← Chapters

ထာဝရတာအို

Vol. 5 Ch. 418

ထာဝရတာအို

Vol. 5 Ch. 418

လရောင်က လင်းလက် တောက်ပနေလေသည်။

ကောင်းကင်ထက်တွင် ကြယ်များကလည်း စုံလင်နေပြီး နတ်ဘုရား တစ်ပါးသည် ကောင်းကင်ထက်တွင် ကြယ်တစ်စင်း အလား ပျံသန်း လာလေသည်။

ဆန်းလျန်ပင် ဖြစ်လေသည်။

ဆန်းလျန်သည် အရိုးကျနေသည့် လက်ဖြင့် ဒြပ်စင် ငါးပါး မှော်ဝင်ဓားကို ကိုင်ဆောင် ထားလေသည်။ လက်ယာလက်၏ အရိုးစုသည် သေခြင်းတရားကို ပုံဖော်နေသည့်တိုင် မှော်ဝင်ဓားကတော့ နွေဦး လေပြည်အလား ရင်သပ်ရှုမောဖွယ်ရာ ရောင်စဉ်ငါးမျိုး ဖြာထွက်လျှက် ရှိလေသည်။

တောင်စောင့်နတ် ပြောစကားအတိုင်း ချန်ကျင်းချင်သည် ဝတ်ကျောင်းတော်နှင့် အနည်းငယ် ဝေးကွာသည် ဧရာမ ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ရောက်ရှိ နေလေသည်။ သူသည် အဝေးမှ နေပြီး ဆန်းလျန် လက်ထဲမှ တောက်ပသည့် ဓားကို တွေ့မြင်နေရလေသည်။

ဆန်းလျန် ပျံသန်းနေသည်မှာ ကြယ်စင်တစ်စင်း ခရီးနှင်နေသည်နှင့်ပင် တူလေသည်။

ချန်ပေသိုသည် ချောက်ကမ်းပါး ထက်တွင် ရပ်နေလေသည်။

သူ၏ပုံစံက ဝိညာဉ်ဆန်စွာ ခမ်းနားလွန်းလှသည်။

သူ၏ ခန္ဓာကိုယ်မှ အရောင်အဝါများ တောက်ပနေခြင်း မရှိသည့်တိုင် သူ၏ မဟူရာ ဆံနွယ်ရှည်များက လေထဲတွင် လွင့်မျော နေလေသည်။

သူ၏ပုံစံက အလွန်တည်ငြိမ် လွန်းနေလေသည်။ ချန်ပေသိုဆိုသည်က ကမ္ဘာပျက်လျှင်ပင် တည်ငြိမ် နေဦးမည့် လူစားဖြစ်လေသည်။

နောက်ဆုံးတွင်တော့…

ဆန်းလျန်၏ ဓားသည် ချန်ပေသို ရပ်နေသည့် ချောက်ကမ်းပါးကြီး ဆီသို့ ဝင်ရောက်လာကာ ရိုက်ချ လိုက်လေတော့သည်။

ရုတ်တရက်....

ကျုန်းစန်း တောင်ပေါ်မှ ပေါက်ကွဲသံကြီး တစ်ချက် ထွက်ပေါ် လာလေသည်။ ဗလာနယ် တစ်ခုလုံးကို သာမက သစ်ပင်များနှင့် မြက်ပင်များပင် တုန်လှုပ် သွားရလေသည်။

တုန်ခါမှုကြောင့် ဖုန်မှုံ့လှိုင်းလုံးကြီးများ ထလာပြီး  ကျုန်းစန်းတောင် တစ်ခုလုံးမှာ တုန်ခါနေ လေတော့သည်။

ချန်ကျင်းချင်မှာ တုန်ခါမှုများ၏ ဒဏ်ကို မခံနိုင်ဘဲ ပါးစပ်မှ သွေးများ အန်ထုတ် လိုက်ရလေသည်။

ချန်ကျင်းချင်မှာ ခပ်လှမ်းလှမ်း တစ်နေရာမှ ကြည့်နေခြင်း ဖြစ်ပြီး တာအိုရုပ်ခန္ဓာကို ပိုင်ဆိုင် ထားသည့်တိုင် တုန်ခါမှုကြောင့် အတွင်း ဒဏ်ပင် ရသွားခဲ့လေသည်။

ဆန်းလျန်နှင့် ချန်ပေသို ယှဉ်ပြိုင် တိုက်ခိုက်သည့်ပွဲသည် မည်သို့ ဖြစ်လာမည်ကို သူမ ခန့်မှန်းဝံ့တော့ပေ။

ချန်ပေသိုက တိုက်ပွဲကို စတင် တိုက်ခိုက်ခြင်း မရှိပါ။

သို့သော် ဆန်းလျန်၏ဓားက ချောက်ကမ်းပါးကြီးကို ရိုက်ခတ်လိုက်သည့် အချိန်တွင်တော့ သူက စတင် တိုက်ခိုက် လိုက်လေတော့သည်။

ကျုန်းစန်းတောင်မှ ဒေါသ ထွက်နေသည့် ဝိညာဉ် များသည် ချန်ပေသို၏ အမိန့်အောက်တွင် မရဏ ဓားတစ်လက် အဖြစ် ပြောင်းလဲ သွားလေသည်။

ကောင်းကင်ထက်တွင် ကြယ်များ လင်းလက်နေပြီး ဆန်းလျန်၏ ဓားမှ အသက်ရှူသံကို ကြားနေရသည်။

ဆန်းလျန်၏ မှော်ဝင်ဓားသည် ချန်ပေသို၏ မရဏ ဓားဝိညာဉ်ဖြင့် ရိုက်ခတ် သွားလေသည်။

ထိုအခါ ကျုန်းစန်းတောင်မှ ဝိညာဉ်များ၏ ငိုကြွေးသံဖြင့် ကျုန်းစန်းတောင် တစ်ခွင်သည် ဆူညံလျက် ရှိလေတော့သည်။

ဆန်းလျန်သည် လေထဲတွင် ရပ်တန့်နေလေသည်။

ဓားဝိညာဉ်နှစ်ခု ရိုက်ခတ် ပြီးသည့်နောက် ဓားဝိညာဉ်နှစ်ခုလုံး ပျောက်ကွယ် သွားလေသည်။

ချောက်ကမ်းပါးကြီးမှာ အနည်းငယ် ပြိုကျသွားပြီး ဆန်းလျန်၏ မှော်ဝင်ဓားမှ ရောင်စဉ်များ ဖြာထွက်လာကာ ပိုက်ကွန်များ အလား ဖြာထွက် လာလေသည်။ ထိုအလင်းတန်း ပိုက်ကွန် များထဲတွင် မရေမတွက် နိုင်အောင် များပြားသည့် ဓားဝိညာဉ်လေးများ ပေါ်ထွက် လာလေသည်။

ချန်ပေသို အနေဖြင့် လွတ်လမ်း မမြင်နိုင်တော့ပေ။

ချန်ပေသိုက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး အလင်းတန်း ပိုက်ကွန်နှင့် ဓားဝိညာဉ် များကို ဖမ်းဆုပ် လိုက်လေသည်။

ချန်ပေသို၏ တန်ခိုးစွမ်းအားများ မယုံကြည်နိုင်စရာ ကောင်းလှလေသည်။ ထိုတန်ခိုး စွမ်းအားဖြင့် ဆိုလျှင် သူသည် ကြယ်စင်ကိုပင် ဆွတ်ခူး နိုင်မည် ဖြစ်လေသည်။

ချန်ပေသို၏ ပုံစံက အေးဆေး တည်ငြိမ်နေဆဲဖြစ်လေသည်။ သို့သော် သူ့မျက်လုံးများကို ကျင်းမြောင်း ထားပြီး အခြေအနေကို လေ့လာ နေလေသည်။

သူက ချန်ကျန့်မေကိုပင် အရေးစိုက်ခဲ့သူ မဟုတ်ပါ။

ဆန်းလျန်က လေထဲတွင် တည်ငြိမ်စွာ ရပ်နေရင်း ဓားဝိညာဉ်ကို အမိန့်ပေးရင်း တိုက်ခိုက် နေဆဲ ဖြစ်လေသည်။

ချန်ပေသို၏ ခြေထောက် အောက်တွင် အလင်းရောင် အရည်အချို့ ပေါ်လာလေသည်။ ထိုရေများက ချောက်ကမ်းပါး အောက်သို့ ရေတံခွန် အလား စီးဆင်း ကျသွားလေသည်။

အလင်းရောင် ရေတံခွန်ကြီးနှင့် ချန်ပေသို ရပ်နေသည့် ချောက်ကမ်းပါးမှာ တဖြည်းဖြည်း ပေါင်းစည်း သွားပြီး ခွဲခြား မရနိုင်တော့ပေ။ ဆန်းလျန်၏ ဓားဝိညာဉ်သည် ချောက်ကမ်းပါးကို ဖျက်ဆီးရန် မတတ်နိုင်တော့ပါ။

ချန်ပေသိုသည် ကြယ်စင်များ၏ စွမ်းအားကို ယူပြီး အသုံးပြုလိုက်ခြင်း ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိ လိုက်လေသည်။

ထိုသို့ ချန်ပေသိုက ကြယ်စင်များ၏ စွမ်းအားကို ယူသုံးလိုက်သည်နှင့် ဆန်းလျန်နှင့် ကြယ်စင်များ၏ စွမ်းအား ဆက်နွှယ်မှုမှာ ပြတ်တောက် သွားရလေသည်။

ချန်ပေသို၏ တန်ခိုးစွမ်းအားက ဆန်းလျန် ခန့်မှန်းနိုင်သည်ထက် များပြား လွန်းလေသည်။

ဆန်းလျန်သည် ပထမဆုံး အကြိမ် အကူအညီ မဲ့သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

သူက တိတ်ဆိတ် ငြိမ်သက် သွားလေသည်။ ဒေါသ ထွက်ခြင်းလည်း မရှိပါ။

ဆန်းလျန်နှင့် ချန်ပေသို အကြည့်ချင်း ဆုံသွားလေသည်။ သို့သော် လျှပ်စီးများ လက်သွားခြင်းမျိုး မဖြစ်ခဲ့ပါ။

ဆန်းလျန်၏ စိတ်အစဉ်ကို ချန်ပေသို၏ ကြယ်စင် စွမ်းအားများက စုပ်ယူ သွားသည်ကို ခံလိုက် ရလေသည်။ ထာဝရ တည်ရှိနေသည့် ကြယ်စင်များ အလယ်တွင် ထာဝရ တာအိုတရားကို ရှာဖွေ တွေ့ရှိ သွားသလို ခံစားလိုက်ရလေသည်။

ရောင်စုံကြယ်များကြားတွင် ဆန်းလျန်သည် လွင့်မျော နေလေသည်။

ကြယ်စင်များဆိုသည်က ကမ္ဘာကြီးမှ သူတို့၏ အလင်းကို တွေ့ရှိရန် အတွက် သူတို့ကိုယ်သူတိုင် လောင်ကျွမ်း ပစ်နေသူများ ဖြစ်ကြလေသည်။

ဒဏ္ဍာရီများ အရဆိုလျှင်တော့ လူတိုင်းမှာ သက်ဆိုင်ရာ ကြယ်စင် တစ်လုံးစီး ရှိကြသည်တဲ့လေ…။

သို့သော် ဆန်းလျန်ကတော့ သူ့ကြယ်စင်သည် မည်သည့် နေရာတွင် ရှိနေသည်လဲ သိရှိခြင်း မရှိသေးပါ။

တာအိုကို မသိလျှင် နှလုံးသားမှ ဆန္ဒများကလည်း အဆုံးမသတ်နိုင်ပါ။ ထိုသို့ဆိုလျှင် ရုပ်တရား နာမ်တရားများကိုလည်း နားလည်နိုင်မည် မဟုတ်ပေ။

ဆန်းလျန်သည် ခေါင်းများ မူးဝေနေသလို ခံစားနေရပြီး အတ္တကိုဖယ်ကာ အနတ္တတရားကို တွေ့မြင်ခဲ့လေသည်။

ကောင်းကင်နှင့် မြေကြီး…

စကြဝဠာနှင့် ဗလာနယ်…

ဆန်းလျန်သည်၏ ဓားဝိညာဉ်သည် ပျောက်ကွယ်သွားပြီး ဆန်းလျန်သည် လေထဲတွင် လွင့်မျော နေခဲ့လေသည်။

***

All Chapters