← Chapters

ဓားမရှိလျှင် မိုးနှင့်မြေလည်းမရှိ

Vol. 5 Ch. 420

ဓားမရှိလျှင် မိုးနှင့်မြေလည်းမရှိ

Vol. 5 Ch. 420

ချန်ပေသိုက မည်သည့်စကားမှ မပြောတော့ပါ။ သူက အစကတည်းက စကားပြော ကောင်းသူမှ မဟုတ်ပေပဲ။

ထို့ပြင် ဆန်းလျန် ပြောသည့် စကားကလည်း မှန်ကန်နေသည် မဟုတ်ပါလား။

ဆန်းလျန်ကလည်း တိတ်ဆိတ် ငြိမ်သက်နေလေသည်။ သူက တာအိုကာရံကို သဘာဝ အတိုင်း စီးဆင်း စေလိုက်သည်။

ထိုအခါ...

ဆန်းလျန်၏ နောက်တွင် ပန်းချီကားတစ်ချပ် ပေါ်လာလေသည်။

ထိုပန်းချီကားမှာ သွေးပင်လယ်အလယ်တွင် ဓားတစ်လက်ကို ကိုင်ကာ ရပ်နေသည့် လူငယ် တာအိုဆရာ တစ်ယောက် ဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါးကို တည်ထောင်ခဲ့သူ ဆရာဘိုးဘိုးယွမ်ချင်းပင် ဖြစ်လေသည်။

နဂါးငွေ့တန်း ဓားသိုင်း၏ တည်ထောင်သူ ဆရာသခင်ဖြစ်သည့် ဓားတန်ခိုးရှင်၏ ပုံမှာလည်း နဂါးငွေ့တန်း ပတ်လည်တွင် ပေါ်လာလေသည်။

ဝိညာဉ်များ၏ နာကျင်မှုကို သယ်ဆောင်လာသည့် အသူရာချောက်မှ ငရဲမင်း၏ ပုံမှန်လည်း ပေါ်လာပြန်လေသည်။

ထို့နောက်တွင်တော့ ချင်းရွှမ်နတ်တံခါးမှ ယခင်မျိုးဆက် နတ်ဘုရားများ၏ ပုံတူပန်းချီများ တစ်ခုပြီးတစ်ခု ပေါ်လာလေသည်။

ဆန်းလျန်က ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ထိုပုံတူ ပန်းချီကားများသည် ဆန်းလျန်၏ မှော်ဝင်ဓားဆီသို့ စုရုံးရောက်ရှိလာကာ ပျောက်ကွယ် သွားကြလေသည်။ ထိုပုံတူ ပန်းချီကားများသည် ဆန်းလျန်နှင့် တစ်သားတည်း ကျသွားလေသည်။

ဆန်းလျန်သည် မိုးနှင့်မြေတွင် တစ်ပါးတည်းရှိသည့် နတ်ဘုရား တစ်ပါးအလား မတ်တတ် ရပ်နေလေသည်။

သူ၏ အင်္ကျီလက်များသည် လေထဲတွင် လွင့်ပျံလျက် ရှိလေ၏။

လေနှင့် မိုးကြိုး ပေါက်ကွဲမှုကြီးက အဆက်မပြတ် ဖြစ်ပေါ်လာပြီး လေထု တစ်ခုလုံးမှာ တုန်ခါ နေလေသည်။

ဆန်းလျန် အသုံးပြုလိုက်သည့် ဓားသိုင်းမှာ ကိုယ်ပျောက် ဓားဝိညာဉ် ဓားသိုင်းကို အဆင့်ရှစ်ဆင့် အဖြစ် ပြောင်းလဲထားခြင်းမှ ပထမ အဆင့်ဖြစ်ပြီး "စတင်မွေးဖွားခြင်း" ဟု အမည် ပေးထားလေသည်။

လောကတွင် လူအများသည် အသက်ရှင်သန် လိုသည့် အတွက် ရုန်းကန် လှုပ်ရှား ကြရလေသည်။

သေသူများက ရှင်သန်လိုကြပြီး ရှင်သန်သူများကလည်း ထာဝရ အသက်ရယူချင်ကြသည်။

ထိုအရာမှာ လူသားများ၏ ဆန္ဒပင် ဖြစ်လေသည်။

ကိုယ်ပျောက် ဓားဝိညာဉ်၏ အနှစ်သာရတွင် ထို "ဆန္ဒ" ကို တွေ့မြင်နိုင်လေသည်။

ဆန်းလျန်၏ မှော်ဝင် ဓားဝိညာဉ်သည် ပျောက်ကွယ် သွားပြီး ချောက်ကမ်းပါးကြီးဘေးတွင် ပြန်ပေါ် လာလေသည်။ ထို့နောက် ချန်ပေသို တည်ဆောက် ထားသည့် ကြယ်တာရာ တန်ခိုးစွမ်းအားများကို ထိုးစိုက် ချလိုက်လေတော့သည်။

ကြယ်တာရာ တန်ခိုးစွမ်းအားများကို အသုံးပြုကာ ချန်ပေသို တည်ဆောက် ထားသည့် မပျက်စီးနိုင်သော ချောက်ကမ်းပါးကြီးသည် ရုတ်တရက် ပြိုကျသွားလေသည်။

မည်သို့မှ မပျက်စီးနိုင်ဟု ထင်ရသည့်တိုင် ဆန်းလျန်၏ အံ့သြဖွယ်ရာ တန်ခိုးစွမ်းအားက ဖြိုချခဲ့လေပြီ။

ချန်ပေသိုက ဆန်းလျန်၏ ဓားသိုင်းသည် ပြီးပြည့်စုံခြင်း မရှိသေးဟု မှတ်ချက် ပြုခဲ့သည့်တိုင် သတိမထားဘဲ မနေဝံ့ခဲ့ပေ။

ချန်ပေသိုက နတ်ဘုရား ထောင်ချောက်ဓားကို ဆွဲထုတ် လိုက်လေသည်။ ဓားဆီမှ လူသတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လျက် ရှိလေသည်။ နတ်ဘုရား ထောင်ချောက် ဓားသည် မရဏ ဓားတစ်လက် ဖြစ်လေသည်။ မရဏ တရားသည် ထိုဓားသွား၏ အသိဉာဏ်ပင် ဖြစ်လေသည်။

သို့သော် အစွမ်းထက်လှသည့် မရဏဓားကို ချန်ပေသိုက အပြည့်အဝ ထိန်းချုပ်နိုင်သူ ဖြစ်လေသည်။ ဓားဆီမှ သွေးနီရောင်များ တလက်လက် တောက်ပ နေလေသည်။

သွေးနီရောင်ဓား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြယ်များမှာ အရောင်မှိန် သွားကြပြီး လရောင်မှာလည်း အဝါရောင် ဖျော့ဖျော့မျှသာ ကျန်တော့သည်။

နတ်ဘုရား ထောင်ချောက် ဓားနှင့် ချန်ပေသိုသည် ဆက်စပ်လျက် ရှိလေသည်။

ဖျက်ဆီး၍ မရနိုင်သော စွမ်းအားများကို ပိုင်ဆိုင် ထားကြပြီး ဆန်းလျန်၏ သိုင်းကွက် အပါအဝင် အရာအားလုံးကို တားဆီး နိုင်စွမ်း ရှိလေသည်။

ချန်ပေသို၏ မျက်နှာ အမူအရာက ခံစားချက် ကင်းမဲ့နေလေသည်။

သွေးနီရောင် ဓားသွားက ဆန်းလျန်နှင့် တဖြည်းဖြည်း နီးကပ်လာပြီး ဓားခြိမ်းသံကြီးက ကျယ်လောင်စွာ ထွက်ပေါ် လာလေသည်။ ဓားခြိမ်းသံကြောင့် ပေါက်ကွဲမှုကြီးပါ ဖြစ်သွားပြီး ချောက်ကမ်းပါးကြီးပင် ပြိုကျ သွားလေသည်။

ဆန်းလျန်သည် ပေါက်ကွဲမှုများကြားမှပင် သွေးနီရောင်ဓားကို ကြည့်နေခဲ့လေသည်။ သူ၏ စိတ်ထဲတွင် အရှေ့ပင်လယ်ကို ရှင်းရှင်းလင်းလင်း မြင်ယောင် နေမိလေသည်။

ဆန်းလျန်၏ ဒြပ်စင်ငါးပါး မှော်ဝင်ဓားသည် ကောင်းကင် ကိုးခုကို ထိုးဖောက် သွားတော့မည် ဇာမဏီ ငှက်အလားပင် ဖြစ်လေသည်။ နတ်ဘုရား ထောင်ချောက်ဓားသည် ဆန်းလျန်ကို အပိုင်းပိုင်း မဖြတ်ခင်တွင် မှော်ဝင်ဓား၏ ထိပ်ဖျားက နတ်ဘုရား ထောင်ချောက်ဓားဖြင့် ရိုက်ခတ်မိ သွားလေသည်။

မှော်ဝင်ဓားသည် ဓားခြိမ်းသံ တစ်ချက်ကို ပြုလုပ်လိုက်ပြီး နတ်ဘုရား ထောင်ချောက်ဓား၏ လွှမ်းမိုးမှု အောက်သို့ ကျရောက် သွားလေသည်။ ဆန်းလျန်၏ ညာဘက် အင်္ကျီလက်မှာ မီးခိုးရောင် အဖြစ်သို့ ပြောင်းလဲ သွားလေသည်။ သို့သော် သူက လေထဲတွင် ရပ်နေဆဲ ဖြစ်လေသည်။

သူနှင့်သူ၏ ဓားသည် လေထုအလွှာထဲတွင် ပိတ်မိနေလေသည်။

ဆန်းလျန်၏ မူလဝိညာဉ် ခန္ဓာဆီမှ မရေမတွက်နိုင်သော တန်ခိုး စွမ်းအားများကို ထုတ်လွှတ် လိုက်လေသည်။

ကောင်းကင်ထက်တွင် ကြယ်များက ထွန်းလင်းနေပြီး ထူးဆန်းသည့် လမ်းကြောင်း တစ်ခု ဖြစ်ပေါ် လာလေသည်။ ဆန်းလျန်သည် တောက်ပသော ကြယ်များ အလယ်တွင် ရှိနေပြီး သူ၏ ခန္ဓာကိုယ်သည် လောကဓာတ်နှင့် အတူ ရွေ့လျား နေလေသည်။

ဆန်းလျန်သည် ရေထဲတွင် ငါးလေးတစ်ကောင် ကူးခတ်နေသည့် အလား လွတ်လပ် ပေါ့ပါးခြင်းကို ခံစား နေရလေသည်။ ထိုသို့ခံစားရသည်ကို သူ နှစ်သက် သဘောကျ နေမိသည်။

ထို့နောက် ဆန်းလျန်သည် ဒုတိယ သိုင်းကွက်တစ်ကွက်ကို ဖော်ထုတ် လိုက်လေသည်။

ထိုသိုင်းကွက်၏ အမည်မှာ "အစမရှိ၊ အဆုံးမရှိ"  ဟူ၍ ဖြစ်လေသည်။

ချန်ပေသိုက သူ၏ ဓားသိုင်းကို အတိုင်းအတာ တစ်ခုအထိ ခံနိုင်ရည်ရှိသည့် ဆန်းလျန်၏ ဓားသိုင်းကို စိတ်ထဲမှ ကြိတ်ပြီး ချီးကျူး လိုက်မိလေသည်။

ဆန်းလျန် ကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် ယှဉ်ပြိုင်ရသည်မှာ မယုံနိုင်စရာ ကောင်းလောက် အောင်ပင် စိတ်ကျေနပ်စရာ ကောင်းလွန်းသည်။

ပြိုင်ဘက်ကို တိုက်ခိုက်နိုင်လေ ဓားသိုင်းစွမ်းအား ပိုပြီး တိုးတက်လာလေ ဖြစ်ရသည်။

ချန်ပေသိုက ခဏ ရပ်တန့်လိုက်ပြီး ဒုတိယ သိုင်းကွက်ကို ဖော်ထုတ်လိုက်သည်။

"ဓားမရှိလျှင် မိုးနှင့်မြေလည်းမရှိ"

ကျုန်းစန်းတောင် တစ်ခွင်မှ သတ္တဝါတိုင်း၏ စိတ်ထဲမှ တညီတညွတ်တည်း ထွက်လာသော အသံကို ကြားလိုက်ရလေသည်။

ထိုသိုင်းကွက်မှာ ချန်ပေသို၏ ဓားသိုင်း အစစ်အမှန် ဖြစ်လေသည်။

ပထမအကြိမ် တိုက်ခိုက်မှုက ဓားသိုင်း မမြည်သေးပေ။ နတ်ဘုရား ထောင်ချောက်ဓားကို အသုံးပြုလိုက်ရုံသာ ရှိသေးသည်။

ဆန်းလျန်၏ ဓားဝိညာဉ်သည် အစမရှိ၊ အဆုံး မရှိသည့်တိုင် မိုးနှင့်မြေမှ အမှန်တကယ် လွတ်မြောက်နိုင်ခြင်း မရှိပါ။

ချန်ပေသို၏ ကြောက်မက်ဖွယ်ရာ တန်ခိုး စွမ်းအားများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှ သက်ရှိများပင် ဘေးလွတ်ရာသို့ ထွက်ပြေး ပုန်းခို ကုန်ကြရလေသည်။

ဆန်းလျန်သည် စိတ်အေး လက်အေး မရှိနိုင်တော့ပါ။

ချန်ပေသို၏ သွေးနီရောင် ဓားဝိညာဉ်သည် ဆန်းလျန်၏ ထွက်ပေါက် လမ်းကြောင်း မှန်သမျှကို ပိတ်ဆို့ ထားလိုက်ပြီ ဖြစ်လေသည်။

ချန်ပေသို၏ ဓားဝိညာဉ်သည် မိုးမြေ စွမ်းအားများကို စုစည်းလိုက်ပြီး သူတို့ တိုက်ခိုက် နေသည့် နေရာကို ဗလာနယ်တစ်ခုဖြင့် အစားထိုး ဖန်ဆင်း လိုက်လေသည်။

ဆန်းလျန်တွင် လွတ်လမ်း မရှိတော့သလို မည်သည့် ပြင်ပ အကူအညီကိုမှလည်း ရယူနိုင်စွမ်း မရှိတော့ပေ။

***

All Chapters