← Chapters

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း (၅၃၂) ကမ္ဘာမြေကြီးကွဲအက်ခြင်း၊ မိစ္ဆာသားရဲသွေးဆူခြင်း။ (၃)

“ဟုတ်ကဲ့”

ကျန်ရှိနေသော အကြီးအကဲများက လေးနက်စွာ တုံ့ပြန်လိုက်ကြသည်။

“သတိထား.. သူလာနေပြီ။”

တစ်စုံတစ်ဦးက သတိပေးသည့်အနေဖြင့် အကျယ်ကြီး အော်ပြောလိုက်သည်။

“ဝေါင်း”

အကြေးခွံနက် ပုတ်သင်ညိုကြီး၏ ရူးသွပ်သော ဟိန်းသံကြီး ဟိန်းထွက်လာပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ တောရိုင်းထဲမှ ထွက်ပေါ်လာသော ဘီလူးကြီးတစ်ကောင်အလား တုန်းယွမ်ခွမ်းနှင့် အခြားသူများဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်။ ၎င်းသွားရာလမ်းတစ်လျှောက်ရှိ သစ်ပင်များမှာ ကောက်ရိုးများကဲ့သို့ ကျိုးပြတ်ကုန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်ဖော်နေသည်။

“မိစ္ဆာသားရဲ..သေလိုက်တော့”

တုန်းယွမ်ခွမ်း၏ ဆံပင်နက်များမှာ လေထဲတွင် လွင့်နေပြီး သူကိုယ်တိုင်ပင် အစပျိုးကာ ရန်သူကို ရင်ဆိုင်ရန် ပြေးထွက်လိုက်သည်။ ပြေးနေစဉ်အတွင်း သူ၏ ပတ်ဝန်းကျင်၌ သဘာဝစွမ်းအင်များမှာ သောင်းကျန်းနေတော့သည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ တောက်ပသော အဖြူရောင် ‘ကောင်းကင်သွေးကြော’ ပုံရိပ်ယောင် ဆယ်ခု ပေါ်ထွက်လာပြီး သူ၏ ဦးခေါင်းထက်တွင်မူ အပြာရောင် ‘လူသားပန်းပွင့်’၊ ငွေရောင် ‘မြေကမ္ဘာပန်းပွင့်’ နှင့် ရွှေရောင် ‘ကောင်းကင်ပန်းပွင့်’ ဟူသော ‘ထိပ်သီးပန်းသုံးပွင့်’ အဆင့်၏ အလင်းတန်းများမှာ တောက်ပစွာ လင်းလက်နေသည်။

စူးချန်ခုန်းသည် ဟေးလျန်ယွမ်ထံမှ သိရှိခဲ့ရသည့်အတိုင်း တုန်းယွမ်ခွမ်းမှာ အဆင့်မြင့် သိုင်းပညာဂိုဏ်းတစ်ခုဖြစ်သော အရှေ့ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်နှင့်အညီ ထိပ်သီးပန်းသုံးပွင့် အဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။ ကောင်းကင်သွေးကြော ဆယ်ခုကို ဖွင့်လှစ်ထားနိုင်သူဖြစ်ရာ ဗဟိုပြည်နယ်တစ်ခုလုံးတွင် နာမည်ကျော်ကြားသူတစ်ဦး ဖြစ်ပေသည်။

“ဘုန်း”

တဟုန်ထိုး ပြေးဝင်လာသော အကြေးခွံနက် ပုတ်သင်ညိုကြီးကို ရင်ဆိုင်ရင်း တုန်းယွမ်ခွမ်းက ပြေးနေရင်းပင် လက်သီးဖြင့် ထိုးနှက်လိုက်သည်။ သူ၏လက်သီးမှာ ကြွေကျလာသော ကြယ်တံခွန်တစ်ခုကဲ့သို့ အလွန်တရာ လေးလံလှပြီး အံ့သြဖွယ်ကောင်းလောက်အောင် မြန်ဆန်လှသည်။ လက်သီးနှင့် လေထု ပွတ်တိုက်မှုကြောင့် မိုးကြိုးပစ်သံကဲ့သို့ ဟိန်းသံများ ထွက်ပေါ်လာပြီး ပူပြင်းလှသော အဖြူရောင်မီးခိုးများနှင့် တောက်လောင်နေသော မီးပွားများပါ ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းမှာ ထိတ်လန့်စရာကောင်းလှပြီး သာမန် အသွေးအသား ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော လက်သီးချက်ဟုပင် မယုံကြည်နိုင်စရာ ဖြစ်သည်။

ထိပ်သီးပန်းသုံးပွင့် အဆင့်ရှိသော တိုက်ခိုက်ရေးသမားတစ်ဦးမှာ မြေကမ္ဘာပန်းပွင့် အဆင့်ရှိသူနှင့် မည်သို့မျှ မနှိုင်းယှဉ်နိုင်သည်မှာ အမှန်ပင်။ သူတို့၏ ခန္ဓာကိုယ် ခွန်အားနှင့် သဘာဝစွမ်းအင်ကို အသုံးချနိုင်စွမ်းမှာ မြေကမ္ဘာပန်းပွင့် အဆင့်ထက် များစွာ သာလွန်သည်။

တုန်းယွမ်ခွမ်း၏ ကိုယ်ထည်မှာ ပုတ်သင်ညိုကြီးနှင့်ယှဉ်လျှင် အလွန် သေးငယ်သော်လည်း သူတို့နှစ်ဦးမှာ ကိုက်ပေါင်းများစွာကို ဖြတ်ကျော်ကာ ပြင်းထန်စွာ ထိပ်တိုက် တိုးမိကြတော့သည်။

“ဒုန်း”

နားစည်ကွဲမတတ် ပြင်းထန်သော ထိတွေ့မှုမှာ တောင်ထိပ်နှစ်လုံး အချင်းချင်း တိုက်မိသကဲ့သို့ ပေါက်ကွဲထွက်လာသည်။ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ကြီးမားသော မြေအက်ကြောင်းများမှာ ကြောက်မက်ဖွယ်ကောင်းအောင် ဖြာထွက်သွားသည်။ အနီးနားရှိ သစ်ပင်များမှာလည်း တုန်ခါမှုလှိုင်းများကြောင့် ကိုင်းညွှတ်ကျိုးပြတ်ကုန်ပြီး အမြစ်များပါ ကျွတ်ထွက်ကုန်ကြသည်။

တဟုန်ထိုး ပြေးဝင်လာသော ကြေးခွံနက် ပုတ်သင်ညိုကြီး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ တုန်းယွမ်ခွမ်း၏ ကောင်းကင်သွေးကြောများ ပေါ်ထွက်လာပြီး ဦးခေါင်းထက်တွင် ပန်းသုံးပွင့် တောက်ပနေကာ သူ၏ ဆံပင်နက်များ လေထဲတွင် တလွင့်လွင့် ဖြစ်နေပုံမှာ ‘စစ်နတ်ဘုရား’ တစ်ပါးနှင့်ပင် တူလှသည်။ သူသည် အကြေးခွံနက် ပုတ်သင်ညိုကြီးကို စိုက်ကြည့်လိုက်ရာ နှစ်ဦးသား၏ အကြည့်များတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။

ဤပုတ်သင်ညိုကြီးကို ဖမ်းဆီးရန်အတွက် တုန်းယွမ်ခွမ်းသည် သူ၏ဂိုဏ်းမှ အကြီးအကဲနှစ်ဦး၏ အသက်နှင့် လက်ရွေးစင်တပည့် အယောက်ပေါင်းများစွာကို စတေးခဲ့ရပြီး ဖြစ်သည်။

ပုတ်သင်ညိုကြီး ဘက်မှာမူ ဤလူများသည် သူ၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီး သူ့ကို ဒဏ်ရာရအောင်ပါ လုပ်ဆောင်ခဲ့ကြသဖြင့် သူတို့ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်လိုသော ပြင်းထန်သည့် ဆန္ဒများ ရှိနေသည်။

တုန်းယွမ်ခွမ်းသည် ခုနက ပုတ်သင်ညိုကြီးနှင့် တိုက်ခိုက်သွားပြီး ယခု အမှောင်ထဲမှ ချောင်းကြည့်နေနိုင်သည့် အမည်မသိ ပညာရှင်ကို သတိထားနေရသော်လည်း ဤကဲ့သို့သော မိစ္ဆာသားရဲကို လက်လွှတ်မခံနိုင်ပေ။ ယခုအခါ အပြင်လူများကပါ ဤလျှို့ဝှက်ချက်ကို သိသွားပြီဖြစ်ရာ အချိန်ဆွဲလေ အကျိုးနည်းလေဖြစ်သည်။

“ဒုန်း”

ကြေးခွံနက် ပုတ်သင်ညိုကြီးက ဒေါသတကြီးဖြင့် သူ၏ ဧရာမခြေသည်းကြီးကို ရိုက်ချလိုက်သည်။ ၎င်း၏ သွေးမျိုးဆက်အတွင်းမှ ပါလာသော အခြားသော သတ္တဝါအားလုံးထက် သာလွန်လှသော ခွန်အားများမှာ ပေါက်ကွဲထွက်လာသည်။ ကျရောက်လာမည့် ခြေသည်း၏ ခွန်အားကြောင့်ပင် တုန်းယွမ်ခွမ်း ခြေထောက်အောက်ရှိ မြေပြင်မှာ နိမ့်ဝင်သွားရသည်။

“ဘုန်း”

ဧရာမ ခြေသည်းကြီး မြေပေါ်သို့ ကျရောက်သွားသောအခါ မြေကြီးမှာ မိုးကြိုးပစ်သကဲ့သို့ တုန်ခါသွားပြီး ကျရောက်ရာ နေရာတွင် နက်ရှိုင်းသော ကျင်းကြီး ဖြစ်သွားသည်။ ကျောက်ခဲများ၊ ဖုန်မှုန့်များနှင့် ကျိုးပဲ့နေသော သစ်ပင်သစ်ကိုင်းများမှာ ကောင်းကင်သို့ လွင့်စင်သွားပြီး ဆယ်ကိုက်ကျော် ကျယ်သော ကျင်းကြီးတစ်ခု ထင်ကျန်ရစ်သည်။

သံမဏိခန္ဓာကိုယ် ရှိလျှင်ပင် ထိုခြေသည်းအောက်၌ အက်ကွဲ ပျက်စီးသွားပေလိမ့်မည်။

သို့သော် တုန်းယွမ်ခွမ်းမှာ ခြေသည်း မကျရောက်မီလေးတင် အပေါ်သို့ ခုန်တက်လိုက်ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ လေထဲတွင် ခဏမျှ တွဲလွဲခိုနေသကဲ့သို့ ရှိနေစဉ် သူ၏ ခါးမှ ရွှေရောင်ရင့်ရောင် ဓားရှည်ကြီးကို ဆွဲထုတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ကိုင်ကာ အောက်သို့ ပြင်းပြင်းထန်ထန် ခုတ်ချလိုက်သည်။

“ချွမ်း”

ဓားခွန်အားများ ပါဝင်သော သုံးလက်မခန့် ထူသော ‘ဓားစွမ်းအင်’ မှာ ပုတ်သင်ညိုကြီး၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားပြီး သတ္တုချင်း ထိခိုက်သည့် ဆူညံသံကြီး ထွက်ပေါ်လာသည်။ သို့သော် ထူထဲသော အကြေးခွံများပေါ်တွင် အက်ကြောင်း သဲ့သဲ့သာ ထင်ကျန်ရစ်ပြီး သွေးတစ်စက်မျှ ထွက်မလာပေ။

သို့ရာတွင် ပြင်းထန်သော တုန်ခါမှု လှိုင်းတံပိုးကြောင့် အကြေးခွံနက် ပုတ်သင်ညိုကြီးမှာ ခေါင်းမူးသွားပြီး နာကျင်မှုကို ခံစားလိုက်ရသည်။

“အားလုံး၊ အတူတူ တိုက်ကြ”

အခြားတစ်ဖက်တွင်လည်း ကျန်ရှိနေသော မူလနယ်ပယ် သိုင်းပညာရှင်အကြီးအကဲများမှာလည်း ငြိမ်မနေကြပေ။ သူတို့လည်း တိုက်ပွဲအတွင်း ပါဝင်လာပြီး ပုတ်သင်ညိုကြီးကို ဝိုင်းရံ တိုက်ခိုက်ကြတော့သည်။ ထိပ်သီးပန်းသုံးပွင့် အဆင့်ရှိ သိုင်းပညာရှင် တုန်းယွမ်ခွမ်းက ရှေ့ဆုံးမှ ဦးဆောင်နေသဖြင့် သူတို့မှာ ဘေးမှနေ၍ အာရုံလွှဲခြင်းနှင့် တိုက်ခိုက်ခြင်းများကို ပြုလုပ်ကာ တုန်းယွမ်ခွမ်း၏ ဖိအားများကို လျှော့ချပေးနေကြသည်။

အကြီးအကဲ သုံးဦးမှာမူ တိုက်ပွဲအတွင်း ပါဝင်ခြင်း မရှိသေးပေ။ သူတို့မှာ ဝတ်ရုံနက်နှင့် အကြီးအကဲမြောင်နှင့် ကင်းစောင့်နေသော အခြား သိုင်းပညာရှင် နှစ်ဦးတို့ ဖြစ်သည်။ သူတို့သည် ခုနက ပုတ်သင်ညိုကြီးကို တိုက်ခိုက်အောင် လုပ်သွားခဲ့ပြီး အခွင့်ကောင်းယူ တိုက်ခိုက်လာနိုင်သည့် သိုင်းပညာရှင်ကို အထူးသတိထားကာ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြသည်။

“ဒါ... ဒါ ဟိုမိစ္ဆာကြီးပဲ၊ ဂိုဏ်းချုပ်နဲ့ တခြားလူတွေ တိုက်နေကြပြီ။”

“ဒီယုတ်မာတဲ့ သတ္တဝါက ငါတို့ ညီအစ်ကိုတွေကို အများကြီး သတ်ခဲ့တာ။ သူ့ကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်ရမယ်။”

ကျန်ရှိနေသော အရှေ့ကြယ်ဂိုဏ်းသားများမှာလည်း တဖြည်းဖြည်း စုဝေးလာကြပြီး အဝေးမှနေ၍ တိုက်ပွဲကို ဒေါသတကြီး ကြည့်နေကြသည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်း သူတို့ထဲက အနည်းဆုံး လူ အယောက် သုံးဆယ်ခန့်မှာ ဤမိစ္ဆာသားရဲ၏ ပါးစပ်အတွင်း သက်ဆင်းခဲ့ရသည်။ ယခုတစ်ကြိမ်တွင် တုန်းယွမ်ခွမ်းနှင့် အဖွဲ့က ထိုသားရဲကို သတ်နိုင်ရန်သာ သူတို့ ဆုတောင်းနေကြသည်။ သို့မဟုတ်ပါက သူတို့ထဲမှ လူများမှာ ထပ်မံ၍ သားရဲ၏ အစာ ဖြစ်သွားကြပေလိမ့်မည်။

“ဘုန်း ဘုန်း ဘုန်း”

တိုက်ပွဲအတွင်း၌ တုန်းယွမ်ခွမ်း ဦးဆောင်သော မူလနယ်ပယ် သိုင်းပညာရှင် ဆယ်ဦးခန့်မှာ အကြေးခွံနက် ပုတ်သင်ညိုကြီးနှင့် အပြန်အလှန် တိုက်ခိုက်နေကြသည်။

ကြေးခွံနက် ပုတ်သင်ညိုကြီးမှာ ဓားများ၊ လှံများဖြင့် ထိုး၍မရလောက်အောင် မာကျောလှပြီး နတ်ဘုရားလက်နက်များပင်လျှင် ၎င်း၏ အကြေးခွံကို ဖြတ်ရန် ရုန်းကန်နေရသည်။ သို့သော် ဤအရှေ့ကြယ်ဂိုဏ်းသားများမှာလည်း မူလနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြပြီး အထူးသဖြင့် တုန်းယွမ်ခွမ်းမှာ ဓားသိုင်းတွင် ကျွမ်းကျင်သူ ဖြစ်သည်။ သူသည် ‘ဓားဝိညာဉ်နယ်ပယ်’ ကို နားမလည်သေးသော်လည်း သူ၏ ‘ဓားစွမ်းအင်’ နှင့် ‘ဓားစွမ်းအား’ မှာ အလွန်တရာ အစွမ်းထက်လှသည်။

ဓားဖြင့် ခုတ်လိုက်တိုင်း ပုတ်သင်ညိုကြီးမှာ ခေါင်းမူးသွားပြီး ဦးခေါင်းတစ်ခုလုံး ကွဲအက်တော့မတတ် နာကျင်မှုကို ခံစားနေရသည်။

အခြားသော မူလနယ်ပယ် သိုင်းပညာရှင်များကလည်း သူတို့၏ စွမ်းအားအားလုံးကို အသုံးချကာ တိုက်ခိုက်နေကြရာ သဘာဝစွမ်းအင်များမှာ ဒီရေတက်သကဲ့သို့ သောင်းကျန်းနေတော့သည်။ နှစ်ဖက် တိုက်ခိုက်နေမှုကြောင့် မြေပြင်မှာ တုန်ခါနေပြီး ကိုက်နှစ်ရာအတွင်းရှိ သစ်ပင်များနှင့် ကျောက်တုံးများအားလုံး ပျက်စီးကုန်သည်။

မူလနယ်ပယ်သို့ မရောက်သေးသော ချီသွေးနယ်ပယ် သိုင်းပညာရှင်များမှာမူ ဝင်ရောက်ကူညီနိုင်စွမ်း မရှိဘဲ အဝေးမှသာ ကြည့်နေနိုင်ကြသည်။

ကြေးခွံနက် ပုတ်သင်ညိုကြီးမှာ ဒေါသတကြီး ဆက်တိုက် ဟိန်းဟောက်နေသော်လည်း ၎င်း၏ ခွန်အားမှာ သားရဲခန္ဓာကိုယ်၏ ကြံ့ခိုင်မှုအပေါ်တွင်သာ အခြေခံနေသည်။ ၎င်း၏ တိုက်ခိုက်မှုများမှာ တောရိုင်းတိရစ္ဆာန် တစ်ကောင်ကဲ့သို့ တိုက်ရိုက်ကျလှပြီး ပါးနပ်မှုနှင့် ပြုပြင်ပြောင်းလဲနိုင်စွမ်း နည်းပါးသဖြင့် ပတ်ဝန်းကျင်မှ လျင်မြန်သော မူလနယ်ပယ် သိုင်းပညာရှင်များကို ဖမ်းဆီးရန် ခက်ခဲနေသည်။

တိုက်ပွဲ ကြာလာသည်နှင့်အမျှ ၎င်းမှာ လျင်မြန်စွာ မောပန်းလာပြီး ဒေါသများ လျော့ကာ နောက်ဆုတ်လိုသော ဆန္ဒများ ပေါ်လာသည်။ ဤပိုးမွှားကဲ့သို့သော လူသားများကို အသက်နှင့်ရင်း၍ တိုက်ခိုက်ရန် မလိုအပ်ဟု ယူဆလိုက်ပုံရသည်။

ပတ်ဝန်းကျင် လေထု၏ အပူချိန်မှာ ရုတ်တရက် မြင့်တက်လာသည်။

“သတိထားကြ”

ယခင်က ပုတ်သင်ညိုကြီးနှင့် တိုက်ခိုက်ဖူးသော အတွေ့အကြုံအရ တုန်းယွမ်ခွမ်းနှင့် အဖွဲ့မှာ သားရဲကြီးသည် သူ၏ အပြတ်ရှင်းမည့် အကွက်ကို ထုတ်တော့မည်ဖြစ်ကြောင်း သိသဖြင့် အော်ဟစ် သတိပေးလိုက်ကြသည်။ ယခင်က အတွေ့အကြုံ မရှိမှုကြောင့် သူတို့ဘက်မှ မူလနယ်ပယ် သိုင်းပညာရှင် နှစ်ဦး ဆုံးရှုံးခဲ့ရဖူးသည်။

“ဝီ ဝီ ဝီ”

ကြေးခွံနက် ပုတ်သင်ညိုကြီး၏ သွေးများမှာ ဆူပွက်လာပြီး ပတ်ဝန်းကျင် အပူချိန်မှာ အလျင်အမြန် မြင့်တက်လာသည်။ ၎င်း၏ ပုံမှန် အနက်ရောင် ရှိသော အကြေးခွံများမှာ အနည်းငယ် တုန်ခါလာပြီး ပူပြင်းလှသော သံနီရောင်သို့ ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်မှာ ရွှေနှင့် သံကိုပင် အရည်ပျော်စေနိုင်ပြီး လေထုကိုပင် ပုံပျက်သွားစေကာ ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုကဲ့သို့ ရှိနေတော့သည်။

အခန်း (၅၃၃) မိုးကြိုးမုန်တိုင်းနှင့် သွေးစွန်းသောလ။ (၁)

“ရှောင်ကြ”

တုန်းယွမ်ခွမ်းနှင့် သူ၏အဖော်များမှာ အသင့်ပြင်ဆင်ထားကြပြီး အထူးသတိထားကာ ခုခံရန် အာရုံစိုက်လိုက်ကြသည်။

“ဘုန်း”

ကြေးခွံနက် ပုတ်သင်ညိုကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ နီရဲသောအရောင်သို့ ပြောင်းလဲသွားချိန်တွင် ၎င်းသည် ဟောင်းလောင်းပွင့်နေသော ပါးစပ်ကြီးကို ဟလိုက်ရာ အချင်း တစ်မီတာခန့်ရှိသော နီရဲသည့် မီးလုံးကြီးတစ်ခု စုစည်းပေါ်ထွက်လာသည်။ မီးလုံး၏ မျက်နှာပြင်မှာ စီးဆင်းနေသော ချော်ရည်ခဲများကဲ့သို့ ရှိနေပြီး အတွင်း၌ အပူရှိန်ကို ထိန်းထားသော်လည်း ရွှေနှင့် သံကို အရည်ပျော်စေနိုင်လောက်အောင် ပူပြင်းကြောင်း သာမန်မျက်စိဖြင့်ပင် မြင်နိုင်ပေသည်။

ထိုနီရဲသော မီးလုံးကြီးမှာ အကြေးခွံနက် ပုတ်သင်ညိုကြီးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ပေးနေသည့် ရန်သူ တုန်းယွမ်ခွမ်း ဆီသို့ တိုက်ရိုက် ဦးတည်နေတော့သည်။

“ဖူး”

တုန်းယွမ်ခွမ်းမှာ အသင့်ပြင်ထားပြီး ဖြစ်ရာ သူ၏ ကိုယ်ဖော့ပညာကို အစွမ်းကုန် အသုံးချလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ပုံရိပ်ယောင်များ ချန်ရစ်ကာ ဘေးသို့ ရှောင်တိမ်းလိုက်စဉ် ဧရာမ မီးလုံးကြီးမှာ အဝေးရှိ ကွင်းပြင်တစ်ခုသို့ ကျရောက်သွားသည်။

“ဘုန်း”

အတားအဆီးတစ်ခုနှင့် ထိမိသည်နှင့် မီးလုံးမှာ ပေါက်ကွဲသွားပြီး နီရဲသော မီးလျှံများမှာ ပင်လယ်လှိုင်းတံပိုးများကဲ့သို့ လွင့်စင်လာကာ ပြင်းထန်သော မီးတောက်များမှာ အရပ်မျက်နှာအနှံ့သို့ ဝါးမြိုတိုက်ခိုက်တော့သည်။ သစ်ပင်များမှာ တစ်ပင်ပြီးတစ်ပင် ချက်ချင်း မီးစွဲလောင်သွားပြီး မီးပင်လယ်အတွင်း၌ ခဏချင်းပင် မီးသွေးခဲများ ဖြစ်သွားကြသည်။

လွင့်စင်လာသော မီးပွားများမှာ မြေပေါ်သို့ ကျရောက်ကာ မြေကြီးကို အက်ကွဲစေပြီး ကျင်းကြီးများ ဖြစ်သွားသည်အထိ လောင်ကျွမ်းစေသည်။ ပူပြင်းလှသော လေပူလှိုင်းများကို ပတ်ဝန်းကျင် တစ်မိုင်၊ နှစ်မိုင်ခန့်အထိ ခံစားရနိုင်ပေသည်။

“ဒါ... ဒါ ဘာကြီးလဲ။”

အဝေးမှ ကြည့်နေကြသော အရှေ့ကြယ်ဂိုဏ်းသား အများအပြားမှာ အာခေါင်များ ခြောက်သွေ့ကာ ဂနာမငြိမ် ဖြစ်လာကြသည်။ သူတို့၏ အမြင်တွင် မီးလျှံထုကြီးမှာ ပေါက်ကွဲထွက်လာပြီး ကိုက်တစ်ရာခန့်အတွင်းရှိ အရာအားလုံးကို ပြာဖြစ်အောင် လောင်ကျွမ်းပစ်လိုက်ခြင်း ဖြစ်သည်။

မူလနယ်ပယ် သိုင်းပညာရှင် တစ်ဦးပင်လျှင် ထိုမီးလုံး တိုက်ရိုက်ထိမှန်ပါက ထိုနေရာမှာတင် ပြာအဖြစ်သို့ ပြောင်းသွားပေလိမ့်မည်။

၎င်းမှာ ကြေးခွံနက် ပုတ်သင်ညိုကြီး၏ အသက်လု ထုတ်ဖော်လိုက်သော အကွက်ဖြစ်ပြီး သူ၏ သွေးမျိုးဆက်အတွင်းမှ စွမ်းအားများကို အသုံးပြုကာ သတ္တုကို လောင်ကျွမ်းစေပြီး သံကို အရည်ပျော်စေနိုင်သည့် ပြင်းထန်သော မီးလျှံများကို မှုတ်ထုတ်လိုက်ခြင်း ဖြစ်သည်။

“ဘုန်း ဘုန်း”

ပုတ်သင်ညိုကြီး၏ မျက်လုံးများအတွင်း၌ မီးလျှံများ တောက်လောင်လာပြီး စုစည်းထားသော ဧရာမ မီးလုံးများကို တစ်လုံးပြီးတစ်လုံး ဆက်တိုက် မှုတ်ထုတ်ကာ မူလနယ်ပယ် သိုင်းပညာရှင်အဖွဲ့ကို ဗုံးကြဲသကဲ့သို့ တိုက်ခိုက်တော့သည်။

“ဖယ်ကြ ရှောင်ကြ”

မူလနယ်ပယ် သိုင်းပညာရှင်များမှာ အသင့်ပြင်ထားသော်လည်း ကြောက်လန့်တကြား အော်ဟစ်ရင်း ထိုကြောက်မက်ဖွယ် မီးလျှံများကို အလုအယက် ရှောင်တိမ်းနေကြရသည်။ သူတို့၏ အဖော်နှစ်ဦးမှာ ထိုမီးပင်လယ်အတွင်း ဘာမျှမကျန်ဘဲ ပျောက်ကွယ်သွားသည်ကို မြင်တွေ့ခဲ့ရပြီးနောက် မည်သူမျှ တိုက်ရိုက် မရင်ဆိုင်ရဲကြတော့ပေ။

“ဘုန်း ဘုန်း ဘုန်း”

ငွေလမင်းတောင် တစ်ခုလုံးမှာ ပြင်းထန်သော ပေါက်ကွဲသံကြီးများနှင့်အတူ တုန်ခါနေတော့သည်။ ဆူပွက်နေသော မီးလျှံများမှာ မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာပြီး သစ်ပင်တိုင်းကို ပြာဖြစ်စေကာ ညကောင်းကင်ယံကို မီးနီရောင်များဖြင့် ဖုံးလွှမ်းသွားစေသည်။

ဤကပ်ဘေးသဖွယ် မြင်ကွင်းကို ကြည့်ရင်း အရှေ့ကြယ်ဂိုဏ်းသား အများအပြားမှာ ခေါင်းမူးကာ အားငယ်သွားကြသည်။ ဤမိစ္ဆာသားရဲ၏ ရက်စက်ကြမ်းကြုတ်မှုမှာ မူလနယ်ပယ် သိုင်းပညာရှင် ကိုးဆယ့်ကိုးရာခိုင်နှုန်းထက် သာလွန်နေပေသည်။ ထိပ်သီးပန်းသုံးပွင့်အဆင့်ရှိသော တုန်းယွမ်ခွမ်း ကဲ့သို့ ပညာရှင်ပင်လျှင် ၎င်း၏ ပြင်းထန်လှသော အစွမ်းကို တိုက်ရိုက်မရင်ဆိုင်ဘဲ ရှောင်တိမ်းနေရသည်။

ပုတ်သင်ညိုကြီး၏ ပတ်ဝန်းကျင်တွင် မီးလျှံများ ကျန်ရှိနေသော်လည်း ၎င်း၏ မျက်လုံးများတွင်မူ မောပန်းနွမ်းနယ်မှု အရိပ်အယောင်များ ပေါ်လာသည်။ ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုမျိုးမှာ သူ့အတွက်လည်း အတော်လေး ဝန်ပိစေသည်။

မီးလျှံများဖြင့် လူအားလုံးကို နောက်ဆုတ်သွားအောင် လုပ်ပြီးနောက် အကြေးခွံနက် ပုတ်သင်ညိုကြီးမှာ မဆိုင်းမတွပင် လှည့်၍ ထွက်ပြေးတော့သည်။ ၎င်း၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပွင့်လင်းမြင်သာလာပြီး လေထုအတွင်း ပျောက်ကွယ်သွားရန် ကြိုးပမ်းသည်။

ဤပုတ်သင်ညိုကြီးမှာ ကိုယ်ပျောက်နိုင်စွမ်းရှိသော ပင်ကိုစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ထိုအကောင်ကြီးသာ သူ၏ အသက်ရှူသံနှင့် ပုံရိပ်ကို ဖုံးကွယ်ထားလိုက်ပါက ကျယ်ပြောလှသော ငွေလမင်းတောင်အတွင်း၌ မည်သူမျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။

“အကြီးအကဲမြောင်”

ပုတ်သင်ညိုကြီး ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ တုန်းယွမ်ခွမ်းက အကျယ်ကြီး အော်လိုက်သည်။

“ထွက်ပြေးဖို့ ကြံနေတာလား။”

အဝေးမှနေ၍ ဝတ်ရုံနက်နှင့် အကြီးအကဲမြောင်တို့က အေးစက်စွာ ပြုံးလိုက်သည်။ သူသည် အနက်ရောင် ပုလွေတစ်လက်ကို ထုတ်ကာ နှုတ်ခမ်းတွင် တေ့ပြီး စတင် မှုတ်လိုက်တော့သည်။

“ဝူး... ဝူး... ဝူး”

ချီစွမ်းအားဖြင့် တွန်းပို့ထားသော စူးရှသည့် ပုလွေသံမှာ လေထဲတွင် ပျံ့လွင့်သွားသည်။ ထိုဆူညံလှသော အသံကို ကြားရသူများမှာ ခေါင်းမူးကာ ပျို့အန်ချင်စိတ်များ ပေါ်လာကြသည်။

“အား...”

အခြားသူများမှာ အနည်းငယ်မျှသာ ထိခိုက်သော်လည်း လေထဲတွင် ပျောက်ကွယ်ရန် ကြိုးစားနေသော ပုတ်သင်ညိုကြီးမှာမူ ထိုအသံကို ကြားရသည်နှင့် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာမှ ပြင်းထန်သော နာကျင်မှုများ ခံစားလာရခြင်း ဖြစ်သည်။

“ဂျောက် ဂျောက် ဂျောက်”

အသားများကို အကိုက်ခံနေရကာ အရိုးများကို အရည်ပျော်အောင် လုပ်နေသည်။ သူ၏ အရိုးများကို တစ်စုံတစ်ဦးက ဝါးစားနေသည့် အသံကိုပင် သူ ကြားနေရသည်။

ပုတ်သင်ညိုကြီးမှာ နာကျင်စွာဖြင့် မြေပေါ်တွင် လူးလိမ့်နေပြီး သူ၏ ဧရာမ ကိုယ်ထည်ကြီးကြောင့် မြေကြီးမှာ နိမ့်ဝင်သွားကာ ကျောက်ဆောင်များပင် ပြားချပ်ကုန်တော့သည်။

“အကြီးအကဲမြောင်ရဲ့ ‘အရိုးစားပိုးကောင်’ တွေ အစွမ်းပြနေပြီ။”

ကျန်မူလနယ်ပယ် သိုင်းပညာရှင်များမှာ သက်ပြင်းချလိုက်နိုင်ကြပြီး မျက်နှာပေါ်တွင် ပြုံးရိပ်များ ပေါ်လာကြသည်။

သူတို့အနေဖြင့် ပုတ်သင်ညိုကြီး ထွက်ပြေးသည်ကို တားဆီးရန် ခက်ခဲလိမ့်မည် ဖြစ်သော်လည်း ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ကြသည်။ အဆိပ်ပညာတွင် ကျွမ်းကျင်သော အကြီးအကဲမြောင်ကို အသုံးချကာ တပည့်များ၏ ခန္ဓာကိုယ်အတွင်း အဆိပ်ပိုးကောင်များကို ထည့်သွင်းထားခဲ့သည်။ ထို့နောက် သူတို့ကို ငါးစာအဖြစ် အသုံးချကာ ပုတ်သင်ညိုကြီး၏ စားသုံးခြင်းကို ခံစေပြီး သားရဲကြီး၏ ဗိုက်ထဲသို့ အဆိပ်ပိုးကောင် ပေါင်းများစွာကို ရောက်အောင် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပုလွေသံဖြင့် နှိုးဆွလိုက်သည်နှင့် ထို ‘အရိုးစားပိုးကောင်’ များမှာ အတွင်းပိုင်းမှနေ၍ အရိုး၊ အသားနှင့် ကိုယ်တွင်းအင်္ဂါများကို စတင် ဝါးစားကြတော့သည်။ အကြေးခွံနက် ပုတ်သင်ညိုကြီးမှာ အပြင်ဘက်တွင် မည်မျှပင် မာကျောသော အကြေးခွံများ ရှိနေပါစေ အတွင်းပိုင်းမှ တိုက်ခိုက်မှုမှာမူ အလွန် ထိရောက်လှပေသည်။

“သတ်ကြ”

တုန်းယွမ်ခွမ်းက ရက်စက်မှုနှင့် လောဘတို့ ရောယှက်နေသော မျက်နှာဖြင့် အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ အထင်းသား။

ဤမိစ္ဆာသားရဲကို ဖမ်းရန်အတွက် အရှေ့ကြယ်ဂိုဏ်းမှာ သူတို့၏ လက်ရွေးစင်များကို စေလွှတ်ခဲ့ရုံသာမက အထိအခိုက် အကျအဆုံးလည်း များပြားခဲ့သည်။ သို့သော် ဤအားထုတ်မှုများမှာ တန်ဖိုးရှိလှသည်။ ရွှေနှင့်ပင် မလဲနိုင်သော မိစ္ဆာသားရဲကို ဖမ်းမိခြင်းမှာ သူ၏ ဘဝအတွက် အမြင့်ဆုံးသို့ တက်လှမ်းရန် အခွင့်အရေးကောင်းပင် ဖြစ်သည်။

တုန်းယွမ်ခွမ်းနှင့် အခြား မူလနယ်ပယ် သိုင်းပညာရှင်များမှာ ရှေ့သို့ တိုးသွားကြပြီး နာကျင်စွာ လူးလိမ့်နေသော ပုတ်သင်ညိုကြီးကို ဝိုင်းရံ တိုက်ခိုက်ကြတော့သည်။

ပုတ်သင်ညိုကြီးမှာ မူလနယ်ပယ် သိုင်းပညာရှင် ဆယ်ဦးခန့်၏ တိုက်ခိုက်မှုကိုပင် မနည်းရင်ဆိုင်နေရချိန်တွင် ယခုအခါ အတွင်းပိုင်းမှ အသားနှင့် အရိုးကို စားနေသော အဆိပ်ပိုးကောင်များကြောင့် ပို၍ အခြေအနေ ဆိုးလာသည်။ ၎င်းသည် ပြန်လည် တိုက်ခိုက်နေသော်လည်း အင်အားများ လျော့နည်းလာတာ သိသာသည်။

“ငါတို့ နိုင်ပြီ... ဒီယုတ်မာတဲ့ မိစ္ဆာကြီး နောက်ဆုံးတော့ သေရတော့မယ်။”

အရှေ့ကြယ်ဂိုဏ်းသား အများအပြားမှာ ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချလိုက်ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲမှာ အားကုန်နေပြီဖြစ်ရာ မကြာမီ သူတို့ဂိုဏ်း၏ လက်ချက်ဖြင့် ဇာတ်သိမ်းရတော့မည်မှာ အားလုံးအတွက် ထင်ရှားနေပေသည်။

အခန်း (၅၃၄) မိုးကြိုးမုန်တိုင်းနှင့် သွေးစွန်းသောလ။ (၂)

“သတိထားကြ”

သို့သော် ထိုခဏ၌ပင် ကင်းစောင့်နေသော မူလနယ်ပယ် သိုင်းပညာရှင် နှစ်ဦး၏ မျက်ဆန်များ ကျုံ့သွားပြီး တစ်ပြိုင်နက်တည်း ဟိန်းဟောက် သတိပေးလိုက်ကြသည်။

ပုလွေမှုတ်၍ အဆိပ်ပိုးများကို အမိန့်ပေးနေသော အကြီးအကဲမြောင်၏ မျက်နှာတွင် ထိတ်လန့်မှုနှင့် ဒေါသရိပ်များ ယှက်ပြေးသွားလေ၏။ သူ၏ ‘ကောင်းကင်သွေးကြော’ ငါးခုကို ထုတ်ဖော်ကာ ‘လူသားပန်းပွင့်’ နှင့် ‘မြေကမ္ဘာပန်းပွင့်’ တို့ ပေါင်းစည်းထားမှုကို အသုံးပြုလျက် အခြားအရာအားလုံးကို ပစ်ချကာ အဝေးသို့ အလျင်အမြန် ထွက်ပြေးတော့သည်။ မြေကမ္ဘာပန်းပွင့် အဆင့်ရှိသူတစ်ဦးအနေဖြင့် သူသည် ပုန်းအောင်းရှောင်တိမ်းလိုစိတ် ပေါက်ဖွားစေလောက်သည့် အလွန်တရာ အန္တရာယ်ကြီးမားသော အငွေ့အသက်ကို ခံစားလိုက်ရခြင်း ဖြစ်သည်။

“ဂျိန်း”

နှစ်မိုင်ခန့် အကွာအဝေးမှနေ၍ စူးရှသော မိုးကြိုးသံကြီး တစ်ချက် ထွက်ပေါ်လာပြီး မြားတစ်စင်းသည် အသံထက်ပင် ပို၍မြန်သော အရှိန်ဖြင့် ပျံသန်းလာသည်။ ထိုအသံမှာ လူတိုင်း၏ နားထဲသို့ မရောက်မီမှာပင် မြားသည် ပျံသန်းနေစဉ်အတွင်း သဘာဝစွမ်းအင်များကို လျင်မြန်စွာ စုပ်ယူလိုက်ပြီး သက်တံရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် လေထဲတွင် မြားသုံးစင်းအဖြစ် ကွဲထွက်သွားကာ လေပြင်းမြားနှင့် မိုးကြိုးမြားများအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုမြားသုံးစင်းမှာ ဘေးချင်းယှဉ်လျက် တစ်စင်းနှင့်တစ်စင်း ပို၍ထက်မြက်အောင် အားဖြည့်ပေးရင်း အာရုံကြောများ၏ တုံ့ပြန်မှု အကန့်အသတ်ကို ကျော်လွန်သော အရှိန်ဖြင့် ပြေးဝင်လာသည်။

၎င်းတို့၏ ပစ်မှတ်မှာ အခြားသူမဟုတ်၊ အကြီးအကဲမြောင်ပင် ဖြစ်သည်။

“မဖြစ်ဘူး။”

အကြီးအကဲမြောင်က ဒေါသတကြီးဖြင့် ဟောက်သံတစ်ခု ထုတ်ဖော်လိုက်သည်။ သူသည် ကြိုတင်၍ ရှောင်တိမ်းနေခဲ့သော်လည်း မြားသုံးစင်းမှာ သူ၏ အရှိန်အဝါကို အာရုံခံကာ ကွေ့ဝိုက်လျက် သူ၏နောက်သို့ တောက်လျှောက် လိုက်ပါလာသည်။ အကြီးအကဲမြောင်သည် သူ၏ ချီစွမ်းအင်ကို အစွမ်းကုန် စုစည်းကာ သဘာဝစွမ်းအင်များကို ဆွဲယူလျက် လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ပြီး ဒီရေလှိုင်းကဲ့သို့ ပြင်းထန်သော အားဖြင့် ထိုတိုက်ခိုက်မှုကို ဟန့်တားရန် ကြိုးပမ်းသည်။

သို့သော် ဤသည်မှာ စိတ်ကူးမျှသာ ဖြစ်သည်။ ကောင်းကင်သွေးကြော ငါးခုသာ ပွင့်သေးသော သူသည် မြေကမ္ဘာပန်းပွင့် အဆင့်သို့ ဝင်ရောက်စသာ ရှိသေးသည်။ သူ၏ ကြီးရင့်လာသော အသက်အရွယ်နှင့် ဆုတ်ယုတ်လာသော ခွန်အား၊ ထို့ပြင် အဆိပ်အတတ်တွင်သာ အထူးပြုသူ ဖြစ်ခြင်းတို့ကြောင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အရင်က ‘မုယန်ဝမ်’ ထက်ပင် နိမ့်လှသည်။ သူသည် စူးချန်ခုန်း၏ အချိန်အတော်ကြာ ပြင်ဆင်ထားသော ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သည့် မြားချက်ကို မည်သို့လျှင် တားဆီးနိုင်ပါမည်နည်း။

“ဘုန်း”

မြားသုံးစင်းမှာ သူ၏ ခုခံမှုကို ခဏချင်းပင် ထိုးဖောက်သွားပြီး သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။ နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ အကြီးအကဲမြောင်၏ ခန္ဓာကိုယ်မှာ လေပြင်းနှင့် လျှပ်စီးများ၏ ဒဏ်ကြောင့် ပေါက်ကွဲထွက်သွားပြီး အသားစများမှာ မီးလောင်ကျွမ်းလျက် တစ်စစီ မြေပေါ်သို့ လွင့်စင်ကျကုန်တော့သည်။

“အကြီးအကဲမြောင်... သေသွားပြီလား။”

ကင်းစောင့်နေသော ကျန်မူလနယ်ပယ် သိုင်းပညာရှင်နှစ်ဦးမှာ တုန်လှုပ်ချောက်ချားစွာဖြင့် တစ်စစီဖြစ်နေသော အလောင်းကို ကြည့်ရင်း သူတို့၏ မျက်လုံးများတွင် ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

အမှောင်ထဲတွင် တစ်စုံတစ်ဦး ချောင်းမြောင်းနေသည်ကို သူတို့ ကြိုတင်သိထားသဖြင့် မူလနယ်ပယ် သိုင်းပညာရှင်များကို ကင်းစောင့်ရန် အထူးစီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရန်သူ တိုက်ခိုက်လာပါက သူတို့ နှစ်ဦး ပေါင်း၍ ခဏမျှ ခုခံနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သို့သော် မမျှော်လင့်ထားသည်မှာ အမှောင်ထဲတွင် ပုန်းကွယ်နေသူမှာ အဝေးပစ် လေးအတတ်တွင် ကျွမ်းကျင်သော ပညာရှင် ဖြစ်နေခြင်းပင်။

၎င်းသည် လူကိုယ်တိုင် ပေါ်မလာဘဲ နှစ်မိုင်ခန့် အကွာအဝေးမှနေ၍ ၎င်းတို့ကို တိုက်ရိုက် ပစ်သတ်လိုက်ခြင်း ဖြစ်သည်။

ထိုလေးအတတ်၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ ဒဏ္ဍာရီထဲမှအတိုင်း မြားတစ်စင်းမှ သုံးစင်း ကွဲထွက်သွားပြီး လေနှင့် မိုးကြိုးတို့၏ စွမ်းအားကို ဆောင်ကျဉ်းထားရာ သာမန် မူလနယ်ပယ် သိုင်းပညာရှင် များ တားဆီးနိုင်သည့် အရာမဟုတ်ပေ။

ကောင်းကင်သွေးကြော ငါးခု ပွင့်ထားသော မြေကမ္ဘာပန်းပွင့် အဆင့်ရှိ အကြီးအကဲမြောင်ပင်လျှင် မြားတစ်စင်းတည်းဖြင့် ခဏချင်း အသားစများ လွင့်စင်သွားရသည်။ အကယ်၍ တုန်းယွမ်ခွမ်း အပါအဝင် အရှေ့ကြယ်ဂိုဏ်းသားများသာ ထိုလေးသမားမှာ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းရှိကြောင်း သိခဲ့ပါက သူတို့အနေဖြင့် ဤသို့ တိုက်ခိုက်မည့်အစား မိစ္ဆာသားရဲကိုသာ အလွတ်ပေးလိုက်ကြမည် ဖြစ်သည်။

သူတို့က စူးချန်ခုန်း၏ စွမ်းဆောင်ရည်ကို မသိရှိကြဘဲ ပြင်ပလူများ ဝင်လာပါက မိစ္ဆာသားရဲကို မရရှိတော့ဘဲ သတင်းများ ပျံ့နှံ့သွားမည်ကိုသာ စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ မူလဓာတ်ငါးပါး သိုင်းပညာရှင်ကြီးတစ်ဦးထံ သတင်းပေါက်သွားပါက ကြေးခွံနက် ပုတ်သင်ညိုကြီးကို သူတို့တစ်ဦးတည်း သိမ်းပိုက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။

“ယုတ်မာလိုက်တဲ့ ကောင်”

တုန်းယွမ်ခွမ်းမှာ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲမတတ် ဖြစ်နေပြီး အကျယ်ကြီး အော်ဟစ်လိုက်သည်။ တစ်ဖက်တွင်လည်း ထိုအမည်မသိ သိုင်းပညာရှင်၏ ကြောက်မက်ဖွယ်ကောင်းမှုကြောင့် ထိတ်လန့်နေမိသည်။ မြားတစ်စင်းတည်းဖြင့် အကြီးအကဲမြောင်ကို သတ်နိုင်သည်ဆိုလျှင် ကြောက်စရာကောင်းသော လေးအတတ်ပင်ဖြစ်သည်။

“သတိထားကြ”

ထို့ပြင် မူလနယ်ပယ် သိုင်းပညာရှင် တစ်ဦးက အကျယ်ကြီး အော်လိုက်သည်။ အကြီးအကဲမြောင် သေဆုံးသွားသည်နှင့် သူ၏ ပုလွေသံဖြင့် ထိန်းချုပ်ထားသော အဆိပ်ပိုးများမှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားလေ၏။ ဤသည်မှာ ယခင်က နာကျင်စွာ ခံစားနေရသော အကြေးခွံနက် ပုတ်သင်ညိုကြီးကို အားပြန်ပြည့်လာစေပြီး ပို၍ပင် ရူးသွပ်လာစေသည်။ ထို့ပြင် အကြီးအကဲမြောင်ကို သတ်သွားသူကိုလည်း သတိထားနေရသဖြင့် လူတိုင်းမှာ ရှေ့တိုးရခက် နောက်ဆုတ်ရခက်သော အခြေအနေကြောင့် ထိတ်လန့်နေကြသည်။

“ဒုန်း”

မူလနယ်ပယ် သိုင်းပညာရှင် အကြီးအကဲတစ်ဦးမှာ စိတ်ရှုပ်ထွေးနေစဉ်အတွင်း အကြေးခွံနက် ပုတ်သင်ညိုကြီး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ၎င်း၏ သံကြာပွတ်ကဲ့သို့သော အမြီးကြီးမှာ ဒေါသတကြီး ဝှေ့ယမ်းလိုက်ရာ ထိုသိုင်းပညာရှင်မှာ အချိန်မီ မရှောင်နိုင်ဘဲ ဆူးချွန်များပါသော ဧရာမ အမြီးကြီးဖြင့် အပြင်းအထန် အရိုက်ခံလိုက်ရသည်။

သူသည် ခုခံရန်အတွက် အသက်ရှူအားများကို စုစည်းထားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ မိစ္ဆာသားရဲ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို မခံနိုင်ဘဲ ခါးလယ်မှ ပြတ်ထွက်သွားကာ ကိုယ်ခန္ဓာအစိတ်အပိုင်းများမှာ လေထဲသို့ လွင့်စင်သွားတော့သည်။

“တောက်” တုန်းယွမ်ခွမ်းမှာ အလွန်အမင်း ဒေါသထွက်နေပြီး မျက်လုံးများမှာ သွေးရောင်လွှမ်းနေသော်လည်း သူ၏ တည်ငြိမ်မှုကိုမူ ထိန်းထားနိုင်သည်။ သူသည် အမြန်ဆုံး အမိန့်ပေးလိုက်သည်မှာ “ဒီမိစ္ဆာသားရဲကို ခဏထားလိုက်ဦး၊ အရင်ဆုံး ရန်သူကို ရှင်းကြ။”

တစ်ကမ္ဘာလုံးကို တုန်လှုပ်စေမည့် အစွမ်းရှိသော နတ်ဘုရားလေးသမားတစ်ဦးနှင့် ရင်ဆိုင်နေရစဉ်အတွင်း ပုတ်သင်ညိုကြီးကို ဆက်လက် ဝိုင်းရံနေခြင်းမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်သည်။ ရှေ့ရောနောက်ပါ ရန်သူရှိနေသည့် အခြေအနေတွင် တစ်ခုတည်းသော ရွေးချယ်မှုမှာ မိစ္ဆာသားရဲကို အရင်ဆုံး စွန့်လွှတ်ကာ ကောက်ကျစ်သော မြားများကို ကိုင်ဆောင်ထားသည့် လူယုတ်မာကို အရင် ရှင်းပစ်ရန်သာ ဖြစ်သည်။

ဝူးရှ်

မူလနယ်ပယ် သိုင်းပညာရှင် အဖွဲ့မှာ အားအင်ကုန်ခမ်းနေသော ပုတ်သင်ညိုကြီးကို ဝိုင်းရံထားရာမှ ဆုတ်ခွာလိုက်ကြသည်။ ပုတ်သင်ညိုကြီးမှာလည်း ပါးနပ်လှသည်နှင့်အညီ သူတို့ကို ဆက်လက် မတိုက်ခိုက်တော့ဘဲ ဝိုင်းရံမှုအတွင်းမှ ရုန်းထွက်ရန် အခွင့်အရေးကို အရယူလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်မှာ လေထဲတွင် ပျောက်ကွယ်သွားပြီး ထိုနေရာမှ အလျင်အမြန် ထွက်ပြေး လွတ်မြောက်သွားတော့သည်။

“ဂျိန်း”

ထိုအချိန်မှာပင် ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ မြားတစ်စင်းသည် မြေပြင်ကို ဝေ့သီကာ ပျံသန်းလာပြီး လမ်းကြောင်းတစ်လျှောက်တွင် ရှည်လျားသော မြောင်းကြီးတစ်ခု ဖြစ်ပေါ်စေလျက် သက်တံရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ အရှေ့ကြယ်ဂိုဏ်းမှ ကောင်းကင်သွေးကြော သုံးခု ပွင့်ထားသော မူလနယ်ပယ် သိုင်းပညာရှင် တစ်ဦးဆီသို့ ပြေးဝင်သွားသည်။

သူသည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ သူ၏ ဝမ်းဗိုက်မှာ ဟောင်းလောင်းပွင့်သွားပြီး ကိုယ်တွင်းအင်္ဂါများမှာ တစ်စစီ ဖြစ်လျက် အပြင်သို့ လွင့်ထွက်သွားကာ မြေပေါ်သို့ ကျရောက်ပြီး ထိုနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။

“ငါ မင်းကိုသတ်မယ်”

တုန်းယွမ်ခွမ်း၏ နဖူးပေါ်တွင် အကြောများ ထောင်ထနေပြီး ‘ထိပ်သီးပန်းသုံးပွင့်’ အဆင့်ရှိသူပီပီ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များမှာ ထကြွသောင်းကျန်းနေတော့သည်။ သူသည် မြားများ ထွက်ပေါ်လာရာ အရပ်သို့ ဒေါသတကြီး ပြေးဝင်သွားပြီး ထိုအမည်မသိ နတ်ဘုရားလေးသမားကို ဆွဲထုတ်ကာ အပိုင်းပိုင်း ခုတ်ထစ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။

“တတိယတစ်ယောက်.. စတုတ္ထတစ်ယောက်….ပဉ္စမတစ်ယောက်”

စူးချန်ခုန်းသည် တုန်းယွမ်ခွမ်းကို လျစ်လျူရှုထားပြီး ကျန်ရှိနေသော မူလနယ်ပယ် သိုင်းပညာရှင် များကိုသာ ပစ်မှတ်ထားလိုက်သည်။ သူ၏ မြားများမှာ တစ်စင်းပြီးတစ်စင်း ပန်းထွက်လာပြီး တစ်စင်းစီတွင် သူ၏ ချီစွမ်းအင်များ ပါဝင်ကာ ပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များကို ဆွဲယူလျက် လေနှင့် မိုးကြိုးတို့ ရစ်ပတ်ထားသော တောက်ပသည့် သက်တံရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး သူ ပစ်မှတ်ထားသူများ၏ အရှိန်အဝါနောက်ကိုလိုက်ကာ တိုက်ခိုက်နေတော့သည်။

All Chapters