အခန်း (၅၁၄-၅၁၆)
Vol. 35 Ch. 514-516
အခန်း (၅၁၄) ဖုန်းရိယွဲ့အား နှိမ်နှင်းခြင်း။ မိစ္ဆာအသက်ဆေးလုံး။ (၂)
"ဝှစ် ဝှစ် ဝှစ်"
လေမိုးကြိုးချတ်ဆက်ပုတီးစေ့ မြားချက်များကဲ့သို့ မြားသုံးစင်းမှာ အရှိန်အဟုန်ဖြင့် ထွက်ပြေးနေသော နေမိစ္ဆာခန္ဓာနှင့် လမိစ္ဆာခန္ဓာတို့ရှိရာ အဝေးတစ်နေရာသို့ ပစ်လွှတ်လိုက်သည်။ ထိုမြားများမှာ လေထုထဲရှိ ဝိညာဉ်စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူပြီး သက်တံရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ အရှိန်မှာ တဖြည်းဖြည်း ပိုမိုမြန်ဆန်လာတော့သည်။
ထို့ပြင် ထိုမြားသုံးစင်းမှာ လေထဲတွင် လမ်းကြောင်းကို ကွေးညွတ်လိုက်ပြီး နေမိစ္ဆာခန္ဓာနှင့် လမိစ္ဆာခန္ဓာတို့ကို နောက်ဘက်နှင့် ဘေးတစ်ဖက်တစ်ချက်မှနေ၍ ဝိုင်းပတ်တိုက်ခိုက်လိုက်သည်။
"ဟမ်"
လမိစ္ဆာခန္ဓာ၏ မျက်နှာပြင်မှ ဝေဝါးသော လမင်းအလင်းတန်းများ ထွက်ပေါ်လာပြီး သူ့ထံသို့ ဦးတည်လာသော မြားကို လမ်းကြောင်းလွဲသွားစေသည်။
သို့သော် နေမိစ္ဆာခန္ဓာမှာမူ ညာဘက်နှင့် နောက်ဘက်မှ လာသော မြားချက်များကို အမိအရ ထိမှန်သွားတော့သည်။
"ဝုန်း"
လေနှင့်မိုးကြိုးတို့၏ ပေါက်ကွဲမှုကြောင့် ဝိညာဉ်စွမ်းအင်များမှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး မြေပြင်ပေါ်ရှိ နှင်းများနှင့် ကျိုးပဲ့နေသော သစ်ပင်များကို လွင့်စင်သွားစေသည်။ ဤတိုက်ခိုက်မှုက နေမိစ္ဆာခန္ဓာကို သေစေနိုင်လောက်သည့် ဒဏ်ရာ မပေးနိုင်သော်လည်း သူ့ကို ခေတ္တဟန့်တားထားရန်မှာမူ လုံလောက်လှသည်။
"ဖုန်းရိယွဲ့... ငါတို့ အရှုံးအနိုင် မပေါ်သေးဘူးလေ။ ဘာလို့ ဒီလောက် အလျင်စလို ထွက်ပြေးနေတာလဲ။"
ဤဟန့်တားမှုကြောင့် စူးချန်ခုန်းမှာ အမှီလိုက်လာနိုင်ပြီ ဖြစ်သည်။ သူသည် ဓားနှစ်စင်းကို ကိုင်ထားပြီး သူ၏ ဓားအရှိန်အဝါမှာ သက်တံကဲ့သို့ တောက်ပနေ၏။
"တောက်..ငါမင်းကို တကယ် ကြောက်နေတယ်လို့ ထင်နေလား။"
ဖုန်းရိယွဲ့၏ မျက်လုံးများမှာ နီရဲလာပြီး သူ၏ မိစ္ဆာခန္ဓာနှစ်ခုမှာ နောက်သို့ လှည့်ကာ ပြန်လည်တိုက်ခိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"ချွမ်း ချွမ်း ချွမ်း’"
သံသံချင်းတိုက်မိသံများမှာ အဆက်မပြတ် ထွက်ပေါ်နေ၏။ စူးချန်ခုန်းသည် ပြိုင်ဘက်နှစ်ဦးကို တစ်ကိုယ်တည်း ရင်ဆိုင်နေရသော်လည်း အေးဆေးတည်ငြိမ်နေပုံရသည်။ သူ၏ သံဖြတ်ဓားသိုင်းမှာ များစွာပြောင်းလဲနိုင်စွမ်းရှိပြီး တစ်ခါတစ်ရံတွင် ပြင်းထန်လှသလို တစ်ခါတစ်ရံတွင်မူ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသည်။
နတ်ဘုရားလက်နက်အိမ်တော်တွင် အရပ်မျက်နှာအနှံ့မှ သိုင်းပညာရှင်များနှင့် တိုက်ခိုက်ခဲ့ဖူးသဖြင့် စူးချန်ခုန်းသည် ဓားသိုင်းကျွမ်းကျင်သူ အမြောက်အမြားနှင့် ရင်ဆိုင်ခဲ့ရပြီး သူတို့၏ အားသာချက်များကို လေ့လာကာ သူ၏ ကိုယ်ပိုင်သံဖြတ်ဓားသိုင်းကို ပိုမိုတိုးတက်အောင် ပြုလုပ်ခဲ့သည်။ ယခုအခါ သူ၏ ဓားသိုင်းမှာ မူလလှုပ်ရှားမှုများတွင်သာ ပိတ်မိနေခြင်း မရှိတော့ပေ။ ဓားဝိညာဉ်နှင့် ဓားစွမ်းအားတို့၏ လှုံ့ဆော်မှုကြောင့် စူးချန်ခုန်း၏ ခုတ်ချက်တိုင်းမှာ နတ်ဘုရားများ ကူညီနေသကဲ့သို့ပင်။
ထို့ပြင် စူးချန်ခုန်း၏ ကျောဘက်ရှိ ဧရာမမျောက်ဝံ ပုံရိပ်ယောင်မှာလည်း မရပ်မနား ပစ်ခတ်နေပြီး မြားတိုင်းမှာ အဝေးမှနေ၍ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ သက်တံရောင် အလင်းတန်းများအဖြစ် နေမိစ္ဆာခန္ဓာနှင့် လမိစ္ဆာခန္ဓာတို့ထံသို့ အရပ်မျက်နှာအမျိုးမျိုးမှ ထိုးနှက်နေသည်။
သူတို့အား ဒဏ်ရာရအောင် လုပ်ရန်ပင် မလိုဘဲ အနည်းငယ် ဟန့်တားရုံဖြင့်ပင် စူးချန်ခုန်း၏ လက်ထဲရှိ ဓားများမှာ ၎င်းတို့အတွက် သေစေနိုင်သော ခြိမ်းခြောက်မှု ဖြစ်နေစေရန် လုံလောက်ပါသည်။
ရန်သူက အရေအတွက် ပိုများနေသော်လည်း စူးချန်ခုန်းမှာ တစ်ပြိုင်နက် အလုပ်များစွာ လုပ်ဆောင်နိုင်စွမ်းရှိပြီး သူ၏ သိုင်းပညာရပ်များကို အထွတ်အထိပ်အထိ ဖော်ဆောင်နေသဖြင့် ဖုန်းရိယွဲ့မှာ ယခုအခါ ခုခံကာကွယ်ရန်သာ အာရုံစိုက်နေရတော့သည်။
"သေစမ်း"
မိစ္ဆာခန္ဓာနှစ်ခုစလုံးမှာ အော်ဟစ်လိုက်ကြသည်။ မိစ္ဆာစွမ်းအားများ အဆမတန် ကုန်ဆုံးနေရသည့်အပြင် သူတို့နှစ်ဦးမှာ အဝေးသို့ ခွဲ၍ ထွက်ပြေးရန်လည်း မဖြစ်နိုင်ပေ။ သို့မဟုတ်ပါက သူ၏ မိစ္ဆာခန္ဓာနှစ်ခုမှာ မတူညီသော လမ်းကြောင်းများသို့ ပြေးပါက စူးချန်ခုန်းကို ရင်ဆိုင်နိုင်ရန် နည်းလမ်း ရှိတော့မည် မဟုတ်ပေ။
နေမိစ္ဆာခန္ဓာနှင့် လမိစ္ဆာခန္ဓာတို့မှာ တစ်ဦးက တိုက်ခိုက်ပြီး တစ်ဦးက ခုခံကာကွယ်ကာ ကောင်းစွာ ပူးပေါင်းနေကြသော်လည်း စူးချန်ခုန်း၏ အရှိန်အဝါမှာ ပြင်းထန်လွန်းလှပြီး ဓားဝိညာဉ်ကိုလည်း အပြည့်အဝ ထုတ်ဖော်ထားသည်။ သူတို့၏ တိုက်စစ်များမှာ စူးချန်ခုန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
သူ၏ ဘယ်လက်ရှိ ငရဲမီးလျှံဓားကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော မီးလျှံလှိုင်းများမှာ လမိစ္ဆာခန္ဓာကို ဖုံးလွှမ်းသွားသည့် လမင်းအလင်းတန်းများကို အတင်းအကြပ် ရိုက်ခွဲလိုက်ပြီး သူ၏ လည်ပင်းတစ်ဝက်ခန့်ကို ဖြတ်တောက်သွားသဖြင့် သွေးများ ပန်းထွက်လာသည်။
နေမိစ္ဆာခန္ဓာမှာလည်း တိုက်ပွဲကြောင့် ရရှိသော ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး တစ်ကိုယ်လုံးမှ သွေးများ စီးကျနေတော့သည်။
မသေမျိုးခန္ဓာ၏ အကူအညီ မပါဘဲ အနီးကပ် တိုက်ခိုက်ရချိန်တွင် စူးချန်ခုန်း၏ ဝိညာဉ်နယ်ပယ်မှာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ဖုန်းရိယွဲ့ကို လုံးဝ ဖိနှိပ်ထားကာ မလွဲမသွေ အရေးနိမ့်ရမည့် အခြေအနေသို့ ဆိုက်ရောက်စေတော့သည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း သူ အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့သော လူငယ်လေးမှာ ဤမျှအထိ သန်မာလာပြီး သူ့ကို ဤကဲ့သို့ အကျပ်ရိုက်အောင် လုပ်နိုင်သည်ကို ဖုန်းရိယွဲ့ လက်ခံနိုင်ရန် ခက်ခဲနေသည်။
ဤအချက်က ဖုန်းရိယွဲ့ကို ရူးသွပ်သွားစေကာ "ရပ်လိုက်စမ်း။ ဒီနေ့ မင်းနိုင်တယ်။ မဟုတ်ရင် ငါ မင်းနဲ့အတူ အသေခံလိုက်မယ်။" ဟု အော်ဟစ်လိုက်တော့သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ အရေးနိမ့်တော့မည်ကို သိရှိထားသဖြင့် ဖုန်းရိယွဲ့မှာ ရူးသွပ်သွားပြီး စူးချန်ခုန်းကို ရပ်တန့်ရန် ပြောဆိုခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူ၏ နောက်ဆုံးနည်းလမ်းကို အသုံးပြု၍ အတူတူ သေဆုံးသွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"စမ်းကြည့်လေ"
စူးချန်ခုန်းမှာ တုန်လှုပ်ခြင်း မရှိဘဲ သူ၏ တိုက်ခိုက်မှုများကို ပိုမို လျင်မြန်ပြင်းထန်အောင် ပြုလုပ်လိုက်သည်။
"ဒါဆိုရင် အတူတူ သေကြတာပေါ့။ နေနဲ့လပျက်သုဉ်းခြင်း"
လုံးဝ ရူးသွပ်သွားသော ဖုန်းရိယွဲ့သည် စူးချန်ခုန်း၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ခံနေရပြီး ရူးသွပ်လွယ်သော မိစ္ဆာလူသားတစ်ဦး ဖြစ်သည့်အတိုင်း အရူးအမူး အော်ပြောလိုက်သည်။ နေမိစ္ဆာခန္ဓာနှင့် လမိစ္ဆာခန္ဓာကိုယ်တို့မှာ ရုတ်တရက် တစ်ခုနှင့်တစ်ခု အတင်း တိုးကပ်သွားပြီး တင်းကျပ်စွာ တွယ်ကပ်လိုက်ကြသည်။
"အန္တရာယ်"
စူးချန်ခုန်း၏ မျက်ဆန်များမှာ အနည်းငယ် ကျုံ့သွားပြီး အလွန်အမင်း အန္တရာယ်ရှိသော အာရုံကို ခံစားလိုက်ရသဖြင့် ဝန်လေးခြင်း မရှိဘဲ နောက်သို့ အရှိန်အကုန်မြှင့်ကာ ဆုတ်ခွာလိုက်တော့သည်။
"ဝုန်း"
ထိုအချိန်မှာပင် နေမိစ္ဆာခန္ဓာနှင့် လမိစ္ဆာခန္ဓာတို့မှာ တစ်ခုနှင့်တစ်ခု တိုက်မိသွားလေ၏။ လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော မိစ္ဆာစွမ်းအား နှစ်မျိုး ပေါင်းစည်းသွားချိန်တွင် နေနှင့်လ ထိတွေ့မိသကဲ့သို့ ဓာတ်ပြုမှုများ ဖြစ်ပေါ်လာသည်။ ၎င်းတို့၏ အနီရောင်နှင့် အပြာရောင် မိစ္ဆာစွမ်းအားများမှာ ပေါက်ကွဲသွားပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော အနက်ရောင် အရှိန်အဝါများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။
ဖုန်းရိယွဲ့၏ နေမိစ္ဆာခန္ဓာမှာ အလွန်ထူးခြားလှသည်။ မတူညီသော မိစ္ဆာခန္ဓာ နှစ်ခု၏ သဘာဝမှာလည်း လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသဖြင့် ၎င်းတို့ကို တစ်ပြိုင်နက် ပေါက်ကွဲစေခြင်းအားဖြင့် မိမိကိုယ်ကိုယ် အသေခံသည့် နည်းလမ်းဖြင့် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးအားကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
"ဝုန်း"
အနက်ရောင် ဖျက်ဆီးအားများမှာ သောင်းကျန်းနေပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။ စူးချန်ခုန်း နောက်သို့ ဆုတ်ခွာနေစဉ် လိပ်အသက်ရှူနည်းပညာကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး လိပ်အသက်ရှူနည်း ချီစွမ်းအင် သံချပ်ကာဖြင့် သူ၏ တစ်ကိုယ်လုံးကို ကာကွယ်လိုက်သည်။
"ဂျောက် ဂျောက် ဂျောက်"
စူးချန်ခုန်းသည် ဝရုန်းသုန်းကား ဖြစ်နေသော ဖျက်ဆီးအားများ သူ့ထံသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားကာ လိပ်အသက်ရှူနည်း ချီစွမ်းအင် သံချပ်ကာမှာလည်း အပိုင်းပိုင်း ကွဲကြေသွားတော့သည်။ သူ၏ တစ်ကိုယ်လုံးတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီး အရိုးများပင် ကျိုးပဲ့သွားလေ၏။
ဖုန်းရိယွဲ့၏ မိမိကိုယ်ကိုယ် အသေခံသော ဤနောက်ဆုံးနည်းလမ်းမှာ အမှန်တကယ်ပင် စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။
အဝေးမှ ကြည့်လျှင် အနက်ရောင် ပန်းပွင့်ကြီးတစ်ပွင့် ပွင့်လာသကဲ့သို့ ရှိနေပြီး ကိုက်တစ်ရာကျော် ပတ်လည်အတွင်းရှိ ဧရိယာအားလုံးကို ထိခိုက်စေခဲ့သည်။
"ဝုန်း"
လွင့်ထွက်သွားသော စူးချန်ခုန်းမှာ နှင်းပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားပြီး သွေးများ အဆက်မပြတ် အန်ထုတ်တော့သည်။
ပေါက်ကွဲသံမှာ မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွားပြီး မြေကြီးမှာလည်း တုန်ခါကာ တောင်တန်းများပင် တုန်လှုပ်သွားသည်။
ဝရုန်းသုန်းကား ဖြစ်နေသော ဖျက်ဆီးအားများ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင် မူလနေရာ၌ မိုင်ဝက်ခန့် ကျယ်ဝန်းသော တွင်းကြီးတစ်တွင်း ပေါ်လာ၏။ ထိုဧရိယာအတွင်းရှိ သစ်ပင်များနှင့် နှင်းများအားလုံးမှာ အမှုန့်အဖြစ် ပြောင်းလဲသွားပြီး အမြောက်ဖြင့် အပစ်ခံလိုက်ရသကဲ့သို့ပင်။
အရာအားလုံး ပြန်လည် တည်ငြိမ်သွားချိန်တွင် လွင့်ပျံနေသော နှင်းပွင့်များနှင့် အေးစက်သော လေပြင်းများမှာ ဘာမျှ မဖြစ်ခဲ့သကဲ့သို့ပင် တိုက်ခတ်နေသည်။
"ဒုတ် ဒုတ် ဒုတ်"
အခန်း (၅၁၅) ဖုန်းရိယွဲ့အား နှိမ်နှင်းခြင်း။ မိစ္ဆာအသက်ဆေးလုံး။ (၃)
သို့သော် ထိုတွင်းကြီးအတွင်း၌ နှလုံးခုန်သံတစ်ခု မသိမသာ ပဲ့တင်ထပ်နေ၏။ တစ်ခြမ်းမှာ အနီရောင်နှင့် အခြားတစ်ခြမ်းမှာ ကောင်းကင်ပြာရောင် ရှိသော နှလုံးတစ်ခု ညင်သာစွာ ခုန်လှုပ်နေခြင်း ဖြစ်သည်။
နှလုံးခုန်သံနှင့်အတူ သွေးကြောများနှင့် အသားစများမှာလည်း ပြန်လည် ထွက်ပေါ်လာသည်။ ထိုနှလုံးသားကို ဗဟိုပြု၍ ခန္ဓာကိုယ်သစ်တစ်ခု ပြန်လည် ဖြစ်တည်လာတော့မည့်အလားပင်။
ဖုန်းရိယွဲ့ မသေသေးပေ။ သူ၏ အလယ်အလတ်အဆင့် မိစ္ဆာခန္ဓာမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော ရှင်သန်နိုင်စွမ်း ရှိလှသည်။ စူးချန်ခုန်း၏ ဓားဆန္ဒကြောင့် သူ၏ စိတ်ဝိညာဉ် ထိခိုက်နိုင်သည်ကို ဖုန်းရိယွဲ့ သိရှိထားရာ စိတ်ဝိညာဉ်အဆင့်တွင် သတ်ဖြတ်ခံရခြင်းထက်စာလျှင် မသေနိုင်သောခန္ဓာကို အားကိုး၍ ဤကဲ့သို့ အတူတူ ပျက်စီးစေမည့် နည်းလမ်းကို အသုံးပြုခြင်းက ပို၍ အခွင့်အလမ်းရှိမည်ဟု သူ ယုံကြည်ခဲ့သည်။
ခန္ဓာကိုယ် ပျက်စီးသွားသော်လည်း သူ အသက်ရှင်ရန် အခွင့်အလမ်း ရှိနေသေးသည်။
ဖုန်းရိယွဲ့၏ လောင်းကြေးမှာ အောင်မြင်ခဲ့သည်။ မိစ္ဆာစွမ်းအားများ ပေါက်ကွဲချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ ပြာအဖြစ် ပြောင်းလဲသွားသော်လည်း သူ၏ နှလုံးသားမှာမူ ပျက်စီးသွားခြင်း မရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ ထိုနှလုံးသားကို ဗဟိုပြု၍ အသားစများမှာ နာကျင်စွာဖြင့် ပြန်လည် ထွက်ပေါ်လာတော့သည်။
"ငါ... ငါနိုင်သွားတာပဲ..."
ဖုန်းရိယွဲ့၏ အရိုးနှင့် ကြွက်သားများ ပြန်လည် ထွက်ပေါ်လာသည်။ အရေပြားမရှိသေးသဖြင့် ကြောက်မက်ဖွယ်ကောင်းနေသော သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် ဝမ်းမြောက်မှုများ ပြည့်နှက်နေ၏။ ဤသည်မှာ လူသားမျိုးနွယ်နှင့် မိစ္ဆာလူသားတို့၏ ကွာခြားချက်ပင် ဖြစ်သည်။
"ဇွက်"
သို့သော် ရုတ်တရက် ဖုန်းရိယွဲ့၏ မျက်ဆန်များ ကျုံ့ဝင်သွားသည်။ ရှည်လျားသော ဓားတစ်စင်းက သူ၏ နောက်ဘက်မှနေ၍ ထိုးဖောက်လိုက်ပြီး နှလုံးကို ဖြတ်ကာ ရင်ဘတ်မှ ပေါက်ထွက်လာခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်ကို ဖြတ်တောက်နိုင်သော ဓားဝိညာဉ်က သူ၏ သိစိတ်ပင်လယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲလိုက်တော့သည်။
"ဒါ... ဒါ ဘယ်လိုလုပ်... ဖြစ်နိုင်မှာလဲ..."
ဖုန်းရိယွဲ့၏ မျက်နှာပေါ်ရှိ ကြွက်သားများမှာ မကျေနပ်မှုများဖြင့် တုန်ခါနေသော်လည်း သူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားလေ၏။
"ဟူး... ဟူး... ဟူး..."
ဖုန်းရိယွဲ့၏ အနောက်တွင် သွေးများဖြင့် စိုရွှဲနေသော စူးချန်ခုန်းသည် အသက်ကို ခပ်ပြင်းပြင်း ရှူနေရသည်။
ယခုအချိန်တွင် စူးချန်ခုန်းကိုယ်တိုင်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်။ ဖုန်းရိယွဲ့၏ မိမိကိုယ်ကိုယ် အသေခံ ပေါက်ကွဲမှုကြောင့် စူးချန်ခုန်းမှာ လျင်မြန်စွာ နောက်ဆုတ်ခဲ့ပြီး လိပ်အသက်ရှူနည်းချီစွမ်းအင် သံချပ်ကာဖြင့် ကာကွယ်ခဲ့သော်လည်း သူ၏ အရိုးများ ကျိုးပဲ့ကာ အတွင်းအင်္ဂါများမှ သွေးထွက်သည်အထိ ပြင်းထန်သော တုန်ခါမှုကို ခံစားခဲ့ရပြီး ထိုနေရာမှာပင် သတိလစ်လုနီးပါး ဖြစ်ခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် နတ်ပိုးချည်ကျင့်စဉ်ကို ကျွမ်းကျင်ထားသဖြင့် စူးချန်ခုန်း၏ ရှင်သန်နိုင်စွမ်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလှသည်။ သူ၏ ဦးခေါင်း မပျက်စီးသရွေ့ သူ ပြန်လည် သက်သာလာနိုင်သည်။ သူသည် နတ်ပိုးချီချည်စွမ်းအင်များကို အသုံးပြု၍ ပျက်စီးနေသော အတွင်းအင်္ဂါများကို ပြန်လည် စုစည်းကာ ကျိုးပဲ့နေသော အရိုးများကို ပြန်လည် ဆက်သွယ်ခဲ့သည်။ ထို့နောက် တဖြည်းဖြည်းနှင့် ပြန်လည် ဖြစ်တည်လာသော ဒဏ်ရာပြင်းထန်သည့် ဖုန်းရိယွဲ့ထံသို့ အခက်အခဲများကြားမှ ချဉ်းကပ်သွားခဲ့သည်။
သူသည် ဓားဝိညာဉ်ကို စုစည်းလိုက်ပြီး ဖုန်းရိယွဲ့၏ နှလုံးသားကို အမိအရ ထိုးဖောက်လိုက်ခြင်း ဖြစ်သည်။
"ငါပဲ နိုင်သွားတာပါ..."
စူးချန်ခုန်းသည် သွေးအချို့ကို ပြင်းထန်စွာ အန်ထုတ်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်ရှိ သွေးစများကို သုတ်လိုက်ရင်း မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်လိုက်သည်။
ဤတိုက်ပွဲမှာ အနိုင်ရရန် လွယ်ကူခဲ့သည် မဟုတ်ပေ။ အဓိက အချက်မှာ ဖုန်းရိယွဲ့သည် အဆင့်လတ် နတ်ဆိုးအမြုတေနှင့် ပေါင်းစည်းထားသူဖြစ်ရာ ကျုံးယွဲ့ကဲ့သို့သော သူများနှင့် နှိုင်းယှဉ်၍ပင် မရနိုင်။ လုံးဝ အရေးနိမ့်နေသည့်တိုင် သူ၌ အတူတူ သေဆုံးစေမည့် လျှို့ဝှက်နည်းလမ်း ရှိနေသေးသည်။
စူးချန်ခုန်း၏ လိပ်အသက်ရှူနည်း ချီသံချပ်ကာက ဖျက်ဆီးအား အများစုကို စုပ်ယူပေးနိုင်ခဲ့ပြီး နတ်ပိုးချည်ကျင့်စဉ်မှ ရရှိသော ရှင်သန်နိုင်စွမ်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရနေသော စူးချန်ခုန်းမှာ လျင်မြန်စွာ တည်ငြိမ်မှု ပြန်ရရှိခဲ့ပြီး အားနည်းနေသော ဖုန်းရိယွဲ့ကို သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် သူသာလျှင် အနိုင်ရသူ ဖြစ်ခဲ့သည်။ ချီနဂါးနန်းတော်တွင် သူ့အား ခြိမ်းခြောက်မှု ပေးခဲ့သော ရန်သူနှစ်ဦးစလုံးမှာ ယခုအခါ သူ၏ ဓားအောက်တွင် ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
'နှမြောစရာပဲ... ဟုန်ကျန့်ရှန်း အသက်ရှင်နေသလား သေသွားပြီလားဆိုတာ ငါ အခုထိ မသိရသေးဘူး'
စူးချန်ခုန်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဖုန်းရိယွဲ့၏ ပြောစကားအရ ဟုန်ကျန်းရှန့်ကို အသက်ခြွေအဖွဲ့ဌာနချုပ်မှ စေလွှတ်သော ကိုယ်စားလှယ်တစ်ဦးက ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ စူးချန်ခုန်းအနေဖြင့် ထိုဌာနချုပ် မည်သည့်နေရာတွင် ရှိသည်ကို မသိရုံသာမက ထိုနေရာတွင် ထိပ်တန်း မိစ္ဆာစစ်သည်တော်များ ရှိနေမည်ကိုလည်း ခန့်မှန်းနိုင်သည်။
ယခု သူ၏ အစွမ်းဖြင့်သာမက အစစ်အမှန် အဆင့်မြင့် သိုင်းပညာရှင်ကြီးတစ်ဦးပင်လျှင် ထိုနေရာသို့ သွားရောက်ပါက အသက်အန္တရာယ် ရှိနိုင်သည်။ ထို့ကြောင့် လောလောဆယ်တွင် ထိုကိစ္စကို လက်လျှော့ရန်မှတစ်ပါး အခြားမရှိတော့ပေ။
အနည်းဆုံးတော့ သူ၏ ရန်သူများဖြစ်သော ဖုန်းရိယွဲ့နှင့် ကျုံးယွဲ့တို့ကို သတ်နိုင်ခဲ့သဖြင့် ဤခရီးမှာ အချည်းနှီး မဖြစ်ခဲ့ပေ။
"အစအနတွေကို ရှင်းလင်းပြီး... အမြန်ထွက်သွားမှ ဖြစ်မယ်"
ဤနေရာမှာ တောင်ကြားနှင့် မိုင်ပေါင်းရာနှင့်ချီ ဝေးကွာပြီး လူသူအရောက်အပေါက် နည်းပါးသော်လည်း ခုနက ပေါက်ကွဲမှုမှာ ပြင်းထန်လွန်းလှသဖြင့် မလိုလားအပ်သော အာရုံစိုက်မှုများ ရရှိနိုင်သည်။ ထို့ကြောင့် စစ်မြေပြင်ကို ရှင်းလင်းပြီး ထွက်ခွာခြင်းကသာ အကောင်းဆုံး ဖြစ်သည်။
စူးချန်ခုန်းသည် စစ်မြေပြင်ကို အလျင်အမြန် ရှင်းလင်းလိုက်ရာ သူ ရရှိသော အကျိုးအမြတ်များမှာ မနည်းလှပေ။ ပထမဦးစွာ နတ်ဆိုးအမြုတေသုံးခု ရရှိခဲ့ပြီး အဆင့်နှစ် နတ်ဆိုးအမြုတေနှစ်ခုနှင့် ဖုန်းရိယွဲ့ သေဆုံးပြီးနောက် ရရှိသော အလယ်အလတ်အဆင့် နတ်ဆိုးအမြုတေတစ်ခုဖြစ်သည်။
၎င်းမှာ တစ်ခြမ်းနီ၍ တစ်ခြမ်းပြာသော သလင်းခဲဖြစ်ပြီး အဆင့်နိမ့် နတ်ဆိုးအမြုတေများထက် များစွာ ထူးခြားလှသည်။
ထို့ပြင် မူလချီစွမ်းအင်သုံးခုကိုလည်း အလောင်းများမှနေ၍ လိပ်အသက်ရှူနည်းပညာဖြင့် စူးချန်ခုန်းက အလွယ်တကူ ထုတ်ယူနိုင်ခဲ့သည်။
"သွားမယ်..."
အလောင်းသုံးခုကို စီမံပြီးနောက် စူးချန်ခုန်းသည် သူ၏ ပင်ပန်းနွမ်းနယ်ပြီး ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဆွဲ၍ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
အရာအားလုံး ပြန်လည် တည်ငြိမ်သွားသော်လည်း နှင်းပြင်ပေါ်ရှိ မိုင်ဝက်ခန့် ကျယ်ဝန်းသော တွင်းကြီးမှာမူ ထိုနေရာ၌ ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သက်သေအဖြစ် ကျန်ရစ်ခဲ့သည်။
စူးချန်ခုန်းသည် တောင်ကြားနှင့် ဝေးရာသို့ ရွေ့လျားခဲ့ပြီး ဖေးယွမ်မြို့ အနီးသို့ ပြန်ရောက်လာခဲ့သည်။ လမ်းခရီးတွင် သူသည် အနားယူကာ သူ၏ ဒဏ်ရာများကို နတ်ပိုးချီကျင့်စဉ်ဖြင့် ကုသခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက် ဖေးယွမ်မြို့ အနီးသို့ ရောက်ရှိချိန်တွင် စူးချန်ခုန်း၏ ဒဏ်ရာအများစုမှာ သက်သာသွားပြီ ဖြစ်သည်။ သူသည် တောရိုင်းထဲတွင် မြှုပ်ထားခဲ့သော စွေ့ရှင်းကိုလည်း မေ့မထားခဲ့ပေ။
စွေ့ရှင်းမှာ မိစ္ဆာတစ်ကောင် ဖြစ်သည့်အတိုင်း သွေးကြောများ ပြတ်တောက်ကာ မြေမြှုပ်ခံထားရသော်လည်း အသက်ရှူနေဆဲ ဖြစ်သည်။ ယခင်က စွေ့ရှင်းသည် စူးချန်ခုန်းအား သတင်းအမှားများ ပေး၍ လှည့်ဖြားခဲ့သော်လည်း စူးချန်ခုန်းအနေဖြင့် ထိုကိစ္စကို အလေးမထားတော့ပေ။ သူသည် စွေ့ရှင်း၏ အသက်ကို သနားညှာတာစွာဖြင့် အဆုံးသတ်ပေးလိုက်ပြီး အပြန်အလှန်အားဖြင့် နောက်ထပ် မူလချီစွမ်းအင်တစ်ခုနှင့် နတ်ဆိုးအမြုတေတစ်ခုကို ရရှိခဲ့သည်။
အသက်ခြွေအဖွဲ့အစည်း၏ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဖုန်းရိယွဲ့ သေဆုံးသွားခြင်းမှာ ဌာနချုပ်အထိပင် သတင်းရောက်သွားပေလိမ့်မည်။ ဤကိစ္စမှာ အသင်းအတွက် ကိစ္စသေးသေးမဟုတ်ဘဲ လူသတ်သမားကို အစွမ်းကုန် ရှာဖွေကြပေလိမ့်မည်။
စူးချန်ခုန်းအနေဖြင့် ရှေ့လျှောက်တွင် သတိထားနေထိုင်ရန်နှင့် မမျှော်လင့်ထားသော အန္တရာယ်များကို ရင်ဆိုင်နိုင်ရန် သူ၏ အစွမ်းကို ဆက်လက် မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
"ချင်းယွမ်အဆောင်ကို သွားစို့"
စူးချန်ခုန်းသည် ချင်းယွမ်ဆောင်မှ ဝိညာဉ်ဆေးပင်များနှင့် ဆေးနည်းများကို ဝယ်ယူရန် ရည်ရွယ်ချက်ကို မေ့လျော့မထားပေ။ စွေ့ရှင်းနှင့် ဆုံတွေ့ခဲ့ခြင်းမှာ သူ၏ အစီအစဉ်ကို ခေတ္တပြောင်းလဲသွားစေခဲ့ခြင်းသာ ဖြစ်သည်။ ယခုအခါ ချင်းယွမ်အဆောင်သို့ ပြန်လည်သွားရောက်ရမည့် အချိန် ရောက်ပြီ ဖြစ်သည်။
ချင်းယွမ်ဆောင်သို့ စူးချန်ခုန်း ရောက်ရှိလာချိန်တွင် တာဝန်ခံ ထန်းမင်က သူ့အား ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြိုဆိုလေတော့သည်။
အခန်း (၅၁၆) ဖုန်းရိယွဲ့အား နှိမ်နှင်းခြင်း။ မိစ္ဆာအသက်ဆေးလုံး။ (၄)
ချင်းယွမ်ဆောင်၏ ဒုတိယထပ်ရှိ သီးသန့်ဧည့်ခန်းအတွင်း၌ စူးချန်ခုန်းသည် ထန်းမင်နှင့် တွေ့ဆုံခဲ့သည်။
ထန်းမင်က မျက်နှာတွင် အပြုံးများဖြင့် "ညီလေးတာ့၊ အစ်ကို့မှာ ညီလေးအတွက် သတင်းကောင်းရှိတယ်။" ဟု ပြောလိုက်သည်။
"သတင်းကောင်းလား။" စူးချန်ခုန်းမှာ ဇဝေဇဝါဖြစ်သွားသော်လည်း သူ၏မျက်နှာမှာ မည်သည့်အမူအရာမျှ မပြဘဲ ထန်းမင်အား ကြည့်ကာ ဆက်ပြောမည့်စကားကိုသာ စောင့်နေလိုက်သည်။
ထန်းမင်သည် 'တာ့ဝူဖုန်း' ၏ ထူးဆန်းသော စရိုက်ကို သိရှိထားသဖြင့် စိတ်ထဲမထားပေ။ သူက ရယ်မောရင်း "ညီလေးတာ့၊ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ညီလေး အစ်ကိုတို့ ချင်းယွမ်ဆောင်မှာ ဝယ်ပေးဖို့ အပ်နှံထားတဲ့ နှစ်တစ်ထောင်မြေကမ္ဘာဝိညာဉ်ပန်းနဲ့ ပတ်သက်ပြီး သတင်းရထားလို့ပါ" ဟု ပြောလိုက်သည်။
"နှစ်တစ်ထောင်မြေကမ္ဘာဝိညာဉ်ပန်းလား။"
ဤစကားကို ကြားလိုက်ရချိန်တွင် စူးချန်ခုန်း၏ မျက်ဝန်းများ၌ပင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။
မိစ္ဆာအသက်ဆေးမှာ လူတစ်ယောက်၏ သက်တမ်းကို ရှည်စေနိုင်သည်။ ၎င်းသည် နတ်ဆိုးအမြုတေများနှင့် အဖိုးတန်ဆေးဘက်ဝင်ပစ္စည်းများစွာကို ပေါင်းစပ်ဖော်စပ်ထားသည့် ဆေးစွမ်းကောင်းတစ်မျိုး ဖြစ်သည်။ နတ်ဆိုးအမြုတေများအပြင် အဖိုးတန်ဆုံးသော ပစ္စည်းမှာ နှစ်တစ်ထောင်မြေကမ္ဘာဝိညာဉ်ပန်းပင် ဖြစ်သည်။
နှစ်တစ်ထောင် မြေကမ္ဘာဝိညာဉ်ပန်း၏ တန်ဖိုးမှာ ငွေကြေးဖြင့်သာ ဝယ်ယူနိုင်သောအရာ မဟုတ်ပေ။ အဓိကအားဖြင့် ၎င်းသည် သဘာဝအလျောက် သက်တမ်းရှည်စေနိုင်သော ဂုဏ်သတ္တိများ ရှိနေသောကြောင့် ဖြစ်သည်။ အသက်ရှည်ခြင်းနှင့် ပတ်သက်သော မည်သည့် ဝိညာဉ်ဆေး သို့မဟုတ် ဝိညာဉ်ဆေးဘက်ဝင်ပစ္စည်းမဆို အလွန်ပင် တန်ဖိုးကြီးလှသည်။
မြေကမ္ဘာဝိညာဉ်ပန်းမှာ ဝိညာဉ်စွမ်းအင် ကြွယ်ဝသော လျှို့ဝှက်သည့် နေရာများတွင်သာ ပေါက်ရောက်လေ့ရှိပြီး သက်တမ်း တစ်ထောင်ပြည့်သည့် ပန်းမျိုးမှာ ပို၍ပင် ရှားပါးလှသည်။
စူးချန်ခုန်းသည် ၎င်းကို ရှာဖွေပေးရန် ချင်းယွမ်ဆောင်သို့ အပ်နှံခဲ့ဖူးသည်။ အခြားဆေးပစ္စည်းများကို ရှာဖွေရန် လွယ်ကူသော်လည်း ချင်းယွမ်ဆောင်အနေဖြင့် ဤနှစ်တစ်ထောင် မြေကမ္ဘာဝိညာဉ်ပန်း သတင်းရရှိရန် တစ်နှစ်ကျော်တိုင်တိုင် အချိန်ယူခဲ့ရခြင်း ဖြစ်သည်။
ဤနှစ်တစ်ထောင် မြေကမ္ဘာဝိညာဉ်ပန်းကို ရသည်နှင့် စူးချန်ခုန်းသည် မိစ္ဆာအသက်ဆေးကို စတင်ဖော်စပ်နိုင်တော့မည် ဖြစ်သည်။
အကယ်၍ သူသည် ထိုဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်ပါက သူ၏ သက်တမ်းကို တိုးစေမည့်အပြင် သူ၏ စွမ်းရည်များကိုလည်း တစ်ဖန် ထပ်မံ မြှင့်တင်ပေးနိုင်မည် ဖြစ်ရာ ယခုထက်ပင် ပိုမို အစွမ်းထက်သော ပညာရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။
"ဒါပေမဲ့ တဖက်လူ တောင်းဆိုတဲ့ဈေးက မနည်းဘူးဗျ... သူတို့က မူလချီစွမ်းအင်ကိုပဲ အလိုရှိနေတာ" ဟု ထန်းမင်က ပြောလိုက်သည်။
"ဘယ်လောက်လဲ။" စူးချန်ခုန်းက မေးလိုက်သည်။
"ခြောက်ခု" ဟု ထန်းမင်က အရေအတွက်ကို ပြန်လည်ဖြေကြားသည်။
ဤအချက်က စူးချန်ခုန်းကို မျက်မှောင်အနည်းငယ် ကျူံ့သွားစေသည်။ မူလချီစွမ်းအင် ခြောက်ခုမှာ နှစ်တစ်ထောင် မြေကမ္ဘာဝိညာဉ်ပန်း တစ်ပွင့်ထက် များစွာ တန်ဖိုးပိုရှိနေသောကြောင့် ဖြစ်သည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်း တည်ရှိရာ ကျုံးလင်တောင်တွင်ပင် နှစ်တစ်ရာလျှင် မူလချီစွမ်းအင် ငါးခုခန့်သာ ထွက်ပေါ်လေ့ရှိသည်ကို သိထားသင့်သည်။ မူလချီစွမ်းအင် ခြောက်ခုမှာ မူလနယ်ပယ် သိုင်းပညာရှင် ခြောက်ဦးကို ဖန်တီးပေးနိုင်သည်။
စူးချန်ခုန်းသည် ဤမျှ ဈေးကြီးနေရခြင်းမှာ ပန်းပိုင်ရှင်က ဈေးကြီးတောင်းနေခြင်းကြောင့်သာမက ချင်းယွမ်ဂိုဏ်းအနေဖြင့်လည်း အမြတ်အစွန်း ရလိုခြင်းကြောင့် ဖြစ်နိုင်ကြောင်း သိလိုက်သည်။ စူးချန်ခုန်းထံတွင် မူလချီစွမ်းအင် အမြောက်အမြား ရှိနေသည်ကို သူတို့ သိထားသဖြင့် ဤမျှ ဈေးမြင့်မြင့် တောင်းနေတာ ဖြစ်နိုင်သည်။
စူးချန်ခုန်းထံတွင် ယခင်က မူလချီစွမ်းအင် သုံးခု ကျန်ခဲ့သည်။ ဖုန်းရိယွဲ့ကဲ့သို့သော သူများကို သုတ်သင်ပြီးနောက် နောက်ထပ် လေးခု ထပ်မံရရှိခဲ့ရာ ယခုအခါ သူ၏ လက်ဝယ်တွင် မူလချီစွမ်းအင် ခုနစ်ခု ရှိနေပြီ ဖြစ်သည်။ သို့သော် စူးချန်ခုန်းမှာ အလွယ်တကူ လှည့်ဖြားခံရမည့်သူ မဟုတ်ပေ။
စူးချန်ခုန်းက အေးစက်စွာဖြင့် "မူလချီစွမ်းအင် ခြောက်ခုလား။ ဒီဈေးက တော်တော်ကို လောဘကြီးလွန်းတယ်။ ရောင်းတဲ့သူကို ပြောလိုက် ကျွန်တော် အများဆုံး မူလချီစွမ်းအင် သုံးခုပဲ ပေးနိုင်မယ်။ တစ်ခုတောင် ပိုမပေးနိုင်ဘူး။ သူတို့ကို စဉ်းစားခိုင်းလိုက်ပါ။ တကယ်လို့ သူတို့ သဘောမတူရင်လည်း ထားလိုက်တော့။" ဟု ပြောလိုက်သည်။
စူးချန်ခုန်းသည် မူလချီစွမ်းအင်၏ တန်ဖိုးကို ကောင်းစွာ သိထားသည်။ မည်သည့် သာမန်ဂိုဏ်းအတွက်မဆို ချင်းယွမ်ဂိုဏ်းကဲ့သို့ ပထမတန်းစား ဂိုဏ်းကြီးများပင်လျှင် မူလချီစွမ်းအင်များလေ ကောင်းလေ ဖြစ်သည်။ မူလချီစွမ်းအင်တစ်ခု ပိုရခြင်းမှာ သူတို့ဂိုဏ်းအတွက် မူလနယ်ပယ်သိုင်းပညာရှင် တစ်ဦး ပိုထွက်လာခြင်းပင် ဖြစ်သည်။ သိုင်းပညာရှင် အမြောက်အမြားမှာ ချီသွေးနယ်ပယ် အထွတ်အထိပ်တွင် ပိတ်မိနေကြပြီး မူလနယ်ပယ်သို့ တက်လှမ်းရန် မူလချီစွမ်းအင်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
မီးလျှံအင်ပါယာအတွင်းရှိ ထိပ်တန်း အင်အားစု အနည်းငယ်သာလျှင် သေဆုံးသွားသော ပညာရှင်များ၏ ခန္ဓာကိုယ်မှ မူလချီစွမ်းအင်ကို ထုတ်ယူနိုင်စွမ်း ရှိကြသည်။ စူးချန်ခုန်းကဲ့သို့ မူလချီစွမ်းအင်ကို အသုံးပြု၍ ဝိညာဉ်ဆေးများနှင့် ဆေးပစ္စည်းများ ဝယ်ယူနိုင်သူမှာ များစွာ မရှိပေ။
စူးချန်ခုန်းက နှစ်တစ်ထောင်မြေကမ္ဘာဝိညာဉ်ပန်းကို အလိုရှိနေသော်လည်း ဤဂိုဏ်းများမှာ မူလချီစွမ်းအင်ကို ပိုမို အလိုရှိနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် အသာစီးမှာ စူးချန်ခုန်း၏ လက်ထဲတွင် ရှိနေပြီး သူသည် အလိမ်မခံလိုပေ။
"သုံးရက်အတွင်း အကြောင်းပြန်ပေးပါ။ ကျွန်တော်ရဲ့ အချိန်တွေက တန်ဖိုးရှိတယ်။"
စူးချန်ခုန်း၏ ပြတ်သားသော မျက်နှာပေးကြောင့် ညှိနှိုင်းစရာမလိုတော့ပေ။ ထန်းမင်၏ ဆွဲဆောင်ဖြောင်းဖျမှုများကို လျစ်လျူရှုကာ သူသည် စကားတစ်ခွန်းသာ ထားရစ်ပြီး ထွက်ခွာသွားတော့သည်။
"ဒါက... ဒီတာ့ဝူဖုန်းက စိတ်ကြီးလွန်းတာပဲ။ ဈေးတောင် ပြန်ညှိခွင့် မပေးတော့ဘူးလား။" ထန်းမင်က ခါးသက်သက် အပြုံးဖြင့် ပြောလိုက်သည်။
သို့သော် စူးချန်ခုန်းအနေဖြင့် ချင်းယွမ်ဆောင်နှင့် စီးပွားဖက်လုပ်နေခြင်းမှာ သူတို့ ချင်းယွမ်ဂိုဏ်းအတွက် အကျိုးရှိနေခြင်းဖြစ်ကြောင်း ထန်းမင် သိထားသည်။ လက်ထဲတွင် မူလချီစွမ်းအင် အမြောက်အမြား ရှိနေသဖြင့် စူးချန်ခုန်းသည် မည်သည့်ဂိုဏ်းသို့မဆို သွားရောက်နိုင်ပြီး သူနှင့် လဲလှယ်လိုသော ဂိုဏ်းကြီးများစွာ ရှိနေပေလိမ့်မည်။ အကယ်၍ စူးချန်ခုန်းကို အမှန်တကယ် စိတ်ဆိုးအောင် လုပ်မိ၍ သူက ချင်းယွမ်ဆောင်သို့ မလာတော့ပါက သူတို့အတွက်သာ ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။ ယခုအချိန်အထိ သူတို့သည် စူးချန်ခုန်းနှင့် ဝိညာဉ်ဆေးပင်များ လဲလှယ်ခြင်းဖြင့် မူလချီစွမ်းအင် ရှစ်ခု သို့မဟုတ် ကိုးခုခန့် ရရှိထားပြီး ဖြစ်သည်။ ဤအချက်ကြောင့် အလားအလာရှိသော ဂိုဏ်းသားအချို့မှာ မူလနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။
သုံးရက်ကြာပြီးနောက် စူးချန်ခုန်းသည် ချင်းယွမ်ဆောင်သို့ နောက်တစ်ကြိမ် ရောက်လာခဲ့သည်။
ဤတစ်ကြိမ်တွင် ထန်းမင်သည် သူ့အား အပြုံးအပြည့်ဖြင့် ကြိုဆိုလိုက်ကာ "ညီလေးတာ့၊ ရောင်းတဲ့သူက ညီလေးရဲ့ သတ်မှတ်ချက်ကို သဘောတူလိုက်ပါပြီ။ မူလချီစွမ်းအင် သုံးခုပါ။ ဒါက ညီလေးအလိုရှိတဲ့ ပစ္စည်းပါ။ စစ်ဆေးကြည့်နိုင်ပါတယ်" ဟု ပြောလိုက်သည်။
စားပွဲပေါ်တွင် ကျောက်စိမ်းသေတ္တာတစ်လုံး ရှိနေသည်။ စူးချန်ခုန်းသည် ထိုသေတ္တာကို ဖွင့်လိုက်ရာ အတွင်း၌ ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရများကို စုစည်းထားပုံရပြီး ကျောက်စိမ်းကဲ့သို့ တောက်ပကာ ဝိညာဉ်စွမ်းအင်များ စီးဆင်းနေသည့် ပွင့်ဖတ် ဆယ်လွှာပါသော နှင်းကြာပန်းနှင့် တူသည့် ပန်းတစ်ပွင့်ကို တွေ့လိုက်ရသည်။
၎င်းမှာ အမှန်တကယ်ပင် မိစ္ဆာအသက်ဆေးအတွက် အဓိကဆေးပစ္စည်း ဖြစ်သော နှစ်တစ်ထောင် မြေကမ္ဘာဝိညာဉ်ပန်း ဖြစ်ပေသည်။
ထန်းမင်မှာ စိတ်ထဲမှ နှမြောတသ ဖြစ်နေမိသည်။ အမှန်တော့ ဤနှစ်တစ်ထောင် မြေကမ္ဘာဝိညာဉ်ပန်းကို ဂိုဏ်းငယ်လေးတစ်ခုထံမှ ဝယ်ယူထားခြင်း ဖြစ်သည်။ ထိုဂိုဏ်းငယ်လေးတွင် မူလနယ်ပယ်သိုင်းပညာ တစ်ဦးတည်းသာ ရှိပြီး သူမှာလည်း အိုမင်းနေကာ ဆက်ခံမည့်သူ မရှိသဖြင့် မူလချီစွမ်းအင်ကို အသည်းအသန် လိုအပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ချင်းယွမ်ဂိုဏ်းသည် မူလချီစွမ်းအင် နှစ်ခုတည်းဖြင့်သာ ဤပန်းကို ရရှိခဲ့ခြင်း ဖြစ်သည်။ စူးချန်ခုန်းသည် လဲလှယ်ရန် အလွန် စိတ်အားထက်သန်နေမည်ဟု ထင်မှတ်ထားပြီး အမြတ်အစွန်းများစွာ ရရှိရန် မျှော်လင့်ခဲ့သော်လည်း ထိုမျှော်လင့်ချက်မှာ ပျက်ပြယ်သွားခဲ့သည်။
"သဘောတူတယ်။"
စူးချန်ခုန်း၏ မျက်နှာမှာ အမူအရာမဲ့နေသော်လည်း စိတ်ထဲတွင်မူ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
သူ့ထံတွင် နတ်ဆိုးအမြုတေဆယ်ခုကျော် ရှိနေပြီး ယခုရရှိသော နှစ်တစ်ထောင်မြေကမ္ဘာဝိညာဉ်ပန်းနှင့် အခြားရရှိထားသော ဆေးပစ္စည်းများကို ပေါင်းစပ်လိုက်ပါက သူသည် မိစ္ဆာအသက်ဆေးပြား ဆယ်ကြိမ်ကျော်ခန့် ဖော်စပ်နိုင်သည်။ သူ၏ အဂ္ဂိရတ်ပညာဖြင့် ဆေးပြားအချို့ကို အောင်မြင်စွာ ထုတ်လုပ်နိုင်မည်မှာ အသေအချာပင် ဖြစ်ပေသည်။