နတ်ဘုရားဓား
Vol. 5 Ch. 417
ကျုန်းစန်းတောင်တွင် ရွာသည့်မိုးမှာ နေ့တစ်ဝက်ခန့် ကြာမြင့် လေသည်။ တောင်အနောက်ဘက်သို့ နေဝင်သွားသည့် အချိန်တွင် ပုစွန်ဆီရောင် ကောင်းကင် အောက်တွင် ကျုန်းစန်တောင်သည် ပန်းနုရောင် သန်းနေတော့သည်။
သွေးရောင်မှာ အနီရင့်ရောင် ဖြစ်သည့်တိုင် မိုးရေနှင့် ရောနှောသွားပြီး ပန်းနုရောင် သန်းနေခြင်းဖြစ်လေသည်။
လောကတွင် ကျင့်ကြံသူများစွာ ရှိလေသည်။ သို့သော် ရော့စွေမြစ်ကို ဖြတ်သန်းကာ ကျုန်းစန်းတောင်ပေါ်သို့ ရောက်အောင် လာနိုင်သည့် ကျင့်ကြံသူကတော့ မရှိသလောက် ရှားပါးလေသည်။ ကျုန်းစန်းတောင်သို့ ရောက်အောင် လာနိုင်သည့် ကျင့်ကြံသူကို ထိပ်တန်း ကျင့်ကြံသူဟု သတ်မှတ်၍ ရနိုင်လေသည်။ သို့သော်… ထိုသူများကို ချန်ပေသိုက မိုးရွာချ လိုက်ရုံမျှဖြင့် သတ်ပစ် နိုင်လေသည်။
အခြေခံကျကျ ပြောရမည်ဆိုလျှင် ချန်ပေသိုသည် ကျုန်းစန်းတောင် တောင်စောင့်နတ် ဖြစ်လေသည်။ သူက ကျုန်းစန်းတောင်နှင့် ရော့စွေမြစ်ကို ကိုယ်စားပြုသူလည်း ဖြစ်လေသည်။ ကျင့်ကြံသူများသည် မိုးမြေစွမ်းအားများနှင့် အသက်ဓာတ် စွမ်းအားများကို နေ့စဉ် စုပ်ယူကာ ကျင့်ကြံမှုများကို ပြုလုပ်ကြလေသည်။ ထို့ကြောင့် သူတို့သည် မိုးမြေကို အကြွေးတင်လျက် ရှိကြလေသည်။ တောင်စောင့်နတ်ကိုလည်း အကြွေးတင်လျက် ရှိသည် ဆိုလျှင်လည်း မမှားနိုင်ပေ။
ထိုသို့ပြောရကြေး ဆိုလျှင် ယဇ်ပူဇော်ရာ မိုးသည် ချန်ပေသိုက သူခိုးများကို သတ်ပစ် လိုက်ခြင်းပင် ဖြစ်လေသည်။
ရှန်ဝါဒမှ ဖြစ်တည်လာသည့် နတ်ဒေဝါများသည် တာအိုဝါဒနှင့် ဘေးချင်း ယှဉ်လျက် တည်ရှိနေကြသူများ ဖြစ်လေသည်။ သူတို့က မိုးမြေနိယာမ တရားများကို အုပ်စိုးသူများ ဖြစ်ပြီး သက်ရှိသတ္တဝါ အပေါင်းကိုလည်း ဂရုစိုက်ကြလေသည်။
သို့သော် ကျင့်ကြံသူများ များပြားလာသည်နှင့် အမျှ မိုးမြေ ဥပဒေသများမှာ ပျောက်ဆုံး ကုန်ကြရသည်။
ထိုအခါ ရှန်ဝါဒ နတ်ဘုရားများသည် ယခင် အချိန်များကကဲ့သို့ သြဇာ လွှမ်းမိုးမှု လျော့နည်း လာကြရလေသည်။ တာအိုဝါဒ ကျင့်ကြံသူများ နတ်ဘုရား ဖြစ်လာကြသည့် အခါ သူတို့က ရှန်ဝါဒလမ်းစဉ်ကို အပြင်လမ်းဟု ခေါ်ဆို ကြလေသည်။
ချန်ပေသိုကတော့ ထိုကျင့်ကြံ သူများကို အခက်တွေ့စေသော ရှန်ဝါဒ နတ်ဘုရားတစ်ပါး ဖြစ်လေသည်။
လောကတွင် အာဏာသာရှိလျှင် စည်းမျဉ်း အားလုံးကို ဖျက်သိမ်းပြီး အသစ် ပြန်လည် တည်ဆောက်နိုင်လေသည်။ မေ့လျော့ခံ ရှန်ဝါဒနတ်ဘုရားတို့၏ လမ်းစဉ်ကို ပြန်လည် ရရှိနိုင်ရန် ချန်ပေသိုက လုပ်ဆောင် ပေးနိုင်လေသည်။
ကောင်းကင်ထက်တွင် ကြယ်များက တလက်လက် တောက်ပနေပြီး ကြယ်တို့၏ စွမ်းအားသည် ကမ္ဘာမြေပေါ်သို့ ဖြာကျ နေလေသည်။
ကျိကျိုက်ဝတ် ကျောင်းတော်မှ ဆရာသခင် လျို့ချင်းရှင်း ထိုင်သည် မြောက်ဘက် အရပ်သို့ ငေးမော ကြည့်နေလေသည်။ သို့သော် သူမက မည်သည့် စကားကိုမှ ဆိုခြင်းမရှိပေ။
ဟွေခဲ့ဆရာတော်ကတော့ သူ၏ အင်္ကျီလက်ကို ပွတ်သပ် နေလေသည်။
ထိုအချိန်မှာပင် ကျုန်းစန်းတောင် ရှိရာအရပ်မှ ဓားခြိမ်းသံကြီး တစ်သံ ပေါက်ကွဲ ထွက်ပေါ် လာလေသည်။
ရောင့်ရဲခြင်း ဝတ်ကျောင်းတော် အတွင်းတွင် ဝမ်ရှီတောက်သည် စာအုပ်တစ်အုပ် ဖတ်နေလေသည်။ သို့သော် ဓားခြိမ်းသံကြီးက ရောင့်ရဲခြင်း ဝတ်ကျောင်းတော် တစ်ခုလုံးကို တုန်လှုပ် သွားစေလေသည်။
ဝမ်ရှီတောက်သည် စာအုပ်ဖတ်ခြင်းကို ရပ်တန့်ကာ ဓားခြိမ်းသံ ထွက်ပေါ်လာရာ အရပ်ဆီသို့ လှမ်းမျှော် ကြည့်လိုက်မိလေသည်။
ထိုက်စန့် နတ်ဘုရားဂိုဏ်းမှ လူငယ် တာအိုဆရာမှာလည်း ခန်းမဆောင်ထဲတွင် ထိုင်ရင်း ဓားခြိမ်းသံ ထွက်ပေါ်လာရာ နေရာကို ကြည့်နေလေသည်။ နွားရိုင်းကြီးကတော့ လူငယ် တာအိုဆရာ၏ ခြေရင်းတွင် အေးအေးလူလူ အိပ်နေလေသည်။
ဓားခြိမ်းသံကြီး ထွက်ပေါ်လာပြီးနောက်…
ချန်ပေသို၏ တန်ခိုး စွမ်းအားများသည် အဆမတန် မြင့်မား လာခဲ့လေသည်။ မိုးနှင့်မြေမှ တန်ခိုး စွမ်းအားများသည် ချန်ပေသိုထံသို့ လာရောက် စုဝေး နေကြလေသည်။
ယနေ့ည…
နတ်ဘုရားတို့ ဓားသိုင်း ယှဉ်ပြိုင်ရာ ညတစ်ည ဖြစ်လေသည်…။
ချန်ပေသိုက ယာဇ်ပူဇော်ရွာမိုး ရွာသွန်းစေပြီးသည့် နောက်ပိုင်း ဆန်းလျန်သည် သူ၏ ယာယီ တဲလေးထဲမှ ထွက်ခွာခြင်း မရှိတော့ပါ။ သူက ထိုနေရာလေးတွင် သူကိုယ်တိုင်နှင့် ပြင်ပကမ္ဘာကြား အတားအဆီး တစ်ခု ဖန်ဆင်း ထားခဲ့လေသည်။ ကမ္ဘာ ပျက်နေသည့်တိုင် ထိုနေရာလေးကတော့ ဘေးကင်း လုံခြုံနေမည် ဖြစ်လေသည်။
ညနေခင်း၏ နောက်ဆုံး နေရောင်ခြည်သည် ဆန်းလျန်၏ ယာယီတဲလေး အတွင်းသို့ ဝင်ရောက် လာလေသည်။
နေရောင်သည် ဆန်းလျန်၏ ချောမော လှပလွန်းသည့် မျက်နှာထက်တွင် ထွန်းလင်း နေလေသည်။
ဆန်းလျန်၏ နက်ရှိုင်းသည့် မျက်ဝန်းများထဲတွင် ဆည်းဆာ ရောင်ခြည်သည် ရောင်ပြန် ဟပ်လျက် ရှိလေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက…
ဆန်းလျန်သည် ကျင့်စဉ်လမ်းသို့ လိုက်ရသည့် အကြောင်းရင်းကို အဘိုးဖြစ်သူ ဆန်းသခင်ကြီးကို ပြောပြ ခဲ့ဖူးသည်။ သူက ကျင့်စဉ် လမ်းကို လိုက်ရခြင်းမှာ မသေနိုင်သော နတ်ဘုရား တစ်ပါး ဖြစ်လိုသောကြောင့် ဖြစ်လေသည်။
သို့သော်… ယခုတော့ ချန်ပေသိုနှင့် ဓားသိုင်း ယှဉ်ပြိုင်ပွဲတွင် သူအသက် ဆုံးခဲ့မည် ဆိုပါက အဘိုးဖြစ်သူ ဆန်းသခင်ကြီးလောက်ပင် သူက အသက်ရှည်ရှည် နေရခြင်း ရှိမည် မဟုတ်တော့ပေ။
သူသာ အသက် သေဆုံးခဲ့လျှက် သူတစ်ဘဝလုံး ရှာဖွေခဲ့သော ကျင့်စဉ်လမ်းသည် သူ့အတွက် ရယ်စရာ ဟာသ တစ်ခုသဖွယ် ဖြစ်ရပေတော့မည်။ သို့သော်… အချိန်ကို နောက်ပြန်လှည့်၍ ရမည်ဆိုလျှင်တောင်မှ ဆန်းလျန်က ဆုံးဖြတ်ချက်ကို ပြင်ဆင်မည့် လူမျိုး မဟုတ်ပေ။
အတိတ်ဆိုသည်က မြူခိုးမျှသာ ဖြစ်လေသည်။ အချိန်တန်လျှင် လွင့်ပြယ် သွားရစမြဲပင်။
လူဆိုသည်က မွေးဖွားလာ ကတည်းက ငိုကြွေးပြီး မွေးဖွားလာခဲ့ရသည်။ လူအားလုံး မွေးဖွားလာသည့် အချိန်တွင် အဘယ့်ကြောင့် ငိုကြွေး ကြရပါသနည်း။ လောကကြီးသည် ဘဝ တစ်ခုအတွက် ခါးသီးသော ဒုက္ခပင်လယ် ဖြစ်သောကြောင့် ဘဝ အစကတည်းကပင် ငိုကြွေးခဲ့ရခြင်း များလား။
ဆန်းလျန်သည် သူ ပထမဆုံး မိန်းကလေး တစ်ယောက်ကို ချစ်မြတ်နိုးခဲ့မိသည့် အချိန်ကို ပြန်စဉ်းစား ကြည့်မိသည်။ ထိုမိန်းကလေးမှာ သူ့ယခင်ဘ၀၊ အထက်တန်း ကျောင်းတက်စဉ် အခါက ချစ်ခင် မြတ်နိုးမိသော မိန်းကလေး တစ်ယောက် ဖြစ်လေသည်။ သူမက လှပသည့် မိန်းကလေး တစ်ယောက် မဟုတ်သည့်တိုင် သူမ၏ ပုံရိပ်သည် သူ့နှလုံးသားထဲတွင် စွဲထင် နေခဲ့လေသည်။
သို့သော်… လူ့လောကတွင် "အချစ်" ဆိုသည့်အရာမှာ တစ်ခဏသာကြာခဲ့ပြီး နောက်ဆုံးတွင် နာကျင်မှုဖြင့် အဆုံးသတ် ကြရစမြဲ ဖြစ်လေသည်။
သူကြုံတွေ့ရသမျှနှင့် ပတ်သက်ပြီး ဆန်းလျန်သည် ယခုထိတိုင် ထူးဆန်းမှု တစ်ခုကို ခံစားနေရဆဲ ဖြစ်လေသည်။
ယဉ်မတော်တဆမှု မဖြစ်ခင်အထိ သူ့ဘဝက ပုံမှန် ရှင်သန်နေသည့် ဘဝတစ်ခုမျှသာ ဖြစ်လေသည်။ သို့သော်… သူက လက်ရှိလောကတွင် ဆန်းလျန်၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက် လာခဲ့ပြီးသည့်နောက် နတ်ဘုရားတစ်ပါး အဖြစ် ခမ်းနားသော ဘဝကို ရရှိခဲ့သည်။
သူက ဖြည်းဖြည်းချင်း ကျင့်ကြံခဲ့သည့်တိုင် စိန်ခေါ်မှု အားလုံးကို ကျော်လွှားနိုင်ခဲ့ပြီး နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ခဲ့သည်။
ထို့ပြင် ဘဝတွင် မိတ်ဆွေကောင်း နှစ်ယောက်၊ သုံးယောက်ခန့် ကိုလည်း ပိုင်ဆိုင် ထားသေးသည်။
ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်အဖြစ် မြင့်မားသော ဂုဏ်အဆင့်အတန်းကိုလည်း ပိုငဆိုင်ထားပြီး နတ်ဘုရား တစ်ပါးအဖြစ် သေခြင်း တရား၏ ဦးခေါင်းကို ဖိနင်း ထားနိုင်ခဲ့လေပြီ။
လက်ရှိ အချိန်သည် သူ့ဘဝသည် နေပျော်စရာ အကောင်းဆုံး ဘဝတစ်ခု ဖြစ်လေသည်။
သို့သော်… သူ့ဘဝ၏ အကောင်းဆုံး အချိန်တွင် အခက်ခဲဆုံးပြိုင်ဘက် ချန်ပေသိုနှင့် ဓားသိုင်း ယှဉ်ပြိုင်ရန် အကြောင်း ဖန်လာခဲ့ရသည်။
ဆန်းလျန်သည် ယခုအချိန်ထိ ချန်ပေသို၏ မျက်နှာကို သေသေချာချာ မြင်တွေ့ဖူးခြင်း မရှိသေးပေ။ သို့သော် ချန်ပေသိုတွင် မပျက်စီးနိုင်သော စိတ်စွမ်းအား ရှိသည်ကိုတော့ ဆန်းလျန် သိထားလေသည်။ ချန်ပေသို၏ စိတ်ဓာတ်သည် စစ်မှန်သည့် ဓားသိုင်း ကျင့်ကြံသူ တစ်ယောက်၏ စိတ်ဓာတ်မျိုးပင် ဖြစ်လေသည်။
ဆန်းလျန် ယှဉ်ပြိုင်ဖူးသမျှ ပြိုင်ဖက်များထဲတွင် ချန်ပေသိုသည် ကြောက်စရာ အကောင်းဆုံး ဖြစ်လေသည်။
သူတို့နှစ်ယောက်တွင် တစ်ဦးနှင့်တစ်ဦး ရန်ငြိုးရန်စ လုံးဝမရှိခဲ့ပေ။
သို့သော် ယခုတော့ ဓားသိုင်း ယှဉ်ပြိုင် တိုက်ခိုက်ကြရတော့မည်။
သူတို့ နှစ်ယောက်၏ ဓားသိုင်း ပြိုင်ပွဲသည့် ကံကြမ္မာပေးသည့် တိုက်ပွဲပင် ဖြစ်လေသည်။
သူသာ စူးကျားပေါင် အိမ်ပိုင်ရှင် ဆရာစူးနှင့် တွေ့ဆုံခဲ့ခြင်း မရှိလျှင်…
ဆရာစူးထံမှ ရှိခြင်း မရှိခြင်း ဓားဝိညာဉ်ပညာကို သင်ယူခဲ့ခြင်းမရှိလျှင်…
ယခု ဒီလိုအချိန်တွင် သူ့အနေဖြင့် ယခုကဲ့သို့ ရင်ဆိုင် တိုက်ပွဲမျိုး တွေ့ကြုံရမည် မဟုတ်ပေ။
ဆန်းလျန်သည် အနည်းငယ် စိတ်လှုပ်ရှား နေသည့်တိုင် ကြောက်ရွံ့ခြင်းတော့ မဖြစ်မိပေ။ စိတ်လှုပ်ရှားမှု ဆိုသည်က စိန်ခေါ်မှုတစ်ခုနှင့် ကြုံရတိုင်း ထွက်ပေါ် လာတတ်သည့် စိတ်ခံစားချက် ဖြစ်လေသည်။
ဆန်းလျန်သည် သူ၏ ယာယီတဲလေး အတွင်းမှ ထွက်ခွာ လာခဲ့လေသည်။
မိုးတဖွဲဖွဲသည် စတင် ရွာသွန်းနေပြီ ဖြစ်လေသည်။
မြူခိုးများ လေနှင့်အတူ လွင့်မျော ပျောက်ကွယ် သွားပြီး မိုးရေစက်များက ဆန်းလျန်၏ မဟူရာ ဆံနွယ်များ ထက်သို့ ကျဆင်း နေလေသည်။
မိုးရေစက်များကြောင့် လန်းဆန်းခြင်းကို ခံစားရပြီး သူ့ကိုယ်တွင်းမှ မကောင်းသည့် စွမ်းအားများကို မိုးရေစက်များက ဖယ်ရှား ပေးလေသည်။
မိုးရေစက်များက သူ၏ မဟူရာ ဆံနွယ်များထက် မိုးရေစက်များက ကျဆင်း လာလေသည်။ မိုးရေစက်များက သူ၏ မျက်နှာဆီသို့လည်း လွင့်စဉ် ကျနေကြသည်။
ဖန်းယန်ယင်းသည် ဆရာဦးလေး သွားရာနောက်သို့ တကောက်ကောက် လိုက်တတ်သူ တစ်ယောက် ဖြစ်လေသည်။ သို့သော် ယခု တစ်ကြိမ်တွင်တော့ သူမက ဆန်းလျန် နောက်သို့ လိုက်ပါသွားခြင်း မရှိပါ။
ချန်ပေသိုနှင့် ဆန်းလျန်သည် ကျုန်းစန်းတောင်၏ အစွန်းနှစ်ဖက်တွင် ရှိနေသူများ ဖြစ်လေသည်။ တန်ခိုးစွမ်းအားကတော့ ထိုအစွန်းနှစ်ဖက်ကို ဗျပ်စောင်းမှ စောင်းကြိုးအလား ဆက်သွယ် ပေးထားလေသည်။
ဆန်းလျန်၏ ခြေလှမ်းတိုင်း…
ဆန်းလျန်၏ လှုပ်ရှားမှုတိုင်း…
အရာရာတိုင်းသည် ကျုန်းစန်းတောင် အစွန်းနှစ်ဖက်မှ စောင်းကြိုးကို လှုပ်ခတ်စေကာ ဂီတသံကို ဖန်ဆင်း နေသည့်အလား ထင်မှတ်ရလေသည်။
ဆန်းလျန်သည် အရိုးကျနေသည့် လက်ဖြင့် ဒြပ်စင် ငါးပါးမှော်ဝင်ဓားကို ကိုင်ဆောင်ရင်း ကျောက်စိမ်းရောင် တောက်ပနေသည့် ကျုန်းစန်း တောင်ပေါ်သို့ တက်လာခဲ့လေသည်။
ကျုန်းစန်း တောင်ထိပ်ဆီမှ လပြည့်ဝန်းသည် ထွက်ပေါ် လာခဲ့လေသည်။
မိုးသည်လည်း တဖွဲဖွဲ ရွာနေဆဲပင်……..။
***