ကောင်းကင်တောင်ပေါ်မှ နှင်းစက်
Vol. 136 Ch. 1872
တုချင်းသည် တောင်အနောက်ဘက်ရှိ လှိုဏ်ဂူရှိရာသို့ လှမ်းကြည့်နေရင်း သူ့နှဖူးထက်တွင် ချွေးများ ပြန်လာသည်။ ခုနစ်လတာ ဒီပတ်ဝန်းကျင်တွင် တည်ရှိနေသော ဝမ်လင်း၏နတ်ဘုရားအာရုံမှာ ရုတ်တရက် ပျောက်ကွယ်သွား၏။
ထိုပျောက်ကွယ်ခြင်းသည် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းခဲ့ခြင်း မဟုတ်၊ သဲလွန်စမရှိ ပျောက်ကွယ်သွားတာ ဖြစ်၏။ အနှီ နတ်ဘုရားအာရုံက လောကနှင့် တသားတည်း ပေါင်းစပ်သွားသည့်အလား။
ထိုပြောင်းလဲမှုသည် ရုတ်ချည်းဆန်လွန်း၏။ တုချင်းသည် ထိုသို့ ဖြစ်ပျက်လာမည်ကို စိတ်ကူး၍ပင် မကြည့်နိုင်ခဲ့ပေ။
တခဏတာ တုန်လှုပ်မင်သက်သွားပြီးနောက် တုချင်းက အလျင်စလိုဖြင့် သူ့နတ်ဘုရားအာရုံကို တောင်အနောက်ဘက်သို့ ဖြန့်ကျက်လိုက်၏။ သူ့နတ်ဘုရားအာရုံ ဝေ့ခတ်ဖြန့်ကျက်သွားချိန်၌ သူ၏ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်သွားသည်။
“ဒီမှာလည်း မရှိဘူး…ရှိမနေဘူး…” လှိုဏ်ဂူအတွင်း၌ ခုနစ်လလုံး ထိုင်နေသော ဝမ်လင်းသည် ပျောက်ကွယ်နေလေပြီ။
တုချင်းက ဝမ်လင်း ပျောက်ကွယ်သွားခြင်းကို တစက်လေးမျှ သတိမပြုမိချေ။ ဝမ်လင်းက သူ့ရှေ့တွင်ပင် အငွေ့ပျံသွားသည့်အလား။
“ဒါဟာ မဖြစ်နိုင်ဘူး။ အဓိပ္ပာယ် မရှိဘူး…” တုချင်းက အနောက်ဘက်တောင်၏ တောင်ထွတ်တစ်ခုပေါ်တွင် ရပ်နေ၏။ သူက မင်သေစွာ ခပ်တိုးတိုး ရေရွတ်နေသည်။ သူ့မျက်လုံးကိုသူ ပွတ်သပ်ကာ သူ့နတ်ဘုရားအာရုံကို ထပ်မံ ဖြန့်ကျက်သည်။
သူ ထပ်ခါထပ်ခါ ကြိုးစားကြည့်၏။ သို့ပင်မည့် အဆုံးသပ်၌ သူသည် ဝမ်လင်း၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့နိုင် ဖြစ်နေသည်။
“မဖြစ်နိုင်ဘူး။ သူ့နတ်ဘုရားအာရုံဟာ ဒီလောကနဲ့ မပေါင်းစပ်နိုင်ဘူး။ ဒီလိုအရာမျိုးဟာ အရင်က လုံးဝ မဖြစ်ခဲ့ဖူးဘူး။ လေဟာနယ်အတိဒုက္ခအဆင့် မွန်းစတားအိုကြီးတွေကသာ ဒါမျိုး လုပ်နိုင်မှာ…။ သူ…သူ လုပ်နိုင်မှာ မဟုတ်ဘူး…” တုချင်း၏မျက်နှာမှာ ဖြူရောနေ၏။ သူ၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုကား အထင်းသားလှစ်ဟပေါ်သည်။
တုချင်းသည် ခုထိ ဝမ်လင်းကို မရှာနိုင် ဖြစ်နေ၏။ သူ့ စိတ်နှလုံးထဲ၌ ဒီအဖြစ်ကို လက်ခံဖို့ မတည်မငြိမ် ဖြစ်နေစဉ် တည်ငြိမ်သောအသံတစ်သံ သူ့နောက်မှ ထွက်ပေါ်လာ၏။
“သင်က ငါ့ကို ရှာနေတာလား…”
တုချင်း၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ ရုတ်တရက် သူက လှည့်ကြည့်လာသည်။ သူက သူ့နောက်တွင် ဝမ်လင်းသည် လုံးဝ ပုံမှန်အတိုင်း ရပ်နေသည်ကို တွေ့မြင်သည့်အခါ၌ သူ့မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားချေသည်။
ဝမ်လင်း၏နောက်တွင် လှိုင်းဂယက်အချို့ ပေါ်လာဟန် ထင်ရသော်ငြား များမကြာမီတွင် ပျောက်ကွယ်သွားလေ၏။
“သင်…သင်…” တုချင်းသည် အလိုလို ခြေလှမ်းအနည်းငယ် ဆုတ်မိသွား၏။ ဝမ်လင်း ပေါ်ထွက်လာမှုက ရုတ်တရက် ဆန်လှကာ သူ လုံးဝ သတိမပြုမိလိုက်ပေ။ ဝမ်လင်းသာ တိုက်ခိုက်ခဲ့ပါက သူသည် အပြင်းအထန် ဒဏ်ရာ ရသွားခဲ့လောက်ပြီ။
ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ အေးစက်မှုအငွေ့အသက် ထွက်ပေါ်နေသလား မှတ်ရသည်။
တုချင်း၏အမြင်၌ ဝမ်လင်းသည် ဒီအခိုက်၌ ပို၍ ဆန်းကြယ်လာကာ ကြောက်မက်ဖွယ် ကောင်းလွန်းလာခဲ့၏။
တုချင်းက သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ကာ တည်ငြိမ်စွာ ပြောလာသည်။ “ထွေးထွေးထူထူ မဟုတ်ရပါဘူး။ တပည့်အများစု ပြန်ရောက်လာခဲ့ကြပြီး သူတို့က မီးကြောအခွဲတော်တော်များများကို ရှာတွေ့ခဲ့ကြတယ်။ တချို့ ချိပ်ပိတ်ထားတဲ့ မီးကြောတွေကို သူတို့ ပြန်ယူဆောင်လာခဲ့ကြပါတယ်…”
ဝမ်လင်းသည် တုချင်းကို အေးအေးဆေးဆေးဟန်ဖြင့် လှမ်းကြည့်၏။ သူ၏အကြည့်အောက်တွင် တုချင်းသည် အလိုလို ခေါင်းငုံ့မိသွားသည်။
“ဒီမီးကြောတွေကို လှိုဏ်ဂူဆီ ယူလာခဲ့လိုက်…” ဝမ်လင်းက ထိုသို့ ဆိုကာ ရှေ့သို့ ခြေလှမ်း၍ လှိုဏ်ဂူထံသို့ ပျံသန်းလာတော့သည်။
ဝမ်လင်း ထွက်သွားသည့်နောက်မှသာ တုချင်းသည် စိတ်သက်သာရာ ရနိုင်တော့၏။ သို့ပေမည့် ဝမ်လင်းသည် ခုလို ပျံသန်းသွားသည့်အခါ၌ သူ့စိတ်ထဲတွင် သံသယ ပြန်ပေါ်လာသည်။
“ဒါ လုံးဝ မဖြစ်နိုင်ဘူး။ သူလောကနဲ့ တသားတည်း မပေါင်းစပ်နိုင်ခဲ့လောက်ဘူး။ အစောပိုင်းတုန်းက သူ့အော်ရာ ပျောက်ကွယ်သွားခဲ့တာဟာ သူ တည်နေရာရွှေ့ပြောင်းလိုက်တာပဲ ဖြစ်ရမယ်။ ဟုတ်ပြီ…သူက တည်နေရာရွှေ့ပြောင်းနိုင်တာသာ ဖြစ်ရမယ်။ အကြိမ်များစွာ ကျရှုံးခဲ့တဲ့နောက် သူ့ သိက္ခာ ပြန်ဆယ်နိုင်အောင် သူက ဒီလို လုပ်ခဲ့တာပဲနေမှာ…”
တုချင်းသည် ထိုသို့ ပိုတွေးလေလေ သူ့ခံစားမှုက မှန်လေဟာ ထင်နေ၏။ သူသည် အစောပိုင်းတုန်းက ထိတ်ပြာသွားခဲ့သော သူ့ကိုယ်သူပင် ရယ်စရာကောင်းသည်ဟု ခံစားမိလိုက်သည်။
“သူဟာ လောကနဲ့ မပေါင်းစပ်နိုင်ဘူးလို့ ငါ ပြောခဲ့သလိုပဲ သူ လုပ်နိုင်လိမ့်မှာ မဟုတ်ဘူး။ သူဟာ သူ့ကိုယ်သူ တကယ်ပဲ အထင်ကြီးလွန်းပြီး ဘဝင်လေဟပ်နေတာ…”
တုချင်းသည် နှာခေါင်းရှုံ့ကာ ထွက်ခွာရန် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ သို့ပေမည့် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားကာ သူ့မျက်လုံးသည် ဝမ်လင်း ရှိခဲ့သော မြက်ပင်ထံသို့ စိုက်ကြည့်မိသွားသည်။ သူ့မျက်လုံးသည် ကျွတ်ထွတ်မတတ် ပြူးကျသွား၏။ သူ့စိတ်ထဲ၌လည်း အကြောက်တရားသည် မြင့်တက်လာပြန်သည်။
သူ့စိတ်ထဲ၌ မရေမတွက်နိုင်သော မိုးကြိုးများ ပစ်ချလိုက်သကဲ့သို့ ခံစားမိလိုက်ရ၏။ သူ၏ရှေ့ရှိ အရာအားလုံးသည် ပျောက်ကွယ်သွားကာ ဝမ်လင်း ရပ်ခဲ့သော ဧရိယာသာ ကွက်ကျန်ခဲ့လေ၏။ အချိန်အတန်ကြာပြီးနောက် တုချင်း၏မျက်နှာသည် ဖြူဖပ်ဖြူရော ဖြစ်လာကာ အလိုလို နောက်ဆုတ်မိပြန်သည်။
သူသည် ဝမ်လင်းနေထိုင်သည့် လှိုဏ်ဂူထံသို့ စိတ်ရှုပ်ထွေးခြင်း၊ ကြောက်လန့်ခြင်းတို့ ပြည့်နေသောအကြည့်ဖြင့် လှမ်းကြည့်မိသည်။
မလှမ်းမကမ်းရှိ ဝမ်လင်း ရပ်ခဲ့သော နေရာတွင် အစိမ်းရောင်နှင်းစက်အချို့ မြက်ပင်ပေါ်၌ ရှိလို့နေ၏။ ထိုနှင်းစက်က နေရာအောက်တွင် တဖြည်းဖြည်း အရည်ပျော်ကျနေသည်။
ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ အစိမ်းရောင်နှင်းသည် အနောက်ဘက်စွန်းစွန်းရှိ ကောင်းကင်တောင်၌သာ တည်ရှိပေ၏။ တုချင်းသည် မြန်နှုန်းအပြည့် သွားရောက်လျှင်ပင် ထိုနေရာသို့ အသွားအပြန်ဆို လပေါင်းများစွာ အချိန်ပေးဖို့ လိုပေမည်။
“ကောင်းကင်တောင်ရဲ့ နှင်းတွေ။ ဒီလူဟာ တကယ့်ကို အံ့ချီးဖွယ်ပါရမီရှင်ပဲ…”
တုချင်းသည် နေရာတွင်ပင် အချိန်အကြာကြီး ရပ်နေပြီးနောက် ထိုစကားတစ်ခွန်းကို ဆိုလိုက်မိ၏။ သည်အခိုက်၌ ပြီးခဲ့သော ခုနစ်လက ဝမ်လင်းအပေါ် ထားရှိသော သူ၏ အထင်အမြင်သေးမှုသည် ပျောက်ကွယ်သွားခဲ့လေပြီ။
သူ့စိတ်ထဲ၌ ဝမ်လင်းအပေါ် ထိတ်လန့်မှုက ပိုတိုးပွားလာ၏။ ဤသည်က ကျင့်ကြံခြင်းနှင့် မဆိုင်၊ ဝမ်လင်း၏ ဆန်းကြယ်ထူးခြားနေမှုကြောင့်သာ။
လှိုဏ်ဂူထဲ၌ ဝမ်လင်းသည် သူ့ဝတ်ရုံကို ခါထုတ်ပုတ်သပ်လိုက်ရာ သူ့ကိုယ်ပေါ်ရှိ နှင်းများ လွင့်စင်ကျသွား၏။ ထို့နောက် သူက ထိုင်ချလိုက်သည်။ ခုနစ်လကြာပြီးနောက် နောက်ဆုံးတွင် သူသည် လေဟာနယ်ဟင်းလင်းပြင်အတွင်းရှိ သူ့ကိုယ်ပွားကို နိုးထစေနိုင်ခဲ့လေပြီ။
ထိုကိုယ်ပွား နိုးထလာသည့်အခိုက်၌ ဝမ်လင်းသည် ဝေးကွာလှသော လေဟာနယ်ထံမှ ဖော်ပြ၍မရသော နားလည်သဘောပေါက်မှုကို ခံစားမိလိုက်သည်။ သူ့ကို ဒုက္ခပေးနေသော မမြင်ရသော အတားအဆီးသည် ရုတ်တရက် လျှော့ပါးသွားချေ၏။ သူ့ကို တားဆီးထားသော အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသမှာ ပျောက်ကွယ်သွားသည့်အလား။
ဉာဏ်အလင်းရမှု သူ့စိတ်ထဲတွင် ပေါ်လာ၏။ ၎င်းမှာ ရှင်းလင်းသလို ခံစားရ၏။ သို့သော် သူက ထိုဉာဏ်အလင်းကြောင်း ရှင်းရှင်းလင်းလင်း တွေးကြည့်သည့်အခါတွင်မူ အတော်လေး ဝေဝါးနေ၏။ ထိုသို့ ဖြစ်ရခြင်းမှာ သူ့ကိုယ်ပွားသည် ကြီးထွားနေဆဲ ဖြစ်ခြင်းကြောင့်ဟု ဝမ်လင်းက သိပေသည်။
သူ၏ ကိုယ်ပွား ကြီးထွားခြင်း ပြီးမြောက်သွားသည်နှင့် ဝမ်လင်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသနှင့် ပတ်သတ်ပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားလိမ့်မည်။
တချိန်တည်းမှာ ပြင်းထန်သောဖိအားက ရေခဲကဲ့သို့ အရည်ပျော်ကျသွားသည်။ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာဟန်တူကာ ဝမ်လင်း၏ နတ်ဘုရားအာရုံသည် လောကနှင့် ချက်ခြင်း နစ်ဝင်ပေါင်းစပ်သည်။
ထိုသို့ဖြစ်ရခြင်းမှာ သူ့ကိုယ်ပွားကြောင့်သာ။
သူ၏ နတ်ဘုရားအာရုံ လောကနှင့် ပေါင်းစပ်သွားခိုက်၌ သူ့ခန္ဓာကိုယ်မှာလည်း ပျောက်ကွယ်ကာ လောကနှင့် တသားတည်း ဖြစ်လို့သွားသည်။ ထိုအခိုက်တွင် သူသည် လှိုဏ်ဂူလောက၌ ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုခဲ့ချိန်ကကဲ့သို့ တူညီသော ခံစားမှုကို ရရှိသည်။ သူသည် ဒီခံစားချက်ကို ဆုံးရှုံးနေခဲ့တာ အချိန်အတော်လေး ကြာခဲ့လေပြီ။
အတွေးတချက်ဖြင့်ပင် သူသည် သည်ကုန်းမြေ၏ ကောင်းကင်တောင်တွင် ပေါ်လာခဲ့ကာ ကျဆင်းနေသော အစိမ်းရောင်နှင်းများကို တွေ့မြင်လေ၏။ ဝမ်လင်း ပထမဆုံးအကြိမ် အသုံးပြုလိုက်သော ဟင်းလင်းပြင်ကွေးညွှတ်ခြင်းသည် ဦးတည်ရာမရှိပေ။ သူက ကြုံရာကျပန်းနေရာတစ်ခုသို့ သွားရောက်ခဲ့လိုက်ရုံသာ။
သို့သော် နဂါးပြာကလန်သို့ သူ ပြန်ရောက်လာသည့်အခါ နဂါးပြာကလန်၏ ပုံရိပ်သည် သူ့စိတ်ထဲတွင် ရှင်းလင်းစွာ ပေါ်လာ၏။ သူသည် နဂါးပြာကလန်၏ တောင်အနောက်ဘက်၊ တုချင်း၏ နောက်တွင် ပေါ်လာခဲ့ပေသည်။
သူ ထွက်သွားပြီး ပြန်ရောက်လာခဲ့တာမှာ အမွှေးတိုင်တတိုင်ဝက်စာလောက်သာ ကြာသည်။ သူ့ခြေထောက်ပေါ်ရှိ အစိမ်းရောင်နှင်းကြောင့်သာ မဟုတ်ပါက တုချင်းသည်ပင် ဝမ်လင်း မည်သည့်နေရာသို့ သွားရောက်ခဲ့သည်ကို သိလိမ့်မည် မဟုတ်ပါ။
“ကိုယ်ပွား ကြီးပြင်းနေတာ သိပ်မကြာသေးဘူး။ ဒီလောက်အချိန်နဲ့တင် ခုလောက် စွမ်းအား မြင့်တက်လာတယ်။ အချိန်သာ ပိုရခဲ့ရင် ငါ့ကိုယ်ပွားဟာ အသန်မာဆုံးခန္ဓာကိုယ်တစ်ခု ဖြစ်လာလိမ့်မယ်…”
ဝမ်လင်းသည် သူ့စိတ်ထဲကနေကို ထိုသို့ နားလည်နေ၏။
“အခု ပင်မမီးကြောကို စုပ်ယူဖို့ မဟာစိတ်ဝိညာဉ်ကလန်ရှိ သွားရောက်ရမယ့် အချိန်ပဲ။ အဲ့မတိုင်ခင် ငါဟာ ငါ့အနှစ်သာရအစစ်အမှန် ခန္ဓာ ဖြစ်ပေါ်လာဖို့ ပင်မမီးကြောငယ် ဘယ်နှစ်ခုကို စုပ်ယူဖို့ လိုမလဲ…”
ဝမ်လင်းသည် ထိုအစစ်အမှန်ခန္ဓာမှာ ပို၍ ပြီးပြည့်စုံစေလေလေ အခက်အခဲကလည်း ပိုလာလေမှန်း သိပေသည်။
ဦးခေါင်းဖွဲ့စည်းဖို့အတွက် သူသည် မီးအနှစ်သာရလောက်မျှ လိုတော့မည် မဟုတ်ေ။ သူ လိုအပ်သည်မှာ မီးဆန္ဒအမြောက်အများ ဖြစ်ချေ၏။
နာရီဝက်ခန့် ကြာပြီးနောက် တုချင်းသည် တပည့်များ ထုတ်နှုတ်ယူခဲ့သော မီးကြောအချို့ကို ယူ၍ ဝမ်လင်းထံ လာနှုတ်ဆက်၏။ သူ့လက်ထဲတွင် မြေပုံတချပ်လည်း ပါလာခဲ့သည်။ ထိုမြေပုံမှာ ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အပြည့်အစုံ မြေပုံပင်။ ၎င်းပေါ်၌ ပင်မမီးကြောငယ်များ၏ နေရာတို့ကို မှတ်သားထားသည်။
ဝမ်လင်းသည် ယဉ်ကျေးဟန် ဆောင်မနေလေတော့၊ သူက ထိုမြေကမ္ဘာမီးကြောများကို စုပ်ယူလိုက်သည်။ သို့ပေမည့် ၎င်းတို့အတွင်း၌ မီးဆန္ဒ လောက်လောက်ငှငှ များများစားစား ရှိမနေပေ။ သည့်အတွက်ကြောင့် ယင်းတို့မှာ သူ့မီးအနှစ်သာရအစစ်အမှန် ခန္ဓာ ဖွဲ့စည်းဖို့ များစွာ ကူညီမပေးနိုင်ချေ။
သို့ပင်မည့်လည်း မြေပုံကတော့ ဝမ်လင်းအတွက် အတော်လေး အသုံးဝင်လှသည်။ ထိုမြေပုံပါ ကျောက်စိမ်းပြားကို ယူပြီးနောက် ဝမ်လင်းက တုချင်းကို နှုတ်ဆက်စကား ဆိုသည်။ တုချင်းမှာ ဝမ်လင်း မည်သို့ ဆက်လုပ်မည်ကို သိပေသည်။ သူက ဒီကိစ္စ၌ မပါဝင်နိုင်ပေ။ သို့သော် သူသည် ဝမ်လင်းနှင့် ပတ်သတ်၍လည်း တင်ပြမည် မဟုတ်ပေ။ တကယ်တော့ သူက ဝမ်လင်း၏ မျက်နှာသာပေးမှုကို လိုချင်နေဆဲ ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ထွက်မသွားခင် ဝမ်လင်း သူ့ထံ ကြည့်ခဲ့သော အကြည့်မှာ အလွန်အမင်း တည်ငြိမ်လွန်းနေခဲ့ခြင်းပင်။ ဝမ်လင်း၏ ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာကာ သူသည် ရုတ်တရက် ပျောက်ကွယ်သွားလေ၏။ ထိုမြင်ကွင်းက တုန်လှုပ်ဖွယ်ကောင်းလွန်းသည်။
တုချင်းသည် ဝမ်လင်း ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေရင်း သူ၏စိတ်နှလုံးထဲ၌ တုန်ယင်မိသည်။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချမိသည်။
“ရောင်းရင်းကျင့်ကြံသူတု ငါ့အပေါ် ကူညီပေးခဲ့တာကို ငါ မှတ်သားထားပါမယ်။ အခွင့်အရေးရရင် ငါ သင့်ကို ပြန်ပေးဆပ်မယ်…” ဝမ်လင်း ထွက်သွားသည့်နောက် ထိုစကားလုံးများသည် တုချင်း၏နားထဲတွင် ပဲ့တင်ထပ်ကျန်ခဲ့သည်။
ဝမ်လင်း ထွက်သွားပြီး ခုနစ်ရက်မြောက်နေ့တွင် ကောင်းကင်ဘုံနွားထီးကုန်းမြေ အနှံ့ရှိ ပင်မမီးကြောငယ်များသည် ပျက်စီးကာ ဒီကုန်းမြေတခွင်၌ မီးများ မြင့်တက်ခဲ့သည်။ လေထုသည်ပင် ပူပြင်းလာခဲ့ကာ အသက်ရှုရုံဖြင့် လူတစ်ယောက်သည် ကသိကအောက် ဖြစ်မှုကို ခံစားရလိမ့်မည်။
ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ နေရာအနှံ့တွင် ထိုသို့ ဖြစ်ပျက်ခဲ့သဖြင့် ကလန်များစွာ၏ အာရုံစိုက်လာခြင်းကို ခံရသည်။ သူတို့က တပည့်များစွာကို စေလွှတ်ကြ၏။ တခါတရံဆို အကြီးအကဲများ ကိုယ်တိုင်သည်ပင် မည်သို့ ဖြစ်ပျက်သည်ကို လာကြည့်ကြ၏။ သို့သော် သူတို့သည် မည်သည့်သဲလွန်စမျှ မရခဲ့ကြပေ။ သူတို့ မီးဓာတ်မြင့်ခဲ့သော နေရာသို့ ရောက်သည့်အခါတိုင်း သွေ့ခြောက်နေသော မီးကြောများကိုသာ တွေ့မြင်ခဲ့ရသည်။
လဝက်ခန့်ကြာပြီးနောက် တာအိုခုနစ်ခုကလန် တည်ရှိခဲ့သော မြူများဖုံးလွှမ်းနေသော တောင်တစ်လုံးထံသို့ ဝမ်လင်းသည် ရောက်ရှိလာ၏။
သူသည် ဒီနေရာသို့ လာရောက်ရမည်သာ။ သည်နေရာ၌ သူသည် လှိုဏ်ဂူလောက၏အော်ရာနှင့် ရွှေလော စောင့်ဆိုင်းခဲ့ပုံတို့ ခံစားမိပေသည်။
ဝမ်လင်းသည် အနက်ရောင်မြူများထံမှ လှမ်းထွက်ကာ တောင်အနောက်ဘက်သို့ ကြည့်သည်။ သူသည် ခဏတာ စဉ်းစားပြီးနောက် သက်ပြင်းချကာ ထွက်ခွာလာခဲ့သည်။
“စစ်ထူ…ချင်းရွှေ…လီချန်မေ…။ သင်တို့အားလုံး ပြန်လည်မွေးဖွားခဲ့ကြပြီ။ သင်တို့ ခုချိန် ဘယ်နေရာမှာ ရှိနေကြလဲ…” ဝမ်လင်း လှည့်ထွက်လာသည့်အခါ၌ သူ့နောက်ကျောမှ အထီးကျန်မှု ခံစားမှုကို ပေးစွမ်းလေသည်။
နောက်တရက်တွင် ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အရှေ့ပိုင်း၊ မဟာစိတ်ဝိညာဉ်ကလန် တည်ရှိသော၊ ကောင်းကင်တောင်၌ ဆံဖြူလူငယ်တစ်ယောက်သည် တောင်ထိပ်တွင် ရပ်နေခဲ့သည်။ အစိမ်းရောင်နှင်းတို့မှာလည်း ကျဆင်းလို့နေသည်။
ထိုနေရာတွင် ရပ်နေရင်း ထိုလူငယ်က အဆုံးမရှိသော တောင်တန်းနှင့် ထိုတောင်တန်းအတွင်း၌ မိုးထိမတတ် မြင့်မားသော အနီရောင်တောင်တလုံးကို ဝိုးတဝါး တွေ့မြင်သည်။
“မဟာစိတ်ဝိညာဉ်ကလန်…” ဆံဖြူလူငယ်သည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏မျက်လုံးသည် တောက်ပလာခဲ့သည်။