မန္တန်ဝင်္ကပါ သက်ဝင်လှုပ်ရှားလာခြင်း
Vol. 92 Ch. 1285
မန်ဟိုသည် တောင်ပင်လယ်လောက၏ သခင်အလောင်းအလျာ ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် သူ့အတွက် ကောင်းကင်နတ်ဘုရားမဟာမိတ်က သိပ်အရေးမပါပေ။ သူတို့က သူ့ကို လိုက်သတ်ဖို့ ကြိုးစားခဲ့ဖူး၍ ရန်သူဟုပင် သတ်မှတ်နိုင်သေးသည်။
အမှန်တွင် သတ္တမတောင်ပင်လယ်၏ ကျူးကျော်စစ်ကြောင့်သာမဟုတ်လျှင် မန်ဟို၏သရုပ်မှန်အား မန်မျိုးနွယ်စု၌ ဖော်ပြလိုက်လျှင် ကောင်းကင်နတ်ဘုရားမဟာမိတ်သည် မန်မျိုးနွယ်စုကို အင်အားအလုံးအရင်းဖြင့် ဝိုင်းထားလောက်၏။
မည်သည့်အရာပဲ ဖြစ်ခဲ့စေကာမူ မန်ဟိုအနေဖြင့် ဤနေရာအပေါ် တွယ်တာမှုသိပ်မရှိပေ။ ၎င်းကား .... နဝမတောင်ပင်လယ်မှ မဟုတ်သည် မဟုတ်ပါလော။
သို့ထိတိုင် .... ကောင်းကင်နတ်ဘုရားမဟာမိတ်တွင် သူ ဂရုစိုက်သည့် လူတစ်ယောက်တော့ ရှိသည်... ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို သူ့ထံ ပေးအပ်ခဲ့သူ ၊ မြင့်မြတ်သောရန်။ ထိုမျှသာမက ရှေးဟောင်းနယ်ပယ်အဆင့် တက်လှမ်းပြီးနောက်တွင် သူသည် အဋ္ဌမတောင်ပင်လယ်သခင်၏အငွေ့အသက်များကို အဋ္ဌမတောင်ပင်လယ်ထဲတွင် ဝိုးတိုးဝါးတား ခံစားခဲ့ရ၏။
ထိုအငွေ့အသက်များက အလွန်ရင်းနှီးနေသည့်အပြင် .... သူ၏သိုလှောင်အိတ်ထဲတွင် အသေအချာ သိမ်းထားသော ဘိုးဘိုးမန်၏ အမိန့်လည်ဆွဲအပေါ်က အရှိန်အဝါကို သတိရမိစေသည်။
ထိုအခြင်းအရာများကို သူ့အဘွားကို သူ ပြောမထားပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အချိန်ကျလျှင် မြင့်မြတ်သောရန်အတွက်ရော၊ အဋ္ဌမတောင်မှ ခံစားနေရသော ရင်းနှီးသည့်အငွေ့အသက်များအတွက်ပါ စစ်ဝင်တိုက်ဖို့ စီစဉ်ထား၍ပင်။
ထိုအကြောင်းအမျိုးမျိုးကြောင့် သူ့အနေနှင့် စစ်ထဲတွင် ဝင်ပါရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
သို့သော် သူ ဝင်မပါခင် သူ့ကို တားဖို့ ဓားစာခံအဖြစ် မည်သူမှ အသုံးချမခံရအောင် လုပ်ဖို့ လိုအပ်သည်။ ထို့ကြောင့်လည်း မန္တန်ဝင်္ကပါတစ်ခု ဖန်တီးရန် .... နှစ်လလုံးလုံး တောင်ပင်လယ်များမှ စွမ်းအားကို မြေကြီးထဲ အဆက်မပြတ် စိမ့်ဝင်စေခဲ့ခြင်းဖြစ်သည်။
မှန်သည် ဤအကြောင်းအားလုံးကို ဟန်ချင်းလဲ့အနေဖြင့် ဘယ်နည်းနှင့်မျှ မသိနိုင်ပေ။
မန်ဟိုသည် မန်မျိုးနွယ်စုကို .... ဒုတိယဟန်မျိုးနွယ်စု ဖြစ်မလာစေချင်ပေ။ ထိုကိစ္စများနှင့်ပတ်သက်၍ သူ့အဘွားကိုလည်း စိတ်မပူစေချင်သလို၊ တစ်မျိုးနွယ်တည်းသားများ သေရသည်ကို ကြည့်ရင်း မနာကျင်စေချင်ပေ။ သူသည် သူ့အဘွားကို မြူမှုန်လေးမျှပင် မနာကျင်စေလိုခြင်း ဖြစ်၏။
ဘွားဘွားမန်သည် တစ်လောကလုံးတွင် သူ ဂရုအစိုက်ဆုံး လူများထဲက တစ်ယောက်ဖြစ်သည်။
“မကြာခင် မန္တန်ဝင်္ကပါကို အဆုံးသတ်နိုင်လိမ့်မယ်" သူက ကောင်းကင်ကြီးကို မော့ကြည့်ရင်း တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
နောက်ထပ်လဝက် ကြာသွားသည်။ ထိုအတောအတွင်း အဋ္ဌမတောင်ပင်လယ်စစ်ပွဲသည် အရှိန်အဟုန်ပြင်းထန်လာခဲ့၏။ မန်ဟိုလည်း မန်မျိုးနွယ်ဝင်အမျိုးမျိုးထံမှ တင်ပြသော နေ့စဉ်အစီရင်ခံစာများကို အသေးစိတ်ဆုံးအထိ လေ့လာသုံးသပ်နေခဲ့သည်။
နောက်ဆုံးတော့ ကောင်းကင်နတ်ဘုရားမဟာမိတ်က အင်အားအလုံးအရင်းဖြင့် တန်ပြန်ထိုးစစ်ဆင်သည်။ ယခုအချိန်အထိ တိုက်ခိုက်နေဆဲဖြစ်သလို နှစ်ဖက်လုံး အကျအဆုံးအထိအခိုက် များနေသည်။
သတင်းများအထဲ အရေးအကြီးဆုံးတစ်ခုမှာ ... အသတ်ခံရသူများအကြား၌ အနှစ်သာရ ၁ ခု၊ ၂ ခု တာအိုနယ်ပယ်ပညာရှင်များသာ ပါဝင်တော့ခြင်းမဟုတ်သည့်အကြောင်းပင်။ တာအိုသခင်များလည်း သေဆုံးနေကြလေပြီ။
ကောင်းကင်နတ်ဘုရားမဟာမိတ်တွင်လည်း ဂိုဏ်းများပြိုကွဲကုန်သည်။ ဂြိုဟ်တစ်လုံးပြီးတစ်လုံး ဖျက်စီးခံနေရသည်။ ကောင်းကင်နတ်ဘုရားမဟာမိတ်သာ အပြတ်အသတ်စစ်ရှုံးသွားလျှင်တော့ ကျန်ရှိသည့်ကျင့်ကြံသူများအနေဖြင့် အဋ္ဌမတောင်သို့ ဆုတ်ခွာရုံမှတစ်ပါး ရွေးချယ်စရာရှိတော့မည် မဟုတ်ပေ။
ယခုတလော အဋ္ဌမတောင်ပင်လယ်သခင်အား ထွက်လာပေးဖို့ တောင်းဆိုနေသံများ များပြားလာသည်။
ကံဆိုးစွာနှင့် သူကား ... အရိပ်အယောင်ပင် ပေါ်မလာခဲ့ပေ။
ပေါ်လာခဲ့သူများမှာတော့ ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ ကျင့်ကြံသူများပင်။ ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ ဓမ္မစောင့်ရှောက်သူချုပ်က စစ်ရေးဗျူဟာများ ညှိနှိုင်းဆွေးနွေးဖို့ စစ်ကောင်စီအစည်းအဝေး ကျင်းပသည်။
အကွဲကြောင်းထဲမှ ထွက်လာနေသော သတ္တမတောင်ပင်လယ်သားကျင့်ကြံသူ အရေအတွက်က သိသိသာသာ လျော့နည်းလာသည်။ သို့သော် ထိုအကွဲကြောင်းအတွင်း၌ တမြေ့မြေ့ တောက်လောင်နေသော အသက်စွမ်းအားတစ်ရပ် ရှိနေ၏။ မန်ဟိုပင်လျှင် မန်မျိုးနွယ်စုထဲမှနေ၍ ၎င်းကို ခံစားနေရပြီး ၎င်းကား ပိုပို၍ ထင်ရှားပြတ်သားလာနေလေသည်။
အဆိုပါအသက်စွမ်းအားသည် ကြယ်တာရာကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေနိုင်သော မီးတောက်တစ်မျိုး ဖြစ်၏။ ထို့အပြင် ၎င်းကား အဋ္ဌမတောင်ပင်လယ်နှင့် တစတစ နီးကပ်လာနေချေပြီ။ ၎င်းသည် အမြင့်ဆုံးအချုပ်အခြာအာဏာကို ပိုင်စိုးပြီး ကြောက်မက်ဖွယ် ကျင့်ကြံခြင်းအခြေခံရှိသော ဖြစ်တည်မှုတစ်ခုနှင့် သက်ဆိုင်၏။ ထိုအကြောင်းကြောင့် ဤပုဂ္ဂိုလ်အတွက် တောင်ပင်လယ်တစ်ခုနှင့်တစ်ခုအကြား ဖြတ်သန်းခြင်းက နှေးကွေးနေခြင်း ဖြစ်သည်။
ထိုပုဂ္ဂိုလ်ကား ... သတ္တမတောင်ပင်လယ်မှ တောင်ပင်လယ်သခင် စီမာတောက်မှတစ်ပါး အခြားမဟုတ်ပေ။
မန်ဟိုသည် ထိုလူ့ကို ခံစားနေရသလို၊ အဋ္ဌမတောင်အပေါ်ရှိ ဖြစ်တည်မှုလည်း နိုးထလာနေသည်ကို ခံစားနေရ၏။
တစ်ချိန်တည်းမှာပဲ အဆိုပါဖြစ်တည်မှုနှင့် စီမာတောက်သည်လည်း မန်မျိုးနွယ်စုတွင် တည်ရှိသော ... မန်ဟို့ကို ခံစားနေရလေသည်။
သုံးရက်ကြာသော် မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး တစ်ဆက်တည်းမှာပင် မန်မျိုးနွယ်စု၏ ပတ်ပတ်လည်ကုန်းမြေငါးခုမှ ငလျင်လှုပ်သံများလို တဝုန်းဝုန်းမြည်သံများ ထွက်လာသည်။ ထိုမြေများမှ မယုံကြည်နိုင်ဖွယ် စွမ်းအားတစ်ခု နိုးထလာနေသည့်အလားပင်။
ဘာထဖြစ်လို့ဖြစ်မှန်းမသိသဖြင့် မန်မျိုးနွယ်ဝင်အားလုံး လန့်ဖျပ်ကုန်ကြသည်။ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးငါးဦးပင်လျှင် ချက်ချင်း နတ်ဘုရားအာရုံများ ဖြန့်ကျက်လိုက်ကြသည်။
တွေ့ရှိလိုက်ရသောအရာက သူတို့ကို တုန်လှုပ်သွားစေသည်။ ကုန်းမြေငါးခုသည် မိုးပြိုမြေပြိုစေနိုင်သော စွမ်းအားကြီး၊ ပေါက်ကွဲထွက်တော့မည့်အတိုင်းအတာအထိ စုဝေးလာနေသော စွမ်းအားကြီးဖြင့် ပြည့်နှက်နေလေပြီ။
“သတ္တမတောင်ပင်လယ် လာနေပြီလား”
“ဘာတွေဖြစ်နေတာလဲ” ဟန်ချင်းလဲ့နှင့် သူ့လူများအပါအဝင် မန်မျိုးနွယ်စုရှိ လူတိုင်း တုန်လှုပ်နေကြသည်။
အလန့်တကြားအော်သံများ ဆူညံနေစဉ် မန်ဟိုက တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာပြီး ဘိုးဘေးစံအိမ်၏အတွင်းက သူ့အဘွား၏ ခြံဝင်းထဲတွင် ပေါ်လာသည်။ သူ ထိုနေရာတွင် သူ ပေါ်လာသည်နှင့် သူ့အဘွားက အတော်လေး စိုးရိမ်ပူပန်နေဟန်ဖြင့် ခပ်သုတ်သုတ် ထွက်လာသည်။
“ဟိုအာ ဘာတွေ ဖြစ်နေတာလဲ” သူမက မေးသည်။ ယခုရက်ပိုင်းအတွင်း သူမသည် မန်မျိုးနွယ်စု၏ စီမံခန့်ခွဲရေးကိစ္စများကို ဆောင်ရွက်နေခဲ့ပြီး သူတို့အား လက်သီးဆုပ်အသွင်ဖြင့် ရှိစေခဲ့သည်။ သူတို့ကား ယခင်ကလို ဖရိုဖရဲ စည်းလုံးမှုပျက်ပြားနေသော အခြေအနေတွင် မဟုတ်တော့ပေ။
ယခု မန်ဟို ထွက်လာခဲ့ပြီဖြစ်သည့်အတွက် ခေါင်းဆောင်ကြီးငါးဦးက သွေးဆက်အသီးသီးမှ ကျန်အစွမ်းထက်ပညာရှင်များနှင့်အတူ အပြေးအလွှား ရောက်လာကြသည်။
ဟန်ချင်းလဲ့သည် မန်မျိုးနွယ်ဝင်မဟုတ်သော်လည်း မန်ဟိုနှင့် သူ၏ဆက်ဆံရေးကြောင့် ဟန်မျိုးနွယ်စုမှာ ဖယ်ကြဉ်အထားမခံရပေ။ သူတို့လည်း မန်ဟို့ဆီ အလောတကြီး ရောက်လာကြသည်။
မန်ဟိုက လူတိုင်းကို လှည့်ပတ်ကြည့်ပြီးနောက် သူ့အဘွားဘက် လှည့်ကာ လက်ယှက်၍ လေးနက်စွာ အရိုအသေပေးလိုက်သည်။
ဘွားဘွားမန်သည် သူ့မျက်ဝန်းထဲရှိ တွေဝေနေသောအရိပ်အယောင်ကို မြင်လျှင် သူ့အတွေးကို နားလည်သွားပြီး တုန်ရီလာ၏။ “ဟိုအာ မြေးလေး....”
မန်ဟိုက သူ့အဘွားကို မော့ကြည့်ပြီးနောက် တိုးညှင်းစွာ ပြောသည်။ “ဘွားဘွားမန် ကျွန်တော် ဘွားဘွားရဲ့ အမိန့်တစ်ခုကို မလိုက်နာခဲ့ဘဲ ကိစ္စတစ်ရပ်ကို ကျွန်တော့်ဘာသာ ဆုံးဖြတ်ခဲ့ပါတယ်
“အဋ္ဌမတောင်ပင်လယ်ဟာ စစ်ဒဏ်ခံနေရတယ်။ ပုံမှန်ဆို ကျွန်တော်ဟာ ဒီစစ်ပွဲမှာ ဝင်ပါမှာမဟုတ်ပါဘူး။ မန်မျိုးနွယ်စုကို ကာကွယ်စောင့်ရှောက်ဖို့ပဲ ဒီနေရာမှာ နေမှာပါ။ ဒါပေမဲ့ ... တစ်ယောက်သောသူကြောင့် ကျွန်တော် ဝင်ပါမှ ဖြစ်တော့မယ်
“ဒါပေမဲ့ မဟာတောင်ပင်လယ်နှစ်ခုအကြားက စစ်ပွဲမှာ ကျွန်တော် ဝင်တိုက်ခိုက်တဲ့အခါ မန်မျိုးနွယ်စုလည်း ဆွဲအသွင်းခံရပြီး သတ္တမတောင်ပင်လယ်ရဲ့ အမြစ်ဖြုတ်တာ ခံရနိုင်ပါတယ်...
“ဘွားဘွားမန်....”
ဘွားဘွားမန်သည် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် သက်ပြင်းဖွဖွ ချလေ၏။ ယခုရက်ပိုင်း မန်ဟို့ခေါင်းထဲ၌ ယောက်ယက်ခတ်နေခဲ့သော အရာများကို သူမ မည်ကဲ့သို့ နားမလည်ဘဲ ရှိမည်နည်း။ သူမလည်း တောင်ပင်လယ်စစ်ပွဲထဲ၌ သူ ဝင်တိုက်နေသည်ကို မမြင်လိုပေ။ သူမမြေးသည် အစွမ်းထက်ကောင်း ထက်လိမ့်မည်၊ သို့သော် သူမမျက်ဝန်းထဲတွင်တော့ သူကား ဂျူနီယာမျိုးဆက်လေးတစ်ဦးသာ ရှိသေးလေသည်။
သူ့ကို မတိုက်ခိုက်ခိုင်းခြင်းက တစ်ကိုယ်ကောင်းဆန်သော ဆုံးဖြတ်ချက်ပင် ဖြစ်လင့်ကစား ဘွားဘွားမန်အတွက် မိသားစုသည် နိုင်ငံရေးထက် ပိုအရေးကြီး၏။ မန်မျိုးနွယ်စုသည် အဋ္ဌမတောင်ပင်လယ်ထက် ပိုအရေးကြီး၏။ သို့သော် သူမမှာ သူ၏ခံစားချက်များကို ထည့်မတွက်ခဲ့မိရာ အတန်ကြာသော် သူမ၏အသံအက်အက် ထွက်လာသည်။ “ဘွားဘွား နားလည်ပါတယ်။ မြေးက ... ဆုံးဖြတ်ချက်ချပြီးပြီပဲ။ သွားချင်ရင် သွားပါ။ ဘွားဘွား ကူညီပေးနိုင်တာ ရှိလား”
အကြောင်းတစ်စုံတစ်ရာကြောင့် ယခုလိုပြောပြီးနောက် ဘွားဘွားမန်မှာ အသက်ပိုကြီးသွားပုံရသည်။
မန်ဟိုသည် သူမကို တခဏကြည့်နေပြီးနောက် ခပ်ရေးရေးပြုံးရင်း ရှေ့သို့လျှောက်သွားကာ သူမကို သိုင်းဖက်လိုက်၏။
“ဘွားဘွား” သူက နူးညံ့ပျော့ပျောင်းစွာ ခေါ်သည်။ “ကျွန်တော် ဘွားဘွားတို့ကို နဝမတောင်ပင်လယ်ဆီ ပို့ပေးချင်တယ်။ အဲဒီမှာ အခုထက်ထိ စစ်မဖြစ်သေးဘူးဆိုတော့ ဘွားဘွားတို့အားလုံး ဘေးကင်းလိမ့်မယ်”
ဘွားဘွားမန်သည် တိတ်ဆိတ်နေပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူမက မျက်ဝန်းထဲ၌ ချစ်ခြင်းမေတ္တာတို့ ရွှန်းလဲ့နေလျက် အသားအရေတွန့်နေသော သူမ၏လက်ကို မြှောက်ကာ မန်ဟို့ပါးကို အသာအယာလေး ပွတ်သပ်ပေးသည်။ “မြေးလေးက တကယ်ကို လိမ္မာတဲ့ကလေးလေးပဲ။ ဘွားဘွားအတွက် အများကြီး လုပ်ပေးခဲ့ပြီးပါပြီ။ ဘွားဘွားရဲ့ ဆုံးဖြတ်ချက်က နည်းနည်းတစ်ကိုယ်ကောင်းဆန်ခဲ့ပေမယ့် ... မြေးလေး ဘေးကင်းအောင် နေပါ့မယ်လို့ ဘွားဘွားကို ကတိပေးရမယ်နော်...”
မန်ဟိုက ခေါင်းညိတ်ပြီးနောက် ကျန်ရှိသူများကို ပြန်ကြည့်လိုက်ပြီး သူ့မျက်နှာသည် အတန်ငယ် တင်းမာသွား၏။
“ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုးသမီးတို့ ကျုပ် ခင်ဗျားတို့ကို နဝမတောင်ပင်လယ်ဆီ ပို့ပေးမယ်။ ဒါမဲ့ တစ်ခုတော့ သတိပေးထားပါရစေ။ ကျုပ်အသက်ရှင်နေသရွေ့ ကျုပ် ဂရုစိုက်တဲ့ လူတွေအပေါ် မကောင်းကြံလိုစိတ်မြူမှုန်လေး ထားရဲရင် ... ခင်ဗျားတို့ နောင်တရစေရမယ်”
မန်ဟို၏စကားလုံးများက လူတိုင်းကို အသက်ပြင်းပြင်း ရှူသွင်းမိလိုက်စေသည်။ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးငါးဦးပင်လျှင် ပါဝင်၏။ သူတို့မှာ ကြောက်လန့်နေသော်လည်း မန်ဟို သူတို့အားလုံး ဘေးကင်းအောင် နဝမတောင်ပင်လယ်သို့ ပို့ပေးဖို့ စီစဉ်ထားမှုကြောင့် စိတ်နှလုံးတုန်လှုပ်သွားကြလေသည်။
“ညီနောင်ဟန် ဟန်မျိုးနွယ်စုကို နဝမတောင်ပင်လယ်ဆီ သွားစေချင်လား။ ဘယ်လိုသဘောရလဲ”
ဟန်ချင်းလဲ့သည် မန်ဟို၏စကားလုံးများကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေ၏။ ရုတ်တရက်ဆိုသလို မန်ဟို လွန်ခဲ့သည့်လဝက်က စစ်ဝင်တိုက်ဖို့ အချိန်မတန်သေးကြောင်း ပြောခဲ့သည်ကို သူ နားလည်သွားသည်။
သူက အမြဲတမ်း ရပ်ကြည့်နေဖို့ ကြံရွယ်ထားခြင်းမဟုတ်ဘဲ ... အချိန်ကောင်းကို စောင့်နေခြင်းဖြစ်သည်။ ထိုအချိန်ကား .... ယခုအချိန်ပင်။
“ကျေးဇူးအများကြီးတင်ပါတယ်” ဟန်ချင်းလဲ့က လက်ယှက်အရိုအသေပေးရင်း ပြောသည်။ ဟန်မျိုးနွယ်စုအတွက် နဝမတောင်ပင်လယ်သို့ သွားနိုင်မည့်အခွင့်အရေးမှာ အံ့မခန်းလိလိအခွင့်အရေးတစ်ခု ဖြစ်သည်။ သူတို့အနေဖြင့် စစ်ပွဲတွင် ဝင်တိုက်ခိုက်နိုင်သည့် အနေအထားတွင် မရှိတော့သည် မဟုတ်ပါလော။
မှန်သည်၊ မန်ဟိုပြောသလို ကုန်းမြေကြီးတစ်ခုလုံးနှင့် လူများကို အသာထား၊ လူတစ်ယောက်လေးအတွက်ပင် တောင်ပင်လယ်နှစ်ခုအကြား ဖြတ်သန်းသွားရန် ခက်ခဲနေပြီးဖြစ်သည်။ လူတိုင်းလူတိုင်းသည် အံ့အားသင့်နေကြ၏။
“မဖြစ်နိုင်သလိုပဲနော်။ ဒီလောက်လူတွေအများကြီးနဲ့ ကုန်းမြေတစ်ခု... ဒါက...”
“ထိုးဖောက်သွားဖို့က စွမ်းအားအများကြီး ကုန်ကျမှာ။ တွက်ကြည့်လို့တောင် မရဘူး”
“နဝမတောင်ပင်လယ်....”
လူတိုင်းသည် မန်ဟို့ကို ကြည့်ရင်း ပိုမိုထိတ်လန့်လာကြသည်။ မန်ဟိုသာ ပြောခဲ့သည့်အတိုင်း လုပ်နိုင်လျှင် .... သူကား သူတို့အတွက် ပို၍ပင်လေးစားကြည်ညိုဖွယ် ကောင်းသွားလိမ့်မည်။
သူ အသက်ရှင်နေသရွေ့ မည်သူမှ သူ့အဘွား၏ ရာထူးကိုသော်လည်းကောင်း၊ လုပ်ပိုင်ခွင့်ကိုသော်လည်းကောင်း စိန်ခေါ်ဝံ့မည်မဟုတ်တော့ပေ။
မန်ဟိုက လူအုပ်ကြီးကို တခဏ ကြည့်ပြီးနောက် အသက်ပြင်းပြင်းရှူသွင်းကာ လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်လိုက်သည်။ ထိုအခိုက်အတန့်မှာပင် တောင်ပင်လယ်များ၏ စွမ်းအားသည် သူ့ကိုယ်အတွင်းမှ ပေါ်ထွက်လာ၏။ ဖျူးကြိုး မီးလင်းလာခဲ့သည့်အလား အရန်ကုန်းမြေငါးခုအနက်ရှိ တစ်ခုထံမှ ဧရာမအလင်းတန်းကြီးတစ်တန်း အပေါ်ထိုးတက်သွားသည်။ ၎င်းသည် အဆုံးမဲ့လှိုင်းဂယက်များကို ထုတ်လွှတ်ရင်း ကြယ်တာရာကောင်းကင်ထဲသို့ ထိုးတက်သွား၏။
ထို့နောက် ဒုတိယကုန်းမြေမှ အလင်းတန်းတစ်တန်း ထွက်လာသည်။ ထို့နောက် တတိယ၊ စတုတ္ထ....
ကုန်းမြေတစ်ခုပြီးတစ်ခုထံမှ အလင်းတန်းများသည် မန်ဟို လနှင့်ချီ စုဆောင်းထားခဲ့သော တောင်ပင်လယ်လောကမှ သိပ်သည်းပြင်းထန်သည့် စွမ်းအားများကို ထုတ်လွှတ်ရင်း ထိုးတက်သွားကြ၏။ သိသိသာသာပင် သူ့တွင် လူအပြည့်ကုန်းမြေကြီးတစ်ခုလုံးကို နဝမတောင်ပင်လယ်သို့ ပို့ပေးနိုင်သော ကိုယ်ပိုင်စွမ်းအား မရှိသည့်အတွက် သူ၏ရည်ရွယ်ချက် အထမြောက်ဖို့ တောင်ပင်လယ်လောက၏စွမ်းအားကို အသုံးပြုရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ထိုအကူအညီဖြင့်လျှင်ပင် သူ့မှာ လနှင့်ချီပြင်ဆင်ခဲ့ရလေရာ အဋ္ဌမတောင်ပင်လယ်သို့ ကျူးကျော်ဖို့ သတ္တမတောင်ပင်လယ် မည်မျှပေးဆပ်ခဲ့သည်ကို စိတ်ကူးသာ ကြည့်နိုင်တော့သည်။
မန်ဟို တောင်ပင်လယ်များ၏စွမ်းအားကို ထုတ်လွှတ်လိုက်သော အခိုက်အတန့်၊ အလင်းတန်းများ ကြယ်တာရာကောင်းကင်သို့ ထိုးတက်သွားစဉ် သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူသန်းပေါင်းများစွာသည် အသတ်အဖြတ်စိတ်ဆန္ဒများကို ထုတ်လွှတ်လျက် မန်မျိုးနွယ်စုအနား၌ ပေါ်လာ၏။
ခေါင်းဆောင်နေရာရှိ လူကတော့ ... သက်လတ်ပိုင်းလူတစ်ယောက်ပင်။ ထိုသူသည် ... မန်ဟို သတ်ခဲ့သော လူငယ်၏အဖေ ... သတ္တမတောင်ပင်လယ်၏ မြို့စားလု ဖြစ်နေသည်။
မြို့စားလု၏မျက်နှာသည် တင်းမာခက်ထန်နေပြီး လူသတ်ငွေ့များက သူ့ပတ်ပတ်လည်တွင် တထောင်းထောင်းထနေ၏။ မန်မျိုးနွယ်စုထံ ချဉ်းကပ်လာနေစဉ် သူက အဝေးရှိ အလင်းတန်းများကို မြင်လိုက်သည်။
“မင်းက ငါ့သားကို သတ်ခဲ့တယ်။ ဒါကြောင့် မင်းတို့မျိုးနွယ်စုတစ်စုလုံးကို ငါ အမြစ်ဖြုတ်ပစ်မယ်။ တောင်ပင်လယ်သခင် ဘာအမိန့်တွေပဲ ထုတ်ထားထုတ်ထား ငါ ဂရုမစိုက်ဘူး။ သူက မင်းတို့ရဲ့မိတ်ဆွေဆက်ဆံရေးကြောင့် မင်းကို လွတ်ပေးထားကောင်း လွတ်ပေးထားလိမ့်မယ်... ဒါမဲ့ မင်း ငါ့ကိုတော့ ဘယ်တော့မှ ရန်မစသင့်ဘူး”