← Chapters

ယဇ်ပူဇော်ရာမိုး

Vol. 5 Ch. 416

ယဇ်ပူဇော်ရာမိုး

Vol. 5 Ch. 416

ချန်ပေသိုက ချန်ကျင်းချင်ကို ငုံ့ကြည့်လိုက်သည်။

"နားထောင်… ဒီမိုးရေကို ယဇ်ပူဇော်ရာ မိုးရေလို့ ခေါ်တယ်"

လူအများသည် တိုက်ပွဲတွင် အနိုင်ရရန် အတွက် ဝတ်ပြုခြင်းကို ပြုလုပ်ကြလေသည်။

ယခု ချန်ပေသိုက မိုးရွာခြင်းမှာ ယဇ်ပူဇော်ရာ မိုးဆိုသည့် အတွက် သူ၏ နောက်ထပ်ခြေလှမ်းမှာ တိုက်ပွဲ တစ်ခုကို တိုက်ခိုက်ရန် ဖြစ်ပေလိမ့်မည်။

သို့သော် ကျုန်းစန်းတောင်တွင်တော့ ယဇ်ပူဇော်ရန် အတွက် ဝိညာဉ်များ သိပ်များများစားစား မရှိနိုင်ပေ။

ကျုန်းစန်းတောင် တစ်ခွင် ထွက်ပေါ်လာသည့် အလင်းတန်းများကို မြင်တွေ့ရပြီးသည့်နောက် သူ၏ စိတ်အာရုံများမှာ ပိုပြီး ပြတ်သား လာလေသည်။ ထိုအလင်းတန်းများမှာ ကျုန်းစန်း တောင်တစ်ခွင်မှ ဝိညာဉ်များပင် ဖြစ်လေသည်။

ယဇ်ပူဇော်ရာမိုးရေက ထိုဝိညာဉ်များကို တဖြည်းဖြည်း အားနည်း သွားစေလေသည်။

အလင်းတန်းများသည် သွေးအိုင်များ အဖြစ် ပြောင်းလဲကာ မိုးရေထဲတွင် ပျောက်ကွယ် ကုန်ကြလေသည်။

ချန်ကျင်းချင်မှာ ထိုဝိညာဉ်များကို သနားလျက် ရှိလေတော့သည်။

ထိုဝိညာဉ်များ အားလုံးမှာ တစ်ချိန်က သက်ရှိ သတ္တဝါများ ဖြစ်ကြပြီး ယခုတော့ ယဇ်ပူဇော်ရာ အသုံးချခံများ အဖြစ် ပြောင်းလဲခဲ့ရပြီ။ ထိုသူများတွင် ရှင်းပြခွင့် မရှိသလို ပြန်လည် တိုက်ခိုက် နိုင်စွမ်းလည်း မရှိခဲ့ကြရှာပေ။

အချို့ဝိညာဉ်များကတော့ တန်ခိုးစွမ်းအား အနည်းငယ် မြင့်မားသည့် အတွက် တောင်စောင့်နတ် ဝတ်ကျောင်းတော်ကို တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင်တော့ မိုးရေအောက်တွင် ပျောက်ကွယ် သွားရသည်ပဲ ဖြစ်လေသည်။

"ချန်ပေသို… မင်းက ဘာဖြစ်ချင်နေတာလဲ"

ဝိညာဉ်များ၏ မကျေမနပ်သံသည် ဆူညံလျက် ရှိလေ၏။

လူသားအသွင် သဏ္ဌာန်တစ်ခုသည် မိုးရေကို ဖြတ်သန်းကာ ဝတ်ကျောင်းတော် ရှေ့သို့ ရောက်ရှိ လာလေသည်။

"တောင်စောင့်နတ်သခင်၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ လိုချင်တာ အားလုံး ပေးပါ့မယ်၊ ကျွန်တော့်ရဲ့ ဝိညာဉ်ကို ပေးဆိုရင်တောင် ပေးပါ့မယ်"

ချန်ပေသိုက တုတ်တုတ်မျှပင် မလှုပ်ပေ။

ထိုသူက ချန်ကျင်းချင်ဘက်သို့ လှည့်လိုက်ပြီး…

"ဒီကညီလေး၊ ကျွန်တော့်အတွက် တောင်းပန်ပေးပါဦး"

ချန်ကျင်းချင်က တောင်းပန်ပေးရန် အတွက် ချန်ပေသိုကို လှည့်ကြည့်လိုက်သည်။

သို့သော် ထိုလူသားသည် ရုတ်တရက်ပင် ကြီးမားသော ဝက်ဝံကြီး တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားကာ ချန်ကျင်းချင်ကို ခုန်အုပ်လိုက်လေသည်။

သို့သော် ဓားရောင်တစ်ချက် လက်ခနဲဖြစ်သွားပြီး ဝက်ဝတ် နတ်မိစ္ဆာ၏ ခန္ဓာကိုယ်မှာ တစ်စစီ ဖြစ်သွားကာ မိုးရေများနှင့် ရောနှောနေသည့် သွေးစက်များပင်လျှင် ချန်ကျင်းချင်၏ မျက်နှာသို့ လာစဉ်လေသည်။

ဝက်ဝံနတ်မိစ္ဆာသည် သူ့ကိုအဘယ့်ကြောင့် တိုက်ခိုက်လိုရပါသနည်းဟု ချန်ကျင်းချင် စဉ်းစားနေလေသည်။ သူ့ကို ဓားစာခံအဖြစ် ဖမ်းဆီလို၍လား…။

ချန်ပေသိုသည် မိုးရေထဲတွင် မတ်တတ် ရပ်နေလေသည်။

မမြင်ရသည့် မိုးမြေစွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ဆီသို့ စီးဆင်း ဝင်ရောက် နေကြလေသည်။

တောင်စောင့်နတ် သခင်သည် အလွန်မှ ခမ်းနားလွန်းလှသည်ဟု ချန်ကျင်းချင်က ချန်ပေသိုကို ငေးမောကြည့်ရင်း တွေးနေမိလေသည်။

ထိုအချိန်မှာပင် တောင်စောင့်နတ်ဝတ် ကျောင်းတော်သည် ပျောက်ကွယ် သွားခဲ့လေပြီ။

နတ်ဘုရား တစ်ပါးရှိလျှင် ဝတ်ကျောင်းတော် ရှိရမည်။

ဤသည်မှာ ရှန်ဝါဒ၏ သဘောတရားပင် ဖြစ်လေသည်။

"ငါတို့သွားတဲ့ ကျင့်စဉ်လမ်းက မြေကြီးပေါ်မှာ မရှိဘူး၊ ကောင်းကင်ထက်ကလမ်း…"

မှော်ဆရာမ၏ အသံသည် သူ့နားထဲတွင် ပဲ့တင် ထပ်နေလေသည်။

"ငါတို့သွားတဲ့ ကျင့်စဉ်လမ်းက မြေကြီးပေါ်မှာ မရှိဘူး၊ ကောင်းကင်ထက်ကလမ်း…"

"ငါတို့သွားတဲ့ ကျင့်စဉ်လမ်းက မြေကြီးပေါ်မှာ မရှိဘူး၊ ကောင်းကင်ထက်ကလမ်း…"

"ငါတို့သွားတဲ့ ကျင့်စဉ်လမ်းက မြေကြီးပေါ်မှာ မရှိဘူး၊ ကောင်းကင်ထက်ကလမ်း…"

မှော်ဆရာမနှင့် အတူ ချန်ကျေးရွာသားများ အားလုံး ထိုစာသားကို အော်ဟစ်ကာ ချန်ပေသိုကို ဝတ်ပြု ကိုးကွယ်ခဲ့ကြဖူးသည်။

ထိုဓမ္မတေးသံကို ချန်ကျင်းချင်လည်း သဘောကျလေသည်။

ကျုန်းစန်းတောင်တစ်ခွင်လုံးသည် ချန်ပေသို၏ ထင်ရှားကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကို နက်ရှိုင်းစွာ လက်ခံကြသည်။

ကျုန်းစန်းတောင်သည် မိုးရေအောက်တွင် သွေးများဖြင့် လွှမ်းလျက် ရှိလေသည်။

မိုးရေထဲတွင် ချန်ပေသို၏ ဓားရောင်ကလည်း လက်ခနဲ လက်ခနဲ တောက်ပနေလေသည်။

ချန်ကျေးရွာနှင့် ဆန်းလျန် နေထိုင်သည့်နေရာ နှစ်နေရာမှလွဲပြီး ကျန်သည့် နေရာများတွင် မိုးကြီး  သည်းထန်စွာ ရွာသွန်းခဲ့လေသည်။

မိုးသည်းထန်စွာ ရွာနေသည့်တိုင် ဆန်းလျန်နေထိုင်ရာ တောင်နံရံ တစ်ခုဘေးတွင်တော့ ခြောက်သွေ့လျက် ရှိလေသည်။

"ဒီမိုးကို ယဇ်ပူဇော်ရာမိုးလို့ ခေါ်တယ်"

ချန်ပေသိုက ချန်ကျင်းချင်ကို ရှင်းပြနေသကဲ့သို့ ဆန်းလျန်ကလည်း ဖန်းယန်ယင်းကို ရှင်းပြ နေခဲ့လေသည်။

ဖန်းယန်ယင်းက ဆန်းလျန်၏ စကားများကြောင့် အံ့သြသွားရပြီး…

"သူက ကျုန်းစန်းတောင်ပေါ်က ဝိညာဉ်တွေနဲ့ နတ်မိစ္ဆာတွေကို ယဇ်ပူဇော် ပစ်ခဲ့တာပေါ့၊ သူ ဝဋ်လည်မှာ မကြောက်ဘူးလား"

"အပြစ်မရှိတဲ့ သူတွေရဲ့ အသက်တွေဆိုရင်တော့ အပြစ်ရှိမှာပေါ့၊ ဒါပေမဲ့ အခု ယဇ်ပူဇော်ခံလိုက်ရတဲ့ သူတွေကတော့ မိုးနဲ့မြေအတွက် အမှိုက်တွေပဲ၊ သူတို့ကြောင့် မိုးနဲ့မြေဟာ နေ့ရောညပါ ပျက်စီး နေကြရတယ်"

ဆန်းလျန်က ရှင်းပြလိုက်သည်။

ဖန်းယန်ယင်းက ထိုအကြောင်းများကို ဆန်းလျန်ဆီမှာ ယခင်ကလည်း ကြားဖူးပြီးသား ဖြစ်လေသည်။

"ဆရာဦးလေး၊ တောင်စောင့်နတ်က အခုလို ယဇ်ပူဇော်လိုက်လို့ ပိုပြီး စွမ်းအား ကြီးမားလာရင် ဆရာဦးလေး ဒုက္ခရောက်မှာပေ့ါ"

"မင်းပြောတာ မှန်တယ်၊ ဒါပေမဲ့ ဒါက ငါတို့ နှစ်ယောက်လုံး အပြန်အလှန် သဘောတူထားတဲ့ အချက်ပဲ၊ သူက မိုးရွာဖို့အတွက် ရေကို ချန်ကျင်းချင်ကို ယူခိုင်းခဲ့တယ်၊ အဲဒီကိစ္စက ချန်ကျင်းချင် ဘယ်လိုမှ မတတ်နိုင်တဲ့ကိစ္စပဲ၊ ဒါပေမဲ့ ကျုပ်က ချန်ကျင်းချင်ကို ကူညီပေးခဲ့တယ်၊ ဒါက ကျုပ်က သူ့ကို ယဇ်ပူဇော်ရာမိုး ရွာခွင့်ပေးလိုက်ပြီး ချန်ကျင်းချင်ကို ကျုပ်က ချင်းရွှမ်ကို ပညာသင်ဖို့ ခေါ်သွားမယ်ဆိုတဲ့ သဘောတူညီမှုပါပဲ"

ဆန်းလျန်က ပေါ့ပေါ့ပါးပါးပင် ဖန်းယန်ယင်းကို ရှင်းပြလိုက်လေသည်။ ထို့နောက် သူက အေးချမ်းစွာ ပြုံးလိုက်သည်။

ဖန်းယန်ယင်းက…

"ဒါပေမဲ့ ဆရာဦးလေး ဓားသိုင်းပြိုင်ပွဲမှာ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ"

ရော့စွေမြစ်ရေကို ရေအိုးထဲသို့ ထည့်ပေးလိုက်ရသည့် အတွက် ဆန်းလျန်သည် တန်ခိုး စွမ်းအားများစွာကို အသုံးပြုခဲ့ရလေသည်။ ထို့ပြင် ချန်ပေသို၏ ယဇ်ပူဇော်ရာ မိုးကိုလည်း ခွင့်ပြုပေးခဲ့သည်။

ဖန်းယန်ယင်း မဟုတ်ဘဲ အခြားတစ်ယောက်သာ ဆိုလျှင် ဆန်းလျန်မှာ စိတ်မှ နှံ့သေးရဲ့လားဟု ထင်မှတ်ဖွယ်ရာ ရှိလေသည်။

သို့သော် ဖန်းယန်ယင်းကတော့ သူမ၏ ဆရာဦးလေးသည် အမြဲတမ်း အကြောင်းပြချက် ရှိနေတတ်ပြီး အရူးတစ်ယောက် မဟုတ်ကြောင်း ကောင်းစွာ သိနေခဲ့လေသည်။

"ချန်ပေသို လုပ်ချင်တဲ့ဆန္ဒကို ကျုပ်က ဘယ်လို လုပ်သွား တားဆီးနိုင်မှာလဲ၊ ပြီးတော့ ဒီလို အချိန်တိုတိုနဲ့ တန်ခိုးစွမ်းအားတွေ မြင့်တက်လာဖို့ဆိုတာ ကောင်းတဲ့ အရာတော့ မဟုတ်ဘူး"

ဆန်းလျန်အသံက အကြင်နာတရား ကင်းမဲ့နေလေသည်။

"ဆရာဦးလေး၊ ဒါဆို သူက ဓားသိုင်းပြိုင်ပွဲမှာ သူလုပ်ခဲ့တဲ့ အရာတွေရဲ့ လွှမ်းမိုးခြင်းကို ခံရပြီး အားနည်းချက် ထွက်ပေါ်လာမယ်လို့ ပြောချင်တာလား၊ တာအို ဆရာသခင်ကြီး ပြောခဲ့သလို "အပြစ်တွေ များနေရင် တာအို ကျင့်ကြံသူဟာ ခရီးမရောက်နိုင်ဘူး" ဆိုသလိုလား"

ဖန်းယန်ယင်းသည် ဆရာဦးလေးဖြစ်သူကို သူမ၏ အမြင်များကို ပြောပြရင်း ဝေဖန် နေလေတော့သည်။

***

All Chapters