ထူးဆန်းသော လူသား
Vol. 114 Ch. 1706
လက်ရှိတွင် သူ နာကျင်နေ၏။ သူ ခံပြင်းလွန်း၍ သွေးပင် အန်မိသည်။ ယခုအချိန်၌ သူ မည်မျှ စိတ်လှုပ်ရှား နေသလဲ တွေးကြည့်နိုင်ပေသည်။
လီစစ်ယွီ ချက်ချင်း အရှက်ရသွားပြီး ဘာအသံမှ မထွက်ရဲချေ။
သို့သော် လီချန်ကျစ်က လက်မခံချေ။ သူ အေးတိအေးစက် ခနဲ့သံပေး၍ အဘိုးအိုကို မကြည့်ဘဲ တစ်ဖက်လှည့် နေသည်။
အဘိုးအိုလီသည် အရူးသဖွယ် ရယ်လိုက်ငိုလိုက် လုပ်နေပြီးနောက် ဒေါသကြောင့် သတိလစ်သွားသည်။
“အဘိုး”
“အဘိုး”
“မိသားစုခေါင်းဆောင်”
ရုတ်တရက် ပတ်ဝန်းကျင်က အုတ်အော်သောင်းနင်း ဖြစ်လာပြီး လူတိုင်း အဘိုးအိုလီကို ကူညီရန် ပြေးလာ ကြသည်။
အဘိုးလီသည် လီမိသားစု၏ တစ်ခုတည်းသော ထောက်တိုင် ဖြစ်သည်။ သူသာ တစ်ခုခု ဖြစ်သွားပါက လီမိသားစု လုံးဝ ပျက်စီးသွားပေလိမ့်မည်။
ထိုသို့သောအချိန်၌ လျန့်ဝမ်ကျန်းသည်လည်း မိသားစုခေါင်းဆောင် ငါးယောက်လုံး အညံ့ခံလိုက်သည့် သတင်းကို ကြားသွားခဲ့သည်။ ငါးယောက်လုံး စိတ်လိုလက်ရ လက်ဆောင်ပဏ္ဍာများ ဆက်သလိုက်သည်ကို သိလိုက်ရ သောအခါ ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားရသည်။
ထိုညတွင် လျန့်ဝမ်ကျန်းသည် သူ တန်ဖိုးအထားဆုံး ခြင်္သေ့ခေါင်းအရုပ်ကိုပင် ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့လေသည်။
“အရူးတွေ”
“အမှိုက်တွေ”
“လူငယ်လေးတစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူး၊ အသုံးမကျတဲ့ အမှိုက်တွေ”
လျန့်ဝမ်ကျန်း အံကြိတ်၍ ကျိတ်မုန်းတီးနေ၏။
“မိသားစုခေါင်းဆောင် အိုးရန်မျိုးနွယ်က လူတစ်ချို့က တွေ့ခွင့်တောင်းနေပါတယ်”
“ဟဲဟဲဟဲ အဲ့ကောင်က အရူး ငါးယောက်ကို ဖြေရှင်းလိုက်နိုင်တာနဲ့ ငါ့ကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား၊ သူတို့ကို ဝင်ခိုင်းလိုက်”
လျန့်ဝမ်ကျန်းက ဒေါသဖြင့် ရယ်လိုက်သည်။ သို့သော် ယဲ့ဖန်က တကယ်ပဲ သန်မာလေသလား သူ သိချင်မိသည်။ သို့ရာတွင် ရောက်လာသူက ယဲ့ဖန် မဟုတ်ဘဲ အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်း ဖြစ်နေသည်။
ဤသည်ကြောင့် လျန့်ဝမ်ကျန်း အံ့ဩသွားသော်လည်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
“သခင်လေးနဲ့ သခင်မလေးတို့က ညဉ့်နက်မှ ရောက်လာကြပါလား၊ ဘာဖြစ်လို့ပါလိမ့်”
“ယဲ့ဖန်က ရှင့်ကို သတ်တော့မှာ”
အိုးရန်မိန်လင်က လိုရင်းကိုသာ တန်းပြောလေသည်။ တကယ်တမ်းတွင် ယဲ့ဖန်က လျန့်ဝမ်ကျန်းကို သတ်မှာလား ဆိုသည်ကို သူမ မသိပါ။ သို့သော် သူမက လျန့်ဝမ်ကျန်းကို အသုံးချ၍ ယဲ့ဖန်ကို ရှင်းချင်နေ၏။
ယခုအခါတွင် လျန့်ဝမ်ကျန်းသည်သာလျင် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပြီး သူတို့၏ နောက်ခံကို သူတို့ မဖုံးနိုင်တော့ပါ။
လျန့်ဝမ်ကျန်း မျက်မှောင်ကြုတ်သွားပြီး မသိမသာ ပြန်မေးခွန်း ထုတ်လိုက်သည်။
“သခင်မလေး၊ ခင်ဗျား ပြောတဲ့စကားက နည်းနည်း ထူးဆန်းနေတယ်မလား၊ သခင်လေးယဲ့နဲ့ ကျုပ်က ဘာရန်ငြိုး ရန်စမှ မရှိတာ၊ ဘာလို့ သူက ကျုပ်ကို သတ်မှာလဲ”
“လျန့်ဝမ်ကျန်း ခင်ဗျား အခုထိ ဟန်ဆောင်ချင်သေးတာလား၊ ခင်ဗျား နတ်ဘုရားမျိုးနွယ်နဲ့ အဆက်အသွယ် ရှိနေတာကို ကျုပ်အဘိုး တကယ် မသိဘူးလို့ ခင်ဗျား ထင်နေတာလား၊ ဟိုအဘိုးကြီး ငါးယောက်လုံးကို ခင်ဗျား သိမ်းသွင်းခဲ့တယ် ဆိုတာကို မသိဘူးများ ထင်နေလား”
အိုးရန်ရှောက်ကျွင်းက သရော်လိုက်သည်။
လျန့်ဝမ်ကျန်း၏ မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားသည်။
*အိုးရန်ကျန်းက သိနေတာလား*
လျန့်ဝမ်ကျန်း ဘာမှမပြောသည်ကိုမြင်သော် အိုးရန်ရှောက်ကျွင်း၏ မျက်နှာထားက ပို၍ သရော်ဟန် ပေါ်လာသည်။
“ခင်ဗျား သိအောင် ပြောလိုက်မယ်၊ ကျုပ်အဘိုးက ယဲ့ဖန်ကို ကျင်းဟွာလမ်းဆီ လွှတ်လိုက်တယ်ဆိုတာက ခင်ဗျားကို သတ်ဖို့ပဲ”
“ရှင် လုံးဝ သိချင်စိတ် မဖြစ်မိဘူးလား၊ သူ အခြား မိသားစုခေါင်းဆောင်တွေကို အညံ့ခံအောင် လုပ်ပင်မယ့် ဘာလို့ ရှင့်ဆီ မလာဘူးလေ၊ ဘာလို့လဲဆိုတော့ သူ ရှင့်ကို အသာထားဖို့ ဘယ်တုန်းကမှ မတွေးထားလို့ပဲ”
အိုးရန်မိန်လင်က သတိပေးဟန်ဖြင့် လှောင်ရယ်နေပြီး စိတ်ထဲ၌ ကျိတ်၍ ခနဲ့နေ၏။
ဤသို့ ပြောပြီးတာတောင်မှ လျန့်ဝမ်ကျန်း မတုန်မလှုပ် နေလိမ့်ဦးမည်ဟု သူမ မယုံကြည်ပါ။
တကယ်လည်း လျန့်ဝမ်ကျန်း၏ အမူအရာက ကြည့်မကောင်းတော့ပါ။ သို့သော် သူက သတိဖြင့် ပြောလိုက်သည်။
“မင်းတို့ အိုးရန်မျိုးနွယ်က ငါ နတ်ဘုရားမျိုးနွယ်နဲ့ ပတ်သက်နေတယ်လို့ သံသယ ရှိနေတယ်ဆိုမှတော့ မင်းတို့က ဘာလို့ င့ါကို ဒီအကြောင်း လာပြောပြနေတာလဲ”
အိုးရန်မိန်လင်က လှောင်ရယ်လေသည်။
“နတ်ဘုရားမျိုးနွယ်နဲ့ ပူးပေါင်းလိုက်တာက ရှင်တစ်ယောက်တည်းလို့ ထင်နေတာလား”
လျန့်ဝမ်ကျန်း ရုတ်တရက် ပင့်သက်ရှိုက်မိသွားသည်။ ထို့နောက် အိုးရန်မိန်လင်တို့ နှစ်ယောက်ကို စူးစိုက်ကြည့်၍ ဒေါသတကြီး ပြောလေသည်။
“မင်းတို့တွေ မိသားစုခေါင်းဆောင်ကို သစ္စာဖောက်တာလား၊ မင်းတို့က ခွေးတွေ ဝက်တွေလောက်တောင် မသိတတ်တဲ့ ကောင်တွေပဲ၊ ဒီကိစ္စကို ငါ သေချာပေါက် မိသားစုခေါင်းဆောင်ဆီ တင်ပြရမယ်၊ မင်းတို့တွေ အသေပဲ”
အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ နှစ်ယောက်လုံးက လှောင်ရယ်လေသည်။
*ဒီမြေခွေးအိုကြီးက တကယ်ကို သတိရှိတာပဲ*
“လျန့်ဝမ်ကျန်း၊ နတ်ဘုရားမျိုးနွယ်က ရှင့်ကို အဲ့ကောင်ကို ကျင်းဟွာလမ်းမှာ အပြတ်ရှင်းခဲ့ဖို့ ပြောတယ်မလား”
လျန့်ဝမ်ကျန်း အံ့ဩသွားပြီးနောက် သရော်ပြုံး ပြုံးလာသည်။
“ငါတို့က တကယ်ကို တစ်ဖွဲ့တည်းပဲနဲ့ တူတယ်”
“ဒီကိစ္စကို နတ်ဘုရားမျိုးနွယ်ကပဲ သိတာ၊ မင်းတို့နှစ်ယောက်က သိနေတယ်ဆိုတော့ နတ်ဘုရားမျိုးနွယ်နဲ့ တွေ့ပြီးသွားတာပဲ ဖြစ်ရမယ်”
“ငါတို့ သူနဲ့အတူ လိုက်လာရတဲ့ အကြောင်းရင်းက သူ့နေရာကို အတိအကျ သိအောင်လုပ်ပြီးတော့ ရှင်နဲ့ ပူးပေါင်းဖို့ပဲ”
အိုးရန်မိန်လင် ပြောလိုက်သည်။
“ဆိုတော့ အဲ့ခွေးအိုကြီး အိုးရန်ကျန်းက တကယ် ငါ့ကို သတ်ဖို့ ကြံနေတာလား”
လျန့်ဝမ်ကျန်းက ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းမိဟန်ဖြင့် သရော်သလို ပြုံးနေသည်။
“ဟုတ်တယ် ဟိုကောင်ကို ကျင်းဟွာလမ်းဆီ လာဖို့ သူ ခိုင်းလိုက်တာက ရှင့်ကို သတ်ဖို့အတွက်ပဲ”
လျန့်ဝမ်ကျန်းက လှောင်ရယ်မြဲ လှောင်ရယ်၍ ပြန်ပြောလေသည်။
“ငါ့ကို သတ်မယ် ဟုတ်လား၊ သူ့လို သူတော်စင်သခင်အဆင့်လေးကလေ”
နတ်ဘုရားမျိုးနွယ်၏ အထောက်အပံ့ မရှိစဉ်ကတည်းက သူသည် အိုးရန်ကျန်းကို နာခံသူ မဟုတ်သဖြင့် နတ်ဘုရားမျိုးနွယ်၏ အထောက်အပံ့ကို ရလိုက်သောအခါ ပြောနေစရာပင် မလိုတော့ချေ။
အိုးရန်ကျန်းက သူ့ကို ရင်ဆိုင်ရန် မနူးမနပ် ကောင်လေးတစ်ယောက်ကို လွှတ်လိုက်သည်တဲ့လား။ ရယ်စရာ ကောင်းလိုက်လေခြင်း။
အိုးရန်ကျန်းက အရေးယူရန် ဆုံးဖြတ်လိုက်သည်ဆိုမှတော့ သူကလည်း ယဉ်ကျေးနေမည် မဟုတ်ပါ။ ယခုအကြိမ်၌ ထိုကောင်လေး သေချာပေါက် ပြန်သွားနိုင်တော့မည် မဟုတ်ပါ။
“ပေါ့ပေါ့လေး မတွေးနဲ့၊ အဲ့ကောင်က အခြားမိသားစုခေါင်းဆောင် ငါးယောက်ကို သူ့ဘာသာသူ အနိုင်ယူခဲ့တာ၊ သူ ဘယ်လိုလုပ်ခဲ့တာပဲ ဖြစ်ဖြစ်၊ သူ့မှာ နည်းလမ်းရှိတယ်လို့ ပြနေတာပဲ”
“နောက်တစ်ခု ရှိသေးတယ်၊ သူ့အနားမှာ နက်ဗျူလာဆိုတဲ့ အင်မော်တယ် ဧကရာဇ်အဆင့်တွေကို စားနိုင်တဲ့ မကောင်းဆိုးဝါးတစ်ကောင် ရှိတယ်၊ သူက အိုးရန်ချင်ရွှယ်ရဲ့ မိတ်ဆွေဟောင်းပဲ၊ အဲ့ကောင်က ရင်ဆိုင်ရ ခက်တယ်”
အိုးရန်မိန်လင်က အလေးအနက် သတိပေးလိုက်သည်။ သူမ အခြေအနေ တစ်မျိုးပြောင်းလဲသွားသည်ကို မလိုချင်ပါ။ ပြီးခဲ့သော ကိစ္စများကြောင့် သူမ ပို၍ သတိထားလာ၏။
ထိုအခါတွင်မှ လျန့်ဝမ်ကျန်း စိတ်တည်ငြိမ်လာပြီး အထင်သေးစိတ်ကို ဘေးချ၍ ငြိမ်သက်သွားသည်။ အချိန် အတော်ကြာပြီးမှ သူ စကားစလေသည်။
“ဒါဆို ငါ နတ်ဘုရားမျိုးနွယ်ကနေ အကူအညီ တောင်းလိုက်ရမလား”
အိုးရန်မိန်လင် ခေါင်းညိတ်လိုက်သည်။
“နတ်ဘုရားမျိုးနွယ်က လူပိုလွှတ်လေ ကောင်းလေပဲ၊ အဲ့မကောင်းဆိုးဝါးကို သတ်တာဖြစ်ဖြစ်၊ ထိန်းတာပဲ ဖြစ်ဖြစ်ပေါ့၊ အဲ့ဒါမှ ဟိုသေနာကို သတ်ဖို့ အချိန်ရမှာ”
တစ်ခဏမျှ စဉ်းစားနေပြီးနောက် လျန့်ဝမ်ကျန်း အကြံတစ်ခု ရလာပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“မနက်ဖြန် င့ါစံအိမ်မှာ စားသောက်ပွဲ ကျင်းပမယ်၊ မင်းတို့အားလုံးကို သီးသန့်ဖိတ်ပြီး လက်ဆောင်ပဏ္ဍာကို တောင်းသလောက် ပေးမယ်လို့ ကတိပေးမယ်၊ မင်းတို့ ယဲ့သခင်လေးရဲ့ ပျော်ပျော်ကြီး လာစားကြ”
ထိုစကားကိုကြားသော် အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့က အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး နှစ်ယောက်လုံး မကောင်းသော ရည်ရွယ်ချက်တို့ဖြင့် ရယ်မောလိုက်ကြသည်။
“မိသားစုခေါင်းဆောင်လျန့် စိတ်ချပါ၊ ကျုပ်တို့ သေချာပေါက် လာမှာပါ”
ညဉ့်နက်ချိန်၌ ယဲ့ဖန်သည် တည်းခိုခန်းတစ်ခု၌ ရှိနေပြီး လစန္ဒာနှင့် ကြယ်တာရာများက ခန့်မှန်းရခက်သော မျက်နှာအမူအရာဖြင့် မော့ကြည့်နေသည်။
သူနှင့် စားပွဲ မျက်နှာချင်းဆိုင်၌ နက်ဗျူလာ ထိုင်နေပြီး သူ့အား သိချင်စိတ်ဖြင့် မေးလာသည်။
“ယဲ့ဖန် နင်တို့ လူသားတွေက ဘာလို့ အရမ်း ထူးဆန်းရတာလဲ”
“ဘာက ထူးဆန်းတာလဲ”
ယဲ့ဖန် မယုံနိုင်ဟန်ဖြင့် ပြန်ကြည့်လိုက်သည်။
လရောင်အောက်တွင် နက်ဗျူလာ၏ မရင့်ကျက်သေးသော မျက်နှာလေးက မသိမသာ တောက်ပနေပြီး လရောင် ဖြာကျနေသဖြင့် လှပနေလေသည်။
“အဲ့လူတွေက အမိန့် မနာခံတာကို ဘာလို့ မသတ်တာလဲ”
“ဘာလို့ နင့်ခွန်အားအစစ်ကို ဖုံးထားတာလဲ”
“နင် သူတို့ကို ညှာတာထားပင်မယ့် ဘာလို့ သူတို့က လက်စားချေချင်တာလဲ”
“မင်းရဲ့ ပထမမေးခွန်းကို ငါ အရင်ဖြေမယ်”
ယဲ့ဖန် ရယ်၍ ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ ဘာပဲလုပ်လုပ် စည်းကမ်းကို လိုက်နာရမှာမို့လို့ပဲ၊ အရင်ဆုံး ကိုယ်က လက်တွေ့ကျကျ တွေးတတ်ရမယ်၊ ကိုယ် ပြောတာကို နားမထောင်ရင် ကြောက်လာအောင် လုပ်ရမယ်၊ မကြောက်ရင် ရိုက်နှက်ရမယ်၊ ဒါကိုမှ လက်မခံနိုင်ရင်တော့ သတ်ရလိမ့်မယ်”
“လူသတ်တယ်ဆိုတာ ပြစ်မှုပဲ၊ အဲ့ဒါကို နောက်ဆုံးမှ လုပ်သင့်တယ်၊ ဘာလို့လဲဆိုတော့ လူသတ်လိုက်ရင် သူတို့က ကိုယ့်ကို ကြောက်ပြီး မုန်းလိမ့်မယ်၊ ဒါပေမဲ့ ကိုယ့်ကို လေးစားလာမှာ မဟုတ်ဘူး”
“ကိုယ့်ကို မလေးစားဘူး၊ ပေါ်တင်လည်း မတိုက်ရဲဘူး၊ တိတ်တဆိတ် အကောက်ကြံချင်တယ်၊ ဒါကို ငါတို့ လူသားတွေက အကျင့်သိက္ခာနဲ့ သူတစ်ပါးကို စိုးမိုးခြင်းလို့ ခေါ်ကြတယ်၊ ဒါက အကြမ်းဖျင်းပြောရရင် အမှန်တရားပဲ”
“ဒုတိယမေးခွန်းမှာတော့ ရူးချင်ယောင်ဆောင်ချင်လို့ရမယ်၊ ဖုံးထားမှ အနိုင်ရနိုင်မယ့် ကိစ္စလေးတွေ ရှိလို့ပဲ၊ ဘာလို့ ဓားတွေမှာ ဓားအိမ်ရှိတာလဲ၊ အဲ့ဒါရဲ့ မူလရည်ရွယ်ချက်က သတ်ဖို့မဟုတ်ဘူး၊ ဖုံးထားဖို့ပဲ”
“နက်နဲလွန်းတယ်၊ အဓိကက ဘာလဲ”
နက်ဗျူလာ သိချင်စိတ်ဖြင့် မေးလိုက်ပြီး ယဲ့ဖန်၏ စကားက အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးမိသည်။
“ရှင်းရှင်းပြောရရင် လူတစ်ယောက်က ဘယ်လောက် သန်မာနေပါစေ၊ ချွန်ထွက်လွန်းနေရင် တစ်နေ့ ရိုက်ချ ခံရမယ်၊ မထုတ်ရသေးတဲ့ဓားက အဟန့်အတား ဖြစ်စေတယ်”
နက်ဗျူလာက စိတ်ဝင်တစား နားထောင်ပြီး ခေါင်းတဆတ်ဆတ် ညိတ်နေသည်။ သူမ နားလည်လား၊ နားမလည်လားတော့ မသိနိုင်ပါ။
သူမ ပြောခဲ့သလိုပင် သူမက လူ့သဘာဝနှင့် ပတ်သက်လာလျင် ဘာမှမသိသော သင်ပုန်းတစ်ချပ်လိုပင်။
“တတိယမေးခွန်းကိုတော့ ... ငါ မင်းကို ပုံပြင်တစ်ပုဒ် ပြောပြမယ်၊ တစ်ခါတုန်းက သူတောင်းစား တစ်ယောက်ကို အစားအသောက် အမြဲ ပို့ပေးတဲ့ ကောင်မလေး တစ်ယောက် ရှိတယ်၊ နှစ်တိုင်း ပို့ပေးတာပေါ့၊ တစ်နေ့မှာ သူက လက်ထပ်သွားပြီးတော့ အစားအသောက် မပို့ပေးတော့ဘူး၊ အဲ့တော့ သူတောင်းစားက ကောင်မလေးအိမ်ကို သွားပြီး ဘာလို့ သူ့ကို အစားအသောက် မပို့ပေးတော့တာလဲလို့ သွားမေးတယ်၊ ဒါပေမဲ့ ကောင်မလေးရဲ့ ယောက်ျားက သူ့ကို နှင်ထုတ်လိုက်တယ်”
“တဖြည်းဖြည်းနဲ့ သူတောင်းစားက ပိုပိုပြီး စိတ်တိုလာပြီးတော့ တစ်ညမှာ ကောင်မလေးတို့ လင်မယားရဲ့ အခန်းထဲ ခိုးဝင်ပြီး သူတို့ကို လည်လှီးသတ်ပစ်လိုက်တယ်”
ယဲ့ဖန်က နက်ဗျူလာကို လေးနက်စွာ စိုက်ကြည့်နေ၏။
“မင်း တစ်စုံတစ်ယောက်ကို တစ်ချိန်လုံး ကူညီလာခဲ့ပြီးတော့ တစ်နေ့နေ့မှာ သူ့ကို လုံးဝ ထပ်မကူညီ တော့ဘူးဆိုရင် အဲ့အခါကျရင် အရင်က မင်း ပေးခဲ့တဲ့ ကြင်နာမှုဆိုတာက ပျောက်ကွယ်သွားပြီ၊ အဲ့လိုအခါမျိုးကျရင် အမုန်းတရားတောင် ပေါက်ဖွားလာနိုင်ချေ ရှိတယ်”
“နင်တို့လူသားတွေက အရမ်း ရှုပ်ထွေးတာပဲ”
နက်ဗျူလာ၏ ရှုံ့မဲ့နေသော မျက်နှာတွင် တစ်ဝက်မျှ နားလည်ဟန် ပေါ်နေသည်။
“လူ့သဘာဝကို တဖြည်းဖြည်း နားလည်လာဖို့ ငါ့အတွက် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်၊ မင်း နားလည်လာဖို့ အဝေးကြီး လိုသေးတယ်”
ယဲ့ဖန် နက်ဗျူလာ၏ ဦးခေါင်းကို ခပ်ဖွဖွ ပွတ်သပ်လိုက်သည်။ နက်ဗျူလာက ရုတ်တရက် ပါးစပ်ဟလာပြီး ထကိုက်သည်။
ယဲ့ဖန် အရှောင်မြန်သွား၍ တော်သေးသည်။ သို့မဟုတ်ပါက သူ့လက်ဝါးတစ်ခုလုံး ပျောက်သွားလောက်သည်။ ဤကလေးမလေး၏ ကိုက်အားက နောက်စရာ မဟုတ်ချေ။
မနက်အစောပိုင်း၌ အိုးရန်မိန်လင်၏ တံခါးခေါက်သံကြောင့် ယဲ့ဖန် နိုးလာသည်။
“ဝမ်းကွဲအစ်ကို လျန့်ဝမ်ကျန်းက လက်လျှော့ပြီး ဒီနေ့ ကျွန်မတို့အတွက် စားသောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်လိုက်တယ်၊ ပြီးတော့ စိတ်ဝိညာဉ် သလင်းကျောက် သန်းသုံးဆယ်ကိုလည်း တစ်ခါတည်း လွှဲပေးမယ်လို့ ပြောတယ်၊ နင် တကယ် အဲ့ကို သွားဖို့လိုတယ်နော်”
အိုးရန်မိန်လင်က အပြုံးနှင့် ပြောသည်။
“ဝမ်းကွဲညီလေး မင်းက တကယ် အံ့ဩဖို့ကောင်းတယ်၊ မင်း ပြဿနာကို တစ်ယောက်မှ မထိခိုက်စေဘဲ ဖြေရှင်းနိုင်တာပဲ၊ ငါ တကယ် လက်မြှောက်လိုက်ပြီ၊ ငါ့ညီ ငါ နောက်ဆို မင်းစကားဆို မငြင်းတော့ဘူး”
အိုးရန်ရှောက်ကျွင်းကလည်း ဖော်ရွေသော မျက်နှာထားနှင့် ပြုံးကာ ပြောလေသည်။
“ဘာ ... ဒါဆို ငါတို့ လျန့်မိသားစုခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်ကို စိတ်ပျက်စေလို့ ဘယ်ဖြစ်မလဲ”
ယဲ့ဖန်ကလည်း တကယ် ယုံချင်ယောင်ဆောင်နေသည်။
“ဒါဆို မင်းတို့ ဘာကို စောင့်နေတာလဲ၊ လမ်းပြတော့လေ”
“အင်းအင်း မြန်မြန်လုပ်၊ လျန့်မိသားစုခေါင်းဆောင် စောင့်နေရအောင် မလုပ်နဲ့”
အိုးရန်မိန်လင် ပြုံးနေသည်။
ထို့နောက် လျန့်ဝမ်ကျန်း၏ စံအိမ်သို့ ယဲ့ဖန် ရောက်လာသည်။ ထိုအခိုက်တွင် စံအိမ်ထဲ၌ ဧည့်သည်များနှင့် ပြည့်နှက်နေပြီး မိသားစုခေါင်းဆောင် ငါးယောက်လုံး ရောက်နေလေသည်။
လျန့်ဝမ်ကျန်း၏ ရည်ရွယ်ချက်က သိသာပါသည်။ ထိုအရူး ငါးယောက်အား ယဲ့ဖန်ကို သူ ဘယ်လို သတ်မလဲ ပြချင်လိုခြင်း ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် သူသည် ယဲ့ဖန်အား လူတိုင်းရှေ့၌ သတ်ပြပြီး အိုးရန်ကျန်း မျက်နှာပျက်ရအောင် လုပ်ချင်နေ၏။
ယဲ့ဖန်ကို သတ်လိုက်ခြင်းက အိုးရန်ကျန်းအပေါ် သူ သစ္စာဖောက်လိုက်ခြင်းအား ပေါ်ပေါ်ထင်ထင် ကြေညာ လိုက်ခြင်း ဖြစ်ပြီး ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်းပင်။
“အိုး ... ယဲ့သခင်လေး၊ ခင်ဗျား ရောက်လာပြီပဲ၊ ကျုပ် ခင်ဗျားကို စောင့်နေတာ ကြာပြီ”
လျန့်ဝမ်ကျန်းက စိတ်အားထက်သန်နေသော အပြုံးနှင့် အလျင်အမြန် နှုတ်ဆက်လာသည်။ မသိလျင် သူ့ဖခင်ရင်းကို တွေ့လိုက်ရ၍ ဝမ်းသာနေသလိုပင်။
“လျန့်မိသားစုခေါင်းဆောင်၊ ခင်ဗျား လက်လျှော့လိုက်ပြီးတော့ လက်ဆောင်ပဏ္ဍာတွေ ဆက်သဖို့ ဆုံးဖြတ်လိုက်ပြီလို့ ကျုပ် ကြားထားတယ် ဟုတ်လား”
ယဲ့ဖန်က မောက်မာစွာ ပြောလိုက်သည်။