← Chapters

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁-၅၁၃)

Vol. 35 Ch. 511-513

အခန်း (၅၁၁) နေနှင့်လ မိစ္ဆာခန္ဓာကိုယ်။ ဓားနှစ်လက်ဖြင့် မိစ္ဆာများကို ခုတ်ပိုင်းခြင်း။ (၂)

ဤသည်မှာ လူသားပန်းပွင့်နယ်ပယ်ထက် များစွာသာလွန်သော မြေကမ္ဘာပန်းပွင့်နယ်ပယ်၏ အစွမ်းပင် ဖြစ်သည်။ တစ်ခုမှာ သာမန် မူလနယ်ပယ် သိုင်းပညာရှင်တို့၏ အဆင့်ကို ကိုယ်စားပြုပြီး အခြားတစ်ခုမှာမူ ထိပ်တန်းသိုင်းပညာရှင်တို့၏ အဆင့်ကို ညွှန်ပြနေသည်။

"ဘာ"

ကျူံးယွဲ့၏ မျက်ဆန်များမှာ သိသိသာသာ ကျုံ့ဝင်သွားသည်။ စူးချန်ခုန်း၏ လက်သီးချက်နှင့် ရင်ဆိုင်လိုက်ရချိန်တွင် သူသည် ဟိန်းဟောက်နေသော ပင်လယ်ပြင်ကြီး၏ ဒေါသနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ဝိညာဉ်ပင်လျှင် ဝါးမြိုခံရတော့မည့်အလားပင်။

"ဝုန်း"

ကြီးမားလှသော လက်သီးနှင့် သေးငယ်သော လက်သီးတို့ ထိတွေ့မိချိန်တွင် ပတ်ဝန်းကျင် လေထုအတွင်း၌ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

"ဂျောက် ဂျောက် ဂျောက်"

ထိတွေ့လိုက်သည့် ခဏမှာပင် ကျူံးယွဲ့သည် မိမိကိုယ်ကို တောင်ကြီးကို ပုရွက်ဆိတ်က တားဆီးရန် ကြိုးစားနေသကဲ့သို့ အားကိုးရာမဲ့မှုကို ခံစားလိုက်ရသည်။ ဝဲဂယက်တစ်ခုကဲ့သို့ ဖျက်ဆီးအားပြင်းသော စွမ်းအင်များမှာ ပျံ့နှံ့လာပြီး သူ၏ ညာလက်မောင်းကို တွန့်လိမ်တုန်ခါသွားစေသည်။ ထိုစွမ်းအားမှာ ဆက်လက်ပျံ့နှံ့သွားပြီး ကျူံးယွဲ့၏ ခန္ဓာကိုယ် ညာဘက်တစ်ခြမ်းလုံးရှိ အသားနှင့် အရိုးများကို အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားစေကာ သူ့ကို နောက်သို့ လွင့်စင်သွားစေတော့သည်။

"ဖောင်း"

ပေါက်ကွဲထွက်သွားသော အသားစများမှာ မိုးစက်များကဲ့သို့ ကျဆင်းလာပြီး မြေပြင်ပေါ်ရှိ နှင်းများကို သွေးနီရောင်များဖြင့် ဆိုးထပ်လိုက်တော့သည်။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

ကျူံးယွဲ့မှာ ထိတ်လန့်လွန်း၍ ခေါင်းကျိန်းသွားရသည်။ လက်သီးတစ်ချက်တည်းနှင့် သူ၏ ခန္ဓာကိုယ်တစ်ခြမ်းလုံး ပျက်စီးသွားရသည်တဲ့လား။ သူ့မှာမသေနိုင်သောခန္ဓာ ရှိနေသော်လည်း အရိုးနှင့် ကြွက်သားများကိုပါ ပေါက်ကွဲသွားစေသည့် တိုက်ရိုက်ဖျက်ဆီးမှုမျိုးမှာမူ ပြန်လည်သက်သာရန်အတွက် မိစ္ဆာစွမ်းအား အမြောက်အမြား အသုံးပြုရမည့် ပြင်းထန်သော ဒဏ်ရာမျိုး ဖြစ်သည်။

အကယ်၍ သူသာ စူးချန်ခုန်းနှင့် တစ်ဦးချင်း ရင်ဆိုင်ရပါက ဒဏ်ရာကို ကုသရန်ပင် အချိန်ရလိမ့်မည် မဟုတ်ပေ။ တစ်ဖက်သတ် အပိုင်းပိုင်း အခုတ်ခံရပြီး သေဆုံးရုံသာ ရှိတော့သည်။

ထိုကွာဟချက်မှာ ကလေးတစ်ယောက်နှင့် လူကြီးတစ်ယောက်၏ အစွမ်းကဲ့သို့ပင်။

ပြီးတော့ ဒီအရာတွေအားလုံးကို စူးချန်ခုန်းက နှစ်နှစ်အတွင်းနဲ့တင် ရခဲ့သည်တဲ့လား။

တကယ်လို့ စူးချန်ခုန်းသာ သူ့ရဲ့ ဓားဝိညာဉ်ကို အသုံးပြုခဲ့ပါက ကျုံးယွဲ့အား ဆုံတွေ့သည့် ခဏမှာပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။ သူက ဓားဝိညာဉ်ကို မသုံးသေးသည်မှာ ဖုန်းရိယွဲ့ကို အငိုက်မိစေရန်နှင့် မမျှော်လင့်ထားချိန်တွင်မှ တိုက်ခိုက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။

"လက်သီးတစ်ချက်တည်းနဲ့ ကျူံးယွဲ့ကို အနိုင်ယူလိုက်တာလား။" ကျူံးယွဲ့ နောက်သို့ လွင့်ထွက်သွားပြီး အသားစများ လွင့်စင်သွားသည်ကို မြင်လိုက်ရချိန်တွင် ကျင့်ယွီလည်း ထိတ်လန့်သွားရသည်။ ကျင့်ယွီ၏ အစွမ်းမှာ ကျူံးယွဲ့နှင့် အဆင့်တူမျှသာ ရှိရာ ဤကြောက်မက်ဖွယ် ဝတ်စုံနက်နှင့် အမျိုးသားကို သူ အနိုင်ရရန် အခွင့်အလမ်း လုံးဝမရှိပေ။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ... လွန်ခဲ့တဲ့ နှစ်နှစ်ကထက်စာရင် မင်းက အများကြီး သန်မာလာပုံရတယ်။ မင်းနာမည် ဘယ်သူလဲ။ မင်းက ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာ အမှတ်ရခံရဖို့ ဂုဏ်ဒြပ်နဲ့ ထိုက်တန်သွားပြီ။"

ထိုခဏတွင် ဖုန်းရိယွဲ့က စိတ်ဝင်စားမှုရှိကြောင်း ထုတ်ပြောလိုက်သည်။

လွန်ခဲ့သော နှစ်နှစ်က ဖုန်းရိယွဲ့သည် စူးချန်ခုန်းအား ခြိမ်းခြောက်မှုတစ်ခုဟု မယူဆခဲ့ပေ။ သို့သော် စူးချန်ခုန်း၏ လက်သီးချက်မှ ထွက်ပေါ်လာသော စွမ်းအားမှာ ဖုန်းရိယွဲ့ကိုပင် အံ့ဩသွားစေခဲ့သဖြင့် သူက စူးချန်ခုန်း၏ အမည်ကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။

"စူးချန်ခုန်း။"

စူးချန်ခုန်းက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။ သူ၏ အမည်ကို ထုတ်ပြောရန် ဝန်လေးမနေခဲ့။ အကြောင်းမှာ ဤတိုက်ပွဲမှာ အသေအကြေ တိုက်ပွဲတစ်ခု ဖြစ်ပြီး အနိုင်ရသူသာလျှင် အသက်ရှင်လျက် ထွက်ခွာခွင့် ရှိမည် ဖြစ်သောကြောင့် ဖြစ်သည်။

"စူးချန်ခုန်း" ဖုန်းရိယွဲ့သည် သူ၏ မှတ်ဉာဏ်များထဲတွင် အလျင်မြန် ရှာဖွေကြည့်သော်လည်း ဗဟိုပြည်နယ်ရှိ မည်သည့်ဂိုဏ်းတွင်မဆို ဤမျှ အစွမ်းထက်သော သိုင်းပညာရှင်မျိုး ရှိကြောင်း မတွေ့ခဲ့ရပေ။

သို့သော် ထိုအချက်မှာ အရေးမကြီးပါ။ ဖုန်းရိယွဲ့၏ အမြင်တွင် စူးချန်ခုန်းမှာ ပြဿနာရှာရန် ရောက်လာခဲ့ပြီ ဖြစ်သဖြင့် သူ့ကို အသက်ရှင်လျက် ပြန်လွှတ်ပေးမည်မဟုတ်ပါ။

သူတို့နှစ်ဦးမှာ အကွာအဝေးတစ်ခုမှ ရပ်ကြည့်နေကြပြီး သူတို့ကြားတွင် နှင်းပွင့်များ လွင့်ပျံနေလျက်။ ကျင့်ယွီနှင့် ဒဏ်ရာများကို တဖြည်းဖြည်း ကုသနေသော ကျုံးယွဲ့တို့မှာ အသံပင် မထွက်ရဲကြပေ။ သူတို့၏ ရှေ့မှ ဝတ်စုံနက်ဝတ် လူငယ်မှာ သူတို့နှစ်ဦးထက် များစွာ သာလွန်ကြောင်း သိရှိထားပြီး ဖုန်းရိယွဲ့ တစ်ဦးတည်းသာလျှင် ထိုသူကို သတ်ဖြတ်နိုင်စွမ်း ရှိသည်ဟု ယုံကြည်နေကြသည်။

'အကြီးအကဲဖုန်း တိုက်ခိုက်တော့မယ်။ သူက အဖွဲ့ခွဲရဲ့ ဒုခေါင်းဆောင်ပဲ။ အသင်းထဲမှာ ခေါင်းဆောင် ခိုထုန်တစ်ယောက်ပဲ သူထက် စွမ်းအားကြီးတာ။'

ကျင့်ယွီနှင့် ကျုံးယွဲ့တို့မှာ အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။

အဖွဲ့အတွင်း၌ ခေါင်းဆောင် ခိုထုန်တစ်ဦးတည်းသာ ဖုန်းရိယွဲ့ကို သာလွန်နိုင်သည်။ အခြားသော မိစ္ဆာသိုင်းပညာရှင်များမှာ သူတို့နှစ်ဦးနှင့် နှိုင်းယှဉ်လျှင် များစွာ အားနည်းလှသည်။

အကြောင်းကား ဖုန်းရိယွဲ့နှင့် ခိုထုန်နှစ်ဦးစလုံးမှာ အလယ်အလတ်အဆင့် နတ်ဆိုးအမြုတေများနှင့် ပေါင်းစည်းထားသူများ ဖြစ်သောကြောင့်ပင်။

အဆင့်လတ်နှင့် အဆင့်နိမ့် နတ်ဆိုးအမြုတေတို့၏ ကွာခြားချက်မှာ မူလချီစွမ်းအင် မရှိသူနှင့် ရှိသူတို့၏ ကွာဟချက်ကဲ့သို့ပင် ဖြစ်သည်။ မသေနိုင်သောခန္ဓာ၊ စွမ်းရည်နှင့် မိစ္ဆာစွမ်းအားတို့မှာ လုံးဝ မတူညီသော အဆင့်တွင် ရှိနေသည်။

ယခင်က ချီနဂါးနန်းတော်တွင် စူးချန်ခုန်းသည် ချီသွေးနယ်ပယ်အဆင့်ဖြင့် ကျုံးယွဲ့ကို အနိုင်ယူနိုင်ခဲ့သော်လည်း ဖုန်းရိယွဲ့နှင့် ရင်ဆိုင်ရချိန်တွင်မူ အစွမ်းကုန်ထုတ်သုံး၍ 'မူလနယ်ပယ် အတုအယောင်' အဆင့်သို့ ရောက်နေလျှင်ပင် ဖုန်းရိယွဲ့ကို ခြိမ်းခြောက်နိုင်ရန် ခက်ခဲခဲ့သည်။

နှစ်နှစ်ကြာပြီးနောက် စူးချန်ခုန်းမှာ မူလနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီး ယခင်ကထက် များစွာ တိုးတက်လာခဲ့သော်လည်း ဖုန်းရိယွဲ့မှာမူ စူးချန်ခုန်းအား ထိုက်တန်သော ပြိုင်ဘက်တစ်ဦးအဖြစ် ယခုအထိ အသိအမှတ် မပြုသေးပေ။

"ရွှီး"

အချိန်မဆွဲတော့ဘဲ စူးချန်ခုန်းက စတင်တိုက်ခိုက်လိုက်သည်။ သူက ခြေထောက်ကို ဆောင့်နင်းလိုက်ရာ နှင်းပြင်ပေါ်တွင် မထင်မရှားသော ခြေရာအနည်းငယ်သာ ကျန်ရစ်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ ကြိုးကြာငှက်တစ်ကောင်ကဲ့သို့ ဖုန်းရိယွဲ့ထံသို့ လျင်မြန်စွာ ပြေးဝင်သွားတော့သည်။

သံဖြတ်ဓားသိုင်း၊ ကန့်လန့်ဖြတ် ခုတ်ချက်

စူးချန်ခုန်း၏ သံဖြတ်ဓားမှာ ခါးမှ ဓားအိမ်ဆီမှ ထွက်ပေါ်လာသည်။ သာမန်ကာလျှံကာ ခုတ်လိုက်သည့် ထိုဓားချက်မှာ အချိန်ကိုပင် ဟန့်တားထားသကဲ့သို့ ရှိနေပြီး နှေးကွေးသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သော အရှိန်ဖြင့် လှုပ်ရှားနေကာ အာရုံများကို ဝေဝါးသွားစေသည်။

မူလက ဖုန်းရိယွဲ့သည် စူးချန်ခုန်း၏ ဓားချက်ကို အလေးမထားခဲ့ပေ။ သူ၏ အလယ်အလတ်အဆင့် မိစ္ဆာနတ်ဆိုးခန္ဓာကိုယ်မှာ အဆင့်နိမ့် နတ်ဆိုးအမြုတေနှင့် ပေါင်းစည်းထားသူများထက် ဆယ်ဆခန့် ပိုမိုမာကျောလှရာ သူက ငြိမ်နေလျှင်ပင် သာမန် မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦးက သူ့ကို ထိခိုက်အောင် လုပ်နိုင်ရန် ခက်ခဲလှသည်။

"ဟင်"

သို့သော် စူးချန်ခုန်းက ဓားကို ဝှေ့ယမ်းလိုက်သည့် ခဏမှာပင် ဖုန်းရိယွဲ့၏ နှလုံးခုန်နှုန်းမှာ မြန်လာပြီး မျက်နှာဖုံးအောက်ရှိ သူ၏ မျက်နှာပေါ်တွင် အံ့ဩမှုများ ပေါ်လာတော့သည်။ အန္တရာယ်ရှိသော အာရုံတစ်ခုကို သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ထိုအာရုံကြောင့် ဖုန်းရိယွဲ့သည် ဓားချက်ကို သူ၏ လည်ပင်းဖြင့် မထိခံတော့ဘဲ ညာလက်မောင်းတွင် မိစ္ဆာစွမ်းအားများကို စုစည်း၍ ကာကွယ်လိုက်ကာ နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။ ရိုးရှင်းပုံရသော ထိုခုတ်ချက်မှာ ကောင်းကင်နှင့် မြေကြီးကို ခွဲထုတ်နိုင်စွမ်း ရှိပုံရပြီး ဖုန်းရိယွဲ့၏ လက်မောင်းပေါ်ရှိ ထူထဲလှသော မိစ္ဆာစွမ်းအားများကို ဖြတ်ကျော်ကာ ထိမှန်သွားတော့သည်။

"ဖျန်း"

ဖုန်းရိယွဲ့မှာ လျင်မြန်စွာ ဆုတ်ခွာနိုင်ခဲ့သော်လည်း ထိုခုတ်ချက်မှာ သူ၏ လက်မောင်းကြွက်သားများကို ဖြတ်ကျော်ကာ အရိုးအထိ ရောက်ရှိသွားသော နက်ရှိုင်းသည့် ဒဏ်ရာတစ်ခုကို ပေးစွမ်းနိုင်ခဲ့သည်။ ထိုဒဏ်ရာမှ မိစ္ဆာသွေးများ စီးကျလာပြီး သူ၏ ခြေထောက်အောက်ရှိ နှင်းများကို အရည်ပျော်သွားစေသည်။

ဒဏ်ရာမှ နာကျင်မှုမှာ ပြင်းထန်လှပြီး ပြန်လည်သက်သာရန်လည်း ခက်ခဲနေသည်။

"ဓားဝိညာဉ်နယ်ပယ်လား။"

ဖုန်းရိယွဲ့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး သူ၏ သွေးထွက်နေသော ဒဏ်ရာကို ကြည့်ကာ သူ၏ စိတ်ဝိညာဉ်ကို ထိုးဖောက်သွားသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် မျက်ဆန်များ ကျုံ့သွားကာ အော်ဟစ်လိုက်တော့သည်။

အခန်း (၅၁၂) နေနှင့်လ မိစ္ဆာခန္ဓာကိုယ်။ ဓားနှစ်လက်ဖြင့် မိစ္ဆာများကို ခုတ်ပိုင်းခြင်း။ (၃)

'ဓားဝိညာဉ်နယ်ပယ်... ဒါက သာမန်သိုင်းပညာရှင်တစ်ယောက်ရဲ့ ဓားသိုင်းပညာ ရောက်ရှိနိုင်တဲ့ အမြင့်ဆုံးနယ်ပယ်ပဲ' ဟု သူတွေးလိုက်မိသည်။ ဓားစွမ်းအားများက ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး ဓားချီများမှာ အသိစိတ်ပင်လယ်အတွင်းသို့ စီးဝင်ပေါင်းစည်းကာ ဓားဝိညာဉ်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် 'ချီစွမ်းအင်' အဆင့်မှသည် စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒအဆင့်သို့ ကူးပြောင်းသွားခြင်းဖြစ်ရာ ကမ္ဘာလောကကို တုန်လှုပ်စေပြီး လူအများကို ထိတ်လန့်သွားစေနိုင်သည်။

ဤအခြေအနေမှာ အဆင့်မြင့် သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်လာရန်အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ပြီး ကောင်းကင်သွေးကြော ၁၂ ခုကို ဖွင့်လှစ်ခြင်းထက်ပင် ပိုမိုခက်ခဲသည်ဟု ဆိုနိုင်သည်။

သူ၏ရှေ့မှ လူသားလူငယ်မှာ အသက်အရွယ်အားဖြင့် မကြီးရင့်သေးဘဲ လွန်ခဲ့သော နှစ်နှစ်က မူလနယ်ပယ်သို့ပင် မရောက်သေးပေ။ သို့သော် နှစ်နှစ်အတွင်းမှာပင် သူသည် ဝိညာဉ်နယ်ပယ်ကို ဖော်ဆောင်နိုင်ခဲ့သည်တဲ့လား။ ဤအချက်က ဖုန်းရိယွဲ့ကို မယုံနိုင်အောင် ဖြစ်သွားစေသည်။ ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ပါရမီမျိုးပါလိမ့်။

စူးချန်ခုန်း၏ မျက်ဝန်းများမှာ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး သူသည် ဖုန်းရိယွဲ့နှင့် အပိုစကားများ ပြောမနေတော့ပေ။ ယခု သူလုပ်ဆောင်ရမည့်အရာမှာ ထိုသူကို ဤနေရာ၌ပင် အပြတ်ရှင်းရန် ဖြစ်သည်။

"ခုတ်"

ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် စူးချန်ခုန်းမှာ ရှေ့သို့ ပြေးဝင်သွားပြီး လျင်မြန်ဖျတ်လတ်သော သမင်ပြကွက် ကိုယ်ဖော့အတတ်ကို အသုံးပြု၍ နောက်ဆုတ်နေသော ဖုန်းရိယွဲ့ကို လိုက်လံတိုက်ခိုက်တော့သည်။ သူသည် မြှောက်ထားသော သံဖြတ်ဓားကို အထက်မှနေ၍ အားကုန်ခုတ်ချလိုက်သည်။ ထိုခုတ်ချက်မှာ နဝမမြောက်ကောင်းကင်မှ ကျဆင်းလာသော ငွေရောင်ရေတံခွန်ကြီးကဲ့သို့ပင် ဖုန်းရိယွဲ့၏ ရှောင်ကွင်းနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားပြီး သားကောင်ကို မလွဲမသွေ ထိမှန်တော့မည့် အသွင်ရှိသည်။

ဖုန်းရိယွဲ့မှာ ဆံပင်များပင် ထောင်တက်သွားလေ၏။ ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိထားသော သိုင်းပညာတစ်ခုမှာ ရန်သူ၏ စိတ်ဝိညာဉ်အဆင့်အထိ ဖျက်ဆီးပစ်နိုင်သောကြောင့် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ကောင်းစွာသိရှိထားသည်။

သူသည် အလယ်အလတ်အဆင့် မိစ္ဆာသလင်းခဲနှင့် ပေါင်းစည်းထားပြီး ကျုံးယွဲ့ထက် များစွာသာလွန်သော မသေမျိုးခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း စူးချန်ခုန်း၏ သံဖြတ်ဓားကို တိုက်ရိုက် မရင်ဆိုင်ရဲပေ။ စိတ်ဝိညာဉ်အဆင့်တွင် ရရှိသော ဒဏ်ရာမှာ အဆင့်လတ် မသေမျိုးခန္ဓာအတွက်ပင် ကုသရန် ခက်ခဲလှသည်။

"ရွှမ်း"

စူးချန်ခုန်း၏ ဓားချက်မှာ ဖုန်းရိယွဲ့၏ ခန္ဓာကိုယ်ကို နဖူးမှနေ၍ အလယ်တည့်တည့်မှ အပိုင်းနှစ်ပိုင်းကွဲအောင် ခုတ်ချလိုက်သည်။ ဓား၏ အရှိန်အဝါမှာ ထိုမျှနှင့် မရပ်တန့်ဘဲ မြေပြင်ပေါ်သို့ ဆက်လက်သက်ရောက်သွားသည်။ မြေပြင်အက်ကွဲသံများနှင့်အတူ မြေကြီးမှာ အနည်းငယ် တုန်ခါသွားပြီး ပေ ၃၀ ကျော် ရှည်လျားကာ အနက်ဆုံးရှိုင်းသော ဓားရာကြီးတစ်ခုမှာ နှင်းပြင်ပေါ်တွင် ပေါ်ထွက်လာတော့သည်။ ၎င်းမှာ မြေပြင်ကို နှစ်ခြမ်းခွဲပစ်လိုက်သကဲ့သို့ပင်။

သို့သော် စူးချန်ခုန်းမှာ ဝမ်းမသာနိုင်သေးပေ။ အကြောင်းမှာ သူ၏ ဓားချက်မှာ ရန်သူကို အမှန်တကယ် မထိမှန်ခဲ့သောကြောင့် ဖြစ်သည်။

"နေနဲ့လခန္ဓာခွဲခြင်း"

စူးချန်ခုန်း၏ သံဖြတ်ဓား ကျမလာမီ အချိန်ပိုင်းလေးအတွင်းမှာပင် ဖုန်းရိယွဲ့၏ မိစ္ဆာစွမ်းအားများမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာပြီး ဓားချက်ကို ရှောင်တိမ်းရန် သူ၏ခန္ဓာကိုယ်ကို နှစ်ခြမ်းခွဲကာ သီးခြားပုံရိပ်နှစ်ခုအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ပုံရိပ်တစ်ခုမှာ ပြင်းထန်သော မီးတောက်များဖြင့် ဖုံးလွှမ်းနေပြီး ခန္ဓာကိုယ်မှာ ထွားကြိုင်းသန်မာလှသည်။ တောက်လောင်နေသော အနီရောင်မီးလျှံများကြောင့် ပတ်ဝန်းကျင်ရှိ နှင်းပွင့်များနှင့် နှင်းပြင်များမှာ လျင်မြန်စွာ အရည်ပျော်သွားတော့သည်။

အခြားပုံရိပ်တစ်ခုမှာမူ နုနယ်လှပပြီး သွယ်လျသော ကိုယ်လုံးကိုယ်ပေါက် ရှိကာ အေးစက်သော အပြာရောင် လမင်းအလင်းတန်းများ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။ ၎င်းမှာ အေးစက်လှသလို သေစေနိုင်သော အရှိန်အဝါများလည်း ရှိသည်။

ဤသည်မှာ ဖုန်းရိယွဲ့၏ မိစ္ဆာအတတ်ဖြစ်သော နေလခန္ဓာခွဲခြင်းပင် ဖြစ်သည်။

အလယ်အလတ်အဆင့် မိစ္ဆာနတ်ဆိုးတစ်ကောင်၏ မိစ္ဆာအတတ်မှာ အဆင့်နိမ့် မိစ္ဆာများထက် အရည်အသွေးပိုင်းအရ များစွာ သာလွန်လှသည်။ ခန္ဓာကိုယ်ကို ခွဲထုတ်နိုင်သော ဤစွမ်းရည်မှာ သိုင်းပညာရပ်များကို ကျော်လွန်သွားပြီဖြစ်ကာ မိစ္ဆာအတတ် သို့မဟုတ် 'နတ်ဘုရားအတတ်' အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

နေမိစ္ဆာခန္ဓာနှင့် လမင်းမိစ္ဆာခန္ဓာ နှစ်ခုစလုံးမှ ထွက်ပေါ်လာသော မိစ္ဆာစွမ်းအားများမှာ နေနှင့်လ တစ်ပြိုင်နက် ပေါ်ထွက်လာသကဲ့သို့ ပြင်းထန်လှပြီး ၎င်းတို့မှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ကြည့်ရသူ၏ နှလုံးသားကို ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်သည်။

စူးချန်ခုန်း လျှော့တွက်၍ မရတော့ပေ။ မူလက သူသည် နေမိစ္ဆာခန္ဓာတစ်ခုတည်းကိုသာ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ထိုစဉ်က နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူသည် နေမိစ္ဆာခန္ဓာနှင့် လမင်းမိစ္ဆာခန္ဓာ နှစ်ခုစလုံးကို တစ်ကိုယ်တည်း ရင်ဆိုင်နေရခြင်း ဖြစ်သည်။ အနည်းငယ်မျှ သတိလွတ်သွားသည်နှင့် သူကိုယ်တိုင် သေဆုံးသွားနိုင်သည်။

"နေလချိပ်စည်း။ နေဝန်းချိပ်စည်း (လဝန်းချိပ်စည်း)"

မိစ္ဆာခန္ဓာနှစ်ခု ပေါ်ထွက်လာပြီးနောက် သူတို့၏ မျက်ဝန်းများတွင် ရက်စက်သော အလင်းတန်းများ တစ်ပြိုင်နက် လက်ခနဲ ပေါ်လာသည်။ နေမိစ္ဆာခန္ဓာ၏ ညာလက်မှာ လက်သီးတံဆိပ်ကို ဖော်ဆောင်လိုက်ရာ မိစ္ဆာမီးလျှံများမှာ ပြင်းထန်စွာ တောက်လောင်လာပြီး အားကောင်းလှသော မီးတောက်များနှင့် ချော်ရည်စွမ်းအားများမှာ ဤလက်သီးချက်အတွင်းသို့ စုစည်းသွားသည်။ ရန်သူကို ထိမှန်လိုက်သည်နှင့် ၎င်းမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ဖြစ်ပေါ်လာပြီး အရာအားလုံးကို ဝါးမြိုပစ်လိမ့်မည်။

တောက်လောင်နေသော လက်သီးချက်မှာ ကောင်းကင်ယံကို ဖြတ်သန်းသွားသော မီးဥက္ကာခဲကြီးတစ်ခုကဲ့သို့ပင် ပြင်းထန်လှသည်။

အခြားတစ်ဖက်တွင်မူ နုနယ်လှသော လမင်းမိစ္ဆာခန္ဓာက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ အေးစက်သော လမင်းအလင်းတန်းများမှာ လက်ချောင်းထိပ်များတွင် စုစည်းလာသည်။ ရန်သူကို ထိမှန်လိုက်ပါက ၎င်းမှာ ဓားတစ်စင်းကဲ့သို့ ဖြတ်တောက်နိုင်စွမ်းရှိပြီး သံမဏိနှင့် ကျောက်တုံးများကိုပင် အပိုင်းပိုင်း ခွဲပစ်နိုင်သည်။

နေမိစ္ဆာခန္ဓာနှင့် လမင်းမိစ္ဆာခန္ဓာ နှစ်ခုစလုံးကို ရင်ဆိုင်ရခြင်းမှာ လုံးဝမတူညီသော သိုင်းပညာရပ်များရှိသည့် အစွမ်းထက် ပြိုင်ဘက်နှစ်ဦးကို တစ်ပြိုင်နက် ရင်ဆိုင်နေရသကဲ့သို့ပင်။

"ဝုန်း"

စူးချန်ခုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ချီသွေးစွမ်းအင်များမှာ ရူးသွပ်စွာ တိုးထွက်လာပြီး သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ ကောင်းကင်သွေးကြော ငါးခု၏ ပုံရိပ်ယောင်များမှာ သူ၏ ခန္ဓာကိုယ်မျက်နှာပြင်တွင် ပေါ်ထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်လိုက်သည်။ အပြာရောင် လူသားပန်းပွင့်နှင့် ငွေရောင် မြေကမ္ဘာပန်းပွင့်တို့မှာ သူ၏ ဦးခေါင်းပေါ်တွင် ဝဲပျံနေပြီး ဝိညာဉ်စွမ်းအင် အမြောက်အမြားမှာ ဝဲဂယက်တစ်ခုကဲ့သို့ သူ၏ထံသို့ စုစည်းလာလေ၏။

စူးချန်ခုန်းသည် ညာလက်ရှိ ဓားကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ သူသည် လမင်းမိစ္ဆာခန္ဓာကို ကန့်လန့်ဖြတ် ခုတ်ချလိုက်စဉ် ဘယ်လက်ဖြင့်မူ ပြင်းထန်သော ဧရာမဝေလငါးချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်တို့ကို ပေါင်းစည်းကာ လက်ဝါးချက်တစ်ချက် ပစ်လွှတ်လိုက်သည်။ ထိုလက်ဝါးချက်မှ ထွက်ပေါ်လာသော စွမ်းအားမှာ ကမ်းခြေကို ရိုက်ခတ်နေသော လှိုင်းလုံးကြီးများကဲ့သို့ ဟိန်းဟောက်သံများ လေထုအတွင်း အဆက်မပြတ် ထွက်ပေါ်စေသည်။

"ဝုန်း"

လက်သီးနှင့် လက်ဝါး ထိတွေ့မိချိန်တွင် လှိုင်းလုံးများကဲ့သို့ လက်ဝါးစွမ်းအားနှင့် မီးတောင်ပေါက်ကွဲသကဲ့သို့ လက်သီးစွမ်းအားတို့မှာ ပေါက်ကွဲထွက်ပေါ်လာသည်။ ပြင်းထန်သော မီးလျှံများမှာ ပတ်ဝန်းကျင်သို့ လွင့်စင်သွားပြီး မြေကြီးမှာလည်း ပြင်းထန်စွာ တုန်ခါသွားတော့သည်။ မြေအောက်မှ မီးလျှံစွမ်းအင်များ တိုးထွက်လာပြီး ကောင်းကင်သို့ ထိုးတက်သွားကာ စုပုံနေသော နှင်းများကို အရည်ပျော်သွားစေပုံရသည်။

ထပ်ဆင့်နေသော လက်ဝါးစွမ်းအားများမှာမူ မရပ်မနား စီးဆင်းနေသော လှိုင်းလုံးကြီးများကဲ့သို့ပင်။

ထိတွေ့မိသည့် ခဏတွင် စူးချန်ခုန်းသည် ရွှေနှင့်သံကိုပင် အရည်ပျော်စေနိုင်သော မိစ္ဆာမီးလျှံများ သူ၏ လက်မောင်းတစ်လျှောက် ပျံ့နှံ့လာပြီး တစ်ကိုယ်လုံးကို ဝါးမြိုတော့မည့်အန္တရာယ်ကို ခံစားလိုက်ရသည်။

"ဟူး"

သို့သော် စူးချန်ခုန်း၏ အားကောင်းသော စွမ်းအားများမှာ လည်ပတ်သွားပြီး လိပ်အသက်ရှူနည်းပညာမှ ထွက်ပေါ်လာသော ချီစွမ်းအင်များဖြင့် သူ၏လက်မောင်းတွင် တွယ်ကပ်နေသော မိစ္ဆာမီးလျှံများကို အားကုန် တွန်းထုတ်ပစ်လိုက်သည်။

"ဒုန်း"

တစ်ချိန်တည်းမှာပင် စူးချန်ခုန်း၏ သံဖြတ်ဓားမှာ လမင်းမိစ္ဆာခန္ဓာ၏ လဝန်းတံဆိပ်နှင့် တိုက်မိသွားသည်။ ဓားစွမ်းအားနှင့် ဓားဝိညာဉ်တို့ ပါဝင်သော ထိုခုတ်ချက်မှာ လမင်းမိစ္ဆာခန္ဓာ၏ လက်ဝါးကို အရိုးအထိ မြင်ရအောင် နက်ရှိုင်းစွာ ဖြတ်တောက်လိုက်ပြီး လက်ဖဝါးကို နှစ်ခြမ်းကွဲလုနီးပါး ဖြစ်သွားစေသည်။

“ငါ့ရဲ့ အားသာချက်က ဓားသိုင်းပဲ။ ငါသူ့ကို လက်သီးတွေ ခြေထောက်တွေနဲ့ ယှဉ်လို့ မဖြစ်ဘူး” စူးချန်ခုန်းက စိတ်ထဲမှ တိတ်တဆိတ် မှတ်သားလိုက်သည်။ သူသည် စိတ်ဝိညာဉ်ကိုပင် ဒဏ်ရာရစေနိုင်သော သူ၏ အစွမ်းထက်သည့် ဓားဝိညာဉ်ကိုသာ အားကိုးရမည်ကို သိလိုက်သည်။

'ဒီလူငယ်လေးရဲ့ ဓားဝိညာဉ်က ကြောက်ဖို့ကောင်းလွန်းတယ်။ ငါ့ရဲ့ မသေမျိုးခန္ဓာနဲ့တောင် တိုက်ရိုက်ရင်ဆိုင်လို့ မရဘူး' ဖုန်းရိယွဲ့လည်း နားလည်လိုက်သည်။ သူသည် သူ၏ အမတခန္ဓာကို အားကိုး၍ အထိနာခံကာ ပြန်လည်တိုက်ခိုက်သည့် နည်းလမ်းကို အသုံးပြု၍ မရတော့ပေ။

"ဟူး"

နေမိစ္ဆာခန္ဓာနှင့် လမိစ္ဆာခန္ဓာတို့၏ လက်ဝါးများတွင် မိစ္ဆာစွမ်းအားများ စုစည်းလာသည်။ နေမိစ္ဆာခန္ဓာ၏ လက်ဝါးတွင် တောက်လောင်နေသော မီးလျှံများဖြင့် ဖန်တီးထားသည့် မီးတောက်ဓားရှည်တစ်စင်း ပေါ်လာပြီး လမင်းမိစ္ဆာခန္ဓာ၏ လက်ဝါးတွင်မူ လမင်းအလင်းတန်းများဖြင့် ပေါင်းစည်းထားသော လမင်းဓားရှည်တစ်စင်း ပေါ်ထွက်လာသည်။

ဖုန်းရိယွဲ့သည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သူဖြစ်ရာ အသက် ၁၀၀ ကျော်အထိ ရှိနေပြီ ဖြစ်သည်။ လက်သီး၊ ခြေထောက် သိုင်းပညာများသာမက ဓား၊ တုတ် အစရှိသည့် လက်နက်အတတ်များကိုလည်း သူ ကျွမ်းကျင်စွာ တတ်မြောက်ထားသည်။ သို့သော် သာမန်တိုက်ပွဲများတွင်မူ သူ၏ အစွမ်းထက်သော မသေမျိုးခန္ဓာနှင့် မိစ္ဆာအတတ်များဖြင့်တင် ပြိုင်ဘက်ကို ဖိနှိပ်နိုင်သဖြင့် သိုင်းပညာရပ်များကို အသုံးပြုရန် မလိုအပ်ခဲ့ပေ။

ယခုမူ စူးချန်ခုန်းကဲ့သို့သော ပညာရှင်နှင့် ရင်ဆိုင်ရချိန်တွင် သူသည် 'သိုင်းပညာ' များကိုပါ ထုတ်ဖော်၍ အစွမ်းကုန် တိုက်ခိုက်ရတော့မည် ဖြစ်သည်။

"လာစမ်းပါ"

စူးချန်ခုန်းက အော်ဟစ်လိုက်ပြီး သူ၏ ဘယ်လက်ဖြင့် လွယ်ထားသော ငရဲမီးလျှံဓားကို ဆွဲထုတ်လိုက်သည်။

မပြီးမြောက်သေးသော ဤမိစ္ဆာသတ်နတ်ဘုရားလက်နက်ကို စူးချန်ခုန်းအနေဖြင့် ရန်သူနှင့် ရင်ဆိုင်ရာတွင် ပထမဦးဆုံးအကြိမ် ထုတ်သုံးခြင်း ဖြစ်သည်။

ညာလက်တွင် သံဖြတ်ဓား၊ ဘယ်လက်တွင် ငရဲမီးလျှံဓားနှင့်။

သာမန်လူတစ်ယောက်အတွက် အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်ဆောင်ရန် ခက်ခဲသော်လည်း စူးချန်ခုန်း၏ ဝူချင်းရှီကျင့်စဉ်မှာ အဆင့် ၁၀ သို့ ရောက်ရှိထားပြီး ဖြစ်ရာ စိတ်ဆန္ဒကို ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲနိုင်သည့်အတွက် တစ်ပြိုင်နက် အလုပ်လုပ်နိုင်စွမ်း ရှိသည်။ ဓားနှစ်စင်းကို အသုံးပြုခြင်းမှာ စူးချန်ခုန်း၏ စွမ်းဆောင်ရည်ကို အနည်းငယ်မျှ ထိခိုက်စေခြင်း မရှိပေ။

"ဝုန်း"

စူးချန်ခုန်း၏ ညာလက်ရှိ သံဖြတ်ဓားက နေမိစ္ဆာခန္ဓာထံသို့ ခုတ်ချလိုက်စဉ် ဘယ်လက်ရှိ ငရဲမီးလျှံဓားမှာ ဟိန်းဟောက်နေသော မီးလျှံများကို မှုတ်ထုတ်ကာ လမိစ္ဆာခန္ဓာထံသို့ ဝှေ့ယမ်းလိုက်သည်။ ဓားပေါ်ရှိ မျက်လုံးများမှာ ပွင့်လာပြီး စိတ်လှုပ်ရှားစွာဖြင့် စူးစူးဝါးဝါး အော်ဟစ်နေတော့သည်။

အခန်း (၅၁၃) ဖုန်းရိယွဲ့အား နှိမ်နှင်းခြင်း။ မိစ္ဆာအသက်ဆေးလုံး။ (၁)

နေမိစ္ဆာခန္ဓာနှင့် လမိစ္ဆာခန္ဓာတို့သည် ၎င်းတို့၏ ဓားများကို တစ်ပြိုင်နက် ဆွဲထုတ်လိုက်ပြီး စူးချန်ခုန်းနှင့် ပြင်းထန်သော တိုက်ပွဲကို စတင်ဆင်နွှဲတော့သည်။

"ချွမ်း ချွမ်း"

လက်နက်ချင်း ထိတွေ့သံများမှာ နားကွဲလုမတတ် ဟိန်းဟောက်သွားပြီး အဝေးတစ်နေရာအထိ ပဲ့တင်ထပ်သွားသည်။

'ဒီကလေးက အာဂလူပဲ။ ကောင်းကင်သွေးကြော ငါးခုပဲ ပွင့်ထားတာ... သူရဲ့ ကျင့်ကြံခြင်းက သိပ်ပြီးတော့ မနက်ရှိုင်းသေးဘူး။ ဒါပေမဲ့ သူက ဖုန်းရိယွဲ့ရဲ့ နေလခန္ဓာနှစ်ခုကို တစ်ယောက်တည်းနဲ့ ရင်ဆိုင်နိုင်တာလား။”

ကျုံးယွဲ့သည် ထိုတိုက်ပွဲကို အဝေးမှကြည့်ကာ ရင်ထဲတွင် အေးစိမ့်သွားလေ၏။

သာမန်အားဖြင့် ကမ္ဘာမြေပန်းပွင့်အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးသည် ဖုန်းရိယွဲ့နှင့် ရင်ဆိုင်ရပါက သေဆုံးရန်သာ ရှိသော်လည်း စူးချန်ခုန်းမှာမူ သဘာဝ၏ ဝိညာဉ်စွမ်းအင်များကို ပိုမိုစုပ်ယူနိုင်စွမ်းရှိပြီး သာမန်လူသား ဓားသိုင်းသမားတစ်ဦး ရောက်ရှိနိုင်သည့် အမြင့်ဆုံး အတတ်ပညာနှင့် ပေါင်းစပ်လိုက်သောအခါ ဖုန်းရိယွဲ့၏ ခန္ဓာနှစ်ခုကို အစွမ်းကုန် ရင်ဆိုင်နိုင်ရုံသာမက အသာစီးပင် ရနေတော့သည်။

လက်နက်ချင်း ယှဉ်ပြိုင်ရာတွင် ဖုန်းရိယွဲ့မှာ တဖြည်းဖြည်း နောက်ဆုတ်လာရသည်။

စူးချန်ခုန်းမှာ နတ်ဘုရားလက်နက်အိမ်တော်တွင် အသက်နှင့်ရင်း၍ တိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူးပြီး အစွမ်းထက် ပညာရှင်များစွာကို တစ်ကိုယ်တည်း ရင်ဆိုင်ခဲ့ဖူးသူ ဖြစ်ရာ နေမိစ္ဆာခန္ဓာနှင့် လမိစ္ဆာခန္ဓာတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို လွယ်ကူစွာပင် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။

စူးချန်ခုန်း၏ ညာလက်သည် သံဖြတ်ဓားကို ကိုင်စွဲကာ ကန့်လန့်ဖြတ်ခုတ်ချက်များနှင့် တိုက်ရိုက်ခုတ်ချက်များကို ပြုလုပ်နေသည်။ ရိုးရှင်းပုံရသော ထိုလှုပ်ရှားမှုများမှာ အင်အား၊ အရှိန်နှင့် အတတ်ပညာတို့ ပြည့်စုံစွာ ပေါင်းစပ်ထားသဖြင့် ဖောက်ထွက်ရန် မဖြစ်နိုင်လောက်အောင်ပင်။

သူ၏ ဘယ်လက်ရှိ ငရဲမီးလျှံဓားမှာမူ ကျယ်ပြန့်စွာ ဝှေ့ယမ်းနေပြီး စူးချန်ခုန်း၏ ဓားဝိညာဉ်နှင့် ဓားစွမ်းအားတို့ ပေါင်းစပ်ထားသော မြေအောက်မီးလျှံများမှာ ဒေါသတကြီး ဟိန်းဟောက်နေတော့သည်။ ရွှေနှင့်သံကိုပင် အရည်ပျော်စေနိုင်သော ထိုမီးလျှံလှိုင်းများကြောင့် လမင်းဓားရှည် ကိုင်ဆောင်ထားသော လမိစ္ဆာခန္ဓာမှာ မရပ်မနား နောက်ဆုတ်နေရသည်။

"အကြီးအကဲဖုန်း ရှုံးတော့မှာလား။ ငါတို့ သူ့ကို ကူညီမှ ဖြစ်မယ်။"

ကျင့်ယွီ၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေ၏။ စူးချန်ခုန်းနှင့် ဖုန်းရိယွဲ့တို့မှာ အစွမ်းချင်း တူညီနေသဖြင့် တတိယလူတစ်ဦးက ကြားဝင်တိုက်ခိုက်ပါက တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲပစ်နိုင်သည်။

ရန်သူကို ဝိုင်းတိုက်ရမည်ကို သူတို့အနေဖြင့် ဝန်လေးနေမည် မဟုတ်ပေ။

"မိစ္ဆာကျောက်သားလှံတန်း"

ကျင့်ယွီ၏ မိစ္ဆာစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ခြေထောက်အောက်မှနေ၍ မိစ္ဆာအတတ်များ ပျံ့နှံ့သွားသည်။

"ဝူးရှ် ဝူးရှ် ဝူးရှ်"

စူးချန်ခုန်း၏ ခြေထောက်အောက်ရှိ မြေပြင်မှ ကျောက်သားလှံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန် ကြိုးစားတော့သည်။

စူးချန်ခုန်းသည် သူ၏ အာရုံများကို အစွမ်းကုန် ဖြန့်ကြက်ထားပြီး အခြားမိစ္ဆာသိုင်းပညာရှင်နှစ်ဦး၏ လှုပ်ရှားမှုများကိုလည်း အမြဲမပြတ် သတိထားနေသူ ဖြစ်သည်။

မြေအောက်မှ ထူးဆန်းသော တုန်ခါမှုကြောင့် သူသည် သတိပြုမိသွားပြီး ခြေထောက်ကို ဆောင့်နင်းကာ စိတ်ဝိညာဉ်ကို စုစည်းလိုက်သည်။ သူ၏ စိတ်ဆန္ဒမှာ ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားပြီး ကြီးမားသော ကြိုးကြာငှက်ပုံရိပ်ယောင် ပေါ်ထွက်လာကာ စူးချန်ခုန်းကို ပခုံးမှမ၍ ကောင်းကင်သို့ ပျံတက်သွားစေသဖြင့် ကျောက်သားလှံများမှာ ပုံရိပ်ယောင်များကိုသာ ထိမှန်သွားတော့သည်။

"သေချင်နေတာပဲ။"

စူးချန်ခုန်း၏ မျက်ဝန်းများတွင် စူးရှသော အလင်းတန်းတစ်ခု ပေါ်လာသည်။ သူသည် နှောက်ယှက်နေသော ဤယင်ကောင်နှစ်ကောင်ကို အရင်ဆုံး နှိမ်နှင်းပစ်မည်။

"ဝူးရှ်"

လက်မောင်းကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ သူ၏ ညာလက်ရှိ သံဖြတ်ဓားမှာ မီတာရာနှင့်ချီ ဝေးကွာသော နေရာရှိ ကျင့်ယွီထံသို့ လျင်မြန်စွာ လွင့်ပျံသွားတော့သည်။

"ရှောင်"

ကျင့်ယွီမှာ ထိုဓားကို တိုက်ရိုက်ရင်ဆိုင်ရန် မဝံ့ရဲသဖြင့် ခြေလှမ်းကို ပြောင်းလဲကာ စူးချန်ခုန်း ပစ်လွှတ်လိုက်သော သံဖြတ်ဓားကို ရှောင်တိမ်းလိုက်သည်။

သို့သော်လည်း ထူးဆန်းစွာပင် ကျင့်ယွီက ရှောင်လိုက်သော်လည်း သံဖြတ်ဓားမှာ လေထဲတွင် လမ်းကြောင်းကို ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလိုက်ကာ ကွေးညွတ်သွားပြီး ကျင့်ယွီ၏ လည်ပင်းကို ဖြတ်ကျော်သွားတော့သည်။

"ဖျန်း"

အသားစများ ပြတ်တောက်သွားသည့် အသံနှင့်အတူ စူးချန်ခုန်း၏ ဓားဆန္ဒ ပါဝင်နေသော သံဖြတ်ဓားသည် ကျင့်ယွီ၏ လည်ပင်းကို စက္ကူကဲ့သို့ လွယ်ကူစွာ ဖြတ်တောက်သွားသည်။ ပြတ်တောက်သွားသော နေရာမှ သွေးများ ပန်းထွက်လာစဉ် ကျင့်ယွီ၏ ဦးခေါင်းမှာ လေထဲသို့ မြင့်တက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေ၏။ သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ခန္ဓာကိုယ်နှင့် ဦးခေါင်းအကြား အဆက်အသွယ် ပြတ်တောက်သွားကာ အသိစိတ်များ ဝေဝါးလာသည်။

သာမန် မိစ္ဆာလူသားတစ်ဦးအတွက်မူ စူးချန်ခုန်း၏ ဓားဆန္ဒရှေ့တွင် မသေနိုင်သောခန္ဓာမှာ အသုံးမဝင်သလောက်ပင်။

'ဒါက... ပိုးမျှင်တွေလား။' ကျင့်ယွီ၏ အသိစိတ်များ ပျောက်ကွယ်မသွားမီ သူသည် သံဖြတ်ဓားမှာ လေထဲတွင် မည်သို့ လမ်းကြောင်းပြောင်းနိုင်သည်ကို သိသွားခဲ့သည်။ ဓား၏ လက်ကိုင်တွင် မမြင်နိုင်လောက်အောင် သေးငယ်သော ငွေရောင်ပိုးမျှင်များ ပတ်ထားသည်ကို သူ မြင်လိုက်ရခြင်း ဖြစ်သည်။

နတ်ပိုးချည်မျှင်များကို ဓားလက်ကိုင်တွင် ပတ်ထားသဖြင့် စူးချန်ခုန်းသည် ဓားကို သူ၏ လက်တစ်ဖက်ကဲ့သို့ စိတ်ကြိုက် ထိန်းချုပ်နိုင်ပြီး ခြေလှမ်းတစ်ရာအကွာမှ ရန်သူ၏ ခေါင်းကို ဖြတ်တောက်နိုင်ခြင်း ဖြစ်သည်။

ကျင့်ယွီကို သတ်ဖြတ်ပြီးနောက် စူးချန်ခုန်းက သူ၏ လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ နတ်ပိုးချည်မျှင်များ၏ ထိန်းချုပ်မှုဖြင့် သံဖြတ်ဓားမှာ ကျုံးယွဲ့ထံသို့ ဦးတည်သွားတော့သည်။

"ပြေး"

ကျုံးယွဲ့၏ မျက်ခွံများ လှုပ်သွားလေ၏။ စူးချန်ခုန်းအား အကြိမ်ကြိမ် အရေးနိမ့်ခဲ့ဖူးသဖြင့် ယခုအခါ သူ့ကို ရင်ဆိုင်ရန် သတ္တိမရှိတော့ပေ။ အန္တရာယ်ကို အာရုံခံမိသဖြင့် သူ၏ ထွားကြိုင်းသော ခန္ဓာကိုယ်ကို ကျုံ့လိုက်ပြီး အဝေးသို့ ထွက်ပြေးရန် ကြိုးစားသော်လည်း အချည်းနှီးသာ။

"ဖျန်း"

နတ်ပိုးမျှင်များဖြင့် ထိန်းချုပ်ထားသော သံဖြတ်ဓားက ဘေးတိုက် ဖြတ်ခုတ်လိုက်သဖြင့် ကျုံးယွဲ့သည် သူ၏ ခါးတွင် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ ခါးမှာ ပြတ်တောက်သွားပြီး ခန္ဓာကိုယ် အပေါ်ပိုင်းမှာ လေထဲသို့ လွင့်ထွက်ကာ အတွင်းကလီစာများမှာ မြေပြင်ပေါ်တွင် ဖိတ်စင်သွားတော့သည်။

"ပြေး... ပြေး"

မသေမျိုးခန္ဓာကို အသုံးမပြုနိုင်တော့သဖြင့် ကျုံးယွဲ့မှာ ချွေးစေးများ ထွက်လာပြီး ထိတ်လန့်တုန်လှုပ်နေသော မျက်နှာထားဖြင့်။ သူသည် လက်များဖြင့် မြေကြီးကို ရူးသွပ်စွာ ကုတ်ခြစ်နေပြီး အသက်ရှင်လိုသော စိတ်ဆန္ဒ ပြင်းထန်လှသဖြင့် ဤနေရာ၌ မသေလိုသေးပေ။ သို့သော်လည်း ဤမျှ ပြင်းထန်သော ဒဏ်ရာနှင့် အမတခန္ဓာမှာလည်း ပျက်စီးနေပြီဖြစ်ရာ လမ်းဆုံးနေပြီဖြစ်သည်။

"ဟင်"

စူးချန်ခုန်း၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။ ဖုန်းရိယွဲ့သည် သူ၏ လက်အောက်ငယ်သား နှစ်ဦး ပေးလိုက်သော ခေတ္တအခွင့်အရေးကို အသုံးချ၍ ပြန်လည်တိုက်ခိုက်မည့်အစား ထွက်ပြေးရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

'ပြေး... ပြေးမှဖြစ်မယ်။ ဒီကောင်လေးရဲ့ ဓားဝိညာဉ်က ငါ့ရဲ့ မသေမျိုးခန္ဓာကို ဖျက်ဆီးနိုင်တယ်။ သူ့ကို အသက်နဲ့ရင်းပြီး တိုက်နေဖို့ မလိုဘူး။'

ဖုန်းရိယွဲ့၏ မိစ္ဆာပုံရိပ် နှစ်ခုစလုံးမှာ အရှိန်အကုန်မြှင့်၍ တောင်ကြားအတွင်းရှိ မိစ္ဆာသိုင်းပညာရှင်များ၏ အခြေစိုက်စခန်းထံသို့ ဦးတည်ထွက်ပြေးတော့သည်။

ဖုန်းရိယွဲ့သည် သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ မသေနိုင်သောခန္ဓာကို အမြဲအားကိုးခဲ့သူ ဖြစ်သည့်အတွက် မည်သည့်ရန်သူ့ရှေ့တွင်မဆို သူသည် ရဲတင်းစွာ ပြုမူခဲ့ဖူးပြီး ထိုစွမ်းရည်အပေါ်တွင် အလွန်အကျွံ အားကိုးမိခဲ့ခြင်း ဖြစ်သည်။ သို့သော် ဓားဝိညာဉ်နယ်ပယ်ကို ကျွမ်းကျင်ထားသော စူးချန်ခုန်းနှင့် ရင်ဆိုင်ရချိန်တွင်မူ ပြင်းထန်သော ဒဏ်ရာတိုင်းမှာ သူ၏ စိတ်ဝိညာဉ်ကိုပါ ပျက်စီးသွားစေနိုင်သည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် ဖုန်းရိယွဲ့သည် စူးချန်ခုန်းနှင့် အသေအလဲ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ ထွက်ပြေးရန်သာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထိုနေရာရှိ အခြေစိုက်စခန်းတွင် အဖွဲ့ခွဲခေါင်းဆောင်ခိုထုန် ရှိနေပြီး သူက ပိုအစွမ်းထက်သော မိစ္ဆာသိုင်းပညာရှင် ဖြစ်သည်။ အကယ်၍ ထိုနေရာသို့ ရောက်သွားပြီး ခိုထုန်နှင့် ပူးပေါင်းနိုင်ပါက စူးချန်ခုန်းမှာ သေချာပေါက် သေဆုံးရပေလိမ့်မည်။

"ထွက်ပြေးချင်တာလား။"

စူးချန်ခုန်း၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော ဆန္ဒများ တောက်လောင်နေ၏။ သူသည် ဤနေရာ၌ တစ်လကျော်ကြာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ရာ ဖုန်းရိယွဲ့အား အလွတ်ပေးမည် မဟုတ်ပေ။

"ရွှီး"

စူးချန်ခုန်းမှာ အရှိန်မြှင့်လိုက်ပြီး ထွက်ပြေးနေသော ဖုန်းရိယွဲ့ နောက်သို့ လိုက်လံတိုက်ခိုက်တော့သည်။ သူ၏ ကျောဘက်တွင် ဧရာမကြိုးကြာငှက်ပုံရိပ်ယောင်မှာ တွန့်လိမ်ပြောင်းလဲသွားပြီး ဧရာမမျောက်ဝံ ပုံရိပ်ယောင်အဖြစ်သို့ ကူးပြောင်းသွားသည်။ ထိုဧရာမမျောက်ဝံ ပုံရိပ်ယောင်သည် စူးချန်ခုန်း၏ ကျောပေါ်ရှိ ကြယ်တာရာရွှေလေးကို လှမ်းယူလိုက်ပြီး မြားတစ်ချောင်းကို တင်ကာ လေးကြိုးကို စွဲဆန့်လိုက်တော့သည်။

All Chapters