်ဆောင်ကာ မြို့ပေါ်သို့ တိုက်ရိုက် တက်သွားခဲ့ကြသည်။ ပထမအကြောင်းက တာ့ပေါင်ကို မြို့ပေါ်ရှိ ဆေးခန်း၌ ပြသပေးရန် ဖြစ်ပြီး နောက်တစ်ချက်က စုန့်ကျစ်ရွှမ်း၊ ဟူထောင်နှင့် တုတန်တို့ကို နှစ်သစ်ကူးအတွက် ပြန်ခေါ်သွားချင်သောကြောင့် ဖြစ်သည်။
သာယာပျော်ရွှင်ဖွယ်ကောင်းသော နှစ်သစ်တစ်ခုက ရှမိသားစုကြောင့် ပရမ်းပတာဖြစ်ခဲ့ရပြီး ပွဲတော်အငွေ့အသက်များလည်း ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော်လည်း သူတို့ စီစဉ်ထားသည့်အတိုင်း နှစ်သစ်ကူးကို ဆက်လက်ဆင်နွှဲကြရမည်ဖြစ်ပြီး နှစ်သစ်ကူးလက်ဆောင်များ ပေးပို့ရန် အချိန်အနည်းငယ် နောက်ကျသွားခဲ့သည်။ သူတို့ အိမ်သို့ ပြန်ရောက်လာချိန်တွင် မှောင်ပင်မှောင်နေပြီ ဖြစ်သည်။
အိမ်တွင် ဖန့်ရှီနှင့် ကျန်းရှီတို့က အသားလုံးမျိုးစုံ ကြော်ခြင်းနှင့် အသားဟင်းများကို မီးအေးအေးဖြင့် ချက်ပြုတ်ခြင်းတိုဖြင့် အလုပ်ရှုပ်နေကြသည်။ မုန့်ပေါင်းများ ပြုလုပ်ရန်မှအပ အားလုံးနီးပါး အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
လီရှီက အိမ်သို့ရောက်သည်နှင့် အခြားမိသားစုငါးစုထံသို့ နှစ်သစ်ကူးလက်ဆောင်များ ပေးပို့ရန် လူခွဲတာဝန်ပေးလိုက်သည်။ မကြာသေးမီက ဖြစ်ပျက်ခဲ့သည် အရှုပ်အထွေးတွင် မိသားစုတိုင်းက သန်မာထွားကြိုင်းသော လူငယ်များလည်း ဝင်ရောက်ကူညီပေးခဲ့ကြသည်။ ထို့ကြောင့် နှစ်သစ်ကူးလက်ဆောင်များကို ရက်ရက်ရောရောနှင့် အလျှံအပယ် ပေးပို့ရန် ပြင်ဆင်ထားခဲ့သည်။
စုန့်ကျစ်ယွမ်နှင့် စုန့်ကျစ်ချန်းတို့က နောက်ထပ် ဝက်တစ်ကောင်ကို သတ်လိုက်ကြပြီး မိသားစုတိုင်းအတွက် ဝက်သား အများအပြား ပြင်ဆင်ပေးခဲ့ကြသည်။ ထို့ပြင် သစ်သီးယိုတစ်ပန်ကန်၊ သကြားစိမ်သစ်သီးတစ်အိုး၊ အေးခဲထားသော သစ်တော်သီးနှင့် တည်သီးများ၊ ဂေါ်ဖီထုပ်ချဉ်အိတ်ကြီးတစ်အိတ်၊ ရတနာရှစ်ပါး ဟင်းသီးဟင်းရွက်ချဉ်တစ်ဘူးနှင့် ပဲငံပြာရည်တစ်ဘူးတို့ကိုပါ ထည့်ပေးလိုက်ကြသည်။
လက်ဆောင်တောင်းထဲတွင် အပြည့်အလျှံ ထည့်ထားသော ထိုလက်ဆောင်များက သူတို့၏ စိတ်ရင်းစေတနာကို ပြသရန် လုံလောက်နေခဲ့သည်။
ယခုတစ်ကြိမ်တွင်တော့ စုန့်တင်းရှန်းက လက်ဆောင်လိုက်မပို့တော့ဘဲ မိသားစုအသီးသီးမှ အမျိုးသားများက ကျန်းရှီတို့နှင့်အတူ လိုက်ပါသွားကြသည်။ ကျန်းရှီက စုန့်လောင်စန်း၏ အိမ်သို့ သွားခဲ့ပြီး သူမ ပြန်ရောက်လာချိန်တွင် မကျေမနပ်ဖြစ်လာပုံရသည်။
"လောင်ပါ့ရဲ့ဇနီးက တကယ့်ကို တွက်ချက်လွန်းတယ်၊ ငါတို့ပေးလိုက်တဲ့ အသားတွေ သူ စားနေရတာကို မြင်ရတာတောင် နှမြောနေမိပြီ"
လီရှီက လှမ်းမေးလိုက်သည်။
"ဒီတစ်ခါလည်း သူတို့ ဘာတွေ ထပ်ပြောလိုက်ပြန်ပြီတုန်း"
ကျန်းရှီက ဒေါသအရှိန်ဖြင့် လှောင်ရယ် ရယ်ကာ ပြန်ပြောလိုက်သည်။
"အဲဒီ ကျူးရှီ ပြောတာကို နားထောင်ကြည့်ဦးလေ၊ နောင်ပိုင်း ဒီလို ရန်ဖြစ်စရာမျိုးတွေ ရှိသေးရင် သူတို့ကို ခေါ်ဖို့ မမေ့နဲ့ဦးတဲ့၊ အဲဒါက လူစကားလို့ အမေ ထင်လား"
လီရှီက အေးစက်စွာ နှာမှုတ်ရင်း ပြန်ပြောလိုက်သည်။
"ခွေးပါးစပ်ကနေ ဆင်စွယ်ထွက်လာဖို့ မမျှော်လင့်နဲ့တော့အေ၊ နောက်နှစ်ကစပြီး အဲဒီအိမ်က ချွေးမတွေကို အလုပ်ရုံမှာ ပေးမလုပ်တော့ဘူး၊ လောင်ဝူရဲ့အိမ်က ချွေးမတွေကိုပဲ အလုပ်ပေးလုပ်တော့မယ်၊ သူတို့က တကယ့်ကို အရှက်မရှိကြဘူး"
စုန့်တင်းရှန်းက ဘေးမှ နားထောင်ရင်း ရယ်သံဖြင့် ဝင်ပြောလိုက်သည်။
“တကယ်ပြောရရင်တော့ တတိယအဖိုးတို့ရဲ့မိသားစုကလည်း အိမ်ခွဲပြီးသွားတာ ကြာနေပြီလေ၊ အဋ္ဌမအဒေါ်က လုပ်ခဲ့တဲ့ အမှားတွေအတွက် ပဉ္စမအဒေါ်က ပေးဆပ်စရာ မလိုဘူးလေ၊ အမှန်တော့ ဒီနှစ်လည်း သမီး သူတို့မိသားစုဝင်တွေကို အလုပ်လာ လုပ်ခိုင်းဖို့ မရည်ရွယ်ထားခဲ့ဘူး၊ ထောက်ထားရမယ့် မျက်နှာတွေ ရှိလို့သာ ခေါ်ခဲ့တာ၊ အဋ္ဌမအဒေါ်လည်း လာချင်နေပေမယ့် အမေက သူ့ကို ပြန်သွားခိုင်းလိုက်တာလေ”
လီရှီက ဖက်ထုပ်လုပ်ရန် အာရုံစိုက်နေသော စုန့်ရှင်းယိကို တစ်ချက်လှမ်းကြည့်ပြီးမှ ပြန်ပြောလိုက်သည်။
"အိမ်ခွဲတယ်ဆိုရင် အိမ်ခွဲတဲ့အတိုင်းပဲ နေရမှာပေါ့၊ ငါတို့မိသားစုကို ထည့်မပြောနဲ့... အကြီးဆုံးခဲအိုနဲ့ ဒုတိယခဲအိုတို့ အိမ်ခွဲတဲ့အကြောင်းကို ပြန်စဥ်းစားကြည့်လိုက်၊ အိမ်ခွဲပြီးတဲ့နောက်မှာ လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ် နေထိုင်ကြတာ မဟုတ်ဘူးလား၊ အခု သူတို့က ငါတို့မိသားစုကို လိုက်ပြီး အတုခိုးနေတာလေ၊ အိမ်ခွဲပြီးသွားတာတောင် အဘွားကြီးက အာဏာကို ဆုပ်ကိုင်ထားချင်တုန်းပဲ၊ သူတို့က ငါတို့မိသားစုလို နေရင် ချမ်းသာမယ်လို့ ထင်နေပုံပါပဲ"
စုန့်ရှင်းယိက ခပ်တိုးတိုးလေး မာန်မဲလိုက်သည်။
"အဲ့ဒါတွေ ထပ်မပြောနဲ့တော့၊ နောက်နှစ်ကျရင် သူတို့ကို ပေးမလာတော့ဘူးလို့ပဲ ပြောလိုက်"
လီရှီက နှုတ်ခမ်းစူလိုက်ပြီး စုန့်တင်းရှန်းဘက်သို့လှည့်ကာ မျက်ခုံးပင့်ပြလိုက်သည်။ စုန့်တင်းရှန်းကတော့ မအောင့်နိုင်တော့ဘဲ ဟားတိုက်ရယ်မောနေလေသည်။
ယခု ပိုင်ရှီ၏ ဗိုက်က တော်တော်လေး ထွက်နေပြီဖြစ်သည်။ စုန့်ကျစ်ရွှမ်းက တစ်ရက်နေ့ကျော်မှသာ စာသင်ကျောင်းသို့ ပြန်သွားရမည်ဖြစ်ပြီး မိန်းမဖြစ်သူ၏ အနားတွင် အဖော်ပြုပေးရန် အချိန်ရနေခဲ့သည်။
သူက လီရှီတို့၏ စကားဝိုင်းကို နားထောင်နေရင်း ပိုင်ရှီကို ရှင်းပြနေသည်။
"ကိုယ်တို့ရဲ့ တတိယဦးလေးမိသားစု ဆင်းရဲနေတာက သူတို့ကိုယ်တိုင် ဖန်တီးခဲ့တဲ့ ပြဿနာတွေကြောင့်လေ၊ သူတို့က သူတို့ ဘာမှ မလုပ်တတ်ဘူးဆိုပြီး လယ်ထဲကိုပဲ ခေါင်းစိုက်ထားကြတယ်၊ ဒါပေမယ့် ဘာမှလည်း မတိုးတက်လာဘူး၊ သူတို့ ဆင်းရဲနေတော့ လူတိုင်းက သူတို့ကို တစ်ခုခုပေးသင့်တယ်လို့ တွေးကြပြန်တယ်၊ ဒါပေမယ့် တစ်ခုတော့ ကောင်းပါတယ်လေ၊ သူတို့တွေ ပြဿနာရှာခဲ့လို့ပေါ့၊ မဟုတ်ရင် တင်းရှန်း ရှမိသားစုထဲ ရောက်သွားပြီး တကယ်ကို ဒုက္ခရောက်နေမှာ"
ပိုင်ရှီက ခေါင်းညိတ်လိုက်သော်လည်း လက်ကတော့ အလုပ်လုပ်နေဆဲပင်။
"ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းဆိုတာ တစ်ခုနဲ့တစ်ခု ယှဥ်တွဲနေတာလို့ ပြောကြတယ်လေ၊ တကယ်တော့ တင်းရှန်းအတွက်လည်း အဆိုးကနေ အကောင်းဖြစ်လာတာပါ၊ ရှေ့လျောက် ကျွန်မတို့အတွက် ပျော်ရွှင်စရာနေ့ရက်တွေ အများကြီး ရှိလာဦးမှာပါ၊ ဘာလို့ သူတို့ကြောင့်နဲ့ စိတ်ညစ်ခံနေရမှာတုန်း၊ စုန့်ထောင်ဟုန်က အခု ခရိုင်အရာရှိကတော် ဖြစ်နေပြီဆိုပေမယ့် အရင်က သူတို့ အမျာကြီး တွေးခဲ့ကြမှာ မဟုတ်ဘူး၊ သမီးတစ်ယောက် ရှမိသားစုထဲ ရောက်သွားတာနဲ့ ချမ်းသာသွားမယ်လို့ပဲ တွက်ထားကြမှာ၊ အခု သူတို့ ကိုယ်စိုက်တဲ့အသီး ကိုယ်ပြန်ရိတ်သိမ်းနေရတာပါပဲ"
ဖန့်ရှီက နှာခေါင်းတစ်ချက်ရှုံ့ကာ ကဲ့ရဲ့ဟန်ဖြင့် ဝင်ပြောလိုက်သည်။
"ငါ့ရဲ့ အာ့နွီနဲ့ တခြားမိန်းခလေးတွေကို ထည့်မတွက်ရရင် ငါ အဲဒီမိန်းမရဲ့ မျက်နှာကို ဆွဲကုတ်ပစ်မိမှာ အသေအချာပဲ။ ဒါပေမယ့် ငါတို့ရဲ့ နေ့ရက်တွေ ပိုကောင်းလာလေလေ၊ သူက ပိုပြီး ဆိုးရွားလာလေလေ ဖြစ်နေတာကို မြင်ရတော့ ငါ တော်တော်ပျော်သွားတယ်၊ အိုက်ယား.... ငါတို့ ရှမိသားစုရွာကို သွားတုန်းက သူ ဘယ်လိုနေရလဲဆိုတာ မေးခဲ့သင့်တာ"
စုန့်တင်းရှန်းက အပြုံးဖြင့် ပြောလိုက်ပြန်သည်။
"နောက်ရက်အနည်းငယ်ကြာရင် သိရမှာပါ အမေရယ်။ မနှစ်က သူနဲ့တွေ့တော့လည်း သူ့ပုံစံက သိပ်မဟန်လှပါဘူး၊ ဒီနှစ်တော့ ဘယ်လိုနေမလဲ မသိဘူး၊ သမီးတို့မိသားစုကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်ရှေ့ရေးကိုပဲ တွေးကြမယ်"
‘မူလပိုင်ရှင်ရဲ့ မတရားသေဆုံးမှုကို သူမ မသိတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အခု သူမမှာ တခြားလုပ်နိုင်စွမ်းတွေ မရှိသေးဘူးလေ။ အဲ့တော့ တခြားဘာမှ မစဉ်းစားနိုင်သေးခင်မှာ လက်ရှိ မိသားစုရဲ့ အခြေအနေ ပိုတိုးတက်လာအောင်၊ မူလပိုင်ရှင်ရဲ့ မိဘတွေနဲ့ အဘိုးအဘွားတွေအတွက် ပိုပြီး ကောင်းမွန်တဲ့ ဘဝတစ်ခု ယူပေးနိုင်အောင် အာရုံစိုက်ဖို့ပဲ ရှိတော့တယ်။ ရှမိသားစုက ငြိမ်နေရင်တော့ အကောင်းဆုံးပဲ၊ တကယ်လို့ သူတို့ အငြိမ်မနေရင်တော့ သူမကလည်း သူတို့ကို ပြဿနာရှာဖို့ နည်းလမ်းလေးတွေ စဥ်းစားပေးရမှာပေါ့’
လီရှီက အခိုင်အမာ ပြောပြလာခဲ့သည်။
"သူ အဆင်ပြေပါ့မလား၊ ငါတို့မိသားစု ဒီလောက် ဆူပူသောင်းကျန်းခဲ့တာလေ၊ သူ့အတွက်တော့ အခြေအနေ ပိုဆိုးသွားမှာကို ငါ စိုးရိမ်မိပါရဲ့၊ တကယ်တော့ ဒါကလည်း အဆိုးထဲက အကောင်းပါပဲ၊ ငါတို့တာ့နွီလည်း ဒီအရှုပ်အထွေးတွေထဲမှာ ဆက်နေဖို့ မလိုတော့ဘူးပေါ့၊ ငါတို့ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပေမယ့် တာ့ပေါင်ကတော့ စုန့်မျိုးရိုးကို ပြန်ခံယူနိုင်ခဲ့ပြီ၊ ငါတို့ရဲ့ တာ့နွီ အိမ်ထောင်ပြန်မပြုဘူးဆိုရင်တောင် သူ့မှာ လယ်ယာမြေတွေ ရှိသေးတယ်၊ ခန်းဝင်ပစ္စည်းတွေလည်း ရှိတယ်၊ အားကိုးစရာ သားတစ်ယောက်လည်း ရှိနေပြီဆိုတော့ ကောင်းမွန်တဲ့ ဘဝတစ်ခု ရနိုင်ပါသေးတယ်"
"အမေပြောတာ မှန်တယ်၊ တာ့နွီမှာ မိခင်မိသားစုရဲ့ အထောက်အပံ့လည်း နေသေးတယ်၊ ဘာကို ကြောက်နေရမှာလဲ"
ဖန့်ရှီက ပြန်တက်ကြွလာပြီး ပြုံးပြုံးရွှင်ရွှင် ဝင်ပြောလိုက်သည်။
စည်းလုံးညီညွှတ်လှသော မိသားစုဝင်များကို ကြည့်ရင်း ပိုင်ရှီ၏ ရင်ထဲ၌ ကြည်နူးမှုများ ပြည့်နှက်လာသည်။ သို့သော် သူမ၏အပြုံးက ရုတ်တရက် ပျောက်ကွယ်သွားပြီး ဗိုက်ကို ဖိကာ အော်ဟစ်လိုက်သည်။
“အား”
လီရှီ၏ လက်များက တုန်ယင်သွားပြီး သူမ ကိုင်ထားသော ဖက်ထုပ်က အမှတ်မထင် ပြားသွားခဲ့သည်။ သူမက စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။
"ဘာဖြစ်လို့လဲ၊ အချိန်က စောသေးတယ် မဟုတ်ဘူးလား"
ရက်တွေ တွက်ကြည့်ရင် လဝက်လောက် လိုနေသေးတာ မဟုတ်ဘူးလား?
"ကျွန်မ... ကျွန်မ..."
ပိုင်ရှီ၏ မျက်နှာက ဖြူဖျော့နေသည်။
"အမေ... ကျွန်မ ဗိုက်နာနေပြီ၊ ကလေးမွေးတော့မယ် ထင်တယ်"
တစ်မိသားစုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး လုပ်လက်စ ဖက်ထုပ်များကို ပစ်ထားကာ သူတို့ ကြိုဖိတ်ခေါ်ထားသည့် ဆေးဆရာနှင့် ဝမ်းဆွဲသည်ဆီသို့ ပြေးကြရန် ပြန်သည်။ နှစ်သစ်ကူးကာလ ဖြစ်နေသော်လည်း ကြိုတင်ချိတ်ဆက်ထားသည့် ဝမ်းဆွဲသည်ကို ခန်ပေါ်မှ ဆွဲချလာကြပြီး မူလက သဘောတူထားသည့် အခကြေးငွေထက် နှစ်ဆပေးကာ ချက်ချင်း လိုက်လာပေးရန် အသည်းအသန် ဆွဲခေါ်သွားကြသည်။
ယခုကလေးက ပိုင်ရှီအတွက် ပထမဆုံးရင်သွေးလေးဖြစ်ပြီး သူမကိုယ်တိုင်ကလည်း နုနုနယ်နယ် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမ၏ခြေထောက်များက အဆင်မပြေသောကြောင့် အိမ်အပြင်သို့ သိပ်မထွက်ဘဲ ဝင်းခြံထဲ၌သာ အနေများသူ ဖြစ်သည်။
သူမ၏ စားသောက်မှုပုံစံကလည်း ကြောင်တစ်ကောင်စာ ရှိပြီး အစားအသောက်လည်း အလွန်ရွေးလေ့ရှိသည်။ ရွာတွင် နေထိုင်ရင်း အနည်းငယ် ပိုသန်မာလာသော်လည်း ရွာမှ ကျေးလက်မိန်းကလေးများနှင့် နှိုင်းယှဉ်လျှင်တော့ နုနယ်လွန်းနေဆဲပင်။
ထိုကြောင့် ကလေးမွေးဖွားချိန်တွင် နာကျင်မှုဒဏ်ကို အလူးအလဲ ခံနေရပြီး နှစ်သစ်ကူး၏နေ့ခင်းရောက်သည်အထိ အော်ဟစ်နေရသည်။ နောက်ဆုံးတွင် ဂျင်ဆင်းပြုတ်ရည်ကို မှီခိုကာ အသက်ဆက်ခဲ့ရပြီး ကလေးကို ချောချောမောမော မွေးဖွားနိုင်ခဲ့သည်။
"သမီးလေးပါ"
ဝမ်းဆွဲသည်က အနီရောင်အနှီးလေးဖြင့် ထုပ်ထားသော ကလေးငယ်ကို ဂရုတစိုက် ပွေ့ချီရင်း လှမ်းပြောလိုက်သည်။
"မိုးကောင်းကင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"
လီရှီက လက်အုပ်ချီ ဆုတောင်းပြီးမှ ဝမ်းဆွဲသည်ကို ဆုလာဘ်ငွေ ပေးလိုက်သည်။
"မိန်းကလေးက အရမ်းကောင်းတယ်၊ ငါတို့မိသားစုက မိန်းကလေးတွေအားလုံးက သန်မာကြတယ်"
"ကျွန်တော့်ရဲ့ဇနီး အဆင်ပြေရဲ့လား"
စုန့်ကျစ်ရွှမ်းကလည်း စိုးရိမ်တကြီး လှမ်းမေးနေသည်။
ဝမ်းဆွဲသည်က ဆုငွေကို ယူကာ အားရပါးရ ပြုံးနေရင်း ပြန်ဖြေလိုက်သည်။
"အဆင်ပြေတယ်၊ အားလုံး အဆင်ပြေပါတယ်၊ အခု အရမ်းပင်ပန်းသွားလို့ အနားယူဖို့ပဲ လိုတော့တာပါ၊ ကျွန်မကို မေးရင်တော့ ရှင်တို့မိသားစုက မိန်းကလေးတွေကို တကယ်ပဲ ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ထားတာပဲ၊ လှလည်းလှ၊ တော်လည်းတော်ကြတယ်၊ လူတိုင်းက ချီးကျူးနေတာလေ၊ အခု ပထမဦးဆုံး ကိုယ်ဝန်ဆိုတော့ မိန်းကလေးဖြစ်နေတာ ဘာမှ စိုးရိမ်စရာမရှိဘူး၊ ဒါက အရင် ပန်းပွင့်ပြီး နောက်မှ အသီးအနှံတွေ သီးတဲ့ကိစ္စမျိုးပဲ၊ နောက်ပိုင်း ကျန်းမာတဲ့ သားယောက်ျားလေး မွေးဖွားလာလိမ့်မယ်၊ ဒါက နိမိတ်ကောင်းပဲ"
စုန့်ကျစ်ရွှမ်းက အပြုံးဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။
"အဒေါ်ရဲ့မင်္ဂလာရှိတဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်၊ နောက်တစ်ခါဆိုရင်လည်း အဒေါ်ကိုပဲ ထပ်ဖိတ်ပါ့မယ်"
ပိုင်ရှီကတော့ အိပ်မောကျနေပြီး ဘာကိုမှ မသိလိုက်ပေ။ သူမ ပြန်နိုးလာချိန်တွင် အဝတ်အစားများ လဲလှယ်ပေးထားပြီး ဖြစ်ကာ နွေးထွေးသော အိပ်ရာပေါ်တွင် သန့်သန့်ရှင်းရှင်း လဲလျောင်းနေရပြီ ဖြစ်သည်။ သူမ၏ ဘေးနားတွင် ပါးနီနီလေးနှင့် ကလေးငယ်လေး ရှိနေပြီး သူမ၏ မိခင်ဖြစ်သူက အိပ်ရာဘေးတွင် ထိုင်ကာ ကလေးအဝတ်အစားလေးများနှင့် အလုပ်ရှုပ်နေသည်ကို သူမ တွေ့လိုက်ရသည်။
"အမေ..."
မိမိ၏ မိခင်ကို မြင်လိုက်ရချိန်တွင် ပိုင်ရှီ၏ မျက်ဝန်းမှ မျက်ရည်များ ချက်ချင်း စီးကျလာသည်။
မိခင်ဖြစ်သူက ချက်ချင်း နှစ်သိမ့်ပေးလိုက်သည်။
"ဘာလို့ ငိုနေတာလဲ၊ ဒါက မင်္ဂလာရှိပြီး ပျော်ရမှာလေ၊ ငါတို့မြေးမလေးက နှစ်ဆန်းတစ်ရက်နေ့မှာ မွေးတာလေ၊ အရမ်း ကံကောင်းပြီး ပျော်စရာကောင်းတဲ့ အတိတ်နိမိတ်ပဲ"
ပိုင်ရှီက တစ်နေ့နှင့်တစ်ည ဒုက္ခခံပြီးမှ မွေးဖွားလာသည့် သမီးလေးကို ကြည့်ကာ မျက်ရည်များထပ်ကျလာပြန်သည်။
"သူက အရမ်းရုပ်ဆိုးတာပဲ၊ သမီးက သူ့ကို သမီးနဲ့ မတူစေချင်ဘူး"
လျိုရှီက မအောင့်နိုင်ဘဲ ရယ်မောလိုက်သည်။
"ရုပ်ဆိုးတယ် ဟုတ်လား၊ နင့်ယောက္ခမ ပြောတာတော့... ဒီကလေးမလေးက နောက်ကျရင် သူ့အဖေလိုပဲ တကယ့် အလှလေး ဖြစ်လာမှာတဲ့"
ပိုင်ရှီက ခေါင်းညိတ်လိုက်ပြီးမှ စိုးရိမ်တကြီး ပြန်မေးလိုက်ပြန်သည်။
"အမေ... သမီးက သမီးလေးမွေးတာဆိုတော့ ယောက္ခမက တစ်ခုခု ပြောသေးလားဟင်"
လျိုရှီက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"နင့်ယောက္ခမက အရမ်းပျော်နေတာပါဟယ်၊ သမီးလေးမွေးတာ ဘာဖြစ်လဲ၊ ဒီအိမ်က သမီးတွေ ဆင်းဆင်းရဲရဲ နေရတာကို နင်မြင်ဖူးလို့လား၊ ယွိလန်ဆိုရင်လည်း ကံဆိုးနည်းနည်း ရှိခဲ့တယ်လို့ ငါ ကြားတယ်၊ အခု အိမ်ပြန်ရောက်လာပြီး မိသားစုရဲ့ ထောက်ပံ့မှုကို ရနေပြီလေ၊ ရှေ့လျှောက် ကောင်းဖို့ပဲ ရှိတော့တယ်၊ နင် ဒီလိုမိသားစုထဲကို ရောက်လာတာ မြင်ရတာ အမေ တကယ်ဝမ်းသာတယ်၊ ဒါနဲ့... ဗိုက်ဆာနေပြီလား၊ အမေ ကြက်စွပ်ပြုတ် သွားယူပေးမယ်"
လျိုရှီ ထွက်သွားပြီးနောက် လီရှီက အပြုံးဖြင့် ဝင်လာပြန်သည်။
"အခန်းထဲကနေ အသံတွေ ကြားကတည်းက နင် နိုးလာပြီဆိုတာ ငါ သိသားပဲ၊ မောနေတုန်းလား"
ပိုင်ရှီက ထထိုင်ရန် ကြိုးစားသော်လည်း လီရှီက သူမကို ပြန်ဖိထားလိုက်သည်။
"နင် အားနည်းနေသေးတယ်၊ နာလည်း နာနေဦးမှာပဲ၊ ဆေးဆရာ ပြောတာကတော့ နင့်ခန္ဓာကိုယ်က အရမ်းနုနယ်တယ်တဲ့၊ နင့်မှာ ခြေထောက်သေးသေးလေးတွေ ရှိနေတာကတော့ စိတ်မကောင်းစရာပဲ၊ တကယ်လို့ နင့်ခြေထောက်တွေသာ သာမန်အတိုင်း ကြီးနေမယ်ဆိုရင် တင်းရှန်းတို့၊ ကျဲကျင်းတို့နဲ့အတူ ပြေးလွှားဆော့ကစားနိုင်ပြီး နင် ဒီလောက် အားနည်းနေမှာ မဟုတ်တော့ဘူး၊ စိတ်မပူပါနဲ့၊ ဘာပဲဖြစ်ဖြစ် နောက်ကျရင် အမေ နင့်ကို သေသေချာချာ ဂရုစိုက်ပေးပါ့မယ်"
ထိုစဉ် လျိုရှီက ကြက်စွပ်ပြုတ်နှင့် ပြန်ဝင်လာခဲ့သည်။ သူမက သမီးဖြစ်သူကို ကြက်စွပ်ပြုတ် တိုက်နေရင်း ညည်းညည်းညူညူ ပြောပြလာခဲ့သည်။
"အဲဒီတုန်းက သူ့ခြေထောက်တွေကို ဒီလိုမျိုး စည်းခဲ့မိတာ ကျွန်မ ဦးနှောက် မရှိလို့ပါ၊ အဲ့အတွက်နဲ့ သူ့အဖေကလည်း ကျွန်မကို အများကြီး ဆူပူခဲ့တယ်၊ ကျွန်မက ချမ်းသာတဲ့အိမ်က သမီးတွေ ခြေထောက်သေးသေးလေးတွေနဲ့ လှနေတာကို အားကျခဲ့မိတာလေ၊ အခုမှပဲ ကျွန်မ နားလည်တော့တယ်၊ ချမ်းသာတဲ့အိမ်က မိန်းကလေးတွေက ဟိုဟိုဒီဒီ မပြေးနိုင်တော့ အားနည်းပြီး ကလေးရဖို့ ခက်ခဲကြတာပဲ၊ ဒါတွေအားလုံးက အမေ့အပြစ်ပါပဲ သမီးရယ်"
ပိုင်ရှီက မိခင်ဖြစ်သူကို ချက်ချင်း နှစ်သိမ့်ပေးလိုက်သည်။
"အမေ့အပြစ် မဟုတ်ပါဘူး၊ သမီးရဲ့ ခြေထောက်တွေ သေးနေရင်တောင် ဝင်းထဲမှာ လမ်းလျှောက်လို့ ရတာပဲ၊ နောက်ဆိုရင် သမီး ကျန်းမာအောင် ပိုကြိုးစားပါ့မယ်"
လီရှီက သူမကို စောင်သေသေချာချာ ခြုံပေးရင်း သတိပေးနေသည်။
"ကလေးမွေးပြီးရင် မီးနေသည်ဘဝက အိမ်ထဲမှာ ကောင်းကောင်း အနားယူသင့်တယ်၊ ဒီနှစ်တော့ နင် အိမ်ထဲမှာပဲ နေသင့်တယ်လို့ ငါ ထင်တယ်၊ ကလေး နည်းနည်းကြီးလာပြီး နင်လည်း အားပြန်ပြည့်လာမှ တတိယသား စာသင်တဲ့ဆီကို လိုက်သွားပေါ့"
လျိုရှီကလည်း ထောက်ခံလိုက်သည်။
"ဟုတ်တယ်၊ ခမည်းခမက် ပြောတာ မှန်တယ်၊ သူ ရှင့်အနားမှာ နေပြီး ရှင့်ကို ပြုစုပေးသင့်တယ်၊ သားမက်အတွက်ကတော့ ရှင်တို့ နှစ်ယောက်လုံး စိတ်မပူပါနဲ့၊ ကျွန်မက သူ့ယောက္ခမပါ၊ သူ့ကို အစားမကျွေးဘဲ မနေပါဘူး"
ပိုင်ရှီက စုန့်ကျစ်ရွှမ်း၏ အနားတွင် အမြဲရှိနေချင်သော်လည်း လက်ရှိအခြေအနေအရ မသင့်တော်မှန်း သိနေသောကြောင့် အလွယ်တကူ သဘောတူလိုက်သည်။ ဤမိသားစုက ကောင်းမွန်လွန်းလှပြီး ဤနေရာတွင် နေရသည်က ဘာမှ ပူစရာမရှိဘဲ ရွယ်တူမိန်းကလေးများနှင့်လည်း စကားပြောနိုင်သောကြောင့် ဘဝက စိတ်ဝင်စားစရာ ကောင်းလှသည်။
သူတို့ စကားစမြည် ပြောဆိုနေစဉ်ချိန်မှာပင် စုန့်တင်းရှန်းတစ်ယောက် အခန်းထဲသို့ ဝင်လာပြီး အဖွားဖြစ်သူကို လှမ်းပြောလိုက်သည်။
"အဖွား... စုန့်ထောင်ဟုန်က နှစ်သစ်ကူးအတွက် နှုတ်ဆက်ဖို့ ရောက်လာတယ်"
..........။...........။......
စာရေးသူ၏ မှတ်ချက်:
စုန့်တင်းရှန်း: "ဘာပြောစရာ ရှိသေးလဲ၊ ကျွန်မ အလုပ်များနေတယ်"