မန်မျိုးနွယ်စုကို ပို့ဆောင်ပေးပြီးပြီ
Vol. 92 Ch. 1286
အလင်းတန်းကိုးတန်းက မန်မျိုးနွယ်ဘိုးဘေးစံအိမ်၏ ပတ်ပတ်လည်ရှိ ကုန်းမြေကိုးခုမှ ထိုးတက်နေသည်။ ၎င်းတို့သည် အရာခပ်သိမ်းကို တုန်ခါနေစေသော အဆုံးမဲ့လှိုင်းဂယက်များကို ထုတ်လွှတ်ရင်း ကြယ်တာရာကောင်းကင်အထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြ၏။
မြို့စားလုနှင့်အပေါင်းအပါများ ရောက်လာသည့်အချိန်က ရှစ်တန်းမြောက်အလင်းတန်း ထိုးတက်သွားသောအချိန် ဖြစ်သည်။
“ဒါ....” မြို့စားလုသည် မျက်လုံးအပြူးသားနှင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်လျှင် အခြေအနေကို စစ်ဆေးပြီးနောက် ထိုအလင်းတန်းများအတွင်းမှ ကြောက်မက်ဖွယ်စွမ်းအားကို သူ ခံစားလိုက်ရသည်။
မြို့စားလုသည် သူ့ညာလက်ဖမိုးပေါ်ရှိ အရုပ်ဆေးမင်ကြောင်တစ်ခုကို ငုံ့ကြည့်ကာ မျက်လုံးများ တောက်ပလာ၏။ သူ့ကိုယ်သူ အားပေးရင်း သူက အေးစက်စက် နှာမှုတ်ပြီးနောက် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် နောက်လိုက်ကျင့်ကြံသူသောင်းပေါင်းများစွာနှင့်အတူ ချီတက်သွားသည်။ တပ်ဖွဲ့တစ်ဖွဲ့လုံးကား မန်မျိုးနွယ်စုထံ တဟုန်ထိုး ဦးတည်သွားသော အလင်းတန်းများ ဖြစ်သွားလေသည်။
သူတို့ချဉ်းကပ်သွားနေစဉ် သူတို့ထံမှ ထုတ်လွှတ်နေသော အသတ်အဖြတ်အရှိန်အဝါက ကြယ်တာရာကောင်းကင်ကို တဝုန်းဝုန်း တုန်ခါလာစေသည်။ အရှိန်အဝါမှာ အကောင်အထည်ပင် ရှိလာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အေးခဲနေစေသည့်အလား ထင်ရအောင် ပြင်းထန်လှလေသည်။
“မန်မျိုးနွယ်စု ငါ့သားကို သတ်ခဲ့တဲ့ကောင် အခုချက်ချင်း ထွက်လာပြီး ငါ့ကို ရင်ဆိုင်စမ်း” မြို့စားလု၏အသံတွင် အရပ်လေးမျက်နှာတွင် ဟိန်းထွက်နေ၏။ သူ၏ကျင့်ကြံခြင်းအဆင့်မှာ အနှစ်သာရ ၄ ခု တာအိုဥသျှောင်ဖြစ်သည့်အတွက် ၎င်းထွက်ပေါ်လာလျှင်ချင်း ပတ်ဝန်းကျင်ရှိ သဘာဝနိယာမများ ကြေမွကုန်သည်။
ဤအခိုက်အတန့်တွင် မန်မျိုးနွယ်ဘိုးဘေးစံအိမ်ထဲရှိ လူတိုင်း သူ၏ကြိမ်းဝါးသံကို ကြားလိုက်ရပြီး အအေးဓာတ်ကို ခံစားလိုက်ရသဖြင့် မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
မန်ဟိုကတော့ မန်မျိုးနွယ်စုကုန်းမြေများ၏ အပြင်ရှိ ကြယ်တာရာကောင်းကင်အား အေးအေးဆေးဆေးသာ လှမ်းကြည့်ပြီးနောက် သူ့အလုပ်သူ ဆက်လုပ်နေသည်။ သူ့လက်များက မြှောက်ထားလျက် ဆက်ရှိနေပြီး တောင်ပင်လယ်လောက၏စွမ်းအားကို ခြယ်လှယ်နေစဉ် ထူးဆန်းသောအလင်းရောင်အား သူ၏မျက်ဝန်းများတွင် မြင်နိုင်၏။
အလင်းတန်းကိုးတန်းကား ကြယ်တာရာကောင်းကင်ထဲသို့ တောက်ပစွာ ထိုးတက်နေသည်။ ထိုအခိုက်အတန့်တွင် အလင်းတန်းများ၏ ထိပ်ဆုံး၊ မန်မျိုးနွယ်စုဘိုးဘေးစံအိမ်၏အပေါ်ရှိ ကောင်းကင်ထဲတွင် ဧရာမဝဲကြီးတစ်ဝဲ ပေါ်လာသည်။
ဝဲကြီးသည် ဧရာမကြီးမားပြီး မြန်သထက်မြန်မြန် လည်နေပြီဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း တဝေါဝေါမြည်သံများ ပဲ့တင်ထပ်လာသည်ကို ကြားရပြီး အလွန်ကြီးမားသောဖိအားကြီး သက်ရောက်လာသည်။
မြို့စားလုပင် မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး တုံ့ခနဲ ရပ်လိုက်ရသည်။ သူ့အနောက်ရှိ ကျင့်ကြံသူများလည်း ထိုနည်းတူပင်။ ထို့နောက် သူတို့သည် အပေါ်၌ ပေါ်လာခဲ့သော ကြောက်မက်ဖွယ်ဝဲကြီးကို မြင်လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားကြတော့၏။
“သူတို့ ဘာလုပ်နေတာလဲ”
“အဲ့ဒါ ဘယ်လိုမန္တန်ဝင်္ကပါကြီးလဲ” သက်ရောက်နေသောဖိအားက လုံးလုံးလျားလျား အံ့ဩတုန်လှုပ်ဖွယ်ကောင်းလေသည်။ မမြင်ရသောလက်ကြီးတစ်ဖက်က သူတို့ကို ဖိချနေသကဲ့သို့ ခံစားရသည်။ မကြာမီ ဝဲကြီးသည် အလွန်လျင်မြန်စွာ လည်လာရင်း သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူများအား တောင့်မခံနိုင်တော့ဘဲ နောက်သို့ရွေ့သွားစေသော လှိုင်းများကို ထုတ်လွှတ်နေသည့် တွင်းနက်ကြီးပမာ ဖြစ်လာ၏။
တဖြေးဖြေး မြို့စားလုပင် ဖိအား၏သက်ရောက်ခြင်း ခံလိုက်ရသည်။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်လျှင် သူသည် တဝုန်းဝုန်းထစ်ချုန်းသံများနှင့်အတူ နောက်ဆုံးမှ တွန်းထုတ်ခံရသောတစ်ယောက် ဖြစ်၏။
မန်ဟိုက မန်မျိုးနွယ်စုကုန်းမြေအပေါ်ရှိ ကြယ်တာရာကောင်းကင်သို့ ပျံတက်သွားရင်း လူတိုင်းကို ပြန်ငုံ့ကြည့်သည်။ အထူးသဖြင့် သူ့အဘွားကိုပင်။
ထို့နောက် သူ၏ညာလက်သည် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ပြီး သူ့လက်ချောင်းက လှုပ်ရှားသွားသည်။
ထိုလက်ချောင်းလှုပ်ရှားမှုက မန်မျိုးနွယ်စုဘိုးဘေးစံအိမ်ကို ဝန်းရံထားသော ကုန်းမြေကိုးခုအနက်မှ တစ်ခုကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေပြာကျသွားစေသည်။ ထို့နောက် ထိုကုန်းမြေနှင့် ချိတ်ဆက်နေသော အလင်းတန်းသည် ဝဲထဲ မြောက်တက်သွားသော အလင်းအမှုန်အမွှားများအဖြစ် ပေါက်ကွဲသွား၏။
ဝုန်း
ဝဲသည် မြန်သထက်မြန်မြန် လည်လာပြီး ၎င်းအတွင်းရှိ ဖိအားနှင့် စွမ်းအားသည် ပို၍ပြင်းထန်လာရာ မြို့စားလုအား မျက်စိမျက်နှာပျက်သွားစေတော့သည်။
ထို့နောက် ဒုတိယကုန်းမြေ ပေါက်ကွဲသွားသည်။ ထို့နောက် သုံးခုမြောက်၊ လေးခုမြောက်။ ၎င်းတို့အားလုံး ပြာဖုန်များအသွင် ပြောင်းလဲသွားပြီးနောက် ၎င်းတို့နှင့် ချိတ်ဆက်နေသော အလင်းတန်းများက ဝဲအတွင်းသို့ စုပ်ယူခံလိုက်ရသော အလင်းမှုန်များ ဖြစ်သွားကြသည်။
ဝဲမှ ဖိအားသည် ထပ်မံကြီးမားလာ၍ မြို့စားလုမှာ သူ့အနောက်ရှိ သတ္တမတောင်ပင်လယ်သားကျင့်ကြံသူအားလုံးနည်းတူ တွန်းထုတ်ခံလိုက်ရပြန်သည်။
“ဒါက....” မြို့စားလုမှာ အာလေးလျှာစေးနေတော့သည်။ သူသည် အံ့မခန်းလိလိ ဝဲကြီးကို ကြည့်နေစဉ် ၎င်းက မဖြစ်နိုင်ပုံရသော်လည်း ဖြစ်နိုင်ခြေအများဆုံး ထိုအရာဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။
ဝုန်း
ငါးခုမြောက် ကုန်းမြေသည် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွား၏။ ထို့နောက် ခြောက်ခုမြောက်၊ ခုနစ်ခုမြောက်၊ ရှစ်ခုမြောက်နှင့် ကိုးခုမြောက်။ အလင်းတန်းများ ကြေမွသွားပြီး အလင်းမှုန်များ လေပေါ် မြောက်တက်သွားသည်။ ဝဲထံမှ ဖိအားသည် ကြောက်ခမန်းလိလိ မြင့်တက်လာပြန်၏။
ယခုတွင် မန်မျိုးနွယ်စုတွင် ကျန်ခဲ့သည့်အရာဆို၍ ဘိုးဘေးမြေနှင့် ၎င်းရပ်တည်နေသော ကုန်းမြေသာ ရှိတော့လေပြီ။ မန်မျိုးနွယ်ဝင်အားလုံး ရင်တဒိန်းဒိန်းခုန်နေသည်ကို ခံစားနေကြရသည်။ ကြောက်ခမန်းလိလိ ဝဲကြီးက သူတို့ကို ငေးကြောင်သွားစေသည်အထိ ချာချာလည်နေစေသည်။
တာအိုနယ်ပယ်ခေါင်းဆောင်ကြီးငါးဦးပင်လျှင် တုန်လှုပ်နေပြီး ရင်ထဲတွင် ဘင်ခရာများ တီးနေ၏။
ဤအခိုက်အတန့်တွင် မန်ဟို၏မျက်လုံးများက စတင်တောက်ပလာသည်။ သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် သူ၏လက်ချောင်းအား နောက်ဆုံးသော ပင်မကုန်းမြေထံ ဝှေ့ယမ်းလိုက်၏။
“တောင်ပင်လယ်တွေအကြားက လမ်း ပွင့်လာလော့” မန်ဟို့အသံက ကောင်းကင်တွင် ကြောင်ကြောင်ကျားကျား အရောင်များ ဝင်းလက်ပြိုးပြက်သွားစေရင်း ပဲ့တင်ထပ်သွားသည်။ ကုန်းမြေအားလုံးမှ ပြာမှုန်များက အလင်းမှုန်များနှင့် ပေါင်းစည်းပြီးနောက် ဧရာမတွင်းနက်ကြီး၏အထဲတွင် စက်ဝန်းကဲ့သို့ လည်ပတ်လာသည်။
မျက်စိတစ်မှိတ်အတွင်း တွင်းနက်ကြီးက ကုန်းမြေအားလုံးမှ စွမ်းအားနှင့် တောင်ပင်လယ်လောကမှ စွမ်းအားအားလုံးကို စုပ်ယူခဲ့ပြီးလေပြီ။ စုပ်ယူပြီးသည့်အခါ ၎င်းသည် တတ်နိုင်သည့် အမြင့်ဆုံးအတိုင်းအတာသို့ ရောက်ရှိသွားသည့်အတွက် မန်ဟို အမိန့်ထုတ်လိုက်လျှင် ဝဲကြီးကား တစ်ခါမှ မကြုံဖူးသော ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်ဖော်လိုက်တော့သည်။
ထိုအရှိန်အဝါ၏ပြင်းအားက သက်ရှိသတ္တဝါအားလုံး၏ စိတ်များနှင့် ဝိညာဉ်များကို တုန်ရီလာစေသည်။ အဝေးရှိ မြို့စားလုမှာတော့ တွင်းနက်ကြီးနှင့် ယခုလေးတင် ပေါ်လာခဲ့သော အလင်းတန်းကြီးကို ကြည့်ရင်း ကြက်သေသေနေသည်။
ထိုအလင်းက .... မဖော်ပြနိုင်သောအမြန်နှုန်းဖြင့် ကြယ်တာရာကောင်းကင်တစ်လျှောက် လျင်မြန်စွာ ရွေ့လျားရင်း အဋ္ဌမတောင်ပင်လယ်နှင့် နဝမပင်လယ်အကြားက အတားအဆီးထံ ဦးတည်သွားပြီးနောက် အကွဲကြောင်းတစ်ကြောင်းအား ဖွင့်ပေးလိုက်သည်။
ဤသည်မှာ တာအိုဆရာအစည်းအရုံးသုံးခု အင်မော်တယ်တံတားကို ဖန်ဆင်းခဲ့စဉ်က မြင်ကွင်းထက်ပင်ပို၍ ရင်သပ်ရှုမောဖွယ်ကောင်းလေသည်။
အလင်းတန်းကြီး အတားအဆီးကို ထိုးဖောက်ရင်း အဋ္ဌမတောင်ပင်လယ်မှ နဝမတောင်ပင်လယ်သို့ တိုက်ရိုက်သွားနေသော မြင်ကွင်းကား အလွန်တရာအံ့အားသင့်ဖွယ်ကောင်းပေ၏။
နဝမတောင်ပင်လယ်တွင် ကြယ်တာရာကောင်းကင်တစ်ခုလုံး လင်းထိန်လာ၍ ထိုနေရာရှိ ကျင့်ကြံသူများမှာ ထိတ်လန့်တကြား မော့ကြည့်လိုက်ကြသည်။ ဖန်မျိုးနွယ်စုဖြစ်စေ၊ တခြားဂိုဏ်းများမျိုးနွယ်စုများ ဖြစ်စေ၊ လူတိုင်းလူတိုင်း တူညီသောတုံ့ပြန်မှုများ ရှိကြသည်။
“ဘာတွေဖြစ်နေတာလဲ”
“အဲ့ဒါ... အဲ့ဒါ ဘာကြီးလဲ”
“အဲဒီအလင်း ဘာကြီးတုန်း။ အဖိုးထိုက်ရတနာတစ်မျိုးမျိုး ပေါ်လာနေတာများလား” နဝမတောင်ပင်လယ်အတွင်းရှိ နေရာတိုင်းလိုလိုတွင် စကားသံများ ဆူညံပွက်လောရိုက်သွားသည်။
သို့သော် ဤအခိုက်အတန့်တွင် ဖန်မျိုးနွယ်စု၌ .... ဖန်ရှုံ့ဖုန်း၊ မဟာအကြီးအကဲနှင့် တချို့သူများသည် ထိုအလင်းရောင်ထဲတွင် မန်ဟို၏အရှိန်အဝါအနည်းငယ် ပါဝင်နေကြောင်း ပြောနိုင်ကြသည်။
အဋ္ဌမတောင်ပင်လယ်၌ မြို့စားလုသည် ဖြစ်ကြောင်းကုန်စင်ကို မြင်နေရ၏။ သူက တွင်းနက်ဝဲကြီးနှင့် အလင်းတန်းကို ကြောင်အစွာ ကြည့်ရင်း နောက်ဆုတ်လိုက်ပြန်သည်။
“သူက.... သူက... တောင်ပင်လယ်တွေကြားက အတားအဆီးကို ဖွင့်လိုက်တာလား။ သူ့အစီအစဉ်က မန်မျိုးနွယ်စုရဲ့ ကုန်းမြေတွေနဲ့ မျိုးနွယ်ဝင်တွေကို နဝမတောင်ပင်လယ်ဆီ ပို့ဖို့ပဲ” သူ၏ကျင့်ကြံခြင်းအခြေခံနှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းဖြင့် မြို့စားလုမှာ မန်ဟို၏ပါးနပ်မှုကြောင့် လုံးလုံးလျားလျား တုန်လှုပ်သွားပြီး ချာချာလည်မူးဝေသွားတော့သည်။
တောင်ပင်လယ်အကြားက အတားအဆိးကို ဖွင့်လိုလျှင် ပေးဆပ်ရသည့် တန်ကြေးကို သူ ကောင်းကောင်းသိသည်။ သတ္တမတောင်ပင်လယ်သည် ထိုအက်ကွဲကြောင်းကို ဖွင့်ဖို့ အင်မတန်ကြာမြင့်စွာ ပြင်ဆင်ခဲ့ရပြီး ကြောက်ခမန်းလိလိတန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရ၏။ သို့သော် ဤနေရာတွင် မြို့စားလုမှာ မန်ဟို ထိုအရာကို တစ်ယောက်တည်း လုပ်နေသည်ကို မြင်နေရလေပြီ။ သူ့မှာ အဘယ်ကြောင့် မတုန်လှုပ်ဘဲ နေတော့မည်နည်း။
မန်ဟိုက တွင်းနက်ကြီးနှင့် အလင်းတန်းကို မော့ကြည့်သည်။ ထို့နောက် လက်နှစ်ဖက်လုံးကို ဘေးနှစ်ဖက်သို့ ဖြန့်ကားပြီး မာန်သွင်းဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် မန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်နှင့် ပင်မကုန်းမြေသည် လေပေါ် ဝုန်းခနဲ မြောက်တက်လာ၏။ ဘီလူးကြီးတစ်ကောင်က ၎င်းကို ပခုံးဖြင့် ထမ်းရင်း ဝဲထဲသို့ မြှောက်တင်ပေးနေသည့်အလားပင်။
ဖုန်များ အလိပ်လိပ်ထလာပြီး အရာအားလုံး တုန်ရီလှုပ်ရမ်းလာသည်။ မန်ဟိုက မန်မျိုးနွယ်စုဘိုးဘေးစံအိမ်အပေါ်တွင် အာရုံအပြည့်အဝ စူးစိုက်ထားသဖြင့် ၎င်းသည် မြောက်တက်လာရင်း ဝဲကြီးနှင့် နီးကပ်လာ၏။
မကြာမီ ၎င်း ဝဲထဲ ရောက်လုနီးပါး ဖြစ်သွားလျှင် မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဘွားဘွား ဘေးမသီရန်မခ ရောက်သွားပါစေ”
ထို့နောက် မန်မျိုးနွယ်ဘိုးဘေးစံအိမ်သည် ဝဲထဲ ရောက်သွားပြီးနောက် ဝါးမြိုခံလိုက်ရပုံပေါ်သည်။ မျက်စိတစ်မှိတ်အတွင်း တွင်းနက်ကြီးသည် အလင်းတန်းအဖြစ် ဖြတ်ခနဲ ပျောက်ကွယ်သွား၏။
တောင်ပင်လယ်နှစ်ခုကို ဆက်သွယ်ထားသော အလင်းတန်းလည်း အဋ္ဌမတောင်ပင်လယ်ဘက်ခြမ်းမှစတင်၍ မှေးမှိန်လာသည်။ သို့မဟုတ် ၎င်းသည် ပျောက်ကွယ်နေခြင်းမဟုတ်ဘဲ အဝေးသို့ ရွေ့လျားသွားခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။
မကြာမီ အလင်းတန်းသည် အဋ္ဌမတောင်ပင်လယ်မှ ထွက်ခွာ၍ နဝမတောင်ပင်လယ်တွင် ပေါ်လာခဲ့လေပြီ။ ထိုနေရာတွင် ကြယ်တာရာကောင်းကင်သည် တဝုန်းဝုန်း တုန်ခါလာပြီးနောက် ဟင်းလင်းပြင်သည် ပုံပျက်ရှုံ့တွလာ၏။
မန်ဟိုကား မန်မျိုးနွယ်စုကို အောင်မြင်စွာ ပို့ဆောင်ခဲ့ပြီးလေပြီ။
မန်မျိုးနွယ်စုသည် အဋ္ဌမတောင်ပင်လယ်တွင် တည်ရှိခဲ့သော်လည်း ယခုတော့ ဘာမှမကျန်ခဲ့တော့ပေ။ ကြယ်တာရာကောင်းကင်သည် တိတ်ဆိတ်နေပြီး လှိုင်းဂယက်များ မှေးမှိန်လွင့်ပျယ်သွား၏။ မန်ဟိုတစ်ယောက်တည်းသာ နဝမတောင်ပင်လယ်ရှိရာသို့ ငေးမောကြည့်ရင်း ကျန်ခဲ့သည်။
အဝေးတွင် မြို့စားလုမှာတော့ မှင်သက်နေသည်။ တစ်နေရာတွင် သူသည် ဇောချွေးပြန်လာခဲ့ပြီး မန်မျိုးနွယ်စုကို အမြစ်ဖြုတ်ဖို့ ကြိုးစားခြင်းက သေမင်းကို လက်ယပ်နေခြင်းဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွား၏။
ယခုတွင် သတ္တမတောင်ပင်လယ်သခင်က မန်မျိုးနွယ်စုကို ရန်မစဖို့ အမိန့်ထုတ်ပြန်ခဲ့သည့်အကြောင်းရင်းမှာ ... မန်ဟိုက သူ၏မိတ်ဆွေဖြစ်နေ၍မဟုတ်ဘဲ အမှန်တကယ် ရန်မစချင်၍ဖြစ်ကြောင်း သူ နားလည်သွားလေပြီ။
မန်မျိုးနွယ်စုထဲတွင် ဇာတ်မြှုပ်နေသော ဖြစ်တည်မှုကား... အလွန်တရာအစွမ်းထက်သော ပညာရှင်တစ်ဦးဖြစ်သည့်အတွက် မြို့စားလုပင်လျှင် ထိုလူ့ကို သွားရန်မစရဲကြောင်း သိလိုက်သည်။
ထိုလူ့တွင် ... တောင်ပင်လယ်များအကြားက အတားအဆီးကို ဖွင့်၍ မျိုးနွယ်ဝင်များအပြည့်ပါသော ကုန်းမြေကြီးတစ်ခုလုံးအား တခြားတောင်ပင်လယ်သို့ ပို့ဆောင်ပေးနိုင်သည့် စွမ်းအားရှိသည်။ အကြင်လူသည်ကား ... အင်မတန်မှ လက်ဖျားခါလောက်ဖွယ် ပညာရှင်တစ်ဦး ဖြစ်ပေသည်။
“ဆုတ်ကြ” သူက တွန့်ဆုတ်မနေဘဲ အမိန့်ပေးလိုက်သည်။ ထို့နောက် အသတ်အဖြတ်အငွေ့များ ထုတ်လွှတ်နေရာမှ ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်နေကြသော သတ္တမတောင်ပင်လယ်ကျင့်ကြံသူများနှင့်အတူ ဆုတ်ခွာသွားတော့သည်။
သူတို့သည် ဣန္ဒြေပင် မဆည်နိုင်တော့ဘဲ အမြီးကုပ်ကာ ပြေးကြတော့၏။
ဤကြောက်စရာကောင်းလောက်အောင် အစွမ်းထက်သော ပညာရှင်ကို ချုပ်နှောင်ထားသော နှောင်ကြိုးများ မရှိတော့ကြောင်း မည်သူမဆို ပြောနိုင်လေသည်။
ဆာလောင်မွတ်သိပ်နေသော သားရဲကြီးတစ်ကောင်အား လှောင်အိမ်ထဲမှ အလွှတ်ပေးလိုက်သလိုပင်။
သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူများ ဖရိုဖရဲ ထွက်ပြေးနေကြသဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်နေသည်။ သို့သော် ထိုအခိုက်အတန့်တွင် မန်ဟိုက နဝမတောင်ပင်လယ်မှ အကြည့်လွှဲကာ သတ္တမတောင်ပင်လယ်ကျင့်ကြံသူများထံသို့ အာရုံရောက်လာသည်။
“မင်းတို့တွေ အခုမှ ရောက်လာတာကို ပြေးတော့မလို့လား” သူက တည်ငြိမ်စွာ ပြောလိုက်သည်။