အခန်း (၅၃၅-၅၃၇)
Vol. 36 Ch. 535-537
အခန်း (၅၃၅) မိုးကြိုးမုန်တိုင်းနှင့် သွေးစွန်းသောလ။ (၃)
စူးချန်ခုန်း၏ လက်ရှိကျင့်ကြံမှုနှင့် လေးအတတ်အရ ‘လူသားပန်းပွင့်’ အဆင့်ရှိသော သိုင်းပညာရှင်များကို ကိုင်တွယ်ရန် “သက်တံရောင်မြားအလင်း” နည်းပညာတစ်ခုတည်းနှင့်ပင် လုံလောက်ပေသည်။ ဤသည်မှာ တုန်းယွမ်ခွမ်းနှင့် ထိုမိစ္ဆာသားရဲကို ရင်ဆိုင်ရန်အတွက် သူ၏ စွမ်းအင်အချို့ကို ချွေတာရာလည်း ရောက်သည်။
ပထမဦးစွာ သူသည် အဆင့်နိမ့်ပစ်မှတ်များကို အလွတ်မပေးဘဲ အရင်ရှင်းပစ်မည်ဖြစ်ပြီး နောက်မှ တုန်းယွမ်ခွမ်းကို အဆုံးသတ်ရန် ရည်ရွယ်ထားသည်။
“ဘုန်း ဘုန်း ဘုန်း”
သက်တံရောင် အလင်းတန်းများမှာ လေထုကို ခွဲခြမ်း၍ ပစ်မှတ်များကို တစ်ယောက်ပြီးတစ်ယောက် ထိမှန်သွားလေ၏။ လူသားပန်းပွင့် အဆင့်မျှသာ ရှိသော မူလနယ်ပယ် သိုင်းပညာရှင် သုံးဦးမှာ အသားစများနှင့် သွေးများ လွင့်စင်လျက် လေထဲသို့ မြောက်တက်သွားကာ ထိုနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားကြသည်။
လက်နက်ကိုင်ဆောင်ထားသော အခြားတိုက်ခိုက်ရေးသမား တစ်ဦးမှာ သူ၏ဓားဖြင့် ခုခံရန် ကြိုးစားသော်လည်း လက်မောင်းအရိုး ကျိုးသွားကာ သွေးများအန်လျက် လွင့်ထွက်သွားသည်။ သူ့ကို သတ်ရန် မြားတစ်စင်းသာ ထပ်လိုတော့သည်။
ဤသည်မှာ လေးအတတ်၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ပင် ဖြစ်သည်။ အပိုအလုပ်များ မလိုအပ်ဘဲ ရန်သူကို ပစ်မှတ်ထားကာ မြားတစ်စင်းတည်းဖြင့် အပြတ်ရှင်းရန်သာ ရည်ရွယ်သည်။ အလွန်ဝေးကွာသော အကွာအဝေးမှနေ၍ ရန်သူများမှာ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိဘဲ သက်ရှိပစ်မှတ်များအဖြစ် ပြောင်းလဲသွားလေ၏။
“မင်းကို ငါအပိုင်းပိုင်း ဆွဲဖြတ်မယ်။ အရေခွံခွာပြီး အကြောတွေကို ဆွဲထုတ်ပစ်မယ်။”
စူးချန်ခုန်းက လူအတော်များများကို ပစ်သတ်နေစဉ်အတွင်း တုန်းယွမ်ခွမ်းမှာ ရှေ့သို့ ပြေးဝင်လာပြီဖြစ်သည်။ သို့သော် သူမြင်လိုက်ရသည်မှာ သစ်ပင်ကြီးတစ်ပင်အောက်မှ ပျောက်ကွယ်သွားသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပြီး စူးချန်ခုန်းမှာ နဂိုနေရာတွင် မရှိတော့ပေ။
သူသည် သစ်တောအတွင်း၌ ‘တောတိုးသမင်’ တစ်ကောင်ကဲ့သို့ အသံတိတ် ရွေ့လျားနေသည်။ သူသည် ပါးနပ်စွာ ခုန်ကူးရင်း အရပ်မျက်နှာများကို ပြောင်းလဲကာ အရှေ့ကြယ်ဂိုဏ်းမှ မူလနယ်ပယ် သိုင်းပညာရှင်များကို ပစ်သတ်နေပြီး တုန်းယွမ်ခွမ်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကိုမူ ရှောင်ရှားထားသည်။
“ပြေးကြ.. လူစုခွဲပြီး ပြေးကြ.. ဂိုဏ်းချုပ်နဲ့ပဲ လွှတ်ထားလိုက်တော့။”
ထိုမူလနယ်ပယ် သိုင်းပညာရှင်များမှာလည်း ငတုံးငအများ မဟုတ်ကြပေ။ သူတို့သည် သေမည့်အချိန်ကို ထိုင်စောင့်မနေဘဲ လူစုခွဲ၍ ထွက်ပြေးကြတော့သည်။ အချို့မှာ မြေပြင်နှင့် ကပ်၍ ပြေးကြပြီး အချို့မှာ သစ်ပင်များကို အကာအကွယ်ယူ၍ ထွက်ပြေးကြသည်။
မည်မျှပင် အစွမ်းထက်သော လေးအတတ် ဖြစ်ပါစေ ပစ်မှတ်ကို မချိန်နိုင်ပါက အသုံးမဝင်ပေ။
“ခြောက်ယောက်မြောက်…ခုနစ်ယောက်မြောက်”
သို့သော် စူးချန်ခုန်း၏ ‘တောက်ယင်ကျင့်စဉ်’ မှာ နက်ရှိုင်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သဘာဝစွမ်းအင်များကို အလွန်အမင်း ခံစားသိရှိနိုင်ကြောင်း သူတို့ မသိကြပေ။ ထိုမူလနယ်ပယ် သိုင်းပညာရှင်များ မည်သို့ပင် ပုန်းအောင်းပါစေ စူးချန်ခုန်းအတွက်မူ နေ့ခင်းကြောင်တောင် မြင်နေရသကဲ့သို့ ထင်ရှားလှသည်။
စူးချန်ခုန်းသည် သူ၏လေးကို ဆက်လက်ဆွဲလိုက်ပြီး “သက်တံရောင်မြားအလင်း” ဖြင့် သစ်ပင်ထိပ်များပေါ်မှ ခုန်ကူးနေသူနှင့် ချုံပုတ်များကြားမှ တိုးထွက်နေသူ နှစ်ဦးကို လွယ်ကူစွာ ပစ်ချလိုက်သည်။ သူတို့၏ သွေးများမှာ လွင့်စင်ကုန်ပြီး စိမ်းလန်းသော သစ်ရွက်များကို နီရဲသွားစေသည်။
“အား...”
တုန်းယွမ်ခွမ်းမှာ ရူးမတတ် ဖြစ်နေလေပြီ။ စူးချန်ခုန်းက သူ့ကို တိုက်ရိုက် မရင်ဆိုင်ပေ။ စူးချန်ခုန်း၏ လှုပ်ရှားမှုနှင့် ကိုယ်ဖော့ပညာမှာ သူနှင့် တန်းတူပင် ဖြစ်သည်။ တုန်းယွမ်ခွမ်းက မည်သို့ပင် လိုက်လံတိုက်ခိုက်ပါစေ စူးချန်ခုန်းမှာ လွယ်ကူစွာ ရှောင်တိမ်းရင်း အခြား မူလနယ်ပယ် သိုင်းပညာရှင်များကိုသာ ဆက်လက် ပစ်သတ်နေသည်။
“မပစ်ပါနဲ့တော့။ မိစ္ဆာသားရဲကို မင်းအတွက်ပဲ ထားခဲ့ပါ့မယ်။”
အချို့သော မူလနယ်ပယ် သိုင်းပညာရှင်များမှာ ကြောက်လန့်တကြားနှင့် အသက်ဘေးမှ ချမ်းသာပေးရန် တောင်းပန်ကြပြီး သူတို့၏ အရှေ့ကြယ်ဂိုဏ်းအနေဖြင့် မိစ္ဆာသားရဲကို ဆက်လက် နှောင့်ယှက်တော့မည် မဟုတ်ကြောင်း ပြောဆိုနေကြသည်။
သို့သော် စူးချန်ခုန်းကတော့ မသက်ညှာပေးခဲ့ပါ။ ပုံရိပ်များ ပေါ်လာရာ အရပ်သို့ မြားသုံးစင်း ဆက်တိုက် ပစ်လွှတ်လိုက်ရာ သွေးညှီနံ့များနှင့် နာကျင်စွာ အော်ဟစ်သံများသာ ထွက်ပေါ်လာသည်။
စူးချန်ခုန်း၏ ဤနေရာသို့ လာရခြင်း ပထမ ရည်ရွယ်ချက်မှာ တုန်းယွမ်ခွမ်းနှင့် အရှေ့ကြယ်ဂိုဏ်းမှ အဆင့်မြင့် ပုဂ္ဂိုလ်များကို သတ်ဖြတ်ရန် ဖြစ်သည်။
‘မုယန်ဝမ်’ က ဝိညာဉ်လမ်းစဉ်ဂိုဏ်း လက်ချက်ဖြင့် သေဆုံးသွားကြောင်း သူတို့ သိသွားပါက လက်စားချေရန် ကြိုးပမ်းကြမည်မှာ သေချာသည်။ သူတို့ အင်အားစုစည်းပြီး ပြန်လည် တိုက်ခိုက်လာသည်ကို စောင့်နေမည့်အစား အဆင်သင့်မဖြစ်သေးခင်မှာပင် အမြစ်ပြတ် ခြေမှုန်းပစ်ခြင်းက ပို၍ ကောင်းပေသည်။
“အကြီးအကဲတွေ... အားလုံး သေကုန်ပြီလား။”
အရှေ့ကြယ်ဂိုဏ်းမှ လက်ရွေးစင်တပည့် အယောက်ပေါင်းများစွာတို့သည် အော်ဟစ်သံများကို ကြားရသောအခါ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့မှာ လူထောင်ပေါင်းများစွာကို အလွယ်တကူ ရင်ဆိုင်နိုင်သော မူလနယ်ပယ် သိုင်းပညာရှင်များ ဖြစ်သော်လည်း ယခုအခါ အရပ်မျက်နှာအနှံ့မှ ရောက်လာသော မြားများကြောင့် သာမန်လူများကဲ့သို့ ထိုနေရာမှာတင် ပစ်သတ်ခံနေရခြင်း ဖြစ်သည်။
ဤသို့ အတားအဆီးများလှသော သစ်တောထူထပ်သည့် နေရာတွင် စူးချန်ခုန်းမှာ ရေထဲမှ ငါးကဲ့သို့ ဖြစ်နေပြီး သူ၏ လေးအတတ်ကို အစွမ်းကုန် အသုံးချကာ ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် လွယ်ကူစွာ သတ်ဖြတ်နေသည်။
“ဆယ့်နှစ်ယောက်... ကဲ၊ အခု ခင်ဗျားအလှည့်ပဲ”
အချိန်တိုအတွင်းမှာပင် အရှေ့ကြယ်ဂိုဏ်းမှ အကြီးအကဲများမှာ စူးချန်ခုန်း၏ မြားအောက်တွင် ဇာတ်သိမ်းသွားကြပြီး ယခုအခါ စူးချန်ခုန်းသည် နောက်ထပ်မြားကို တုန်းယွမ်ခွမ်း ဆီသို့ ပစ်မှတ်ထားလိုက်သည်။
“ဂျိန်း”
ကြယ်ပုံစံရွှေဖြင့် ပြုလုပ်ထားသော မြားတစ်စင်းသည် လေထဲသို့ ထွက်ပေါ်လာပြီး ပျံသန်းနေစဉ်အတွင်း သုံးစင်းအဖြစ် ကွဲထွက်သွားသည်။ များပြားလှသော သဘာဝစွမ်းအင်များကို ဝဲဂယက်တစ်ခုကဲ့သို့ ဆွဲယူလိုက်သည်။ “မိုးကြိုးသံ” နှင့် “လေဆင်နှာမောင်း” တို့နှင့်အတူ ပြင်းထန်သော လေအဟုန်ကို ဆောင်ကြဉ်းလျက် တုန်းယွမ်ခွမ်းဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
ယခုအခါ လုံးဝ ရူးသွပ်နေသော တုန်းယွမ်ခွမ်းသည် မည်သူက ဤမျှ ရက်စက်နေသည်ကို နားမလည်နိုင်တော့ပေ။ မိစ္ဆာသားရဲကို လုယူရန်အတွက်သာဆိုလျှင် ကိစ္စမရှိသော်လည်း ဘာစကားမှ မပြောဘဲ မြားများ တစ်စင်းပြီးတစ်စင်း ပစ်လွှတ်ကာ သူတို့ကို အမြစ်ပြတ် ခြေမှုန်းလိုနေခြင်း ဖြစ်သည်။
ဝင်လာသော မြားသုံးစင်းကို ရင်ဆိုင်ရင်း တုန်းယွမ်ခွမ်းသည် သူ၏ ခရမ်းရွှေရောင် တိုက်ပွဲဝင်ဓားကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်ရာ ဝှေ့ယမ်းချက်တိုင်းတွင် ‘ဓားစွမ်းအား’ နှင့် ‘ဓားစွမ်းအင်’ များ ပါဝင်နေသည်။
“ချွမ်း ချွမ်း ချွမ်း”
သတ္တုချင်း ထိခိုက်သည့် ဆူညံသံကြီး သုံးကြိမ် ထွက်ပေါ်လာပြီး သောင်းကျန်းနေသော သဘာဝစွမ်းအင်များ၊ ရစ်ပတ်နေသော “လေဆင်နှာမောင်း” နှင့် ဟိန်းဟောက်နေသော “မိုးကြိုးသံ” တို့ကြောင့် အနီးနားရှိ သစ်ပင်များနှင့် ကျောက်တုံးများမှာ တစ်စစီ ဖြစ်သွားကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။
တုန်းယွမ်ခွမ်း၏ ရှေ့သို့ တိုးနေသော ခန္ဓာကိုယ်မှာ အနည်းငယ် ရပ်တန့်သွားပြီး သူ၏ လက်ကောက်ဝတ်တွင် နာကျင်မှုများကို ခံစားလိုက်ရသည်။
‘ထိပ်သီးပန်းသုံးပွင့်’ ကို အခြေခံ၍ တုန်းယွမ်ခွမ်းသည် စူးချန်ခုန်း၏ “မြားအလင်းခွဲခြင်း” တိုက်ကွက်ကို သူ၏ တိုက်ပွဲဝင်ဓားဖြင့် ဟန့်တားနိုင်ခဲ့သည်။
သို့သော် လက်ကောက်ဝတ်ပေါ်က နာကျင်မှုကို ခံစားရသောအခါ တုန်းယွမ်ခွမ်းမှာ ငြိမ်ကျသွားသည်။ “ဒီတောထဲမှာ သူ့ကို လိုက်မှီဖို့ မဖြစ်နိုင်ဘူး။ သူကပဲ တစ်ဖက်သတ် ပစ်နေတာ။ ငါက ကာကွယ်ရုံပဲဆိုရင် မကြာခင် ရှုံးတော့မှာပဲ... သွားမှ ဖြစ်တော့မယ်။”
စူးချန်ခုန်း၏ ကြောက်မက်ဖွယ်ကောင်းပြီး သူ့ကို အမှန်တကယ် ခြိမ်းခြောက်နိုင်သော လေးအတတ်ကြောင့် တုန်းယွမ်ခွမ်းမှာ အနားမကပ်နိုင်ကြောင်း သိသွားသည်။ သူသည် သက်ရှိပစ်မှတ် တစ်ခုသာ ဖြစ်နေပြီး အမှားတစ်ချက် လုပ်မိသည်နှင့် စူးချန်ခုန်း၏ မြားအောက်တွင် သေရမည်သာ။ ထို့ကြောင့် နောက်ဆုတ်ပြီး နောက်တစ်နေ့မှ ပြန်တိုက်တာက ပို၍ ကောင်းပေသည်။
စူးချန်ခုန်းကို လိုက်လံတိုက်ခိုက်ခြင်းကို စွန့်လွှတ်ကာ တုန်းယွမ်ခွမ်းသည် ငွေလမင်းတောင်၏ အပြင်ဘက်သို့ လှည့်၍ ထွက်ပြေးတော့သည်။ သူသည် တစ်ချက်ခုန်လိုက်လျှင် ဆယ်ကိုက်ကျော် အကွာအဝေးသို့ ရောက်သွားသည်။
“ထွက်ပြေးဖို့ ကြံနေတာလား။”
စူးချန်ခုန်းသည် တုန်းယွမ်ခွမ်းကို မည်သို့မျှ အလွတ်ပေးမည် မဟုတ်ပေ။ သူသည် နောက်မှ လိုက်ရင်း မြားများကို လေးကြိုးပေါ်တွင် တင်ကာ ဆက်တိုက် ပစ်လွှတ်တော့သည်။ လေးကြိုး၏ တုန်ခါသံနှင့်အတူ မြားတန်းကြီးတစ်ခု ထွက်ပေါ်လာပြီး မြားတစ်စင်းစီမှာ သုံးစင်းအဖြစ် ကွဲထွက်ကာ မျက်လုံးပါသကဲ့သို့ တုန်းယွမ်ခွမ်းဆီသို့ ပျံသန်းသွားသည်။ ၎င်းတို့သည် သစ်ပင်များနှင့် ကျောက်တုံးများကို လွယ်ကူစွာ ဖောက်ထွင်း၍ တားဆီး၍မရအောင် ပြေးဝင်နေသည်။
“ချွမ်း ချွမ်း ချွမ်း”
တုန်းယွမ်ခွမ်းသည် လှည့်၍ သူ၏ဓားကို ဆက်တိုက် ဝှေ့ယမ်းကာ ခိုင်မာလှသော ‘ဓားစွမ်းအင်’ များဖြင့် မြားများကို ဟန့်တားရင်း မုန်တိုင်းကဲ့သို့သော “မိုးကြိုး” နှင့် “လေဆင်နှာမောင်း” များကို ဖြစ်ပေါ်စေသည်။ ထိခိုက်မှုမှ ထွက်ပေါ်လာသော အဟုန်ကို အသုံးချကာ သူသည် ပို၍ဝေးရာသို့ လွင့်ထွက်သွားပြီး ဆက်လက် ထွက်ပြေးသည်။ သို့သော် စူးချန်ခုန်းမှာ ဇွဲမလျှော့ဘဲ နောက်မှ လိုက်နေပြီး မြားတစ်စင်းပြီးတစ်စင်း ပစ်လွှတ်ကာ တုန်းယွမ်ခွမ်းကို ပစ်ချနိုင်သည်အထိ ရပ်တန့်မည်မဟုတ်ဟု သစ္စာဆိုထားပုံရသည်။
စူးချန်ခုန်း၏ မြား ခုနစ်စင်း ရှစ်စင်းခန့်ကို လက်ထဲမှဓားဖြင့် ဆက်တိုက် ဟန့်တားပြီးနောက် တုန်းယွမ်ခွမ်းမှာ သူ၏ လက်ကောက်ဝတ် ထုံကျင်လာသဖြင့် သူ သိပ်မကျွမ်းကျင်သော ဘယ်လက်ဖြင့် ဓားကို ပြောင်းကိုင်လိုက်ရသည်။
အခြေအနေ ဆိုးရွားလာသည်ကို သိသွားသောအခါ တုန်းယွမ်ခွမ်း၏ ဒေါသမှာ ပေါက်ကွဲလာသည်။ အစမှ အဆုံးအထိ သူသည် စူးချန်ခုန်း၏ မျက်နှာကိုပင် မမြင်ရသေးပေ။ သူ၏ ရန်သူမှာ နှစ်မိုင်ခန့် အကွာအဝေးမှနေ၍ မြားများကို တရစပ် ပစ်လွှတ်နေပြီး သူ့ကို တစ်ဖက်သတ် ပစ်မှတ်အဖြစ်သာ အတိုက်ခံနေရခြင်း ဖြစ်သည်။
ဤသည်မှာ တုန်းယွမ်ခွမ်းကို ဒေါသတကြီး ဟောက်စေခဲ့သည်။ “ငကြောက်ကောင်.. မင်းက မြားခိုးပစ်ပြီး လူကို နာအောင်လုပ်ဖို့ပဲ သိတာလား။ မင်းမှာ သတ္တိရှိရင် ငါ့ကို ထိပ်တိုက်ရင်ဆိုင်ရဲလား။ မင်း ကြောက်နေရင် ငါ မင်းကို လက်တစ်ဖက်တည်းနဲ့ တိုက်ပေးမယ်။”
အခန်း (၅၃၆) ရှေးဦးပင်လယ်ကြီး၏ အစစ်အမှန်သားရဲ။ (၁)
တုန်းယွမ်ခွမ်းက ဒေါသတကြီး ဟောက်ဟစ်ရင်း စူးချန်ခုန်းကို ထိပ်တိုက်ရင်ဆိုင်လာစေရန် ဆွပေးလိုက်သည်။
သို့သော် စူးချန်ခုန်းမှာမူ ထိုကဲ့သို့သော လှောင်ပြောင်မှုများကို အရေးမစိုက်ပေ။ သူ၏ တစ်ခုတည်းသော တုံ့ပြန်မှုမှာ တုန်းယွမ်ခွမ်းကို အသက်ရှူချိန်ပင် မပေးဘဲ မြားများကို တစ်စင်းပြီးတစ်စင်း ဆက်တိုက် ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ တစ်ဦးက ထွက်ပြေးပြီး တစ်ဦးက လိုက်လံတိုက်ခိုက်နေစဉ်အတွင်း စူးချန်ခုန်းသည် မြားအစင်းပေါင်း နှစ်ဆယ်ကျော်ကို ဆက်တိုက် ပစ်လွှတ်ခဲ့သည်။
လေးအတတ်သည်လည်း စူးချန်ခုန်း၏ အစွမ်းအထက်ဆုံး အတတ်ပညာများထဲမှ တစ်ခုဖြစ်သည်။ အကွာအဝေးတစ်ခုမှနေ၍ တိုက်ခိုက်ခြင်းမှာ အကောင်းဆုံးသော လှုပ်ရှားမှုပင် ဖြစ်သည်။
“မဖြစ်ဘူး”
တုန်းယွမ်ခွမ်းသည် ဝင်လာသော မြားသုံးစင်းကို သူ၏ဓားဖြင့် ဝှေ့ယမ်းကာ ဟန့်တားရန် ကြိုးစားရင်း ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း အလယ်မှမြားကိုသာ တားဆီးနိုင်ခဲ့သည်။ ထို့နောက်တွင်မူ ဓားကျိုးသွားသည့် အသံနှင့်အတူ သဘာဝစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော လေနှင့် မိုးကြိုးမြားများမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။
အသားနှင့် သွေးများ ပေါက်ကွဲထွက်သွားသည့် ဆူညံသံများနှင့်အတူ တုန်းယွမ်ခွမ်းမှာ သူ၏ကိုယ်ပိုင်သွေးများဖြင့် စိုရွှဲသွားပြီး ‘ကောင်းကင်သွေးကြော’ များ ပြတ်တောက်ကာ ‘ပန်းသုံးပွင့်’ များမှာလည်း လွင့်စင် ပျောက်ကွယ်သွားတော့သည်။ သူ၏ တစ်စစီဖြစ်နေသော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး အနည်းငယ် လူးလိမ့်ပြီးနောက် အသက်ရှူသံများမှာ လျင်မြန်စွာ ဆိတ်သုဉ်းသွားလေ၏။
တုန်းယွမ်ခွမ်း၏ သွေးရောင်လွှမ်းနေသော မျက်လုံးများမှာ မကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။ အကြောင်းမှာ သူသည် ‘ထိပ်သီးပန်းသုံးပွင့်’ အဆင့်ရှိသော အစွမ်းထက် ပညာရှင်တစ်ဦး ဖြစ်သော်လည်း အစမှ အဆုံးအထိ သူ၏ရန်သူ၏ အဝတ်စကိုပင် မထိနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုမကျေနပ်မှုမှာ ရင်ထုမနာ ဖြစ်စရာပင်။
“သိုင်းပညာရှင် အယောက်ပေါင်းများစွာ ကျန်သေးတယ်။ တစ်ယောက်မှ အလွတ်ပေးလို့မဖြစ်ဘူး။”
တုန်းယွမ်ခွမ်းကို လူတိုင်းကို ထိတ်လန့်သွားစေသည့် နတ်ဘုရားအဆင့် မြားချက်ဖြင့် အဝေးမှ ပစ်သတ်ပြီးနောက် စူးချန်ခုန်းသည် အခြားသော အရှေ့ကြယ်ဂိုဏ်းသားများကိုလည်း မေ့မထားပေ။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အလွတ်ပေး၍ မဖြစ်ပေ။
စူးချန်ခုန်းသည် သူ၏ လုပ်ရပ်မှာ ရက်စက်သည်ဟု မထင်ပေ။
ယခင်က ‘ချိုင်ဖေး’ သည် ငွေလမင်းတောင်အတွင်းသို့ လမ်းကြုံ ဝင်ရောက်မိရုံသာ ရှိသော်လည်း သူတို့၏ မိုင်ပေါင်းထောင်ချီ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သူတို့မှာ ရန်သူများ ဖြစ်ကြသဖြင့် မည်သည့် ကရုဏာထားမှုမျိုးမဆို မိမိကိုယ်ကိုယ် ပြန်လည် ရက်စက်ရာ ရောက်ပေလိမ့်မည်။
“ဒါဆို... ဂိုဏ်းချုပ်ကြီးတောင် သေသွားပြီလား။”
“ပြေးကြ... အသက်လုပြီး ပြေးကြတော့။”
ထိုခဏ၌ အရှေ့ကြယ်ဂိုဏ်းမှ လက်ရွေးစင် သိုင်းပညာရှင် အယောက်ပေါင်းများစွာမှာ ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးနေကြသည်။ အဝေးမှနေ၍ ကြားနေရသော ဒေါသတကြီး အော်ဟစ်သံကို ကြားရသောအခါ သူတို့၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ ယနေ့ညမှာ သူတို့အတွက် အိပ်မက်ဆိုးတစ်ခုထက်ပင် ပို၍ ဆိုးရွားလှသည်။
တစ်စုံတစ်ယောက်က သူတို့ဂိုဏ်းမှ အကြီးအကဲများကို သတ်ခဲ့ပြီး ယခုအခါ ဂိုဏ်းချုပ် တုန်းယွမ်ခွမ်းပင်လျှင် ထိုကြောက်စရာ နတ်ဘုရားလေးသမား၏ လက်ချက်ဖြင့် သေဆုံးသွားပုံရသည်။ ၎င်းတို့ လုပ်နိုင်သည်မှာ ထွက်ပြေးရန်သာ ရှိတော့သည်။
“ဟင်.. ဒါ... ဒါ ဘာလဲ။”
သို့သော် ထွက်ပြေးနေသော သိုင်းပညာရှင်တစ်ဦးမှာ သူ၏ ခြေကျင်းဝတ်ကို တစ်စုံတစ်ခုက ထိုးဖောက်သွားသည်ကို ခံစားလိုက်ရပြီးနောက် ပြင်းထန်သော နာကျင်မှုနှင့်အတူ မြေပေါ်သို့ လဲကျသွားကာ သူ၏ ချီသွေး စွမ်းအားများမှာလည်း အပိတ်ခံလိုက်ရသည်။ ငုံ့ကြည့်လိုက်သောအခါ မမြင်ရလောက်အောင် သေးငယ်သော ငွေရောင် ချည်မျှင်တစ်ခုကို တွေ့လိုက်ရသည်။
“ဖောင်း”
သူ သေချာမမြင်ရမီမှာပင် မြားတစ်စင်းသည် အသံတိတ် ပျံသန်းလာပြီး သူ၏ ဦးခေါင်းကို ဖောက်ထွက်သွားတော့သည်။
၎င်းက ‘နတ်ပိုးချည်’ ပင် ဖြစ်သည်။ စူးချန်ခုန်းသည် အမှောင်ထဲတွင် တုန်းယွမ်ခွမ်းနှင့် သူ၏လူများကို ကင်းစောင့်နေခဲ့ရုံသာမက ‘နတ်ပိုးချည်မျှင်’များကို ပတ်ဝန်းကျင် အရပ်မျက်နှာအနှံ့သို့ သွယ်တန်းထားခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ထိုနေရာသို့ ရောက်ရှိလာသော သိုင်းပညာရှင်များကို တစ်ယောက်မှ မလွတ်စေရန် ကျော့ကွင်းထောင်ထားခြင်းပင်။
နတ်ပိုးချည်သည် ခန္ဓာကိုယ်ရှိ အချက်အခြာနေရာများကို ပိတ်ဆို့နိုင်ပြီး သွေးကြောများကို ဖြတ်တောက်နိုင်သည်။ စူးချန်ခုန်း၏ စိတ်ကူးနှင့်အညီ ‘နတ်ပိုးချည်ချီစွမ်းအင်’ များမှာ ချည်မျှင်များအဖြစ် စုစည်းသွားပြီး သူတို့၏ အသားနှင့် သွေးကြောများအတွင်းသို့ တိုးဝင်ကာ ‘ချီစွမ်းအား’ နှင့် ‘အသက်သွေး’ စီးဆင်းမှုများကို ပိတ်ဆို့လိုက်ရာ သူတို့ မလှုပ်ရှားနိုင်တော့ပေ။ ထို့နောက် စူးချန်ခုန်းက တစ်ယောက်ပြီးတစ်ယောက် အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။
ဤလူများမှာ အများအားဖြင့် ချီသွေးနယ်ပယ်အဆင့်ရှိသူများသာ ဖြစ်ကြရာ စူးချန်ခုန်း၏ ရှေ့တွင် မည်သို့မျှ မခုခံနိုင်ကြပေ။
“ဟူး... အားလုံး သေကုန်ပြီ...”
စူးချန်ခုန်းသည် သူရပ်နေသော နေရာမှာတင် သက်ပြင်းတစ်ချက်ကို ပြင်းပြင်း ချလိုက်သည်။ ယခုအခါ ငွေလမင်းတောင်အတွင်း၌ သူတစ်ယောက်တည်းသာ သက်ရှိထင်ရှား ကျန်ရစ်တော့သည်။
စူးချန်ခုန်း၏ စိတ်နှလုံးမှာ တည်ငြိမ်နေသည်။ ဤသည်မှာ သူ လူအများအပြားကို သတ်ဖြတ်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူလိပ်ပြာလုံနေသရွေ့ ကိစ္စမရှိပေ။
“နောက်တစ်ဆင့်က... အဲ့ဒီမိစ္ဆာသားရဲကို အမဲလိုက်ဖို့ပဲ။ သူ ပြန်သက်သာလာလို့မဖြစ်ဘူး။”
စူးချန်ခုန်း၏ အကြည့်မှာ အဝေးသို့ ရောက်သွားလေ၏။
တုန်းယွမ်ခွမ်းနှင့် အခြားသူများကို ရှင်းလင်းပြီးနောက် သူ အလွတ်မပေးလိုသော အခြားအရာတစ်ခုမှာ မိစ္ဆာသားရဲပင် ဖြစ်သည်။
မိစ္ဆာသားရဲဟူသည်မှာ မိစ္ဆာနတ်ဆိုးများထက်ပင် ရှားပါးလှပြီး ကမ္ဘာပေါ်တွင် ရှာဖွေရန် ခက်ခဲလှသည်။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရတနာများ ဖြစ်ကြပြီး ၎င်းတို့၏ အသားနှင့် သွေးများမှာ ‘နတ်ဆေးလုံး’ များနှင့်ပင် တန်ဖိုးတူလှသည်။ စူးချန်ခုန်းအနေဖြင့် ဤမျှကြီးမားသော မိစ္ဆာသားရဲကို မည်သို့လျှင် အလွတ်ပေးနိုင်ပါမည်နည်း။
မဆိုင်းမတွပင် စူးချန်ခုန်းသည် မြောက်ဘက်ရှိ သစ်တောထူထပ်သော နေရာသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
အကြေးခွံနက် ပုတ်သင်ညိုကြီးမှာ ကိုယ်ပျောက်နိုင်သော စွမ်းအားရှိပြီး သူ၏ အသက်ရှူသံကိုပင် ဖုံးကွယ်ထားနိုင်သည်။ ထို့ကြောင့် စူးချန်ခုန်းအနေဖြင့် သဘာဝစွမ်းအင်များကို သိရှိနိုင်စွမ်းဖြင့် ၎င်း၏ ပုံရိပ်ကို ရှာဖွေရန်အတွက် အလွန် နီးကပ်စွာ သွားရန် လိုအပ်သည်။ ငွေလမင်းတောင်မှာ အလွန်ကျယ်ပြောလှသဖြင့် ပုတ်သင်ညိုကြီးကသာ ပုန်းအောင်းနေမည်ဆိုပါက ၎င်းဘာသာ ထွက်မလာသရွေ့ ရှာဖွေရန် အလွန် ခက်ခဲပေလိမ့်မည်။
သို့သော် စူးချန်ခုန်းက ကြိုတင်ပြင်ဆင်ထားပါသည်။ သူ၏ လက်ချောင်းထိပ်မှ ပျော့ပြောင်းသော ငွေရောင်ချည်မျှင်တစ်ခုမှာ မိုင်ပေါင်း သုံးဆယ်၊ လေးဆယ်ခန့်အထိ သွယ်တန်းနေသည်။
ပုတ်သင်ညိုကြီး ထွက်မပြေးမီမှာပင် စူးချန်ခုန်းသည် ၎င်း၏ ခြေကျင်းဝတ်တွင် ‘နတ်ပိုးချည်’ တစ်မျှင်ကို တိတ်တဆိတ် ရစ်ပတ်ထားခဲ့သည်။ ဤပျော့ပြောင်းသော ပိုးချည်မှာ စူးချန်ခုန်းတွင် ‘နတ်ပိုးချည်ချီစွမ်းအင်’ လုံလောက်နေသရွေ့ မိုင်ပေါင်းများစွာအထိ ရှည်လျားနိုင်ပေသည်။
လူတစ်ယောက်ပင်လျှင် သူ၏ခန္ဓာကိုယ်တွင် ကပ်နေသော ပင့်ကူမျှင် သို့မဟုတ် ပိုးမျှင်ကို အလွယ်တကူ သတိမပြုမိနိုင်ပေ။ ပိုးချည်နောက်သို့ လိုက်ခြင်းဖြင့် စူးချန်ခုန်းသည် ထွက်ပြေးနေသော ပုတ်သင်ညိုကြီးကို အလွယ်တကူ ရှာတွေ့နိုင်ခြင်း ဖြစ်သည်။
မိုင်ပေါင်း သုံးဆယ်ကျော် အကွာအဝေးရှိ ပေသုံးရာကျော် မြင့်သော ဧရာမ သစ်ပင်ကြီးတစ်ပင်၏ ထိပ်ဖျားတွင် သစ်ရွက်များမှာ ထူထပ်လှသည်။ အပြင်ဘက်မှကြည့်လျှင် ဘာမျှ ထူးခြားမှု မရှိသော်လည်း လေကဲ့သို့ ပွင့်လင်းမြင်သာနေသော အကြေးခွံနက် ပုတ်သင်ညိုကြီးမှာ ထိုနေရာတွင် တိတ်တဆိတ် အနားယူနေသည်။
ပုတ်သင်ညိုကြီး၏ မျက်လုံးများတွင် မောပန်းနွမ်းနယ်မှု အရိပ်အယောင်များ ရှိနေသည်။ မူလနယ်ပယ် သိုင်းပညာရှင် ဆယ်ဦးကျော်၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး သူ၏ သွေးမျိုးဆက်အတွင်းမှ စွမ်းအားများကို အသုံးပြုကာ မီးမှုတ်ထုတ်ခဲ့ရသည်။ ထို့ပြင် အဆိပ်ပိုးကောင်များ၏ နှိပ်စက်မှုကို ခံခဲ့ရသဖြင့် သူ၏ အင်အားမှာ အဆုံးစွန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုခဏ၌ သူ အလိုချင်ဆုံးမှာ အနားယူပြီး အားအင်ပြန်ဖြည့်ရန်နှင့် ထို့နောက်တွင်မူ ခမ်းနားသော ပွဲကြီးတစ်ခုအတွက် အမဲလိုက်ရန်သာ ဖြစ်သည်။
သို့သော် ပုတ်သင်ညိုကြီးမှာ သူ၏ ပုန်းကွယ်မှုမှာ အပြစ်ပြောစရာ မရှိဟု ယုံကြည်နေသော်လည်း နှစ်ကိုက်ခန့် အကွာအဝေးရှိ သစ်ပင်အောက်တွင် ရပ်နေကာ သူ့ကို မြားဖြင့် တိုက်ရိုက် ပစ်မှတ်ထားနေသော ပုံရိပ်ကိုမူ သတိမပြုမိခဲ့ပေ။
“မြားတစ်ချောင်းတည်းနဲ့ သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်မယ်။ အကြေးခွံနက် ပုတ်သင်ညိုကြီးမှာ အကြေးခွံတွေနဲ့ ဖုံးအုပ်ထားတယ်။ သူ့ဝမ်းဗိုက်မှာတောင် အကြေးခွံတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီနေရာက အကြေးခွံတွေက သိသိသာသာ ပိုပြီး ပါးတယ်။”
စူးချန်ခုန်း၏ မျက်လုံးများမှာ အေးစက်နေလျက်။ ပုတ်သင်ညိုကြီးတွင် ရစ်ပတ်ထားသော နတ်ပိုးချည်ကို အသုံးပြု၍ သူသည် သစ်ပင်ထိပ်တွင် အနားယူနေသော သားရဲကြီးကို အလွယ်တကူ ရှာတွေ့ခဲ့သည်။ သားရဲကြီး အားကုန်ပြီး မျက်လုံးမှိတ်ကာ ခဏမျှ အနားယူချိန်ကို တိတ်တဆိတ် စောင့်ကြည့်ပြီးနောက် သူသည် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
အခန်း (၅၃၇) ရှေးဦးပင်လယ်ကြီး၏ အစစ်အမှန်သားရဲ။ (၂)
စူးချန်ခုန်းသည် ကြေးခွံနက် ပုတ်သင်ညိုကြီး၏ အားနည်းချက်ဖြစ်သော ဝမ်းဗိုက်ပိုင်းကို ပစ်မှတ်ထားလိုက်သည်။ တွားသွားသတ္တဝါ အမျိုးအစားဖြစ်သဖြင့် ဤပုတ်သင်ညိုကြီးသည် လူသားများနှင့် တိုက်ခိုက်ချိန်တွင် သူ၏ အားနည်းချက်ကို မည်သည့်အခါမျှ ပြမည်မဟုတ်ပေ။ ထို့ပြင် ဤမျှ လုံခြုံလှသော ပုန်းခိုရာနေရာတွင် ရှိနေပါလျက်နှင့် မိမိကို အလွယ်တကူ ခြေရာခံမိလိမ့်မည်ဟုလည်း ၎င်းအနေဖြင့် လုံးဝ ထင်မှတ်မထားခဲ့ပေ။
စူးချန်ခုန်းသည် သူ၏ ချီစွမ်းအင်များကို မြားအတွင်းသို့ ထည့်သွင်းလိုက်သည်။ ညာလက်က လေးကိုကိုင်၊ ဘယ်လက်က လေးကြိုးကို ဆွဲလိုက်ရာ ‘ချီစွမ်းအင်’ များ ပြည့်နှက်နေသော လေးကြိုးမှာ လပြည့်ဝန်းအလား ကွေးညွတ်သွားတော့သည်။ စွမ်းအင်များ အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် သူသည် လေးကြိုးကို လက်ချောင်းများမှ လွှတ်လိုက်သည်။
“ဒုန်း”
လေးကြိုးမှာ တင်းခနဲ ပြန်ကန်သွားပြီး ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ထိုအသံနှင့်အတူ အသံထက် အဆပေါင်းများစွာ မြန်သော မြားသည် ဒေါသတကြီး ပြေးထွက်သွားပြီး သဘာဝစွမ်းအင်များကို ဝါးမြိုလျက် သုံးစင်းအဖြစ် ကွဲထွက်သွားကာ လေပြင်းနှင့် လျှပ်စီးများအလား တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။
စူးချန်ခုန်း မြားကို လွှတ်လိုက်သည့် ခဏမှာပင် အားအင်ပြန်ဖြည့်ရန် အနားယူနေသော ပုတ်သင်ညိုကြီးသည် တစ်စုံတစ်ခု မှားနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ ၎င်းသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သော်လည်း အချိန်နှောင်းသွားပြီ ဖြစ်သည်။
“ဘုန်း”
မြားသုံးစင်းသည် ပုတ်သင်ညိုကြီး၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ထိမှန်သွားပြီး ပေါက်ကွဲသံနှင့်အတူ အသားများ စုတ်ပြတ်သွားသည့် အသံလည်း ထွက်ပေါ်လာသည်။ ဝမ်းဗိုက်ပေါ်ရှိ အကြေးခွံများမှာ ပွင့်ထွက်သွားပြီး သွေးချင်းချင်းနီသော အပေါက်ကြီး သုံးပေါက် ဖြစ်သွားသည်။ ပေသုံးရာကျော် မြင့်သော သစ်ပင်ထိပ်မှ ၎င်း၏ ဧရာမ ကိုယ်ထည်ကြီး ပြုတ်ကျလာရာ ၎င်း၏ အလေးချိန်ကြောင့် မိုင်ပေါင်းများစွာအတွင်းရှိ မြေကြီးမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။
ငလျင်တစ်ခု လှုပ်သကဲ့သို့ပင် မြေပြင်ပေါ်တွင် အက်ကြောင်းများမှာ အဝေးကြီးအထိ ပျံ့နှံ့သွားသည်။
“ဝူး...”
ပုတ်သင်ညိုကြီးသည် မြေကျင်းထဲတွင် လူးလိမ့်ရင်း နာကျင်စွာ အော်ဟစ်နေသည်။ ဝမ်းဗိုက်ရှိ ဒဏ်ရာကြီး သုံးခုမှ အူနှင့် ကိုယ်တွင်းအင်္ဂါများမှာ အပြင်သို့ လွင့်ထွက်နေပြီ ဖြစ်သည်။
“ဝူး... ဝူး... ဝူး”
စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီးမှ ပြင်းထန်သော ဒဏ်ရာကို ပေးနိုင်ခဲ့သော စူးချန်ခုန်းသည် ပုတ်သင်ညိုကြီးကို အသက်ရှူချိန် လုံးဝမပေးပေ။ သူသည် မြားများကို တစ်စင်းပြီးတစ်စင်း ဆက်တိုက် ပစ်လွှတ်လိုက်ပြီး တစ်စင်းစီတွင် ‘မြားအလင်းခွင်းခြင်း’ နည်းပညာကို အစွမ်းကုန် အသုံးချလိုက်သည်။
ဤသို့ တိုက်ခိုက်ခြင်းမှာ စူးချန်ခုန်းအတွက်လည်း အင်အားကို များစွာ ကုန်ခမ်းစေသည်။ မြားအစင်းပေါင်း ငါးဆယ်၊ ခြောက်ဆယ်ခန့် ဆက်တိုက် ပစ်ပြီးချိန်တွင် သူ၏ အသက်စွမ်းအားများ ကုန်ခမ်းလာကာ ခေါင်းမူးဝေခြင်းကို ခံစားလာရသည်။ သို့သော် ဤမျှဆိုလျှင် ပုတ်သင်ညိုကြီးကို သတ်ရန် လုံလောက်ပြီဟု သူထင်သည်။ သူသည် နောက်ဆုံးမြားကို ပုတ်သင်ညိုကြီး၏ ဦးခေါင်းဆီသို့ ပစ်မှတ်ထားလိုက်သည်။
“ဘုန်း ဘုန်း ဘုန်း”
မြားတစ်စင်း ထိမှန်တိုင်း တောင်ကုန်းငယ်များကိုပင် တစ်စစီ လုပ်နိုင်လောက်သော ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ပုတ်သင်ညိုကြီး၏ ဦးခေါင်းပေါ်ရှိ အကြေးခွံများမှာ အက်ကွဲကုန်ပြီး ၎င်း၏ ဦးနှောက်မှာလည်း တုန်ခါသွားတော့သည်။
“ကီး...”
ပုတ်သင်ညိုကြီးသည် စူးရှသော နာကျင်သံကို အော်ဟစ်လိုက်သည်။ ၎င်းသည် ထွက်ပြေးရန်အတွက် ခြေလက်များကို လှုပ်ရှားရန် ကြိုးစားသော်လည်း မြေပြင်ပေါ်တွင် သွေးလမ်းကြောင်းကြီး တစ်ခုသာ ချန်ရစ်ခဲ့သည်။ စူးချန်ခုန်းမှာမူ ခဏမျှပင် မနားဘဲ ခြေလှမ်းများကို ရွှေ့လျက် မြားများကို ဆက်တိုက် ပစ်နေတော့သည်။
ပုတ်သင်ညိုကြီး၏ အကြေးခွံများမှာ ‘ဓားဝိညာဉ်’ ထည့်သွင်းထားသော ‘သံဖြတ်ဓား’ ကိုပင် ခုခံနိုင်လောက်အောင် မာကျောသော်လည်း သူ၏ ဦးခေါင်းကို မြား ဆယ်စင်း၊ အစင်းနှစ်ဆယ်ခန့် ဆက်တိုက် အထိခံရပြီးနောက်တွင်မူ ထပ်မခံနိုင်တော့ပေ။
“ဒုတ်”
အားနည်းနေသော ဦးခေါင်းပေါ်ရှိ အကြေးခွံများကို စူးချန်ခုန်း၏ ‘လေနှင့် မိုးကြိုးမြား’ များက နောက်ဆုံးတွင် ထိုးဖောက်သွားတော့သည်။ မြားတစ်စင်းသည် အက်ကွဲနေသော အကြေးခွံများကြားမှ ဦးခေါင်းခွံအတွင်းသို့ တိုက်ရိုက် စိုက်ဝင်သွားသည်။
“ဝူး...”
ပုတ်သင်ညိုကြီးသည် မကျေနပ်မှုများ ပြည့်နှက်နေသော နာကျင်စွာ အော်ဟစ်သံကြီးကို နောက်ဆုံးတစ်ချက် ပြုလုပ်လိုက်ပြီးနောက် ၎င်း၏ ဧရာမ ကိုယ်ထည်ကြီးမှာ မြေပေါ်သို့ ပျော့ခွေကျသွားကာ လုံးဝ ငြိမ်သက်သွားတော့သည်။
မိစ္ဆာသားရဲတစ်ကောင်အနေဖြင့် ၎င်း၏ အသက်ရှင်သန်မှု စွမ်းအားမှာ ပြင်းထန်လှသော်လည်း အဆုံးစွန်တွင်မူ ၎င်းမှာ မိစ္ဆာနတ်ဆိုးတစ်ကောင် မဟုတ်ပေ။ ဦးခေါင်း အပြင်းအထန် ပျက်စီးသွားပြီးနောက်တွင် ‘မသေမျိုး ခန္ဓာကိုယ်’ ရှိသည့် မိစ္ဆာများကဲ့သို့ ဆက်လက် အသက်မရှင်နိုင်တော့ပေ။
“ဒါက မိစ္ဆာသားရဲလား။”
ပုတ်သင်ညိုကြီး၏ အသက်ဓာတ် ဆိတ်သုဉ်းသွားပြီး သွေးများမှာလည်း အေးစက်လာသည်ကို ခံစားရသောအခါ စူးချန်ခုန်းသည် တဖြည်းဖြည်း လမ်းလျှောက် ထွက်လာခဲ့သည်။ သူ၏ ရှေ့တွင်ရှိသော ဆယ်မီတာကျော် ရှည်လျားပြီး ဆင် လေး၊ ငါးကောင် ပေါင်းထားသည်ထက်ပင် ကြီးမားသော အလောင်းကြီးကို ကြည့်ရင်း သူသည် အံ့သြမဆုံး ဖြစ်နေတော့သည်။
ဤကမ္ဘာပေါ်တွင် ရှာဖွေရန် အလွန်ခက်ခဲပြီး တန်ဖိုးကြီးလှသော မိစ္ဆာသားရဲမှာ သူ၏ လက်ချက်ဖြင့် အောင်မြင်စွာ အမဲလိုက် သတ်ဖြတ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ဤသည်မှာ ‘မူလဓာတ်ငါးပါး သိုင်းပညာရှင်ကြီး’ တစ်ဦးပင်လျှင် လိုက်လံ အမဲလိုက်မည့် တန်ဖိုးရှိလှသော သားရဲဖြစ်ပြီး ၎င်း၏ တန်ဖိုးမှာ သာမန်အရာများထက် များစွာ သာလွန်နေမည်မှာ ဧကန်မလွဲပေ။
“တိုက်ပွဲဖြစ်တဲ့ နေရာကို ရှင်းလင်းရမယ်။”
စူးချန်ခုန်းသည် အခင်းဖြစ်ပွားရာ နေရာကို ရှင်းလင်းရန် မမေ့ခဲ့ပေ။
သူသည် အရှေ့ကြယ်ဂိုဏ်းမှ သိုင်းပညာရှင် အားလုံး၏ အလောင်းများကို တစ်နေရာတည်းတွင် စုပုံ၍ ဖျက်ဆီးလိုက်သည်။ ထို့ပြင် သေဆုံးသွားသော မူလနယ်ပယ် သိုင်းပညာရှင်များထံမှ ‘မူလချီစွမ်းအင်’ များကို ‘လိပ်အသက်ရှူနည်းပညာ’ ကို အသုံးပြု၍ ထုတ်ယူလိုက်သည်။
စုစုပေါင်း ၁၃ မျှင် ရခဲ့သည်။ ဤသည်မှာ အမှန်တကယ်ပင် ကြီးမားသော ရလဒ်ပင်ဖြစ်သည်။
၎င်းအပြင် စူးချန်ခုန်းသည် ထိုသိုင်းပညာရှင်များထံမှ ‘ဆေးလုံး’ အချို့နှင့် ‘ဝိညာဉ်ကျောက်တုံး’ အတော်များများကိုလည်း တွေ့ရှိခဲ့သည်။ များပြားလှသည်မဟုတ်သော်လည်း ရလဒ်တစ်ခုပင် ဖြစ်သည်။
တုန်းယွမ်ခွမ်းနှင့် အခြားသူများမှာ ၎င်းတို့ မှားယွင်းစွာ လိုက်လံ ဖမ်းဆီးခဲ့သော ‘ချိုင်ဖေး’ ကြောင့် ယခုကဲ့သို့ အဆုံးသတ်မျိုးနှင့် တွေ့ကြုံရလိမ့်မည်ဟု လုံးဝ ထင်မှတ်ထားခဲ့ကြမည် မဟုတ်ပေ။
အခင်းဖြစ်ရာရှိ အလောင်းများကို ရှင်းလင်းပြီးနောက် စူးချန်ခုန်းသည် သူ၏ မူလရည်မှန်းချက်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ ထိုအရာများအပြင် စူးချန်ခုန်း အလေးထားဆုံးအရာမှာ မိစ္ဆာသားရဲ၏ အလောင်းကြီးပင် ဖြစ်သည်။
“မိစ္ဆာသားရဲရဲ့ အကြီးမားဆုံး အသုံးဝင်မှုက သူရဲ့ အသားနဲ့ သွေးပဲ။ မိစ္ဆာသားရဲရဲ့ အသားကို အစာခြေဖျက်ဖို့ အလွန်ခက်ခဲတယ်လို့ ပြောကြတယ်။ စားသုံးမိရင် အသက်အန္တရာယ် ရှိနိုင်ပြီး ဆယ်ပုံ ကိုးပုံလောက်က သေစေနိုင်တယ်။ ဒါပေမဲ့ သားရဲသားကို အောင်အောင်မြင်မြင် ခြေဖျက်နိုင်ရင်တော့ အသစ်တစ်ဖန် ပြန်လည် မွေးဖွားခြင်းရဲ့ အကျိုးကျေးဇူးကို ရနိုင်လိမ့်မယ်။”
သူ၏ ရှေ့မှ ဧရာမ သားရဲအလောင်းကြီးကို ကြည့်ရင်း စူးချန်ခုန်းမှာ တံတွေး မြိုချလိုက်မိသည်။
စူးချန်ခုန်းသည် ဤမိစ္ဆာသားရဲကို ရောင်းချရန် အစီအစဉ် မရှိပေ။ ဤမျှ တန်ဖိုးရှိသော သတ္တဝါကို သူကိုယ်တိုင်သာ ခံစားမည် ဖြစ်သည်။ မိစ္ဆာသားရဲသား၏ အာနိသင်မှာ စာအုပ်များတွင် မှတ်တမ်းတင်ထားသကဲ့သို့ အမှန်တကယ်ပင် အစွမ်းထက်သလား ဆိုသည်ကို သူ သိလိုသည်။
စူးချန်ခုန်းသည် ကြေးခွံနက် ပုတ်သင်ညိုကြီး၏ အလောင်းကို ငွေလမင်းတောင်ရှိ ရေတံခွန်တစ်ခုအောက်သို့ ဆွဲယူသွားပြီးနောက် ခွဲစိတ်ရန် ပြင်ဆင်တော့သည်။
စူးချန်ခုန်းအနေဖြင့် အလွန် ထူထဲပြီး လေးလံလှသော အကြေးခွံများကို ခွာထုတ်ရန်အတွက် ‘ဓားဝိညာဉ်’ ကို အသုံးပြု၍ပင် အတော်လေး ကြိုးစားလိုက်ရသည်။
ဤအကြေးခွံများမှာ စူးချန်ခုန်း၏ ‘သံဖြတ်ဓား’ ကိုပင် ခုခံနိုင်ရာ သာမန် မူလနယ်ပယ် သိုင်းပညာရှင်များ မဖောက်ထွင်းနိုင်သော ‘တန်ဖိုးကြီး ချပ်ဝတ်တန်ဆာ’ အစုံအလင်ကို ပြုလုပ်ရန် လုံလောက်ပေသည်။
ထို့နောက် စူးချန်ခုန်းသည် လက်ဝါးခန့်ရှိသော သားရဲသားတစ်ဖတ်ကို လှီးဖြတ်၍ ဆေးကြောပြီးနောက် ထိုနေရာမှာတင် မီးဖိုကာ ကင်စားရန် ပြင်ဆင်လိုက်သည်။
“ကျက်မှာ မဟုတ်ဘူး။”
သို့သော် စူးချန်ခုန်းမှာ မျက်မှောင်ကြုတ်လိုက်မိသည်။ အကြောင်းမှာ သာမန် ထင်းမီးများမှာ မိစ္ဆာသားရဲသားကို ကျက်အောင် မချက်နိုင်သောကြောင့် ဖြစ်သည်။ နာရီပေါင်းများစွာ ကင်ပြီးချိန်တွင်ပင် ကျက်သွားသည့် လက္ခဏာ မတွေ့ရပေ။
“အစိမ်းပဲ စားမယ်။”
အခြားရွေးချယ်စရာ မရှိတော့သဖြင့် စူးချန်ခုန်းသည် နောက်ဆုံးတွင် အသားကို အစိမ်းစားရန် ဆုံးဖြတ်လိုက်သည်။ အချို့သော အစားအစာများကိုလည်း အစိမ်းစားကြသည်ဖြစ်ရာ သေချာဆေးကြောရန်သာ လိုအပ်သည်။ စူးချန်ခုန်းမှာ မကျက်သေးသော အစားအစာကို မစားနိုင်လောက်အောင် ဇီဇာကြောင်သူ မဟုတ်ပေ။ သေချာစွာ ဆေးကြောသန့်စင်ပြီးနောက် သူ တိုက်ရိုက် စားသုံးပါတော့သည်။